* * * * *
ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်တွင် တရားမဝင် မြန်မာစာသင်ကျောင်း ဖွင့်လှစ်သင်ကြားမှုဖြင့် မြန်မာနိုင်ငံသား ဆရာ၊ ဆရာမ(၄) ဦး ဖမ်းဆီးခံရသည်။
ဆူရတ်ဌာနီပြည်နယ် Koh Phangan ကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ မြန်မာကလေးငယ် (၁၉၀) အတွက် ဖွင့်လှစ်သင်ကြားပေးနသော မြန်မာစာသင်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် ဒေသခံ အုပ်ချုပ်ရေး အရာရှိများက Koh Phangan Intetnational Church ဘုရားကျောင်းကို ဝင်ရောက်စစ်ဆေးစဥ် မြန်မာစာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေသည်ကို တွေ့ရှိခဲ့ကြောင်း ဆူရတ်ဌာနီ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးမှူး ရဲဗိုလ်မှူး Charoenchai Boonkliang က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြောသည်။
ထိုစာသင်ကျောင်းတွင် အသက် (၃) နှစ်မှ (၁၂) နှစ်အရွယ် မြန်မာကလေးငယ် (၁၉၀) ဦး ရှိနေပြီး အင်္ဂလိပ် နှင့် မြန်မာဘာသာ ပြဌာန်းစာအုပ် (၃၁) အုပ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
စာသင်ကြားပေးနေသည့် ဆရာ ဆရာမများဖြစ်သော မအေးမြသူဇာ၊ ကိုရန်နိုင်စိုး၊ မမြမြဝင်း နှင့် ကိုချစ်ဖြိုးနောင် တို့ကို ဖမ်းဆီးပြီး တရားမဝင် စာသင်ကျောင်းဖွင့်လှစ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့အနက်မှ (၂) ဦးကို ပါမစ် မရှိမဘဲ အလုပ် လုပ်ကိုင်မှုဖြင့်လည်း စွဲချက်တင်ခဲ့သည်။
အဆိုပါ မြန်မာစာသင်ကျောင်းကို လွန်ခဲ့သည့် (၆) လက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များမှာ Koh Phangan ကျွန်းပေါ်တွင် အလုပ် လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများ၏ သားသမီးများ ဖြစ်ကြကြောင်း ရဲဗိုလ်မှူး Charoenchai က ပြောသည်။
ရဲတပ်ဖွဲ့က စာသင်ကျောင်း၏ ပိုင်ရှင်အစစ်ကို ရှာဖွေနေကြောင်းနှင့် ကလေးငယ်များ၏ မိဘများထံတွင်လည်း အလုပ် လုပ်ခွင့် ပါမစ်ရှိ မရှိကိုလည်း စစ်ဆေးသွားမည်ဟု ရဲဗိုလ်မှူးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ထိုင်းတောင်ပိုင်းရှိ ဆူရတ်ဌာနီပြည်နယ်တွင် မြန်မာစာသင်ကျောင်း (၆) ကျောင်းကို အာဏာပိုင်များက ပိတ်သိမ်းခဲ့သည်။
ထိုင်းစာသင်ကျောင်းများက မြန်မာကလေးငယ်များကို လက်ခံသင်ကြားပေးနိုင်သည်ဟု ဒေသဆိုင်ရာ ပညာရေးအာဏာပိုင်များက အစောပိုင်းတွင် ပြောထားသော်လည်း ကလေးငယ်များ၏ မိဘများမှာ တရားဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်နေကြရာ ကျောင်းဝင်ခွင့်ရရန် ခက်ခဲကြောင်း သိရသည်။
News: https://www.tachileik.net/mm/news/38944
#TachileikNewsAgency
Source: Bangkok Post
Photo: Police Phangan