မဲဆောက်၊ ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ခေါင်လွှမ်မြို့နယ်၊ ခေါင်ဆောင်ကျေးရွာအနီးက လမ်းဘေးမှာ ရပ်ထားတဲ့ကားကို ခိုးယူမောင်းပြေးသွားတဲ့ မြန်မာနိုင်ငံသား တစ်ဦး လမ်းဘေးမီးတိုင်တိုက်မိပြီးဖမ်းဆီးခံရတဲ့ဖြစ်စဉ်တစ်ခု ဒီနေ့ ဒီဇင်ဘာ လ ၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသား ဖိချစ်ဖွန် ဘွန်ထေ့ဆိုသူဟာ ပထုံဌာနီခရိုင်၊ ခေါင်လွမ်မြို့နယ်၊ ခေါင်ဆောင်ကျေးရွာအနီး လမ်းဘေးတစ်နေရာမှာ ကားရပ်တန့်ပြီး Seven Eleven စတိုးဆိုင်ထဲဈေးဝင်ဝယ်နေချိန် မြန်မာနိုင်ငံသားတစ်ဦးက အဆိုပါ ရပ်ထားတဲ့ကားကို တွေ့ရှိပြီး ခိုးယူမောင်းပြေးသွားတာပါ။
အဲဒီလို ခိုးယူမောင်းပြေးသွားပြီးနောက် လမ်းကွေ့တစ်နေရာမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်နေချိန် ကားခိုးယူခံရလို့ အနောက်ကနေလိုက်လာတဲ့ ကားသမားအဖွဲ့နဲ့တွေ့ရှိပြီးတော့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖြစ်စဉ်ကြောင့် ကားပေါ်မှာတင်ဆောင်လာတဲ့ ကုန်ပစ္စည်း (၁) တန်ခန့်ပျက်စီး ဆုံးရှုံးခဲ့ရပြီး၊ ကားခိုးယူမောင်းပြေးသွားသူ မြန်မာနိုင်ငံသားကတော့ ကားထဲ မှာပိတ်မိနေလို့ ကားသမားနဲ့အဖွဲ့က အပြင်ကိုဆွဲထုတ်ပေးခဲ့ရကာ ထိခိုက်ဒဏ် ရာတွေ ရရှိခဲ့အတွက် သူ့ကို ဆေးရုံကိုလည်း ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ကားခိုးယူသွားသူဟာ အသက် ၂၄ နှစ်အရွယ်ရှိ လင်းလင်းကို ဆိုသူဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့်ရရှိခဲ့တဲ့ ဒဏ်ရာတွေ ဆေးရုံမှာ ကုသမှုခံ ယူပြီးတာနဲ့ သူ့ကို ထိုင်းရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#မြဝတီမဲဆောက်မီဒီယာ