Min Thayt - Official @minthaytopinion Channel on Telegram

Min Thayt - Official

@minthaytopinion


မင်းသေ့ရဲ့ နိုင်ငံရေးဆောင်းပါးများ ဖတ်ရန်။

Min Thayt - Official (Burmese)

Min Thayt - Official ဆိုတာကို လူတိုင်းရဲ့ နိုင်ငံ ရေးစွန်းပါးများ ဖတ်ရန်။ ဤ Channel သည် မှာ နိုင်ငံ ရေးစွန်းပါး တစ်ခု တွေရဲ့ အခွန်ကောင်းပွဲ မိုးရ ထိုးခေါ်ပါတယ်။ Min Thayt - Official ဆိုတာဆိုရင် ဘာလို လူတိုင်း ကို အုံးသတ်ချင်ရမှန်အနေ၊ ဤ Channel ရဲ့ သင်ခန်းနှင့် သုံးစွဲရန် လိုအပ်ပါဦး။ ဤ Channel သည် လူသားများ၏ လိုးကားနှစ်မျိုး ခွင့်မှူ အဆင်ပြေခြင်း ရနှင်းကော်မှကင်းလှတဲ့အတွက် အဆင့်အတန်း တစ်ခုပါ။ ကျွးမအကောင်းကောင်စွန်း ကျွးပေါင်းခန်း ဆိုရင် ဤ Channel သည် သင်တန်းစွဲနှင့် လျှုပ်စပြီး တစ်ခါ အခွန်ကောင်း လိုက်တာ ပေါ့ပါးနဲ့ သင်ဆိုင်းခေါ်ပါတယ်။

Min Thayt - Official

12 Jan, 15:27


လက်ရှိ စစ်နိုင် EROs တွေ သင်ခန်းစာယူရမယ့် အချက်က - ခေတ်အဆက်ဆက် ဗမာဗဟိုအစိုးရတွေဟာ တည်ဆောက်ရေးကို အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့ကြဘူးဆိုတာ သတိတရ ရှိကြဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း - တော်လှန်ရေးပြီးရင် တည်ဆောက်ရေး လာရမှာ ဖြစ်ပေမယ့် တည်ဆောက်ရေးကို ဖိဖိစီးစီးနဲ့ စနစ်တကျ မလုပ်နိုင်ခဲ့ကြဘူး။ စစ်အစိုးရခေတ်အဆက်ဆက် ပြည်မမှာတော့ တည်ငြိမ်ရေးကို ထိန်းထားနိုင်လို့၊ တည်ဆောက်နိုင်သလောက် တည်ဆောက်နိုင်တယ်ဆိုပေမယ့် စည်းစနစ်တကျ မဟုတ်ဘူး။ ဗြဲလရမ်းကြီး ဖြစ်ခဲ့တယ်။ ကောင်းနိုးရာရာ စိတ်အထင်နဲ့ တည်ဆောက်တဲ့ တည်ဆောက်ရေးပုံစံသာ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ဗမာဗဟိုအစိုးရတွေဟာ ဖြစ်ဖြစ်မြောက်မြောက် မသွားနိုင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ဒါပေမယ့် တောင်တန်းနဲ့ ပြည်မဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ကွာခြားနေဆဲပါ။ တည်ဆောက်ရေးကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ဘူးလို့ ယူဆရတဲ့ ပြည်မက မြို့တွေ နယ်တွေဟာ - တောင်တန်းက မြို့တွေနဲ့ ယှဉ်ရင် ဆင်ပိန်ကျွဲလောက်သာ ရှိပါတယ်။ တောင်တန်းနယ်က ဧရိယာတွေကတော့ ကျွဲပိန်ဆိတ်လောက်ပဲ ရှိနေပါတယ်။ ဒါဟာ အရှိတရားဖြစ်ပါတယ်။ ဒီတော့ - ဘယ်လိုပဲ ဖြစ်ဖြစ်၊ စစ်နိုင် EROs တွေအတွက် - မိမိတို့ စီရင်ခွင့်ရှိမယ့် နယ်ပယ်၊ ဒေသတွေအတွက် သင်ခန်းစာ ယူစရာ မြောက်မြောက်မြားမြား ရှိနေပါတယ်။ အဲဒါကတော့ - တော်လှန်ရေးပြီး / တော်လှန်ရေးကို ဆက်သွားကြမှာလား။ တော်လှန်ရေးပြီး / တည်ဆောက်ရေးကို လုပ်နိုင်ကြမှာလားဆိုတာပါပဲ။

ရယ်ဒီကယ်အစွဲအားသန်ပြီး၊ စံပယ်တွေ အမြဲ ပွင့်လိမ့်မယ်လို့ ယူဆပြီး စစ်ကို ဆက်တိုးရင်တော့ - စစ်နိုင်ဒေသတွေမှာ ကိုယ်ခံအားကို မတည်ဆောက်နိုင်ဘဲ၊ ကြွေတလှည့် ကြက်တခုန် စစ်နိုင်အောင်ပွဲသဘောမျိုးပဲ ဖြစ်ဖို့ များပါတယ်။ ဒီတော့ သင်ခန်းစာက သိပ်ရိုးရှင်းပါတယ်။ စစ်နိုင်ပြီးရင် လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို ဖြည့်ဖို့အတွက် တည်ဆောက်ရေးလုပ်နိုင်ဖို့ လိုပါတယ်။ တည်ဆောက်ရေးလုပ်နိုင်ဖို့အတွက်ဆိုရင် အာမခံချက်ရှိတဲ့ တည်ငြိမ်ရေးရဖို့ လိုပါတယ်။ အာမခံချက်ရှိတဲ့ တည်ငြိမ်ရေးအတွက်ဆိုရင်တော့ - နိုင်ငံရေးလမ်းစဉ်က အောင်မြင်မှ ဖြစ်ပါလိမ့်မယ်။ ဒီတော့ စစ်နိုင် EROs တွေအတွက် နယ်မြေပိုင်စိုးရေးသက်သက်က - လူမျိုးစုတွေရဲ့ ကိုယ်ခံအား ဖြည့်ကျင့်ရေးမှာ သိပ်အရာမရောက်။ အဲသည့်ထက် ပိုပြီး ဆက်လှမ်းဖို့၊ အဲသည့်ထက်ပိုပြီး အမြင်ကျယ်ကျယ် - အမြော်အမြင်ရှိရှိ - သဘောထားကြီးကြီး ဆက်တိုးနိုင်ကြဖို့ လိုတာပါ။

ဒါတွေက သိပြီးသားတွေဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ သိနိုင်ခဲသလို၊ ကျင့်နိုင်ခဲတာတွေဖြစ်ပါတယ်။ စစ်နိုင် EROs တွေအတွက် - နယ်မြေစိုးမိုးရေးသက်သက်က အနာဂတ်အတွက် အရာမရောက်နိုင်ပါဘူး။ လူမျိုးစုကိုယ်ခံအားကို ဘယ်လောက် ဖြည့်ကျင့်နိုင်အောင် - တည်ငြိမ်ရေးကို ထိန်းထားပြီး ဖွံ့ဖြိုးရေးနဲ့ ကိုယ့်လူမျိုးစု လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို ဖြည့်ဆည်းနိုင်မလဲဆိုတာသာ အခရာဖြစ်ပါတယ်။

Min Thayt - Official

11 Jan, 12:40


သည့်နောက်ပိုင်း ပိုတန်ဖိုးထားလာတာကတော့ "ကျန်းမာရေး" ပဲ။ မကျန်းမာရင် ဘာမှ လုပ်လို့ မရတော့ဘူးဆိုတဲ့စိတ်က တဖြည်းဖြည်းနဲ့ ကြီးစိုးလာတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ တစ်နေ့ တစ်နေ့ ဝမ်းမှန်မှန် မသွားရင်၊ ဝမ်းရှောရှောရှုရှု မဖြစ်ဘူးဆိုရင်လည်း သတိရှိနေတယ်။ ခေါင်းက မကြည်ဘူးဆိုရင်လည်း သတိရှိနေတယ်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်နေတယ်လို့ ခံစားရရင်လည်း သတိရှိနေတယ်။ ခြေလှမ်းတွေက နည်းနည်းလေးနေတယ်ဆိုရင်လည်း သတိရှိနေတယ်။ သည့်နောက်ပိုင်း ကိုယ့်ကိုယ်ကို သတိထားမိတဲ့အထဲမှာ၊ နည်းနည်း ရင်ဘတ်က အောင့်ချင်တာ သတိထားမိတယ်။ စိတ်ကို နှစ်ထားတဲ့အရာတွေကို ခပ်ပေါ့ပေါ့ထားတတ်အောင် လေ့ကျင့်ရခြင်းဟာ အလုပ်တစ်လုပ်ဖြစ်လာတယ်။ တကယ်တော့ ခပ်ပေါ့ပေါ့ သဘောထားတာကို မကြိုက်ဘူး။ ဒါကို ဆယ်ကျော်သက်အရွယ်ကတည်းက သတိရှိခဲ့တယ်။ လေးလေးနက်နက်ကို ကြိုက်တယ်။ စူးစူးနစ်နစ်ဖြစ်တာ ကြိုက်တယ်။ ဒါပေမယ့် အဲသည့်လို ကိုယ်လေးနက်စွာ သဘောထားတဲ့အရာတွေနဲ့ ကိုယ် စူးစူးနစ်နစ် စွဲမြဲထားတဲ့အရာတွေက ရင်ဘတ်ကို ပိုအောင့်စေတယ်ဆိုတာ သတိထားမိတယ်။ ငါဟာ ငါ့ကိုယ်ငါ ဂရုမစိုက်ဘူးဆိုရင် - phase တစ်ခုချင်းစီ ပြောင်းလဲသွားတဲ့ ခေတ်ပြောင်းကာလတွေကို ထိုင် ကြည့်ခွင့်မရမှာ စိုးရိမ်တယ်။ သူငယ်ချင်းနဲ့ စကားပြောဖြစ်ရင် စကားတစ်ခု ထည့်ပြောဖြစ်တယ်။ ငါ အသက်ရှည်ရှည်နေချင်တယ်....လို့။ အကြောင်းကတော့ ပြောင်းသွားတဲ့ ခေတ်တွေကို ထိုင်ကြည့်ချင်လို့ကွာ....။ အဲသည့်ကနေ ငါ မြင်တဲ့ လောကအမြင်က ဘာဖြစ်မလဲဆိုတာကို သေချာဆန်းစစ်ပြီး၊ မှတ်တမ်းတင်သွားချင်တယ်။ ဒါဟာ ဒီအသက်အရွယ်မှာ ငါ ခံစားနားလည်မှုတဲ့ စိတ်ချင်ခြင်းပဲလို့ ပြောဖြစ်တယ်။

သမိုင်းစာအုပ်တွေ အများကြီး ဖတ်ခဲ့ပါတယ်။ အဲသည့်အခါ ကိုယ့်ကိုယ်ကို မေးတယ်။ ငါက သမိုင်းဖန်တီးသူ ဖြစ်ချင်သလား....။ ဟင့်အင်းလို့ အဖြေထွက်တယ်။ ငါက သမိုင်းကို မဖန်တီးချင်ဘူး။ ဖြစ်ပျက်သွားခဲ့တဲ့ သမိုင်းကို မှတ်တမ်းတင်ချင်တာ။ အဲသည့်အတွက် လောကဖြစ်စဉ်ကို နားလည်သဘောပေါက်ဖို့ လိုတယ်။ လူတွေရဲ့ ပြောင်းလဲသွားတဲ့ စရိုက်တွေကို ကြည့်ရင်း သံဝေဂ ရချင်တယ်။ ငါ့စိတ်ခံစားချက်အလှည့်အပြောင်းတွေကို စူးစူးစိုက်စိုက် ထိုင်ကြည့်နေချင်တယ်။ တကယ်တော့ ငါက ဇာတ်စင်နံဘေးကနေ အားလုံးကို ထိုင်ကြည့်နေချင်တာပဲ။ ငါက ပါဝင် ကပြတဲ့ ဇာတ်ကောင် တစ်ခု မဖြစ်ချင်ဘူး။ ဒါရိုက်တာလည်း မလုပ်ချင်ဘူး။ မင်းသားလည်း မလုပ်ချင်ဘူး။ ဗီလိန်လည်း မလုပ်ချင်ဘူး။ ဇာတ်ပို့လည်း မလုပ်ချင်ဘူး။ ကားလိတ်ဆွဲတဲ့သူလည်း မဖြစ်ချင်ဘူး။ မီးထိုးမှန်ထိုးလည်း မဖြစ်ချင်ဘူး။ နောက်ခံ ဆိုင်းဝိုင်းတီးခတ်ပေးသူလည်း မဖြစ်ချင်ပါဘူး။ ယုတ်စွအဆုံး - လက်ခုပ်တီးတဲ့ ပွဲကြည့်ပရိသတ်လည်း မဖြစ်ချင်ဘူး။

တကယ်တော့ ငါက ဘယ်သူမှ ဂရုမထားမိတဲ့ နေရာတစ်ခုခုကနေ တိတ်တိတ်လေး ကြည့်နေချင်တာ။ ဒီဇာတ်ညွှန်းကို ဘယ်သူက ဘယ်လို - ဘာ့ကြောင့် ရေးသလဲဆိုတာ ငါ့ ဘာသာ စဉ်းစားချင်တယ်။ ဒီဇာတ်ညွှန်းကို မင်းသားလုပ်ပြီး ကနေတဲ့သူက ဘယ်လောက် သရုပ်ဆောင်တော်သလဲဆိုတာကို ဆန်းစစ်ချင်တယ်။ ဘယ်သူက မင်းသား လုပ်မယ်၊ ဘယ်သူက လူဆိုးလုပ်မယ်၊ မင်းသားကို ဘယ်သူ‌တွေက အားပေးပြီးတော့ ဗီလိန်ကို ဘယ်သူတွေက မုန်းမလဲဆိုတာကို ငါ သိချင်တယ်။ ဘယ်သူတွေက လက်ခုပ်တီးပြီး၊ ဘယ်သူတွေက ပြောင်းဖူးရိုးနဲ့ ကောက်ပေါက်သလဲဆိုတာ သိချင်တယ်။ ဘယ်ပြဇာတ်မှာ ဘယ်ကားလိတ်ချပြီး ကသလဲဆိုတာ ငါ လေ့လာချင်တယ်။ ဘယ်သူတွေက မီးထိုးမှန်ထိုးဘဝနဲ့ဇာတ်သိမ်း နိဂုံးချုပ်သလဲဆိုတာ ငါ သိချင်တယ်။ ဘယ်သူတွေကတော့ ဇာတ်ထဲမှာ မျောပြီး ငိုချင်းတွေနဲ့ နှစ်ပါးသွားနေသလဲ။ မင်းသားနဲ့ မင်းသမီး မပေါင်းရတဲ့ အခန်းတွေမှာ ဘယ်သူတွေက မျက်ရည်ရွှဲရွှဲ ဖြစ်နေသလဲဆိုတာ ကြည့်ချင်တယ်။ အခြေအနေထဲကနေ သီးခြားနေထိုင်ပြီး၊ သမိုင်းဇာတ် တစ်ကွက်ချင်းစီ ထိုင်ကြည့်သွားချင်တာ ကျနော့် ဆန္ဒပါ။

အဲသည့်လို ကြည့်ပြီးရင် စိတ်ထဲမှာ ဉာဏ်ဆန့်တန်းနိုင်သလောက် ကြိတ်ချေ စဉ်းစားခန်း ဖွင့်မယ်။ ကောင်း၏ ဆိုး၏ မှား၏ မှန်၏ ဆိုတာတွေကို အသာထားပြီး၊

ကောင်းခြင်း၏ သဘာဝကတော့ ဒီလိုရှိတယ်။
ဆိုးခြင်းရဲ့ သဘာဝကတော့ ဒီလို ရှိတယ်။
အမှား - အမှန်တွေဆိုတာ လောကီနယ်မှာ ဘယ်သို့ ပညတ်ပြီး၊
ပရမတ္ထလောကမှာတော့ - ဤသို့သာ ဖြစ်တယ်လို့၊
နားလည်ပြီး ကိုယ့်ဘဝနေဝင်ချိန်တွေကို၊ အသက်ရှုခြင်း - ရှိုက်ခြင်း အလုပ်အပေါ်မှာသာ စွဲမြဲပြီး ဘဝကို ပုဒ်မချ ချင်တယ်။

Min Thayt - Official

11 Jan, 03:52


သိပ်မကြာခင်က မှတ်ချက်တစ်ခု ကြားခဲ့ရတယ်။
တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲက ကြားခဲ့ရတာပါ။
တပ်မှာက "ဗိုလ်ကြီး အုန်းကျော်မြင့် ရှိခဲ့တယ်၊ ဒါပေမယ့် ဗိုလ်ချုပ် အုန်းကျော်မြင့် ဆိုတာ မရှိဘူး" တဲ့။

ဒါက လက်ရှိ တပ်ခေါင်းဆောင် အပြောင်းအလဲနဲ့ပတ်သက်ပြီး၊ ကျနော်တို့ လေ့လာဆန်းစစ်ရမယ့် မှတ်ချက်လို့ ထင်ပါတယ်။ လက်ရှိ တည်ဆဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို အခြားတပ်ခေါင်းဆောင်တစ်ယောက်က အစားထိုးနေရာယူခြင်း ရှိ / မရှိ ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ တိုက်ရိုက်ပြောရရင် - တပ်ထဲကပဲ တပ်တွင်း အာဏာသိမ်းမှု ပေါ် / မပေါ်ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါက အကြောင်းအချက်တွေ အများကြီး ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်လည်း ၂၀၂၁ ခုနှစ်လောက်ကတည်းက ဖြစ်နိုင်ခြေ ရှိ / မရှိဆိုတာကို ရေးခဲ့ဖူးပါတယ်။ အခုလည်း အဲသည့်ကိစ္စနဲ့ ဆက်စပ်ပါတယ်။

ဘာလို့ ဗိုလ်ချုပ် အုန်းကျော်မြင့် မရှိနိုင်ရတာလဲ။

သမိုင်းကို အနည်းငယ် ပြန်ကောက်ပါရစေ။ တချိန်က ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် ရှိခဲ့ပါတယ်။ ဒါပေမယ့် လုပ်ကြံဖို့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပါဘူး။ အဲသည့် အကြောင်းကို နမူနာပြုပြီးတော့ - လက်ရှိ အခြေအနေမှာတော့ - တပ်ထဲမှာ ဗိုလ်ကြီး အုန်းကျော်မြင့်တွေ အများကြီး ရှိနေနိုင်ပေမယ့်၊ ဗိုလ်ချုပ် အုန်းကျော်မြင့် ရယ်လို့ တစ်ဦးတစ်ယောက်မှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မှတ်ချက်ဟာ လက်ရှိ တပ်တွင်း ထိပ်ပိုင်း အာဏာပရဝုဏ် ရာသီဥတုကို ဖော်ပြနေပါတယ်။

ဘာ့ကြောင့် ဗိုလ်ချုပ် အုန်းကျော်မြင့် မရှိနိုင်တာလဲ။
ဘာ့ကြောင့် ဗိုလ်ချုပ်ကြီး အုန်းကျော်မြင့်တွေ မရှိနိုင်တာလဲ။

အကြောင်းကတော့ ဒါတွေဖြစ်နိုင်ပါတယ်။

၁။ အကြောက်တရား။

၂။ အကျိုးစီးပွား။

၃။ လက်ရှိ အခြေအနေကို အစားထိုး နေရာဝင်ယူလိုက်နိုင်ရင် မက်လုံး [incentive] က ဘာလဲ။

၄။ ခေါင်းဆောင် အပြောင်းအလဲကို လုပ်ဖို့ ဖြစ်နိုင်တယ်ပဲ ထားပါ။ ဒါပေမယ့် after ဆိုတဲ့ နောက်ပိုင်းမှာ ဘာဆက်လုပ်မလဲ။ လက်ရှိ တည်ဆဲ မြန်မာ့နိုင်ငံရေး နဲ့ စစ်ရေးဟာ ဗြဟ္မာကြီး ဦးခေါင်းဖြစ်နေတယ်။ ဒီဗြဟ္ခာကြီး ဦးခေါင်းကို ဘယ်သူ ကိုင်မှာလဲ။ လိုရင်းက ခက်နိုင်ပေမယ့်၊ လိုရင်းပြီးရင် ဒီဗြဟ္ခာကြီး ဦးခေါင်းကို ဘယ်သူက ဘယ်လို ဆက်ကိုင်မှာလဲ ဆိုတာက တကယ့်ပြဿနာ။ လက်ရှိ မြန်မာ့အရေးက တကယ့် အမှိုက်ပုံကြီးလို၊ အရှုပ်ထုပ်ကြီးလို ဖြစ်နေတယ်။ ဒါအတွက် ဘာကို မက်ပြီး ဘယ်သူက လုပ်မှာလဲ။

၅။ ဘာမှ မက်လို့ လုပ်မှာ မဟုတ်ဘူးဆိုတယ်ပဲ ထားပါ။ ဒါဆိုရင် တိုင်းပြည်ကို ကယ်တင်မယ်၊ တိုင်းပြည်ချစ်စိတ် ဆိုတဲ့ အမျိုးသားရေးစိတ်ကရော။ တပ်တွင်း ထိပ်ပိုင်းခေါင်းဆောင်တွေမှာ မျှော်လင့်နိုင်လို့လား။ ကျနော့်တော့ သိပ်မထင်။

Min Thayt - Official

10 Jan, 14:58


သိပ်မကြာခင်က၊ ကျနော်တို့ ရှေ့က စီနီယာ နိုင်ငံရေးသမား အကိုကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း၊ "အကို တွေ့ရအောင်" လို့ ပြောလိုက်တော့၊ "ဟာ.... ကိုမင်းသေ့.... ဘာညာသာရကာ ဘယ်လို ဘယ်ကဲ့သို့" ဆိုပြီး ပြောတယ်။ ကျနော်က ပြောတယ်။ "အကိုရာ.... အကိုတို့လို၊ ကျနော်တို့ ရှေ့က စီနီယာနိုင်ငံရေးသမားတွေဟာ ကျနော်တို့ကို အစစအရာရာ သင်ကြားပြသခဲ့ပြီးပါပြီ၊ တို့တတွေ ဘယ်လို ဘယ်ကဲ့သို့ လုပ်ရင် ဘယ်လို... ဆိုတဲ့ အခြေအနေအကျပ်အတည်းတွေ ကြားထဲမှာ အတုယူစရာတွေရော၊ သင်ခန်းစာယူစရာတွေရော သင်ပေးခဲ့ပြီးပါပြီ။ ဒါက ကျနော့်အတွက် နည်းနာကောင်းတွေပေါ့ခင်ဗျာ" လို့ ပြောလိုက်တယ်။

တကယ်တော့ ဒါက ရိုးရိုးလေးပါ။ ကျနော်တို့ဟာ ကိုယ့်ရှေ့သွားပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေနဲ့ သူတို့ ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်တယ်။ ဒါတွေကို လေ့လာပြီး ဒါဟာ သင့်၏ - မသင့်၏ ဆိုတာကို ချင့်ချိန်ရတယ်။ သင့် - မသင့်ဆိုတာကို ချင့်ချိန်ပြီးရင် ဘယ်လောက်အထိ လုပ်မယ်၊ ဘယ်လောက်မှာ ရပ်ထားမယ်ဆိုတဲ့ အကြောင်းအကျိုးနဲ့ အကန့်အသတ်ကို နားလည်အောင် လုပ်ပါတယ်။ ကျနော့်မှာ အမြဲတမ်းလိုလို ဆင်ခြင်နှလုံးသွင်းမိတဲ့ကိစ္စ ရှိပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို ငါ လုပ်မယ်။ ဒါပေမယ့် redline ကို ဘယ်တော့မှ မကျော်ဘူး။ ဘယ်နေရာမှာ ရပ်ရမလဲဆိုတာ သိအောင် လုပ်တယ်။ အဲသည့် redline မကျော်ဘူးဆိုရင်တော့ - ရတဲ့နည်းနဲ့ လုပ်တယ်။ ပြီးတော့ - ရေလိုကျင့်တယ်။

ရေဟာ သူ့၏ နောက်ဆုံး အန္တိမပန်းတိုင်ဖြစ်သော ပင်လယ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် သွားတယ်။ ဒါပေမယ့် ရေရဲ့ သွားရာလမ်းတွေဟာ ဘယ်တော့မှ အဖြောင့်အတိုင်းချည်းပဲ မဟုတ်ဘူး။ အကွေ့အကောက်တွေ ရှိတယ်။ အချိုးအကွေ့‌တွေ ရှိတယ်။ ရေဟာ သူ တွန်းတိုက်လို့ ရတဲ့အရာတွေကို တွန်းတိုက်ပြီး ပင်လယ်ဆီကိုသာ တူရှုတယ်။ ဒါပေမယ့် သူတွန်းတိုက်လို့ မရတဲ့အရာတွေနဲ့ ထိပ်တိုက်တိုးရင်တော့ သူဟာ ကွေ့ရှောင်သွားတယ်။ ရေက သူ့ရဲ့ သွားရာလမ်းတွေ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ်၊ ပင်လယ်ဆီသို့ တူရှုခြင်းဆိုတာကိုတော့ မမေ့ပျောက်ဘူး။ အဆုံးမှာ ပင်လယ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်။ ဒါက အကျပ်အတည်းကာလတွေမှာ ဘဝဖြတ်သန်းမှုတွေထဲက ကျနော် ရတဲ့ ဘဝအမြင် တချို့ ဖြစ်ပါတယ်။

ကျနော်တို့ဟာ ကိုယ့်ရှေ့က လူတွေရဲ့ လုပ်ရပ်တွေနဲ့ သူတို့ ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို လေ့လာအားထုတ်ရာမှာ မချို့တဲ့သင့်ဘူး။ ကျနော်တို့ဟာ ရှေ့လူတွေရဲ့ လုပ်ရပ်နဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီး၊ အဲသည့်ထဲက အတုယူစရာတွေ ရှိသလို၊ သင်ခန်းစာ ယူစရာတွေလည်း ရှိတယ်။ ကျနော်တို့ အလေးအမြတ်ပြုရမယ့် စံပြလုပ်ရပ်တွေကိုတော့ အတုယူပြီး၊ ကျနော်တို့ ဘေးဖြစ်စေမယ့် လုပ်ရပ်တွေကိုတော့ သင်ခန်းစာယူရမယ်။ ဒါဟာ လက်တွေ့နိုင်ငံရေးနယ်ထဲက သင်ကြားပို့ချလိုက်တဲ့ အခြင်းအရာတွေပါပဲ။

Min Thayt - Official

08 Jan, 05:19


နိုင်ငံရေးသမိုင်းပုံဖော်ချက်တွေမှာ၊ မဟာခေါင်းဆောင်ကြီးတစ်ယောက်ကိုပဲ အခြေပြုပြီး ပုံဖော်ရေးသားကြတာဟာ - လူသန်ကြီး၊ လူစွမ်းကောင်း၊ သူရဲကောင်း၊ အာဇာနည် ဆိုတာကို ကိုးကွယ်တဲ့၊ ကိုးစားတဲ့၊ အားကိုးတဲ့ စိတ်အခြေအနေကို ဖော်ပြနေပါတယ်။ သမိုင်းအဆက်ဆက်မှာ၊ လူတွေဟာ ဘေးဒုက္ခအမျိုးမျိုးကို ရောက်ကြရတယ်။ အထူးသဖြင့် လူလူချင်းပြုလုပ်တဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကို ခံစားခဲ့ကြရတယ်။ အဲသည့် ဘေးဒုက္ခတွေကို အားသန်တဲ့ လူသန်ကြီးတွေကပဲ ကာကွယ်ပေးနိုင်ကြတယ်လို့ ယူဆလက်ခံထားကြတယ်။ ဒါ့အပြင် လူတွေဟာ စိတ်ကူးနဲ့ ရိုမန်တိုက်ဇ် လုပ်တဲ့ အလေ့အထလည်း ရှိတယ်။ ရှေ့ဆောင်ဦးရွက်ပြုသူကို အလွန်အကျွံ အားကိုးတတ်တဲ့ အလေ့အထလည်း ရှိတယ်။ ဒီလိုအလေ့အထကြောင့် လူတွေဟာ သမိုင်းကို ပုံဖော်တဲ့အခါမှာ၊ Great Man Theory (လူသန်ကြီးသဘောတရား) ကို ဗဟိုပြု ပုံဖော်လေ့ရှိကြတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေကို သူရဲကောင်းဆန်ဆန် ဇာတ်ကြောင်းတွေနဲ့ ပေါင်းစပ်ပုံဖော်ပစ်လိုက်ကြတယ်။ ဒါ့အပြင် လူတစ်ဦးကို အပြောင်းအလဲအတွက် ခေါင်းဆောင်မှုသင်္ကေတအဖြစ် ပုံဖော်သလို၊ ကယ်တင်ရှင်တစ်ဦးအဖြစ်လည်းကောင်း ရိုမန်တစ်ဆန်ဆန် ပေါင်းစပ်ပုံဖော်တာတွေ ရှိလာတယ်။ အဲသည့်ထဲမှာ လူတွေရဲ့ အတ္တနောမတ္တိအရ၊ အပိုချဲ့ကား သိမ်းသွင်းစကားတွေလည်း ရောစပ်ပါဝင်လာတယ်။ အဲသည့်လို အပိုချဲ့ကား သိမ်းသွင်းစကားပြောထားတဲ့ သမိုင်းဇာတ်ကြောင်းတွေထဲမှာ ဒရာမာချိုးတာတွေနဲ့ ရိုမန်တစ်ဆန်မှုတွေကို ပေါင်းစပ်ပစ်လိုက်ကြတယ်။ တကယ်တော့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းမှာ၊ အပိုချဲ့ကား သိမ်းသွင်းစကားတွေကို ထိုးထည့်ပြီး - လူသန်ကြီးတစ်ယောက်တည်းအပေါ် အမွှမ်းတင်လိုက်ခြင်းဖြစ်ပါတယ်။ အတိတ်သမိုင်းက အောင်မြင်မှုများသည် - လူ့အဖွဲ့အစည်းနဲ့ လူ့အသိုင်းအဝိုင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ထွန်းပေါက်အောင်မြင်မှုဆိုတာထက် - လူသန်ကြီးတစ်ယောက်တည်းရဲ့ (ဦးဆောင်ခဲ့သူ တစ်ယောက်တည်းရဲ့) အမြော်အမြင်နဲ့ အရည်အချင်းသက်သက်ကြောင့် ဆိုတာမျိုးကို ဇောင်းပေး ပုံဖော်တာတွေ့ရပါတယ်။

❐ ဂျဲန်ဒါ ဘက်လိုက်မှု [Gender Bias]

