The Standard Time Daily @sdtimedaily Channel on Telegram

The Standard Time Daily

@sdtimedaily


The Standard Time Daily (English)

Are you looking for a reliable source of news and information to start your day right? Look no further than The Standard Time Daily! This Telegram channel, with the username @sdtimedaily, provides daily updates on a wide range of topics to keep you informed and engaged. From breaking news to lifestyle tips, you can find it all here. The Standard Time Daily is your one-stop destination for staying up-to-date and in the know. Join our community of avid readers and never miss out on important news again. Subscribe to The Standard Time Daily today and make sure you're always ahead of the curve!

The Standard Time Daily

21 Nov, 10:22


◾️ ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင် ၁,၀၀၀ ကျော်အတွက် အနွေးထည်နှင့်စောင်များလိုအပ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းတွင် စောင်နှင့်အနွေးထည်များ လိုအပ်နေကြောင်း ယင်းဖောင်ဒေးရှင်းထံမှသိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော နေရာဒေသအသီးသီးမှ စစ်ဘေးရှောင်လာသူ ၁၄၀၀ ခန့်ရှိကြောင်း၊ စစ်ဘေးရှောင်များအတွက် လက်ခံရရှိသည့်အလှူငွေများဖြင့် စောင်အထည် ၃၀၀ ကို ယနေ့(နိုဝင်ဘာ ၂၁ ရက်)နံနက်ပိုင်းကလှူဒါန်းပေးခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"လက်ရှိ ကျွန်တော်တို့ဘက်မှာ ရာသီဥတုကအရမ်းအေးတယ်။ လူကြီးတွေတောင် အအေးဒဏ်ကို မခံနိုင်ဘဲဖြစ်နေတာ။ ကလေးတွေဆိုရင် ပိုဆိုးတာပေါ့ ။ ကျွန်တော်တို့ဆီမှာလည်း ပေးစရာစောင်တွေမရှိတော့ဘူး။ ပြည်သူတွေဆီက အလှူခံပြီးရလာတဲ့ငွေနဲ့ အခု ပထမအကြိမ် စောင် ၃၀၀ ကိုလှူပေးလိုက်ပါပြီ။ နောက်ထပ် ၁,၀၀၀ ကျော်ကျန်ပါသေးတယ်" ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆောင်းရာသီကာလရောက်ရှိနေသောကြောင့် စစ်ဘေးရှောင်များမှာ အအေးဒဏ်ခံနေရသည့်အတွက် ကလေးငယ်နှင့်သက်ကြီးရွယ်အိုများ မကြာခဏ နာမကျန်းဖြစ်မှုများရှိကြောင်းသိရသည်။

အဆိုပါစစ်ဘေးရှောင် ၁၄၀၀ အတွက် စားသောက်ရေးနှင့် ကလေးများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

သတင်း - ပိုင်လေး/စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း

The Standard Time Daily

21 Nov, 08:52


◾️ ရမ်းဗြဲရှိ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် ဆန်များအရေးပေါ်လိုအပ်နေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သို့ရောက်ရှိနေသော စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ ကျော်အတွက် ဆန်များအရေးပေါ်လိုအပ်နေကြောင်း ရမ္မာမြေလူမှုကူညီရေးအဖွဲ့ထံမှသိရသည်။

အဆိုပါစစ်ဘေးရှောင်များမှာ တောင်ကုတ်၊ အမ်းနှင့်ကျောက်ဖြူမြို့နယ်များမှ စစ်ဘေးရှောင်လာကြသူများဖြစ်ပြီး နေထိုင်စားသောက်ရေးအတွက် ရမ္မာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း၊ လက်ရှိတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း ယင်းလူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

"ရမ်းဗြဲမြို့နယ်မှာ ဒီနေ့အထိ စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့ပရဟိတအသင်းက ကျွန်တော်တို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့တစ်ခုသာရှိပါတယ်။ စစ်ဘေးရှောင်တွေအတွက် လစဉ် လှူဒါန်းပေးတာ လေးလရှိပါပြီ။ အခုတော့ ကျွန်တော်တို့လည်း ဘက်ဂျက်မရှိတော့ဘူးဖြစ်နေတယ်။ ဒါကြောင့် အလှူရှင်တွေ ထပ်မံလှူဒါန်းပေးဖို့ဖိတ်ခေါ်ပါတယ်" ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် AA နှင့် တပ်မတော်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး မြို့နယ်အတော်များများတွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများပြတ်တောက်နေကာ၊ တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှုများကြောင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်း‌ရှောင်နေကြရကြောင်း ရခိုင်ပြည်အခြေစိုက်ပရဟိတအသင်းများထံမှသိရသည်။

မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုကိုရင်ဆိုင်နေရပြီး လူဦးရေ ၃ ဒသမ ၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရကြောင်း WFP ကထုတ်ပြန်ထားသည်။

သတင်း - ပိုင်လေး/စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - ရမ္မာမြေလူမှုကူညီရေးအဖွဲ့

The Standard Time Daily

21 Nov, 07:32


◾️ လူကိုပစ်မှတ်ထားသည့် အမေရိကန်လုပ် မြေမြှုပ်မိုင်းများ ယူကရိန်းကိုပေးရန် သမ္မတဘိုင်ဒန် ခွင့်ပြု

လူကိုပစ်မှတ်ထားသည့် အမေရိကန်လုပ် မြေမြှုပ်မိုင်းများ ယူကရိန်းကို ပေးအပ်ရန် သမ္မတ ဂျိုးဘိုင်ဒင် က သဘောတူလိုက်ပြီဖြစ်ပြီး အမေရိကန်အစိုးရက ယူကရိန်းအား လက်နက်ပေးအပ်မှုနှင့်ပတ်သက်သည့် မူဝါဒကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

မြေမြှုပ်မိုင်းများကို ယူကရိန်းက ၎င်း၏ပိုင်နက်တွင် အသုံးပြုမည်လိမ့်မည်ဟု အမေရိကန်က မျှော်လင့်ထားသော်လည်း အရပ်သားများနေထိုင်ရာ ဒေသများတွင် အဆိုပါမိုင်းများကို အသုံးမပြုရန် ယူကရိန်း ကတိပြုထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ယမန်နေ့ တွင် ရိုက်တာသတင်းဌာနကို ပြောကြားသည်။

မိုင်းဆန့်ကျင်ရေးလှုပ်ရှားသူများက လက်မခံနိုင်လောက်အောင် မြင့်မားသည့် အန္တရာယ် အရပ်သားများအပေါ် ကျရောက်မည်ကိုစိုးရိမ်မှုကြောင့် ၎င်း၏ အစောပိုင်းတွန့်ဆုတ်နေမှုအား ပြောင်းပြန်လှန်လိုက်သော ဘိုင်ဒန်၏အရွေ့ပြောင်းသတင်းကို ဝါရှင်တန်ပို့စ်ကဦးစွာဖော်ပြခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့များ ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲတစ်လျှောက်လုံး အမေရိကန်လုပ် တင့်ဖျက်မိုင်းများကို ယူကရိန်းက လက်ခံရရှိခဲ့သော်လည်း လူကိုပစ်မှတ်ထားသည့် မိုင်းများ ယခုတိုးမြှင့်ပေးခြင်းမှာ မကြာသေးမီ လများအတွင်း ရုရှားမြေပြင်တပ်ဖွဲ့များရှေ့ဆက် တိုးလာမှုကို ရပ်တန့်ရန် ရည်ရွယ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကို ပြောကြားသည်။

ယူကရိန်းသို့ ပေးအပ်မည့် အမေရိကန် မြေမြှုပ်မိုင်းများမှာ ဖောက်ခွဲရန် ဘက်ထရီ လိုအပ်ပြီး ကြိုတင်သတ်မှတ်ထားသည့် အချိန်ကာလကျော်လွန်၍ ဘက်ထရီကုန်သွားသည်နှင့် မပေါက်ကွဲနိုင်တော့သည့် နည်းပညာသုံးထားကြောင်း အမေရိကန်အရာရှိက ပြောကြားသည်။

