Western News| ဇန်နဝါရီ ၂၂
အာဏာသိမ်း စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေဒေသများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူပြီး ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန် ပြောဆိုထားသည်။
တိုင်းနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီ ကောက်ယူမည့် စစ်ဘေးရှောင်များ စာရင်းမှာ တိုက်ပွဲများကြောင့် သို့မဟုတ် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသည့် ဒေသခံပြည်သူများ ဖြစ်သည်ဟု သိရသည်။
ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုး သားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့် နေထိုင်သူများအားလုံး စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ရခိုင်ပြည်အချို့သည် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသ အသီးသီးသို့ စစ်ရှောင်ရန် ရောက်ရှိနေကြသည်။
အထူးသဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် ရခိုင်စစ်ရှောင် လူငယ်အများအပြားကို ဖမ်းဆီးနေသည်။
ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြကြောင်း သိရသည်။
ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက "ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ အခု စစ်ကောင်စီ ကောက်မယ့် စစ်ဘေးဒုက္ခသည်စာရင်းက ယုံလို့ရပါ့မလား။ ထောက်ပံ့ကြေးပေးမယ်၊ ဘာညာနဲ့ ဖမ်းသွားရင် ဘယ်လုပ်မလဲ။ ကျနော်ကတော့ သိပ်မယုံဘူး" ဟု ပြောသည်။
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်လူငယ်အများစုသည် ကျောင်းတက်ရန်နှင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြသည်။
အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက "ကျနော် ရန်ကုန်ရောက်တာ ၅ လကျော်ပါပြီ။ ဆောက်လုပ်ရေးအလုပ်နဲ့ စင်္ကာပူသွားဖို့ ပြင်ဆင်နေတာပါ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိနေပါပြီ။ နောက်လဆိုရင် သွားရတော့မယ် ထင်ပါတယ်။ ဒီကြားထဲ အဖမ်းမခံရဖို့ပဲ ဆုတောင်းနေပါတယ်။ ဧည့်စာရင်းတွေလည်း တိုင်ထားပါတယ်။ ဟိုတလောက အပြင်မုန့်ဝယ်ထွက်တဲ့ ရခိုင်လူငယ်တွေ အဖမ်းခံရတော့ ကျနော် အပြင်သိပ်မထွက်တော့ဘူး။ ဘယ်သူ့ကိုမှ မယုံရင်ရတော့ စိတ်ထဲမှာ စိုးထိတ်ထိတ်နဲ့ပေါ့ဗျာ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။
မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များက ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် ၂၀ ဦးထက်မနည်းမှာ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က လူငယ်အများအပြား ပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ရန်ကုန်တိုင်းထဲတွင် ရခိုင်အပါအဝင် တခြားသော တိုင်းရင်းသားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး နာမည်၊ မှတ်ပုံတင်နံပါတ်များဖြင့် လာရောက် စစ်ဆေးကြသည်ဟု သိရသည်။
#WesternNews #WN #ရန်ကုန် #ရခိုင်လူမျိုး #စစ်ဆေး #ဖမ်းဆီးခံရ #စိုးရိမ်မှုမြင့်တက်
ပုံစာ-စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းတွင် စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ရခိုင်လူမျိုးနှစ်ဦးဖြစ်သော ဒုဝန်ကြီးဒေါ်နုမြဇံ (ဘယ်) နှင့် ဒုဝန်ကြီးဦးဇော်အေးမောင် (ညာ)