ပြည်သူ့ပန်းတိုင်-People's Goal @peoplesgoal Channel on Telegram

ပြည်သူ့ပန်းတိုင်-People's Goal

@peoplesgoal


PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.

ပြည်သူ့ပန်းတိုင်-People's Goal (Burmese)

ပန်းတိုင်-People's Goal အနေဖြင့် PG သည် မြန်မာနိုင်ငံတစ်ဦးတည်းတည်း အလွန်မြန်မာအာဏာ နှင့် နိုင်ငံမြို့အတွင်းသုံးသပ်သည်။ PG သည် အလွန်မြန်မာအာဏာကို နိုင်ငံတစ်ဦးတည်းတည်း အလွန်ရှင်ကျစရိတ်တစ်ဦးပြောင်းသည်။

ပြည်သူ့ပန်းတိုင်-People's Goal

07 Jan, 10:58


"အညာ"

လွမ်းငွေ့ပြေလိုပြေငြား
အညာကို အလည်ပြန်ရောက်တော့
ယမ်းငွေ့တွေက ဝေလိုက်တာ...

ဆုတောင်းပြည့်စေတီဟာလည််း
ပေါင်ငါးရာဗုံးဒဏ်ကြောင့်
ဌာပနာတိုက်အထိ ထုတ်ချင်းခတ်
ဝဋ်ကြွေးဆပ်နေရလေသတဲ့...

ပြည့်ခွန်အားဖြစ်မယ့်
သားပျိုလေးဟာ ကိုယ်ခန္ဓာဇကာပေါက်တွေနဲ့
ပြည့်သည်းပွတ်ဖြစ်တဲ့ ဘုန်းကြီးကျောင်းမှာ
ကိုယ်တော်မြတ်ဟာ
သပိတ်အကွဲ ခေါင်းတွဲလဲနဲ့
ပြာပုံထဲမှာစံနေခဲ့...

အို... အရှင်ဘုရား
မကောင်းမှုပြုသူတို့အတွက်
သူတို့သီးနှံဟာ ရင့်မှည့်ချိန်မတန်သေးဘူးလား ဘုရား...

စာသင်ဆောင်ပြာပုံဘေးက
ကိုယ်ခန္ဓာ ပြန့်ကျဲနေတဲ့ ကလေးငယ်ရေ
အာဏာရှင်ကတော့ သူ့အသိုက်ခိုင်မာအောင်
အစောင့်အဖြစ်
ဘဝတွေစတေးစေသလား...

ဒီအတွေးမှာ ရင်ခုန်သံရပ်ဆိုင်းမတတ်
မျှော်လင့်ခြင်းတွေ အပိုင်းပိုင်းပြတ်ခဲ့ရပေါ့ကွယ်...

မြေပဲခင်းအစပ်က မှိုင်းဒဏ်ကြောင့်
ခြေအစုံပြတ်တဲ့ တောင်သူကြီးက
ဒီနှစ်တော့ ယာမလုပ်နိုင်တော့ဘူးတဲ့...

နွားညီနောင်ကျောပေါ်မှာ
စစ်ရှောင်လှည်းက အမြဲတစေ...
ရေကြည်ရာ...
မြက်နုရာ...
လေယာဉ်ဗုံးနဲ့ဝေးရာ...
မြန်မာပြည်အလယ်ပိုင်းက ဂျစ်ပဆီအသိုင်းအဝိုင်းတွေပေါ့...

အပျိုဖြန်းပေါက်စလေးက သနပ်ခါးနဲ့ဝေးပြီ
ရင်ခုန်လှုပ်ရှားရမယ့်အရွယ်မှာ
မုဒိမ်းကောင်အယုတ်တမာတွေဘေးက
ရင်တုန်ခြောက်ခြားစွာ ပြေးပုန်းနေရ....

အမေအိုပါးမှာ
မျက်ရည်တွေ တွင်တွင်စီးလို့
နမောဗုဒ္ဓဿ
အားကိုးတကြီးစိပ်နေရ....

အရှင်ဘုရား...
မကောင်းသူပယ် ကောင်းသူကယ်တဲ့
သိကြားမင်းဟာ
လူ့ဘုံလောကအဖြစ်ကို စေ့စေ့မျှမကြည့်လေတော့သလား ဘုရား...

ခပ်လှမ်းလှမ်းက မီးပုံ
နှမ်းရိုးနဲ့ မီးလှုံတယ်ထင်မိတာ
အို.....
ဘုရား ဘုရား...
လူအရှင်လတ်လတ်တွေပါ့လား...

အမေ့လျော့ခံ တိုင်းပြည်ထဲက
အဖိနှိပ်ခံတိုင်းဒေသ...

အညာမှာ ပြည်သူ့သွေးနဲ့ မိစ္ဆာတွေခြေဆေးကြ...
ပြည်သူ့အရိုးပေါ်မှာ မိစ္ဆာတွေကခုန်ကြ...
ပြည်သူ့နှလုံးအိမ်ကို မိစ္ဆာတွေဖျက်ဆီးကြ...
အညာမှာ
ပြည်သူဟာ ဖွားဖက်တော်ဒုက္ခအပေါင်းနဲ့
ကောင်းကောင်းကြီးရင်းနှီးနေရ...

ခြံစည်းရိုးပေါ်က အင်္ဂါအစိတ်အပိုင်းတွေက
မတရားမှုကို ရင်စည်းခံခဲ့ရပေမယ့်
နှောင်းလူတို့အတွက်
ဥဒါန်းမကြေစရာ ဖြစ်ရပ်မှန်သမိုင်းကို
မဆိုင်းသတိပေးနေလေရဲ့...

အညာဟာ သမိုင်းဝင်...
အညာဟာ ရာဇဝင်မရိုင်း...
အညာဟာ မြန်မာပြည်အလယ်ပိုင်းက
တောင်သူလယ်သမားတော်လှန်ရေးဒေသ...

အညာဟာ ပြာပုံထဲကဖီးနစ်
အညာဟာ နာကျင်မှုအပေါင်းကို
ထိုးစစ််အဖြစ်အသွင်ပြောင်း
မိစ္ဆာမောင်းပွဲ ကောင်းကောင်းကြီးနွှဲမယ့် ဒေသ...

အညာဟာ အောင်မြေဖြစ်တယ်
အညာမှာ နှင်းဆီရဲရဲကို ညောင်ရေမှာစိုက်
အညာတစ်ခွင်မှာ မကြာခင်ကို
ဒေါင်းအလံ နန်းတစ်ဝိုက် လွှမ်းကိုလွှမ်းထိုက်ရမယ်...

(အညာတပ်ပေါင်းစုအတွက်ရည်ရွယ်၍)

နွေအလင်း(CDM)

ပြည်သူ့ပန်းတိုင်-People's Goal

07 Jan, 08:33


"စစ်ကောင်စီ ရေတပ်ရဲ့ အနာဂတ် အလားအလာ" #ရေတပ် #ပြည်သူ့စစ်သားစကားဝိုင်း #peoplesgoal
https://youtu.be/0vcaP4T0CdI

ပြည်သူ့ပန်းတိုင်-People's Goal

07 Jan, 04:35


“ကရင်ပြည်နယ် KNU တပ်မဟာ ၇ နယ်မြေ CDM camp ရှိ မိသားစုများကို ရိက္ခာထောက်ပံ့”

ကရင်ပြည်နယ် KNU တပ်မဟာ ၇ နယ်မြေ CDM camp ရှိ တပ် CDM ၄ဦး၊ ရဲ CDM ၄ဦး၊ အရပ်ဘက် CDM ၆ဦးနှင့် မိသားစုဝင်များအပါအဝင် စုစုပေါင်း လူဦးရေ ၃၁ ဦးအတွက် အခြေခံရိက္ခာများကို ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့ပေးခဲ့ပါသည်။ ဆန် (၄၈ ကီလိုဂရမ်) ၄ အိတ်၊ ဆီ (၁ လီတာ) ၃၁ဘူး၊ ငါးသေတ္တာ ၂၄ဘူး၊ ငံပြာရည် ၁၀ဘူး နှင့် ကြက်ဥ ၃၁၀ လုံး စသည့် မြန်မာကျပ်ငွေ ၁၀ သိန်းခန့်ရှိ အခြေခံရိက္ခာများကို Camp တွင် နေထိုင်သူများက လက်ခံရရှိခဲ့ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ရိက္ခာထောက်ပံ့ခြင်း

ပြည်သူ့ပန်းတိုင်-People's Goal

06 Jan, 07:58


“ပေါင်းစည်းလမ်း Fellows များ၏ လူထုအခြေပြု လှုပ်ရှားမှုများ”

ပေါင်းစည်းလမ်း Fellowship အစီအစဉ်တွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာများ၊ တရားမျှတမှုရေးရာများ စသည့် ဘာသာရပ်ဆိုင်ရာလေ့လာခြင်း ၆ လ တာကာလ ပြီးဆုံးပြီဖြစ်၍ Fellows များမှ အဖွဲ့လိုက် လူထုလှုပ်ရှားမှုများနှင့် ပြန်လည်မျှဝေဖလှယ်ပေးခြင်း အစီအစဉ်များအား လုပ်ဆောင်လျက်ရှိကြပါသည်။

ပြည်တွင်းဒေသများရှိ ဌာနဆိုင်ရာအသီးသီးမှ CDM ဝန်ထမ်းများအား လူ့အခွင့်အရေးအခြေခံအကြောင်းအရာများ နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး (Transitional Justice) လုပ်ငန်းစဉ် အကြောင်းအရာများအား သိရှိနားလည်စေရန်အတွက် ပေါင်းစည်းလမ်းမှ Fellows များဖြစ်သော PG-PSL01-009, 014 တို့ က အွန်လိုင်းမှတဆင့် ဆွေးနွေးဖလှယ်မျှဝေခြင်းအစီအစဉ်ကို ၂၀၂၄၊ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့ရာ ကချင်၊ မကွေး နှင့် ရန်ကုန် စသည့် ဒေသများမှ CDM များ ပါဝင်တက်ရောက်ကာ အပြန်လှန် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

ပေါင်းစည်းလမ်း fellows အမှတ် PG-PSL01-003, 010, 015 တို့ အဖွဲ့လိုက်ပါဝင်လုပ်ဆောင်ကြသည့် “အနာဂတ်မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအတွက် အခြေခံအသိပညာများမျှဝေခြင်း” ကို ၂၀၂၄၊ ဒီဇင်ဘာလအတွင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ဒီမိုကရေစီတည်ဆောက်မှု အခန်းကဏ္ဍတွင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၏ အရေးပါမှုများ၊ ဒီမိုကရေစီနည်းကျ အရပ်ဘက် ထိန်းကျောင်းမှု၊ အရပ်ဘက်-စစ်ဘက်တည်ဆောက်ရေးလုပ်ငန်းစဉ်များ စသည့် သိကောင်းစရာများကို မျှဝေဖလှယ်ခဲ့ပါသည်။ အရပ်ဘက်နှင့် စစ်ဘက် CDM များ ပါဝင်တက်ရောက်ခဲ့ကြပြီး တစ်ဦးချင်း (သို့) အဖွဲ့လိုက် မေးခွန်းများ မေးမြန်းဆွေးနွေး ဖလှယ်ပေးခဲ့ကြပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ပေါင်းစည်းမှုနှင့် ဒီမိုကရေစီနည်းကျခေါင်းဆောင်မှုအတွက် စွမ်းရည်များ တည်ဆောက်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစည်းလမ်း - Paungsielan မိတ်သဟာယ (Fellowship) အစီအစဉ်ကို ပြည်သူ့ပန်းတိုင်မှ ၂၀၂၄ ဧပြီလတွင် ဖွင့်လှစ်ခဲ့ပြီီး CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှ လူငယ်များ တက်ရောက်ခဲ့ကြပါသည်။

#ပြည်သူ့ပန်းတိုင် #PeoplesGoal #ပေါင်းစည်းလမ်း

https://www.facebook.com/share/15NikFy89h/?mibextid=wwXIfr

ပြည်သူ့ပန်းတိုင်-People's Goal

05 Jan, 10:42


"ကပစတပ်များမှ အင်အားထုတ်နှုတ်ကာ ရခိုင်ရိုးမသို့စစ်ကူပို့"

အာရက္ခတပ်တော်(AA) ဦးဆောင်တဲ့ ပူးပေါင်းတပ်များက တောင်ကုတ်-ဥသျှစ်ပင်လမ်းပိုင်း ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီ တောင်ပုံကြီးတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက် ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစတပ်များမှ အင်အားထုတ်နှုတ်ကာ စစ်ကူပို့နေကြောင်း ၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်နေ့က ပြည်သူ့ပန်းတိုင်သို့ ပေးပို့လာသော တပ်တွင်းသတင်းအရ သိရှိရပါတယ်။

ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ကပစ-၆ (ညောင်ခြေထောက်)၊ ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်) နဲ့ ပြည်မြို့တဘက်ကမ်းက ကပစ-၃ (ဆင်တဲ) စတဲ့ တပ်တွေကနေ စစ်သည်အင်အားအများအပြား ထုတ်နှုတ်ပြီး ရခိုင်ရိုးမပေါ် စစ်ကူဖြည့်ပေးနေရခြင်းဖြစ်ကြောင်း ကပစတပ်မိသားစုဝင်များထံက ကြားသိရပါတယ်။

"ရခိုင်အစပ် တောင်ပုံကြီးစခန်း တိုက်ခိုက်ခံရလို့ စစ်ကူပေးဖို့အတွက် ကပစတပ်တွေကနေ စစ်ဆင်ရေးအင်အား အများအပြားထုတ်နှုတ်စေလွှတ်တာ ... ရှေ့တန်းပါသွားသူအချို့ ထိခိုက်ကျဆုံးတာတွေရှိတယ် ... တပ်မိသားစုတွေက မကျေနပ်ကြဘူး၊ အတော်များများ စိတ်ပျက်နေကြတယ်" ဟု ကပစတပ်မိသားစုဝင်တဦးက ပြောဆိုပါတယ်။

စစ်ဆင်ရေးအင်အားအများအပြား ထုတ်နှုတ်ရှေ့တန်းလိုက်နေရသလို၊ လက်နက်ခဲယမ်း ထုတ်လုပ်ရေးကိုလည်း လက်ကျန်စစ်သည်/ဝန်ထမ်းများနဲ့ အချိန်ပို လုပ်ဆောင်နေရတာကြောင်း တပ်လုံခြုံရေးကိုပင် အင်အားပြည့်မလုပ်ဆောင်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုပါတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစစက်ရုံများဟာ စစ်ကောင်စီတပ်အတွက် လေယာဉ်ဗုံး၊ မော်တာဗုံး၊ လက်နက်ငယ်ကျည် နဲ့ ယမ်းများ အဓိကထုတ်လုပ်ပေးနေကြောင်း သိရှိရပါတယ်။

ပြည်သူ့ပန်းတိုင်

ပြည်သူ့ပန်းတိုင်-People's Goal

05 Jan, 08:40


"စစ်မှုထမ်းစုဆောင်းခံရသူတွေရဲ့ ရှေ့တန်းအတွေ့အကြုံ" #စစ်မှုထမ်း #ရေဆန်လမမ်း #ပြည်သူ့ပန်းတိုင်
https://youtu.be/FubS3YfJzHw

ပြည်သူ့ပန်းတိုင်-People's Goal

04 Jan, 06:21


“ဖွင့်လှစ်ဆဲ စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင် သင်တန်း အမှတ်စဉ်(၂)”

ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သားနှင့်ရဲများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးသင်တန်းများကို ဖွင့်လှစ်ကာ အကူအညီပေးနေပါသည်။
စက်ပစ္စည်းပြင်လုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင်သင်တန်း အမှတ်စဉ် (၂) ကို ၂၀၂၄၊ နိုဝင်ဘာလ (၃၀) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ ၁ လ အထိ ပုံမှန်တက်ရောက်ပြီးသည့် သင်တန်းသားများကိုလည်း လမ်းစရိတ်စသည့် အထွေထွေသုံးစွဲမှုအတွက် ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ဖြစ်ပြီး ယခု သင်တန်း တက်ရောက်ပြီးပါက စက်ဘီး၊ ဆိုင်ကယ် တပိုင်တနိုင် ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်နိုင်မှာ ဖြစ်ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal #သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

04 Jan, 04:36


"တပ်မတော်ကို ဘယ်သူပိုင်သလဲ"
+++++++++++++++++++

ဒီအကြောင်းအရာကို ကျနော်တို့ အရာရှိငယ်ဘဝက လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဉာဏ်မီသလောက် ဆွေးနွေးခဲ့ကြဖူး၏။

ကျနော်တို့ ဆွေးနွေးနေသည်ကိုကြားမိသော စီနီယာ ကပ္ပတိန်တယောက်က
"သန်းရွှေ ပိုင်တာဟ သန်းရွှေ၊ သူ့ဖအေ နေဝင်း အမွေပေးခဲ့တာ"
ဟူ၍ ထဖောက်တော့ အားလုံး ပွဲကျခဲ့ကြသေး၏။

အခုတော့ သန်းရွှေ အမွေပေးခဲ့သည့် "မင်းအောင်လှိုင်တပ်မတော်" ဖြစ်နေချေပြီ။

တနေ့က ကျောင်းဆင်းပွဲ တစ်ခုတွင် မင်းအောင်လှိုင် စာရွက်ဖတ် ပြောနေသော စကားလုံးတစ်ခု နားထဲကန့်လန့်ဝင်လာသည်။

ဒါကလည်း အခုမှမဟုတ်။
ဗိုလ်လောင်းဘဝ မှသည် အရာရှိဘဝတလျောက်လုံး၌ (ဗိုလ်ချုပ်ပေါင်း တစ်သောင်းခြောက်ထောင်တို့က) ငါ့စကားနွားရ ပြောနေကျမို့ ရိုးအီနေသည့် စကားတစ်ခွန်း မျှသာ။

"စစ်သားဆိုတာ အမိန့်နာခံမှု အားကောင်းရမယ်"
"တပ်မတော်ဆိုတာ စည်းလုံးညီညွတ်မှုမှာ စံပြ ဖြစ်ရမယ်"
"ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးရမယ်"

စသည်ဖြင့် 'နွား'ကောင်း 'ကျွန်'မော် နွားသည်တော်လေးများ ဖြစ်လာစေမည့် စကားလုံးများသာမို့ ကြားမိတိုင်း ဒေါသထွက်မိ၏။

တပ်မတော် အကြီးအကဲဆိုသူများ ပြောလေ့ရှိသည့် မိန့်ခွန်း(သို့) ဩဝါဒ ဆိုသော အရာများဟူသည် (အချိန်တွေသာကြာချင်သလောက်ကြာမည်။) ဘာအနှစ်သာရမှမရှိတတ်တာ အမှန်။

တပ်မတော်သား ဘဝတလျောက်လုံးတွင်လည်း ပြည်သူ့ကိုယ်စားပြုတပ်မတော်အဖြစ် ပြယုဂ်ဖြစ်စေရမည့် ပုံဆောင်စကား (သို့) တိုက်တွန်းစကား တစ်လုံးတစ်ပါဒမျှ မကြားခဲ့ဖူးတာ အမှန်။