ရုရှားရှိ ပစ်မှတ်များကို ထိုးစစ်ဆင်နိုင်ရေး အဆင့်မြင့် အမေရိကန်လက်နက်များ အသုံးပြုရန် သမ္မတဘိုင်ဒန် က ခွင့်ပြုခဲ့ပြီးနောက် အမေရိကန်က ပေးအပ်သော ဗျူဟာမြောက်တာဝေးပစ်ဒုံးကျည်များ(ATACMS) ကို ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်ယူကရိန်းက ပထမဆုံးအကြိမ် အသုံးပြုခဲ့အပြီးတွင် မြေမြှုပ်မိုင်းများ ပေးအပ်မှု ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၊ဘရိုင်ယန့်စ်ဒေသရှိ ပစ်မှတ်များကို ထိမှန်သည့် တာဝေးပစ် ATACMS ဒုံးကျည်များဖြင့် ယူကရိန်းက ပစ်ခတ်မှုအပေါ် တုံ့ပြန်သွားမည်ဟု မော်စကိုက အင်္ဂါနေ့တွင် သတိပေးခဲ့သည်။

သတင်း - လင်းခေတ်
ကိုးကား - Reuters

The Standard Time Daily

21 Nov, 04:38


◾️ ယနေ့ထုတ်သတင်းစာ_ဓမ္မစကား

The Standard Time Daily

20 Nov, 14:24


#မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်
မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းနဲ့ အားကစားသတင်းတွေအပြင် ဒီဆရာတွေရဲ့ ဒီဆောင်းပါးတွေ ဒီကဏ္ဍတွေ ပါပါမယ်။

The Standard Time Daily

20 Nov, 10:26


◾️ ဆင်ဖြူဂိတ်မှကုန်သယ်ခွင့် တရုတ်ဘက်မှပြန်ဖွင့်၊ ဟင်းသီးဟင်းရွက်များဈေးကျဆင်းဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်မှ ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းတွင် ပြန်လည်ခွင့်ပြုပေလိုက်ခြင်းကြောင့် အသီးနှံနှင့် ဟင်းသီးဟင်းရွက်များ ဈေးကျဆင်းလာကြောင်း ဒေသခံများထံမှသိရသည်။

ယခုလ နိုဝင်ဘာ ၁၀ ရက်ညပိုင်းမှစတင်ကာ တရုတ်−မြန်မာနယ်စပ်ရှိ ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ကုန်သယ်ယူခွင့် ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြန်မာဘက်သို့ဝင်မည့် ကုန်ကားများ ရာနှင့်ချီပိတ်မိခဲ့ပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၂၀,၀၀၀ ကျပ်၊ ရုံးပတီသီးတစ်ပိဿာ ၂၀,၀၀၀ ကျပ်အထိ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်ခဲ့သည်။

"မူဆယ်မြို့မှာ ကုန်စိမ်း၊ အသီးအနှံတွေနဲ့ စက်သုံးဆီတွေက တရုတ်နိုင်ငံက ဝင်တာကို အဓိက မှီခိုနေရတာ။ ဆင်ဖြူဂိတ်ကနေ ကုန်သယ်ခွင့်ပိတ်ပင်လိုက်တဲ့ ၁၀ ရက်အတွင်းမှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့တယ်။ အခု တရုတ်ဘက်က ဆင်ဖြူဂိတ်ကို မနေ့က ပြန်ဖွင့်ပေးလိုက်တဲ့ အတွက် ဒီနေ့မနက် ခရမ်းချဉ်သီးတစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ ရုံးပတီသီးတစ်ပိဿာ ၁၀,၀၀၀ ကျပ် အထိကုန်စျေးနှုန်းတွေ ကျဆင်းလာပါတယ်" ဟု မူဆယ်မြို့မှဒေသခံတစ်ဦးကပြောသည်။

လက်ရှိမူဆယ်မြို့တွင် စက်သုံးဆီ 92 တစ်လီတာပြင်ပစျေး ၉,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိရှိပြီး၊ ပေါ်ဆန်မွှေး ၂၄ ပြည်တစ်အိတ်လျှင် ကျပ်သုံးသိန်း၊ ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်လျှင် ကျပ်နှစ်သိန်း အထိရှိကြောင်းသိရသည်။

သတင်း - ပိုင်လေး/စံတော်ချိန်ဒစ်ဂျစ်တယ်

The Standard Time Daily

20 Nov, 09:57


◾️ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်

လာမည့်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(နိုဝင်ဘာ ၂၀ ရက်)မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရသိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ လာမည့် (နိုဝင်ဘာ ၂၃ ရက်) တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

