၁၉. ၄. ၂၀၂၃
Written by Peya
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး သတိလစ်သွားသည့်အတွက် မဲဆောက်တွင် ဆေးရုံတက်ကာ ဆေးဝါးကုသမှု ခံယူနေရပြီး ယခုအခါ သတိရလာပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးသည် ဧပြီလ ၁၈ ရက် ညနေပိုင်း ၆ နာရီကျော်အချိန်က နေအိမ်တွင် သွေးတိုးကာ မူးဝေအော့အန်ခြင်းဖြစ်ပြီး သတိလစ်သွားသည့် အတွက် မဲဆောက်မြို့က Maesotram Hospital ဆေးရုံသို့ တင်လိုက်ရခြင်းဖြစ်ပြီး ယခုအခါ သတိရလာပြီဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးသည် ဧပြီလ ၁၈ ရက်တွင် အသက် ၉၀ ပြည့်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
သတိကတော့ အခုပြန်ရလာပြီ။ စကားပြောဖို့တော့ အားနည်းနေသေးတာတာပေါ့။ အပူရှိန်ကြောင့် ဖြစ်တယ်လို့ သိရတယ်။ ဆေးရုံမှာ ဆက်နေရဦးမယ်လို့ သိထားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကို အကောင်းဆုံး ခံယူနေပါတယ် ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
#myanmar_transparency_news