မြန်မာတို့ရဲ့ နိုင်ငံရေးသမိုင်းဇာတ်ကြောင်းပုံဖော်ချက်တွေမှာ [Gender Bias] နဲ့ပတ်သက်ပြီး၊ အနံ့က ခပ်ဟောင်ဟောင်ဖြစ်နေတာတွေ့ရပါတယ်။ သမိုင်းဇာတ်ကြောင်း ပုံဖော်ချက်တွေမှာ သူရဲကောင်းဆန်ဆန် ရိုမန်တစ်ဇာတ်ကြောင်းတွေကို မကျော်လွန်နိုင်သလို၊ အဲသည့်လို လူသန်ကြီး သူရဲကောင်းတွေကို ရွေးချယ်ရာမှာလည်း ဖိုဝါဒလွှမ်းခြုံတဲ့ အမြင်အယူအဆတွေကိုသာ ခပ်များများတွေ့နေရပါတယ်။ သူရဲကောင်းတွေနဲ့ လူသန်ကြီးတွေကို ပုံဖော်ရာမှာ အမျိုးသား ယောက်ျားတွေကို ဗဟိုပြု ပုံဖော်ပြီး၊ အမျိုးသမီး - မိန်မတွေဟာ အပယ်ခံအဖြစ် လျစ်လျှူရှုခြင်း ခံရတာတွေ့ရပါတယ်။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေ၊ သမိုင်းဇာတ်ကြောင်းတွေကို ကြည့်ရင်လည်း အမျိုးသား - ယောက်ျား ခေါင်းဆောင်မှုတွေကိုပဲ ဦးစားပေး ပုံဖော်တာတွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို တန်းတူရည်တူ ပုံဖော်ကြတာမတွေ့ရသလို၊ အမျိုးသမီးတွေဟာ ခေါင်းဆောင်အမျိုးသားဇာတ်ကောင်တွေကို အားဖြည့်ပေးတဲ့ အဖြည့်ခံအဖြစ် ပုံဖော်တာတွေလည်း ရှိပါတယ်။ သူရဲကောင်း - လူသန်ကြီးတွေရဲ့ ရိုမန်တစ်ဇာတ်ကြောင်းတွေထဲမှာတော့ အမျိုးသမီးတွေဟာ တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါဝင်နေတာတွေ့ရပါတယ်။

❐ တစ်ကိုယ်တော် တစ်ဦးကောင်းအယူအဆ [Individual Agency]

ကျနော်တို့ မြန်မာစကားမှာ - "သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနား" ဆိုတဲ့ စကားရှိပါတယ်။ လူတစ်ယောက်စွမ်းလာပြီဆိုရင် - အများက စုပေါင်းအားကိုးထိုက်တယ်ဆိုတာမျိုး ညွှန်းဆိုတာတွေ့ရပါတယ်။ နိုင်ငံရေးသမိုင်းတွေမှာ Great Man Theory (လူသန်ကြီးသဘောတရား)ကို ကျော်ပြီး မရေးနိုင်တာဟာ - လူ့အဖွဲ့အစည်းနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍကို တစ်ဆင့်နိမ့်ပြီးတော့ ခေါင်းဆောင်တစ်ယောက်တည်း၊ ဦးဆောင်သူ တစ်ဦးတည်းရဲ့ အခန်းကဏ္ဍကို အလွန်အကျွံ ချဲ့ကား ဖန်တီးပုံဖော်ထားခြင်းဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ သမိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကပဲ အဓိက အခြင်းအရာဖြစ်သွားတယ်လို့ ယူဆလက်ခံပြီး သမိုင်းကို ပုံဖော်ခြင်းပါ။ စနစ်ရဲ့ အားသာချက်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးရှိ အုတ်မြစ်တွေရဲ့ အပံ့အပိုးကို မှေးမှိန်ထားပြီး၊ ခေါင်းဆောင်တစ်ဦးတည်းရဲ့ အရည်အချင်းကို အမွှမ်းတင်ပြီး၊ အပိုချဲ့ကားထားတဲ့ ဇာတ်ကြောင်းတွေကို အများဆုံးတွေ့ရပါတယ်။

❐ မွေးရာပါ အရည်အချင်းတွေ [Innate Leadership Qualities]

Min Thayt - Official

08 Jan, 05:19


■ အနော်ရထာမှ အောင်ဆန်းသို့

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင်၊ ကျနော်တို့ဟာ "Great Man Theory" ကနေ မကျော်နိုင်သေးဘူးဆိုတာ တွေ့ရတယ်။ အဲဒါက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးသမိုင်းဆိုင်ရာ အရေးအသားတွေမှာလည်း တွေ့ရတယ်။ ခေတ်အဆက်ဆက် ရေးသားမှတ်တမ်းပြုခဲ့တဲ့ နိုင်ငံရေးသမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေမှာလည်း တွေ့ရတယ်။ စာရေးဆရာ အမျိုးမျိုးက သမိုင်းနောက်ခံတွေ ရေးသားချက်တွေ၊ သမိုင်းဆိုင်ရာ အရေးအသားမျိုးတွေမှာလည်း တွေ့ရတယ်။ ပညာတတ်တွေ ရေးသားတင်ပြတဲ့ ဆိုင်ရာဆိုင်ရာ နိုင်ငံရေးသမိုင်းပုံစံ တင်ပြချက်တွေမှာလည်း "Great Man Theory" ချည်းကပ်ပုံကနေ မကျော်နိုင်ခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဒါက ကျနော်တို့ရဲ့ မြန်မာ့ဓလေ့နဲ့လည်း သက်ဆိုင်မယ် ထင်တယ်။ ကျနော်တို့ မြန်မာတွေဟာ အင်စတီကျူးရှင်းထက် - လူအပေါ်မှာ ပိုပြီး စွဲမြဲတယ်။ အဖွဲ့အစည်းဆိုတာထက် ခေါင်းဆောင်ကို ပိုပြီး ကြည့်တယ်။ မူထက် လူကို ပိုပြီး ကြည့်တယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး၊ တိုင်းပြည်တစ်ခုလုံးကို ခြုံငုံကြည့်တာထက်စာရင် ဘုရင်က ဘယ်သူလဲ၊ သမ္မတက ဘယ်သူလဲ၊ ဝန်ကြီးချုပ်က ဘယ်သူလဲ၊ စစ်ခေါင်းဆောင်က ဘယ်သူလဲ၊ ခေါင်းဆောင်က ဘယ်သူလဲဆိုတာကို ပိုပြီး ကြည့်တယ်။ ခေတ်ဟောင်းသမိုင်းမှတ်တမ်းတွေကို ကြည့်ရင်လည်း၊ လူ့အဖွဲ့အစည်းက ဘာတွေ ဘယ်လို လုပ်ခဲ့တယ်ဆိုတာထက် ဘုရင်တွေက ဘာတွေ ဘယ်လို လုပ်ခဲ့တယ်ဆိုတာကို တွေ့ရတဲ့ မှတ်တမ်းတွေက များတယ်။ သည့်နောက်ပိုင်း ခေတ်သစ်သမိုင်းလေ့လာချက်တွေမှာ၊ ဘက်မလိုက်ဘဲ တူးဖော်ရှာဖွေတဲ့ ဒေါက်တာသန်းထွန်းတို့လို လူတွေ ပေါ်လာမှပဲ၊ ခေတ်ဟောင်းသမိုင်းထဲက လူ့အဖွဲ့အစည်းတွေရဲ့ လူမှုစီးပွားအခြေအနေတွေနဲ့ လူမှုနိုင်ငံရေးအခြေအနေတွေကို နားလည်ခွင့် ရခဲ့တယ်။ ဒါတောင်မှ များများစားစား မဟုတ်ဘူး။ အောက်ခြေပြည်သူလူထုရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင် ဖော်ညွှန်းတဲ့ သမိုင်းမှတ်တမ်းတွေက ရှားပါးလွန်းတယ်။ ဘုရားသမိုင်း၊ ဘုရင်တွေသမိုင်းနဲ့ စစ်သမိုင်းတွေသာ အမြောက်အမြား တွေ့ရတယ်။ အဲသည့်ထဲမှာလည်း "Great Man" တစ်ယောက်တည်းကိုပဲ ဗဟိုပြု မှတ်တမ်းပြု တင်ဆက်တဲ့ သမိုင်းတွေ များတယ်။

ဒီဘက်ခေတ် ၊ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာလည်း ကျနော်တို့ရဲ့ ရှေ့လူတွေဟာ "Great Man - လူသန်ကြီး" တွေကို ဗဟိုပြုပြီးတော့ နိုင်ငံရေးသမိုင်းဆိုင်ရာ အရေးအသားတွေကို ရေးနေကြတုန်းပဲ။ ဒါက မရေးသင့်ဘူးလို့ မပြောလိုပါဘူး။ တခြားသော ချည်းကပ်မှုတွေနဲ့လည်း ရေးသားကြမှ၊ တော်ကာကျမယ်လို့ ထင်တာပါ။ နိုင်ငံရေးသမိုင်းကို ရေးသားပုံဖော်တဲ့နေရာမှာ ကျနော်တို့ဟာ လူ့အဖွဲ့အစည်းရဲ့ လုပ်ရပ်နဲ့ အပြုအမူတွေ၊ ပြီးတော့ သူတို့ရဲ့ တွေးခေါ်မှုတွေကို ပုံဖော်မှတ်တမ်းပြုနိုင်မှ ကောင်းမယ်။ ခေါင်းဆောင်တစ်ယောက်တည်းကိုပဲ ဗဟိုပြုပြီး မှတ်တမ်းလုပ်၊ သမိုင်းပုံဖော်ညွှန်းချက်တွေ များတယ်။ အဲဒါ ဘာ့ကြောင့်လဲလို့ အရင်းစစ်ကြည့်လိုက်ရင်၊ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုအတွေးအခေါ်တွေနဲ့ သက်ဆိုင်နေတာတွေ့ရတယ်။ ကျနော်တို့ မြန်မာတွေဟာ သူရဲကောင်း ကိုးကွယ်တဲ့ဓလေ့ရှိတယ်။ အာဏာရှိသူကို အထင်ကြီးတတ်တဲ့ စိတ်အခံ ရှိတယ်။ ဒါ့အပြင် မင်းလောင်းမျှော်တဲ့ အကျင့်လည်း ရှိတယ်။ အစိုးရမင်းကို အားကိုးမျှော်ကိုးတတ်တဲ့ အကျင့်လည်း ရှိတယ်။ အင်အားကြီးသူကို အထင်ကြီးတဲ့စိတ် ရှိတယ်။ လက်နက်ရှိတဲ့သူဆိုရင် ကြောက်တဲ့စိတ် ရှိသလို၊ အထင်ကြီးတဲ့စိတ်လည်း ရှိတယ်။ တစ်ဖက်မှာလည်း လက်နက်ရှိသူကို ရွံတဲ့စိတ်လည်း ရှိတာတွေ့ရတယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့ အလေ့လည်း ရှိတယ်။ အထင်ကြီးလေးစားမိပြီဆိုရင် ယုံကြည်ရုံတင်မက အားကိုးတဲ့စိတ်လည်း ရှိသလို၊ ကိုးကွယ်တဲ့အဆင့်အထိပါ ရောက်လေ့ရှိတယ်။ ဒါတွေက သမိုင်းဆိုင်ရာပုံဖော်ချက်တွေမှာ၊ "Great Man - လူသန်ကြီး" သဘောတရားကို ကျော်ပြီး သမိုင်းကို မှတ်တမ်းမတင်နိုင်ခြင်းရဲ့ အဓိက အခြင်းအရာတွေလို့ ပြောနိုင်တယ်။

ကျနော်တို့ မျိုးဆက်တွေဟာ ဘာလို့ ၊ နိုင်ငံရေးသမိုင်းတွေနဲ့ပတ်သက်ရင် - အများဆုံးသော သမိုင်းဇာတ်ကြောင်းတွေဟာ "Great Man" တွေကိုပဲ ဗဟိုပြုပုံဖော်မှတ်တမ်းတင် သုံးသပ်ထားတဲ့ သမိုင်းဇာတ်ကြောင်းတွေချည်း ဖြစ်နေရသလဲ။ သမိုင်းကို ပုံဖော်တို့အတွက် လူသန်ကြီးတွေပဲ လိုအပ်နေတာဖြစ်တယ်လို့ မှတ်ယူနေခြင်းကြောင့်လား။ သမိုင်းလေ့လာချက်တွေမှာ "Great Man Theory" ဆိုတာမှာ ဘယ်လို ဝိသေသတွေက ထင်ထင်ရှားရှားတွေ့ရသလဲ။ အနည်းငယ် လေ့လာကြည့်ရအောင်ပါ။

❐ ဟီးရိုးဇာတ်ကြောင်းများ [Heroic Narratives]

Min Thayt - Official

08 Jan, 05:19


နိုင်ငံရေးသမိုင်းတွေကို ပုံဖော်တဲ့နေရာမှာ၊ Great Man Theory ကို မကျော်လွန်နိုင်တာကြောင့်၊ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ၊ သတ္တိဗျတ္တိနဲ့ ပြတ်သားမှု ဆိုတာတွေက မွေးရာပါ အရည်အချင်းတွေအဖြစ် ပါလာတယ်ဆိုတာကို ခိုင်ခိုင်မာမာ ဖော်ညွှန်းကြတာတွေ့ရပါတယ်။ ကြီးမြတ်တဲ့ခေါင်းဆောင်တွေဖြစ်လာခြင်းကိုယ်၌က၊ သဘာဝက ပေးတဲ့ လက်ဆောင်အဖြစ် ရရှိထားနိုင်တာကြောင့် အခြားသူတွေထက် မြင့်မားလာတယ်ဆိုတာကို ဇောင်းပေးဖော်ညွှန်းကြတာတွေ့ရတယ်။ ဒီလို မွေးရာပါ အရည်အချင်းတွေကပဲ ခေါင်းဆောင်နေရာကို ရောက်လာပြီး၊ သမိုင်းမှာ ထင်ရှားလာတယ်ဆိုတာကို ညွှန်းဆိုနေတာတွေ များလွန်းနေပါတယ်။


မင်းသေ့
၈ ဇန်နဝါရီလ ၂၀၂၅

Min Thayt - Official

07 Jan, 16:16


❐ Political dynamics refer to the shifts and changes in political power, alliances, and governance structures within a society.

Political dynamics ဆိုတဲ့ စကားလုံးကို၊ ကျနော်တို့ ဗမာစာရေးဆရာတွေက "ဒိုင်းနမစ်" ဆိုတဲ့ အသုံးကို တိုက်ရိုက်အသံဖလှယ်ယူပြီး၊ စာတွေထဲ ထည့်ရေးပါတယ်။ နိုင်ငံရေးစကားတွေ ပြောလေ့ရှိကြရင်၊ "ဒီကိစ္စကတော့ သိပ်ကို ဒိုင်းနမစ်ဖြစ်တယ်ကွာ" လို့ ပြောလေ့ရှိတယ်။ ဒီအခြေအနေကတော့ အင်မတန် ဒိုင်းနမစ်ဖြစ်တယ်။ နည်းနည်း သတိထားဖို့ လိုမယ်...ဆိုတာတွေ ထည့်ပြောလေ့ရှိတယ်။ တကယ်တော့ political dynamics လို့ ခေါ်တဲ့ နိုင်ငံရေးဒိုင်းနမစ် ဆိုတာ ဘာကို ပြောတာလဲ။ ဒိုင်းနမစ် [Dynamic] ဆိုတဲ့ အနက်သဘောက ဘာလဲ။

1. (of a process or system) characterized by constant change, activity, or progress.
2. a force that stimulates change or progress within a system or process.

ဒါက ကျနော်တို့ ညွှန်းဆိုတဲ့ ဒိုင်းနမစ်ရဲ့ ဆိုလိုချက်အနက်ပါ။
နိုင်ငံရေးဒိုင်းနမစ် [political dynamics] လို့ ပြောရင်တော့၊ နိုင်ငံရေးအရွေ့တွေနဲ့ အပြောင်းအလဲတွေကို ပြောတာပါ။
(Political Shifts and Changes) တွေပေါ့။

Shift ဆိုတာက ဘာလဲ။
နိုင်ငံရေးအရွေ့ကို ခေါ်တာ။
အဲသည့်အရွေ့က (အထိုင်တွေ ရွေ့သွားတာကို ဆိုလိုတာဖြစ်တယ်)

1. move or cause to move from one place to another, especially over a small distance.
2. a slight change in position, direction, or tendency.

တကယ်တော့ နိုင်ငံရေးဒိုင်းနမစ်ဆိုတာ တည်ဆဲ အထိုင်ကျနေပြီးသား အနေအထားတွေကနေ အနည်းငယ်လေးမျှ "အထိုင်တွေ ရွေ့ကုန်ကြရင်" ဒါကို political shift လို့ သုံးတာပါ။ နိုင်ငံရေးဒိုင်းနမစ်တွေဆိုတာ နိုင်ငံရေးအထိုင်တွေ ရွေ့ကုန်ကြပြီ၊ အခြေအနေ အပြောင်းအလဲတွေနဲ့ ကြုံနေကြရပြီလို့ ညွှန်းတာဖြစ်တယ်။ [Political dynamics refer to the shifts and changes in political power, alliances, and governance structures within a society.] နိုင်ငံရေးဒိုင်းနမစ်ဆိုတာဟာ - အစုအဖွဲ့တွေရဲ့ နိုင်ငံရေးအထိုင်တွေ ရွေ့ကုန်ကြပြီ၊ ပြောင်းကုန်ပြီ၊ စီမံအုပ်ချုပ်တဲ့ဖွဲ့စည်းပုံတွေလည်း လူ့အဖွဲ့အစည်းထဲမှာ ရွေ့ကုန်၊ ပြောင်းကုန်ကြပြီ။ လုပ်ထားတဲ့ မဟာမိတ်တွေလည်း တချို့က ခပ်တန်းတန်းတွေဖြစ်ကုန်တာ၊ ဒါမှမဟုတ် ရန်သူလို့ တချိန်လုံးထင်နေခဲ့တဲ့သူတွေနဲ့ စကားတွေပြော - အဆက်အဆံတွေ ပြန်လုပ်မိကြတာ၊ နိုင်ငံရေးအာဏာတွေလည်း ယခင် ရှိသူက မဲ့၊ မဲ့သူက ရှိ၊ နည်းသူက ကြီး၊ ကြီးသူက ချို့... စသည်ဖြင့် အခြေအနေ အပြောင်းအလဲ၊ ဖြစ်စဉ်အပြောင်းအလဲ၊ အထိုင်အပြောင်းအလဲ၊ ဖြစ်ရပ် - ဖြစ်စဉ် အပြောင်းအလဲတွေကို ညွှန်းဆိုတာလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

အပြောင်းအလဲနဲ့ အရွေ့တွေက သိပ်မြန်လွန်းသွားခဲ့ရင်၊
သို့မဟုတ်
မူလအထိုင်ကနေ ရွေ့ကုန်ကြပြီဆိုရင်၊
ဒါကို "ပိုလိုက်တစ်ကယ် ဒိုင်းနမစ်" လို့ ယူဆနားလည်လို့ ရပါကြောင်း ခင်ဗျား....

မင်းသေ့
၇ ဇန်နဝါရီ ၂၀၂၅

Min Thayt - Official

07 Jan, 16:16


ဒါ့ကြောင့် အားနေရင်၊ ဗမာတို့ဟာ အတင်းအဖျင်းပြောတာ - စကားနဲ့ ရန်လို တိုက်ခိုက်တာတွေနဲ့ သိပ်အကျွမ်းတဝင်ဖြစ်လှတယ်။ ဒါတွေကို ကျနော်တို့ စာရေးသူတွေ - စာဖတ်သူတွေရဲ့ အမူအကျင့်စရိုက်တွေမှာလည်း တွေ့ရတာပဲ။ စာဖတ်သူနဲ့ စာရေးသူတွေအကြား ဆက်ဆံရေးဓလေ့ကလည်း ဗမာတို့ရဲ့ အကျင့်ဓလေ့အပေါ်မှာ အများကြီး မူတည်နေတဲ့ ဒါတွေက ဒီလို တွေ့နေရတာပဲ။

ကျနော်ကတော့ စာကို သိပ်ပြီး အီလေးဆွဲပြီး မရေးချင်ဘူး။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပဲ ရေးချင်တယ်။ အဲသည့်လို ပြောလို့၊ ဒီကောင် အကယ်ဒမစ် မဆန်လိုက်တာလို့ ပြောရင်လည်း ၊ ဟုတ်တယ်။ ကျနော်က အကယ်ဒမစ်သမားမှ မဟုတ်တာလို့ ပြောမယ်။ ဒါပေမယ့် ကြောင်းကျိုးဆီလျှော်မှုနဲ့ သဘာဝကျမှုကိုတော့ မလွန်ဆန်ဘူး။ လက်တွေ့အဖြစ်ကို ပြောတာဖြစ်ရမယ်။ ကြောင်းကျိုးဆက်စပ်မှု ရှိရမယ်။ သဘာဝကျကျ ပြောရမယ်။ ဖြစ်နေတာကို ဖြစ်နေတယ်လို့ မလိမ်လည် မလှည့်စားဘဲနဲ့ ပြောရမယ်။ အဲသည့်နေရာမှာ ချင့်ချိန်တာက ပုဂ္ဂလဓိဋ္ဌာန် မပြောဘူး။ ဓမ္မဓိဋ္ဌာန်ပဲ ပြောမယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မလုပ်ဘူး။ လူတစ်ဦးတစ်ယောက်ကို အပုတ်ချတာမျိုး မလုပ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာနဲ့ ဖြစ်စဉ်တွေကို ဒဲ့ပြောရမယ်။ ဒဲ့ရေးရမယ်။ တခါတရံ ဝေဖန်ချက်တွေက ပိဿလေး ဘေးပစ်သလို အောင့်ခနဲ ဖြစ်လိမ့်မယ်။ အဲသည့်လို ဖြစ်မှ မှတ်မိမယ်လို့ ထင်ရင် အဲသည့်လို ရေးတယ်။ ဆန်ရင်းနာနာဖွပ် ဆိုတဲ့ စကားလည်း ရှိတယ်။ ကိုယ့်ဗမာတွေနဲ့ပတ်သက်ရင်၊ ငါတို့ဟာ မထောက်မညှာတမ်း ခပ်နာနာ ပြောရမယ်။ ဒါဖြစ်နေတယ်၊ ဒါမှားနေတယ်၊ ဒါက မဖြစ်သင့်ဘူး၊ ဒါက မလုပ်သင့်ဘူး၊ ဒါကို သေချာ စဉ်းစားရမယ်ဆိုတာတွေကို နားလည်သဘောပေါက်အောင် ပြောရ ရေးရမယ်။ ရောချလို့ မရဘူး။ မျှောလိုက်နေလို့ မရဘူး။ ဘယ်သူ ကျွေးတဲ့ထမင်းကိုမှ၊ စားနေတာ မဟုတ်လို့ - ဗမာ့လူ့အဖွဲ့အစည်းနဲ့ပတ်သက်ရင်၊ အားမနာတမ်း မထောက်မညှာ ပြောကို ပြောရမယ်၊ ရေးကို ရေးရမယ်ဆိုတဲ့စိတ်ရှိတယ်။ အားနာနာနဲ့ မျက်နှာငဲ့ရမယ့် ကိစ္စတွေ ရှိရင် ဂတိအစွဲ ရှိတယ်လို့ ထင်တယ်။

မင်းသေ့
၇ ဇန်နဝါရီ ၂၀၂၅

Min Thayt - Official

07 Jan, 16:16


လူတချို့က မှတ်ချက်ပေးတယ်။ "မင်းသေ့ရဲ့ ကောက်ချက်တွေက ရဲလွန်းတယ်၊ ကြမ်းလွန်းတယ်" လို့ ပြောတယ်။ အဲဒါကို ကျနော် ဝန်ခံပါတယ်။ ဟုတ်ပါတယ်။ ဘာလို့လဲ။ ဒါကို အကယ်ဒမစ် မဖြစ်ဘူးလို့ ဆိုလိုတာလား။ ဖြစ်စရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ပညာရှင်တစ်ယောက် မဟုတ်ဘူး၊ စကော်လာတစ်ယောက်လည်း မဟုတ်ပါဘူး။ သာမန် နိုင်ငံရေးစာရေးဆရာတစ်ယောက်သက်သက်မို့ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် တချို့သော ကောက်ချက်တွေကို ဘာလို့ ဒီလောက် ရဲရဲတင်းတင်း ပြောသလဲ၊ ရေးသလဲ ဆိုတဲ့ အကြောင်း ရှိတယ်။ အဲသည့်လို လုပ်ရခြင်း အကြောင်း ရှိတယ်။ အဲဒါက ကျနော်တို့ ဗမာ့အကျင့် - ဗမာ့စရိုက်နဲ့ ဆိုင်တယ်။ ပထမဆုံးတစ်ခုက - အရေးအသားတင်ပြပုံ (tone and presentation style) လို့ ပြောချင်တယ်။ ကျနော့် ရှေ့က ဆရာ့ဆရာတွေ အတော်များများကတော့ အားနာသမှု ရှိဟန်တူတယ်။ ကျနော်တို့ ဗမာ့အလေ့မှာလည်း၊ အားနာတဲ့ အလေ့အထလေ့ရှိတယ်။ ဒါ့ကြောင့် ပြောစရာရှိတယ်ဆိုရင်တောင်မှ၊ ဘွင်းဘွင်းနဲ့ ဒုံးဒုံးဒိုင်းဒိုင်း ပြောလေ့မရှိဘူး။ အရိပ်အမွက်နဲ့ ပြောတယ်။ ရိပ်ဖမ်းသံဖမ်းပြောတယ်။ ကွေ့ဝိုက်ပြီးတော့ ပြောတယ်။ သွယ်ဝိုက်ပြီးတော့ ပြောတယ်။ ဥပမာ - ဥပမေယျတွေ သုံးပြီး ပြောတယ်။ အဲဒါက အားနာတာလည်း ပါတယ်။ ဗမာတို့အလေ့အရ၊ နားဝင်အောင် ပြောတဲ့ tone နဲ့ presentation style အတွက်လည်းဖြစ်ကောင်းဖြစ်မယ်။ နားချတယ်ဆိုတာ ဗမာစကားမှာ ရှိတယ်။ အားတုံ့အားနာဆိုတဲ့ စကားလည်း ရှိတယ်။ တခါတရံလည်း တပါးသူကို စော်ကားသလိုဖြစ်မှာစိုးလို့ အဲသည့်လို သွယ်ဝိုက်ရေးတာ ရှိတယ်။ ဗမာတို့ အလေ့မှာ၊ အမှားကို အမှားလို့ ဒဲ့မပြောဘဲနဲ့ နားလည်သဘောပေါက်အောင် ဥပမာတွေနဲ့ ပြောပြဆုံးမတာတွေလည်း ရှိတယ်။ ဆင်ခြင်ဖို့ သုံးသပ်ဖို့ ဆိုတာတေွ ပြောလေ့ရှိတယ်။ ကာယကံရှင်ကိုယ်တိုင်က နားလည်ပြီး ပြုပြင်ချင်အောင် လုပ်တာဖြစ်တယ်။ ဗမာတို့ အကျင့်က အမှားကို အမှားမှန်းသိတယ်ဆိုရင်တောင်မှ၊ သူများလာပြောရင် မခံချင်ဘဲ အမှားကို ဘူးခံငြင်းပြီး ဆက်မှားနေတာမျိုးရှိတယ်။ ဒါ့ကြောင့် အမှားကို ကိုယ်တိုင် သိလာအောင်၊ တခြားသူကလည်း စွတ်စွဲသလို မဖြစ်အောင် သတိထားရေးလေ့ရှိတယ်။ ပြီးတော့ ဗမာတို့ စကားမှာ "နှိုင်းနှိုင်းချိန်ချိန် သုခမိန်" ဆိုတဲ့စကားလည်း ရှိတယ်။ ရေးတဲ့သားတဲ့အခါမှာ - ဟော့ဟော့ဒိုင်းဒိုင်းရေးတာကို ဗမာတို့က သိပ်ပြီး ခံတွင်းမတွေ့လှဘူး။ ချင့်ချင့်ချိန်ချိန်နဲ့ ပညာရှိလေသံလေးနှောမှ၊ ဒါဟာ လက်ခံချင်စရာဖြစ်တယ်လို့ ထင်လေ့ရှိတယ်။ ဒါကတော့ ဗမာတို့ရဲ့ သမားရိုးကျ ရှေးဟောင်းအစဉ်အလာ အလေ့အထကို ပြောတာပါ။

ဒါပေမယ့် ဒီဘက်ခေတ်က speed ခေတ်ဖြစ်တယ်။ အမြန် - အမြန် - အရံသင့် အဆင်သင့်ဆိုတာက အဓိက ဦးစားပေးဖြစ်တယ်။ ဘယ်သူ့ကို ထောက်ခံရမယ်၊ ဘယ်ဘက်မှာ ရပ်ရမလဲဆိုတာတောင်မှ၊ သူများ စဉ်းစားပေးပြီးသားကို အရံသင့်လက်ခံချင်တယ်။ စဉ်းစားတာကို ရှည်ရှည်ဝေးဝေး မလုပ်ချင်ဘူး။ ဒုံးဒုံးဒိုင်းဒိုင်းခေတ်။ ဒီတော့ ဗမာတို့လည်း ဘယ်လောက်ပဲ နှိုင်းနှိုင်းချိန်ချိန် - ချင့်ချင့်ချိန်ချိန်ကို သဘောကျတယ်ပဲပြောပြော၊ သိပ်လေးနေရင် သဘောမကျတော့ဘူး။ "ခပ်မြန်မြန် ပြောဗျာ၊ ကြာတယ်" လို့ မှတ်ချက်ပေးတယ်။ ဗမာတို့နားက "ပိဿလေး ဘေးပစ်သလို ပြောရင် စိတ်ထဲမှာ အောင့်ခနဲ ဖြစ်တယ်လေ" အဲသည့်လို ပြောလိုက်ရင်လည်း နာလေ့ရှိတယ်။ ခံချင်လားဆိုတော့ မခံချင်ဘူး။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေပြန်တယ်။ ဟုတ်တော့ရော ပြင်လားဆိုရင် ပေကပ်ကပ်လုပ်နေတယ်။ တကယ်တော့ ကျနော် စာရေးတာကလည်း သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေသလိုဖြစ်နေတယ်။

