ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ် ၄ လမ်းထဲ ဧည့်စစ်ဝင်သွားပြီး လူငယ် ၁ ဦးကို လက်နောက်ပြန် တုတ်နှောင်၍ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အိမ်ရွေးစစ်သွားခြင်းဖြစ်ပြီး ရထားသည့်အချက်အလက်တချို့ဖြင့် လူလိုက်ရှာနေခဲ့ကြောင်းလည်း သိရသည်။
ဧည့်စစ်ရာတွင် စစ် DC ၂ စီး၊ အိမ်စီးကား ၂ စီးတို့ဖြင့် အကြမ်းဖက်တပ်သားများ၊ ပိန္နဲကုန်းအုပ်ကြီး ကျော်နိုင်နှင့် တုတ်ဓားများကိုင်ထားသည့် သူ့နောက်လိုက် ၁၂ ယောက်ခန့်ပါ အဖွဲ့၊ ဈေးကုန်းအနောက်ရပ်ကွက်အုပ်ကြီးနှင့် သူ့နောက်လိုက် ၈ ယောက်ခန့်ပါ အဖွဲ့ တို့ ပါဝင်ကြကြောင်း သိရသည်။
အဆိုပါ ပိန္နဲကုန်းရပ်ကွက်အုပ်ကြီး ကျော်နိုင်က ယခုလအတွင်း ပိန္နဲကုန်းရပ်ကွက်တွင်းရှိ လူငယ်များကို ညဘက်အချိန်များတွင် လိုက်လံ ဖမ်းဆွဲပြီး စစ်မှုထမ်းထဲ ထည့်ပေးနေကာ လက်ရှိ အယောက် ၂၀ ခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။ လူငယ်များ ဖမ်းဆွဲခံရသည့်အကြောင်း သတင်းမထွက်စေရန် သူတို့၏ အိမ်များကို ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။
22 Nov 2024
#RangoonScoutNetwork