“ဘင်္ဂလားပင်လယ်အော်မှာ နိုဝင်ဘာလကုန် ရက်ပိုင်းများအတွင်း လေဖိအားနည်ရပ်ဝန်း-မုန်တိုင်းဖြစ်ပေါ်လာနိုင်ချေရှိပါတယ်။ အဲဒီလိုဖြစ်လာပြီးရင်တော့ အနောက်ဘက်အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာကျွန်းဘက်ကို ဆက်လက်ရွေ့လျားသွားမှာမို့ မြန်မာပြည်ဘက်ကို သက်ရောက်နိုင်ချေမရှိပါ” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က ခန့်မှန်းထားသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

သတင်း-အင်ကြင်း/စံတော်ချိန်ဒစ်ဂျစ်တယ်

The Standard Time Daily

20 Nov, 09:12


◾️ ရုရှား၏အနောက်စည်းတွင် ကြီးမားသောစစ်ရေးလေ့ကျင့်မှု နေတိုး ပြုလုပ်

နေတိုးအဖွဲ့မှ စစ်သည်ထောင်ပေါင်းများစွာသည် ဖင်လန်နိုင်ငံ၊ အာတိတ်ဒေသတွင် ယခုလအတွင်း ကျင်းပနေသည့် ကြီးမားသော လက်နက်ကြီးပစ်ခတ်မှု လေ့ကျင့်ရေးများတွင် ပါဝင်ဆင်နွှဲနေကြပြီး ယင်းမှာ ယူကရိန်းအပေါ် စစ်ဆင်နွှဲနေသော အိမ်နီးချင်းရုရှားကို အချက်ပြခြင်းအဖြစ် လေ့လာသူအချို့က ရှုမြင်ကြသည်။

အမေရိကန် ၊ ဆွီဒင် ၊ ဗြိတိန် ၊ ပြင်သစ် နှင့် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်သည် ၃၆၀၀ က လက်နက်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများကို နိုဝင်ဘာလတစ်လလုံး လုပ်ဆောင်နေရာ နှင်းထူထပ် ၊ တောင်ထူထပ်သော ဒေသတစ်ဝှမ်းတွင် အမြှောက်ပစ်သံများ ၊ ရော့ကက်ပစ်ခတ်သံများ ပဲ့တင်ထပ်နေခဲ့သည်။

Dynamic Front 25 လေ့ကျင့်မှုများမှာ ဥရောပတွင် ပြုလုပ်ခဲ့သမျှ လေ့ကျင့်မှုများတွင် အကြီးမားဆုံးသော လေ့ကျင့်မှုဖြစ်ပြီး အက်စတိုးနီးယား၊ ဂျာမနီ ၊ ရိုမေးနီးယား နှင့် ပိုလန်တို့တွင် ပူးပေါင်းလေ့ကျင့်မှုများရှိခဲ့ကာ စုစုပေါင်းဆိုလျှင် တပ်ဖွဲ့ဝင် ၅၀၀၀ ခန့် ပါဝင်ကြောင်းသိရသည်။

ကြီးမားသော လေ့ကျင့်မှုများမှာ ဖင်လန်နှင့် ၁၃၄၀ ကီလိုမီတာ နယ်စပ်ချင်း ထိစပ်နေသော ရုရှားကို သတင်းစကားပါးခြင်းအဖြစ် အဓိပ္ပါယ်ဖော်နိုင်ကြောင်း နိုင်ငံတရားရေးရာဖင်လန်အင်စတီကျူ့မှ သုတေသီ ဂျိုဝယ်လင်နီယာမာကီ က ပြောကြားသည်။

ယင်းမှာ ၂၀၂၂ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဖင်လန်က စစ်ရေးအရ ဘက်မလိုက်မူကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့နှင့် ၂၀၂၃ ခုနှစ်တွင် ပူးပေါင်းလာခဲ့ပြီးနောက် ယင်းနိုင်ငံတွင် ကြီးမားသောအတိုင်းအတာဖြင့် ပထမဆုံး ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ဖင်လန်၏ လုပ်ရပ်သည် နေတိုးအဖွဲ့ ချဲ့ထွင်မှုမှန်သမျှကို ဆန့်ကျင်သည့် ရုရှားနိုင်ငံကို ဒေါသထွက်စေခဲ့ကြောင်း သိရသည်။