သူတို့ပြောသည့်....
"အမိန့်နာခံမှု" ဆိုတာက
ဘာခိုင်းခိုင်း အကုန်လုပ်ဖို့၊
"သစ္စာရှိမှု"ဆိုတာက အထက်အကြီးအကဲမိသားစုအပေါ် ကျွန်ခံဖို့၊
"စည်းလုံးမှု"ဆိုတာက ကိုယ်ကျိုးအတွက် ညီညွတ်ကြဖို့...။

"တသွေး တသံ တမိန့်" ဆိုတာကလည်း brain washed လုပ်တဲ့ လက်သုံး စကား။

မတူကွဲပြားမှုကို လက်မခံဘဲ ကိုယ်ပိုင် ဆင်ခြင်တုံတရား မှန်သမျှတို့ကို တားမြစ် ပယ်သတ်ထားခြင်းအားဖြင့် တပ်မတော်တစ်ရပ်လုံးတွင် လူအင်အား ဘယ်လောက်ရှိသည်ဖြစ်စေ ကာချုပ်၏‌ ခေါင်းတစ်လုံးဖြင့်သာ အရာရာဆုံးဖြတ်ကြရစမြဲ။

ဒါ့ကြောင့်လည်း ပြည်သူ့တပ်မတော်အဖြစ်မှသည် တစ်ဦးတစ်ယောက်ပိုင် တပ်မတော်အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲ ရောက်ရှိသွားရခြင်း ဖြစ်၏။

အောက်ခြေ အဆင့်ဆင့်သော တပ်မတော်သားတို့သည်လည်း ပြည်သူ့ချွေးနှဲစာနှင် နိုင်ငံ့သယံဇာတတို့ကို မောင်ပိုင်စီးခွင့်ရထားသည့် ကာချုပ်၏ အာဏာကို စုစည်းကာကွယ်ခြင်းအားဖြင့် အရိုးအရင်းကိုက်ခွင့်ရမည့်အရေး အလုအယက် မက်မောနေကြသည့် လူ့ငနွားများ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြလေသည်။

ဒါက ယနေ့တပ်မတော်ရဲ့ အဖြစ်မှန်ပင်။

လိုရင်းပြန်ကောက်ရလျှင် တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ရသည့် ရည်ရွယ်ချက်က ကိုယ့်တိုင်းပြည် ကိုယ့်ပြည်သူကို ကာကွယ်ရန် ဖြစ်သော်လည်း အခုတော့ ပိုင်ရှင်က ပြည်သူမဟုတ်တော့။

တပ်မတော်သည်လည်း ပြည်သူ့တပ်မတော်အဆင့်မှသည် တစ်ဦးတယောက်၏ လက်ကိုင်တုတ်ဘဝအဆင့်သို့ ရောက်ရှိနိမ့်ကျ အသုံးချ ခံနေရပေပြီ။

ဝမ်းနည်းစရာ အကောင်းဆုံးကတော့ နိုင်ငံနှင့် ပြည်သူကို ကာကွယ်ဖို့ တည်ထောင်ထားသော တပ်မတော်ကိုယ်တိုင်ကပင် နိုင်ငံကို လက်ညှိုးထိုးရောင်းစားပြီး ကိုယ့်ပြည်သူကိုယ် အကြမ်းဖက် ဖိနှိပ် သတ်ဖြတ်နေခြင်းပင်တည်း။

သို့ဖြစ်၍ တပ်မတော်သည် အင်မတန်မှ ရွံရှာ စက်ဆုပ်ဖွယ်ကောင်းသော သူခိုးဓားပြ လူသတ်မုဒိန်း တပ်မတော်ကြီးအဖြစ် လယ်ပြင်မှာ ဆင်သွားသည်ထက် ထင်ရှားလာနေခဲ့ပေပြီ။

အာဏာလု လေးနှစ်တာ ကာလအတွင်း နိုင်ငံသားများစွာ သေကြေပျက်စီးခဲ့ရပြီး စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍပေါင်းစုံတို့တွင် အောက်ဆုံးထိ ရောက်ရှိ ထိုးကျ သွားခဲ့ရပေပြီ။

သန်းပေါင်းများစွာသော ပြည်သူတို့ စစ်ဘေးဒဏ်နှင့်တကွ အငတ်ဘေးဒဏ်တို့ကိုပါ တပြိုင်နက် ခံစားနေကြရပြီ ဖြစ်၏။

သို့သော် ငါဟဲ့ယောက်ျား ဇာနည်ဘွားဟု ဆိုကြကုန်သော တပ်မတော်သား စစ်စစ် ယောက်ျားရင့်မာကြီးတို့သည်..
စစ်ရာဇဝတ်ကောင် အတ္တသမား စိတ္တဇ ဝေဒနာသည်တစ်ဦး၏ ရက်စက်ယုတ်မာမှုများကို ကိုယ်ထိလက်ရောက် အားပေးကူညီနေကြမြဲ။

ရှက်စရာ၊ ဝမ်းနည်းစရာ၊ ရွံရှာစရာ၊ နာကျည်းစရာ ကောင်းလှပါဘိ။

"တပ်မတော်ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲ...။"

မင်းတို့ "ဘယ်သူ့ကို ပိုင်ဆိုင်ခွင့်ပေးထားမိတာလဲ...။"

တပ်မတော်သားတိုင်း အချိန်မီ သုံးသပ် ပြင်ဆင်နိုင်ကြပါစေကြောင်း နှစ်သစ်တွင် ဆုမွန်ကောင်းတောင်းလျက်။

"ဖိနှိပ် အုပ်စိုးမှုမှန်သမျှ မုချ ကျရှုံးစေရမည်။"
+++++
တပ်မတော် အရာရှိဟောင်း တစ်ဦး

ပြည်သူ့ပန်းတိုင်-People's Goal

03 Jan, 08:32


"CDM စစ်သား/ရဲများ၊ မိသားစုဝင်များနှင့် အရပ်ဖက်လူငယ်များအတွက် ပေါင်းစည်းလမ်း Fellowship” #fellows
https://youtu.be/TcDF5awOGAQ

ပြည်သူ့ပန်းတိုင်-People's Goal

02 Jan, 08:36


"ပြည်ပပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်ရောက်လာခြင်းကြောင့် ဘာတွေဖြစ်ပေါ်လာနိုင်သလဲ"
https://youtu.be/LnLWQqmLg10

ပြည်သူ့ပန်းတိုင်-People's Goal

02 Jan, 05:49


“မသန်သော်လည်း စွမ်းသူများ”

ကျနော်တို့နိုင်ငံသည် လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်ငြားလည်း လွတ်လပ်ရေးအလွန်တွင် နိုင်ငံရေးတည်ငြိမ်အေးချမ်းသော အခြေအနေမှာ ရှာမှရှားသည့် အဖြစ်မျိုး ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက် စီးပွားရေးနှင့် ပညာရေးဘက်ကို တိုးတက်အောင် မကြံဆောင်၊ မတက်လှမ်းနိုင်ခဲ့ကြဘဲ စစ်အာဏာရှင်စနစ်တို့သာ ဖွံ့ဖြိုးဝေစည်ခဲ့ကြသဖြင့် နိုင်ငံ၏စီးပွားရေးအပါအဝင် နယ်ပယ်စုံတွင် ကျဆင်းခဲ့ကြရသည်။ ၎င်းတို့၏ အကျိုးဆက်ကို ကျန်းမာသန်စွမ်းသော သာမန်ပြည်သူများ၊ ပညာတတ်သူများပင် အလူးအလိမ့်ခံစားနေရချိန်တွင် မသန်စွမ်းသူတို့မှာ ပိုမို၍ပင် ထိခိုက်လွယ်သော အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် နိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးရာတွင် မသန်စွမ်းသူများအား ထိခိုက်လွယ်သောအုပ်စုများအဖြစ် သတ်မှတ်၍ ဦးစားပေး ဆောင်ရွက်ကြပါသည်။ မသန်စွမ်းသူတို့မှာ နဂိုကတည်းကပင် မိမိ၏ မသန်စွမ်းမှုအပေါ် စိတ်ပိုင်းဆိုင်ရာပင်ပန်းမှု၊ ရုပ်ပိုင်းဆိုင်ရာခက်ခဲမှုတို့ ကြုံတွေ့နေကြရာ အစိုးရမှ သာမန်ပြည်သူများနည်းတူ နေထိုင်နိုင်ရန်၊ သွားလာလှုပ်ရှားနိုင်ရန်၊ လူမှုအသိုင်းအဝိုင်းတွင် ပါဝင်နိုင်ကြစေရန် အထူအစီအမံများ ဆောင်ရွက်ပေးကြရသည်။ မည်မျှပင် အဆင်ပြေအောင် ဆောင်ရွက်ပေးစေကာမူ မသန်စွမ်းမှုကြောင့် နေ့စဉ်အခက်အခဲများ၊ အချို့လူများ၏ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှုမျိုးကတော့ ဆက်လက်ရှိနေဆဲပင် ဖြစ်ပါသည်။

မသန်စွမ်းသောသူများအား ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အခေါ်အဝေါ်အရ ခွဲခြားသောအသုံးအနှုန်းများကလည်း ရေနစ်ရာဝါးကူထိုးသကဲ့သို့ပင်။ သူတို့၏ အားနည်းချက် တစ်နည်းအားဖြင့် မပြည့်စုံမှုကို ထင်ဟပ်သည့် အခေါ်အဝေါ်မျိုးသည် ပြောသူအတွက် ဘာမှမဟုတ်သော်လည်း ခံစားရသူအတွက် ညှိုးငယ်ရသည်၊ အားငယ်ရသည်။ လူမှုအသိုင်းအဝိုင်းကလည်း မသန်စွမ်းသူတို့အပေါ် အပြုသဘောဆက်ဆံမှ တန်းတူညီတူဆက်ဆံမှသာ မသန်သော်လည်း စွမ်းနိုင်မှုများကို ရယူနိုင်ပေမည်။

မသန်စွမ်းသူတို့ထံမှ သန်စွမ်းမှု အားသာမှုများ ရယူရန်အတွက်၊ မသန်စွမ်းသူများသည် သန်စွမ်းသူများနှင့်တန်းတူပါဝင်နိုင်သော အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် အစိုးရမှ၊ ပတ်ဝန်းကျင် community များမှ၊ မိသားစုများမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြမှသာ မသန်စွမ်းသူတို့အတွက် ဘဝတွင်နေပျော်ခြင်း၊ စီးပွားရေး လူမှုရေးတို့တွင် ဝင်ရောက်ထမ်းပိုးနိုင်ခြင်းများကို ပြုလုပ်နိုင်ပါလိမ့်မည်။

သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့ အာဏာသိမ်းမှုယဉ်ပါးနေသည့် နိုင်ငံမျိုးတွင် လူများစု၏ အရေးအရာများပင်လျင် နေရာမရဘဲ လူ့အခွင့်အရေးများကို မျက်ကွယ်ပြုနေသည့်အခြေအနေမျိုးတွင် လူဦးရေ၏ ပမာဏတစ်ခုသာရှိသော မသန်စွမ်းသူများ၏ အခွင့်အရေးများကား ရရှိရန် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံရေးစနစ်အရပြုပြင်ပြောင်းလဲမှုများမှ တဆင့် မသန်စွမ်းများအတွက် ပိုမိုလုံခြုံသော၊ ပိုမိုနွေးထွေးသော လူနေမှုဘဝသို့ရောက်ရှိရန် ကြိုးပမ်းမှုများသည် လမ်းခုလတ် တဝက်တပျက်တွင် ရပ်တန့်သွားခဲ့ရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှောင်းပိုင်းတွင် မြန်မာ့နိုင်ငံရေးတွင် ကြီးစွာသော အလှည့်အပြောင်း ဖြစ်လာခဲ့ကြသည်။ အာဏာသိမ်းအစိုးရသည်လည်း ၎င်းတို့၏ နေရာရမှုကိုသာ အားသွန်ကြိုးပမ်းနေသဖြင့် နိုင်ငံသားတို့၏ နေ့စဉ်အခက်အခဲများ ကိုလည်း မသိကျိုးကျွံပြုထားသည့် အခြေအနေတွင် မသန်စွမ်းတို့၏ အရေးအရာများ၊ အခြေခံအခွင့်အရေးများသည်လည်း အရေးထားမခံရဘဲ မှေးမှိန်ပျောက်ကွယ်ကုန်ကြပါသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူတို့သည် ၂၀၂၁ ခုစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုခက်ခဲကြမ်းတမ်းသော အခြေအနေနှင့် ရင်ဆိုင်နေကြရပါသည်။
စစ်မှုထမ်းဥပဒေများတွင် မသန်စွမ်းဖြစ်ပါက ဆေးဘက်ဆိုင်ရာဘုတ်အဖွဲ့မှ အတည်ပြုချက်ရမှသာ ကင်းလွတ်ခွင့်ရှိပါသည်။ ဥပဒေနဲ့မညီသော ဥပဒေဖြစ်သဖြင့် ကန့်ကွက်မှုများ၊ဆန္ဒပြမှုများ များစွာရှိသော်လည်း စစ်မှုထမ်းဥပဒေကို အတည်ပြု၍ ရနိုင်သမျှသော စစ်သားသစ်တို့ကို စုဆောင်းနေကြဆဲ ဖြစ်သည်။ ထိုအခါ မသန်စွမ်းသူတို့သည် မည်မျှပင် မသန်စွမ်းဖြစ်စေကာမူ ဆေးအဖွဲ့၏ ထောက်ခံချက်မရလျှင် တရားမဝင်ဖြစ်သွားကြ၏။ ခြေလက်အင်္ဂါချို့တဲ့သူများ၊ ထင်သာမြင်သာသော ချို့ယွင်းချက်ရှိသူများသည် ကင်းလွတ်ခွင့်ရနိုင်သော်လည်း မျက်မြင်အားဖြင့် ထင်သာမြင်သာမရှိသော စိတ်ပေါ့သွပ်နေခြင်း၊ နားမကြားခြင်းစသည်ကဲ့သို့ ခံစားနေရသော မသန်စွမ်းများသည် စစ်တပ်ဆေးအဖွဲ့၏ ထောက်ခံစာမရလျှင် ကင်းလွတ်ခွင့်မရှိဘဲ စစ်သားသစ်သင်တန်းများတွင် ပါဝင်နေကြရသည်။

မသန်စွမ်းသူအများစုသည် အခြေခံလူတန်းစားများ ဖြစ်ကြသဖြင့် ၎င်းတို့အား ရွေးနှုတ်ယူခြင်း မပြုနိုင်ကြချေ။ သင်တန်းမှ ကင်းလွတ်ခွင့်ရအောင်လည်း မတတ်နိုင်ကြ။ ထိုအခါ စစ်သားသစ်သင်တန်းများသို့ ပို့ဆောင်ပြီးမှ စစ်သင်တန်းများတွင် လူများနည်းတူ လိုက်ပါလုပ်‌ဆောင်နိုင်ခြင်း မရှိသဖြင့် အဆဲခံ၊ အရိုက်နှက်ခံကြရသည်။ သင်တန်းမှ ထွက်ပြေးရန်လည်း မတတ်နိုင်ကြချေ။

ပြည်သူ့ပန်းတိုင်-People's Goal

02 Jan, 05:49


စစ်ဘေးရှောင်ရသော မသန်စွမ်းများသည်လည်း စစ်ဘေးကင်းလွတ်မည်ဟု ထင်ရသည့်နေရာများတွင် နေထိုင်ရှင်သန်ရသဖြင့် သာမန်လူများပင်လည်း ခက်ခဲစွာ သွားလာနေထိုင်ရချိန်တွင် မသန်စွမ်းများအဖို့မှာ ပိုမိုဒုက္ခရောက်ကြရသည်။ စစ်မီးတို့သည် တစ်နိုင်ငံလုံးနီးပါးတောက်လောင်နေသဖြင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရရွှေ့ရချိန်များတွင်လည်း ကိုယ်တိုင်လည်း ဒုက္ခရောက်သကဲ့သို့ မိသားစုများမှာလည်း ဝန်ပိုကြရသည်။ အထောက်အကူပြုပစ္စည်းများ မရှိသော အခြေအနေမျိုးတွင် မသန်စွမ်းများမှာ မိသားစုဝင်များကိုသာ အမှီပြုနေကြရသည်။

စစ်ဘေးရှောင်နေရာများမှာ ဝေးလံသောနေရာများ၊ တိုင်းရင်းသားနယ်မြေများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာများတွင် ဖြစ်သဖြင့် ရာသီဥတုဒဏ်၊ မြေမျက်နှာသွင်ပြင်အခက်အခဲများအား ပိုမိုခံစားရသည်။ မိုးရွာ၍ ချောနေသော ရွှံ့စေးလမ်းများတွင် သာမန်လူများပင် မနည်းရုန်းနေရချိန်တွင် ချိုင်းထောက်အသုံးပြုရသော မသန်စွမ်းသူများအတွက် မည်မျှခက်ခဲမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ တခါတရံ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသကဲ့သို့ အဆိုပါနေရာများတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် မသန်စွမ်းသူတို့မှာ သာမန်လူများထက် အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ မြင့်မားလှသည်။ ဥပမာ ပြီးခဲ့သည် မိုးရာသီတွင် မုန်တိုင်းများကြောင့် မြန်မာတစ်နိုင်ငံလုံး မြောက်ဖျားမှသည် တောင်ဖျားအထိ ရေကြီးရေလျှံဖြစ်ခဲ့ရာ ပြည်သူအများအပြား သေကြေပျက်စီးခဲ့ရသည်။ ထိုအထဲတွင် မပြေးမလွှားနိုင်သော မသန်စွမ်းများ၊ မကြားနိုင်သော မသန်စွမ်းများ၊ မမြင်နိုင်သော မသန်စွမ်းများသည် မည်မျှပါဝင်ခဲ့ကြသလဲ။ သူတို့အနေဖြင့် ဘေးကင်းရာသို့ ပြေးဖို့နေနေသာသာ ဘေးအန္တရာယ်ကျရောက်နေပြီဆိုသည့် သတင်းစကားများပင် ရခဲ့ကြပါသလား။

ယခုကဲ့သို့ အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်နေကြသောကာလမျိုးတွင် ဆန့်ကျင်တော်လှန်မှုများအပေါ် အားစိုက်သင့်သကဲ့သို့ အာဏာရှင်စနစ်၏ ဒုက္ခပေးမှုကို လူးလှိမ့်နေရအောင် ခံစားနေရသော၊ အခြားသူများထက်ပိုမို၍ ထိခိုက်လွယ်သော မသန်စွမ်းများ၏ အခွင့်အရေး၊ မသန်စွမ်းများအပေါ် ကျူးလွန်မှုများအပေါ်လည်း မျက်ခြည်မပြတ်သင့်ကြောင်း မီးမောင်းထိုးပြလိုက်ရပါသည်။

“သာမန်လူတွေတောင် ခက်ခဲစွာဖြတ်သန်းနေရတဲ့အချိန်မှာ
အစကတည်းက မသန်စွမ်းသူတွေအတွက် ဒုက္ခတွေက ပိုများလှပါတယ်။
ပြည်သူကို ပြည်သူ့အစိုးရက မအုပ်ချုပ်သေးသရွေ့တော့
မသန်စွမ်းသူတွေအတွက် ငရဲတွေက ပိုပူနေဆဲဖြစ်နေမှာပါ။”