ကိုယ်တွေကလည်း ပိဿလေး ဘေးပစ်သလို ရေး။ ဟုတ်တာတွေ ရှိပေမယ့်၊ မပြင်ချင်ဘဲ ပေကပ်ကပ်လုပ်။ ကိုယ်ကလည်း မှားနေတာ၊ လွဲနေတာတွေကို နားချသလို သိုင်းဝိုင်းပြီး ချော့မော့ မပြောချင်။ အပြောခံရသူကလည်း ထိလိုက်ရင် အောင့်ခနဲ ဖြစ်လို့ ၊ အမြင်ကပ်တယ်။ အမြင်ကပ်လို့လည်း၊ "အမြင်ကပ်လို့ကို၊ မပြင်တာကွာ" ဆိုတဲ့ အချိုးမျိုးတွေ့ရတယ်။ မှားနေတာ သိတယ်၊ လွဲနေတာ သိတယ်၊ သိသိကြီးနဲ့ မပြင်ချင်လို့ မပြင်တာကွာ...ဆိုတဲ့ ဘဲ့တိုက်တဲ့အမြင်မျိုးတွေ ရှိတယ်။ ဒါကလည်း ဗမာ့အကျင့်ပဲ။ ဗမာတို့ အကျင့်က ဒီလိုပဲ။ မှားတာကိုလည်း ဝန်မခံဘူး။ လေပြေလေးနဲ့ တပါးသူက နားချသလို ပြောရင်လည်း နွဲ့ဆိုး, ဆိုးချင်တယ်။ ဆင်ခြေဆင်လက်ပေးချင်တယ်။ ဒဲ့ပြောလို့ ငြင်းမရတော့ရင်လည်း - မှားမှန်းသိတယ်ကွာ၊ $မြင်ကပ်လို့ကို မလုပ်တာ၊ တမင် ဒါကို လုပ်တာ၊ မင်းကို အမြင်ကပ်လို့ကို မပြင်တာကွာ...ဆိုတဲ့ အချိုးမျိုးရှိတယ်။ ဒါက ဗမာတို့ အကျင့်ပါပဲ။ ကျနော်တို့ ငယ်ငယ်တုန်းက စကားတစ်ခု ပြောလေ့ရှိတယ်။ ဒီကောင့်ကြည့်ရတာ ပေစောင်းစောင်းနဲ့ ဆိုတဲ့မျိုး။ စိတ်ထဲမှာကို၊ ထော်လော်ကန့်လန့်ဖြစ်နေတာ။ အဲဒါကို အမြင်ကပ်နေတာမျိုး။ နေရင်းထိုင်ရင်းနဲ့ အဲသည့်လူကို ဘယ်လို တွယ်ရမလဲ စောင့်နေတာ။ ဒါတွေက ဗမာတို့ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တွေပါပဲ။

Min Thayt - Official

07 Jan, 04:18


လက်တွေ့နိုင်ငံရေးမှာ၊ အမြဲတမ်းလိုလို မြင်နေ ကြားနေရတဲ့ကိစ္စ တစ်ခု ပြောချင်ပါတယ်။ များသောအားဖြင့် ကျနော်တို့ အတော်များများက "စုစည်းပါ၊ ညီညွတ်ပါ၊ ပေါင်းစည်းပါ၊ မကွဲပြဲကြပါနဲ့" စသည်ဖြင့် တိုက်တွန်းကြတယ်။ တချို့ကလည်း ဘယ်လိုမှ ပေါင်းစည်းဖို့ အခြေခံအုတ်မြစ်မှာကို၊ မတူညီကြတာကြောင့် ပေါင်းစည်းဖို့ ခက်တာ၊ ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့လည်း ဦးတည်ချက်နဲ့ ရည်မှန်းချက်၊ မျှော်ရည်ချက်တွေကို ကြည့်လိုက်ရင် သိပ်မကွာဘူး။ စကားလုံးအသုံးအနှုန်းလောက်သာ ကွာချင်ကွာမယ်။ အနှစ်သာရက အတူတူပဲ။ ဦးတည်ချက် ပန်းတိုင်က အတူတူပဲ။ ဒါပေမယ့် သူတို့တတွေ မပေါင်းနိုင်ကြဘူး။ မဆွေးနွေးနိုင်ကြဘူး။ ခွဲထွက်အဖွဲ့တွေလည်း ရှိတယ်။ တချို့လည်း မူအားဖြင့် မတူကြလို့ ကွဲပြဲကြတယ်၊ ခွဲထွက်ကြရတယ်....လို့ ပြောလေ့ရှိတယ်။

တကယ်တော့ နိုင်ငံရေးမှာ မူအားဖြင့် မတူညီလို့ဆိုတဲ့ အကြောင်းပြချက်တွေ ပေးရင်၊ ကျနော်တို့ သတိထားကြည့်ရမှာ တစ်ခုရှိတယ်။ အဲဒါက "အကျိုးစီးပွား" ပဲ။ မူတွေ မတူလို့ မပေါင်းစည်းနိုင်ကြဘူး၊ တွဲမလုပ်နိုင်ကြဘူး၊ တပ်ပေါင်းစုမဖွဲ့နိုင်ကြဘူးလို့ ပြောနေတာတွေရဲ့ နောက်ကွယ်က Hidden factor (မြှုပ်ထားတဲ့အချက်) တချို့က ဘာလဲဆိုတော့ "အကျိုးစီးပွား" ဖြစ်နေတတ်တယ်။ တခါတရံလည်း အကျိုးစီးပွား မဟုတ်ဘူး။ လူအချင်းချင်း မတည့်တာ။ ပုဂ္ဂိုလ်ရေးအာဃာတတွေနဲ့ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုတွေ၊ မာနတွေ ခံနေတာ။ ဒါတွေကြောင့်လည်း မပေါင်းနိုင်မစည်းနိုင်ဖြစ်ကြရတာပဲ။ အဲဒါကြောင့် လက်တွေ့နိုင်ငံရေးမှာ ကျနော်တို့ဟာ မူအားဖြင့် မတူညီကြလို့ စကားမပြောဖြစ်ကြတာ၊ မပေါင်းစည်းနိုင်ကြတာလို့ ပြောရင် - တကယ်တော့ အဲဒါ မူကြောင့်ဖြစ်ချင်မှ ဖြစ်မယ်။ တချို့လည်း ရည်မှန်းချက်တူတယ်၊ ဦးတည်ချက်တူတယ်၊ ပန်းတိုင်က အတူတူပဲ။ အကောင်အထည်ဖော်မယ့် နည်းနာကွဲတာ။ နည်းဗျူဟာ ကွဲပြားတာ။ ဒါကိုပဲ မူအားဖြင့် မတူညီကြဘူးလို့ ပြောကြတာလည်း ရှိတယ်။ တချို့ကျတော့လည်း လူကြားသူကြားထဲမှာတော့ - မူဝါဒအားဖြင့် မတူညီကြလို့ ဆိုတဲ့ အကြောင်းပြချက်ပေးပေမယ့်၊ တကယ်တော့ အဲဒါ မူကြောင့် ဟုတ်ချင်မှ ဟုတ်မှာ။ အဲဒါကို သေချာ စူးစူးစိုက်စိုက် လေ့လာဆန်းစစ်ကြည့်ဖို့ လိုတယ်။ မူကြောင့် မဟုတ်ဘဲ၊ အကျိုးစီးပွားကြောင့်သော်လည်းကောင်း - ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့်သော်လည်းကောင်း မပေါင်းနိုင် မစည်းနိုင်ကြတာမျိုး၊ ကွဲပြဲကြတာမျိုးတွေ ဖြစ်နေနိုင်တာများတယ်။

လက်တွေ့နိုင်ငံရေးဖြတ်သန်းမှုတွေထဲမှာ၊ ကျနော် ရှုမြင်ခွင့်ရတဲ့ မြင်ကွင်းဟာ ဒါတွေ ပါနေတယ်ဆိုတာကို လက်တို့တာပါ။

မင်းသေ့
၇ ဇန်နဝါရီ ၂၀၂၅

Min Thayt - Official

06 Jan, 03:04


ကာတွန်း - မောင်နန္ဒ [၂၀၁၅]

Min Thayt - Official

06 Jan, 03:03


ကျနော်တို့ ဗမာတွေ ပြောလေ့ရှိတဲ့ စတိုရီပုံပြင်တစ်ခုရှိပါတယ်။ မဟော်သဓာဇာတ်တော်ထဲက သားတရားစီရင်ခန်းဖြစ်ပါတယ်။ အဲသည့် စတိုရီဟာ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက အင်မတန် ခေတ်စားခဲ့ဖူးပါတယ်။ ၎င်းဇာတ်တော်ထဲမှာ မိခင်အရင်းနဲ့ ဘီလူးမတို့ဟာ ခလေးကို အပြိုင်လုကြပါတယ်။ ရွေးကောက်ပွဲမှာ ကိုယ့်ဘက် ပါစေချင်သူတွေက ဘီလူးမကို ဗီလိန်လုပ်ပြီး၊ ကန့်ကွက်ကြဖို့ ပြောပါတယ်။ တကယ်တော့ လက်တွေ့နိုင်ငံရေးမှာ ပြည်သူလူထုအတွက် မိခင်အရင်းဆိုတာမရှိပါဘူး။ နှစ်ဖက်စလုံးက ဘီလူးမတွေပါပဲ။ ဘီလူးမနှစ်ကောင် အပြိုင်လုနေတာကို၊ ပြည်သူလူထုက ခံနေကြရတာပါ။ ဒါကို သတိမူမိဖို့ လိုပါတယ်။

မင်းသေ့
၆ ဇန်နဝါရီ ၂၀၂၅

Min Thayt - Official

06 Jan, 03:03


ပေါ်ပြူလစ်တွေနဲ့ အမုန်းစကား ပြောဆိုမှုတွေ အကြား ဆက်စပ်မှုကို ပြောပြီးပြီ ဖြစ်ပါတယ်။ အမုန်းစကားတွေကို ဖန်တရာတေအောင် ပြောခြင်းဟာ ပေါ်ပြူလစ်တွေ အသုံးပြုလေ့ရှိတဲ့ နည်းနာတစ်ခုဖြစ်ပါတယ်။ ဘာ့ကြောင့် အမုန်းစကားကို လက်နက်တစ်ခုလို ပေါ်ပြူလစ်တွေက အသုံးချရသလဲဆိုရင် - ခံစားချက်တွေကို ကုလားဖန်ထိုးဖွဖို့ ဖြစ်ပါတယ်။ ဒါကို [Emotional Manipulation] လို့ ခေါ်ပါတယ်။ ခံစားချက်တွေကို ကုလားဖန်ထိုးပြီးရင် အဲဒါကို ဘယ်ဘက်ကို ဆွဲယူဖို့ ပေါ်ပြူလစ်တွေက ကြိုးစားလေ့ရှိပါသလဲ။ [Negative Emotional Trend] လို့ခေါ်တဲ့ အဆိုးမြင်အပျက်တွေး ခံစားချက်တွေဆီကို ရောက်အောင် ဆွဲခေါ်ဖို့ပါ။ ကျနော်တို့ ဗမာစကားမှာ "ငိုချင်လျက် လက်တို့" ဆိုတဲ့ စကားရှိပါတယ်။ နဂိုကတည်းက ငိုချင်ချင်ဖြစ်နေတဲ့သူကို လက်တို့ လိုက်တဲ့အခါ၊ တားမနိုင်ဆီးမရလောက်အောင် ငိုကြွေးပါတော့တယ်။ ဒီတော့ အမုန်း၊ အငြိုးနဲ့ အာဃာတတွေ လုံးထွေးနေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ၊ အမုန်းစကားတွေနဲ့ ခံစားချက်တွေကို ကုလားဖန်ထိုးဖို့ မခက်ခဲတာတွေ့ရပါတယ်။ အဆိုးမြင်အပျက်တွေး ခံစားချက်တွေကို ကြွသထက်ကြွအောင် လုပ်ပြီး၊ ဘက်ခွဲခြားမှုတွေကို ပြင်းထက်သထက် ပြင်းထန်အောင် လုပ်ယူကြခြင်းဖြစ်ပါတယ်။ သုတေသနစစ်တမ်းတချို့ရဲ့ ညွှန်းဆိုချက်အရ၊ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေဟာ ဘာလို့ အဆိုးမြင်အပျက်တွေး ခံစားချက်ရေစီးတွေကို ကြီးမားသထက် ကြီးမားအောင် လူမှုမီဒီယာတွေကို အသုံးချပြီး ဆွဲခေါ်သလဲလို့ ပြောရင် - polarization လို့ ခေါ်တဲ့ နိုင်ငံရေးအစွန်းတွေဆီကို ရောက်အောင် တွန်းပို့ဖို့ ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းထဲမှာ "အဖြူနဲ့ အမည်း" နှစ်မျိုးတည်းသာ ရှိတယ်လို့ ၊ လူအများကို အထင်ရောက်စေခြင်းပါ။ လူ့အဖွဲ့အစည်းထဲမှာ "ရန်သူနဲ့ မိတ်ဆွေ" နှစ်မျိုးတည်းသာရှိတယ်လို့၊ လူအများစုကို အထင်ရောက်စေခြင်းပါ။ နိုင်ငံအတွင်းမှာ "သူတော်ကောင်းနဲ့ မကောင်းဆိုးဝါး" နှစ်မျိုးပဲ ရှိတယ်ဆိုတာကို၊ လူအများကို ထင်မှတ်စေခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဗမာ့ဓလေ့အရ ပြောလေ့ရှိသလို ပြောရရင်တော့၊ လူ့လောကထဲမှာ "ဘုရားအလောင်းနဲ့ ဒေဝဒတ်" နှစ်မျိုးသာရှိတယ်လို့ အထင်ရောက်စေခြင်းပါ။ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ ပြောရင်တော့ နိုင်ငံရေးထဲမှာ "ဓမ္မနဲ့ အဓမ္မ" နှစ်မျိုးတည်းသာ ရှိနေတယ်လို့ အထင်ရောက်စေခြင်းပါ။ လက်တွေ့ လောကဟာ အဖြူနဲ့ အမည်း၊ ရန်သူနဲ့ မိတ်ဆွေ၊ သူတော်ကောင်းနဲ့ မကောင်းဆိုးဝါး၊ ဘုရားအလောင်းနဲ့ ဒေဝဒတ်၊ ဓမ္မနဲ့ အဓမ္မ ... ဆိုတဲ့ ဘက်နှစ်ဘက်တည်းသာ ရှိတာ မဟုတ်ပါဘူး။ အဖြူနဲ့ အမည်းအပြင်၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ ခရမ်း၊ နီညို၊ မိုးပြာ၊ နက်ပြာ၊ ပန်းနု... စသည်ဖြင့် အရောင်မျိုးကွဲတွေ အမြောက်အမြား ရှိနေပါတယ်။ လူ့ပတ်ဝန်းကျင်ထဲမှာ ရန်သူနဲ့ မိတ်ဆွေ ဆိုတာထက်၊ ရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေလည်း အမြောက်အမြားရှိနေပြီး ဖြစ်ပါတယ်။ တကယ့်လောကထဲမှာ သူတော်ကောင်းစစ်စစ်၊ မကောင်းဆိုးဝါး စစ်စစ်ဆိုတာကို ဘယ်အရာတွေနဲ့ တိုင်းတာပိုင်းဖြတ်ပါသလဲ။ လောကအဆိုအရ၊ သတ်ဖြတ်ခြင်းမှာတောင် ကိုယ့်ဘက်က သတ်ဖြတ်ခြင်းဟာ တရားတယ်လို့ ယူဆလက်ခံတာတွေ အမြောက်အမြား ရှိနေပါတယ်။ ကျနော်တို့ဟာ အခြေခံသဘောတရားတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုနေပါတယ်။ ဗလုံးဗထွေးနဲ့ ရောကောသောကောနားလည်နေလို့ မရပါဘူး။ အဖြူနဲ့ အမည်း ဘက်နှစ်ဖက်တည်း ရှိတယ်ဆိုတဲ့ အမြင်၊ ရန်သူ့ဘက်နဲ့ ငါတို့ဘက်ဆိုတဲ့ ဘက်အစွဲအမြင်၊ ဓမ္မနဲ့ အဓမ္မ၊ ဘုရားအလောင်းနဲ့ ဒေဝဒတ်၊ သူတော်ကောင်းနဲ့ မကောင်းဆိုးဝါး ဆိုတဲ့ အစွန်းနှစ်ဖက်အမြင်တွေဟာ လက်တွေ့ကမ္ဘာနဲ့ အံဝင်ခွင်ကျ မရှိပါဘူး။ လူ့အဖွဲ့အစည်းထဲမှာ အက်ကွဲကြောင်းတွေကို ကြီးသထက် ကြီးအောင် အစွန်းဘက်ကို တွန်းပို့တဲ့ အမြင်တွေဖြစ်နေပါတယ်။

ပေါ်ပြူလစ်နိုင်ငံရေးသမားတွေဟာ - နိုင်ငံရေးထဲမှာ ဓမ္မနဲ့ အဓမ္မ နှစ်မျိုးတည်း ရှိသယောင်၊ လူထုဘက်တော်သားနဲ့ အာဏာရှင်ဘက်တော်သား နှစ်ဘက်ပဲ ရှိနေသယောင်၊ အဖြူနဲ့ အမည်း၊ ရန်သူနဲ့ မိတ်ဆွေ၊ ဘုရားအလောင်းနဲ့ ဒေဝဒတ် နှစ်ဦးပဲ ရှိနေသယောင် ဇာတ်ကြောင်းတွေကို ပုံဖော်လေ့ရှိပါတယ်။ ရှုပ်ထွေးကျယ်ပြန့် နက်နဲတဲ့ နိုင်ငံရေးရဲ့ သဘောဟာ အဲသည့်လောက် မရိုးရှင်းပါဘူး။ ပေါ်ပြူလစ်တွေဟာ အခြေအနေနဲ့ အချိန်အခါအလိုက် ပြောင်းလဲပြီး ပယောဂအမျိုးမျိုး ဒွေးရောယှက်တင်ဖြစ်နေတဲ့ ရှုပ်ထွေးနက်နဲကျယ်ပြန့်တဲ နိုင်ငံရေးကိစ္စတေွကို over simplification လုပ်ပစ်တတ်ကြပါတယ်။ အဲသည့်လို အလွန်အကျွံ ဝါးလုံးသိမ်း စည်းဖြတ်လိုက်ခြင်းဟာ လက်တွေ့နိုင်ငံရေးနဲ့တော့ ကင်းကွာနေပါတယ်။ လက်တွေ့နိုင်ငံရေးဟာ အဖြူနဲ့ အမည်း၊ ဓမ္မနဲ့ အဓမ္မ၊ သူတော်ကောင်းနဲ့ မကောင်းဆိုးဝါး ဆိုတဲ့ ပိုင်းဖြတ်မှုလောက် မရိုးရှင်းပါဘူး။

Min Thayt - Official

05 Jan, 17:13


တကယ်တော့ လက်တွေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ - မရိုးဘူး၊ သမားရိုးကျ မဟုတ်ဘူး ဆိုတာထက် ပိုလွန်ပါတယ်။ ဆန်းပြားပုံဟာ - ခေးအော့စ် လို့ ပြောလို့ ရလောက်တဲ့ အခြေအနေအထိ ကသောင်းကနင်း အခြေအနေကို ဖြစ်ထွန်းနေပါတယ်။ ရှုပ်ထွေးမှုတွေဟာ အစီအစဉ်တကျ ဗရုတ်သုတ်ခဖြစ်မှုတွေအဖြစ် မြင်တွေ့ရပါတယ်။ အဆက်ပြတ်တောက်တာတွေက သတင်းပလင်းတွေ မဟုတ်တော့။ အောက်ခြေနဲ့ ထိပ်ပိုင်း၊ ပြည်တွင်းနဲ့ ပြည်ပ၊ အာဏာရှိနဲ့ အာဏာမဲ့၊ လက်နက်ရှိနဲ့ လက်နက်မဲ့၊ အောက်တန်းစားနဲ့ ရေပေါ်ဆီတို့ အကြား အဆက်ပြတ်တောက်မှုတွေဖြစ်နေပါတယ်။ သီးခြားကမ္ဘာများစွာ ပေါ်လာပါတယ်။ လက်နက်လောကကလည်း လက်နက်ကမ္ဘာ တစ်ခေတ်ထူထောင်နေပါတယ်။ အာဏာကမ္ဘာကလည်း အာဏာအီလစ်တွေနဲ့ ဒွေးရောယှက်တင်ဖြစ်နေပါတယ်။ တက်ကြွလှုပ်ရှားလောက,ကလည်း ဒေါ်လာလှိုင်းနဲ့ သေသောက်ကြူးရင်း အာသာဖြေနေကြပါတယ်။ အောက်ခြေလူထုဟာ ဆင်းရဲငတ်ပြတ်နေပြီး၊ သခင်အားရ ကျွန်ပါးဝတွေလည်း ဒုနဲ့ဒေးဖြစ်ပါတယ်။ ကြက်တူရွေးက တော်တော်၊ မယ်တော်က ကဲကဲ...ဆိုတဲ့ လော်ဘီ - ဆော်ဘီတွေနဲ့လည်း ပြည့်နှက်နေလွန်းပါတယ်။ လက်နက်၊ ဘိန်း / မူးယစ်ဆေးဝါး / အာဏာ၊ ငွေကြေးနဲ့ လိင်မှုကိစ္စ ၊ ထင်ပေါ်ကျော်ဇောမှုတွေဟာ လူအုပ်ကြီးထဲက အီလစ်တွေ ငတ်မပြေ သောက်စို့နေတဲ့ ဆားငန်ရည်ဖြစ်နေပါတယ်။ နှုန်းစံ စကားလုံးတွေဟာ ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားတဲ့ သာမန်ပြောရိုးပြောစဉ် ဖြစ်နေပါတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ - ပါဝါဗဟိုတွေ ပြန့်ကွဲထွက်ကုန်တဲ့ ကိုယ့်အော်ဒါ (order) အစဉ်ဇယားနဲ့ ကိုယ်၊ လည်ပတ်ကြတဲ့ အခင်းအကျင်းဖြစ်နေပါတယ်။

■ ခေတ်သစ်ဖြစ်ထွန်းမှုကို ဘယ်လို မဟာဗျူဟာရှုထောင့် Strategic perspective ဖြင့် ကြည့်မလဲဟု ပြဿနာပေါ်သည်။ အချို့က မြန်မာ့နိုင်ငံရေး၏ ခေတ်သစ်ဖြစ်ထွန်းမှုကို မဟာဗျူဟာရှုထောင့်မှ ကြည့်ရန် မလို။ ရေတိုပေါ်ပင် ပေါ်ပြူလာ populist နည်းဖြင့် ချည်းကပ်ရုံဖြင့် လုံလောက်သည်ဟု ပြောသည်။ အချို့က မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုကို လောကအလုံးစုံမှန်ကန်သောစံ (ယူနီဗာဆယ်စံ) တို့ဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဆိုသည်။ ပို့(စ်) မော်ဒန်က ဒီမိုကရေစီကို local ဒေသလက္ခဏာအဖြစ် သုံးသပ်သည်။ ယူနီဗာဆယ်အခြေခံမူကြီးတို့သည် များစွာ ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ဖြောင့်ဖြောင့် မဖြစ် ကောက်ကွေးကုန်သည်။ [ibid]

မောင်စူးစမ်းက လက်တွေ့ အခြေခံစဉ်းစားချက်ထောင့်ဖြင့်၊ သုံးသပ်ပြချင်သူဟု ယူဆနိုင်သည်။ ပေါ်ပြူလစ်နည်းတို့သည် မဟာဗျူဟာရှုထောင့်မဖြစ်တော့။ စံအသားကဲ စဉ်းစားမှုသည်လည်း၊ မြန်မာပြည်တွင် ဘောင်ဝင်နေသေးစေကာမူ၊ ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ခေတ်မမှီတော့ချေ ဟု ဆိုလိုဟန်ရှိသည်။ ပို့(စ်)မော်ဒန် ချည်းကပ်မှုကို မောင်စူးစမ်းက ခံတွင်း,တွေ့ခဲ့သည်လား.....။

ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ဗဟိုချက်မတွေ ကွဲထွက်ကုန်သလို၊ မဟာဗျူဟာစဉ်းစားချက်တွေ အပြိုင်းအရိုင်းနဲ့ ကိုယ့်နယ်မှာကိုယ်၊ မင်းမူနေတဲ့ စဉ်းစားချက်တွေဖြစ်နေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ စဉ်းစားချက်များ မရှိ။ ရှိတယ်ဆိုရင်လည်း ဘောင်မဝင်၊ လက်တွေ့မကျ၊ ယေဘုယျသဘောသက်သက်မျှသာ ဖြစ်နေပါတယ်။ အားလုံးက ဒေသန္တအဆင့်ကို ငုပ်ဆင်းသွားကြပါတယ်။ မြန်မာနိုင်ငံတွင်းက လူမျိုးစုလက်နက်ကိုင်အားလုံးမှာ ယူနီဗာဆယ်စံဖြင့် စဉ်းစားချက် မရှိ။ နေရှင်နယ်လစ်အထိုင်နဲ့ ယှဉ်သော ဇနပုဒ်ဝါဒီ အထိုင်ဖြင့်သာ၊ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လိုကြတာတွေ့ရတယ်။ ပေါ်ပြူလစ်သမားများက အဝေးက ကျယ်ကျယ်လောင်လောင် အော်ဟစ်ကြတယ်။ အောက်ခြေက လက်တွေ့သမားတွေက ဘဝပေး မြှုပ်နှံခုခံကြတယ်။ ပေါ်ပြူလစ်တွေကို အောက်ခြေတော်လှန်ရေးသမားတွေက မမှီမကမ်းနဲ့ ခြေဖျားထောက် မော်ကြည့်နေရတယ်။ ပေါ်ပြူလစ်တွေက လေလှိုင်းပေါ်က အမိန့်ပေးနေတယ်။ စံသမားများထက် ခံစားချက်အစွဲသမားများကို ပိုတွေ့နေရတယ်။ လက်တွေ့ကျလွန်းသူများကလည်း၊ ပါဝါအထိုင် စဉ်းစားချက်တွေ ပိုကဲလွန်းနေတယ်။ တပ်အထိုင်ရှိ၊ လက်နက်သမားများကလည်း နယ်မြေစိုးမိုးရေးနဲ့ နယ်မြေပိုင်စိုးရေးသာ အခရာအဖြစ် ထည့်စဉ်းစားတာများတယ်။ ဗဟိုအာဏာလက်ကိုင်ရှိတဲ့ အာဏာသိမ်းဗမာစစ်တပ်ခေါင်းဆောင်တွေကလည်း ကြုံသလို ကျပန်းနဲ့ အသက်ရှုပေါက်ချောင်ရေး၊ အသက်ရှင်သန်ရေးကိုသာ အခရာစဉ်းစားလာကြရတယ်။ ဒါဟာ လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ ခေတ်ပြိုင်ဖြစ်ထွန်းမှုတွေဖြစ်နေပါတယ်။

၆၂ အခင်းအကျင်းကို ဆင်ခြင်ကြည့်တဲ့အခါ၊ မောင်စူးစမ်းက အခြေခံမဟာဗျူဟာအရေး နှစ်ရပ်နဲ့ ရင်ဆိုင်ရတယ်လို့ မှတ်ချက်ပေးပါတယ်။

■ (၁) ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံအတွက် သမိုင်း၏ လိုအပ်ချက် historical necessity ဟုတ် / မဟုတ်။ (၂) အာဏာရှိလျှင် အခြေအနေ မမှည့်ဝင်းစေကာမူ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်၊ မနိုင်။ [ibid]

ယနေ့ ခေတ်ပြိုင်နိုင်ငံရေးဖြစ်ထွန်းမှုကို ပြန်ငဲ့ကြည့်ဖို့ လိုပါတယ်။

(၁) လက်နက်ကိုင်လမ်းစဉ် (armed struggle) သည် သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်။
(၂) လက်နက်ရှိလျှင်၊ အခြေအနေ မမှည့်ဝင်းစေကာမူ၊ နိုင်ငံကို ပြောင်းလဲ ပစ်နိုင်၊ မနိုင်။

Min Thayt - Official

05 Jan, 17:13


ယနေ့ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုမှာ၊ လက်နက်ကိုင်လမ်းစဉ်ဟာ သမိုင်းလိုအပ်ချက်အရ အုံကြွပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဆိုလိုချင်တာက "ပယောဂ မပါ၊ အလိုအလျောက်ဖြစ်တည်မှု ဖြစ်သည်" ဟုဆိုလိခြင်းဖြစ်ပါတယ်။ အလိုအလျောက်ဖြစ်တည်မှုနောက်မှာ၊ နိုင်ငံရေးအာဂျင်ဒါ ကပ်လိုက်ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စဉ်းစားစရာ ရှိတယ်။ လက်နက်ကိုင်လမ်းစဉ်ရဲ့ အကန့်အသတ်ကို ဘယ်လို ပိုင်းဖြတ်မလဲ။ လက်နက်ကိုင်ကိုင်လမ်းစဉ်ကနေ နိုင်ငံရေးလမ်းစဉ်ကို ဘယ်လိုကူးပြောင်းမလဲဆိုတဲ့ အသွင်ကူးပြောင်းရေးကိစ္စဖြစ်ပါတယ်။ တည်ဆဲအခြေအနေမှာ၊ အသွင်ကူးပြောင်းဖို့ ကြားခံ ဓာတ်ကူကတော့ အိမ်နီးချင်း "တရုတ်" နိုင်ငံဖြစ်ပါတယ်။ တရုတ်ဟာ ၊ မြန်မာ့ပြည်တွင်းလက်နက်ကိုင်လမ်းစဉ် အချိုးအကွေ့တွေကို လိုက်ပါဖန်တီးနိုင်မယ့် အခရာဖြစ်လာပါတယ်။ ပြည်တွင်းအင်အားစုတွေချည်းသက်သက် မဟုတ်တော့ပါ။ ဒေသတွင်းနိုင်ငံတွေရဲ့ စဉ်းစားချက်အထိုင်တွေကိုပါ ထည့်ပြီးစဉ်းစားမှ၊ လက်နက်ကိုင်လမ်းစဉ်ရဲ့ လိုအပ်ချက် အတိုင်းအဆကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခုကတော့ - လက်နက်ရှိရင် အခြေအနေ မမှည့်ဝင်းစေကာမူ၊ နိုင်ငံကို ပြောင်းလဲပစ်နိုင် ၊ မနိုင်..ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ လက်နက်လည်း ရှိပြီး၊ အခြေအနေလည်း မှည့်ဝင်းခဲ့တဲ့ အစွန်အဖျားဒေသများ (တနည်း) တောင်တန်းဒေသတွေကို လေ့လာကြည့်ရင် "အောင်မြင်မှု" ရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာ ဒေသအဆင့် အောင်မြင်မှု ဖြစ်ပါတယ်။ နိုင်ငံကို ပြောင်းလဲပစ်နိုင်ခြင်း မဟုတ်သေး။ လက်နက်လည်း မရှိ၊ အခြေအနေလည်း မမှည့်ဝင်းပါဘဲ၊ လိုအပ်ချက်အရ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့တဲ့ ပြည်မကတော့ - ကသောင်းကနင်းနှစ်များကို ထပ်မံ ဖြတ်သန်းဖွယ်ရာ ရှိနေပါတယ်။ လတ်တလောအားနည်းချက်မှာ၊ တောင်တန်းနဲ့ ပြည်မဟာ အကျိုးစီးပွားအရ - ဘုံလိုအပ်ချက်အရ လက်တွဲကြခြင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ မဟာဗျူဟာ မိတ်ဖက်များဖြင့် ၊ နိုင်ငံရေးပဋိညာဉ်စုပြီး ပေါင်းဖက်နိုင်ခြင်း မဟုတ်။ ကိုယ့်အထိုင်နဲ့ ကိုယ်၊ တူတာတွေ တွဲလုပ် - မတူတာတွေ ခွဲလုပ်တဲ့ - ခပ်တန်းတန်း နိုင်ငံရေး timing သက်သက်မျှသာဖြစ်တယ်။ နိုင်ငံလုံးချီ စဉ်းစားချက် မလုပ်နိုင်။ အပြသက်သက်လောက်သာ သကာအုပ်နိုင်တယ်။ နွေဦးတော်လှန်ရေးလှိုင်းနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ထွက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီလှိုင်း) ကို စီးရင်း "ဗမာအခက် ၊ တိုင်းရင်းသားအချက်" လုပ်နိုင်သည့်ကိစ္စထက် မပိုသေး။ လားရာအခင်းအကျင်းမှာ၊ "ဖက်ဒရယ်ဒီမိုကရေစီ မဖြစ်နိုင်သေး"။ "ခေတ်ပြိုင် စစ်ဘုရင်ဝါဒ အပြိုင်ဖြစ်ထွန်းရေးသာ" ဖြစ်နေသေးတယ်။ သို့သော် ကိုယ့်မင်းကိုယ့်ချင်း စစ်ဘုရင်က - ကိုယ့်အချင်းချင်း မဟုတ်သူထက်တော့ "ခံသာသေး၊ နေသာသေးတယ်" လို့ မှတ်ယူပုံရတယ်။ လက်နက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အဖြစ် နိုင်ငံကို မပြောင်းလဲနိုင်။ လက်နက်များ စင်ပြိုင်တပ်ဆင်ပြီး၊ အာဏာချိန်ခွင်လျှာထိန်းထားနိုင်တဲ့ အနုတ်ငြိမ်းချမ်းရေးအခိုက်အတန့်လောက်သာ ဖြစ်ထွန်းဖို့ ရှိနေတယ်။