လေ့ကျင့်မှုများ၏ ရည်ရွယ်ချက်မှာ မဟာမိတ်အဖွဲ့ဝင်များ၏ လက်နက်ကြီးအဖွဲ့ အချင်းချင်းကြားတွင် ပူးပေါင်းစစ်ဆင်မှုကို လေ့ကျင့်ရေး ၊ ဖွံ့ဖြိုးလာရေး နှင့် ယခုအခါ နော်ဝေ ၊ ဆွီဒင်နှင့် ဖင်လန်တို့ အားလုံးလည်း နေတိုးအဖွဲ့ဝင်များ ဖြစ်လာခြင်းကြောင့် နေတိုးတပ်ဖွဲ့များကို ကြမ်းတမ်းသော အာတိတ်အခြေအနေများအတွက် ပြင်ဆင်ပေးရန်အတွက် ဖြစ်ကြောင်း ဖင်လန်နိုင်ငံမှ Dynamic Front 25 လေ့ကျင့်မှု ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဂျန်းမီကာတာလို က ပြောကြားသည်။

သတင်း - ရဲမင်း
ကိုးကား - AFP/dy

The Standard Time Daily

20 Nov, 08:19


◾️ YBS ၁၈ ယာဉ် ပြေးဆွဲမည့်ရက်ပြောင်းလဲ

ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းမှတိုးချဲ့ပြေးဆွဲမည့် YBS ၁၈ ယာဉ်များ ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ၁၈ ယာဉ်အစီးရေ ၃၀ ဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် စတင်ပြေးဆွဲမည်ဟု သတ်မှတ်ထားသော်လည်း လုပ်ငန်းစဉ်များ မပြီးပြတ်သေးသောကြောင့် လာမည့် ဒီဇင်ဘာ ၁ ရက်မှသာ ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

"လောလောဆယ် ယာဉ်အစီး ၃၀ နဲ့ စတင်စမ်းသပ်ပြေးဆွဲမယ်။ နောက်ရက်မှ အစီး ၅၀ နဲ့ဆွဲမယ်ဆိုပြီး စီစဉ်ထားတာ။ ဒါပေမယ့် လက်ရှိအချိန်ထိ YRTC မှာ ယာဉ်နဲ့ပတ်သက်တဲ့ လိုင်စင်ကိစ္စတွေ၊ CCTV တပ်ဆင်တာတွေမပြီးသေးဘူး။ ဒါကြောင့်မို့ စတင်ပြေးဆွဲမယ့်ရက်ကို နောက်ဆုတ်လိုက်တာပါ” ဟု ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းမှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

YBS ၁၈ ပြေးဆွဲမည့်ယာဉ်လမ်းကြောင်းများမှာ (ဂိတ်ရင်း)လှော်ကားလမ်းခွဲမှ ထောက်ကြံ့လမ်းဆုံ-ဝါယာလက်-မင်္ဂလာဒုံ-ခရေပင်လမ်းခွဲ-အမှတ်(၃)လမ်းဆုံ-အောင်မင်္ဂလာကားကွင်း-ခြောက်ကွေ့-သုဓမ္မာလမ်း-မြေက်ဥက္ကလာပအဝိုင်း-ဘေလီ-စံပြဈေး-တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှု တက္ကသိုလ်- (ဂိတ်ဖျား) အဖြစ် ခရီးစဉ်လမ်းကြောင်းသတ်မှတ်ထားပြီး ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် ငွေသား ၄၀၀ ကျပ်၊ ကတ်စနစ် ၃၅၀ ကျပ်ဖြင့် သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - ပိုင်လေး/စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်း