ဘုန်းရဲနောင်

ပြည်သူ့ပန်းတိုင်-People's Goal

01 Jan, 04:14


"နွေဦးတော်လှန်ရေးတလျှောက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ပြည်သူလူထုတရပ်လုံးနှင့်အတူ ခိုင်မာစွာအမြဲရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုရင်း ၂၀၂၅ နှစ်သစ်မှာ တော်လှန်မိဘပြည်သူအားလုံး ဘေးကင်းကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်"
ပြည်သူ့ပန်းတိုင်အဖွဲ့သားများ

ပြည်သူ့ပန်းတိုင်-People's Goal

31 Dec, 08:34


"ပင်လယ်ဓါးပြလို့ခေါ်ကြတဲ့ စစ်ကောင်စီ ရေတပ်" #ပြည်သူ့စစ်သားစကားဝိုင်း #ရေတပ်
https://youtu.be/xVlohpLV9p0

ပြည်သူ့ပန်းတိုင်-People's Goal

31 Dec, 05:05


စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွက်လာရေးအတွက် အသက်စွန့် တိုက်ပွဲဝင်နေကြသော ဂန့်ဂေါခရိုင် အမှတ် (၁၈) တပ်ရင်း (YNRF) မှ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်/ရဲ CDM များ ရိက္ခာအတွက် ပြည်သူ့ပန်းတိုင်မှ ငွေကျပ် (၄) သိန်း ပေးပို့ထောက်ပံ့ခဲ့ပါတယ်။

#ပြည်သူ့ပန်းတိုင်
#PeolesGoal

ပြည်သူ့ပန်းတိုင်-People's Goal

30 Dec, 08:33


“ပြည်သူ့စစ်မှုထမ်းသင်တန်းမှာ စစ်ကောင်စီက သင်တန်းသားတွေကို ဘယ်လိုဆက်ဆံနေသလဲ” #စစ်မှုထမ်း #ရေဆန်လမ်း
https://youtu.be/6ZQ0obl9Vmk

ပြည်သူ့ပန်းတိုင်-People's Goal

07 Dec, 09:31


"ပြည်သူနဲ့ ယုံကြည်ရပ်တည်၊ ဘဝသစ်ကို ရှင်သန်ဆက်ချီ"

စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးသင်တန်းအမှတ်စဉ် (၂) မှ CDM စစ်သား၊ ရဲ သင်တန်းသားများရဲ့ ပုံရိပ်များ

#ပြည်သူ့ပန်းတိုင် #သက်မွေးပညာ #CDM_စစ်_ရဲ

ပြည်သူ့ပန်းတိုင်-People's Goal

07 Dec, 02:55


“ပေါင်းစည်းလမ်းအစီအစဉ်၏ တစ်ဦးချင်းစီအလိုက် လူထုအကျိုးပြု လှုပ်ရှားဆောင်ရွက်မှုများ”

ပေါင်းစည်းလမ်း - Paungsielan Fellowship အစီအစဥ်သည် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ဆိုင်ရာ၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ Digital Security နှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး စသည့် အကြောင်းအရာများအပါအဝင် အသိပညာများရရှိစေရန်အတွက် ရည်ရွယ်ဖော်ဆောင်ထားသော ပြည်သူ့ပန်းတိုင် (People’s Goal) ၏ ရှေ့ဆောင် အစီအစဉ်တစ်ခုဖြစ်ပါသည်။

Fellowship အစီအစဉ်၏ ဘာသာရပ်များနှင့် အကြောင်းအရာများအား ဆွေးနွေးပို့ချဖလှယ်ခြင်း ၆ လတာ ကာလပြီးဆုံးပြီဖြစ်၍ ကိုယ်တိုင်ဦးစီးဆောင်ရွက်ကြသည့် လူထုအသိပညာပေးလှုပ်ရှားမှုများ၊ သင်ကြားပို့ချ ခြင်းများအား Fellows တစ်ဦးချင်းစီအလိုက် (သို့) အုပ်စုအလိုက် လက်တွေ့ကွင်းဆင်းလုပ်ဆောင်မှုများကို ၂၀၂၄ အောက်တိုဘာလမှ စတင်ကာ တစ်ဦးချင်းစီအလိုက်၊ အုပ်စုအလိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်းလွတ်မြောက်နယ်မြေများရှိ စစ်ဘက်နှင့်ရဲဘက် Defectors များအား အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး (Transitional Justice) လုပ်ငန်းစဉ်များအား သိရှိနားလည်စေရန်အတွက် ပေါင်းစည်းလမ်းမှ Fellow တစ်ဦးဖြစ်သူ PG-PSL01-009 က အွန်လိုင်းမှတဆင့် ဆွေးနွေးဖလှယ်မျှဝေခြင်းအစီ အစဉ်ကို အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့ရာတွင် ကချင်၊ မကွေး စသည့်ဒေသများမှ Defectors စစ်သား နှင့် ရဲ များ တက်ရောက်ခဲ့ကြပါသည်။

ပေါင်းစည်းလမ်း အစီအစဉ်၏ Fellow တစ်ဦးဖြစ်သူ PG-PSL01-013 မှလည်း ကျောင်းသား၊ ကျောင်းသူများအား Digital literacy ဆိုင်ရာ သိကောင်းစရာများကို မျှဝေခဲ့ပါသည်။ Telecommunications, Media and entertainment, Digital banking, Manufacturing automation and robotics စသဖြင့် Digital နည်းပညာသက်ရောက်မှုများနှင့် ဆက်စပ်သောသိမှတ်ဖွယ်ရာများ၊ security ပိုင်းဆိုင်ရာ သတိ ပြုဖွယ်များ၊ မိမိသိလိုသည်များကိုလည်း ရှာဖွေလေ့လာတတ်စေရန်အတွက် Digital Platform တွင် အခြေခံအင် တာနက်နှင့် တယ်လီဆက်သွယ်ရေးစနစ်များ အလုပ်လုပ်ပုံများကိုရှာဖွေလေ့လာစေခြင်း စသည်တို့အား နိုဝင်ဘာ လအတွင်း ၃ ရက်တာ ဆွေးနွေးပို့ချဖလှယ်ပေးခဲ့ပြီးနောက် Introduction to Python ဘာသာရပ်နှင့် ဆိုင်သည့် certificate များကိုလည်း ပေးအပ်ပေးခဲ့ပါသည်။

ထို့အပြင် ပေါင်းစည်းလမ်းမှ Fellow တစ်ဦးဖြစ်သူ PG-PSL01-005 မှလည်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်/ရဲ Defectors များအား အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုတာ ဘာလဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ၊ ပဋိပက္ခကာလအတွင်း ထိခိုက်နစ်နာသူများအတွက် အဖြေရှာခြင်း၊ အမှုမှန်ပေါ် ပေါက်ရေးနှင့်တရားမျှတမှုဖော်ဆောင်ရေး၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၏အဓိကထောက်တိုင်များ စသည့်အကြောင်းအရာများအား နိုဝင်ဘာလအတွင်း ဆွေးနွေးပို့ချဖလှယ်ပေးခဲ့ပြီး ပါဝင်တက်ရောက်သူများမှ လည်း သိရှိလိုသည်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ပေါင်းစည်းလမ်းအစီအစဉ်တွင် သင်ယူခဲ့သော ဘာသာရပ်များနှင့် အကြောင်းအရာများကိုအခြေခံ၍ မိမိစိတ် အားထက်သန်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပေါင်းစည်းလမ်း Fellows များမှ လုပ်ကိုင်ဆောင်ရွက်နိုင်စေ ရန်အတွက်လည်း ပြည်သူ့ပန်းတိုင်မှ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးခဲ့ပါသည်။

#ပြည်သူ့ပန်းတိုင်
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

06 Dec, 13:38


“Our main goal is to give hope for people who want to defect,” said Naung Yoe, 40, a former army major who defected three years ago.

Read more on https://www.aljazeera.com/features/2024/11/23/soldier-students-job-training-gives-hope-to-myanmars-military-defectors

ပြည်သူ့ပန်းတိုင်-People's Goal

06 Dec, 09:43


“သား ဘာမှားလို့လဲအမေ”
****************************************
ကျွန်တော့်အကြောင်းကို စပြီးပြောပြမယ်။ ကျွန်တော်က တောရွာလေးတစ်ခုမှာမွေးပြီး ဆယ်တန်းကိုလဲ ဂုဏ်ထူး (၃) ဘာသာနဲ့အောင်မြင်ခဲ့ပါတယ်။ အမေကစစ်ဗိုလ်ဖြစ်ရင် အမျိုးတွေကြားမှာ ဂုဏ်ရှိတယ်ဆိုပြီး စစ်တပ်ထဲဝင်ဖို့ အကြံပေးခဲ့တယ်။ အမျိုးတွေရဲ့တိုက်တွန်းချက်ကြောင့်ရော ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ DSMA, TA, SA စတဲ့ စစ်တက္ကသိုလ် (၃) ခုလုံးကိုလျှောက်လွှာတင်ပြီး စာမေးပွဲဖြေဆိုခဲ့တယ်။ ရေးဖြေမှာ အမှတ်လိုအပ်ချက်ကြောင့် (ထင်မြင်ချက်) DSMA မပါဘဲ ကျန်နှစ်ခုသာ အောင်မြင်ခဲ့တယ်။ OTT ဝင်ခွင့်ဖြေဆိုရန် မန္တလေးမှာရှိတဲ့ သင်တန်းကျောင်းတစ်ခုကို ရွေးချယ်ခဲ့တယ်။ အဲ့ဒီသင်တန်းမှာ အဆောင်လာနေရတာမို့ ဘဝတူသူငယ်ချင်းများနှင့် အတွေ့အကြုံများစွာရလိုက်ပါတယ်။ OTT မှာ နှစ်ခုလုံးအောင်မြင်ပေမဲ့ DSTA ကိုကျွန်တော်ရွေးချယ်ခဲ့ပါတယ်။

ကဲ ကျွန်တော်စပြောချင်တဲ့အကြောင်းက ခုမှစတာပါ။

အမိတက္ကသိုလ် DSTA ကို ရောက်ရှိပြီး ဆေးစစ်ကာလတစ်ခုကို ထပ်မံဖြတ်သန်းရပြန်ပါတယ်။ ပြီးတော့ Under Training (၃) လ စတင်ပါတော့တယ်။ ဘယ်ညာ ဘယ်ညာနဲ့ (၃) လပြည့်ပြီး ဒေါက်တင်ပြီး ဗိုလ်လောင်း စဖြစ်ခဲ့ပါတယ်။ နဂိုနေတဲ့အဆောင်ကနေ ဗိုလ်လောင်းတပ်ရင်းထဲစပြီး ပြောင်းရပါပြီ။ စရောက်တဲ့ညမှာတင် Fresher Welcome နဲ့ ကြိုဆိုပါတယ်။ အရပ်ဖက်တက္ကသိုလ်နဲ့မတူတဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲလို့ပြောရမှာပါ။ Hall ထဲမှာ စားပွဲတွေတန်းစီပြီး မုန့်တွေအများကြီး အပေါ်မှာ ပုံနေအောင်ချထားပါတယ်။ ပထမဆုံး ခုံတွေရှေ့မှာ တန်းစီခိုင်းပါတယ်။ ထို့နောက် မီးမှိတ်လိုက်ပြီး စီနီယာတွေရဲ့ လက်သီးနဲ့ထိုးတာခံရတာပဲ ဖြစ်ပါတယ်။ ပြီးမှ မီးဖွင့်ပြီး မုန့်တွေအဝစားကျွေးပါတယ်။ ဟုတ်ပါတယ် အဲ့တာ Fresher Welcome ပါ။ တက္ကသိုလ်ကြီးရောက်ပြီး စစ်တပ်ရဲ့ပုံသွင်းမှုတွေကို မကြိုက်ခဲ့တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်၊ သင်တန်းအမှတ်စဉ်တစ်ခုလုံးရဲ့ ၉၀% လောက်ထိပါပဲ။ အဲ့ဒီ ၉၀% ဟာ အမျိုးမျိုး အဖုံဖုံသော အကြောင်းများနဲ့ အခက်အခဲကို ကျော်လွှားနေသူတွေချည်းပါပဲ။ ကျွန်တော်သည်လည်း “ဒီအခက်အခဲတွေကျော်နိုင်မှ အရာရှိဖြစ်မယ်၊ ငါ့အမေ ပတ်ဝန်းကျင်မှာ မော်နိုင်ကြွားနိုင်မယ်၊ ခုချိန်ထွက်လိုက်လဲ ငါ အပြင်တက္ကသိုလ်မှာ နောက်ကျမယ်၊ ငါအောင်မြင်အောင်လုပ်နိုင်တယ်” စတဲ့စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ ပထမနှစ်ရဲ့ တတိယမြောက်လလောက်မှာတင် လူရည်လည်ပြီး ပုံသွင်းမှုတွေကို စတင်အသားကျလာပါတယ်။ ကျွန်တော်တို့အမှတ်စဉ်တူအားလုံးလည်း အသားကျနေပါပြီ။ ပထမနှစ်သည် ကျွန်၊ ဒုတိယနှစ်သည် နွား၊ တတိယနှစ်သည် ကျား၊ စတုတ္ထနှစ်သည် သခင်၊ နောက်ဆုံးနှစ်သည် ဘုရား ဆိုတဲ့ ကျွန်တော်တို့ ဗိုလ်လောင်းစကားအတိုင်း ကျွန်တော်သည် “ငါသည်လည်းပဲ တစ်ချိန်ဘုရားဖြစ်လာမယ်” ဆိုတဲ့စိတ်နဲ့ မတရားမှုမှန်သမျှကို သည်းခံနိုင်လာခဲ့ပါတယ်။ တဖြည်းဖြည်း အစွယ်ပေါက်လာတော့ “မလုပ်၊ မရှုပ်၊ မပြုတ်” ဆိုတဲ့ စကားလုံးကို စိတ်ထဲမှာ တိတ်တခိုး လက်ခံထားခဲ့ပါတယ်။ ကျွန်တော်သည် စီနီယာဖြစ်လာတာနဲ့အမျှ “စည်းကမ်းဖောက်တာ အပြစ်မဟုတ်ဘူး၊ မိတာအပြစ်” ဆိုတဲ့အတိုင်း မသိအောင် စည်းကမ်းဖောက် တတ်ခဲ့ပါတယ်။

တိုင်းပြည်ကို ကာကွယ်ဖို့ စစ်ထဲဝင်လာတာလို့ ပထမနှစ်မှာပြောဖူးတဲ့ သူငယ်ချင်းလည်း ညဆို King & Queen မှာ အရပ်ဝတ်လေးပြောင်းပြီး အရာရှိမျက်လုံးတွေကိုရှောင်ကာ သာယာနေတတ်ခဲ့ပါပြီ။ လေ့ကျင့်ရေးထူးချွန်ဆုယူမယ်ပြောတဲ့ သူငယ်ချင်းကလဲ PT နောက်ကျလို့ Out pass ပိတ် အပိုဆောင်း စစ်ရေးပြလေ့ကျင့်နေခဲ့ပါတယ်။ နောက်ဆုံးနှစ်ရောက်တော့ ဒီတစ်နှစ်ပဲ စာကြိုးစားရင် ရုရှားကို မာစတာ သွားတက်ရမှာမို့ အမှတ်စဉ်တူတွေ စာကို အပြိုင်အဆိုင် ကြိုးစားလာကြပါတယ်။ အရက်အမြဲသောက်တဲ့ သူငယ်ချင်းတစ်ယောက်တောင် ညညမီးဖွင့်စာကျက်နေတာမျိုး တွေ့ရပါတယ်။ ကျွန်တော်ကတော့ “အမေက စစ်ဗိုလ်ပဲ ဖြစ်စေချင်တာ၊ ရုရှားပြန်တွေ ဘာတွေ မလိုဘူး၊ အဲ့ဒီတော့ အောင်ရင်ရပြီ” ဆိုတဲ့စိတ်နဲ့ အောင်ရုံပဲ စာလုပ်ခဲ့ပါတယ်။ တပ်ရောက်ရင်အေးဆေးနေမယ်၊ အဲ့ဒီရောက်တဲ့တပ်ရဲ့ ပတ်ဝန်းကျင်မှာ စီးပွားရေးလေးဘာလေးလုပ်မယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်ကျောင်းဆင်းခဲ့ပါတယ်။

ပြည်သူ့ပန်းတိုင်-People's Goal

06 Dec, 09:43


ကျွန်တော်တပ်ရောက်သွားတော့လဲ “မလုပ်၊ မရှုပ်၊ မပြုတ်” ဆိုတာကို ကျင့်သုံးဆဲပါ။ ကျွန်တော့်ဘဝဟာ အေးအေးဆေးဆေး သာသာယာယာပါပဲ။ ပူပင်မှုတွေ မရှိပါဘူး။ အရမ်းသာယာတာလားဆိုတော့ ဟုတ်မနေခဲ့ပါဘူး။ စနေ၊ တနင်္ဂနွေ တာဝန်မှူးဟာ ကျွန်တော်ပုံသေလိုလို ဖြစ်လာခဲ့ပါတယ်။ အစည်းအဝေးမှာ သုံးပွင့်တင်ထားသည့်တိုင်အောင် အဆူခံနေရတုန်းပါ။ အစကတွေးထားတဲ့ စီးပွားရေးဆိုတာလဲ မလုပ်ဖြစ်ပါဘူး။ သို့ပေတိတိုင်အောင် အဆင်ပြေနေပါသေးတယ်။ ရုံးဆင်းချိန် အဆောင်မှာ ကောင်မလေးနဲ့ ဖုန်းပြောလိုက်၊ အားကစားလေးလုပ်လိုက်၊ အရက်သောက်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့လိုက် တကယ်ကိုအေးဆေးပါပဲ။ ဂိမ်းဆော့တာဆိုလို့ ပြောပြဦးမယ်။ ဆော့တဲ့သူငယ်ချင်းနှစ်ယောက်က Final Year မှာ Thesis အမှန်အကန်လုပ်ပြီး လေကြောင်းရန်ကာကွယ်ရေးမှာ ကြက်ခြံတာဝန်ခံလုပ်ပြီး ကြက်ဥကောက်နေတဲ့သူရယ်၊ ရေတပ်မှာ မဂျမ်းရှားပင်လိုက်စိုက်နေတဲ့ သူရယ်တွေပါ။ တွေးကြည့်ရင်တော့ ရယ်စရာတွေချည်းပဲ။ အင်ဂျင်နီယာဘွဲ့တွေနဲ့ လုပ်နေတာတွေက အမြဲတလွဲဖြစ်နေခဲ့ပါတယ်။