၈၈ အခင်းအကျင်းကို ဆင်ခြင်ကြည့်တဲ့အခါ၊ မောင်စူးစမ်းက အခြေခံမဟာဗျူဟာအရေး နှစ်ရပ်ကိုတင်ပြခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။

■ (၁) ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်းကောင်း၊ စစ်တပ်ကိုလည်းကောင်း ဂုဏ်ရှိရှိ ထွက်ပေါက် honorable exit ပေးရန် နှင့် (၂) စစ်တပ်၏ အပြုကဏ္ဍ positive role of military ကို အသိအမှတ်ပြုရန်ဖြစ်သည်။ [ibid]

Min Thayt - Official

05 Jan, 17:13


၂၀၂၁ နောက်ပိုင်း ခေတ်ပြိုင်နိုင်ငံရေးဖြစ်ထွန်းမှုဟာ၊ ၁၉၈၈ ခုနှစ်နဲ့ မတူတော့ပါ။ စစ်တပ်ဟာ နိုင်ငံတော်အာဏာထဲကို ဂုဏ်သိက္ခာရှိရှိ ပြန်ဝင်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ အာဏာထိန်းတယ် ဆိုတဲ့ အသုံးအနှုန်းဟာ ဒါကို ညွှန်းဆိုနေပါတယ်။ သို့သော် စစ်တပ်အတွက် honorable entry မဖြစ်ခဲ့။ ၂၁ ဖြစ်ရပ်မတိုင်ခင်ထက် ဂုဏ်သိက္ခာပိုကျဆင်းသွားခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အလွန်အကျွံ အကျပ်အတည်း ကြုံနေသည့်တိုင်၊ ထွက်ပေါက်အတွက် မစဉ်းစား။ "ဝင်လာခဲ့ပြီးပြီဖြစ်တာကြောင့်၊ ဘယ်လို ရှင်သန်မလဲ" ဆိုတာလောက်သာ စဉ်းစားနေတယ်။ ဒါ့အပြင် စစ်တပ်မှာ အပြုကဏ္ဍ မရှိ။ အဖျက်ကဏ္ဍသက်သက်သာ ရှိနေတယ်။ ဒါကို အပြုကဏ္ဍအဖြစ် မျက်စိစုံမှိတ်ပြီး၊ အသိအမှတ်‌ပြုရန် မဖြစ်နိုင်။ တည်ဆဲ အခင်းအကျင်းက ဒီလိုဖြစ်နေပါတယ်။ တည်ဆဲအခြေအနေဟာ ပြည်မအတွက် - အပြုတ်တိုက် အပြတ်ရှင်း လမ်းစဉ်၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ချောက်ကမ်းပါးနဲ့ ကျူပင်ခုတ် ကျူငုတ်ပင်မကျန် ဗျူဟာတို့ ခေတ်စားနေချိန်ဖြစ်ပါတယ်။ ပြည်မမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ့်ကိုယ်ကိုလည်း ပိတ်ပြီးကစား၊ ရန်သူကိုလည်း ပိတ်ပြီး ကစားတဲ့ - အပိတ်ကစားပွဲသက်သက်မျှသာဖြစ်နေပါတယ်။ ပြည်မနယ်မှာ၊ စစ်တပ်အတွက်လည်း ထွက်ပေါက် မရှိ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအတွက်လည်း ထွက်ပေါက် မထား။ သူသေ ကိုယ်ရှင် ကစားကြတဲ့ အခင်းအကျင်းဖြစ်နေပါတယ်။ အစွန်အဖျားနယ်နဲ့ တောင်တန်းနယ်မှာတော့ - ထွက်ပေါက်တွေ ရှိနေတယ်။ စစ်တပ်အတွက် ထွက်ပေါက်ကို တရုတ်က ကူပေးနေတယ်။ လူမျိုးစုတပ်တွေအတွက် ထွက်ပေါက်က သူတို့ကိုယ်တိုင် ဖန်တီးပြုပြင်နိုင်စွမ်း ရှိနေပါတယ်။ ဘက်နှစ်ဖက်လုံး ထွက်ပေါက်မဲ့နေသည်က၊ ပြည်မဖြစ်ပါတယ်။ ပြည်မနိုင်ငံရေးအင်အားစုထဲမှာ ထွက်ပေါက်လုပ်နိုင်တဲ့ ကြိုးပမ်းချက်တွေ လျာထားသော်လည်း၊ သူတို့ကိုယ်တိုင်က သွေးသစ်တွေအပေါ် ဩဇာကင်းမဲ့နေတယ်။

၂၀၀၈ အခင်းအကျင်းကို ဆင်ခြင်ကြည့်တဲ့အခါ၊ မောင်စူးစမ်းက အခြေခံမဟာဗျူဟာပြဿနာ နှစ်ရပ်ကို ဖော်ထုတ်ခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။

■ (၁) စစ်တပ်က စပွန်ဆာလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ကွန်ဗင်းရှင်းတွင် ပါဝင်မလား၊ မပါဝင်ဘူးလား။ (၂) စစ်တပ်က စပွန်ဆာလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲတို့ကို မျက်မှောက် မပြုဘဲ ရှောင်ကွင်းနိုင်မလား (can we avoid military sponsored constitution and elections) [ibid]

တည်ဆဲအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာစစ်တပ်မှလွဲပြီး၊ ဘယ်အင်အားစုအတွက်မှ ရင်ခုန်စရာ မဟုတ်တော့။ ဒါ့ကြောင့် စစ်တပ်ဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆွဲဆောင်လာနိုင်သည့်တိုင်၊ ဒါဟာ ဖန်စီ (fancy) မဖြစ် - ဆက်စီ (sexy) မဖြစ်။ ထို့နောက် ရွေးကောက်ပွဲကိစ္စ။ ၂၀၂၅ မှာ ကျင်းပဖို့ ရည်ရွယ်နေတဲ့ ရွေးကောက်ပွဲဟာ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အင်အား မပါရင်၊ စစ်တပ်သက်သက်ချည်းပဲ၊ မဖြစ်နိုင်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို၊ ထိုင်း...တို့က အုံလိုက်ကျင်းလိုက် ဝိုင်းကြဝန်းကြမှ၊ အသွင်သဏ္ဍာန်အရ စို့စို့ပို့ပို့ ဖြစ်လာနိုင်ခြေ ရှိလာနေတယ်။ သို့မဟုတ်ရင်တော့ - ရွေးကောက်ပွဲဟာ အသုံးမတည့်။ သို့သော် စစ်တပ်အတွက် အသုံးတည့်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေ ဝိုင်းကူဖို့ လိုတယ်။ ကူသင့်သလောက်လည်း ကူနေကြဟန်တူတယ်။ အဲဒါဆိုရင် အဖြစ်သဘော လုပ်နိုင်မယ်။ အနှစ်သာရသဘောတော့ မလုပ်နိုင်။ တောင်တန်းနဲ့ အစွန်အဖျားနယ်တွေက ရွေးကောက်ပွဲကို ကန့်ကွက်သည်လည်း မပြော၊ ထောက်ခံသည်လည်း မပြော၊ လက်နက်နဲ့ ဖျက်လိုဖျက်စီးလည်း မလုပ်ဖို့ ရှိနေတယ်။ ကိုယ့်အထာကိုယ်သိပြီး၊ ကြည့်ကျက်လုပ်ဆိုတဲ့ သဘောလောက်နဲ့ တင်းတိမ်ထားနိုင်မယ်။ ရွေးကောက်ပွဲအလွန် အခင်းအကျင်းကို စောင့်မျှော်ပြီး၊ စစ်ရေးနဲ့ bilateral စကားပြောမှုတွေသာ လုပ်နေမယ်လို့ ယူဆရတယ်။ ဒါပေမယ့် ပြည်မကတော့ - မဟာဗျူဟာ အကျပ်အတည်းနဲ့ ကြုံတယ်။ ဖြစ်နေတာက ပြည်မမှာ ဗဟိုအရှိ၊ အထိုင်အတည်တကျ မရှိ၊ လက်နက်နဲ့ ခုခံ ပုန်ကန်တယ်ဆိုတဲ့ အဆင့်လောက်သာ ရပ်နေတယ်။ နိုင်ငံရေးသဘောထားမှာလည်း ဗဟိုအူတိုင် မရှိ။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဟူသည့်၊ ယေဘုယျ ဦးတည်ချက်သာ ရှိတယ်။ ဒါက နည်းနာ မဟုတ်။ မဟာဗျူဟာမဟုတ်။ စိတ်ဆန္ဒသက်သက်သာ ဖြစ်တယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့နေရာမှာ တစ်စုတစ်ဖွဲ့ချင်းစီက အစေးမကပ်နိုင်ဘဲ၊ ဗြဲလရမ်းဖြစ်နေတယ်။ လူမျိုးစုတပ်တော်တွေက ကြီးကြပ်၊ ဘေးကပ်ထားနိုင်တဲ့အဖွဲ့တွေကတော့ သေသေသပ်သပ်ရှိတယ်။ မယုတ်မလွန်ရှိတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် နိုင်ငံရေးဗဟိုအူတိုင် မဲ့၊ စစ်ရေးဗဟိုကွပ်ကဲမှု မဲ့ ...

Min Thayt - Official

05 Jan, 17:13


ဖြစ်နေတယ်။ ဒါ့ကြောင့် ပြည်မအင်အားစုတွေဟာ စစ်တပ်ဆန့်ကျင်ရေး၊ စစ်တပ်လုပ်တဲ့ အလုပ်မှန်သမျှ ဆန့်ကျင်ကန့်ကွက်ရေးကိုပဲ လုပ်နိုင်နေတယ်။ မဟာဗျူဟာ စဉ်းစားချက်ကို မထားနိုင်။ စစ်ရေး နိုင်ငံရေးကိုလည်း ခွဲပြီး ကစားနိုင်စွမ်း မရှိ။ ကသောင်းကနင်း အိပဲ့အိပဲ့နဲ့ စခန်းသွားဖို့သာ ရှိနေတယ်။ ပြည်မ အင်အားစုတွေကို တပ်ဦးနေရာကနေ ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) မှာလည်း - မဟာဗျူဟာ စဉ်းစားချက် မရှိ။ မိမိတို့ အခန်းကဏ္ဍ မပျောက်ရေးနဲ့ ဂုဏ်သိက္ခာကို ထိန်းထားနိုင်ရေး၊ လူထုထောက်ခံမှုကို ထိန်းထားနိုင်ရေးလောက်သာ တတ်နိုင်နေတယ်။ အောက်ခြေအထိ စစ်ရေးလှုပ်ရှားခွင်ကို မကြီးကြပ်နိုင်။ အဲသည့်လို ကြီးကြပ်နိုင်ဖို့လည်း အားမထုတ်။ မိမိတို့ အဖျားမရှူးဖို့အရေးသာ အလေးထားနေရတယ်။ ကိုယ်ခံအား မရှိ။ အနောက်မျှော်လွန်းပြီး၊ တရုတ်ကို မြူဆွယ်ဖို့ ကြိုးစားနေတဲ့ အခြေအနေလောက်သာရှိ။ မဟာမိတ်များက အန်ယူဂျီ ခြေစုံမရပ်။ ခြေစုံရပ်လာကြအောင်လည်း၊ အပင်ပန်းမခံ။ အဝေးရောက်အတိုက်အခံအစိုးရသက်သက်မျှသာ ရှိနေတော့တယ်။

အဆိုပါ ကြောင်းကျိုးကွင်းဆက်များကို ကြည့်ရင်၊
တည်ဆဲအခြေအနေဟာ "သူ့သဘော သူဆောင်နေပြီး၊ အိပဲ့အိပဲ့ဖြင့်သာ ခရီးဆက်နေကြမည့်ကိန်း" ဖြစ်ပါတယ်။

သွားရမည့် ခရီးကား၊ ဝေးသေး၏။
ခြေသာလျှင် ယာဉ်ရှိကုန်၏။

မင်းသေ့
၃ ဇန်နဝါရီ ၂၀၂၅

Min Thayt - Official

05 Jan, 17:13


❝ တည်ဆဲနွေဦးတော်လှန်ရေး အခြေခံမဟာဗျူဟာပြဿနာများ ❞

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ Weekly Eleven မှာ ရေးတဲ့ (ဆရာ) မောင်စူးစမ်းရဲ့ "ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာ ရှုထောင့်များဖြင့် စဉ်းစားခြင်း" ဆိုတဲ့ ဆောင်းပါးကို အခြေခံထားပြီး၊ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေကို အနည်းငယ် လေ့လာဆန်းစစ်ချင်ပါတယ်။

ဒီဆောင်းပါးကို ရေးသားဖော်ပြခဲ့စဉ်တုန်းက ၂၀၀၈ ခုနှစ်ရဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အနည်းငယ် သတိရဖို့ လိုပါတယ်။ ၂၀၀၈ ခုနှစ်ဟာ "နအဖ - အစိုးရ" လက်ထက်ဖြစ်ပါတယ်။ "နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ" [SPDC] လက်ထက်ဖြစ်ပါတယ်။ နအဖ - အစိုးရဟာ စစ်အစိုးရဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ ကာလဖြစ်သလို၊ တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်ထဲမှာ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယတန်း ခေါင်းဆောင်လည်းဖြစ်၊ ထောက်လှမ်းရေးယန္တရားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့ အားပြိုင်လွန်ဆွဲမှု အပြီး - (၄) နှစ်ကြာ အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတင်တဲ့အချိန် - (၁) နှစ်ကျော်လာပြီးတဲ့ အချိန်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ လူဦးရေ တစ်သိန်းခွဲနီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး၊ (၅) လခန့် အကြာလည်းဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နအဖစစ်အစိုးရက ကြီးမှူးပြီး "ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ" ကျင်းပပြီး (၄) ကျော်ကြာကာလလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ "Exit Strategy" လို့ခေါ်တဲ့ ထွက်ပေါက်မဟာဗျူဟာအတွက် လက်တွေ့ အကောင်အထည်ဖော်နေတဲ့ နိဒါန်းကာလဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းမှာပဲ၊ တပ်မတော်အာဏာနဲ့ နိုင်ငံတော်အာဏာကို လက်မလွှတ်ခင် (၂) နှစ်ကျော်အချိန်ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ (ဆရာ) မောင်စူးစမ်းဟာ "ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျူဟာ ရှုထောင့်များဖြင့် စဉ်းစားခြင်း" ဆောင်းပါးကို ရေးသားခဲ့တာဖြစ်ပါတယ်။ မောင်စူးစမ်းရဲ့ ရှုထောင့်အမြင်တွေဟာ၊ ၂၀၀၈ ခုနှစ်တုန်းက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လောက်အထိ ထင်ဟပ်ပြီး လက်တွေ့ကျစွာ စဉ်းစားချည်းကပ်နိုင်ခဲ့ပါသလဲ။ ဒီမေးခွန်းအတွက် အဖြေဟာ ၂၀၁၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အကြား အသွင်ကူးပြောင်းကာလ (၁၀) နှစ်တာ အချိန်ကာလက တိတိပပ ဖြေဆိုထားနိုင်ပြီးဖြစ်မယ်လို့ ယူဆပါတယ်။

■ "ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှု၌ မျဉ်းပြိုင်မရှိ။ နှိုင်းယှဉ်ရန် မရှိ။ တူညီချက် မရှိပေ။ no parallel, no comparison, no analogy ဟု ဆိုရမည်။ တသီးတခြား ထူးခြားမှု unique ရှိသော ဖြစ်ထွန်းမှုဖြစ်သည်" [မောင်စူးစမ်း၊ ၂၀၀၈ အောက်တိုဘာ ၂၀၂၂၊ Weekly Eleven]

မောင်းစူးစမ်းရဲ့ ဆောင်းပါးနိဒါန်းအချီးမှာ စတင်တဲ့ ဝါကျတချို့ဖြစ်ပါတယ်။ မောင်စူးစမ်းဆိုလိုချက်မှာ၊ "တပ်မတော်ကို အဓိက ဗဟို,တည်ပြီး၊ စဉ်းစားတဲ့ စဉ်းစားချက်ဖြစ်ကြောင်း" နားလည်နိုင်ပါတယ်။ တပ်မတော်က ကြီးမှူးတဲ့ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ၊ အပြိုင်ဖြစ်ထွန်းမှု မရှိလို့ မောင်စူးစမ်းက တိတိပပ ဆိုတာပါ။ နှိုင်းယှဉ်ရန်လည်း မရှိ၊ တူညီချက်လည်း မရှိလို့ ရေးတာပါ။ တပ်မတော်နဲ့ ယှဉ်နိုင်တဲ့ အင်အားစု မရှိသလို၊ အဲသည့်လို လက်နက်ကိုင်အင်အားစုကိုလည်း မမြင်လို့ ယူဆလက်ခံထားဟန်ရှိပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ အပြိုင်ဖြစ်ထွန်းတဲ့ နိုင်ငံရေးဗဟိုအူတိုင် မရှိဘူးလို့ တင်ပြတာလို့ ထင်ပါတယ်။ တပ်မတော်ဟာ တသီးတခြား ထူးခြားမှု unique ဖြစ်တဲ့ ဖြစ်တည်မှု ရှိတယ်လို့ မောင်စူးစမ်းက ရေးတာပါ။ ဒါဟာ ၂၀၀၈ ခုနှစ်တုန်းက အခင်းအကျင်းမျိုး၊ အခြေအနေမျိုးဖြစ်ပါတယ်။

Min Thayt - Official

05 Jan, 17:13


ဒါပေမယ့် အခု ၂၀၂၅ ခုနှစ်ဟာ - ၂၀၀၈ ခုနှစ် အခြေအနေနဲ့ လုံးဝ မတူညီတဲ့ အခင်းအကျင်းမျိုးကို လှည့်ပြောင်းသွားပါပြီ။ ၂၀၀၈ အခင်းအကျင်းဟာ ယခု ၂၀၂၅ အခင်းအကျင်းနဲ့ နှစ်ပေါင်း (၁၇) နှစ် ကွာခြားလွန်းသွားခဲ့ပါပြီ။ သေချာတာတစ်ခုကတော့ - လက်ရှိ မြန်မာ့နိုင်ငံရေးဟာ "အဟောင်း စဉ်းစားချက်တွေ ရှိနေသည့်တိုင်၊ အဟောင်းတွေ ပြန်မဖြစ်တော့၊ အသစ်တွေ ဖြစ်နေပြီ" လို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးဟာ အသစ်ကို သွားနေပေမယ့် - စဉ်းစားချက်အဟောင်းတွေကလည်း အထိုင်ကျသင့်သလောက် ကျနေဆဲဖြစ်တာကို တွေ့ရပါတယ်။ အဟောင်းသော အခင်းအကျင်းမျိုးကို ပြန်လည်မျှော်လင့်တဲ့ မြန်မာ့နိုင်ငံရေးအင်အားစု တချို့ဟာ ကျန်သင့်သလောက် ကျန်နေပါတယ်။ ဒါပေမယ့် အခြေအနေတွေဟာ ကွာဟသွားခဲ့ပြီ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ခေတ်ပြိုင်ဖြစ်ထွန်းမှု အပြည့်ရှိနေပါတယ်။ မျဉ်းပြိုင်တွေကလည်း မနည်းမနောဖြစ်ပါတယ်။ တူညီချက်တွေလည်း များသလို၊ ကွဲပြားချက်တွေလည်း စုံလင်နေပါတယ်။ တသီးတခြားထူးခြားမှု ရှိပြီး unique ဖြစ်တဲ့ ဖြစ်ထွန်းမှုတွေကလည်း တစ်ခုမက ဖြစ်နေပါတယ်။ ဒါ့ကြောင့် လက်ရှိ ၂၀၂၅ ခုနှစ်မှာ ရွေးနိုင်တာထက် ပိုနေပါတယ်။ ကြည့်နိုင်တာထက် ပိုများလွန်းနေပါတယ်။ ဒါ့ကြောင့် မဟာဗျူဟာအရ စဉ်းစားသူတွေဟာ - ထွေသွားတာ ၊ တွေသွားတာတွေ့နေရပါတယ်။ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားကြည့်နိုင်ဖို့အတွက် အင်မတန် ခက်လှပါတယ်။ အစုအဖွဲ့တွေကလည်း အကြီး - အသေး စုံလင် များပြားလွန်းလှတယ်။ ဘယ်သူဟာ အခရာဆိုတာကို နယ်ပယ်အလိုက်၊ ဒေသအလိုက်၊ ဧရိယာအလိုက်၊ လူမျိုးအလိုက်၊ အုပ်စုအလိုက်၊ ကဏ္ဍအလိုက်သာ ပြောနိုင်တယ်။ အားလုံးသောအခြေအနေတွေမှာ တစ်ခုတည်းသော အခရာရယ်လို့ မရှိ။ အခရာဖြစ်တဲ့ ဗဟိုတွေ များပြားရှုပ်ထွေးလွန်းတာကြောင့်၊ အသစ်ကို ဖြစ်ထွန်းနေသည့်တိုင်၊ မဟာဗျူဟာနိုင်ငံရေးသမားတွေဟာ နိုင်ငံရေးသစ်ကို မစဉ်းစားနိုင်။ နိုင်ငံရေးအဟောင်းကိုသာ ပြန်လည် စဉ်းစားနေတာကို တွေ့ရပါတယ်။ ယနေ့ ပေါ်ထွက်လာတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု တချို့ရဲ့ လေသံတွေဟာ အသစ်မဟုတ်ဘဲ၊ အဟောင်းစဉ်းစားချက်တွေထဲက မထွက်ဟု ပြောနိုင်ပါတယ်။ ဒါပေမယ့် တပ်မတော်ကို ဗဟိုချက်တည်ပြီး ထိုင်စဉ်းစားတဲ့ စဉ်းစားချက်များ မဟုတ်တော့ပါ။ တပ်နှင့်အပြိုင် ဗဟိုချက်ထား စဉ်းစားတဲ့ စဉ်းစားချက်အဖြစ်တွေ့ရပါတယ်။ သို့သော် "ဤကား၊ အလွန် ဝေဝါး၍ ယေဘုယျကျလွန်းလှ၏" ။

■ မြန်မာ့ခေတ်ပြိုင် နိုင်ငံရေးဖြစ်ထွန်းမှုသည် ရိုးရိုးစင်းစင်း သမားရိုးကျ ဖြစ်ထွန်းသည် မဟုတ်။ ဆန်းဆန်းပြားပြား ဖြစ်ထွန်းသည်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ထွန်းသည်။ အပြတ်အတောက်တွေများသည်။ အကွေ့အကောက်တွေ များသည်။ မျဉ်းဖြောင့်မဟုတ် non-linear ဖြစ်သည်။ [ယင်း - ibid]

မောင်စူးစမ်းဟာ သမားရိုးက စဉ်းစားရိုးစဉ်းစားစဉ်တွေကနေ ဖောက်ထွက်ဖို့၊ အကြံပြုတာပါ။ အစဉ်အလာစဉ်းစားရိုး၊ စဉ်းစားစဉ်ကတော့ "လက်ဝဲစဉ်းစားချက်" တွေဖြစ်ဖို့ များပါတယ်။ မဟာဗျူဟာရှုထောင့်နဲ့ ချည်းကပ်ရမယ်လို့ လက်တို့တာတွေ့ရပါတယ်။ ဒါပေမယ့် သမားရိုးကျ ဖြစ်ထွန်းမှု မဟုတ်ဘဲ ဆန်းဆန်းပြားပြား ရှုပ်ရှုပ်ထွေးထွေး ဖြစ်ထွန်းပြီး၊ အပြတ်အတောက် နဲ့ အကွေ့အကောက်များတဲ့ မြန်မာ့ခေတ်ပြိုင်နိုင်ငံရေးဖြစ်ထွန်းမှုကို၊ ချည်းကပ်မှုအသစ်နဲ့ မချည်းကပ်နိုင်ရင်၊ အလုပ်မဖြစ်နိုင်လို့ တွက်ဆဟန်ရှိပါတယ်။ တပ်အထိုင် စဉ်းစားချက်ကနေ ပေါ်ထွက်လာတဲ့ ခေတ်ပြိုင်နိုင်ငံရေးဖြစ်ထွန်းမှုတွေက ဆန်းပြားလွန်းတယ်၊ သမားရိုးကျ မဖြစ်ဘူး၊ ရှုပ်ရှုပ်ထွေးထွေးဖြစ်တယ်၊ အပြတ်အတောက်တွေ များတယ်၊ အကွေ့အကောက်တွေများလွန်းတယ်....လို့၊ မောင်စူးစမ်းက မှတ်ချက်ပြုတယ်ဆိုရင်၊ ယခု အခင်းအကျင်းကိုများ တွေ့ရင်၊ မောင်စူးစမ်းဟာ ဘယ်လို ဝိဂြိုဟ်ပြုပါမလဲ။ (ဆရာ) မောင်စူးစမ်းဟာ ၂၀၁၇ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။

Min Thayt - Official

03 Jan, 16:40


ဗမာလူမျိုးကြီးဝါဒဆိုတာ ဘာလဲ ဆိုတာကို အခြေခံအားဖြင့် ရှင်းခန်းထုတ်ထားတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်ပါတယ်။ PDF file နဲ့ မျှဝေလိုက်ပါတယ်။

Min Thayt - Official

03 Jan, 09:36


လွန်ခဲ့တဲ့ (၅) နှစ်လောက်တုန်းက၊ တရုတ်နဲ့ပတ်သက်ပြီး presentation လေးတစ်ခု ပေးခဲ့ဖူးတယ်။ အဲသည့်မှာ သုံးတဲ့ powerpoint file ပါ။ pdf file နဲ့ မျှဝေလိုက်ပါတယ်။

Min Thayt - Official

02 Jan, 17:31


ကျနော်တို့ ဗမာတွေ ရပ်ထဲရွာထဲမှာ၊ ပြောလေ့ရှိတဲ့ စကားလုံး တစ်ခုရှိတယ်။
"ဒါကြီးကတော့ For Show ပါကွာ" ဆိုတဲ့ စကား။
[For Show] ဆိုတဲ့ စကားလုံး။
ဗမာလိုဆိုရင်တော့ "အပြသက်သက်" လို့ ပြောရမှာပေါ့။
တကယ် မဟုတ်ဘူး။
အပြသက်သက်ပဲ။
တကယ် မဟုတ်ဘူး၊ အတုလုပ်ထားတာ။
တမင်ဟန်ဆောင်ထားတာ။
ပြရုံသက်သက်လောက် ဟန်ဆောင်ပန်ဆောင် လုပ်ထားတာ။
တကယ်သုံးလို့ မရဘူး။
အပြင်မှာလည်း တကယ်မဖြစ်ဘူး။
ပြဖို့သက်သက်ပဲ။

ဒါ့ကြောင့် ကျနော်တို့ ဗမာစကားမှာ [ဒါကတော့ For Show ပါကွာ] ဆိုတဲ့ စကားကို ပြောရင်၊ ဒီကောင်က မရိုးသားဘူး။ ကလိမ်ကကျစ်စိတ်ရှိတယ်။ ဟန်ဆောင်ပန်ဆောင်နဲ့ တစ်ခုခုကို ပေါ်မှာစိုးလို့ ဖုံးထားတတ်တယ်ဆိုတဲ့ အနက်ကို "မပြောလည်း အလိုလို သိနေတယ်" .....

