BurmaVJ_News Channel

@bvj_news


မြန်မာ နှင့် နိုင်ငံတကာသတင်းများ

BurmaVJ_News Channel

23 Oct, 13:56


ဓါတ်ပုံ-သြဂုတ် ၁၉ရက်က ကာကွယ်ရေးတပ်တွေသိမ်းယူနိုင်ခဲ့သည့် ငါန်းမြာကြီးရွာနယ်မြေရဲစခန်းမှ ဖမ်းမိသုံ့ပန်းများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

BurmaVJ_News Channel

23 Oct, 13:55


ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ငါန်းမြာကြီးရွာကို စစ်အုပ်စုပြန်ရယူသွား
-------
BVJ/မိုနာ_ အောက်တိုဘာ ၂၃၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းမြာကြီးရွာကို စစ်အုပ်စုက ဒီလ ၂၁ရက်မှာ ပြန်လည်သိမ်းယူသွားခဲ့ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆီက သိရပါတယ်။

ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီကပြန်ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်းရော မြေပြင်ကနေပါ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ဒုတိယအပါတ်ကစတင် နှစ်ဘက်တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်အုပ်စုဟာ အင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုးပြီး ငါန်းမြားကြီးရွာကိုပြန်လည်တပ်စွဲနေထိုင်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ငါန်းဇွန်းဒေသခံတစ်ဦးက ပြောပါတယ်။

“ငါန်းမြားကြီးရွာကို စစ်အုပ်စုကပြန်စိုးမိုးသွားပါပြီ” လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကလည်း အတည်ပြုပါတယ်။
လက်ရှိမှာ စစ်အုပ်စုကပြန်လည်တပ်စွဲနေထိုင်တာကြောင့် ငါန်းမြာကြီးရွာအပါအဝင် သဖန်းသာ၊ စီသာ၊ ပေါက်တောချောင်၊ မိုးတောင်၊ ဒုံဒင်၊ ရွာသာအေး၊ သရက်ချိုပင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာအရပ်သားတွေကိုဖမ်းဆီးထားပြီး သတ်ဖြတ်မှုတချို့ရှိနေသလို နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့လည်း ဒေသတွင်းအခြေအနေတွေကိုထုတ်ဖော်နေတဲ့ ငါန်းဇွန်းသတင်းစုံက ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၉ရက်က ငါန်းမြာကြီးနယ်မြေရဲစခန်းသိမ်းယူမှုအတွင်းမှာ စစ်အုပ်စုဘက်က သုံ့ပန်း(၇)ယောက်နဲ့ လက်နက်တွေကိုဒေသကာကွယ်ရေးတပ်တွေက ရရှိခဲ့ပါသေးတယ်။

BurmaVJ_News Channel

23 Oct, 13:46


ပုံစာ - ဧရာဝတီတိုင်းအတွင်း ဈေးဆိုင်တွေက စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့စဉ် (ပုံဟောင်း)

BurmaVJ_News Channel

23 Oct, 13:45


ဧရာဝတီတိုင်းကမြို့နယ်အချို့မှာ အခြေခံစားသောက်ကုန်ဝယ်ယူမှုကို စစ်အုပ်စုစောင့်ကြည့်နေ

BVJ/KNT-အောက်တိုဘာ ၂၃၊ ၂၀၂၄

ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ဂွမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဂွမြို့နယ်နဲ့ နယ်စပ်ချင်းထိနေတဲ့ ဧရာဝတီတိုင်းအတွင်းက ရေကြည်၊ လေးမျက်နှာ၊ ကျုံပျော် အစရှိတဲ့မြို့နယ်တွေအတွင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ရခိုင်ပြည်နယ်နဲ့ နီးစပ်တဲ့ မြို့နယ်တချို့မှာ ကုန်စုံဆိုင်တွေကနေ ဆန်၊ဆီအစရှိတဲ့ ရိက္ခာ ခြောက်အများအပြားဝယ်ယူတဲ့လူကို စစ်ကောင်စီထံအကြောင်းကြားပေးဖို့ ဆိုင်ရှင်တွေကို အသိပေးထား တယ်လို့ သိရပါတယ်။