“အမေဖြစ်စေချင်တာက စစ်ဗိုလ်လေ အခုကျွန်တော်ဖြစ်နေတာ ဗိုလ်ကြီး တစ်ဆင့်တောင်ပိုနေပြီ“ ဆိုပြီး အမေနဲ့ဖုန်းပြောကာ မုန့်ဖိုးကို ဖြူဖြူစင်စင် လိမ်တောင်းပါသေးတယ်။ ကျောင်းဆင်းပြီးကတည်းက ဟိုသင်တန်းဆိုလဲသွား၊ ဒီသင်တန်းဆိုလဲသွားနှင့်ပဲ အထက်အရာရှိငေါက်သမျှ ရိုးနေတဲ့အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၂၁ အာဏာသိမ်းမှု စတင်ဖြစ်ပေါ်လာတော့ လုံခြုံရေးအတွက် ပထမဆုံးတပ်မှာ စတင်လိုက်ပါရတဲ့ အရာရှိဟာ မဲခွဲစရာမလိုဘဲ ကျွန်တော်ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင် တော်လှန်ရေးဖြစ်လာကြတဲ့အခါ ကျွန်တော်တို့လို အရာရှိငယ်တွေ လုံခြုံရေးလိုက်ရင်း မိုင်းဆွဲခံရမှုတွေ၊ ချောင်းပစ်ခံရမှုတွေ များစွာဖြစ်လာတော့ ကျွန်တော်အပါအဝင် အရာရှိတိုင်း လုံခြုံရေးထွက်ဖို့ ကြောက်လာခဲ့ပါတယ်။ အဲ့ဒီတော့ သင်တန်းတွေ ပြေးလွှားတက်ကုန်ကြပါရော။ နိုင်ငံခြားသွားဖို့ ရိုက် (ငွေပေး) နေသူတွေ ထုနဲ့ထေး။ နဂိုက တပ်မှာ စစ်သင်တန်းဆိုရင် ဘယ်ထိပ်စီးက ကျွန်တော် အမြဲပါနေကျ။ အခုတော့ ရိုက်နိုင်တဲ့သူမှ ပါတော့တဲ့ခေတ်။ အခုတော့ ကျွန်တော်နဲ့ လုံခြုံရေးဆိုတဲ့ခေါင်းစဉ်ဟာ အကြင်လင်မယားလို တွဲမြင်နေကြပါပြီ။ တက္ကသိုလ်တုန်းက စာလုပ်ခဲ့ပြီး နိုင်ငံခြားမှာကျောင်းတက် ဆက်ပြီးလေ့လာနိုင်ရင်အကောင်း အခုတော့ ကျွန်တော်နောင်တရသလိုတောင် ဖြစ်နေပြီ။ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ စစ်ဗိုလ်ဖြစ်တဲ့ ကျွန်တော်ဟာ တပ်မတော်ကြီးအတွက် စတေးခံသက်သက်ဖြစ်လာတယ်ဆိုတာ ပိုနားလည်လာပါတယ်။

ကျွန်တော့်မိုက်ပြစ်နဲ့ ကျွန်တော် ပြောရအောင်ကလဲ အာဏာသိမ်းတာ ကျွန်တော့်ဆန္ဒ ဘယ်သူမှ မမေးခဲ့ပါဘူး။ လူတစ်စုသာကြိုသိတဲ့ ဖြစ်စဉ်မျိုးပါပဲ။ ကျွန်တော်ဖြစ်ချင်ခဲ့တာ အမေဂုဏ်ဆာလို့ရတဲ့ ရိုးရိုး အညတရ စစ်ဗိုလ်လေးပါ။ နိုင်ငံရေးတွေ တော်လှန်ရေးတွေ နောက်ကျောမလုံတဲ့ စစ်ကစားခြင်းတွေကို ကျွန်တော်မသိပါဘူး။ လူနည်းစုရေးစွဲထားတဲ့ အာဏာသိမ်းဇာတ်ညွှန်းမှာ ကျွန်တော်အခုထိ လိုက်ကနေရတုန်းပါ။ CDM လုပ်ဖို့ တိုက်တွန်းတဲ့သူတွေလဲ ရှိပါတယ်။ ကျွန်တော်ဗိုလ်လောင်းဘဝကလို ခုနေထွက်ရင် အပြင်တက္ကသိုလ်မှာ အစကပြန်စရမယ်ဆိုတဲ့အသိမျိုး အခုနေတပ်ကထွက်ရင် အစကလည်းပြန်စရသလို စစ်ပြေးဘဝနဲ့ အမေပါ ဘာဖြစ်မလဲ ကျွန်တော်မသိဘူး။ အချင်းချင်းတိုက်နေတဲ့စစ်က မကောင်းတာကိုသိပေမဲ့ ဘာဆက်လုပ်ရမှန်းမသိဘူး။ ကျွန်တော်ဘယ်ဖက်မှ ပါဝင်လိုစိတ်လည်းမရှိဘူး။ အေးအေးဆေးဆေး မလုပ်မရှုပ်မပြုတ်တဲ့ စစ်ဗိုလ်လေးပဲဖြစ်ချင်တာပါ။ စစ်သွေးလည်းမကြွပါဘူး၊ ဖြစ်နိုင်ရင် သေနတ်အစား စာအုပ်လေးပဲဖြစ်ဖြစ် ဖတ်နေချင်ပါတယ်။

တစ်ချိန်က မိန်းမကိစ္စနဲ့ ထောင်ကျတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ သူထောင်ကလွတ်တော့ ကားမောင်းပါတယ်။ အဲ့ဒီသူငယ်ချင်းကို မေးငေါ့ခဲ့တဲ့အထဲမှာ ကျွန်တော်ပါလောက်ပါတယ် (မမှတ်မိလို့)။ အခုတော့ သူ့ကိုအားကျမိပါတယ်။ စစ်တပ်က ခုချိန် အေးအေးဆေးဆေးပေးထွက်ရင် ကျွန်တော်ထွက်သွားမှာပါ။ ကျွန်တော်လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေဆဲပါ။ အခုအမေလည်း ရွာမှာ ဂုဏ်မဆာနိုင်တော့ပါဘူး။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းက Non violence သမားတွေ များစွာတွေ့ဖူးပါတယ်။ သူတို့လည်း ကျွန်တော့်လိုပဲ ဖြစ်ကြမယ်လို့ တွေးမိပါတယ်။ ဒီနိုင်ငံရေးပြဿနာမှာ ကျွန်တော်လက်နက်မကိုင်ချင်ဘူး။ ကျွန်တော် အဲ့အာဏာတွေလည်း မလိုချင်ပါဘူး။ ကျွန်တော့် ဆန္ဒမဲမပါဘဲ သိမ်းလိုက်တဲ့အာဏာကို ကာကွယ်ပေးနေတဲ့ စစ်သားတော့အဖြစ်မခံချင်တာတော့ စိတ်ထဲကအမှန်တရားပါပဲ။ သားလိုစတေးခံနေရတဲ့ စစ်သားတွေက ဒီနိုင်ငံရေးဖြစ်စဉ်ကြီးကို မြင်အောင်မကြည့်တတ်ကြဘူးအမေ။ အမေရေ သားဘယ်မှာ စမှားခဲ့တာလဲ...။

*တပ်တွင်းသူငယ်ချင်းတစ်ဦး၏ ပြောပြချက်ကို စာစီထားသည်။
ရေးသားသူ
ဗိုလ်လရောင် (CDM စစ်သား)

ပြည်သူ့ပန်းတိုင်-People's Goal

06 Dec, 08:44


အမျိုးသမီးတွေ ကြုံတွေ့ခဲ့ရတဲ့ စစ်တပ်တပ်တွင်း မတရားမှုတွေက? #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/SoFd3ve-JFI

ပြည်သူ့ပန်းတိုင်-People's Goal

05 Dec, 11:09


“ပြည်သူ့စစ်မှုထမ်းဥပဒေလော၊ စစ်တပ်၏ ပြန်ပေးဆွဲ လုပ်စားခွင့် ဥပဒေ‌ ပေလော”
+++++++++++++++++++++

ပြည်သူ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးချိန်မှစ၍ ဆယ့်ရှစ်နှစ်မှ သုံးဆယ့်ငါးနှစ်ကြား အမျိုးသားများ၏ ဘဝသည် လုံခြုံမှုမရှိတော့သည့်အပြင် ခရီးသွားလာဖို့ပင် ခက်ခဲသည့် အခြေအနေအရပ်ရပ်သို့ ဆိုက်ရောက်လာခဲ့ပြီး ဖြစ်သည်။

ရယ်စရာကောင်းသည်မှာ တိုင်းပြည်ကာကွယ်ဖို့ အရေးပေါ် လူအင်အား လိုအပ်သည်ဆိုသော စစ်တပ်၏ ရာထူးကြီးပိုင်းများသည် ၎င်းတို့၏ အရွယ်ရောက် သားသမီးများ၊ အမျိုးအဆွေများအတွက်မူ စစ်မှုထမ်း အထူးကင်းလွတ်ခွင့်ရယူကာ စစ်ဝတ်စုံနှင့် ဝေးနိုင်သမျှ‌ဝေးအောင် ရှောင်ရှားကြကုန်သည် ဟူ၏။

၎င်းတို့ကိုယ်၌လည်း တပ်မမှူး၊ တိုင်းမှူးအဆင့်များပင်လျှင်ရှေ့တန်းမထွက်ရသည့်နေရာများသို့ ရောက်ရှိစေရန် သိန်းထောင်ချီလာဘ်ထိုးနေကြရသည့် ဘဝ။

အများပြည်သူခမျာမှာတော့ ငွေကြေးတတ်နိုင်သူများက မိမိတို့၏ သားသမီးများ စစ်မှုထမ်းကင်းလွတ်ခွင့် ရဖို့အရေး သိန်းရာချီမက ပေးကမ်းလာဘ်ထိုးကြရကုန်၏။

ငွေကြေးချို့ငဲ့သူများအတွက်တော့ မျှော်လင့်ချက်မဲ့လွန်းလှ၏။
စစ်တပ်ကလာခေါ်လျှင် မျက်ရည်စက်လက်ဖြင့် မိဘဆွေမျိုးများကို တခါတည်းအပြီးအပိုင်နှုတ်ဆက် ကန်တော့ သွားကြရကုန်၏။

ငါ့အလှည့်မကျသေး၊ ငါ့နာမည်မပါသေး ဆိုသူများလည်း လုံခြုံမှုမရှိ။

ညအိပ်ချိန် တံခါးကန်ဖွင့်ဝင်ရောက်ဖမ်းဆီးပြီး စစ်ထဲဆွဲသွင်း ခံသူတွေ အကြောင်းလည်း မကြားချင်မှအဆုံး။

ခရီးသွားရင်းလည်း အကြောင်းမဲ့ဖမ်းဆီးကာ စစ်ထဲဆွဲသွင်းခံရတာမျိုးတွေကလည်း သမားရိုးကျကိစ္စလို ဖြစ်လာပေပြီ။

ဆင်းရဲကျပ်တည်းလွန်း၍ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရင်း အဖမ်းခံရ၊ ပြန်ပို့ခံရသူများကိုလည်း တစ်ယောက်မှ အလွတ်မပေးဘဲ တပ်ထဲ တန်းပို့ပြန်၏။

စစ်တပ်၏ အဖမ်းခံရချိန်တွင် တတ်နိုင်သော မိဘများက သိန်းဆယ်ဂဏန်းမှသည် ရာချီ၍ ‌ပြန်ပေးငွေပေးကာ ရွေးကြရကုန်၏။

ထိုပြန်ပေး ဈေးကွက်ကြီးသည် မြန်မာပြည်အနှံ့မှ စစ်တပ်အရာရှိ၊ စစ်သည်များအတွက် အထူးခေတ်စားလာသော အသက်မွေးဝမ်းကျောင်း ဈေးကွက်ကြီး ဖြစ်လျက် ရှိပေပြီ။

စစ်တပ်အစိမ်းဝတ်များသာမက အုပ်ချုပ်ရေးမှူးများအတွက်လည်း အင်မတန်ဝင်ငွေကောင်းသော ဈေးကွက်ကြီးပါပေ။

တစ်ရပ်ကွက်ဘယ်နှစ်ယောက်၊ တစ်ရွာဘယ်နှစ်ယောက် ခေါင်းစဉ်အောက်ဝယ် အပေါင်းအနှုတ်၊ အမြှောက်အစား ငွေတွင်းကြီးများဖြစ်လို့နေ၏။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။
ရာဇဝတ်‌ပြစ်မှုဒဏ်အသီးသီးမှ မကြာခဏ ကင်းလွတ်ခွင့်ရကြကုန်သော ခိုးဆိုးလုနှိုက်၊ လူသတ်မုဒိန်းကောင် အပေါင်းတို့သည်လည်း တရားဝင် လူပြန်ပေးဆွဲခွင့်လိုင်စင် ရကြသည့်နှယ်ပင်။

အဝေးပြေးဝင်းမှာ ဓားထောက်ပြီး စစ်တပ်ထဲ သွားပို့ပေးလျှင် လူတစ်ယောက် သိန်းဆယ်ချီရသဖြင့် အုပ်စုလိုက်လုပ်လို့လည်း ကိုက်၏။

တစ်ကိုယ်တော် လူသတ်သမား ရာဇဝတ်သားများ အတွက်လည်း တရားဝင် လူမှောင်ခိုပြန်ပေးဆွဲခွင့်တည်းဟူသော ဧရာမ အခွင့်အရေးကြီးပင်။

ထိုထိုသော စက်ဆုပ်ဖွယ် မသတီစရာ အသက်မွေးဝမ်းကျောင်းများအတွက် မင်းအောင်လှိုင် ချပေးထားသည့် ခေါင်းစဉ်ကတော့ 'ပြည်သူ့စစ်မှုထမ်း ဉပဒေ' ဟူ၏။

အများပြည်သူတွေခမျာမှာတော့ ခရီးသွားသူ‌တွေလည်း မလုံခြုံ၊
အိမ်မှာနေသူ‌တွေလည်း ကြောက်နေရ၊
အလုပ်သွား အိမ်ပြန် နေကြသူ‌ေတွလည်း အာမခံချက် မရှိ၊
နိုင်ငံရပ်ခြားအလုပ်သွားလုပ်သူ‌ေတွ အတွက်လည်း စိတ်မချရ...။

ထောင်သားများ ပြောဆိုလေ့ရှိသည့်
"ဒေါ်လာမရှိရင် ဘော်ဒါရှိရမယ်၊ ဘော်ဒါမရှိရင် ဒေါ်လာ ရှိရမယ်"
ဟူသောစကားသည် အခု‌ခေတ်တွင်တော့ ထောင်သားများအတွက်သာမက မြန်မာပြည်သူများအားလုံးအတွက် ဖြစ်နေချေပြီ။

အချုပ်ဆိုရလျှင် တနေ့တခြား ဆင်းရဲ မွန်းကျပ်လာနေသော မြန်မာပြည်သူများ၏ဘဝသည်
တော်လှန်ရေးမှတပါး အခြား‌သောထွက်ပေါက်လည်း မရှိတော့သဖြင့် ပြိုင်တူအားစိုက် တွန်းကြရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း....။

"ပြည်သူ့ဆန္ဒသည်သာ အောင်ပွဲစင်စစ် ဖြစ်ရမည်။"

အရာရှိဟောင်းတစ်ဦး

ပြည်သူ့ပန်းတိုင်-People's Goal

04 Dec, 08:00


"ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၂) အတွက် သင်တန်းသားခေါ်ယူခြင်း”

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များအတွက် စနစ်ပြောင်းတော်လှန်ရေး၌လိုအပ်သော ဘာသာရပ်ဆိုင်ရာဗဟုသုတများကို သင်ကြားပို့ချပေးခြင်း၊ လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးခြင်း၊ ခိုလှုံရာနေရာများ ဖန်တီးပေးခြင်း၊ ရိက္ခာများထောက်ပံ့ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးခြင်း၊ သင့်လျော်ရာအလုပ်အကိုင်များ အကောင်အထည်ဖော်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နေသကဲ့သို့ ထပ်မံ၍လည်း အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးပညာသင်တန်းများကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။

❇️ အီလက်ထရောနစ် စက်ပစ္စည်းပြင်လုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄၊ အောက်တိုဘာလအတွင်း၌ မဲဆောက်မြို့၌ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထပ်မံ၍ သင်တန်းအမှတ်စဉ် (၂) ကို ၂၀၂၄၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

❇️ စိတ်ပါဝင်စားပြီး သင်တန်းပြီးမြောက်သည်အထိ တက်ရောက်လိုသည့် မဲဆောက်မြို့ရောက် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များ လျှောက်ထားနိုင်ပါသည်။ ဖော်ပြပါ အုပ်စုအတွင်းမှ စိတ်ပါဝင်စားသည့် အမျိုးသမီးများ၊ တော်လှန်ရေးအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် CDM စစ်သား/ရဲသားများ တက်ရောက်ရန် တိုက်တွန်းအားပေးပါသည်။

❇️ သင်တန်းကာလ ၆ ပတ် ဖြစ်ပြီး နှင့် ၁ ပတ်တွင် ၂ ရက် တက်ရောက်ရမှာ ဖြစ်ပါသည်။

❇️ သင်တန်းတက်ရောက်ပြီးပါက အနည်းဆုံး မိမိကိုယ်တိုင် ဖုန်းမှန်လဲ၊ ဘတ္ထရီလဲ၊ ဆားကစ်ဘုတ်လဲလှယ်ခြင်းများ၊ ကွန်ပျူတာ ကောင်း/မကောင်း hardware, software စစ်ဆေးခြင်း၊ software installation, windows installation များ လုပ်ကိုင်နိုင်ပြီး တနိုင်တပိုင် ပြုပြင်နိုင်သည့် အနေအထားထိ ရောက်ရှိမှာ ဖြစ်ပါသည်။

❇️ သင်တန်းဆရာမှ ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် လက်ခံမည့် အရေအတွက်မှာ သင်တန်းသား ၁၀ ဦး ဖြစ်ပါသည်။ သို့ပါသဖြင့် အမှန်တကယ် စိတ်ပါဝင်စားကာ သင်တန်းအတွက် အချိန်ပေးနိုင်ပြီး ယခု အလုပ်အကိုင်ဖြင့် ဆက်လက်အသက်မွေးဝမ်းကျောင်းပြုမည်ဟု ရည်ရွယ်ထားသူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

❇️ သင်တန်းတက်ရောက်လိုပါက ၂၀၂၄၊ ဒီီဇင်ဘာလ ၇ ရက်နေ့ထိ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတင်ရန် နှိပ်ပါ —> https://forms.gle/GhEHQVca6XdGm2QG8

#ပြည်သူ့ပန်းတိုင်
#PeoplesGoal �#သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

03 Dec, 08:58


"ရိဒ်ခေါ်ဒါရ် လွတ်မြောက်နယ်မြေက CDF-Hualngoram စစ်ရေးတာဝန်ခံနှင့် တွေ့ဆုံခြင်း" (အပိုင်း-၂)
https://youtu.be/Pz3cxCBjQgk

ပြည်သူ့ပန်းတိုင်-People's Goal

21 Nov, 04:32


“စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင် သင်တန်း အမှတ်စဉ် (၂) သင်တန်းသားခေါ်ယူခြင်း”

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များအတွက် စနစ်ပြောင်းတော်လှန်ရေး၌ လိုအပ်သော ဘာသာရပ်ဆိုင်ရာဗဟုသုတများကို သင်ကြားပို့ချပေးခြင်း၊ လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးခြင်း၊ ခိုလှုံရာနေရာများ ဖန်တီးပေးခြင်း၊ ရိက္ခာများထောက်ပံ့ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးခြင်း၊ သင့်လျော်ရာအလုပ်အကိုင်များ အကောင်အထည်ဖော်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နေသကဲ့သို့ ထပ်မံ၍လည်း အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးပညာသင်တန်းများကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။

❇️ စက်ပစ္စည်းပြင်လုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄၊ အောက်တိုဘာလအတွင်း၌ မဲဆောက်မြို့၌ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထပ်မံ၍ သင်တန်းအမှတ်စဉ် (၂) ကို ၂၀၂၄၊ ဒီဇင်ဘာလ ပထမအပတ်တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