ပေါ်ပြူလစ်နိုင်ငံရေးသမားတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရင် [For Show] တွေ သိပ်လုပ်တတ်တာတွေ့ရတယ်။ တကယ်တော့ ဒါကလည်း သေသေသပ်သပ် ပိပိရိရိ သဘာဝကျကျ လုပ်ရင်တော့ လူအုပ်ကြီးက ယုံကြပါတယ်။ ဒါပေမယ့် လည်တော့ လည်တယ်၊ တစ်ပတ်မပြည့်ဘူးဆိုရင်တော့ အဲသည့် [For Show] က သိပ်သိသာလွန်းတယ်။ အထူးသဖြင့် "Photo Politics" လို့ ခေါ်တဲ့ ဓာတ်ပုံနိုင်ငံရေး သိပ်ခေတ်စားတဲ့ အခိုက်အတန့်တွေမှာဆိုရင်၊ အဲသည့်ဓာတ်ပုံနဲ့ လူထုကြားထဲမှာ ရေပန်းစားအောင် လုပ်လို့ ရတယ်။ ဒါပေမယ့် ပြတဲ့ ဓာတ်ပုံက သိပ်သဘာဝမကျဘူးဆိုရင်တော့ - ဒါက လူထုကို လိမ်နေတာပဲဆိုတာ ဘွင်းဘွင်းကြီး ပေါ်နေတတ်တယ်။ တကယ်တော့ ဓာတ်ပုံနိုင်ငံရေးလို့ ခေါ်တဲ့ [Photo Politics] တွေကတော့ - [For Show] အတွက် လို့သာ နားလည်အပ်တယ်။ တကယ် မဟုတ်ဘူး။ အတုလုပ်ထားတာ။ လိမ်ညာထားတာ။ အပြင်လောကမှာ အစစ်အမှန် မဟုတ်ဘူး။ မသိနားမလည်တဲ့လူတွေကြားမှာတော့ [Photo Politics] က အသုံးတည့်နိုင်ပါတယ်။ နည်းနည်း ဖောရှောထည့်လို့ ရတာပေါ့။ တို့ဗမာခေါင်းပေါင်းမှာ ရှိတယ် မဟုတ်လား။ ညာချနဲ့ ဘယ်ချ... ဆိုတာ။ လွှတ်တော်ထဲမှာ ပေါင်းခဲ့တဲ့ ဗမာခေါင်းပေါင်းတွေက ညာချတာ များတယ်။ ဓာတ်ပုံနိုင်ငံရေးဆိုတာကတော့ "သဒ္ဓါလွန်ကဲ ပညာနည်းတဲ့ လူအုပ်ကြီးကို" ဗမာခေါင်းပေါင်းလို "ညာချ" လို့ ရနေပါတယ်။

[For Show] ဆိုတဲ့ အနက်အဓိပ္ပာယ်မှာ အဓိက ညွှန်းဆိုချက် (၃) ခုရှိတယ်။

တစ် - Attention-Seeking
နှစ် - Lack of Functionality
သုံး - Superficial Sincerity

ဒါက [For Show] ဆိုတဲ့ အနက်ကို ဖော်တဲ့ စကားလုံး သုံးခုပါပဲ။

Attention-Seeking: လူတွေ အာရုံစိုက်ရုံသက်သက် လုပ်တာ။ တကယ်တော့ လက်တွေ့မှာ တကယ် ဟုတ်မနေဘူး။ လူတွေ အားကျအောင်၊ လူတွေ သတိမူမိအောင်၊ လူတွေ သဘောကျအောင်၊ လူတွေ အာရုံကျအောင် တမင်လုပ်ပြနေတာ။ နောက်ကွယ်မှာ အဲဒါက တကယ်အစစ်အမှန် မဟုတ်ဘူး။

Lack of Functionality: ပြရုံသက်သက်ပဲ အသုံးဝင်တဲ့အရာ။ လက်တွေ့မှာ တကယ် အဲသည့်လို လုပ်ခဲ့တာ မဟုတ်ဘူး၊ လုပ်နေတာ မဟုတ်ဘူး။ လူတွေ ကြည့်ဖို့သက်သက်မျှ၊ ဟန်ဆောင်ပန်ဆောင် လုပ်ပြတာ။ တကယ် လုပ်ငန်းတာဝန်မျိုး အမှန်တကယ် ထမ်းဆောင်နေတာ မဟုတ်ဘူး။

Superficial Sincerity: ကြောင်သူတော်တွေပေါ့ကွာ။ လှည့်ဖြားဖို့ ရည်ရွယ်တာ။ လုပ်ရပ်တွေနဲ့ အပြုအမူတွေက မရိုးသားကြောင်း ညွှန်ပြနေတဲ့အရာ။ လူအများရဲ့ မြို့မေတ္တာကို ခံယူချင်ရုံသက်သက်မျှ လုပ်နေတာ။ လူတွေ ကရုဏာသက်တာကို လိုချင်နေတာ။ လူတွေ ကိုယ့်အပေါ် ကြည်ဖြူလာအောင် ဟန်ဆောင်ပန်ဆောင် ပြုံးပြ နေတာ၊ လူအများအကြား လူရိုးလေး လုပ်ပြနေတာ။ ပြုံးပြ ဖြီးပြပေမယ့် - ဒါဟာ စိတ်ထဲမှာ မပါဘူး။ အပေါ်ယံ လုပ်ပြနေတာ ဆိုတာကို ပြောတာပါ။

ဓာတ်ပုံနိုင်ငံရေးဆိုတာကတော့ "သဒ္ဓါလွန်ကဲ ပညာနည်းတဲ့ လူအုပ်ကြီးကို" ဗမာခေါင်းပေါင်းလို "ညာချ" လို့ ရပါတယ်။

Min Thayt - Official

02 Jan, 02:26


၂၀၂၅ ခုနှစ် နှစ်သစ်ကူးမှာ ဖတ်ဖို့၊ စာဖြစ်ပါတယ်။ တိုင်းရေးပြည်ရေးအခြေအနေကို ကြည့်ပြီး၊ မိမိတို့ ဘာလုပ်သင့်တယ် - ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားချင့်ချိန်နိုင်စေဖို့ ဖြစ်ပါကြောင်း.....

Min Thayt - Official

31 Dec, 12:46


■ နိုင်ငံရေးဗေဒမှာ၊ [human nature] ကို လေ့လာရင်းနဲ့ ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောထားတွေကို ထည့်ပြီး လေ့လာနိုင်တယ်။ အတိတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တွေ အများကြီးရှိတယ်။ ကမ္ဘာစစ်ထဲမှာ ဦးဆောင်ကြတဲ့ ခေါင်းဆောင်တွေက ဘယ်လိုလဲ။ စစ်ရေး ခေါင်းဆောင်မှုကို စစ်ဗိုလ်ချုပ်ကြီးတွေ ပေးတဲ့ ပုံစံလည်းရှိသလို၊ နိုင်ငံရေးခေါင်းဆောင်မှုဘက်ကနေ ပေးတဲ့ ခေါင်းဆောင်မှုတွေလည်း ရှိတယ်။ စစ်အတွင်းမှာ ဘယ်လို ခေါင်းဆောင်တွေဟာ ဘယ်လို ဦးဆောင်မှု ပေးခဲ့ကြသလဲဆိုတဲ့ သာဓကတွေ၊ ဥပမာ - ဥပမေယျတွေ အများကြီး ရှိပါတယ်။ ပဋိပက္ခတွင်းနဲ့ အကျပ်အတည်းကာလတွေမှာ ဘယ်လို ခေါင်းဆောင်တွေဟာ အရေးပါသလဲဆိုတာကို သိနိုင်တယ်။ လက်ရှိ ပစ္စုပ္ပန်မှာလည်း ဘယ်လို နိုင်ငံမျိုး၊ ဘယ်လို လူ့အဖွဲ့အစည်းမျိုးတွေမှာ ဘယ်လို ခေါင်းဆောင်မှု ပုံစံတွေကို တွေ့ရသလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလို့ ရတယ်။ ဘယ်နိုင်ငံတွေမှာတော့ ဘယ်လို ဦးဆောင်မှုမျိုး တွေ့ရလို့ အောင်မြင်ခဲ့တယ်။ ဘယ်လို နိုင်ငံတွေမှာတော့ ဘယ်လို ခေါင်းဆောင်မျိုးတွေက ချုပ်ကိုင်လွှမ်းမိုးခဲ့လို့ အဖျားရှူးပြီး ကျရှုံးခဲ့ရတယ်ဆိုတာကို သင်ခန်းစာ အမျိုးမျိုးထားပြီး လေ့လာလို့ ရတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ ဘယ်လို ခေါင်းဆောင်တွေ ဦးဆောင်ခဲ့ပြီး၊ အဲသည့်ခေါင်းဆောင်တွေက ဘယ်လိုတွေ စဉ်းစားခဲ့ကြသလဲဆိုတာကို လေ့လာနိုင်တယ်။ ခေါင်းဆောင်တွေက ဘယ်လိုနည်းနဲ့ ခေါင်းဆောင်နေရာကို ရောက်လာကြသလဲဆိုတာလည်း အရေးကြီးတယ်။ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ကို ပုံဖော်တာက အဲသည့် အီလစ်အလွှာက အဓိက ပုံဖော်တာတွေက အများကြီး ရှိတယ်။ အီလစ်အလွှာမှာ ခေါင်းဆောင်တွေက အခရာပဲ။ ဒါ့ကြောင့် [leadership psychology] ကို လေ့လာရင်းနဲ့ Elite Politics ရဲ့ အထာကို သိနားလည်နိုင်တယ်။ [leadership psychology] တွေကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး၊ Elite Politics မှာ ဘယ်လို နိုင်ငံရေးရာသီဥတုမျိုး လွှမ်းမိုးနေသလဲဆိုတာကို သိနိုင်တယ်။ ဒါမှ လက်တွေ့နိုင်ငံရေးကို နားလည်မယ်။ မီဒီယာတွေ၊ သတင်းစာတွေမှာ ရေးတဲ့ framing လုပ်ထားတဲ့ သတင်းအချက်အလက်တွေကလည်း အသုံးဝင်သင့်သလောက် အသုံးတည့်ပါတယ်။ ဒါပေမယ့် အဲဒါတွေချည်းပဲ သက်သက်နဲ့ မပြည့်စုံနိုင်ဘူး။ အရှိပကတိနိုင်ငံရေးကို ချည်းကပ်နိုင်ဖို့အတွက်၊ ပါဝါကော်ရစ်ဒါမှာ ဘယ်လိုတွေ ဖြစ်ပျက်နေသလဲဆိုတာကို သိအောင် လုပ်ရတယ်။ အဲသည့်ခေါင်းဆောင်တွေ နံဘေးမှာ၊ ဝိုင်းထားတဲ့လူတွေက ဘယ်လို လူတွေလဲဆိုတာကို လေ့လာရမယ်။ ခေါင်းဆောင်တွေဘေးမှာ ဝိုင်းနေတဲ့သူတွေကို နိုင်ငံရေးသိပ္ပံနဲ့ Public policy မှာတော့ "Gatekeeper" တွေလို့ သုံးနှုန်းတယ်။ Gatekeeper တွေက ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်တယ်။ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု စတိုင်လ် (သို့မဟုတ်) ခေါင်ဆောင်မှုစတိုင်လ် - leadership style တွေဟာ အဲသည့် Gatekeeper တွေရဲ့ လွှမ်းမိုးမှုတွေလည်း ရှိတာပဲ။ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ gatekeeper တွေ ပေးတဲ့ သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး ဖြစ်/ပျက်ရတာတွေလည်း ရှိတယ်။ ဒါ့ကြောင့် ဒီတစ်စုံလုံးတစ်ပြုံလုံးကို ခြုံပြီး ဆက်စပ်ကြည့်နိုင်မှ၊ Elite Politics ဆိုတာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်တာဖြစ်တယ်။

■ နိုင်ငံရေးဗေဒကို လေ့လာရမှာ၊ တစ်ခုတည်းကို ကွက်ပြီး ယူလို့ မရတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် ဆက်စပ်ယူရတယ်၊ ချိတ်ဆက်ယူရတယ်၊ အကြောင်းအကျိုးကို ဆက်စပ်စဉ်းစားနိုင်စွမ်း မြင့်မှသာ နိုင်ငံရေးကို သေချာလေ့လာတဲ့နေရာမှာ ခရီးရောက်နိုင်တာပါ။ အတော်များများကတော့ event တွေလောက်ပဲ ကွက်ပြီး ကြည့်တယ်။ Political event တွေလောက်ကိုပဲ ကြည့်ပြီး၊ သုံးသပ်တယ်။ အဲသည့်လောက်နဲ့ မလုံလောက်ပါဘူး။ Trend တွေကိုလည်း ကြည့်ရတယ်။ political trend တွေက ဘယ်ဘက်ကို တမ်းညွှတ်နေသလဲဆိုတာ အရေးကြီးတယ်။ တကယ်တော့ trend ဆိုတာက "ခေတ်ရေစီး" ကိုပြောတာပါ။ ရေစီးကိုလည်း ကြည့်ရတယ်။ ဖြစ်ရပ်တွေကိုလည်း ကြည့်ရတယ်။ trend တွေကိုလည်း ကြည့်ရတယ်၊ event တွေကိုလည်း နားလည်ရတယ်။ အဲဒါတွေကို ဆက်စပ်ပြီးနားလည်နိုင်ရင်၊ ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်နိုင်တာပဲ။ ဟိုတစ်စဒီတစ်စလောက်နဲ့တော့ ရမ်းတုတ်ကန်းတုတ်မှန်းတုတ်လို့ ရပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုလုံးကို ခြုံကြည့်၊ မျှော်ကြည့်၊ ဆင်ခြင်ကြည့်ရတာပဲ။ မိုးပြီးကြည့်ရတယ်၊ အနုစိတ်အသားစ ထုတ်ပြီး ကြည့်ရတယ်။ ဒါတွေကို ဆက်စပ်စဉ်းစားပြီး၊ နိုင်ငံရေးဗေဒကို ချည်းကပ်ကြရတာပါပဲ။

Min Thayt - Official

31 Dec, 12:46


■ Real Politics လို့ခေါ်တဲ့ လက်တွေ့နိုင်ငံရေးကို နားလည်ဖို့အတွက် Elite Politics တွေကို နားလည်ရမယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံရေးဗေဒကို လေ့လာတဲ့အခါမှာ၊ [human nature] ကို မဖြစ်မနေ ထည့်ပြီး လေ့လာရမယ်လို့လည်း ရေးခဲ့ပါတယ်။ အခုက အဲသည့်ရဲ့ အဆက်အစပ်တွေကို ထပ်ပြီး ပြောချင်ပါတယ်။ အီလစ်နိုင်ငံရေးအလွှာကို ဂဃနဏ ခြုံငုံနားလည်သဘောပေါက်ဖို့အတွက် စိတ်ပညာကို နားလည်ခြင်းဟာ အင်မတန် အရေးကြီးတယ်။ အဲသည့်ထဲမှာ၊ [leadership psychology] လို့ခေါ်တဲ့ ခေါင်းဆောင်မှုစိတ်ပညာဟာ တွဲပြီးပါလာတယ်။ လူ့သဘာဝကို လေ့လာခြင်းထဲမှာ၊ ခေါင်းဆောင်မှုစိတ်ပညာကိုပါ ထည့်ပြီး လေ့လာပါတယ်။ ခေါင်းဆောင်မှုစိတ်ပညာကို နားလည်သဘောပေါက်မှ၊ အီလစ်နိုင်ငံရေးကိုလည်း နားလည်နိုင်တယ်။ ခေါင်းဆောင်တွေဟာ ဘယ်လို စဉ်းစားသလဲဆိုတာကို လေ့လာဆန်းစစ်ရမယ်။ ခေါင်းဆောင်လို့ ပြောတဲ့နေရာမှာ၊ အာဏာရှိတဲ့ခေါင်းဆောင်နဲ့ ဩဇာရှိတဲ့ခေါင်းဆောင်ဆိုပြီး အကြမ်းဖျင်း ခွဲလို့ ရတယ်။ တချို့ ခေါင်းဆောင်တွေက အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိတယ်။ သူတို့ကို positional power ရှိတဲ့ ခေါင်းဆောင်တွေလို့ ခေါ်ပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ အာဏာ လုပ်ပိုင်ခွင့် သတ်သတ်မှတ်မှတ် ဆုပ်ကိုင် ရယူထားနိုင်တာမျိုး မဟုတ်ပေမယ့်၊ လူအများအပေါ်မှာ ဩဇာလွှမ်းမိုးတဲ့ခေါင်းဆောင်တွေဖြစ်တယ်။ သူတို့ဟာ personal power အားကောင်းတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ တချို့ခေါင်းဆောင်တွေကျတော့လည်း - အာဏာရော / ဩဇာရောကြီးမားကြတယ်။ လုပ်ပိုင်ခွင့်အာဏာလည်း ရှိသလို၊ လူအများအပေါ်မှာ ဩဇာလွှမ်းမိုးထားပြီး၊ လူထုက ယုံကြည်ကိုးစားတဲ့ခေါင်းဆောင်တွေဖြစ်တယ်။ အဲသည့်လို ခေါင်းဆောင်တွေထဲမှာ၊ နယ်ပယ်အားဖြင့် ကွဲပြားတာတွေ ရှိတယ်။ တချို့က အုပ်ချုပ်ရေးနယ်က ခေါင်းဆောင်တွေဖြစ်တယ်။ တချို့က စစ်ရေးနယ်က ခေါင်းဆောင်တွေဖြစ်တယ်၊ တချို့က နိုင်ငံရေးနယ်က ခေါင်းဆောင်တွေဖြစ်တယ်၊ တချို့ကတော့ အမျိုးသားရေးခေါင်းဆောင်တွေဖြစ်တယ်။ သီးခြား နယ်ပယ်ကဏ္ဍအလိုက်လည်း ခေါင်းဆောင်တွေရှိတယ်။ စီးပွားရေးနယ်မှာ၊ စာပေနယ်မှာ၊ အသီးသီးအသသ ဦးဆောင်တဲ့သူတွေ ရှိတယ်။ နိုင်ငံရေးဗေဒကို လေ့လာတဲ့အခါမှာ၊ ခေါင်းဆောင်မှုစိတ်ပညာကို ထည့်ပြီး လေ့လာရတာပဲ။ အဲသည့်ထဲမှာ ခေါင်းဆောင်တွေက ဘာပြောတယ်၊ ဘယ်လိုပြောတယ်၊ ဘာတွေလုပ်တယ်ဆိုတာကို စိစစ်လေ့လာဆန်းစစ် သုံးသပ်ရတယ်။ အပြောနဲ့ အလုပ်ညီသလားဆိုတာကို ချိန်ဆတွက်ဆရတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လို အခြေအနေမျိုးမှာ၊ ဘယ်လို ခေါင်းဆောင်မှုပုံစံ (တနည်း) ဘယ်လို ခေါင်းဆောင်မှုစတိုင်လ်ကို ကျင့်သုံးသလဲဆိုတာကို လေ့လာကြည့်လို့ ရတယ်။ မဟာခေါင်းဆောင်ကြီးလို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ခေါင်းဆောင်မှုပေးသလား၊ စုပေါင်းခေါင်းဆောင်မှုကို လုပ်သလား၊ နောက်လိုက်နောက်ပါတွေကို ဘယ်လို ဆွဲဆောင်စည်းရုံးသိမ်းသွင်းသလဲဆိုတာတွေကို လေ့လာရတယ်။ ခေါင်းဆောင်တစ်ဦးချင်းစီရဲ့ အခြေခံစဉ်းစားချက်က ဘယ်အပေါ်မှာ တည်ထားတာလဲဆိုတာကိုလည်း ကြည့်ရတယ်။ သူတို့ရဲ့ နောက်ကွယ်က အိုင်ဒီယော်လိုဂျီ (တနည်း) နောက်ကွယ်က ဒဿနအတွေးအခေါ် နောက်ခံက ဘာလဲဆိုတာကို မြင်အောင် ကြည့်ရတယ်။ အကျပ်အတည်းအတွင်းမှာ၊ ဘယ်လို စိတ်နေသဘောထားမျိုးရှိသလဲဆိုတာကိုလည်း ချည်းကပ်လေ့လာရတယ်။ ဒါတွေဟာ ခေါင်းဆောင်မှုစိတ်ပညာကို နားလည်ပြီး လေ့လာနိုင်ရင် အင်မတန် ကျေးဇူးများနိုင်တဲ့ကိစ္စဖြစ်တယ်။

Min Thayt - Official

31 Dec, 04:35


ဒါ့ကြောင့် ....
နိုင်ငံရေးဆိုတာဟာ
လူ့ကိစ္စ၊
မြေကိစ္စ၊
အာဏာကိစ္စ၊
အကျိုးစီးပွားကိစ္စဖြစ်တယ်လို့ ပြောတာပေါ့။

လူနဲ့ မဆက်စပ်တဲ့ မြေမှာ၊ နိုင်ငံရေးကိစ္စဆိုတာ ဖြစ်မလာဘူး။ အာဏာဆိုတာကလည်း လူနဲ့ ဆက်စပ်ပြီး ဖြစ်လာတာပဲ။ အကျိုးစီးပွားဆိုတာလည်း လူတွေကသာ စဉ်းစားပြောဆိုလုပ်ဆောင်တဲ့ကိစ္စသာဖြစ်တယ်။ လူနဲ့ ကင်းလွတ်တဲ့ နိုင်ငံရေးဆိုတာ မရှိဘူး။ နိုင်ငံရေးဟာ လူနဲ့ တိုက်ရိုက်ဆက်စပ်ရင် ဆက်စပ်။ လူနဲ့ တိုက်ရိုက်မဆက်စပ်ဘူးဆိုရင် လူနဲ့ သွယ်ဝိုက်ဆက်စပ်နေတာပဲ။ ဒါ့ကြောင့်၊ နိုင်ငံရေးဗေဒမှာ လူကို လေ့လာခြင်းဟာ အခရာကျတယ်။ [human nature] ကို လေ့လာခြင်းဟာ အခရာကျတယ်။

ဒါ့ကြောင့်၊
နိုင်ငံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရတတ်သမျှ စာအုပ်တွေ ရှာဖတ်နေတဲ့ လူငယ်ချာတိတ်တွေဟာ - စာအုပ်တွေကိုလည်း ဖတ်ရမယ်၊ လူတွေကိုလည်း ဖတ်ရမယ်။ လူမျက်နှာတွေကိုလည်း ဖတ်ရမယ်။

မင်းသေ့
၃၁ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

31 Dec, 04:35


■ [human nature] ကို နားလည်လိုက်ခြင်းက ၊ ဘယ်လောက်အကျိုးများတယ်ဆိုတာ သိပ်ထင်ရှားတယ်။ လက်တွေ့နိုင်ငံရေးမှာလည်း [human nature] ကို လက်လွှတ်လို့ မရဘူး။ သီအိုရီတွေ၊ သဘောတရားတွေကို လေ့လာရင်လည်း [human nature] ကို လက်လွှတ်လို့ မရဘူး။ အတွေးအခေါ်တွေနဲ့ အိုင်ဒီယော်လိုဂျီတွေကို လေ့လာရင်လည်း [human nature] ဟာ အချုပ်ထဲမှာ၊ ပါတယ်လို့တောင် ပြောနိုင်တယ်။ နိုင်ငံရေးစနစ်တွေ၊ ပေါ်လစီတွေနဲ့ မူတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာလည်း [human nature] ကို အခြေခံတည်ပြီးတော့ - စဉ်းစားကြတာပဲ။ လူတွေရဲ့ စရိုက်သဘာဝကို နားမလည်ရင်၊ နိုင်ငံရေးမှာ ဘာမှ တွင်တွင်ကျယ်ကျယ် လက်တွေ့ကျကျ လုပ်လို့ကို မရဘူး။ သမိုင်းမှာ မဟာခေါင်းဆောင်ကြီးတွေဟာ အာဏာကို ဘယ်နည်းနဲ့ မြဲမြံအောင် ချုပ်ကိုင်ခဲ့ကြသလဲဆိုတာကို လေ့လာကြည့်ရင်လည်း၊ သူတို့ဟာ [human nature] ကို ကောင်းကောင်း နားလည်သဘောပေါက်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ အာဏာကို လုပ်တဲ့နည်း၊ အာဏာကို မြဲမြံစေတဲ့နည်းတွေ - မဟာဗျူဟာတွေ၊ အာဏာကို မြဲမြံစေအောင် ချဲ့ထွင် ကျယ်ပြန့်စေတဲ့ ဒဿနတွေကို ကြည့်ရင်လည်း [human nature] အပေါ်မှာ အခြေခံပြီး၊ ချည်းကပ်ရှုမြင်တာတွေချည်းပဲ ဆိုတာတွေ့နိုင်တယ်။ Real Politics မှာ သိပ်နာမည်ကြီးတဲ့ ဂန္တဝင်ကျမ်းတစ်ခု ရှိတယ်။ မက္ခီယာဗယ်လီရဲ့ "The Prince" ကျမ်းဖြစ်တယ်။ ဒါက အာဏာမြဲမြံနည်းနဲ့၊ အာဏာချုပ်ကိုင်နည်းတွေကို ပြဆိုတဲ့ကျမ်းပဲ။ အာဏာကို ဘယ်လို ရအောင် ယူရမလဲဆိုတဲ့ နည်းနာ နိဿယကို ပြတဲ့ ကျမ်းလည်းဖြစ်တယ်။ အဲသည့် ကျမ်းကို လေ့လာကြည့်ရင် [human nature] အပေါ်မှာ အခြေခံ ခွဲခြမ်းစိတ်ဖြာပြီး၊ အာဏာရရာ ရကြောင်းနည်းတွေကို ညွှန်းတာပဲ။ လူတွေကို ဘယ်လို ချုပ်ကိုင်ရမယ်၊ လူတွေကို ဘယ်လို လှည့်စားရမယ်၊ လူတွေကို ဘယ်လို ကုလားဖန်ထိုးရမယ်ဆိုတာတွေကို ပြောတာပဲ။ ဒါဟာ [human nature] ကို အကြေအလည်နားလည်သဘောပေါက်နေခြင်းဖြစ်တယ်ဆိုတာကို အထင်အရှားပြနေတယ်။

■ [The Dialectical Relationship Between Politics and Human Nature] လို့ ပြောတယ်။ လူ့သဘာဝနဲ့ နိုင်ငံရေးအကြားမှာ အပြန်အလှန် ဆက်စပ်စဉ်းစားတဲ့ နည်းပဲ။ ဒိုင်ယာလက်တစ်စဉ်းစားနည်းကို၊ ဗမာလက်ဝဲသမားတွေကတော့ "အနုပဋိလောမနည်း" လို့ ပြောတယ်။ အနုလုံပဋိလုံ စဉ်းစားခန်း ဖွင့်တာပေါ့။ အနုလုံပဋိလုံဆိုတာလည်း ရှင်းပါတယ်၊ (အပြန်ပြန် အလှန်လှန်) (ဖင်ပြန်ခေါင်းပြန်) လွန်းထိုးပြီး စဉ်းစားတွေးခေါ်တာပါ။ နည်းနည်း နက်နက်တူးပြီးပြောရင်တော့ [မူလ - ပဋိ - သမူဟ] ဆိုတဲ့ စဉ်းစားနည်းနဲ့ အဖြေမှန်ထုတ်ဖို့ ကြိုးစားတာပဲ။ အင်္ဂလိပ်လိုဆိုရင်တော့ [thesis - antithesis - synthesis] လို့ ပြောတာပဲ။ ဒါက စဉ်းစားနည်းတစ်ခုပဲ။ ဗိုလ်ချုပ်ကြီးနေဝင်းက - ဗမာနည်းဗမာ့ဟန်ဆိုရှယ်လစ်ဝါဒတွေဖြစ်စေဖို့၊ လမ်းညွှန်ချက်ပေးတော့ "စာရေးဆရာ ကိုကိုမောင်ကြီး (ခေါ်) ဦးချစ်လှိုင်"ကို ရေးခိုင်းတာပဲ။ ဦးချစ်လှိုင်ဟာ၊ ဗမာနည်းဗမာဟန်ဆိုရှယ်လစ်ဝါဒရဲ့ သဘောတရားရေးဆရာကြီးဖြစ်ခဲ့တာပေါ့။ အဲသည့်ထဲမှာ သခင်တင်မြတို့လည်းပါခဲ့ပါတယ်။ အဲသည့် ဗမာနည်းဗမာ့ဟန် ဆိုရှယ်လစ်ဝါဒကို ကြည့်ရင် "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား" လို့ ပြောတယ်။ အညမညသဘောဟာ - အနုပဋိလောမနည်းနဲ့ ခပ်ဆင်ဆင်ပဲ။ အပြန်အလှန်အကျိုးဖြစ်ထွန်းသက်ရောက်နေတယ်ဆိုတာကို ပြောတာ။ လူ နဲ့ လူ့လောကကြီးရဲ့ အဆက်အစပ်။ လူနဲ့ ပတ်ဝန်းကျင်ရဲ့ အဆက်အစပ်။ လူနဲ့ လူ့အဖွဲ့အစည်းအကြား အဆက်အစပ်။ လူနဲ့ နိုင်ငံတော်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား အဆက်အစပ် ။ ဒါတွေကို ပြောတာပဲ။ နိုင်ငံရေးသိပ္ပံမှာတော့ - [State and Society Relations] လို့ပြောတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအ‌ကြား ဆက်ဆံရေးလို့ ပြောတယ်။ ဒါတွေဟာ နိုင်ငံရေးအဋ္ဌကထာဆရာတွေရဲ့ recipe အမျိုးမျိုးမှာ၊ အရသာအမျိုးမျိုး - ဗားရှင်းအမျိုးမျိုး - ထုပ်ပိုးပုံအမျိုးမျိုး ကွဲပြားသွားတာပဲ။ နိုင်ငံရေးအတွေးအခေါ်တွေကို ဖန်တီးတဲ့နေရာမှာလည်း recipe အမျိုးမျိုးရှိတယ်ဆိုတာ သိရမယ်။ recipe ဆိုတာ [a set of instructions for preparing a particular dish, including a list of the ingredients required.] လို့ ပြောတယ်။ ဘယ်အရာတွေကို ဘယ်လို ထည့်ချက်မလဲ၊ ဘယ်ဟာကို ဘယ်လို အရင်ထည့်ပြီး၊ ဘယ်ဟာကို နောက်မှာထည့်ပြီး၊ ဘယ်လိုလှီးချွတ်မယ်က အစ.... ဒါကို နားလည်အောင် လုပ်တာ recipe ကိုနားလည်အောင် လုပ်တာပဲ။ နိုင်ငံရေးအတွေးအခေါ်တွေကို ပြင်ဆင်တဲ့နေရာမှာ ဒါတွေတွေ့ရတယ်။ ဒါတွေကို လုပ်တဲ့နေရာမှာ လူတွေရဲ့ [human nature] သိပြီးမှ၊ လုပ်ရတာပဲ။ ဘယ်သူတွေဟာ ဘာကို ကြိုက်သလဲ၊ ဘယ်လိုအရသာမျိုးကို နှစ်သက်ခုန်မင်လေ့ရှိသလဲဆိုတာကို မသိရင် မရဘူး။ ဆိုလိုချင်တာက - [human nature] ဟာ နိုင်ငံရေးကို လေ့လာခြင်းမှာ အချုပ်ဖြစ်တယ်ဆိုတာကို သိစေချင်တာပါ။ အဲသည့်အပေါ် အခြေခံပြီးတော့ တခြားအကိုင်းအခက်တွေဆီ ဖြန့်ကျက်သွားရတာပဲ။ ကိုင်းဖျားကိုင်းနားတွေကို အကုန် လိုက်ပြောနေရင်တော့ ကုန်နိုင်မယ် မထင်ဘူး။ ဒါတွေက အမျိုးမျိုးကွဲပြားနိုင်တယ်။ ဒါပေမယ့် အားလုံးကို ချုပ်လိုက်ရင် ဘယ်မှာ လာစုသလဲဆိုတော့ [human nature] မှာ လာ စုတယ်၊ လာဆုံတယ်။

