Tharyarwaddy 8 City / ဇန်နဝါရီ၈၊ ၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်မှ နေအိမ်ထဲ ဝင်ရောက်ပေါ်တာ ဆွဲနေတာကြောင့် ကိုထိပ်ရှည်ဆိုသူ ဖမ်းဆီးခံရပြီး လူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
သာယာဝတီမြို့နယ်တွင် စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးမှူးများနှင့်ပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဝင်ရောက်ပေါ်တာဆွဲနေတာကြောင့် လူငယ်တွေ ထွက်ပြေးနေရကြောင်း သိရသည်။
သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ ဘုံမွဲဇာရွာမှ ကိုအောင်ကို ဆိုသူနှင့် လူငယ်၂ဦးတို့ဟာ ဇန်နဝါရီလ ၅ရက်နေ့တွင် ပဲခူးရိုးမအတွင်းသို့ နွားလှည်းများဖြင့် ဝါးခုတ်ရန် သွားရောက်စဉ် သဲဖြူရွာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးခံရသော လူငယ်များကို ဇန်နဝါရီလ ၆ရက်နေ့တွင် စစ်ကောင်စီတပ်က မိသားစုဝင်များကို အကြောင်းကြား၍ သိန်း၇၀ဖြင့် ပြန်ရွေးခိုင်းသောကြောင့် ကိုအောင်ကိုနှင့် လူငယ်၁ဦးမှ ၄င်းတို့တောင်းသည့် ငွေပေး၍ ပြန်လည် လွတ်မြောက်လာသော်လည်း ကျန်လူငယ် ၁ ဦး၏ မိသားစုဝင်များက ငွေကြေး မတတ်နိုင်သည့်အတွက် ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
"သဲဖြူဂိတ်က စစ်သားတွေ ပေါ်တာဆွဲထားလို့ တစ်ဦးကို သိန်း၇၀နဲ့ ပြန်ရွေးလာရတယ်။ ၁ဦးကတော့ ငွေကြေး မတတ်နိုင်လို့ မရွေးနိုင်လို့ အခုထိ မလွတ်သေးဘူး" ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။
အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေး ဦးဆောင်သည့် စစ်ကောင်စီတပ်မှ နေအိမ်တွေထဲ ဝင်ရောက်ပေါ်တာဆွဲမှုများ နေ့စဥ်ပြုလုပ်နေ၍ လူငယ်များ တိမ်းရှောင်နေရကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ရက်နေ့ ည၇နာရီ ခန့်အချိန်တွင်
ပြည်တော်သာရပ်ကွက်မှ ကိုထိပ်ရှည် ဆိုသူအား အုပ်ချုပ်ရေးမှူး ဆန်းထွေး ဦးဆောင်သည့် စစ်ကောင်စီတပ်မှ နေအိမ်ပေါ်တက်ပြီး အတင်းအကြပ် ဖမ်းဆီး၍ ပေါ်တာဆွဲသွားကြောင်း သိရှိရပါသည်။
"ညကကိုထိပ်ရှည်ဆိုတဲ့ ကောင်လေးကို အုပ်ကြီး ဆန်းထွေး ဦးဆောင်တဲ့ စစ်သားတွေ အိမ်ပေါ်တက်ပြီး ပေါ်တာဆွဲသွားပါတယ်။ အုပ်ကြီးက စစ်သားတွေခေါ်ပြီး ညတိုင်းပေါ်တာဆွဲနေလို့ လူငယ်တွေ ရှောင်နေရတာ တော်တော်ကြာပြီ။ တစ်လကို အနည်းဆုံး ၃ယောက်လောက် ပေါ်တာဆွဲခံနေရပြီး ခုဆိုလူငယ်တွေ ကျီးလန့်စာစား နေနေရတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။
သတင်း - ဝတီမောင်၊ တက်တိုးအောင်
စာတည်း - ဂန္တဝင်နွေဦး
#သာယာဝတီမြို့နယ်
#အုတ်ဖိုမြို့နယ်
#tharyarwaddy8city