❇️ စိတ်ပါဝင်စားပြီိး သင်တန်းပြီးမြောက်သည်အထိ တက်ရောက်လိုသည့် မဲဆောက်မြို့ရောက် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များ လျှောက်ထားနိုင်ပါသည်။ ဖော်ပြပါ အုပ်စုအတွင်းမှ စိတ်ပါဝင်စားသည့် အမျိုးသမီးများ၊ တော်လှန်ရေးအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် CDM စစ်သား/ရဲသားများ တက်ရောက်ရန် တိုက်တွန်းအားပေးပါသည်။

❇️ သင်တန်းတက်ရောက်ပြီးပါက စက်ဘီး/ဆိုင်ကယ်အကြောင်းအရာများကို နားလည်ပြီး ကိုယ်တိုင် တပိုင်တနိုင် ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်နိုင်မည် ဖြစ်ပါသည်။

❇️ သင်တန်းဆရာမှ ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် လက်ခံမည့် အရေအတွက်မှာ သင်တန်းသား ၅ ဦး ဖြစ်ပါသည်။

❇️ သင်တန်းတက်ရောက်လိုပါက ၂၀၂၄၊ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ လျှောက်ထားနိုင်ပါသည်။

သင်တန်းလျှောက်လွှာတင်ရန် link နှိပ်ပါ —> https://forms.gle/EjbMQLixZo3oLPNCA

#ပြည်သူ့ပန်းတိုင်

#PeoplesGoal

#သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

20 Nov, 09:06


“စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင် သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ”

ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သားနှင့်ရဲများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးသင်တန်းများကို ဖွင့်လှစ်ကာ အကူအညီပေးနေပါသည်။

စက်ပစ္စည်းပြင်လုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄၊ အောက်တိုဘာလ (၆) ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ စတင်ဖွင့်လှစ်ခဲ့ပြီီး သင်တန်းသား (၃) ဦး သင်တန်းပြီးဆုံးသည်အထိ တက်ရောက် အောင်မြင်ခဲ့ပါသည်။ တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသားများအား သင်တန်းပြီးဆုံးသည့်အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းဆု ချီးမြှင်ခြင်းကိုလည်း သင်တန်း အောင်မြင်သူ (၃) ဦးနှင့် သင်တန်းဆရာတို့အား ပြည်သူ့ပန်းတိုင်မှ တာဝန်ခံများက ပေးအပ်ခဲ့ပါသည်။

ယခု သင်တန်းသည် စက်ဘီး၊ ဆိုင်ကယ် ကိုယ်တိုင်တပိုင်တနိုင် ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်နိုင်ပြီိး အသက်မွေးဝမ်းကျောင်းတစ်ခုအနေနှင့် ရပ်တည်နိုင်စေရန် ရည်ရွယ်ကာ ပြည်သူ့ပန်းတိုင်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကာလ ရက်သတ္တပတ် (၆) ပတ်အတွင်း အပတ်စဉ် (၆) ရက် လက်တွေ့ သင်ယူလေ့လာခဲ့ကြပါသည်။ သင်တန်းအမှတ်စဉ် (၂) ကိုလည်း မကြာမီ လျှောက်လွှာများခေါ်ယူကာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

20 Nov, 04:57


"စစ်ကောင်စီလက်လွှတ်ရတော့မယ့် နပခ နဲ့ ရခိုင်စစ်မြေပြင် အခြေအနေ" #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/U93Wp0hRE30

ပြည်သူ့ပန်းတိုင်-People's Goal

13 Nov, 11:14


"ရခိုင်ဒလန် (သို့မဟုတ်) စစ်သားကောင်း တစ်ယောက်"

"သန့်စင် ... သန့်စင်" ဒီကောင် ကျွန်တော့်ကို အဓိက ဒုက္ခပေးတာ"။ အနည်းငယ်သာ ကျန်တော့သည့် ဖက်ကြမ်းဆေးပေါ့လိပ်တို့ကို ပြာချွေရင်း ဆရာချစ်(အမည်လွှဲ)က ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းလိုက်သည့် အကြောင်း အင်တာနက်စာမျက်နှာပေါ် တက်လာသည့် သတင်းကို ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားစစ်ကြောင်းထွက်နေသည့် ကလောသား အပူးတပ်မမှ တပ်ကြပ် ဆရာချစ် တွေ့လိုက်ရသည်။ အာဏာထိမ်းသည်ဟု ဝေ့လည်ကြောင်ပတ် သတင်းထုတ်ပြန်လိုက်ခြင်းက စစ်တပ်အတွင်းမှ ပြည်သူနှင့်ပူးပေါင်းချင်သည့် ပြည်သူ့စစ်သားများအတွက် အနည်းငယ်တွေဝေစေခဲ့သည်။ နောက်ပိုင်း အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါ်ထင်ထင်ဆောင်ရွက်လာချိန်တွင်တော့ လုံးဝလက်မခံနိုင်သည့် ပြည်သူ့စစ်သားများမှ အကြမ်းဖက်စစ်တပ်အား စွန့်ခွာ၍ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့ကြသည်။

"ကျွန်တော် စစ်သက်အနှစ်နှစ်ဆယ် စစ်မှုထမ်းကောင်း ခံစားခဲ့ရတယ် ဗိုလ်လေး၊ စစ်တပ်ထဲမှာ အနှစ်နှစ်ဆယ်ကျော် ပြစ်မှုတစ်ခုမှ မကျူးလွန်ဘဲ အကောင်းဆုံး တာဝန်ထမ်းရွက်ခဲ့တာ"။ ဆရာချစ် ... သူက တပ်ကြပ်၊ ကလောအခြေစိုက် အပူးတပ်မမှ ။ လူပုံက ခပ်သေးသေး၊ အသားက မည်းမည်း အမြဲတမ်း ဘိုကေကို ကျော့အောင်ဖြီး၍ သနပ်ခါးလိမ်းထားလေ့ရှိသည်။ "ကျွန်တော်တို့ ဧရာဝတီတိုင်းသားတွေက နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတော့ အသားမည်းတာပေါ့ ဗိုလ်လေးရယ်" ဆရာချစ်က ရယ်ရယ်ပြုံးပြုံးဖြင့် ဆိုသည်။ "ကျွန်တော်က မဟုတ်တာမလုပ်ဘူး၊ မဟုတ်တာ လုပ်တာတွေ့ရင်လည်း လက်မခံဘူး" ထိုအမူအကျင့်ကို မနှစ်မြို့ကြသည့် မြန်မာ့တပ်မတော်ကြီးမှ သူ့အား ရခိုင်ဒလန် ဟု စွပ်စွဲပြီး လက်စတုံးအပျောက်ရှင်းရန် ပြင်ဆင်နေချိန် သူထွက်ပြေးလွတ်မြောက်ခဲ့သည်။

"ပထမစပြီး ထင်ကြတာက ကျွန်တော် ပထမဆုံးကူညီခဲ့တဲ့ ရွာပေါ့ "တင်းမ"ရွာ၊ နေမကောင်းတဲ့ အဖိုးကြီးအဖွားကြီး နှစ်ယောက်ရှိတဲ့အိမ်ပေါ့ ထမင်းဝင်ချက်ကြတာ"။ " ကျွန်တော်က အိပ်ရာထဲလဲနေတဲ့ အမေအိုကြီးကို သနားလို့ မြန်မာငွေငါးထောင်ကန်တော့ခဲ့တာ၊ တပည့်တစ်ယောက်ကနေမကောင်းတဲ့အိမ်က ဆိုလာပြားကို ဖြုတ်ယူမလို့ ကျွန်တော်က ငေါက်ပြီး ဟန့်လိုက်ရတယ်"။ ကြီးသူကို ရိုသေ၊ ငယ်သူကို သနားပြီး ပြည်သူကိုလေးစားသည့် သူ့ခံစားချက်တွေနဲ့ သူတာဝန်ထမ်းဆောင်နေသည့် စစ်တပ်က လုံးဝဆန့်ကျင်ဘက်။

"အာဏာသိမ်းတဲ့အကြောင်း ကြားကြားချင်း စိတ်ထဲမှာ လုံးဝမကြိုက်ပေမယ့် အကြောင်းကြောင်းကြောင့် သည်းခံပြီးနေရတာပေါ့ ဗိုလ်လေးရယ်" သူက ဆိုသည်။ စစ်ကြောင်းထွက်စဉ် တစ်လျှောက်လုံးလည်း ပြည်သူကိုဖေးမကူညီသည့် သူ့လုပ်ရပ်များက အထက်အရာရှိများအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီး‌နောက် ပလက်ဝမြို့နယ် သံတောင်ဂိတ်တွင် သူတို့စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဂိတ်ထိုင်စဉ် သစ်ကုန်သည်များထံမှ ငွေအမြောက်အမြား အတင်းအကျပ်တောင်းခံပြီး ရရှိသည့်ငွေများဖြင့် အထက်အရာရှိများက ဖဲရိုက်လောင်းကစားလေ့ရှိကြသည်။ တစ်နေ့ သစ်ကုန်သည်တစ်ဦးအား ငွေတောင်းရာတွင် မတတ်နိုင်သဖြင့် လျှော့ယူပါရန်တောင်းပန်သော်လည်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ကြိမ်းမောင်းသည့် ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနှင့် စကားအချေအတင်ဖြစ်ခဲ့သည်။

"တန်းစီတဲ့အချိန်မှာ ကျွန်တော့်မျက်နှာကို ကြည့်ပြီး ဘုရားတရားသာ များများလုပ်ထားကွာ" ဟု စတင် ခြိမ်းခြောက်လာသည်ဟု ဆရာချစ်က ဆိုသည်။ ဗိုလ်မှူးသန့်စင်ကလည်း "ခင်ဗျား အကြီးကြီးကို မှားတာပဲ၊ ပြေးနိုင်ရင်တော့ လွတ်မှာပေါ့" ဟု ထပ်မံခြိမ်းခြောက်သည်။ "ကျွန်တော်က အရက်လည်း မသောက်ဘူးလေ၊ မဟုတ်တာလည်း မလုပ်တော့ နည်းနည်းတော့ ရှိန်တာပေါ့" အနေမှန်ခြင်းကြောင့် မကျေနပ်သော်လည်း မပြောဘဲ စတင် အငြိုးထားလာကြတော့သည်။ "အဆိုးဆုံးက ဗိုလ်မှူးသန့်စင် ပဲ၊ သူက D.S.A(48) အပတ်စဥ်က။ ဘယ်လောက်ဆိုးသလဲဆိုရင် ကျွန်တော်တို့ကို လိုက်ပို့တဲ့ လှေသမားတွေကို စွန့်လွှတ်မိုင်းတွေ ထောင်ထားတဲ့ စခန်းကုန်းအဟောင်းကို လက်ညိုးထိုးပြပြီး အဲ့စခန်းကုန်းမှာ ဆန်အိတ်တွေ အများကြီးရှိတယ် မင်းတို့သွားယူကြ" လို့ ခိုင်းတာ၊ တော်တော်လူမဆန်တဲ့လူ"။ ဖြစ်ကြောင်းပြန်ပြောနေစဉ်မှာပင် သူ့မျက်နှာပေါ်မှာ ဒေါသဖြစ်လာဟန်က အတိုင်းသား။

ပြည်သူ့ပန်းတိုင်-People's Goal

13 Nov, 11:14


ပလက်ဝမြို့နယ်အတွင်း စစ်ကြောင်းထိုးလာစဉ် စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှုကြောင့် အိမ်တိုင်မျှသာကျန်တော့သည့် "ပြိုင်းတိုင်း" ကျေးရွာသို့ သူတို့စစ်ကြောင်း လမ်းတစ်လျှောက် ပစ်ရှင်းရှင်းပြီး ချီတက်လာခဲ့ကြသည်။ ရွာထဲတွင် လေယာဉ်ဒဏ်၊ စစ်ဘေးဒဏ်များကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေပြီး အသက်(၆၀)ခန့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးရှိသည့် မိသားစုတစ်စုသာကျန်ခဲ့သည်။ "အဲ့ မိသားစုကို သတ်ခိုင်းတာ ဗိုလ်လေးရဲ့၊ သူတို့သားသမီးတွေက AAတွေ ဆိုပြီး အထက်က(တင်းမ ဘုရားကုန်း ဗျူဟာက) ရှင်းခိုင်းတာ"၊ အဲ့တာနဲ့ ကျွန်တော်က ဒါပြည်သူတွေပါ မသတ်ပါနဲ့လို့ ပြောတော့ တစ်ခုခုဖြစ်ရင် မင်းအာမခံနိုင်လား ဆိုပြီး ကျွန်တော့်ကို အာမခံခိုင်းတယ်။ ကျွန်တော် အာမခံပါတယ်လို့ အထပ်ထပ်ပြောတော့မှ သူတို့မိသားစုကို တင်းမရွာကို သွားခွင့်ပြုတယ်" ထို့နောက်တွင်တော့ သူ့အပေါ်မယုံသင်္ကာဖြစ်မှု ပို၍များလာကာ စတင်စောင့်ကြည့်ခံလာရတော့သည်။

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ချိန်ကြာမြင့်သည်နှင့်အမျှ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေများနှင့် ဖုန်းပြောရာတွင်လည်း အနားမှာ မယောင်မလည်နှင့် စောင့်ကြည့်သူတွေ ပို၍များလာခဲ့သည်။ "ကျွန်တော်က အစတည်းက ရွာထဲဆင်း စျေးဝယ်ရင်လည်း ကိုယ့်ပိုက်ဆံနဲ့ပဲ၊ ရောက်ရာအရပ်မှာ ရွာသူရွာသားတွေနဲ့ ခင်တော့ ပိုဆိုးတော့တာပေါ့"။ တဖြည်းဖြည်းနှင့် ရေချိုးဆင်းချိန်၊ ကိုယ်ပိုင်အနားယူချိန်တွေပါ စောင့်ကြည့်ခံလာရပြီး ရခိုင်သံနှင့်ဖုန်းလာပါက သိသိသာသာ သတိထားခံလာရတော့သည်။ တစ်နေ့ ရေချိုးဆင်းချိန်တွင် ခင်မင်ရင်းနှီးသော တပ်ကြပ်တစ်ဦးမှ သတိထားရန် မျက်နှာရိပ်မျက်နှာကဲပြချိန်မှစ၍ သူ့သေနတ်ကို အမြဲမောင်းတင်ထားပြီး အနားမှာအသင့်ထားရှိခဲ့သည်။ "ကိုယ့်ကို မုန်းတဲ့လူတွေရှိသလို၊ ကိုယ့်ကိုချစ်တဲ့လူတွေလည်း ရှိတာပေါ့" ဆရာချစ်က ဆိုသည်။

တစ်ညနေ မှောင်ရီသန်းချိန် အထက်အရာရှိတဲနားမှ ဖြတ်လျှောက်လာချိန်တွင်တော့ သူ့အားအပြတ်ရှင်းရန် လမ်းလျှောက်စကားပြောစက်ဖြင့် သတင်းပို့နေသံအား သူကိုယ်တိုင်ကြားလိုက်ရသည်။ "စစ်သုံးစကားဝှက်နဲ့ ပို့နေတာ၊ ဒီညမှောင်ရင်ရှင်းတော့မယ်ဆိုပြီး၊ အဲ့တာနဲ့ ကျွန်တော်လည်း ညတွင်းချင်းပဲ လစ်ထွက်လာခဲ့တာ ဘာမှတောင် မယူနိုင်ဘူး" ညမှောင်မှောင် မိုးတွေဆက်တိုက်ရွာနေသည့်ကြားမှ တစ်ညလုံး ပြေးထွက်ခဲ့ရင်း ချောင်းသို့အရောက်တွင် တံငါသည်လှေနှင့်တွေ့၍ တစ်ဖက်ကမ်းသို့ ကူးခဲ့ရသည်။ နောက်ထပ်ငါးရက်ဆက်တိုက် သူ့ကိုလိုက်ရှာနေသည့် စစ်ကြောင်းမှ လွတ်အောင်ရှောင်ရင်း ပြေးပုန်းနေရသည်။ "ထမင်းမစားရတာ သုံးရက်၊ ကျွန်တော်က ငှက်ဖျားအခံလည်းရှိတော့ ပင်ပန်းခက်ခဲလိုက်တာ ဗိုလ်လေးရယ်"။ ပြည်သူများနှင့်တွေ့တိုင်း ဖေးမကူညီခဲ့သည့် ကံများက အကျိုးပေးလာသည်။

"ရွာတစ်ရွာရောက်တော့ ရွာသားတွေက ကျွန်တော့်ကိို ဝတ်စရာတွေပေး ထမင်းတွေကျွေးကြ၊ ကူညီလိုက်ကြတာ"။ သူအဲ့ဒီရွာလေးမှ တစ်ဆင့် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်မိပြီး လွတ်မြောက်နယ်မြေတွင် ကာလအတန်ကြာခိုလှုံခဲ့သည်။ "ကျွန်တော်က လက်နက်ကိုင်ပြီး တိုက်ချင်တာ ဗိုလ်လေး၊ အဲ့ကောင်တွေကို ပြန်ချချင်တာ" သို့သော်လည်း ယခင်တိုက်ပွဲများတွင် ရရှိခဲ့သည့်ဒဏ်ရာများနှင့် ပြန်ဖြစ်လာသော ငှက်ဖျားရောဂါဒဏ်တို့ကြောင့် သူ့ခန္ဓာကိုယ်မှာ စိတ်သွားတိုင်းကိုယ်မပါတော့။ ဆေးရုံခြောက်ကြိမ်တက်ခဲ့ရပြီး ယခုလက်ရှိတွင် ကျန်းမာရေးအတွက် ပုံမှန်ဆေးသောက်နေရသည်။

"ကံပေါ့ ဗိုလ်လေးရယ်၊ ကျွန်တော် သေလောက်တဲ့ ဒဏ်ရာတွေ ရပေမယ့်လည်း ဘာမှမဖြစ်ခဲ့တာဟာ အများအပေါ်ထားတဲ့ ကျွန်တော့်စေတနာကံအကျိုးပေးပေါ့" မြန်မာနိုင်ငံရှိရာအရပ်သို့ မျက်နှာမူပြီး ဆေးလိပ်ဖွာရင်း ဆရာချစ်က ဆိုသည်။ "တော်လှန်ရေးပြီးရင်တော့ စစ်သားလည်း ပြန်မလုပ်ချင်တော့ပါဘူး၊ ရွာမှာပဲ လယ်လေးစိုက်ပြီးနေတော့မယ်" ရီဝေဝေမျက်လုံးများဖြင့် အဝေးသို့ မျှော်ကြည့်ရင်း သူ့ခံစားချက်များလှစ်ဟလာသည်။ မိသားစုများကို သေကွဲ/ရှင်ကွဲ မကွဲစေရန် အတတ်နိုင်ဆုံး ကာကွယ်ခဲ့ရင်း ကိုယ်ကိုယ်တိုင် မိသားစုနှင့်အဝေးမှာ ခွဲခွာနေရသူ။ သူက ဆရာချစ် (သို့မဟုတ်) ရခိုင်ဒလန် (သို့မဟုတ်) ပြည်သူ့စစ်သားတစ်ဦး။

