ဒန်ဗာ - စက်တင်ဘာ ၇၊ ၂၀၂၄။
One Championship သိုင်းပေါင်းစုံထိုးသတ်ပွဲတွင် တူရကီဖိုက်တာနှင့် ယနေ့နံနက်ပိုင်းက ထိုးသတ်ခဲ့သည့် အောင်လအင်ဆန်သည် ဒုတိယအချီ ၂ မိနစ်ကျော်တွင် အလှဲထိုးခံရပြီး ရှုံးနှိမ့်သွားသည်။
ပွဲအစ ပထမအချီတွင်ပင် အာဒိုဂန်က ချုပ်ကွက်များဖြင့်အသာစီးယူနိုင်ခဲ့ပြီး ဒုတိယအချီ ၂ မိနစ်ကျော်တွင် အလှဲထိုးအနိုင်ယူခဲ့ခြင်းဖြစ်သည်။
တူရကီဖိုက်တာအာဒိုဂန်မှာ ယနေ့ထိုးသတ်သည့် ပွဲစဉ်အပါအဝင် MMA ပြိုင်ပွဲပေါင်း ၁၀ ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
အောင်လအင်ဆန်သည် One Championship နှင့် ဆယ်စုနှစ်တစ်ခုကြာလက်တွဲကာ MMA ပွဲစဉ်များတွင်ထိုးသတ်ခဲ့ပြီး သက်တမ်းတစ်လျှောက်အလှဲထိုးရှုံးနှိမ့်ထားခြင်းမရှိသော်လည်း ယနေ့ညပွဲတွင် အလှဲထိုး (Knock Out) ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
One Champion ပြိုင်ပွဲ၏ One 168 ခေါင်းစဉ်နှင့်ကျင်းပသည့်ပွဲစဉ်ကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ရှိ Ball Arena အားကစားရုံတွင်ကျင်းပနေခြင်းဖြစ်သည်။
အောင်လအင်ဆန်နှင့် ရှမေးလ်အာဒိုဂန်တို့ မစ်ဒယ်ဝိတ်တန်းနေရာတွင် ယှဉ်ပြိုင်ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ပွဲမစမှီရက်ပိုင်းအလို ဝိတ်တန်းချိန်တွယ်ရာတွင် ဝိတ်တန်းမပြည့်မှီသည့်အတွက် Catchweight တန်းနေရာတွင် ထိုးသတ်ခဲ့သည်။
အသက် ၃၉ နှစ်အရွယ် အောင်လအင်ဆန်မှာ ယနေ့ပွဲစဉ်အပါအဝင် MMA ပြိုင်ပွဲပေါင်း ၄၄ ပွဲထိုးသတ်ရာတွင် ပွဲ ၃၀ နိုင် ၁၄ ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။
သတင်း - Thu Ta