အခုလိုအကြောင်းကြားတာနဲ့ ပတ်သက်ပြီး ရေကြည်မြို့နယ်ထဲက ဒေသခံတစ်ဦးက ဂွမြို့နယ်ထဲကို ရိက္ခာပို့ဆောင်တာတွေမလုပ်နိုင်အောင် အခုလိုအမိန့်ထုတ်ပြန်တာလို့လည်း ပြောပြပါတယ်။

“ကျွန်တော့် မိတ်ဆွေ ကုန်စုံ ဆိုင်ကို အုပ်ချုပ်ရေးမှူးကလာပြောသွားတယ်။ ဆန်၊ဆီအပါအဝင်ရိက္ခာခြောက်တွေကို တစ်ယောက်တည်း က အများကြီးလာဝယ်ရင် သူတို့ကို အကြောင်းကြားရမယ်လို့ ပြောတယ်။ ကျွန်တော်ထင်တာတော့ ရခိုင်ကိုပို့တာမျိုးဖြစ်မှာစိုးလို့ထင်တယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေကိုလည်း စစ်ကောင်စီတပ်က ပိတ်ပင်ထားပြီး ခရီးသွားနေတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကိုလည်း စစ်ဆေးနေတယ်လို့သိရပါတယ်။

ဂွမြို့နယ်နယ်အတွင်း တိုက်ပွဲ တွေပြင်းထန်လာချိန်မှာ ဂွနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ် ပတ်ဝန်းကျင်ကရွာတွေနဲ့ ဟင်္သာတခရိုင် ကွင်းကောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ရွာတွေကိုလည်း စစ်ကောင်စီက ဖယ်ရှားခိုင်းတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဂွမြို့နယ်အတွင်း ပြီးခဲ့တဲ့စက်တင်ဘာလလယ်ကစပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AAက တိုက်ခိုက်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့ ဂွမြို့နယ်အတွင်းက ဧရာဝတီတိုင်းနဲ့နယ်စပ်ကျေးရွာတွေဖြစ်တဲ့ ကြွေချိုင်၊တိုင်ကျိုးရွာတို့မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

BurmaVJ_News Channel

23 Oct, 13:35


ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ ARSAအဖွဲ့တွေကို အေအေ လိုက်ရှင်းနေ

BVJ/အိုင်းရစ် _ အောက်တိုဘာ ၂၃ ၊ ၂၀၂၄
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ကျိန္တလီနဲ့ တောင်ကုတ်မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ရေကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော်AA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို ကျိန္တလီမြို့နယ် ကမ်းသာယာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ အနီးဝန်းကျင်ဒေသတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲစခန်းတပ်ဖွဲ့ကို AA တပ်တော်က ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဘူးသီးတောင်၊ မောင်တောမြို့နယ် အနီးဝန်းကျင် တောတောင်ထူထပ်တဲ့နေရာတွေမှာ စစ်ကောင်စီ စစ်သင်တန်းပေးထားပြီး လက်နက်တပ်ဆင်ပေးထားတဲ့ လက်အောက်ခံ ARSA ၊ RSO ၊ ARA လက်နက်ကိုင်အဖွဲ့တွေဟာ တပ်စခန်းတွေကို အခိုင်အမာတည်ဆောက်ထားတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောမြို့ အနီးဝန်းကျင်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေရှိနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲငွေတောင်းခံတာတွေ လုပ်ဆောင်နေတာကြောင့် AA တပ်တော်က လိုက်လံရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ခရုချောင်းကျေးရွာက အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာမှာ AA တပ်တော်နဲ့ စစ်ကောင်စီလက်အောက်ခံ ARSA ၊ RSO ၊ ARA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားသလို အခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒတိုက်ပွဲတွေအတွင်း ARSA လက်နက်ကိုင်အဖွဲ့တွေ အခိုင်အမာစခန်းချထားတဲ့နေရာတွေကို AA တပ်တော်က လိုက်လံရှင်းလင်းခဲ့တာကြောင့် ARSA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း မောင်တောမြို့နယ် ဂြင်းတောစခန်းအရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ စခန်းစွန့်ခွာထွက်ပြေးနေတဲ့ ARSA တပ်ဖွဲ့ဝင်အချို့နဲ့ AA တပ်တော်တို့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း AA တပ်တော်က မြို့နယ် (၁၁) မြို့နယ်အထိ သိမ်းယူထားနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်အချို့က စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားသလို အပြီးသတ်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေတယ်လို့လည်း သိရပါတယ်။