Min Thayt - Official

31 Dec, 04:35


■ နိုင်ငံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရတတ်သမျှ၊ စာအုပ်စာစောင်တွေ ရှာဖတ်ပြီး လေ့လာနေတဲ့ လူငယ်ချာတိတ်လေးတွေအတွက်၊ ပြောဖို့ ရှိနေသေးတယ်။ အဲဒါကတော့ နိုင်ငံရေးကို လေ့လာတဲ့နေရာမှာ [human nature] ကို မသိလို့ကို မရဘူး..ဆိုတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံရေးဒဿနိကဘာသာရပ်တွေဖြစ်တဲ့ [Political Philosophy] တွေကို လေ့လာကြည့်ရင်လည်း၊ ဒဿနပညာရှင်တွေဟာ လူ့အခြေခံသဘာဝစိတ်အပေါ်မှာ မူတည်ပြီးတော့၊ နိုင်ငံရေးအတွေးအခေါ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့တာတွေက တစ်ပုံတစ်ပင်ဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်တွေကို နားလည်ဖို့အတွက် [human nature] လို့ ခေါ်တဲ့ လူ့သဘာဝကို နားလည်အောင် လေ့လာရတာပဲ။ [human nature] လို့ ပြောတဲ့နေရာမှာ [human psychology] ဆိုတာလည်း ပါတယ်။ လူ့သဘာဝနဲ့ လူ့စိတ်သဘောက ချိတ်ဆက်နေတယ်။ လူ့စိတ်သဘောနဲ့ နိုင်ငံရေးဒဿနတွေကလည်း ချိတ်ဆက်နေတယ်။ နိုင်ငံရေးဒဿနတွေနဲ့ နိုင်ငံရေးအယူဝါဒတွေကလည်း ချိတ်ဆက်နေတယ်။ နိုင်ငံရေးအယူဝါဒတွေနဲ့ နိုင်ငံရေးစနစ်တွေကလည်း ချိတ်ဆက်နေတယ်။ နိုင်ငံရေးစနစ်တွေနဲ့ နိုင်ငံတွေရဲ့ တိုးတက်ခြင်း ၊ ကျရှုံးခြင်း ဆိုတာတွေကလည်း ချိတ်ဆက်နေတယ်။ နိုင်ငံရေးကို လေ့လာတဲ့အခါ၊ လူကို လေ့လာရတာပဲ။ လူနဲ့ ကင်းပြီးဖြစ်တည်တဲ့နိုင်ငံရေးကိစ္စဆိုတာ မရှိဘူး။ လူ့ကြောင့်ပဲ၊ နိုင်ငံရေးဆိုတာ ဖြစ်လာရတယ်။ နိုင်ငံရေးဗေဒတွေကိုယ်တိုင်က လူတွေကို မျက်နှာစာပေါင်းစုံကနေ၊ မှန်ပြောင်းမျိုးစုံနဲ့ ချည်းကပ်ပြီး လေ့လာရတဲ့ ဘာသာရပ်ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံရေးကို လေ့လာခြင်းမှာ၊ လူကို လေ့လာခြင်းဟာ သိပ်အရေးကြီးတယ်။

■ နိုင်ငံရေးသိပ္ပံ ဘာသာရပ်အောက်မှာ - [Political Behavior] ဆိုတဲ့ အကြောင်းအရာတွေကို တွေ့နိုင်တယ်။ နိုင်ငံရေးအပြုအမူတွေကို လေ့လာခြင်းလို့ နားလည်နိုင်ပါတယ်။ အဲသည့် [Political Behavior] တွေဆိုတာကိုက၊ နိုင်ငံရေးနဲ့ လူ့သဘာဝ အဆက်အစပ် [The relation between Politics and Human Nature] လို့ ပြောလို့ ရတာပဲ။ လူ့အဖွဲ့အစည်းအကြောင်းကို သိဖို့၊ နိုင်ငံရေးနဲ့ လူ့သဘာဝ အဆက်အစပ်ကို သိအောင် လုပ်ရတာပဲ။ လူ့အဖွဲ့အစည်းအကြောင်းကို သိမှလည်း၊ နိုင်ငံရေးကို သိခြင်းဖြစ်တယ်။ လူ့အဖွဲ့အစည်းအကြောင်းကို နားမလည်ဘဲ၊ နိုင်ငံရေးကို သိတယ်လို့ မပြောနိုင်ဘူး။ လူ့အဖွဲ့အစည်းဆိုတာလည်း လူတစ်ဦးချင်းစီတဲ့ စိတ်နေသဘာဝနဲ့ သူတို့ရဲ့ အကျင့်ဗီဇစရိုက်တွေကို စုပေါင်းဖွဲ့တည်ပြီး၊ လူ့အသိုင်းအဝိုင်းရယ်လို့ ဖြစ်လာတာဖြစ်တယ်၊ လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်လာတာဖြစ်တယ်။ လူ့အဖွဲ့အစည်းထဲမှာ လူတစ်ဦးချင်းစီရဲ့ စုစုပေါင်းစိတ်အသိုက်အမြုံကို တွေ့နိုင်တယ်၊ သိနိုင်တယ်၊ မြင်လို့ ရတယ်။ ဒါ့ကြောင့် [human nature] ဆိုတာဟာ တစ်ဦးချင်းစိတ်ပညာကို လေ့လာရုံနဲ့ ရပ်နေလို့ မရဘူး။ လူ့အသိုင်းအဝိုင်းရဲ့ စိတ်ပညာအထိပါ တက်ရတယ်။ ဒါကို သည့်နောက်ပိုင်း communal psychology လို့ ပြောကြတယ်။ social psychology ကို လေ့လာခြင်းလို့လည်း ပြောကြတယ်။ လူ့သဘာဝကို နားလည်အောင် လုပ်ခြင်းဟာ ဘာသာရပ်အတော်များများနဲ့ ဆက်စပ်နေလို့၊ အကျိုးမယုတ်ဘူး။ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ကိုင်ထားနိုင်ပြီဆိုရင်၊ တခြားအရာတွေကိုပါ ဆုပ်ကိုင်ဆွဲယူနိုင်တဲ့အထိ အကျိုးကြီးတယ်။ ကျေးဇူးများတယ်။ ဒါ့ကြောင့် [human nature] ကို လေ့လာခြင်းကိစ္စဟာ - နိုင်ငံရေးကို လေ့လာခြင်းအမှုမှာ အင်မတန် အရေးကြီးကြောင်း ပြောချင်တာဖြစ်တယ်။

Min Thayt - Official

30 Dec, 15:21


ဂျူး၊ မောင်မြင့်ဇော်နဲ့ ကိုတာတို့ ရေးသားထုတ်ဝေခဲ့ဖူးတဲ့ "ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်" [၂၀၁၉၊ သာလာယံစာအုပ်တိုက်] စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးတယ်။ တကယ်တော့ အဲသည့်တုန်းက ရိုဟင်ဂျာအရေးက သိပ်ကို ဟော့ဖြစ်နေတဲ့ အချိန်ပါ။ လူမျိုးတုံးသတ်ဖြတ်မှုတွေဆိုတာ၊ တို့နိုင်ငံနဲ့ လားလားမျှ၊ မဆိုင်ဘူးလို့ နားလည်လက်ခံထားတဲ့ ကျနော်တို့လို ဗမာတွေကိုယ်၌က - ကိုယ့်လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး နည်းနည်းလေး စိတ်မသိုးမသန့်ဖြစ်လာတဲ့ကာလတစ်ခုပေါ့။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သတိထားပြီး ကြည့်မိလာတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း၊ "ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်" [Singulative narration] တွေနဲ့ပတ်သက်ပြီး၊ ကျနော် ပို သတိထားမိလာတယ်။ ကျနော်တို့ ကိုယ်တိုင်က နေ့စဉ်နေ့တိုင်း သတင်းမီဒီယာတွေကို အမြဲ စားသုံးနေသူဖြစ်တာက တစ်ကြောင်း၊ နယ်ပယ်ကဏ္ဍအတော်များများမှာ ရှိတဲ့လူတွေရဲ့ စိတ်နေသဘောတွေကို အကြမ်းဖျင်း အကဲခတ်နိုင်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ မျိုးဆက်ဖြစ်တာ တစ်ကြောင်း။ ဒီလို အကြောင်းတွေကြောင့် - ကျနော်တို့ နိုင်ငံအတွင်းမှာ၊ "တစ်ကြောင်းစွဲ စတိုရီ" တွေ (တနည်း) "ဇာတ်ကြောင်းတစ်မျိုးတည်း" ကို ပုံသေရိုက်သွင်းတဲ့ ဝါဒဖြန့်ချိမှုတွေ၊ သတင်းဘောင်ခတ် [Framing] လုပ်တာတွေကို အတော်များများ တွေ့လာမြင်လာရတယ်။ ဒါတွေကို လူတစ်ဦးတည်းမှာတင် မဟုတ်ဘူး၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာပါ အကျယ်အပြန့် တွေ့လာရတာပါ။ ဒါ့အပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးမှာပါ၊ အုံလိုက်ကျင်းလိုက် တွေ့လာရတာပါ။ လူမှုကွန်ယက်စာမျက်နှာတွေရယ်၊ သတင်းနဲ့ နည်းပညာရဲ့ ကျယ်ပြန့်လျင်မြန်မှုရယ်၊ လူအုပ်ကြီးရယ်၊ လူပိန်းကြိုက်တွေ (ပေါ်ပြူလစ်တွေ) ရယ်၊ အကျိုးစီးပွားရယ်၊ ဒေါသရယ်၊ အမုန်းနဲ့ အငြိုးရယ်၊ အာဏာရယ်၊ လက်နက်ရယ်၊ မီဒီယာတွေရယ်၊ လော်ဘီတွေရယ် ---- အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာ၊ လက်ရှိ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်ကို ရောက်လာရုံတင်မကဘူး၊ အစုလိုက်အပြုံလိုက် အပြန်အလှန် သတ်ဖြတ်မှုတွေရယ်၊ ငတ်မွတ်ခေါင်းပါးမှုတွေရယ်၊ ခိုးဆိုးလုနှိုက် - ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတွေရယ်၊ လူ့အဖွဲ့အစည်းအတွင်း အပိုင်းပိုင်းအပြိုင်းပြိုင်းကွဲအက်မှုတွေရယ်....၊ ဒါတွေ အားလုံးဟာ အကျိုးဆက်အနေနဲ့ ဖြစ်လာတော့တာပါပဲ။

တစ်ကြောင်းစွဲ စတိုရီတွေ (တနည်း) ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရယ်ဟာ ကျနော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ဘယ်လောက်အထိ၊ ဘေးထွက်ဆိုးကျိုးတွေ ပေးနေသလဲဆိုတာ တဖြည်းဖြည်း ပိုပြီး ထင်ရှားလာနေပါတယ်။ ကျနော်တို့ဟာ တစ်ကြောင်းစွဲ စတိုရီတွေကို မီဒီယာတွေ၊ လော်ဘီတွေ၊ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေနဲ့ လူအုပ်ကြီးတွေဟာ ဘယ်လို ပုံဖော်သလဲဆိုတာကို သေချာ "ဂ-ဃ-န-ဏ" နားလည်သဘောပေါက်ဖို့ လိုနေပါတယ်။

တစ်ကြောင်းစွဲ စတိုရီတွေဆိုတာ ဘာလဲ။
တစ်ကြောင်းစွဲ စတိုရီတွေကို ဘယ်လို ပုံဖော်ကြသလဲ။
တစ်ကြောင်းစွဲ စတိုရီတွေဟာ ဘာ့ကြောင့် လွှမ်းမိုးအားကြီးလာနေရသလဲ။
လူ့အဖွဲ့အစည်းအတွင်းမှာ၊
ဇာတ်ကြောင်းတစ်မျိုးတည်း ထင်ပေါ် အားကြီးလာနေတာ ဘာ့ကြောင့်လဲ။
ဇာတ်ကြောင်းတစ်မျိုးတည်းကို နားလည်ထားတာ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိသလဲ။
ဇာတ်ကြောင်းတစ်မျိုးတည်းကို မြင်ခိုင်း၊ တွေးခိုင်း၊ ပြောခိုင်းလို့ ရသလား။
လူ့အဖွဲ့အစည်းအတွင်းမှာ၊ ဇာတ်ကြောင်းတစ်မျိုးတည်းကို သိမှတ်လက်ခံထားခြင်းဟာ ဘယ်လောက် ဘေးထွက်ဆိုးကျိုး အားကြီးသလဲ။

ကျနော်တို့တွေဟာ ဒါတွေကို ခြေခြေမြစ်မြစ် မေးခွန်းထုတ်နိုင်ဖို့ လိုပါတယ်။

Min Thayt - Official

30 Dec, 13:35


■ ထဲထဲဝင်ဝင်လုပ်နေတဲ့ "သွေးသစ်လူငယ်" တချို့ကို တွေ့ရင်၊ ပြောဖြစ်တာတစ်ခု ရှိတယ်။ "Elite Politics" ကို နည်းနည်း နားလည်အောင် လေ့လာပြီး၊ လုပ်ကွာ....လို့ ပြောဖြစ်တယ်။ အထူးသဖြင့် ပါဝါအီလစ်တွေရဲ့ တိမ်းညွှတ်ချက် အကွေးအညွတ်တွေမှာ၊ ကိုယ့်ရဲ့ အသက်နဲ့ ဘဝကို ရင်းနှီးမြှုပ်နှံခြင်း မခံရဖို့ အတွက် လက်တို့တာပါ။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ၊ သင်ယူပါ ၊ စူးစမ်းပါ၊ ဆည်းပူးပါဆိုတာ အလကားပြောတာ မဟုတ်ပါဘူး။ အသက်နဲ့ ဘဝကို ပုံပြီး ခြေစုံရပ်ထားတဲ့ သွေးသစ်လူငယ်တွေက ဒါကို ပိုစဉ်းစားရမယ်၊ ပိုစဉ်းစားသင့်တယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတွေ ရှိတယ်။ ရာဇာမာန်ကြောင့်၊ ရင်းနှီးမြှုပ်နှံခြင်းမဖြစ်ဘဲ - စတေးခံရတဲ့အဖြစ်မျိုးတွေ ရှိတတ်တယ်။ ဒါ့ကြောင့် အီလစ်ပိုလိုက်တစ် - Elite Politics ဆိုတာကို သေချာနားလည်အောင် ကြည့်တတ်ဖို့ လိုတယ်။ အဲဒါက အရေးကြီးတယ်။ နိုင်ငံရေးတစ်ခွင်လုံး တစ်ပြင်လုံးနဲ့လည်း ဆိုင်တယ်။ တစ်ဦးချင်းအနေနဲ့လည်း ဆိုင်တယ်။ ခေတ်တိုင်းစနစ်တိုင်းမှာ ရဲဝံ့စွန့်စားကြတဲ့လူငယ်တွေက ဒုနဲ့ ဒေးပဲ။ ခေတ်တိုင်းမှာ ရှိတယ်။ အပြောင်းအလဲလှိုင်းလုံးကြီးတွေ ကြုံတိုင်းမှာ ရှိတယ်။ အရင်ကလည်း ရှိတယ်၊ အခုလည်း ရှိတယ်၊ နောင်လည်း ရှိနေမှာပဲ။ အဲသည့်ထဲမှာ "သားကောင်းမှသည် သားကောင်" ဖြစ်သွားတဲ့ သာဓကတွေလည်း အများကြီးရှိတယ်။ သားကောင်းကနေ သားကောင်ဖြစ်မသွားဖို့အတွက် "Elite Politics " ဆိုတာကို နားလည်အောင် ကြည့်ပါလို့ လက်တို့တာပါ။

■ အခုလည်း အဲသည့်လိုပဲ ပြောမယ်။ နောင်လည်း အဲသည့်လိုပဲ ပြောမယ်။ လက်တွေ့နိုင်ငံရေးကို နားလည်ဖို့ဆိုတဲ့နေရာမှာ၊ ပါဝါအီလစ်တွေက ဘယ်လို စဉ်းစားလေ့ရှိသလဲဆိုတဲ့ သဘာဝကို နားလည်ရမယ်။ ကျနော်လည်း ကျနော့်နိုင်ငံရေးဖြတ်သန်းမှုအစမှာ၊ အဲဒါကို သိပ်မသိဘူး။ ကျနော်က စာသမားပါ။ စာသမားဆိုတော့ စာအုပ်ကို အားကိုးတယ်။ မြန်မာစာပေက လက်ဝဲဩဇာသိပ်လွှမ်းတယ်။ ဒါ့ကြောင့် ကျနော်တို့ဖတ်တဲ့စာအုပ်တွေကလည်း လက်ဝဲဗားရှင်းအနွှယ်တွေများတယ်။ လက်ဝဲစဉ်းစားချက်တွေထဲကနေ ဖောက်ထွက်ရေးတဲ့ စာအုပ်တွေအတော်နည်းတယ်။ လက်ဝဲဩဇာသိပ်ကြီးတဲ့ မြန်မာစာပေတွေထဲက၊ နိုင်ငံရေးစာအုပ်တွေကို ဇောင်းပေးဖတ်တော့ - နိုင်ငံရေးဆိုတာမှာ၊ လူထုနိုင်ငံရေးဆိုတာလောက်ပဲ နားလည်တယ်။ ဒီမိုကရေစီဆို ဘာတို့ဆိုတာကတော့ လူထုနိုင်ငံရေးအပြင် ပေါ်လစီတို့၊ အင်စတီကျူးရှင်းတို့ ဆိုတာတွေပါ ပါလာလို့တော်သေးတယ်။ ဒါပေမယ့် နိုင်ငံရေးဟာ လူထုနိုင်ငံရေးသက်သက်ကို နားလည်ခြင်းနဲ့ မလုံလောက်ဘူး။ ရီယယ်ပိုလိုက်တစ် (Real Politics) လို့ခေါ်တဲ့ လက်တွေ့နိုင်ငံရေးကို နားလည်အောင် လုပ်ရတယ်။ အဲသည့် Real Politics ဆိုတာမှာလည်း Elite Politics အခင်းအကျင်းက ဘယ်လို ဖြစ်သလဲဆိုတာကို သိအောင် လုပ်ရတယ်။ Elite Politics ကို နားမလည်ရင်၊ Real Politics ကိုလည်း နားမလည်နိုင်ဘူး။ ဒီနှစ်ခုက ဆက်စပ်နေတယ်။ ဒါ့ကြောင့် လက်တွေ့နိုင်ငံရေးထဲ ဘဝကို မြှုပ်ပြီး ပါဝင်လာတဲ့ သွေးသစ်လူငယ်တချို့ကို ဒီအချက်လေး မမေ့အောင် လက်တို့တာပါ။

■ ခေါင်းဆောင်အတော်များများက အောက်ခြေအဆင့်မှာ၊ အီလစ်စဉ်းစားချက်မျိုးတွေ သိပ် မဖြစ်ပါဘူး။ ဒါပေမယ့် ပါဝါအလွှာထိပ်ပိုင်းကို တဖြည်းဖြည်းရောက်သွားလေလေ၊ လူ့သဘာဝဗီဇအရ အီလစ်စဉ်းစားချက်အမြင်တွေ ဖြစ်လာတာပဲ။ အဲဒါကို အဖွဲ့တိုင်းမှာ တွေ့ရတယ်။ လက်နက်ကိုင်အဖွဲ့တွေမှာလည်း တွေ့ရတယ်။ နိုင်ငံရေးအဖွဲ့တွေမှာလည်း တွေ့ရတယ်။ အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထဲမှာလည်း တွေ့ရတယ်။ အထူးသဖြင့် အာဏာနဲ့ လုပ်ပိုင်ခွင့် ကြီးကြီးကို ကိုင်သုံးရတဲ့ ခေါင်းဆောင်မှုအလွှာမှာ - အီလစ်ရှုဒေါင့်အမြင်တွေ အလိုအလျောက် ကိန်းအောင်းလာတယ်။ အာဏာရဲ့ သဘာဝ [The Nature of Power] ကလည်း ဒီသဘောရှိတာကိုး။ အာဏာပလက်ဖောင်းပေါ်ကို နင်းမိပြီဆိုကတည်းက အီလစ်စဉ်းစားချက်တွေက အလိုလို ဖြစ်လာတာပဲ။ ဒါ့ကြောင့် Elite Politics ဆိုတာကို နားလည်အောင် လုပ်ခိုင်းတာပါ။


■ အဲသည့်မှာလည်း အရေးကြီးတာ တစ်ခု ရှိသေးတယ်။ အဲဒါကတော့ "Human Nature" လို့ခေါ်တဲ့ လူ့သဘာဝကို နားလည်အောင် လုပ်တာ။ Human Psychology လို့ခေါ်တဲ့ လူ့စိတ်နေစရိုက်ကို နားလည်အောင် လုပ်တာ။ ဒါက သိပ်အရေးကြီးတယ်။ ပါဝါအလွှာကို နင်းမိလေလေ၊ လူ့စိတ်သဘာဝနဲ့ လူ့ဗီဇစရိုက်ကို နားလည်ဖို့ ပိုလိုလာလေလေပဲ။ ဒါ့ကြောင့် နိုင်ငံတကာတက္ကသိုလ်တွေမှာ၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်တယ်ဆိုရင် အဲသည့်ထဲမှာ စိတ်ပညာကို ထည့်ပြီး သင်တာ၊ ဒဿနိကကို ထည့်ပြီး သင်တာ။ နိုင်ငံရေးမှာ စိတ်ပညာနဲ့ ဒဿနိကဗေဒကို ပယ်ပြီး မလေ့လာလို့ကို မဖြစ်ဘူး။ မဖြစ်မနေ နားလည်ရတဲ့ အကြောင်းအရပ်ဖြစ်တယ်။ မဖြစ်မနေ နားလည်ရမယ့် ဘာသာရပ်ဖြစ်တယ်။ စိတ်ပညာကို နားလည်မှလည်း၊ အီလစ်နိုင်ငံရေးအထာကို ရိပ်မိနိုင်တာပဲ။ ဒဿနိကဗေဒကို နားလည်မှ၊ အီလစ်နိုင်ငံရေးက ဘယ်အထိုင်လွှမ်းမိုးနေသလဲ၊ ဘယ်လို ရာသီဥတုမျိုး လွှမ်းမိုးနေသလဲဆိုတာကို နားလည်နိုင်တယ်။

Min Thayt - Official

30 Dec, 13:35


■ အီလစ်နိုင်ငံရေးအထာကို မသိဘဲ၊ စွတ်စွက် တိုးလို့ စတေးခံရတဲ့ လူငယ်တွေရဲ့ အသက်တွေ အများကြီးပဲ။ Elite Politics ကို နားမလည်လို့၊ တိုင်းပြည်ရဲ့ သားကောင်းအဖြစ်ကနေ - ပဋိပက္ခတွင်းက သားကောင် ဖြစ်သွားတဲ့ သွေးသစ်လူငယ်လေးတွေမှ အများကြီးပါ။ ဒါဟာ ခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ ရှိနေသလို၊ နိုင်ငံတိုင်းမှာလည်း ရှိခဲ့တယ်၊ ရှိနေတယ်ဆိုတာကို နားလည်ဖို့ လိုတယ်။

မင်းသေ့
၃၀ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

26 Dec, 17:41


ဂုဏ်ယူနေတတ်ကြတာပါ။ ဗမာတို့ဟာ ပျော့ပြောင်းတာကို တန်ဖိုးမထားတတ်ကြပါဘူး။ မာကြောတာ၊ ကြမ်းတမ်းတာကိုမှ၊ တန်ဖိုးလို့ မြင်တတ်ကြပါတယ်။ ပျော့ပြောင်းတယ်ဆိုတာ ပျော့ညံ့သူတို့ရဲ့ အကျင့်စရိုက်ဖြစ်တယ်လို့ ဗမာတွေက မြင်ပါတယ်။ ပျော့ပြောင်းတယ်၊ ပျော့ညံ့တယ်၊ ပျော့တိပျော့ဖတ်ဖြစ်တယ်၊ လျော့တိလျော့ရွဲဖြစ်တယ်ဆိုတာ ဗမာတို့အတွက် အနက်တူ စကားလုံးတွေဖြစ်ပါတယ်။ ပြင်းထန်မှ၊ ကြမ်းတမ်းမှ၊ ဒါဟာ ခွန်အားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ဗမာတို့ဆီမှာ၊ အနုကို မတွေ့ရ - အကြမ်းကိုသာ တွေ့ရတာဖြစ်ပါတယ်။ ဗမာတို့ဟာ ပျော့ပြောင်းမှုမှာ မခုန်မင်ပါ၊ မာကြောမှုမှသာ တန်ဖိုးလို့ မြင်ကြပါတယ်။

ဒီအကျင့် ဒီစရိုက်အခြေခံဓာတ်တွေရဲ့ ကျေးဇူးပြုမှုကြောင့်၊ ဗမာတို့ဟာ ချမ်းသာသော်လည်း မငြိမ်းချမ်းနိုင်ပါ။ ငြိမ်းချမ်းရင်လည်း - မအေးချမ်းနိုင်ပါ။

မင်းသေ့
၂၄ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

26 Dec, 17:41


■ ❝ ခင်ဗျားက ဗမာတွေဆိုရင် အကောင်းကို မပြောဘူးနော်...တဲ့။ ❞

■ အွန်း၊ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကောင်တွေ အကြောင်းကို သိနေလို့။ ပြီးတော့ ငါလည်း ဗမာပဲလေ။ ဒီတော့ ဒီသောက်ကျင့်တွေကို ငါ သိနေတယ်။

❝ ဗမာတို့ရဲ့ အခြေခံစရိုက်တွေကို ပြောရရင်၊ ဒါဟာ အမုန်းစကားဖြစ်တယ်လို့ များသောအားဖြင့် ထင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ဗမာတွေထဲမှာပဲ မွေးပြီး၊ ဒီထဲမှာပဲ ကြီးပြင်းရှင်သန်လာတဲ့သူတွေကတော့ ကိုယ်တွေအကြောင်းကို၊ ကိုယ့်ဘာသာ နားလည်သဘောပေါက်နေတယ်။ ဗမာအချင်းချင်း - စကားကြောတည့်လို့၊ ပြောဖြစ်ဆိုဖြစ်ကြရင်လည်း - တို့ဗမာတွေမှာ၊ ဒီလိုစရိုက်ရှိကြတယ်လို့ ပြောရင် သိပ်မငြင်းကြပါဘူး။ ယေဘုယျအားဖြင့် လက်ခံကြလေ့ရှိပါတယ်။ ဒါကို စာနဲ့ ပေနဲ့ consensus မယူရသေးလို့၊ တစ်ဦးချင်းတစ်ယောက်ချင်းက ငြင်းချင် ငြင်းစရာဖြစ်တယ်။ ဒါကလည်း ငြင်းလို့ ရပါတယ်။ လူရယ်လို့ ဖြစ်လာရင်၊ လူ့စရိုက်က ရှိထားပြီးသား မဟုတ်လား။ ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ အများသဘောတွေ့ရတဲ့ ဘုံလက္ခဏာတွေ ရှိတယ်လေ။ ဒါတွေကို ကျနော်တို့လို စာရေးဆရာတွေက ယေဘုယျချ [generalization] လုပ်ပြီးတော့ - ဒါကတော့ တို့တတွေမှာ၊ အခြေခံအားဖြင့် - အများစုမှာ တွေ့ရမြင်ရတဲ့ စရိုက်သကန်တွေပဲကွာ...ဆိုပြီး၊ စာနဲ့ confirmation ပေးကြရတာပါ။ ဒီအပေါ်မှာ နားလည်မှု လွဲတာတွေ၊ ဝေဖန်တာတွေ၊ ငြင်းဆိုတာတွေ ရှိနေတာပဲ။ ဒါကလည်း ရှိလို့ ရပါတယ်၊ ရှိသင့်ပါတယ်။ သို့ပေမယ့်လည်း - ကိုယ့်ဗမာအချင်းချင်းအကြားမှာ ဒါတွေကို ကိုယ်လည်းမြင်တယ်၊ သူလည်းမြင်တယ် ဆိုတာကို ယေဘုယျလက်ခံထားတယ်ဆိုရင်၊ ဒါဟာ တို့ဗမာတွေရဲ့ စရိုက်အဖြစ် ရှိနေတယ်ဆိုတာ ကြိမ်းသေတာပါပဲ။ ❞

အခုလည်း ဖန်တရာတေအောင် ပြောနေဖြစ်ကြတဲ့ ဗမာတို့ရဲ့ စရိုက်ကို နည်းနည်း ပြောချင်ပါသေးတယ်။

ဗမာတွေက ❝ ပျင်းတယ်၊ ဆင်ခြေဆင်လက်ပေးတတ်တယ်၊ အေးအေးလူလူ မနေတတ်ဘူး၊ အတင်းအဖျင်းပြောရတာ ခုန်မင်တယ်၊ တိုက်ရခိုက်ရတာကို သဘောကျတယ်❞ ဒါတွေက လူ့သဘာဝပဲမို့၊ ဒါကို တခြားသောလူမျိုးတွေမှာလည်း တွေ့နိုင်တယ်လို့ စောဒကတက်လို့ ရပါတယ်။ တခါတရံ ခေတ်စနစ်ကိုလည်း လွဲချလို့ ရပါတယ်။ ခေတ်စနစ်က အဲသည့်လို ဖြစ်ခွင့်ပေးထားလို့၊ ဗမာတွေ ဒီလိုဖြစ်နေကြတာပါလို့ ထင်ကောင်းထင်နိုင်တယ်။ စနစ်ကောင်းနဲ့ ဝန်းကျင်ကောင်းကို ရောက်လာကြတဲ့ ဗမာတွေမှာ၊ ဒီလိုအကျင့်တွေ ရှိခဲ့တယ်ဆိုရင်တောင်မှ နောက်တော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာပဲလို့ ပြောကြလေ့ရှိတယ်။ အမေရိကကို ရောက်သွားတဲ့ ဗမာတွေအကြောင်း၊ စင်္ကာပူကို ရောက်သွားတဲ့ ဗမာတွေအကြောင်း၊ ဂျပန် - ကိုရီးယားကို ရောက်သွားတဲ့ ဗမာတွေအကြောင်းကို လက်ညှိုးထိုးပြီးတော့၊ စောဒကတက်လို့ ရပါတယ်။