(CDM စစ်သည်တစ်ဦး၏ ဖြစ်ရပ်မှန်အား ရေးဖွဲ့ပါသည်)။

နွေအလင်း (CDM)

ပြည်သူ့ပန်းတိုင်-People's Goal

13 Nov, 08:55


"စစ်ကိုင်းဒေသအပါအဝင် စကစကြောင့် ဘေးဒုက္ခရောက်နေတဲ့ဒေသက ပြည်သူတွေရဲ့သောကကို မမေ့စေဖို့"
https://youtu.be/mx6ImEbQgWE

ပြည်သူ့ပန်းတိုင်-People's Goal

12 Nov, 06:47


"ဂျိုကာ ရအောင်ဆွဲရမယ်"

ကာတွန်း - နေညိုအေး (ဥသျှစ်ပင်)

ပြည်သူ့ပန်းတိုင်-People's Goal

12 Nov, 05:13


"အမှန်တရားအတွက် ပြည်သူ့ဘက် ရပ်တည်မယ်၊ ဘဝအသစ်မှာ ကြိုးစားရှင်သန်မယ်။"

စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စီးဘီးသင်တန်း အမှတ်စဉ် (၁)

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#သက်မွေးပညာ
#CDMစစ်_ရဲ

ပြည်သူ့ပန်းတိုင်-People's Goal

11 Nov, 04:59


"ဘုတလင်ဖြစ်စဉ်လို စစ်ရာဇဝတ်ကျူးလွန်နေမှုများအပေါ် သုံးသပ်ချက်" #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/zPQjYGtkG6o

ပြည်သူ့ပန်းတိုင်-People's Goal

11 Nov, 03:13


"ထိုင်းစကားပြောသင်တန်း သင်တန်းသားခေါ်ယူခြင်း"

ပြည်သူ့ပန်းတိုင်အဖွဲ့သည် CDM စစ်သား၊ ရဲ များအပြင်၊ အခြားဌာနဆိုင်ရာများမှ CDM များ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကိုပါ တတ်နိုင်သရွေ့ ကူညီမှုများ ပြုလုပ်ပေး နေပါသည်။

❇️ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် CDM စစ်သား၊ ရဲ များ အပါအဝင် ဌာနဆိုင်ရာ CDM များ၊ တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုစေရန် အခမဲ့ တက်ရောက်နိုင်သည့် "ထိုင်းဘာသာစကားပြော သင်တန်း (၁/၂၀၂၄)” ကို မဲဆောက်မြို့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

❇️ သင်တန်းကာလမှာ ရက်သတ္တပါတ် (၁၀) ပါတ် ကြာမြင့်မည် ဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့ ညနေပိုင်းများတွင် လူကိုယ်တိုင်တက်ရောက်သင်ယူရမည် ဖြစ်ပါသည်။ သင်တန်းစတင်ဖွင့်လှစ်မည့်နေ့မှာ ၂၀၂၄၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ဖြစ်ပါသည်။

❇️ ထိုင်းဘာသာသင်တန်း အရေး၊ အဖတ် အခြေခံတက်ရောက်ခဲ့ဖူးသူ သို့မဟုတ် အခြေခံရှိသူ CDM များ၊ တက်ကြွလှုပ်ရှားသူများလျှောက်ထားနိုင်ပါသည်။

❇️ သင်တန်းဆရာမှ ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် လက်ခံမည့် အရေအတွက်မှာ သင်တန်းသား ၂၀ ဦး ဖြစ်ပါသည်။

❇️ လျှောက်လွှာများကို ၂၀၂၄၊ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတင်ရန် link —> https://forms.gle/FUDdPvBXgw5RHk547

#ပြည်သူ့ပန်းတိုင်
#People'sGoal
#ထိုင်းဘာသာစကားသင်တန်း

ပြည်သူ့ပန်းတိုင်-People's Goal

10 Nov, 12:26


📣"အဟောင်းစွန့်၍ အသစ်တည်ဆောက်ခြင်း (သို့မဟုတ်)​ နွေဦးတော်လှန်ရေးသို့ ဘက်ပြောင်းပူးပေါင်းခြင်း" အစီရင်ခံစာ အား အခမဲ့ download ရယူ ဖတ်ရူနိုင်ပါပြီ။ ယခု အစီရင်ခံစာသည် ပြည်သူ့ပန်းတိုင်၏ ပထမဆုံး အစီရင်ခံစာဖြစ်ပြီး "အတွေးအခေါ်လမ်း" အစီအစဥ်များတွင် တင်ဆက်ခဲ့သည့် ဘက်ပြောင်းခဲ့သူများ၏ နိုင်ငံရေး အမြင်၊ အတွေးအခေါ်နှင့် အကြံပြုချက်များကို စုစည်းပေးထားခြင်းဖြစ်သည်။

Download ရယူရန် link -https://shorturl.at/8Vhmz

📣 You can now download and read "Out with the Old, In with the New: Defecting to Myanmar's Spring Revolution" for free! This report marks the first publication from People's Goal, featuring insights from defectors shared through the "Thought Process" program. It brings together a powerful collection of ideas and recommendations from defectors who have joined the Spring Revolution.

Download here https://shorturl.at/8Vhmz

#OutWithTheOldInWithTheNew #PGReport

ပြည်သူ့ပန်းတိုင်-People's Goal

10 Nov, 07:21


အိန္ဒိယ-မြန်မာနယ်စပ်သို့ ရောက်ရှိနေသည့် ပြည်သူ့ပန်းတိုင်မှ ကိုကောင်းသူဝင်းသည် တော်လှန်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပူးပေါင်းလုပ်ဆောင်နိုင်မှုများကို ဆွေးနွေးခဲ့ပြီး ပြည်သူ့ပန်းတိုင်မှ ထုတ်ဝေထားသည့် စစ်ပွဲများတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ဆိုင်ရာ လက်ကမ်းစာစောင်များကို မျှဝေပေးခဲ့ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#IHL_Myanmar

ပြည်သူ့ပန်းတိုင်-People's Goal

07 Nov, 14:32


🥳 "အဟောင်းစွန့်၍ အသစ်တည်ဆောက်ခြင်း (သို့မဟုတ်)​ နွေဦးတော်လှန်ရေးသို့ ဘက်ပြောင်းပူးပေါင်းခြင်း" အစီရင်ခံစာ အား အခမဲ့ download ရယူ ဖတ်ရူနိုင်ပါပြီ။ ယခု အစီရင်ခံစာသည် ပြည်သူ့ပန်းတိုင်၏ ပထမဆုံး အစီရင်ခံစာဖြစ်ပြီး "အတွေးအခေါ်လမ်း" အစီအစဥ်များတွင် တင်ဆက်ခဲ့သည့် ဘက်ပြောင်းခဲ့သူများ၏ နိုင်ငံရေး အမြင်၊ အတွေးအခေါ်နှင့် အကြံပြုချက်များကို စုစည်းပေးထားခြင်းဖြစ်သည်။

Download ရယူရန် link -https://shorturl.at/8Vhmz

🎉 You can now download and read "Out with the Old, In with the New: Defecting to Myanmar's Spring Revolution" for free! This report marks the first publication from People's Goal, featuring insights from defectors shared through the "Thought Process" program. It brings together a powerful collection of ideas and recommendations from defectors who have joined the Spring Revolution.

Download here https://shorturl.at/8Vhmz

#OutWithTheOldInWithTheNew #PGReport

ပြည်သူ့ပန်းတိုင်-People's Goal

07 Nov, 04:01


“ဖွင့်လှစ်ဆဲ ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၁)"

အီိလက်ထရောနစ် စက်ပစ္စည်းပြင် နည်းပညာလုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် ဖုန်း/ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၁) ကို ပြည်သူ့ပန်းတိုင်မှ ၂၀၂၄၊ အောက်တိုဘာလ (၁၂) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ ၁ လ အထိ ပုံမှန်တက်ရောက်ပြီးသည့် သင်တန်းသားများကိုလည်း လမ်းစရိတ်စသည့် အထွေထွေသုံးစွဲမှုအတွက် ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

သင်တန်းကာလမှာ ၂ လ ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အနည်းဆုံး မိမိကိုယ်တိုင် ဖုန်းမှန်လဲ၊ ဘတ္ထရီလဲ၊ ဆားကစ်ဘုတ်လဲလှယ်ခြင်းများ၊ ကွန်ပျူတာ ကောင်း/မကောင်း hardware, software စစ်ဆေးခြင်း၊ software installation, windows installation များ လုပ်ကိုင်နိုင်ပြီး တနိုင်တပိုင် ပြုပြင်နိုင်သည့် အနေအထားထိ ရောက်ရှိမှာ ဖြစ်ပါသည်။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

05 Nov, 09:32


“ဖွင့်လှစ်ဆဲ စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီိးပြင် သင်တန်း”

ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သားနှင့်ရဲများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးသင်တန်းများကို ဖွင့်လှစ်ကာ အကူအညီပေးနေပါသည်။

စက်ပစ္စည်းပြင်လုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄၊ အောက်တိုဘာလ (၆) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ ၁ လ အထိ ပုံမှန်တက်ရောက်ပြီးသည့် သင်တန်းသားများကိုလည်း လမ်းစရိတ်စသည့် အထွေထွေသုံးစွဲမှုအတွက် ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ဖြစ်ပြီး ယခု သင်တန်း တက်ရောက်ပြီးပါက စက်ဘီး၊ ဆိုင်ကယ် တပိုင်တနိုင် ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်နိုင်မှာ ဖြစ်ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal #သက်မွေးပညာ

ပြည်သူ့ပန်းတိုင်-People's Goal

04 Nov, 07:57


ပေါင်းစည်းလမ်း Facebook page --> https://www.facebook.com/PaungSieLan?mibextid=LQQJ4d

ပြည်သူ့ပန်းတိုင်-People's Goal

04 Nov, 07:55


“ပေါင်းစည်းလမ်း သင်တန်းသားများ၏ ရပ်ရွာလူထုဗဟိုပြု လက်တွေ့လုပ်ဆောင်ခြင်းအစီအစဉ်”

ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ပေါင်းစည်းမှုနှင့် ဒီမိုကရေစီနည်းကျခေါင်းဆောင်မှုအတွက် စွမ်းရည်များ တည်ဆောက်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစည်းလမ်းမိတ်သဟာယ (Fellowship) ကို ပြည်သူ့ပန်းတိုင်မှ ၂၀၂၄ ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နွေဦးတော်လှန်ရေးနှင့်အတူ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကနေ ဘက်ပြောင်းခိုလှုံကာ ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ စစ်/ရဲ CDM များ၊ ၎င်းတို့ မိသားစုဝင်များနှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှလူငယ်များ Fellowship အစီအစဉ်မှာ တက်ရောက်ခဲ့ပါသည်။

ယခုအခါ အွန်လိုင်းမှတဆင့် ဘာသာရပ်များ ဆွေးနွေးပို့ချဖလှယ်ခြင်း ၆ လ တာ ပြီးဆုံးပြီီဖြစ်သဖြင့် သင်တန်းသား တစ်ဦးချင်းအလိုက် (သို့) အုပ်စုအလိုက် မိမိတို့ကိုယ်တိုင် ဦးဆောင်ပြုလုပ်သည့် လူထုအတွင်း လှုပ်ရှားမှုများ၊ သင်ကြားပို့ချခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်းအစီအစဉ် စတင်နေပြီ ဖြစ်ပါသည်။

ပေါင်းစည်းလမ်းသင်တန်းသားအမှတ် PG-PSL01-006, 007, 008 နှင် 020 တို့ပါဝင်သည့် အဖွဲ့၏ လူ့အခွင့်အရေးနှင့် ကြားကာလတရားမျှတမှုနှင့် ဆိုင်သော သိကောင်းစရာများအား မျှဝေဖလှယ်ခြင်းအစီအစဉ်ကို မဲဆောက်မြို့၌ အောက်တိုဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စားသည့် CDM များ နှင့် Defector များအပါအဝင် တော်လှန်ရေးရဲဘော်ရဲဘက်များ တက်ရောက်ခဲ့ကြကာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ထို့အပြင် ပေါင်းစည်းလမ်းသင်တန်းသူ PG-PSL01-014 ကလည်း ၎င်းရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ မီီဇိုရမ်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဘ၀တိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့က ရပ်ရွာအတွင်းရှိ စာသင်ကျောင်းသို့ သွားရောက်ပြီိး အိမ်တွင်းအကြမ်းဖက်မှုနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများကို မျှဝေဖလှယ်ပေးခဲ့ပါသည်။

ကျန်ရှိနေသေးသည့် သင်တန်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

02 Nov, 07:11


"မနိုင် နိုင်ရာကိုဖိနှိပ်မယ်"

ကာတွန်း - နေညိုအေး (ဥသျှစ်ပင်)

ပြည်သူ့ပန်းတိုင်-People's Goal

01 Nov, 06:10


"စုစည်းမှုနဲ့အတူ ပြည်သူအားလုံးပါဝင်တဲ့ တော်လှန်ရေး" #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/H4fta6WyZtw

ပြည်သူ့ပန်းတိုင်-People's Goal

01 Nov, 03:35


“ပေါင်းစည်းလမ်း မိတ်သဟာယ (Fellowship) အစီအစဉ်ပြီးမြောက်ခြင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနား”

ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ပေါင်းစည်းမှုနှင့် ဒီမိုကရေစီနည်းကျခေါင်းဆောင်မှုအတွက် စွမ်းရည်များ တည်ဆောက်ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ပြည်သူ့ပန်းတိုင်မှ ဖွင့်လှစ်သော ပေါင်းစည်းလမ်းမိတ်သဟာယ (Fellowship) အစီအစဉ်ရဲ့ ၆ လတာသင်တန်း ပြီးဆုံးတက်ရောက်ခဲ့ကြသည့် Fellow များအား အစီအစဉ်ပြီးမြောက်ခြင်းလက်မှတ် (Certificate) ပေးအပ်သည့် အခမ်းအနားကို ၂၀၂၄၊ အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် မိတ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပြည်သူ့ပန်းတိုင်အဖွဲ့သားများ၊ သင်တန်းသားများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပေါင်းစည်းလမ်း - Paungsielan Fellowship အစီအစဉ်ကို CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှ သင်တန်းသား Fellows စုစုပေါင်း ၂၇ ဦး ဖြင့် ၂၀၂၄ ဧပြီလ မှ စက်တင်ဘာလထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၂၄ ဦး အစီအစဉ်ပြီးဆုံးတက်ရောက် အောင်မြင်ခဲ့ပါသည်။ ဆွေးနွေးပို့ချဖလှယ်ခြင်း ၆ လ တာ ပြီးသည့်နောက် တစ်ဦးချင်းအလိုက် (သို့) အုပ်စုအလိုက် မိမိတို့ကိုယ်တိုင် ဦးဆောင်ပြုလုပ်သည့် လူထုအတွင်း လှုပ်ရှားမှုများ၊ သင်ကြားပို့ချခြင်း၊ ဆွေးနွေးဖလှယ်ခြင်းများ လက်တွေ့လုပ်ဆောင်ခြင်းအစီအစဉ်ကို Fellows သင်တန်းသားများက ဆက်လက် ဆောင်ရွက်နေပြီလည်း ဖြစ်ပါသည်။

အစီအစဉ်ပြီးမြောက်ခြင်းလက်မှတ် ပေးအပ်ခြင်းနှင့်အတူ “Future Civil-Military Relations (CMR) in Myanmar” ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီီး ပါမောက္ခ ဒေါ်မီမီီဝင်းဘတ်မှ အဖွင့်ဆွေးနွေးဖလှယ်ခဲ့ကာ သင်တန်းသားများကို ချီီးကျူးဂုဏ်ပြုပေးခဲ့ပါသည်။ ဆက်လက်ပြီး ပေါင်းစည်းလမ်း Fellowship တက်ရောက်သူများနှင့် ဖိတ်ကြားထားသည့် တက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုတို့က စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ ကိုယ်တိုင်မတက်ရောက်နိုင်သည့် အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းနေရာများမှ သင်တန်းသားများ၊ သင်တန်းဆရာများနှင့် အဖွဲ့သားများက အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ပေါင်းစည်းလမ်းမိတ်သဟာယ (Fellowship) အစီအစဉ်သည် လူတစ်ဦးချင်းစီ၏ လူမှုအသိုင်းအဝိုင်းအတွင်း၌ ရေရှည်တည်တံ့ခိုင်မြဲပြီး စံနမူနာပြုနိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရန်အတွက် လိုအပ်နေသော အရည်အချင်းများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်သည့် ပြည်သူ့ပန်းတိုင်၏ အစီအစဉ်တစ်ခုဖြစ်ပါသည်။ နောက်ထပ် Fellowship အစီအစဉ်များကိုလည်း အမှတ်စဉ်အလိုက် ထပ်မံဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

30 Oct, 11:41


ဖက်ဆစ်စစ်ကောင်စီတပ်ကဲ့သို့ မဖြစ်စေဖို့ ဘာတွေလုပ်သင့်လဲ? #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/LqNHSd7qvvs

ပြည်သူ့ပန်းတိုင်-People's Goal

29 Oct, 07:47


စိတ်ကျန်းမာရေးဟာ နေ့စဉ် ဘ၀နေထိုင်မှုအတွက် အလွန်အရေးကြီိးပါတယ်။ လူတစ်ဦးရဲ့ ဘ၀တိုးတက်မှု၊ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲများကို ရင်ဆိုင်နိုင်မှုက စိတ်ကျန်းမာပျော်ရွှင်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ မတည်ငြိမ်မှုတွေ၊ မိသားစုအပေါ်သက်ရောက်မှုတွေကို ခံနိုင်ရည်ရှိစွာ ဘယ်လိုဖြတ်ကျော်ကြမလဲ? စိတ်ကျန်းမာရေး ကောင်းမွန်စေရန် ဘယ်လို ထိန်းသိမ်းကြမလဲ? စတဲ့ စိတ်ကျန်းမာရေး ပညာပေးဆွေးနွေးမှုများကို ပြည်သူ့ပန်းတိုင် Safe House နေထိုင်နေသူ CDM တပ်၊ ရဲ မိသားစုများဆီိသို့ အဖွဲ့မှ စိတ်ကျန်းမာရေး ဆွေးနွေးပေးနေသူများကိုယ်တိုင် အောက်တိုဘာလ ၂၄ ရက်နေ့က သွားရောက်ပြီး ရင်းရင်းနှီီးနှီး တွေ့ဆုံဖလှယ်ပေးခဲ့ကြပါတယ်။

CDM စစ်သား၊ ရဲ များအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ မိမိတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေများကို တိုင်ပင် ဆွေးနွေးမယ်၊ ကြိုတင်တွေးထားလို့မရတဲ့ အခြေအနေများ၊ အခက်အခဲများကို ရင်ဆိုင်နေရတဲ့အခါ ဘယ်လိုဖြတ်ကျော်ကြမလဲ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် ပြည်သူ့ပန်းတိုင်ရဲ့ တယ်လီဂရမ် @PeopleGoal ကို ဆက်သွယ်နိုင်ပါတယ်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#emotionalsafespace
#စိတ်ကျန်းမာရေး #mentalhealth

ပြည်သူ့ပန်းတိုင်-People's Goal

29 Oct, 03:38


"ရွေးကောက်ပွဲဆေးခါး"