The Standard Time Daily

20 Nov, 07:26


◾️ ပန်းရောင်ကတ်ထုတ်ပေးခြင်းကို ထိုင်းအစိုးရက မယုတ်မလွန်ဆောင်ရွက်ပေးနိုင်ဟုဆို

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ပန်းရောင်ကတ်ထုတ်ပေးခြင်းကို ထိုင်းအစိုးရက မယုတ်မလွန်ဆောင်ရွက်ပေးနိုင်ကြောင်း ရွှေ့ပြောင်းလုပ်သားများစောင့်ကြည့်လေ့လားရေးအဖွဲ့ (MMG) ထံမှသိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ကတ် (ခေါ်) အလုပ်လုပ်ခွင့်လက်မှတ်တစ်မျိုးတည်းဖြင့် နေထိုင်ခွင့်ပြုရန်၊ CI စာအုပ်မဖြစ်မနေလုပ်ရမည်ဆိုသည့်မူဝါဒကို ထိုင်းအစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပေးရန်၊ သက်တမ်းကုန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းရောက်မြန်မာများကို လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် Work Permit ဖြင့် နေထိုင်ခွင့်ဗီဇာများသက်တမ်းတိုးပေးပြီး ကာလသတ်မှတ်ချက်တစ်ခုအထိ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ပြုရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများက ထိုင်းအစိုးရထံ ယခုနှစ် ဇူလိုင်လဆန်းပိုင်းက တောင်းဆိုထားသည်။

“ဒီတောင်းဆိုချက်တွေက အထောက်အထားမဲ့အလုပ်သမားတွေအတွက် ခိုလုံခွင့်ပေးနိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒါကိုတောင်းဆိုလိုက်တာပါ။ ဒီတောင်းဆိုမှုတွေကို ထိုင်းအစိုးရက မယုတ်မလွန်ဆောင်ရွက်ပေးမှာပါ။ ဒီတောင်းဆိုချက်တွေကို မဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်တစ်ခုအနေနဲ့ဆောင်ရွက်ပေးသွားမှာပါ" ဟု MMG မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရက မြန်မာအလုပ်သမားများအတွက် ပန်းရောက်ကတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးမည်ဟုပြောဆိုထားသော်လည်း မည့်သည့်အချိန်ကာလတွင် ထုတ်ပေးမည်ကို အတိအကျဖော်ပြထားခြင်း မရှိသေးပေ။

ယင်းသို့အချိန်ကာလအတိအကျဖော်ပြထားခြင်း မရှိသေးသောကြောင့် ပွဲစားများအား ငွေကြိုပေးခြင်းများ မပြုလုပ်ကြရန် ရွေ့ပြောင်းလုပ်သမားများအရေးကူညီပေးနေသူများက အသိပေးပြောဆိုထားသည်။

သတင်း - ခန့်ညီ/စံတော်ချိန်ဒစ်ဂျစ်တယ်

The Standard Time Daily

20 Nov, 06:14


◾️ အမေရိကန်တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားကို ယူကရိန်း စတင်တိုက်ခိုက်ခဲ့ပြီးနောက် နျူကလီးယားစည်းကမ်းအပြောင်းအလဲဖြင့် ပူတင်တုံ့ပြန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုချက်ပေးပြီးနောက် ၃၆ နာရီ အကြာ စစ်ပွဲ ရက် ၁၀၀၀ ပြည့်သည့်နေ့တွင် ယူကရိန်းက အမေရိကန်နိုင်ငံလုပ် ကြည်းတပ်နည်းဗျူဟာမြောက်ဒုံးကျည်စနစ်( ATACMS) ဖြင့် ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။

ထို့နောက် သမားရိုးကျတိုက်ခိုက်မှုများ လက်တံရှည်လာခြင်းကို တုံ့ပြန်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် က နျူကလီးယားတိုက်ခိုက်မှုအတွက် ကန့်သတ်ချက်ကို လျှော့ချခဲ့သည်။

နောက်ဆုံးထုတ်ပြန်လိုက်သော ရုရှားနျူကလီးယား အယူဝါဒတွင် သမ္မပူတင် က နျူကလီးယားတိုက်ခိုက်မှု အမိန့်ပေးနိုင်သည့် သတ်မှတ်ချက်မူဘောင်များကို ချမှတ်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရသည်။