BurmaVJ_News Channel

23 Oct, 13:14


ရည်းစားဖြစ်သူကို ပစ်သတ်ခဲ့တဲ့ ဒုPDF တပ်ခွဲမှူး ထောင် ၁၀ နှစ်ချမှတ်ခံရ

BVJ/KNT _ အောက်တိုဘာ ၂၃ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောရွာ တောင်ပိုင်းက အသက် ၂၂ နှစ်အရွယ် မယုမွန်ထိုက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင် (ခ) လင်းစေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရား ရေးဝန်ကြီးဌာနက ထောင် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း ဒီနေ့ အောက်တိုဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ လက်ထပ်ဖို့ကိစ္စကို ငြင်းဆန်ခဲ့တဲ့အတွက် သမီးရည်းစားချင်း စကားများကြပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်က မယုမွန်ထိုက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့အတွက် မယုမွန်ထိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ကိုပြည့်ထွန်းနိုင်က မယုမွန်ထိုက်ရဲ့ အဖေနဲ့ အဒေါ်ဖြစ်သူရှေ့မှာပဲ မယုမွန်ထိုက်ကို သေနတ်နဲ့ပစ်ခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက Burma VJ ကို အခုလိုအတည်ပြုပါတယ်။

“ငပြည့်ကို ပြစ်ဒဏ်ချမယ်လို့တော့ကြားတယ်။ သူ့အမှုကို စစ်ကိုင်းတိုင်း တိုင်းရုံးက ကိုင်တွယ်ဆောင်ရွက်တာဆိုတော့ အခု ဘယ်ထောင်မှာထားလဲတော့ မသိရဘူး။ အရင်ကတော့ တပ်ရင်း ၂ ထဲမှာပဲ ထားထားတာဆိုတော့ ဒေသခံ ပြည်သူတွေ မကျေနပ်လို့ ဆူဆူပူပူလုပ်တော့မှ နေရာပြောင်းသွားတာ” လို့ပြောပါတယ်။

ကိုထွန်းပြည့်နိုင်ကို NUG အစိုးရ အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ချမှတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

BurmaVJ_News Channel

22 Oct, 10:31


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စတာ လင်ကျန်း(ဓါတ်ပုံ-Chinese Embassy)မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအပေါ် တရုတ်အလွန်တုန်လှုပ်
------
BVJ/မိုနာ_ အောက်တိုဘာ ၂၂၊ ၂၀၂၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ဖောက်ခွဲရေးတိုက်ခိုက်မှုခံခဲ့ရတဲ့အပေါ် အလွန်တုန်လှုပ်မိပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက ပြောပါတယ်။

အခုလ ၁၈ရက်နေ့ ညနေငါးနာရီဝန်းကျင်မှာ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး လမ်းမဘက်ခြမ်းက ရုံးအဆောင်တစ်ခုဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဖြစ်စဉ်အတွင်း လူသေဆုံးမှုမရှိခဲ့ပေမဲ့ ရုံးအဆောင်တချို့ပျက်ဆီးသွားတယ်တယ်လို့ တရုတ်သံရုံးရဲ့ မနေ့ကညပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်မှုယန္တရားကိုလည်း လျင်မြန်စွာလုပ်ဆောင်ခဲ့သလို တိုက်ခိုက်မှုကို သေချာစုံစမ်းပေးဖို့နဲ့ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးပေးပြီး ပြင်းထန်စွာပြစ်ဒဏ်ပေးဖို့ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်ကို လေးနက်စွာအရေးဆိုတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူကိစ္စတွေ ထပ်မဖြစ်ဖို့အတွက်လည်း လုံခြုံရေးဘက်စုံမြှင့်တင်ဖို့လည်း တိုက်တွန်းထားပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း လုံခြုံရေးဂရုပြုမြှင့်တင်ကြဖို့၊ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရက တိုက်တွန်းထားပါသေးတယ်။

တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ရမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရNUGကလည်း ကန့်ကွက်ရှုတ်ချထားပြီး ဒီဖြစ်ရပ်ကြောင့် လူမျိုးရေး အမုန်းတရားပဋိပက္ခဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံက ကိုအော်စမွန်ကလည်း ဒီလိုလုပ်ရပ်မျိုးကို မိမိတို့တော်လှန်ရေးအဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာမျိုးမရှိဘူးလို့ Burma VJ ကို ပြောထားပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့လဲဆိုတာ မသိရသေးဘဲ စစ်ကောင်စီဘက်ကတော့ ဖြစ်စဉ်ကိုစိစစ်ပြီး အကြမ်းဖက်သမားကိုဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အောက်တိုဘာ ၁၉ ရက်မှာ ကြေညာထားပါတယ်။

BurmaVJ_News Channel

22 Oct, 10:31


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စတာ လင်ကျန်း(ဓါတ်ပုံ-Chinese Embassy)

BurmaVJ_News Channel

22 Oct, 10:15


ဒေသခံတွေကိုရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေရတဲ့ ဘုတလင်စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုနေ

BVJ/KNT _ အောက်တိုဘာ ၂၂၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်အနောက်ဖက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ရှောင်ပြေးနေရတဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ်အကူအညီဖြစ်တဲ့ အစားအသောက်တွေနဲ့ တာလပတ် အမိုးတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁၂ ရက်ကစပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ အထူးကွန်မန်ဒိုတပ်တွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား နှစ်ရာခန့်ဟာ ဘုတလင်မြို့နယ်ထဲက သပြေပင်ရွာ၊ မြောက်ကျီရွာ၊ ရှမ်းတဲရွာ၊ တက်လှိုင်းရွာ၊ စီပါရွာ၊ ဆည်ကုန်းရွာ၊ဆည်ဝရွာ၊ အိုင်ပေါင်းချောင်ရွာနှင့် စိုင်ပြင်လေးရွာတို့ကို ဝင်ရောက်မွှေနှောက်ကာ စီပါရွာ ၊ ဆည်ဝရွာ ၊ အိုင်ပေါင်းချောင်ရွာနဲ့ စိုင်ပြင်လေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မီးရှို့ခံရတဲ့ရွာတွေမှာနေထိုင်သူတွေအနေနဲ့ နေစရာနဲ့ စားစရာအခက်အခဲဖြစ်နေတယ်လို့ စီပါရွာသားတစ်ဦးက Burma VJကို ပြောပါတယ်။

“ကျွန်တော်တို့ စီပါရွာဆိုရင် အိမ်ခြေ ၃၂၀ လောက်ရှိတာမှာ အိမ် ၃၀၀ က မီးလောင်သွားပြီ။ နေစရာရော၊ စားစရာ ရောအရေးပေါ်လိုအပ်နေတယ်။ ရာသီအကူးအပြောင်းမှာ ဖျားနာနေတဲ့သူတွေအတွက်လည်း ဆေးလိုတယ်။ စစ်ကြောင်းဝင်လာချိန် ရုတ်တရက်ပြေးရတာဆိုတော့ ဘာပစ္စည်းမှလည်း မယူလာနိုင်ဘူး” လို့ပြောပါတယ်။

တက်လှိုင်းရွာက နေအိမ် (၁)လုံး၊ စီပါရွာက နေအိမ်အလုံး (၃၀၀)၊ ကျွဲသေချောင်းရွာက နေအိမ် (၂၃)လုံး၊ ဆည်ဝရွာသစ်က နေအိမ် အလုံး (၂၀)၊ ဆည်ဝရွာဟောင်းက နေအိမ် (၁၅)လုံး၊ အိုင်ပေါင်းချောင်ရွာက နေအိမ် (၂၇)လုံးဟာ စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးအတွင်း မီးလောင်ပြာကျခဲ့သလို ဒေသခံအရပ်သား (၁၉)ဦးထက်မနည်းဟာလည်း ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒေသခံပြည်သူတွေက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် ဆေးဝါး ၊ စားနပ်ရိက္ခာ ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ အများအပြားလိုအပ်နေတယ်လို့လည်းသိရပါတယ်။

ဘုတလင်က ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ အခု အောက်တိုဘာလအတွင်းမှာ အရပ်သားပြည်သူ (၂၃)ဦးထက်မနည်းသတ်ဖြတ်ခံထားရပြီးဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။