ကာတွန်း - နေညိုအေး (ဥသျှစ်ပင်)

ပြည်သူ့ပန်းတိုင်-People's Goal

28 Oct, 05:14


ပေါင်းစည်းလမ်း - Paungsielan Fellowship ရဲ့ ဆွေးနွေးဖလှယ်မှု ၆ လမြောက် နောက်ဆုံးလမှာတော့ စိတ်ကျန်းမာရေး အသိပညာများ အပါအဝင် လူထုအကျိုးပြုလုပ်ငန်းများအကောင်အထည်ဖော်ရန်အတွက် စီမံခန့်ခွဲမှုပညာရပ်အကြောင်းအရာများကိုပါ လေ့လာသင်ယူခဲ့ကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့အတူ ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ စစ်/ရဲ CDM များ၊ ၎င်းတို့ မိသားစုဝင်များနှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှလူငယ်များ တက်ရောက်နေတဲ့ ပေါင်းစည်းလမ်း Fellowship ရဲ့ ၂၀၂၄ စက်တင်ဘာလအတွက် သတင်းလွှာကို ဖတ်ရှုနိုင်ပါပြီ။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

27 Oct, 03:31


နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်လာသည့် စစ်တပ်အနေဖြင့် လူအင်အားဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေခြင်း၊ ခိုးဆိုးလုနှိုက်အပါအဝင် ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသော အကျဉ်းသားများကို အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းစေခြင်း၊ စစ်ရေးတာဝန်ထမ်းဆောင်နေသည့် စစ်သားများကို မူယစ်ဆေးဝါးသုံးစွဲစေခြင်း စသည်တို့က ယခုလို ဥပဒေမဲ့လုပ်ရပ်တွေကိုဖြစ်ပေါ်လာစေသည့် အချက်တွေဖြစ်ပါသည်။ စစ်သားတစ်ဦးစောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုတာနားမလည်၊ ROE (Rule of Engagement) ဆိုတာမသိ။ အသက်ရှင်သန်ရေးအတွက် အကြောက်တရား၏ ဖိစီးမှု၊ သုံးစွဲထားသည့် မူးယစ်ဆေးဝါးအရှိန်တို့ကြောင့် ယခုလို လူမဆန်သည့် လုပ်ရပ်တွေက မကြာခဏ ပေါ်ထွက်လာနေခြင်းဖြစ်ပါသည်။

စစ်တပ်၏ ဝါဒဖြန့်မီဒီယာများမှ စစ်တပ်ကမလုပ်ပါဘူး။ PDF ကလုပ်တာပါ စသည်ဖြင့် အမျိုးမျိုးပြောစေကာမူ ယခုဖြစ်ရပ်က စစ်တပ်ရဲ့လုပ်ရပ်ပဲဆိုတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေရဲ့ စကားသံတွေက သက်သေပြနေပါသည်။ နောက်ပြီး ကျွန်တော်တို့လို စစ်တပ်ကထွက်လာသူတွေလည်း ဒါက စစ်တပ်လုပ်တာပဲဆိုတာကို တပ်အပ်သိနေကြပါသည်။ ယခုစစ်တပ်ထဲမှာရှိနေသည့် သူများ၏ စိတ်အခြေအနေ၊ စိတ်ခံစားမှု၊ စစ်တပ်အကြီးအကဲများမှ ဘယ်လိုအုပ်ချုပ်နေသည်ဆိုတာကို ကျွန်တော်တို့ကတော့ အသိဆုံးဖြစ်ပါသည်။

ယခုကဲ့သို့ လူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ သေဆုံးသောသူများ၏ အလောင်းများကို စွန့်ပစ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း စသည်တို့သည် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်း၏ ထင်ရှားသော သက်သေများဖြစ်ပါသည်။ ဤ ရက်စက်မှုများသည် အပြစ်မရှိသော ပြည်သူများ၏ နာကြည်းချက်၊ နာကျင်မှုတွေကို ပိုမို ဖြစ်ပေါ်စေပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လည်ပင်းကို စွပ်နိုင်မည့် ကြိုးကွင်းတစ်ချောင်း တိုးလာစေပါသည်။ ပြည်သူတရပ်လုံးကလည်း အကျယ်တဝံ့ ဖော်ထုတ်ကြရန်၊ ဖော်ပြကြရန်လိုအပ်ပါသည်။ ယခုလို ဖြစ်ရပ်တွေက ကျွန်တော်တို့ မြင်ရပြီးကြားရပြီး နောက်ပိုင်း ပျောက်ကွယ်သွားရမည့်အရာများ မဟုတ်ပါ။ တရားမျှတမှု ပြန်ရသည်အထိ ကြိုးပမ်းရမှာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလို အနိဠာရုံ သတင်းတွေ မြင်ကွင်းတွေက နေ့စဉ် မြင်နေရ ကြားနေရပါသည်။ စစ်တပ်မှ ပြည်သူများအပေါ်တွင် အခြေခံ လူ့အခွင့်အရေး မရရှိစေဘဲ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများက သာမန်အလုပ်သဖွယ်ဖြစ်နေသည်။ အကျဉ်းထောင်ထဲတွင်လည်း အကျဉ်းသား အခွင့်အရေးမရရှိဘဲ အသက်သေဆုံးသည်အထိ နှိပ်စက်ခံနေရပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကာ သတင်းထုတ်ဝေမှုများကို တားမြစ်ခြင်း၊ သတင်းရေးသားသူများကို ဖမ်းဆီးခြင်းကလည်း စစ်တပ်၏ ရက်စက်မှုတစ်ခုဖြစ်နေပါသည်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာရှင်တစ်စု ချုပ်ကိုင်နေတဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အားလုံးသိပြီီးသားမို့ ကျွန်တော်အများကြီး မပြောတော့ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ဒီ ရက်စက်မှု၊ မတရားမှု သံသရာမှာ လည်ပတ်ပြီး စစ်ဖိနပ်အောက် ခေတ်အဆက်ဆက် ဆက်ငုံ့ခံနေမလား၊ စစ်အာဏာရှင်ကို တွန်းလှန်ပြီး စနစ်ပြောင်း ခေတ်ပြောင်းစေရန် ကိုယ်တိုင်စွမ်းဆောင်မလား သေချာစဉ်းစားကြပါ။ အာဏာရှင်လက်အောက်က ဆင်းရဲကြပ်တည်းဖိနှိပ်မှုများနှင့် ကမ္ဘာ့အလယ်မှာ အစစအရာရာ နိမ့်ကျနေတဲ့ နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ဖို့ လူထု၏ အခန်းကဏ္ဍသည် အရေးကြီးပါသည်။ အကြမ်းဖက်စစ်ခေါင်းဆောင်များကို လည်ပင်း ကြိုးကွင်းစွပ်နိုင်ဖို့ တိုင်းပြည်၏ဘုံရန်သူက မည်သူလဲဆိုတာ မဝေဝါးသွားစေပဲ အာဏာရှင်စနစ် ချုပ်ငြိမ်းစေရန် ကျရာကဏ္ဍမှ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

တေဇ (CDM)

ပြည်သူ့ပန်းတိုင်-People's Goal

27 Oct, 03:31


"မင်းအောင်လှိုင် အတွက် ကြိုးတစ်ချောင်း"

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူ ၈ ဦးကို အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဦးခေါင်းနှင့် ခြေလက်များ ဖြတ်တောက် ခြံစည်းရိုးများတွင် ချိတ်ဆွဲထားခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးရှို့ထားခြင်း စသည် စသည်ဖြင့် အခြားခြားသော ရေးသားဖော်ပြရန် မသင့်တော်လောက်သည်အထိ ရက်ရက်စက်စက် လူသားမဆန်မှု အများအပြားကို စစ်ကောင်စီက ကျူးလွန်ခဲ့ပါသည်။ အရင်ကာလကလည်း လူငယ်နှစ်ဦးကို အရှင်လတ်လတ် မီးရှိုု့သတ်ခဲ့သည့် စစ်တပ်အနေနဲ့ သူတို့မှာ လူသားဆန်မှုမရှိ။ ဆန့်ကျင်သူမှန်သမျှကို ရက်ရက်စက်စက် နှိမ်နင်းမယ်ဆိုတဲ့ အကြမ်းဖက် ဖက်ဆစ်ဝါဒ ရှိသည်ကိုသာ မြင်တွေ့နေရပါသည်။

ပြည်သူ့ပန်းတိုင်-People's Goal

26 Oct, 02:49


"အဟောင်းကိုစွန့်၍ အသစ်တည်ဆောက်ခြင်း" (သို့မဟုတ်) နွေဦးတော်လှန်ရေးသို့ ဘက်ပြောင်း ပူးပေါင်းခြင်း အစီရင်ခံ ထုတ်ပြန်မှု

မိဘပြည်သူများသို့

၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်၍ ပြည်သူ့ပန်းတိုင်သည် တော်လှန်ခရီးကြမ်း အတွက် “အတွေးအခေါ်လမ်း” အစီအစဥ်ကိုစတင်မိတ်ဆက်ခဲ့ပါသည်။ အပတ်စဥ် တနင်္ဂနွေနေ့ တိုင်း တင်ဆက်ခဲ့ရာမှာ စကားဝိုင်းအစီအစဥ် (၁၀၀) ကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါ စကားဝိုင်းများထဲမှ ပြည်သူ့ပန်းတိုင်က ဖိတ်ခေါ်ခဲ့သော ဘက်ကူးပြောင်းခဲ့သူများ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များနှင့် ၄င်းတို့၏ နိုင်ငံရေး၊ တော်လှန်ရေး အမြင်များကို အများပြည်သူ ဖတ်ရူလေ့လာ နိုင်ပါရန် ယခု အစီရင်ခံစာအား ပြည်သူ့ပန်းတိုင်က ပြုစုတင်ပြအပ်ပါသည်။

Download ရယူရန် - https://drive.google.com/drive/folders/19M0_4IS0_4u-4RWg4Qqt7eQfoX2QqUok?usp=share_link

Out with the Old, In with the New: Defectors Joining Myanmar's Spring Revolution

To the People of Myanmar,
Since January 2022, People's Goals has hosted the "Thought Process Program", a weekly series focused on revolutionary ideologies. Held every Sunday, the program has featured over 100 discussions to date.
Among these conversations, defectors from Myanmar’s police and military institutions have shared their personal experiences, political views, and insights into their decision to join the Spring Revolution. This report, compiled by People's Goals, offers an in-depth look at their perspectives and the path forward for our revolution.

Download the report here: https://drive.google.com/drive/folders/19M0_4IS0_4u-4RWg4Qqt7eQfoX2QqUok?usp=share_link

ပြည်သူ့ပန်းတိုင်-People's Goal

24 Oct, 09:05


"ပေါင်းစည်းလမ်းနှင့်အတူ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အကောင်အထည်ဖော်ရေး"

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုတာ အတိတ်ကာလက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထိခိုက်ခံစားရသူတွေကို ကုစားပေးနိုင်ဖို့၊ တရားမျှတမှု ပြန်လည်ရရှိနိုင်ဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလမှာ ကောင်းမွန်တဲ့ဖြစ်စဉ်များနှင့်အတူ ပြန်လည်ထူထောင်နိုင်ဖို့ ချဉ်းကပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေနဲ့အတူ ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ စစ်/ရဲ CDM များ၊ ၎င်းတို့ မိသားစုဝင်များနှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှလူငယ်များ တက်ရောက်နေတဲ့ ပေါင်းစည်းလမ်း Fellowship ရဲ့ ၂၀၂၄ ဩဂုတ်လအတွက် သတင်းလွှာကို ဖတ်ရှုနိုင်ပါပြီ။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

24 Oct, 06:03


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ပြည်သူ့ပန်းတိုင်၏ နေထိုင်ခိုလှုံရာ Safe House ၌ နေရာလစ်လပ်မှု ရှိပါသဖြင့် အောက်ပါ အချက်များနှင့် ကိုက်ညီီပြိီီး ခေတ္တ နေထိုင်ရန်လုံခြုံနေရာ လိုအပ်နေသူများ လျှောက်ထားနိုင်ပါသည်။

CDM တပ်/ရဲ အမျိုးသမီး၊ မိသားစုဝင် အမျိုးသမီး

နေရေးအခက်အခဲရှိသည့် CDM တပ်/ရဲ (မိသားစုဝင် ၃ ဦးနှင့် အထက်) မိသားစု
(မှတ်ချက် - အခြား Safehouse တခုခုတွင် ၃ လနှင့် အထက် နေထိုင်ဖူးသူ မဖြစ်ရ)

အခြား အရေးပေါ် လိုအပ်သည့် အရပ်ဘက် CDM နှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး/မိသားစု
(မှတ်ချက် - အခြား Safehouse တခုခုတွင် ၃ လနှင့် အထက် နေထိုင်ဖူးသူ မဖြစ်ရ)

လျှောက်လွှာတင်ရန် link —> https://forms.gle/LNbMCXkbts18awra7

လျှောက်လွှာများကို၂၀၂၄၊ အောက်တိုဘာလ ၃၀ ရက်နေ့ အထိ လျှောက်ထားနိုင်ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#SafeHouse

ပြည်သူ့ပန်းတိုင်-People's Goal

22 Oct, 05:16


နွေဦးတော်လှန်ရေးနှင့်အတူ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကနေ ဘက်ပြောင်းခိုလှုံကာ ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ စစ်/ရဲ CDM များ၊ ၎င်းတို့ မိသားစုဝင်များနှင့် ကရင်မိတ်ဖက်အဖွဲ့အစည်းမှလူငယ်များ တက်ရောက်နေတဲ့ ပေါင်းစည်းလမ်း - Paungsielan Fellowship အစီအစဉ်ရဲ့ ၂၀၂၄၊ ဇူလိုင်လအတွင်း ဆွေးနွေးဖလှယ်ခဲ့တဲ့ အကြောင်းအရာများကိုဖတ်ရှုနိုင်ပါပြီ။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာတွေနဲ့အတူ ဆရာမ ဒေါက်တာဒေါ်မီိမီဝင်းဘတ်ရဲ့ “Tipping Point to End Point” ဆွေးနွေးဖလှယ်မှု စသည့်အကြောင်းအရာများကို သင်တန်းသား Fellows များ ပါဝင် လေ့လာသင်ယူခဲ့ကြပါတယ်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ပေါင်းစည်းလမ်း

ပြည်သူ့ပန်းတိုင်-People's Goal

21 Oct, 04:48


"တော်လှန်ရေးအင်အားစုများရဲ့ အောင်ပွဲများနှင့်အတူ စစ်ရေးအရွေ့" #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/hbOQT_NHNHA

ပြည်သူ့ပန်းတိုင်-People's Goal

20 Oct, 05:38


"အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ CDM ပြည်သူ့စစ်သား"
https://youtu.be/W0-zko0yrbM

ပြည်သူ့ပန်းတိုင်-People's Goal

19 Oct, 11:41


ယုတ်သေးကမ္ဘာ - တပ်မတော်သားညီနောင်များ (အပိုင်း-၁)

ယုတ်သေးကမ္ဘာ စီးရီး ယခုအပိုင်းရဲ့ဇာတ်လမ်းကတော့ စစ်တပ်ရဲ့တပ်ပြေးတယောက်က အရင်က သူ့မိတ်ဆွေဟောင်းစစ်သားနဲ့ တောထဲမှာဆုံတွေ့ကြပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပစ်လိုက်တဲ့ကျည် ခေါင်းမှန်ပြီး ရှောသွားတဲ့သရဲက အဲ့ဒီမိတ်ဆွေဟောင်းစစ်သားပါပဲ။ အဲ့သရဲကလည်း သူ့မိတ်ဆွေစစ်သားက ဘာကြောင့်တပ်ကထွက်ပြေးချင်နေလဲဆိုတာကို နားမလည်ပါဘူး။
Video from Fat 'n Company

ပြည်သူ့ပန်းတိုင်-People's Goal

18 Oct, 10:13


စိနက စကစအတွက် သူတို့၏ ရပ်တည်မှုကို ခိုင်ခိုင်မာမာ ချပြပြီး တိုင်းရင်းသားတပ်ဖွဲ့အားလုံးအပေါ် အတိအလင်း စိန်ခေါ်လို၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

တိုင်းရင်းသားတွေဘက်က ပေါက်ကြားရိုးမှန်လျှင် ပြည်သူတရပ်လုံး၏ ဆန္ဒအမှန်ကို သိရှိအလေးထားကြောင်း စိတ်ရင်းအမှန်ကို ပြသသည်ဟု ဆိုရပေမည်။

စိနဘက်က တမင်ပေါက်ကြားစေလျှင်တော့ စိန်ခေါ်မှုဟူ၍ မှတ်ယူရပေလိမ့်မည်။

အချက်အလက်အားလုံး မှန်သည်ဖြစ်စေ မှန်တဝက် မှားတဝက်ပင်ဖြစ်စေဦးတော့..
လက်ရှိ မြေပြင် အနေအထားအခင်းအကျင်းများကိုကြည့်ခြင်းအားဖြင့်
စိန၏ 'ပြည်တွင်ရေး မစွက်ဖက်' ဟူသော လူကြီးလူကောင်း အယောင်ဆောင် သံတမန်ရေး မျက်နှာဖုံးအောက်ဝယ် အကျည်းတန်သော နိုင်ငံရေးအောက်လမ်းနည်းဖြင့် ဂုဏ်သိက္ခာမဲ့ လျှောက်လှမ်းဖို့ရာ ဝန်မလေးကြောင်း သက်သေပြပြီးသား ဖြစ်သည်ဟု ဆိုရမည်သာ။

စကစ အပေါ် ရွံရှာမုန်းတီးစက်ဆုပ်နေသော ပြည်သူတို့၏အမုန်းကို စိနအနေဖြင့် ရင်ဘတ်ကြီးဖြင့် ဝင်ခံပေးရလောက်အောင် အကျိုးမဲ့မိုက်မဲလိမ့်မည်တော့ မဟုတ်တန်ရာ။

ပြည်သူ့အင်အားစုတရပ်လုံးက ထမ်းပိုးပင့်တင် မြေတောင်မြှောက်ပေးနေသော တော်လှန်ရေးအင်အားစုများကို ပိတ်ပင်တားဆီး၊ ကန့်သတ် ခြိမ်းခြောကက်ခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘဝနှင့် အနာဂတ်မျှော်လင့်ချက်များအပေါ် တိုက်ရိုက်စော်ကား၊ ခြိမ်းခြောက်စိန်ခေါ်ခြင်းဖြစ်၍ ၎င်း၏အကျိုးဆက်ကို စိနတို့ မလွဲမသွေ ရင်ဆိုင်လာရပေတော့မည်။

မဝေးသေးတဲ့ သမိုင်းမှာ ဗီယက်နမ်ပြည်သူတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ မမေ့သင့်။

နိုင်ငံရေးပထဝီဝင် အနေအထားအရ ဗီယက်နမ်ထက် များစွာအရေးပါသော မြန်မာ့မြေပေါ်တွင် ပြည်သူ့ဆန္ဒ မပါဘဲ လုပ်ချင်တိုင်းလုပ်၍ရသည့်ခေတ် အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိချပ်သင့်ပေသည်။

သို့ဖြစ်၍ စိနအနေဖြင့် မြန်မာပြည်တွင်းအကျိုးစီးပွားအတွက် စကစဘက်မှ လောင်းကြေးထပ်ဖို့ ရာ သေချာတွေးဆ စဉ်းစားသင့်ပေ၏။

အချုပ်ဆိုရလျှင် ဆရာအောင်သင်း၏ ကဗျာပါ စာသားအတိုင်း...

'စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း၊
"ဓားလှံလက်နက်၊ မည်သို့ထက်လည်း၊
ပြည်သူနှလုံး၊ မသိမ်းကြုံးမူ၊
ပြည်သူ့ခွန်အား၊ မကိုးစားမူ၊
ဓားသွားလည်းကြွေ လှံလည်းခွေအံ့။"...

ဆိုသလို
"အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုမှန်သမျှသည် ကျဆုံးခြင်းဖြင့်သာ နောင်တနောက်ဆုံး ရှိချေမည်တည်း။"

+++++
"ပြည်သူ့ဆန္ဒသည်သာ အောင်ပွဲစင်စစ် ဖြစ်ရမည်။"

+++++
(အရာရှိဟောင်းတစ်ဦး)
၁၀. ၁၀. ၂၀၂၄

ပြည်သူ့ပန်းတိုင်-People's Goal

18 Oct, 10:13


"သည်လမ်းကို‌ရွေးဖို့ သေချာနေပြီလား စိန"
++++++++++++

မကြာသေးမီက မြန်မာနောင်းမှတဆင့်....
တိုင်းရင်းသားအဖွဲ့များအပေါ် စိန၏ ဖိအားပေးမှု အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာသည့် ကိစ္စ အားလုံးသိပြီးသား ဖြစ်ပါလိမ့်မည်။

၎င်းနှင့်ပတ်သက်၍ မြန်မာပြည်သူများနှင့်တကွ တိုင်းရင်းသားအားလုံးတို့၏ သဘောထားမှတ်ချက်နှင့်အတူ တုံ့ပြန်မှု အခြေအနေများကိုလည်း သိရှိကြပေလိမ့်မည်။

ကနဦး သုံးသပ်ရလျှင် ရည်ရွယ်ချက်တစ်ခုခုကြောင့် ပေါက်ကြားစေတာတော့ သေချာပါသည်။

ဆိုတော့...
'ဘယ်သူက ဘာကို ရည်ရွယ်သလဲ'

တိုင်းရင်းသားတပ်ဖွဲ့တွေက သူတို့၏ အကျပ်အတည်းကို မြန်မာပြည်သူအားလုံး သိစေလို၍ ပေါက်ကြားစေတာ ဖြစ်နိုင်သလို....

⬇️⬇️

ပြည်သူ့ပန်းတိုင်-People's Goal

17 Oct, 05:17


PDF တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ရတဲ့ မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ?
https://youtu.be/10CCt_7SuMw

ပြည်သူ့ပန်းတိုင်-People's Goal

15 Oct, 09:23


“မီဇိုရမ်ပြည်နယ် ကျို့ရာရွာ စခန်းမှ တပ်/ရဲ CDM များကို ပြည်သူ့ပန်းတိုင်မှ ရိက္ခာထောက်ပံ့”

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျို့ရာ (Cheural Camp) ရွာအနီး စခန်းတစ်ခုတွင် နေထိုင်လျက်ရှိသော တပ်/ရဲ CDM မိသားစု (၄) စု နှင့် လူလွတ် (၃) ဦး တို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥစသည့် အခြေခံရိက္ခာများကို ပြည်သူ့ပန်းတိုင်မှ ၂၀၂၄၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပေးပို့ ထောက်ပံ့ခဲ့ပါသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ရံပုံငွေရရှိမှုပေါ်မူတည်၍ ကျန်းမာရေး နှင့် အခြေခံလူမှုအကူအညီ အရေးပေါ် လိုအပ်နေသော CDM တပ်/ရဲ မိသားစုများအား စိစစ်ဆက်သွယ်၍ ထောက်ပံ့ပေးလျက်ရှိပါသည်။

ပြည်သူ့ပန်းတိုင်

ပြည်သူ့ပန်းတိုင်-People's Goal

15 Oct, 08:22


"ပခုံးမှာ နှစ်ပွင့်လောက် ဖြစ်လာပြီဆိုရင်လက်အောက်ကို နှိမ်ချင်လာတယ်" #ရေဆန်လမ်း
https://youtu.be/SZrGDIY3FKE

ပြည်သူ့ပန်းတိုင်-People's Goal

14 Oct, 08:30


“စစ်သား အသစ်စက်စက်များသို့ မှာတမ်း”

ဒီတခါ ပြောပြချင်တာက စစ်မှုမထမ်းမနေရဆိုပြီး အတင်းအဓမ္မ စစ်တပ်ထဲကို ဇွတ်သွင်းခံလိုက်ရတဲ့ အရပ်သားတွေ၊ စစ်သားသစ်တွေအတွက် ပြောချင်တာပါ။ စစ်တပ်က ပေးမယ့် လစာ၊ ရိက္ခာ၊ မတရား အခွင့်အရေးတွေကို မက်မောပြီး လိုလိုလားလား ဝင်သွားတဲ့သူတွေကို မရည်ရွယ်ပါဘူး။

ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ အခု စစ်တပ်က မာယာများပါတယ်။ အရင်က သင်တန်းတခုမှာ သင်တန်းသားသစ်တွေနဲ့ ကျောင်းအုပ်ကြီးအဆင့်ကို တွေ့ရဖို့ အရမ်းခက်ပါတယ်။ အထူးသဖြင့် တပ်သားသစ် သင်တန်းတွေလိုမျိုးဆို ပိုခက်ပါသေးတယ်။ အခုတော့ ကျောင်းအုပ်ကြီးတွေ၊ နည်းပြမှူးချုပ် အရာရှိကြီးတွေကိုယ်တိုင် သင်တန်းသားသစ်တွေကို ဆင်းပြီး ထိတွေ့ဆက်ဆံနေတာ မြင်တွေ့လာရပါတယ်။

တပ်သားသစ်တွေကို ကြိုဆိုပုံကြောင့်လည်း အပြင်အရပ်သားတယောက်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေနိုင်ပါတယ်။ သင်တန်းကျောင်းအဝင်ကနေ ဘင်ခရာတီးဝိုင်းတွေ၊ အလံကိုင်တွေနဲ့ စနစ်တကျ တန်းစီဝင်လာရတာကိုး။ စစ်တပ်နဲ့ မနီးစပ်တဲ့ အရပ်သားတယောက်အတွက် ဘင်ခရာသံအတိုင်း စည်းချက်ကျကျ စစ်ရေးပြပုံစံ ညီညီညာညာ ချီတက်လမ်းလျှောက်နေတဲ့ စစ်သားတွေကို မြင်ရတာ အထူးအဆန်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ငါသာ အဲ့လိုလျှောက်ရရင် ဘယ်ညာမှားပြီး ခလုတ်တိုက်မိသွားမလား၊ ဒါမှမဟုတ် အရှေ့လူရဲ့ ဖိနပ်ကို တက်နင်းမိသွားမလး စသဖြင့် တွေးနေမိဦးမှာပါ။

ဒါ့အပြင် သင်တန်းကျောင်းအဝင်မှာ တပ်မိသားစုဝင်တွေ၊ နည်းပြဆရာတွေရဲ့ မိသားစုဝင်တွေက သင်တန်းသားတွေကို သပြေပန်းတွေ ကမ်းပြီး ကြိုဆိုကြတာကိုလည်း ကြုံကောင်းကြုံရပါလိမ့်မယ်။ အဲဒီလို လာကြိုတဲ့သူတွေအားလုံးက မလာမနေရ အထက်အမိန့်ကြောင့် လာကြိုနေကြတာပါ။ သပြေဆိုတာကလည်း အပွင့်မပါ၊ အရွက်ချည်းသက်သက်ဆိုပေမယ့် မြန်မာဓလေ့အရ အောင်သပြေပန်းဆိုပြီး လုပ်ငန်း အောင်မြင်ရေး၊ ကြီးပွားရေးအတွက် အသုံးပြုကြတာမို့ အခုလိုမျိုး သပြေပန်းကမ်း ကြိုဆိုခံရတဲ့အခါ ငါတို့ကို ဂရုစိုက်လှချည်လားလို့ ယောင်လို့တောင် မတွေးလိုက်ပါနဲ့ဦး။ အကျိုးလိုလို့ ညောင်ရေလောင်းနေတယ်ဆိုတာ သတိပြုကြပါ။

စောင်၊ ခြင်ထောင်၊ ယူနီဖောင်း စသဖြင့် စစ်ဝတ်တန်ဆာတွေ ထုတ်ပေးချိန်မှာလည်း အရင်ကလို တပ်ထောက်ဗိုက်ကြီးအဆင့်လောက်၊ ဆရာကြီးလို့ ခေါ်ရတဲ့ သင်တန်းဆရာ တပ်ကြပ်ကြီးအဆင့်လောက်နဲ့ ထုတ်မပေးတော့ဘဲ သင်တန်းသားတွေကို ကျောင်းအုပ်ကြီးတွေ၊ နည်းပြမှူးချုပ် အရာရှိကြီးတွေကိုယ်တိုင် လာထုတ်ပေးပါလိမ့်ဦးမယ်။ ဒီလို ကြိုဆိုမှုတွေကို အရင့်အရင်က တပ်သားသစ်တွေ မပြောနဲ့၊ အရာရှိတွေ၊ စစ်ဗိုလ်တွေတောင် မရခဲ့ဖူးပါဘူး။ ဒီတော့ အခုလိုမျိုး ဂရုတစိုက် ဆက်ဆံပြနေတာတွေက ဘာကြောင့်လဲဆိုတာ ရိုးရိုးလေး တွေးကြည့်လို့ရပါတယ်။ အခုလိုမျိုး သင်တန်းကာလ ခဏတာလေးမှာ ကျောသပ်ရင်သပ်နဲ့ ဂရုစိုက်ပြနေတာက စစ်သားအင်အား ပြုန်းတီးနေတာကို ပြန်ဖြည့်ဖို့ အချိုသတ်ပြနေတယ်ဆိုတာ သတိပြုကြပါ။

နောက်ထပ် သတိထားရမယ့် အချက်လေးတွေလည်း တဆက်တည်း မှာလိုက်ပါဦးမယ်။ စစ်သင်တန်းတွေမှာ အရေးကြီးဆုံး စကားက “စစ်သား စစ်သားပုံပေါက်ဖို့ လိုတယ်” ဆိုတာမျိုးပဲ။ ဒီအဓိပ္ပါယ်ဆိုလိုရင်းကိုပဲ အမျိုးမျိုး ပြောကြ၊ ဆိုကြလိမ့်မယ်။ “မင်းတို့ ရထားတဲ့ ဘွဲ့တွေ၊ ပညာတွေကို သင်တန်းကျောင်း အဝင်ဝမှာ ချိတ်ထားခဲ့၊ အခုက အားလုံးတပြေးညီ စစ်ပညာသင်ရမယ်၊ စစ်သားက အရပ်သား မဟုတ်ဘူး” ဆိုတာမျိုးတွေ ကြားလာရလိမ့်မယ်။

စစ်တပ်ထဲ ရောက်တာနဲ့ စစ်ပုံကျနေအောင် ပုံသွင်းပါလိမ့်မယ်။ စစ်တပ်ထဲမှာ စစ်သားက စစ်ပုံကျနေဖို့၊ စစ်သားအသွင်အပြင်၊ စစ်သားအပြုအမူ ရှိနေဖို့ လိုအပ်တာကို မငြင်းပါဘူး။ ဒါပေမဲ့ အခုစစ်တပ်က ကိုယ့်ပြည်သူနဲ့ ရန်ဖြစ်နေတဲ့၊ ကိုယ့်ပြည်သူကို နှိပ်စက်နေတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေ လက်နက်ကိုင်တပ်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတာတွေ၊ စစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်နေတာ၊ ဥပဒေတွေ လိုသလို ထုတ်ပြီး အလွဲသုံးနေတာတွေကို အခုမှ စစ်သင်တန်း တက်ရမယ့်သူတွေ၊ သင်တန်းကို ရောက်လာကြသူတွေ မသိဘဲ မနေပါဘူး။ ဒီသင်တန်းကျောင်း မရောက်ခင် စစ်တပ်နှိပ်စက်တာကို အရပ်သားပြည်သူတယောက်အနေနဲ့ ခံခဲ့ကြရဖူးမှာပါ။ အခုတောင် စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်လို့ ကိုယ့်ဆန္ဒမပါဘဲ ရောက်လာကြရတာမဟုတ်လား။

ဒါကြောင့် မလွှဲသာ မရှောင်သာ စစ်သင်တန်းတက်နေကြရသူတွေကို အမှာစကားပါးချင်တာက စစ်သင်တန်းမှာ စစ်ပညာကို သင်ကြပါ၊ တတ်အောင် သင်ပါ။ ကျွမ်းကျင်အောင် လေ့ကျင့်ထားပါ။ နန္ဒိသေနပျို့မှာ ရေးသားထားတဲ့ “ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊ ပြည်သူ့အင်အား မလေးစားလျှင်၊ ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့” ဆိုတဲ့အတိုင်း ပြည်သူလူထုကို ဆန့်ကျင်တဲ့သူတွေကတော့ သွားလမ်း ဖြောင့်မှာ မဟုတ်ပါဘူး။ ကိုယ် သင်ထားတဲ့ စစ်ပညာကို ဘယ်သူ့အတွက် အသုံးချရမလဲဆိုတာ ဉာဏ်ပညာနဲ့ ဆုံးဖြတ်ကြပါ။ ပထဝီအငိုက်၊ လူအငိုက် စသဖြင့် အခွင့်အရေးကောင်းတွေကို အကျိုးရှိရှိ အသုံးချကြပါ။ အခွင့်ကြုံရင် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာနိုင်ဖို့ အမြဲတမ်း ကြိုတင်ပြင်ဆင်ထားကြပါ။

ပြည်သူ့ပန်းတိုင်-People's Goal

14 Oct, 08:30


အခြေအနေ အကြောင်းကြောင်းကြောင့် စစ်ပညာသင်လိုက်ရပေမယ့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်နှလုံးသားထဲမှာ လူသားဆန်မှု မပျောက်ပျက်သွားပါစေနဲ့။ စစ်သင်တန်းတွေက လူစိတ်ပျောက်အောင် ဘယ်လောက်ပဲ သင်ကြားပေးကြပါစေ၊ ကိုယ့်ရဲ့ လူသားဆန်မှုကို ထိန်းသိမ်းထားကြပါ။ အကြမ်းဖက် စိတ်ဓါတ်တွေ မဝင်လာပါစေနဲ့၊ မကူးစက်လာပါစေနဲ့။ အရပ်သားတယောက်အနေနဲ့ လူတယောက်က လူစိတ်ပျောက်သွားတယ်ဆိုတာကို ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်ဦးမယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ လေ့ကျင့်ပုံသွင်းပေးမှုတွေကြောင့် လူစင်စစ်ကနေ လူစိတ်ပျောက်ကုန်တဲ့ စစ်သားတွေ မနည်းမနော ရှိခဲ့တယ်ဆိုတာ ဘယ်တော့မှ မေ့မသွားပါစေနဲ့။

အကြမ်းဖက် စစ်တပ်ထဲမှာ စစ်သင်တန်းတက်လိုက်တာနဲ့ Zombie တွေလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ကူးစက်စွန်းထင်း မခံလိုက်ကြပါနဲ့။ လူသားဆန်မှု ပျောက်သွားပြီး အကြမ်းဖက်စစ်တပ်နဲ့ တသွေးတည်း တသားတည်း တစိတ်တသဘောတည်း ဖြစ်ကုန်ကြတဲ့ သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြတ်ပြတ်သားသား တိုက်ခိုက်နှိမ်နင်းမယ်ဆိုတာ ပြောနေစရာ မလိုတော့ပါဘူး။ ဒါကြောင့် စက်ဆုပ်ရွံရှာစရာ ညစ်နွမ်းပေရေနေတဲ့ စစ်မိစ္ဆာ စရိုက်ဆိုးတွေ ကိုယ့်စိတ်သဘောထားမှာ မကူးစက်မိအောင် အမြဲ သတိပြုပေးကြပါ။ ပြည်သူလူထုကို နှိပ်စက်အနိုင်ကျင့်တာ၊ ဖိနှိပ်အကြမ်းဖက်တာတွေမှာ အသားကျမသွားအောင် အဲဒီလုပ်ရပ်တွေနဲ့ ဝေးရာမှာ နေကြပါ။ ကိုယ့် လွတ်လမ်းကို အမြဲ ကြည့်ပြီး အခွင့်အခါကောင်းကို ရှာကြဖို့ အမှာစကား ပါးလိုက်ချင်ပါတယ်။

“အခြေအနေ အကြောင်းကြောင်းကြောင့် စစ်ပညာသင်လိုက်ရပေမယ့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်နှလုံးသားထဲမှာ လူသားဆန်မှု မပျောက်ပျက်သွားပါစေနဲ့။

အခွင့်ကြုံရင် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာနိုင်ဖို့ အမြဲတမ်း ကြိုတင်ပြင်ဆင်ထားကြပါ။

စစ်သင်တန်းမှာ လူစိတ်ပျောက်အောင် ဘယ်လောက်ပဲ သင်ပေး၊ ပုံသွင်းနေပါစေ လူသားဆန်မှုကို ဆက်ထိန်းသိမ်းထားကြပါ။ အကြမ်းဖက် စိတ်ဓါတ်တွေ မဝင်လာပါစေနဲ့။

အကြမ်းဖက်စစ်တပ်ထဲမှာ စစ်သင်တန်းတက်လိုက်တာနဲ့ Zombie တွေလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ကိုယ့်စိတ်သဘောထားမှာ ကူးစက်စွန်းထင်း မခံလိုက်ပါနဲ့။”

ရေးသားသူ-လင်းရောင်

ပြည်သူ့ပန်းတိုင်-People's Goal

13 Oct, 08:40


“ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပါပြီိ”

ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သားနှင့်ရဲများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိကာ ရေရှည်ရပ်တည်နိုင်ရန်အတွက် သက်မွေးသင်တန်းများကို ဖွင့်လှစ်ကာ အကူအညီပေးနေပြီဖြစ်ပါတယ်။

အီိလက်ထရောနစ် စက်ပစ္စည်းပြင် နည်းပညာလုပ်ငန်းနှင့် သက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများအတွက် ဖုန်း/ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄၊ အောက်တိုဘာလ (၁၂) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများက တက်တက်ကြွကြွဖြင့် လေ့လာသင်ယူနေကြပြီ ဖြစ်ပါတယ်။ ယခု သင်တန်းတက်ရောက်ပြီးပါက အနည်းဆုံး မိမိကိုယ်တိုင် ဖုန်းမှန်လဲ၊ ဘတ္ထရီလဲ၊ ဆားကစ်ဘုတ်လဲလှယ်ခြင်းများ၊ ကွန်ပျူတာ ကောင်း/မကောင်း hardware, software စစ်ဆေးခြင်း၊ software installation, windows installation များ လုပ်ကိုင်နိုင်ပြီး တနိုင်တပိုင် ပြုပြင်နိုင်သည့် အနေအထားထိ ရောက်ရှိမှာ ဖြစ်ပါတယ်။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#သက်မွေးပညာ