ယင်းတွင် အကြီးမားဆုံး ပြောင်းလဲမှုမှာ ရုရှားနှင့် ၎င်း၏ မဟာမိတ် ဘီလာရုစ်အပေါ် ပြုလုပ်သော သမားရိုးကျတိုက်ခိုက်မှုတစ်ခု က ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်မြဲမှုကို ခြိမ်းခြောက်လာခဲ့ပါက ရုရှားက နျူကလီးယားတိုက်ခိုက်မှုဖြင့် တုံ့ပြန်သွားရန် စဉ်းစားမည်ဟူသောအချက်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ပြန်တမ်းဖြင့် ဖော်ပြခဲ့သော အယူဝါဒအဟောင်းတွင် ရန်သူက နျူကလီးယားဖြင့် တိုက်ခိုက်လျှင်သော်လည်းကောင်း ၊ သမားရိုးကျတိုက်ခိုက်မှုက နိုင်ငံတော်ဖြစ်တည်မှုကို ခြိမ်းခြောက်လာလျှင်သော်လည်းကောင်း ရုရှားက နျူးကလီးယားဖြင့် တုံ့ပြန်ရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်ဟုသာ ဖော်ပြခဲ့သည်။

ယူကရိန်းနှင့်ကပ်လျက်ရှိသည့် ဘရိုင်ယန့်စ် ဒေသတွင်းမှ စစ်စခန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်သည့် ဒုံးကျည် ခြောက်စင်းအနက်မှ ငါးစင်းကို ရုရှားတပ်ဖွဲ့များက ပစ်ချခဲ့ကြောင်း ရုရှားက ပြောကြားသည်။ ပျက်စီးသွားသော ဒုံးကျည်တစ်စင်း၏ အပိုင်းအစများ ကျရောက်ခဲ့မှုကြောင့် မီးလောင်ခဲ့သော်လည်း အလျင်အမြန်ငြှိမ်းသတ်ခဲ့ပြီး ထိခိုက်မှု နှင့် ပျက်စီးမှုမရှိခဲ့ကြောင်း ရုရှားက ပြောကြားသည်။

ရုရှားနိုင်ငံထဲ ကီလိုမီတာ ၁၁၀ ( ၇၀ မိုင် ) ကွာဝေးသော လက်နက်တိုက်တစ်ခုကို ပစ်ခတ်ခဲ့ကြောင်း နှင့် တိုက်ခိုက်မှုကြောင့် ဆင့်ကဲ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းက ပြောကြားသည်။ ယင်းအတွက် အသုံးပြုခဲ့သော လက်နက်အမျိုးအစားကို ယူကရိန်းစစ်ဘက် က တိတိကျကျ မပြောသော်လည်း ယူကရိန်းက အမေရိကန်မှ ကြည်းတပ်နည်းဗျူဟာမြောက်ဒုံးကျည်စနစ်( ATACMS) ကို အသုံးပြုခဲ့ကြောင်း ယူကရိန်းအစိုးရ သတင်းရင်းမြစ် နှင့် အမေရိကန်အရာရှိကြီး တစ်ဦး က အတည်ပြုပြောကြားခဲ့သည်။

လက်နက်ထောက်ပံ့ရေးနေရာတစ်ခုကို တိုက်ခိုက်ခဲ့သည့် ဒုံးကျည် ရှစ်စင်းအနက်မှ နှစ်စင်းကို ရုရှားက ပစ်ချခဲ့ကြောင်း အမေရိကန်အရာရှိကြီး တစ်ဦးက ပြောသည်။

ယင်းလက်နက်စနစ်များကို အသုံပြုခြင်းမှာ ယူကရိန်း ပဋိပက္ခအား အနောက်တိုင်းဘက်က အရှိန်မြှင့်တင်ချင်သည်ဆိုသော လက္ခဏာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ် က ပြောကြားသည်။

ရုရှား၏အပြောင်းအလဲနှင့်ပတ်သက်၍ အမေရိကန်၏ နျူကလီးယားလက်နက်များ ပြင်ဆင်ထားရှိမှုကို ပုံစံပြောင်းစရာလိုမည်ဟု ရှုမြင်ခြင်းမရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ က ပြောကြားသည်။

ကမ္ဘာပေါ်တွင် ရုရှားက နျူးကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ကာ အမေရိကန်၏ ပိုင်ဆိုင်မှုနှင့်ပေါင်းလျှင် ယင်းနှစ်နိုင်ငံက ကမ္ဘာ့နျူလက်နက် ၈၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြသည်။

သတင်း - ရဲမင်း
ကိုးကား - AFP/Reuters