ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့သည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (ကြာသပတေးနေ့)၊ နေ့လယ် ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ ဥပဒေမူကြမ်း (Articles of Federal Transitional Arrangements - AFTA) တို့တွင် ပါရှိသည့် သဘောတူညီချက်များ၊ အခြေခံသဘောထား အယူအဆများ၊ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် ရှေ့လုပ်ငန်းစဉ် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြပြီး ဖက်ဒရယ်ရေးရာကော်မတီနှင့် ဝန်ကြီးဌာနတို့အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ဖက်ဒရယ်အသိပညာပေးဆိုင်ရာသင်တန်းကိစ္စများအား အတူလက်တွဲ ဖော်ဆောင်သွားနိုင်ရန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီးများဖြစ်သည့် မိုင်းဝင်းထူး၊ ဦးချစ်ထွန်းနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Website Link : https://crphmyanmar.org/publications/crph-federal-affairs-committee-and-mofua-met-for-discussions/