ဗမာစကားမှာ၊ ရေများရေနိုင် - မီးများမီးနိုင်ဆိုတဲ့ စကားရှိပါတယ်။ ဗမာတို့ဟာ ကိုယ့်ဗမာအချင်းချင်းအကြားမှာ ဒီလိုပဲ ဓာတ်တူနံတူတွေ ဆေးဖက်ယူနေတာကြောင့်၊ ဒီလိုအကျင့်တွေ ကိုယ့်စရိုက်မှာ ရှိနေတာကို သတိမထားမိကြတာများပါတယ်။ ကိုယ်နဲ့ လုံးဝ မတူမျှတဲ့ လူ့အဖွဲ့အစည်းထဲကို တိုးဝင်ခါကျမှ၊ ဪ... ငါတို့တတွေမှာ၊ ဒီလိုအကျင့်တွေ ရှိနေတာပဲဆိုတာ ပိုပြီး ထင်ထင်ရှားရှားသိလာရပါတယ်။ နိုင်ငံကို ပြောင်းရွှေ့လိုက်တဲ့ ဗမာတွေအဖို့၊ ငါတို့ဟာ ဒီလိုအကျင့်စရိုက်နဲ့ဆိုရင်တော့ မရှင်သန်နိုင်ကြဘူးဆိုတာ အလိုလို သိလာကြတာကြောင့်၊ လိုက်လျောညီထွေဖြစ်တဲ့ အပြုအမူအနေအထိုင်ကို မွေးယူလာတော့လည်း ဗမာတို့ဟာ adaptation ဖြစ်တဲ့ နေရာမှာ နှစ်ယောက်မရှိဘူးလို့ နားလည်နိုင်ပြန်ပါတယ်။ ဟုတ်ပါတယ်။ ဗမာတွေဟာ တကယ်ပြောင်းလဲရတော့မယ်ဆိုရင်တော့ မဖြစ်မနေ လိုက်ပါပြောင်းလဲနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ ဒါကို adaptation လုပ်နိုင်စွမ်း - လိုက်ပါစီးမျောနိုင်စွမ်းလို့ ပြောနိုင်ပါတယ်။ ဗမာတို့ရဲ့ ယဉ်ကျေးမှုသမိုင်းကို လေ့လာကြည့်ရင် - တရုတ်၊ ကုလားနဲ့ ယိုးဒယားတို့ရဲ့ ယဉ်ကျေးမှုတွေကို ဗမာဇာတ်သွင်းပြီးတော့ Burmanized လုပ်ထားနိုင်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ သီချင်းနဲ့ ဂီတအနုပညာတွေကို ကြည့်မလား၊ ဝတ်စားဆင်ယင်မှုကို ကြည့်မလား၊ စားသောက်ပုံအတတ်ကို ကြည့်မလား။ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်မှုမှာ ပြောမလား။ အတော်များများက ဗမာမှုပြုထားကြတာပါ။ မွန်တွေဆီကနေလည်း ဗမာတို့က သင်ယူနိုင်ကြတယ်။ ထိုင်း/ယိုးဒယားတွေဆီကလည်း သင်ယူတတ်မြောက်ကြတယ်။ အိန္ဒိယနဲ့ တရုတ်ဆီကနေလည်း လေ့လာသင်ယူတတ်ကြပါတယ်။ ဒါ့အပြင် ကိုလိုနီအင်္ဂလိပ်လက်အောက်မှာ နေခဲ့ရလို့ အင်္ဂလိပ်တွေရဲ့ ယဉ်ကျေးမှုကိုလည်း နှစ်ခြိုက်စွာ စားသုံးတတ်ကြပါသေးတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ အင်္ဂလိပ်စကားပြောတဲ့ ဥရောပအတွေးအခေါ်ကလည်း စာပေ၊ အနုပညာနဲ့ နိုင်ငံရေးမှာ မွေးယူတာတွေလည်း အများကြီး ရှိပါတယ်။ ဗမာတို့ ကောင်းကောင်းမွန်မွန် ပြောင်ပြောင်မြောက်မြောက် မသင်ယူ၊ မမွေးမြူနိုင်တာကတော့ - သိပ္ပံအတတ် / နည်းပညာအတတ်မှာပဲ ရှိပါတယ်။ ဒါကလည်း အာဏာရှင်စနစ်ဆိုးအောက်မှာ၊ ခေတ်အဆက်ဆက် ပုံဖျက်ခံခဲ့ရတာကြောင့်၊ ဗမာတို့အတွက် သိပ်မြန်လွန်းတဲ့ သိပ္ပံနည်းပညာအတတ်မှာ ခေတ်နောက်ကျပြီး၊ နောက်မြီးဆွဲဖြစ်လာခဲ့ရတာပါ။ တကယ်တော့ - ဝန်းကျင်ကောင်းနဲ့ စနစ်ကောင်းကသာ ချီ,မ ခံရတယ်ဆိုရင် ဗမာတို့ရဲ့ ပြုယူပြောင်းပြင်နိုင်စွမ်းက မြင့်မားလှပါတယ်။

Min Thayt - Official

26 Dec, 17:41


ဗမာတို့မှာ ဒီလိုအကျင့်အကြံတွေ ရှိနေတတ်သလို ဗမာတို့ဟာ အေးအေးလူလူနေရရင်လည်း အလိုလို ပျင်းနေတတ်ပြီး၊ တစ်ယောက်ကို တစ်ယောက် ရန်စောင်တိုက်ခိုက်ခြင်းအားဖြင့် စိတ်အာသာဖြေတတ်ကြတဲ့ အမူအကျင့်ရှိတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ တိုက်ခိုက်တယ်၊ သတ်ပုတ်တယ်ဆိုတာဟာ ရှင်သန်မှုကြောင့်သော်လည်းကောင်း - ရပ်တည်ချက်အရသော်လည်းကောင်း ရုန်းကန် ထမြောက်ဖို့ ကြိုးစားကြရတဲ့သဘောပါ။ အခြေခံလိုအပ်ချက်တွေ မလုံမလောက်ဖြစ်တာကြောင့်၊ အကျိုးစီးပွားနဲ့ပတ်သက်ပြီး အခွင့်အလမ်းနည်းပါးလို့ ရန်လို တိုက်ခိုက်ပြီး ပဋိပက္ခဖြစ်ကြတာလည်း သဘာဝကျပါတယ်။ ဗမာတို့ စကားမှာ ❝ ဗိုက်ဝမှ၊ ယဉ်ကျေးတာ ❞ ဆိုတဲ့စကားလည်း ရှိတယ် မဟုတ်လား။ ဒီတော့ ဆင်းရဲရင်၊ ငတ်ပြတ်ရင်၊ လုတာ ယက်တာ - ရန်ရှာတာတွေက ရှိတတ်တာပါပဲ။ ဒါပေမယ့် ဗမာတို့ဟာ ချမ်းချမ်းသာသာနေထိုင်ရရင်လည်း တိုက်တာခိုက်တာကို ဝါသနာပါလှတာတွေ့ရပါတယ်။ ကောင်းကောင်းနေ ကောင်းကောင်းစားနေရရင်လည်း အလိုလိုနေရင်းနဲ့ ပျင်းနေတတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်သူ့ကို ရန်လုပ်ရမလဲ၊ ဘယ်သူ့ကို ရန်ရှာရမလဲ၊ ဘယ်သူ့ကို အနိုင်ယူရမလဲ၊ ဘယ်သူ့အပေါ် ဗိုလ်ကျလိုက်ရမလဲ ဆိုတာကို အမြဲ တွေးနေတတ်ကြပါတယ်။ ကိုယ့်ထက် နိမ့်တဲ့သူကို လုပ်ရင် လုပ်။ အဲသည့်လို မလုပ်ဘူးဆိုရင် အချင်းချင်း ရန်ဖြစ်နေတတ်ပါတယ်။ လက်နဲ့ ရန်လိုတာ၊ တုတ်နဲ့ ရန်လိုတာ မဟုတ်ဘူးဆိုရင်တောင်မှ၊ ပါးစပ်နဲ့ ရန်လိုနေတတ်ကြတာများပါတယ်။

တချိန်က ဗမာတို့ ဝန်းကျင်ဓလေ့မှာ ❝ အဘိဓမ္မာ ဆွေးနွေးပွဲ ❞ တွေဆိုတာ အင်မတန် ခေတ်ထခဲ့ဖူးပါတယ်။ အဘိဓမ္မာငြင်းခုန်ပွဲတွေကို ငြင်းတဲ့သူတွေကလည်း စိတ်လိုလက်ရ ငြင်းကြသလို၊ ပွဲကြည့်ပရိသတ်ကလည်း အင်မတန် စိတ်ဝင်စားကြပါတယ်။ အားပေးတယ်၊ လက်ခုပ်တီးတယ်။ နောက်ဆုံးမှာ ဘယ်သူ အသာရမလဲဆိုတာကို ရင်ခုန်လှိုက်မောနေတတ်ကြပါတယ်။ အဲဒါကို ကြည့်ရင် ဗမာတို့ဟာ ကာယကံမြောက် ရန်လို တိုက်ခိုက်တာကို မလုပ်ဘူးဆိုရင်တောင်မှ၊ ပါးစပ်နဲ့ ရန်လိုတိုက်ခိုက် သတ်ပုတ်ရတာကို သဘောကျနှစ်ခြိုက်တတ်တဲ့ အလေ့ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ - ဗမာတို့ဟာ အယူဝါဒနဲ့ပတ်သက်ရင် ပြင်းထန်တဲ့ အစွဲစိတ်ရှိတယ်ဆိုတာလည်း တွေ့ရပါတယ်။ အထူးသဖြင့် အစွန်းရောက် ပြင်းထန်တဲ့ အယူအဆ အတွေးအခေါ်တွေနဲ့ အိုင်ဒီယော်လိုဂျီတွေကို နှစ်ခြိုက်လေ့ရှိပါတယ်။ အတွေးအခေါ်တွေကို လေ့လာလိုက်စားရတာလည်း ဗမာတို့ရဲ့ အကျင့်ဓလေ့ပါပဲ။ ဒါပေမယ့် အဲသည့်အတွေးအခေါ်အပေါ်မှာ အစွဲအလမ်းစိတ်အားကြီးပြီး၊ ပြင်းထန်တဲ့ ယုံကြည်ချက်နဲ့ သေရာညောင်စောင်းမှသည် အုတ်ဂူထဲအထိ သယ်ဆောင်သွားရတာကိုလည်း ဂုဏ်ယူနှစ်ခြိုက်တတ်တဲ့လူမျိုးပါ။ မိမိကိုယ်တိုင်က အယူမှားတယ်ဆိုရင်တောင်၊ အများကို ထုတ်ပြောပြီး ဝန်ခံရမှာ ကြောက်လို့၊ အမှားကို အမှားအတိုင်း သေသည်အထိ ဟန်ဆောင် သယ်ဆောင်သွားတတ်တာလည်း ဗမာတို့ရဲ့ အကျင့်ပါ။ ဗမာတို့ဟာ အမှားကို ပွင့်လင်းစွာ ဝန်ခံတတ်တဲ့အကျင့် အားနည်းလှပါတယ်။ အမှားလုပ်ရတာကို ရှက်စရာလို့ မြင်သလို၊ တစ်ဘဝလုံး ခြောက်ပစ်ကင်းစင် သဲလဲစင် အဖြစ်နေထိုင်သွားရတဲ့ ဘဝကို ဂုဏ်ယူသူပါ။ တကယ်တော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ၊ ဘဝမှာ ခြောက်ပစ်ကင်းစင် သဲလဲစင် မဖြစ်ကြပါဘူး။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ မဟုတ်လား။ အများအပြင်မှာ၊ ကိုယ့်ဟာ သူတော်ကောင်းဖြစ်ကောင်း၊ လူကောင်းဖြစ်ကြောင်း အထင်ခံရတာကို ဗမာတို့က ဂုဏ်ယူကြပါတယ်။ ဒါ့ကြောင့်လည်း ဗမာတို့ဟာ ကိုယ့်အချင်းချင်းကြားမှာ လိမ်လို့ မရပေမယ့်၊ ကိုယ်နဲ့ မသိတဲ့လူတွေကြားမှာဆိုရင်တော့ သိပ်ကို ဟန်ဆောင်ကောင်းလှပါတယ်။ ဒါ့ကြောင့်လည်း ဗမာဟုတ်သော တခြားသော လူမျိုးတွေဟာ ဗမာတို့ကို ပရိယာယ်မာယာများလွန်းလှတယ်...လို့ မှတ်ချက်ပြုကြလေ့ရှိတာပါ။ တကယ်တော့ ဗမာတို့ဟာ အများအပြင်မှာ သူတော်ကောင်းအဖြစ်၊ လူကောင်းအဖြစ် အထင်ခံရတာကို သဘောကျကြတဲ့သူတွေပါ။ ဘဝမှာ ဘာအမှားမှ မလုပ်ဖူးတာကို ဂုဏ်ယူနေတတ်ကြတာပါ။ တကယ်တော့ အမှားတွေ မလုပ်ဖူးတဲ့သူဟာ အတွေ့အကြုံနဲ့ ပညာလည်း မစုံလင်နိုင်ဘူးဆိုတာ ဗမာတို့ မေ့နေတတ်ကြပါတယ်။ ဗမာမိဘတွေနဲ့ ပညာရေးအတွေးအခေါ်မှာ ပို့ချ သွန်သင်တဲ့ အကျင့်ဓလေ့ကလည်း အမှားကင်းအောင် နေထိုင်ရေး ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ခေတ်အခြေအနေနဲ့ လုံးဝ အံဝင်ခွင်ကျ မရှိတော့ဘူးဆိုတာ၊ ဗမာတို့ သိလာသည့်တိုင်အောင် - ဒါကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတာတွေ့ရပါတယ်။

အစွဲအလမ်းကြီးတာ၊ အယူဝါဒတစ်ခုခုကို ခံတွင်းတွေ့နှစ်ခြိုက်မိပြီဆိုရင် ယုံမှတ်ပြီး ပုံအပ်ပစ်လိုက်ချင်တာ ဗမာတို့ အကျင့်ဖြစ်ပါတယ်။ အယူဝါဒတစ်ခုခုကို ပြင်းပြင်းထန်ထန်နဲ့ ဆုပ်ကိုင်ကြွေးကြော် မောင်းခတ်ရတာကိုလည်း တန်ဖိုးလို့ ထင်နေတတ်ကြပါတယ်။ အတွေးအခေါ်တစ်ခုဟာ သင့်တော်ခြင်း မသင့်တော်ခြင်း၊ မှားခြင်း မှန်ခြင်း ၊ အကြောင်းအကျိုး ညီခြင်း - မညီခြင်းဆိုတာထက် - မိမိစိတ်နဲ့ စရိုက်မှာ လိုက်ဖက်တယ်ဆိုရင် ယုံကြည်မှုကို ရှေ့တန်းတင်တာဟာ ဗမာတို့ရဲ့ စရိုက်ပါ။ ချင့်ချင့်ချိန်ချိန် လုပ်တာ၊ အကန့်အသတ်နဲ့ လုပ်တာ၊ အကြောင်းအကျိုးညီညီ လုပ်ဆောင်တာမျိုးမှာ ဗမာတို့ အားနည်းလှပါတယ်။ ဘယ်အရာမဆို ပြင်းပြင်းထန်ထန်လုပ်မှ၊ ကြမ်းကြမ်းတမ်းတမ်းပြုမူပြမှ၊ ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်မှ ဒါဟာ ခွန်အားရှိတယ်၊ သတ္တိရှိတယ် ဆိုတာကို ပြတယ်လို့ ယူဆပြီး

Min Thayt - Official

26 Dec, 07:32


နိုင်ငံရေးပညာကို ကိုယ့်ဘာသာကို ရတတ်သမျှ စာအုပ်စာစောင်ရှာဖတ်ပြီး၊ လေ့လာနေတဲ့ လူငယ်ချာတိတ်လေးတွေကို ပြောဖို့ရှိသေးတယ်။ အခု ပြောမှာကတော့ - နိုင်ငံရေးအိုင်ဒီယော်လိုဂျီ [political ideologies] တွေကို လေ့လာတဲ့ကိစ္စကို ပြောချင်တာပါ။ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါမှာ၊ ပထမဆုံးနဲ့ အရေးအကြီးသဘောပေါက်ထားရမယ့်အရာ ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာခါစမှာ၊ ယုံဖို့ လေ့လာတာ မဟုတ်ဘူး၊ သိဖို့ လေ့လာတာဖြစ်တယ်၊ နားလည်ဖို့ လေ့လာတာဖြစ်တယ်...ဆိုတာကို သဘောပေါက်ဖို့ အရေးအကြီးဆုံးပဲ။ ယုံတယ် - မယုံဘူး၊ ကြိုက်တယ် - မကြိုက်ဘူး ဆိုတာကို အသာထား။ အရင်ဆုံး မြည်းဖို့၊ စားကြည့်ဖို့ဟာ ကိုယ့်တာဝန်ဖြစ်တယ်။ ငါတို့ မန္တလေးသားတွေ၊ ထိုးမုန့်ဆိုင်မှာ ထိုးမုန့်ဝယ်သလိုပေါ့။ ထိုးမုန့်ဆိုင်မှာ၊ အများကြီး ရှိနေတာပဲ။ ထိုးမုန့်မှာလည်း ထောပတ် ထိုးမုန့် ရှိတယ်၊ သီးစုံထိုးမုန့်ရှိတယ်၊ ရိုးရိုးထိုးမုန့် ရှိတယ်၊ ရွှေကြည်လည်း ရှိတယ်၊ ဆနွင်းမကင်းလည်း ရှိတယ်၊ မုန့်ကုလားမဲလည်း ရှိတယ်၊ ဧလမုန့်လည်း ရှိတယ်။ တခြား တခြားသော အမျိုးအစားတွေ အများကြီးက ထိုးမုန့်ဆိုင်မှာ ရှိနေတာပဲ။ ထိုးမုန့်ဆိုင်က ငါတို့ကို အမြည်းလေးတွေ ကြွေးတယ်။ မုန့်အမျိုးအစား ခပ်များများ ထည့်ထားတဲ့ လင်ဗန်းလေးတစ်ချပ် ချထားပေးတယ်။ အဲသည့်မှာ၊ ကိုယ်ကြိုက်မယ်ထင်တာတွေကို နည်းနည်းလေးချင်းစီ လိုက်မြည်းတာပဲ။ အဲသည့်မှာ ကိုယ်ကြိုက်တာတွေ့ရင် ဘယ်လောက် - ဘယ်ဟာ ဆိုတာကို ဝယ်ပေါ့။ ဒါပါပဲ။

နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါမှာလည်း ဒါပါပဲ။ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတာချင်း၊ ဖတ်တာချင်း တူတယ်ဆိုရင်တောင် ဘယ်လို လူက ပိုပြီး ခရီးရောက်သလဲဆိုတော့ - ထိုးမုန့်ဆိုင်ကို ဝင်ပြီး၊ ကြိုက်မယ် ထင်တာတွေ၊ ကောင်းမယ် ထင်တာတွေကို ဝင်ပြီး ဝဝမြည်းမယ်။ ပြီးမှ၊ ကိုယ်အနှစ်သက်ဆုံးဆိုတာကို ဝယ်လာမယ်ဆိုတဲ့ကောင်က ပိုပြီး ခရီးရောက်တယ်။ ပိုပြီး နားလည်သဘောပေါက်နိုင်စွမ်း ပိုရှိတယ်။ ဒါပေမယ့် တို့နိုင်ငံမှာကတော့ အဲသည့်လို သိပ်မတွေ့ရဘူး။ ထိုးမုန့်ဆိုင် မရောက်ခင်၊ တစ်စုံတစ်ယောက်က ဘာကောင်းတယ်လို့ ပြောတယ် ဆိုတာကိုပဲ လိုက်မှတ်ပြီး ဝယ်ခဲ့ကြတာများတယ်။ ကိုယ်က အတော်များများကို စားဖူးပြီးသားဆိုရင်တော့ တစ်မျိုးပေါ့။ အဲသည့်လို မဟုတ်ဘဲ၊ ဘာမှ မစားဖူးသေးဘဲနဲ့ မန္တလေးရောက်ရင် ထိုးမုန့်ဆိုင်မှာ သီးစုံထိုးမုန့် ကောင်းတယ် လို့ ပြောလိုက်တာနဲ့ ဒါတစ်မျိုးပဲ ဝယ်လာခဲ့တဲ့သူတွေ အများကြီးပဲ။ တကယ်တော့ ထိုးမုန့်ဆိုင်မှာ အမျိုးအစားတွေ အများကြီး ရှိနေတာ။ ဒါတွေကို မြည်းပြီး၊ ကိုယ်အကြိုက်ဆုံး - ကိုယ်ခံတွင်းအတွေ့ဆုံးကို ဝယ်လာခဲ့ရမှာဖြစ်တယ်။

နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေနဲ့ ပတ်သက်ရင်လည်း အဲသည့်လိုပဲ။ ထိုးမုန့်ဆိုင်မှာ မုန့်အမျိုးအစားတွေ အများကြီး ရှိသလို၊ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေမှာလည်း အများကြီး ရှိတာပဲ။ ဒီဘက်ခေတ်ဆိုရင် - မူရင်း နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကိုတောင်မှ Neo တွေ - Classical တွေ ထပ်ခွဲလို့၊ ယခင်က တစ်ခုကို တစ်မျိုး သိရုံနဲ့ လုံလောက်ပေမယ့် အခု လစ်ဘရယ်လစ်ဇင်ဆိုရင်တောင်မှ နီယိုလစ်ဘရယ်လစ်ဇင်က ဘာ၊ classical liberalism က ဘာဆိုပြီး ခွဲခွဲခြားခြား ပိုသိအောင် လုပ်နေရတဲ့ အခြေအနေဖြစ်လာတယ်။ ဒါကလည်း တို့နိုင်ငံမှာသာ မနည်း ပြောနေရတာ၊ နိုင်ငံတကာမှာကတော့ - ဖန်တရာတေအောင် ပြောနေပြီးသားဖြစ်တဲ့ ဆီသည်မ လက်ခုစုတ်လိုတောင် ဖြစ်လာတာ ကြာပေါ့။

ဒီနေရာမှာ ဆိုလိုချက်က တစ်ခုတည်းပါ။ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို စလေ့လာတဲ့အခါမှာ၊ ယုံဖို့ မလေ့လာနဲ့။ ကိုးကွယ်ဖို့လည်း မလေ့လာနဲ့။ ဘယ်သူက ဒီအိုင်ဒီယော်လိုဂျီကြီးက ဘာဖြစ်တယ် - ညာဖြစ်တယ်လို့ ပြောပြီး၊ မဟာအိုင်ဒီယာကြီးဖြစ်အောင် မြှောက်ပင့်ပေးလိုက်ပြီး၊ အထင်ကြီးစိတ်နဲ့ မလေ့လာနဲ့။

နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါ၊
ယုံဖို့ မလေ့လာနဲ့။
နားလည်ဖို့ လေ့လာပါ။
နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါ၊
အထင်တကြီးစိတ်နဲ့ မလေ့လာသင့်ဘူး။
စိတ်ဝင်တစား လေ့လာဖို့ လိုတယ်။
နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါ၊
ယုံဖို့ ထက် နားလည်ဖို့ကို ပိုဦးစားပေးရမယ်။
နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို လေ့လာတဲ့အခါ၊
အထင်ကြီးစိတ်နဲ့ လေ့လာတာထက်၊ စိတ်ဝင်တစားနဲ့ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။ ဒါဟာ သိပ်အရေးကြီးတယ်။

Min Thayt - Official

26 Dec, 07:32


အထူးသဖြင့် အိုင်ဒီယော်လိုဂျီ ချောက်ကမ်းပါးထဲ ထိုးမကျသွားဖို့ လိုတယ်။ ဘဝနဲ့ပတ်သက်ရင်၊ ကျင့်ဝတ်တွေ - သီလတွေ - ကျင့်ထုံးတွေကို ယုံကြည်လို့ ရတယ်။ ဒါပေမယ့် အိုင်ဒီယော်လိုဂျီ တစ်ခုခုအတွက် ဘဝပေးပြီး ၊ ယုံတာဟာ ခေတ်မမှီတော့ဘူး။ ကမ္ဘာကြီးမှာ၊ အိုင်ဒီယော်လိုဂျီတွေရဲ့ သားကောင်အဖြစ် ခံပြီး၊ စတေးခံလိုက်ရတဲ့သူတွေ အမြောက်အမြား ရှိကုန်ပြီးပြီ။ အိုင်ဒီယော်လိုဂျီတွေဆိုတာ ဧကန် မဟုတ်ဘူး။ အနေကန်သဘောသာဖြစ်တယ်။ ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ်။ အဲသည့်လိုမှ မဟုတ်ဘဲ၊ အိုင်ဒီယော်လိုဂျီတွေကို ဘုရားလို ကိုးကွယ်တဲ့အခါ၊ နိုင်ငံရေးသမားတွေရဲ့ ခြေနင်းတုံးဖြစ်ကုန်ကြတာများတယ်။ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေဆိုတာ သူ့ခေတ်အခြေအနေ၊ သူ့ဝန်းကျင်၊ သူ့အချိန်ကာလ၊ သူ့ဒေသ - သူ့ပယောဂအလျှောက် ကောင်းကျိုးဆိုးကျိုးတွေဆိုတာ ဒွန်တွဲဖြစ်တည်နေတာပဲ။ အားသာချက် - အားနည်းချက်တွေဟာ ဒွန်တွဲဖြစ်တည်နေတာပဲ။ အကြွင်းမဲ့လုံးဝ အမှန်တရားဖြစ်တယ်ဆိုတာ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေမှာ မရှိပါဘူး။ ဘယ်နိုင်ငံရေးအိုင်ဒီယော်လိုဂျီမှာမှ၊ အကြွင်းမဲ့ အကောင်းဆုံး အမှန်ဆုံးဆိုတာ မရှိဘူး။ အားလုံးက အားသာချက် - အားနည်းချက် ဒွန်တွဲနေတယ်။ အကောင်းအဆိုး ဒွန်တွဲနေတယ်။ ပြီးတော့ - အခြေအနေနဲ့ အချိန်အခါအလိုက် နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေရဲ့ အသုံးဝင်မှု၊ အသုံးတည့်မှု ရှိလာတာဖြစ်တယ်။ အချိန်တိုင်း၊ နေရာတိုင်း၊ ခေတ်တိုင်း၊ ဒေသတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းနဲ့ လုံးဝ သင့်တော် မှန်ကန်တဲ့ နိုင်ငံရေးအိုင်ဒီယော်လိုဂျီ ဆိုတာ ဘယ်အခါမှာမှ မရှိဘူး။ အကယ်၍ ရှိတယ်လို့ ယုံတယ်ဆိုရင်လည်း - အဲဒါ အိုင်ဒီယော်လိုဂျီရဲ့ သားကောင်ပဲ။ သို့မဟုတ် ဝါဒတစ်ခုရဲ့ ကျေးကျွန်ပဲ။

နိုင်ငံရေးအိုင်ဒီယော်လိုဂျီ အမျိုးအစားအများကြီးကို သေချာ ကျယ်ကျယ်ပြန့်ပြန့် - ဂဃနဏ - နက်နက်နက်နဲ နားလည်သဘောပေါက်အောင် လေ့လာပြီး၊ ကိုယ့်အတွေးအခေါ်ဟာ လုံးစေ့ပတ်စေ့ဖြစ်လာတယ်၊ ကိုယ့်အသိအမြင်ဟာ လိပ်ပတ်လည်လာတယ်ဆိုရင်တော့ အိုင်ဒီယော်လိုဂျီတစ်ခုခုရဲ့ သားကောင်မဖြစ်ပါဘူး။ သို့မဟုတ် ဝါဒတစ်ခုခုရဲ့ ကျေးကျွန်မဖြစ်ပါဘူး။ ဘာမှတောင် ကြေကြေလည်လည် - ကျယ်ကျယ်ပြန့်ပြန့် မလေ့လာရသေးဘဲနဲ့ အိုင်ဒီယော်လိုဂျီတစ်ခုခု၊ ဝါဒတစ်ခုခုကို အသက်ပေးပြီး ပစ်ယုံလိုက်တယ်ဆိုတာကတော့ - နိုင်ငံရေးသမားတွေရဲ့ အကြိုက်ပေါ့။ ဒီလိုနွား သိပ်ခိုင်းကောင်းတယ်လို့ စိတ်ထဲမှာ ကြိတ်ပြောနေမှာ၊ မုချ.....။

မင်းသေ့
၂၃ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

23 Dec, 06:55


လက်ရှိ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်ရည်ထားတဲ့ discussion paper တစ်ခုဖြစ်ပါတယ်။ ဒီလမှ လောလောလတ်လတ်၊ လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ စာတမ်းတစ်ခုဖြစ်တာမို့၊ အားလုံးအတွက် အသုံးတည့်ပြီး - လူ့အဖွဲ့အစည်းအတွက် အများကြီး ကျေးဇူးများမယ်လို့ ယုံကြည်ပါတယ်။

Min Thayt - Official

05 Dec, 11:40


မြန်မာလို ပြုစုထားတဲ့ ဘောဂဗေဒအခြေခံသင်ရိုးထဲမှာ ဒီနှစ်ခုက အတော်ကြီး ကောင်းလွန်းလို့ မျှဝေပေးလိုက်ပါတယ်။ ဆရာကိုင်နဲ့ ကျောင်းသားကိုင် (၂) အုပ်ပါ။

Min Thayt - Official

04 Dec, 10:31


ဒီတစ်ခါ ဖြစ်လာမယ့် ရွေးကောက်ပွဲမှာ၊ တရုတ်ဘက်ကရော - ရုရှားဘက်ကရော မြန်မာစစ်ကောင်စီကို ကူညီမယ်လို့ ပြောတယ်။ ၂၀၂၂ လောက်တုန်းက NUG ဦးဆောင်ပြီး လုပ်ခဲ့တဲ့ "အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်း" လိုမျိုး၊ ၂၀၂၅ မှာ ကျင်းပနိုင်ချေရှိတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လာနိုင်ချေ ရှိသလား။ သေချာတာတစ်ခုကတော့ အန်ယူဂျီဟာ စစ်ကောင်စီက ကြီးမှူးပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို မူအားဖြင့် ဆန့်ကျင်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ဘယ်လောက်အထိ ကျယ်ကျယ်လောင်လောင်ဖြစ်အောင် လုပ်နိုင်သလဲ။ ဘယ်လောက်အထိ ကျယ်ကျယ်လောင်လောင်ဖြစ်အောင် လုပ်မှာလဲဆိုတာက အဓိက ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ - အန်ယူဂျီဟာ စစ်ကောင်စီကကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲကို မူအားဖြင့် ဆန့်ကျင်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သိမ်မွေ့မှု မရှိဘဲနဲ့ aggressive နည်းနဲ့ တုံ့ပြန်တယ်ဆိုရင် အဲသည့်ရဲ့ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ အဲသည့် ဘေးထွက်ဆိုးကျိုးဟာ အနောက်နိုင်ငံအသိုင်းအဝိုင်းကနေ ပေးတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာထက် - တရုတ်က ပေးတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ အခုအချိန်မှာ မြေပြင် မဲပေးမှုတွေထက် နည်းပညာအကူအညီနဲ့ အွန်လိုင်းမဲပေးစနစ်တွေဖြစ်လာအောင် တရုတ်ဘက်ကနေ နည်းပညာအားဖြင့် ကျော်လွှားနိုင်ဖို့၊ အကူအညီပေးတဲ့ စဉ်းစားချက်တွေ ရှိနေပါတယ်။ ဒါက ခပ်စောစောကတည်းက ဖြစ်နေတဲ့ကိစ္စလို့လည်း နားလည်ရပါတယ်။

၂၀၂၅ ခုနှစ်မှာ အဓိက အခြင်းအရာ (၃) ခုကို မြင်နေရပါတယ်။

၁။ စစ်ကောင်စီတွေနဲ့ စစ်နိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား bilateral ညှိနှိုင်းမှုတွေ ခပ်စိပ်စိပ် ရှိလာနိုင်တာ။ (ဒါကလည်း တချို့က ပေါ်ပေါ်ထင်ထင်ပြလိမ့်မယ်၊ တချို့ကတော့ အတွင်းမှာ ကြိတ်တိုးလေး ညှိတာမျိုးတွေ ရှိနေမယ်)

၂။ တရုတ်ဟာ - လုံခြုံရေးလက်နက်ကိုင်ကုမ္ပဏီတွေကို သုံးပြီးတော့ မြန်မာ့အရေးမှာ mediation role ကို တစ်ဆင့်မြင့်လာနိုင်မယ့်အနေထားကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရနိုင်ချေ ရှိပါတယ်။

၃။ စစ်ကောင်စီက ကြီးမှူးမယ့် ရွေးကောက်ပွဲကို အွန်လိုင်းအင်တာနက်နည်းပညာတွေနဲ့ ကျော်လွှားပြီး၊ နိုင်ငံရေးအရ legitimacy ယူပြီး ရှေ့တိုး ဝက်အူရစ်တင်းမယ့်ကိစ္စဖြစ်ပါတယ်။

တကယ်တမ်းပြောရရင်၊ လောလောဆယ်နားလည်ရသလောက် အန်ယူဂျီမှာ ဒီအခြင်းအရာ (၃) ခုနဲ့ပတ်သက်ပြီး မဟာဗျူဟာကျကျ ချည်းကပ် လျှောက်လှမ်း တုံ့ပြန်မယ့် နည်းနာ မရှိပါဘူး။ ပွဲနီးမှ၊ တစ်ပွဲတိုးနည်းတွေနဲ့ လက်ပူတိုက် တုံ့ပြန်တာမျိုး လုပ်တတ်တာ အန်ယူဂျီရဲ့ သဘာဝတစ်ခုလို ဖြစ်လာနေပါပြီ။ ဆေးမြီးတိုနည်းတွေ၊ ရမ်းကုနည်းတွေနဲ့ တုံ့ပြန်တာမျိုးဟာ အလုပ်မဖြစ်တော့ပါဘူး။ စစ်ကောင်စီက ဘာလုပ်လုပ် ဆန့်ကျင်မယ်၊ ကန့်ကွက်မယ်ဆိုတဲ့ လူပိန်းအတိုက်အခံနိုင်ငံရေးနည်းနဲ့ ချည်းကပ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ aggressive ဆန်ဆန် တုံ့ပြန်တဲ့သဘောနဲ့ ငါ့တို့ နယ်တွေမှာ ရွေးကောက်ပွဲလုပ်ရဲ လုပ်ကြည့်လေ...ဆိုတဲ့ လူမိုက်နည်းနဲ့လည်း တုံ့ပြန်နိုင်ဖို့ သိပ်မလွယ်တော့ပါဘူး။ အဲသည့်နေရာမှာ နည်းပညာအကူအညီနဲ့ ကျော်ဖို့ လွှားဖို့ စစ်ကောင်စီက တတ်နိုင်နေမယ့်သဘောဖြစ်ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာ ပြောလို့ ရနိုင်တာက မြန်မာစစ်ကောင်စီက initiative role မှာ ရှိနေပါတယ်။ အဲဒါကို အန်ယူဂျီက လိုက်ပါ ဖြည်ထုတ် ကောက်သင်းလိုက်ကောက်ပြီး တုံ့ပြန်နေတာပါ။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဖြစ်နေလို့ လက်တွေ့မှာ အသုံးမတည့်ပါဘူး။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းရေးတွေကို လုပ်တယ်။ အန်ယူဂျီက နိုင်ငံရေးသိက္ခာမကျအောင်ပဲ တုံ့ပြန်ဆောင်ရွက်နိုင်တဲ့သဘောရှိပါတယ်။ လက်တွေ့ မတုံ့ပြန်နိုင်ပါ။ စစ်မှုထမ်းဥပဒေကို လက်တွေ့ အကာအကွယ်ပေးနိုင်စွမ်း ရှိမနေပါဘူး။ ထိုနည်းလည်းကောင်း တရုတ်နဲ့ စစ်ကောင်စီ ပေါင်းပြီးတော့ တရုတ်လုံခြုံရေးလက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့မြေပေါ်မှာ ကာယကံမြောက်သယ်လာမယ့်ကိစ္စက တဖြည်းဖြည်း ဝက်အူရစ်တင်းလာနေပါပြီ။ ဒါဟာ တရုတ်ဘက်က ကြည့်ရင် သူ့အကျိုးစီးပွားကို ကာကွယ်ရာလည်း ရောက်သလို၊ တရုတ်က နိုင်ငံရေးနည်း၊ သံတမန်နည်းနဲ့ Mediation ဝင်နေတဲ့ကိစ္စကို - လက်နက်ကိုင်တပ်ဖွဲ့ကို သွယ်ဝိုက်သောနည်းအားဖြင့် သုံးပြီး လက်တွေက mediation ဝင်တဲ့သဘောလည်းဖြစ်နေပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီကနေ ရုရှားစစ်တပ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းနေမှုကို တန်ပြန်ဟန့်တားရာလည်းဖြစ်နေတဲ့အတွက် တရုတ်အတွက် multi-purpose ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

Min Thayt - Official

04 Dec, 10:31


အန်ယူဂျီဟာ - ဆန်စင်ရာ ကျည်ပွေ့လိုက်သလို၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တန်ပြန်နေတာတွေ့ရပါတယ်။ အဲဒါဟာ မထိရောက်ပါ။ တွင်လည်း မတွင်ကျယ်ပါဘူး။ လောလောဆယ်အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ EROs တွေရဲ့ အခန်းကဏ္ဍကိုသာ နှုတ်လိုက်ရင်၊ အန်ယူဂျီက အခွံပဲ ကျန်တော့မယ်အနေအထားဖြစ်ပါတယ်။ အဲသည့်လို မဖြစ်အောင်လည်း တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးကို ကျစ်လစ်သထက် ကျစ်လစ်အောင် ၊ ခိုင်မြဲသထက် ခိုင်မြဲအောင် လုပ်ရမှာဖြစ်ပါတယ်။ အဲသည့်လို မလုပ်နိုင်ရင် အန်ယူဂျီဟာ - ၁၉၈၈ ခုနှစ်တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းရဲ့ အစိုးရအဖွဲ့ - NCGUB အဖွဲ့လို့ အဝေးရောက်ညွန့်ပေါင်းအစိုးရဖြစ်သွားနိုင်ချေ ရှိနေပါတယ်။ NCGUB ဟာ အဖျားရှူးသွားခဲ့တယ်။ အန်ယူဂျီရဲ့ မဟာမိတ်ဆက်ဆံရေးစေးကပ်မှုက ဒီလောက်နဲ့ မရပါဘူး။ အပိုင်ကပ်တွယ်ထားနိုင်တဲ့ မဟာမိတ်ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် - အန်ယူဂျီဟာ အသံသာရှိပြီး အဆန်မရှိဖြစ်နိုင်ပါတယ်။ ဒါကို ကြိုတင် ချင့်တွက်ပြီး၊ ပြတ်ပြတ်သားသားနဲ့ ခြေစုံရပ် လုပ်ဆောင်ရမယ့်ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်ပါတယ်။

ကရင်နဲ့လား၊ ကချင်နဲ့လည်း၊ ချင်းနဲ့လည်း၊ ကရင်နီနဲ့လား။ သို့တည်းမဟုတ် အားလုံးနဲ့လား။

သမင်မွေးရင်း ကျားစားရင်း ဖြစ်လို့ မရပါဘူး။
အိတ်ပေါက်နဲ့ ဖားကောက်လို့ မရပါဘူး။
ဆန်စင်ရာ ကျည်ပွေ့လိုက်နေသလို လုပ်လို့ မရပါဘူး။

လောလောဆယ်အားဖြင့် လမ်းဆုံလမ်းခွကို ရောက်နေချိန်ဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအကွေ့ဟာ တစ်တောင်ဆစ်ချိုး အကွေ့ဖြစ်သလို၊ အဆင်းလမ်းဖြစ်နေပါတယ်။ စီယာတိုင်မနိုင်ဘူး၊ ဘရိတ်မနိုင်ဘူး၊ ဂီယာကို ပြောင်းပြီး မထိုးဘူးဆိုရင်တော့ တစ်တောင်ဆစ်ချိုးအကွေ့မှာ ချောက်ထဲ ထိုးကျနိုင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ မဟာမိတ်ဆက်ဆံရေးဟာ အွန်လိုင်းကနေ တည်ဆောက်လို့ မရဘူး။ အန်ယူဂျီဟာ - NCGUB ကို သင်ခန်းစာ ယူသင့်တယ်။ အန်ယူဂျီဟာ အဖျားရှူးမသွားအောင် ကြိုးစားရမှာဖြစ်ပါတယ်။

မဟာမိတ်ဆက်ဆံရေးကိစ္စဟာ - အန်ယူဂျီရဲ့ အနာဂတ်နဲ့အဓိက ပတ်သက်နေပါတယ်။ ဒါကို မလုပ်ရင်၊ ရေရှည် မလွယ်ဘူး။ မဟာမိတ်ဆက်ဆံရေးမှာ၊ လက်တွေ့ ကာယံကံမြောက် ခြေစုံရပ်ထားတာလို့ EROs တွေက မယုံကြည်ဘူးဆိုရင်၊ ဖြစ်လွယ်ပျက်လွယ်ဖြစ်နိုင်ပါတယ်။ မြန်မာတို့ရဲ့သဘောက အားနာတတ်တယ်။ မျက်နှာနာရင် ငဲ့တတ်ကြတယ်။ လူကိုယ်တိုင် မျက်နှာမမြင်ရတာ ကြာရင်တော့ မျက်နှာလည်း နာတတ်တော့မှာ မဟုတ်တော့ပါဘူး။ ငဲ့လည်း မငဲ့တော့ပါဘူး။ ဒါ့ကြောင့် လက်တွေ့ကာယကံမြောက် မြေပြင်ရှိနေနိုင်ရေးဟာ အင်မတန် အရေးကြီးပါတယ်။

နောက်တစ်ခုက တရုတ်ဖြစ်ပါတယ်။ တရုတ်ကို မျက်စိဆံပင်မွှေးစူးအောင် လုပ်တဲ့ဖြစ်ရပ်တွေ အမြောက်အမြား ရှိနေပြီဖြစ်ပါတယ်။ အခုလည်း အဲသည့်လို ဆက်လက် ရှိနေလိမ့်အုံးမယ်။ တရုတ်ကို အန်ယူဂျီက ဆွဲဆောင်စည်းရုံးမှု မလုပ်နိုင်တာက - တရုတ်မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကို မရှောင်ကြဉ်နိုင်ခြင်းက အဓိက အချက်အနေနဲ့ပါဝင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို တရုတ်နဲ့ပတ်သက်ပြီး သဘောထားကို နဂိုမှာကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် မပေးနိုင်ဘဲ၊ လူထုရဲ့ ဆန္ဒသဘောထားသာဖြစ်တယ်ဆိုတဲ့ နည်းနဲ့ ရောချတာဟာ အားနည်းချက်ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ - ၂၀၂၂ လောက်မှာ မသိသာသေးပေမယ့် ယခု ၂၀၂၄ မှာ သိသာလာပါပြီ။ ဘေဂျင်းအစိုးရက တိုက်ရိုက်စောင့်ကြည့်လာရတဲ့အနေအထားမှာ ရှိနေပါတယ်။ အန်ယူဂျီရဲ့ တရုတ်နိုင်ငံဆိုင်ရာနိုင်ငံခြားရေးသဘောထားဟာ "အလာကောင်းပေမယ့် အခါနှောင်းခဲ့လေခြင်း" ဟာ၊ စစ်ကောင်စီအတွက် မဟာအသက်ရှုပေါက်ကို ရရှိစေခဲ့ပါတယ်။ ယခုလည်း အဲသည့်အခြင်းအရာကို မြင်နေရပါတယ်။

လက်ရှိ အန်ယူဂျီအစိုးရဟာ - နိုင်ငံရေးတစ်တောင်ဆစ်ချိုးကွေ့ဆင်းလမ်းကို ရောက်နေပါတယ်။ စီယာတိုင်ကိုင်တာ မကျွမ်းကျင်ရင်၊ ဂီယာကို ပြောင်းပြီး မထိုးနိုင်ရင်၊ ဘရိတ်နဲ့ မထိန်းနိုင်ရင် ..... ချောက်ထဲ ထိုးဆင်းနိုင်ပါတယ်။

အေးအေးလေးလေးနဲ့ မရပါဘူး။
မြန်ရမယ်၊ ထိရောက်ရမယ်၊ အလုပ်ဖြစ်ရမယ်။
ဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။

NUG အဖျားရှူးလို့ မရ။
တစ်တောင်ဆစ်ချိုး။
အကွေ့။
အဆင်းလမ်း။
ချောက်ရှိသည်၊ သတိ။

မင်းသေ့
၄ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

04 Dec, 03:36


ဗမာတို့ခမြာ ဘယ်လောက်ပဲ အခြေအနေနဲ့ အချိန်အခါကို သိတတ်သောဉာဏ်ရှိသည် ဖြစ်စေ၊ လက်ရှိအချိန်မှာ ဦးခေါင်းကို မော်၍ မထားနိုင်ကြပါဘူး။ ဗမာတို့ ဦးခေါင်းကား ငိုက်စိုက်ကျလျက်.....။ ထို့နောက် ကျဉ်းမြောင်းသော၊ သေးသိမ်သော၊ ရိုင်းစိုင်းသော၊ ကြမ်းတမ်းသော လူအုပ်ကြီးကြားတွင် မျက်စိသူငယ်နားသူငယ်ဘဝဖြင့်... ရှင်သန်ရုန်းကန်နေကြပါလေရဲ့။ ဒါဟာ ဘယ်သူ့ကြောင့်လဲ၊ ဘယ်ဝါ့ကြောင့်လဲဆိုတာကို ရိုးစွပ်နေရင်တော့ - ဤအခြင်းအရာသည် သက်ဆိုးရှည်နေလေမှာ မုချပါပဲ။ ဥပါဒါန်အစွဲ အားကြီးတဲ့ ဗမာတွေဆီကို ငရဲက ယူဆောင်လာပြီ။ လောလောဆယ်အားဖြင့်တော့ ဗမာတို့ဟာ ငရဲအတိ မကျရောက်သေးပါဘူး။ ဗမာတို့ဟာ လောလောဆယ် အသူရကယ်ဘုံကို ရောက်နေတာပါ။ ဆိုလိုချင်တာက ဆင်းရဲခြင်း တစ်လှည့် - ချမ်းသာခြင်းတစ်လှည့်နဲ့ နေထိုင်ကြရတဲ့အမျိုးပါ။ အသူရကယ်ဘုံကို နေ့ခံ - ညစံ လို့ ပြောတယ် မဟုတ်လား။ တချို့လည်း နေ့စံ - ညခံ ပေါ့လေ။ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

လူတွေဟာ ရုန်းကန်နေရချိန်မှာ၊ ငရဲလိုပဲ ခံနေရတယ်။ စားသောက်ချိန်မှာတော့ စည်းစိမ်ပေါ့လေ။ ဒါပေမယ့် တချို့ကတော့ စားနေရပေမယ့် နောက်ကျောမလုံဘူး။ စိတ်မလုံဘူး။ တချို့က အိပ်နေရပေမယ့် အိပ်လို့ မပျော်ဘူး။ စိတ်မလုံခြုံဘူး။ ခြောက်ခြားနေတယ်။ ဒါဟာ အသူရကယ်ဘုံအနုစားမှာ ကျင်လည်နေကြရတဲ့ သက်သေပဲ။

ဗမာတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ နေပျော်လာဖို့ လိုပါတယ်။ အဲသည့်လို နေပျော်တဲ့ ဝန်းကျင်ဖြစ်ဖို့အတွက်ဆိုရင် သူ့ဘက် ငါ့ဘက်တွေ ခွဲနေသရွေ့ တိုင်းပြည်ဟာ မငြိမ်းချမ်းဘူး၊ မသာယာဘူး။ တစ်ယောက်နဲ့ တစ်ယောက် - တစ်ဇောင်းနဲ့ မျက်ချေးဖြစ်နေသရွေ့ ဗမာတို့ဝန်းကျင်ဟာ မသာယာဘူး။ မအေးချမ်းဘူး။ စားတော့ စားရတယ်။ ဒါပေမယ့် မြိုမကျဘူး ဖြစ်နေမယ်။ အိပ်တော့ အိပ်ရတယ်။ ဒါပေမယ့် အိပ်ရေးမဝဘူး ဖြစ်နေမယ်။ စိတ်မှာ ကြောင့်ကြတွေ ကင်းပြီး‌နေနိုင်ဖို့၊ တစ်ဦးချင်းအနေနဲ့လည်း နည်းလမ်းရှာရမယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း ကြိုးစားအားထုတ်ရမယ်။

တစ်ခုတည်းသောဇာတ်ပြောတွေက သိပ်ကို ကြီးစိုးလွန်းတယ်။ တစ်ကြောင်းစွဲဇာတ်လမ်းတွေဟာ တို့ဗမာ့လူ့အဖွဲ့အစည်းကို ချောင်ထဲ တွန်းဖို့၊ ချောက်ထဲ တွန်းချနေတာပါ။

လူ့သဘာဝကို မြင်အောင် ကြည့်သင့်တယ်။
လူတွေဟာ ဖောက်ပြန်တတ်တယ်။
လူတွေဟာ အာဏာရစ်မူးတတ်တယ်။
လူတွေဟာ အတ္တကြီးတတ်တယ်။
လူတွေဟာ ငါတကောကောတတ်တယ်။
လူတွေဟာ တဇောက်ကန်းဉာဉ် ရှိတယ်။

အရာရာကို လှေနံဓားထစ်ယူသော်၊ ဗမာတို့ ထပ်မံ ပျက်စီးအံ့လို့၊ ဟောကိန်း ထုတ်ရမလို ဖြစ်နေပါပြီ။

Min Thayt - Official

04 Dec, 03:36


တို့ဗမာစကားမှာ "မောင်မောင်ခေါ်တုန်း...'ဗျာ'ထူးပါ" ဆိုတဲ့ စကားရှိတယ်။ အခြေအနေကို သိ၊ အရိပ်အကဲကို ကြည့်၊ အချိန်အခါ ဆိုတာ ရှိတယ်။ အခွင့်ရယ်လို့ ကြုံလာရင် သိပ်ပြီး မူမနေနဲ့။ ကိုယ့်စိတ်ထဲ သဘောတွေ့နေတယ်ဆိုရင်၊ လက်ခံလိုက်....ဆိုတဲ့ သဘောကို လူမှုဓလေ့က ညွှန်ပြထားတဲ့သဘောပါ။ ဒီဘက်ခေတ်ကို ပြောရင် Timing ကို နားလည်ထားတဲ့သဘောပေါ့။ ဒါဟာ အချိန်အခါ ကျပြီ - မကျပြီဆိုတာကို နားလည်သဘောပေါက်ခြင်းပေါ့။

ဘဝမှာ ဒါတွေ လိုတယ်။ အချိန်အခါကို သိဖို့၊ အခွင့်အခါကို နားလည်ဖို့ လိုတယ်။ ဒါက အတန်းကျောင်းပညာရေးမှာ တိုက်ရိုက် သင်မပေးနိုင်ဘူး။ လူမှုဝန်းကျင်ဓလေ့က လမ်းပြတာကို ကိုယ်က ဘယ်လောက်ထိ အပ်အပ်စပ်စပ်ဖြစ်အောင် ယူသုံးနိုင်သလဲဆိုတဲ့ အပေါ် မူတည်တာ။ "မိုးရွာတုန်း ရေခံ" - "လသာတုန်း ဗိုင်းငင်" ဆိုတဲ့ စကားတွေလည်း ရှိတယ်။ ဒါက ကိုယ့်ရဲ့ အလုပ်၊ ကိုယ့်ရဲ့ နေထိုင်လုပ်ကိုင်မှုတွေဟာ ကိုယ့်ဝန်းကျင်နဲ့ ဆက်စပ်နေတယ်လို့ ပြောတာ။ "မိုးအစဉ် မရွာဘူး၊ စံပယ်တွေ အမြဲ မပွင့်ဘူး" လို့လည်း ပြောကြတယ်။ ပြောင်းလဲတတ်တဲ့သဘောတွေ ပါနေတယ်။ "ကံကြမ္မာလှည်းဘီးလို...." ဆိုတဲ့ ပမာပြုချက်လည်း ရှိတယ်။ တစ်လှည့်စီလာနေတတ်တယ်။ အကောင်းပြီးရင် အဆိုး ကြုံတတ်တယ်။ ဒါတွေဟာ ဗမာ့ဓလေ့မှာ၊ ကျနော်တို့ကို အမှုမဲ့ အမှတ်မဲ့ မနေဖို့ သင်ကြားပေးတဲ့ ဆိုရိုးတွေပဲ။

ကျနော်တို့ဟာ အမှုမဲ့ အမှတ်မဲ့နေလို့ မရဘူး။ ကျနော်တို့ဟာ အခြေအနေကို ကြည့်ပြီး ရပ်တည်ရှင်သန်ရတယ်။ ဥတုရာသီကိုလည်း ကြည့်ရတယ်၊ ဝန်းကျင်ကိုလည်း ကြည့်ရတယ်။ ဒါဟာ ဒီကိစ္စကို လုပ်သင့်တဲ့အချိန် ဟုတ် - မဟုတ်ဆိုတာလည်း ကျနော်တို့က စဉ်းစားရတယ်။ အခုလို အခြေအနေမျိုးဆိုရင် ပိုပြီး ဂရုစိုက်ရမှာပေါ့။ အသွားအလာက အစ သတိထားရတယ်။ ညဘက်အပြင်ထွက်တာကအစ စဉ်းစားရပြီ။ ကိုယ်ဟာ ဒီအလုပ်ကို စတင်သင့် - မစတင်သင့်ဆိုတာကို သေချာလေ့လာစူးစမ်းခါမှ တော်ကာကျမယ်။ အချိန်အခါကို နားမလည်ဘဲ စွတ်စွက်လုပ်လိုက်ရင်၊ "သဲထဲရေသွန်" ဖြစ်သွားနိုင်တယ်။ ကျနော်တို့ ဗမာ့ဓလေ့က ကျနော်တို့ကို စဉ်းစားတတ်ဖို့၊ ချင့်ချိန်တတ်ဖို့၊ အခြေအနေကို ကြည့်တတ်ဖို့၊ အခင်းအကျင်းကို နားလည်သဘောပေါက်ဖို့၊ ဥတုရာသီတဲ့ သဘောကို နားလည်ဖို့ လမ်းပြထားပြီးသားပါ။

ဒီနေရာမှာ ဥတုရာသီလို့ ပြောရင်၊ အခုတော့ နိုင်ငံရေးရာသီဥတုကိစ္စကို ထည့်ပြောရမယ်။ အုပ်ချုပ်နေတဲ့ အကောင်တွေ၊ အကောင်မတွေက ဘယ်သူတွေလဲဆိုတာ နားလည်သဘောပေါက်အောင် လုပ်ရတယ်။ ဒီဘက်ခေတ်မှာ ကြိုက်ခြင်း - မကြိုက်ခြင်းတွေကို အပထား၊ "နီးရာဓား ကြောက်ရတဲ့ခေတ်" မဟုတ်လား။ အဲသည့်တော့၊ ဘယ်ဓားက နီးသလဲဆိုတာကို နားလည်ရတယ်။ သို့မဟုတ်ရင်တော့ "နဂါးတို့ မျက်စောင်း အကြောင်းမရွေးဘူး" ဆိုပြီး၊ မျိုးတွေ ကန်းကုန်မှဖြင့် ဒုက္ခ။ အားလုံးက လက်နက်ကိုယ်စီ။ ခါးမှာ ဗျောက်ချိတ်ထားရတာကို ဝင့်ကြွားနေတဲ့ ခေတ်။ အညာဗမာဒေသမှာဆိုရင် ပိုဆိုးတာပေါ့။ ယခင်တုန်းက မိုဘိုင်းဖုန်းတွေ စကိုင်ချိန်တုန်းက၊ ဖုန်းကို ခါးချိတ်ပြီး ရွာထဲ ပတ်ရတာက သိပ်ဝင့်ကြွားစရာလေ။ အခုလည်း အတိုကို ခါးမှာ ချိတ်ပြီး ရွာထဲ ပတ်ရတာက သိပ်ဂုဏ်ယူစရာပေါ့။ တန်ဖိုးတွေရဲ့ အပြောင်းအလဲက ဒီလိုဒီလိုဖြစ်ကုန်ကြပြီကွယ်ရို့.....။

ထားပါ။ ဒါဟာ အခြေအနေတွေ၊ အခင်းအကျင်းတွေ၊ အသွင်သဏ္ဍာန်တွေက ဒီလို ဒီလိုဖြစ်နေကြပြီဆိုတာကို အသက်ကို ရင်းထားရတဲ့ အောက်ခြေပြည်သူလူထုက နားလည်ကြပါတယ်။ မြို့လည်း မြို့ပေါ် အလျောက်၊ တောလည်း တောအလျောက်ပေါ့ဗျာ။

"အရိပ်သုံးပါး နားမလည်တဲ့ ဂျီသူငယ် ကျားစာဖြစ်တတ်တယ်" ဆိုတဲ့ စကားလည်း ရှိသဗျ။ ဗမာတို့ခမြာ ဂျီသူငယ်လို မျက်စိသူငယ်နားသူငယ်နဲ့ အရိပ်အကဲကြည့်နေရတဲ့ ဘဝမျိုးကို ပြန်ရောက်ကြရရှာလေတယ်။ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရတဲ့ခေတ်ကို ပြန်ရောက်ရရှာလေတယ်။ တဂိုးရဲ့ ဂီတဉ္ဇလီ (ကဗျာ အမှတ် ၃၅) မှာ - တဂိုးက အခုလို စပ်ဆိုတယ်။

• ကြောက်ရွံ့ခြင်းကင်းစွာ ဦးခေါင်းကို မော်၍ ထားနိုင်သော၊ အသိတရားရှာရာတွင် လွတ်လပ်သော၊ အချင်းချင်း မကြင်မနာ ကျဉ်းမြောင်းသေးသိမ်ခြင်း မရှိသော၊ မှန်သော စကားကို ဆိုသော၊ မလျော့သော ဇွဲလုံ့လဖြင့် ချီတက်လျက်ရှိသော၊ သတိသမ္ပဇဉ်ရှိသော၊ အတွေးအခေါ်ကျယ်ပြန့်မျှတသော အကြင်အရပ်၌ အကျွန်ုပ်၏ နိုင်ငံသည် နိုးထပွင့်လန်းပါစေသတည်း….။ တဲ့။

Min Thayt - Official

03 Dec, 11:23


လွန်ခဲ့တဲ့ (၅) နှစ်ကျော်တုန်းက ရေးခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ဒီဆောင်းပါးရှည်ကို ရေးခဲ့တယ်။ ဘေဂျင်း (သို့မဟုတ်) ပီကင်း - ယခင် / ယခု ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ တရုတ်ကို လေ့လာဖို့ အဲသည့်ကတည်းက ဆော်ဩတိုက်တွန်းခဲ့တဲ့ ဆောင်းပါးဖြစ်တယ်။ အခုပြန်ဖတ်ရင်လည်း ၊ လတ်လတ်ဆတ်ဆတ် ဖြစ်နေမယ်လို့ ထင်ပါတယ်။

Min Thayt - Official

03 Dec, 09:07


အာဏာတို့၊ ထိုင်ခုံတို့၊ အကျိုးစီးပွားတို့နဲ့ ယှဉ်လာပြီဆိုရင် နိုင်ငံရေးသမားတွေဆိုတာဟာ ဘယ်သူ့ကိုမှ အထာထားလေ့ မရှိဘူး။ အထူးသဖြင့် သူတို့အနေနဲ့ "သူငယ်နှပ်စား" လို့ ထင်နေတဲ့သူတွေကို "နားရွက် တံတွေးဆွတ်ဖို့" ကြိုးစားလေ့ရှိတယ်။ အရပ်စကားနဲ့ ပြောရင်တော့ သွေးတိုးစမ်းလေ့ရှိတယ်ပေါ့။ အဲသည့်လို လုပ်လို့ ရပြီဆိုရင် - မကြာခဏ ထိပ်ပုတ်ခေါင်းပုတ် လုပ်တော့တာပဲ။ အဲသည့်မှာ အမှတ်ရရ ရှိနေတဲ့ စကားလေးတစ်ခု သွား, သတိရတယ်။ ။ "လူတွေက ကိုယ့်ကို ခေါင်းပေါ်တက်နင်းတာ၊ ခေါင်းငုံ့ပေးလို့ပါ" တဲ့။ ဒီတော့ လူတွေဆိုတာက နိုင့်ထက်စီးနင်း သိပ်လုပ်တတ်တယ်။ အာဏာတို့ လုပ်ပိုင်ခွင့်ကို နည်းနည်းရလာပြီဆိုရင်၊ ဖင်လေး ယားတတ်တဲ့ အကျင့်စရိုက် ရှိတယ်။ ငါ ဘာကောင်ကွ၊ ငါ ညာကောင်ကွ...ဆိုပြီး မဏ္ဍပ်တိုင်ဖက် တက်ပြချင်တယ်။ အထူးသဖြင့် ဗမာနိုင်ငံရေးသမားတွေမှာ အဲသည့်အကျင့်ရှိတယ်။ ထောင်ထောင်ထောင်ထောင်နဲ့ လုပ်တတ်တဲ့အကျင့်။ ဒေါ်စုခေတ်မှာ ပင်နီတွေ ဝတ်ပြီး လွှားလွှားလွှားလွှား လုပ်တဲ့အထဲမှာ အဲသည့်လူတွေ ပါတယ်။ အဲဒါကိုလည်း မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေက မျက်စိဆံပင်မွှေးစူးတယ်။ ဒါတောင်မှ၊ တောင်တန်းနဲ့ ပြည်မက သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံရေး မဟုတ်ခဲ့လို့။ အဲသည့်လိုသာ ဟုတ်တယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက အဲဒါကို နည်းနည်း ပျို့ချင် အန်ချင်မှာပဲ။ ဒါပေမယ့် အခုတော့ သိပ်နီးကပ်စရာ မလိုတော့ပါဘူး။ အွန်လိုင်းမှာ တွေ့နေရပြီ။

တချို့က ထင်နေတယ်။ ငါတို့ဟာ တိုင်းပြည်အတွက် အလုပ်တွေ လုပ်ပြနေတယ်၊ ကြွေးကြော်သံတွေ အကျယ်လောင်ဆုံး ရေရွတ်ပြနေတယ်၊ အဖြူတွေနဲ့ ဒွေးရောယှက်တင် ဘယ်လို သွားလာ လှုပ်ရှားနေတယ်ဆိုတာကို သိပ်ပြတယ်။ ပြည်သူလူထုက အစတုန်းကတော့ မျှော်လင့်သေးတယ်။ ၂၀၂၁ စစ်အာဏာသိမ်းတော့ အာတူးပီတို့ ဘာတို့ ငံ့တလင့်လင့်ဖြစ်နေတဲ့ ပြည်သူလူထုဟာ ဒုနဲ့ဒေးပေါ့။ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတဲ့ ပြည်သူလူထုဟာ ကောက်ရိုးတစ်မျှင်ကိုလည်း ဖမ်းဆွဲမှာပဲ။ ဒီတော့ ထင်ထင်ပေါ်ပေါ် ရှိတဲ့သူတွေ၊ သူတို့ မြင်ကွင်းမှာ ကျယ်ကျယ်လောင်လောင် ပြောတဲ့သူတွေကို မျှော်လင့်ကြမှာ ထုံးစံပဲ။ ဒါပေမယ့် ကိုယ်ခံအားလည်း မရှိဘဲနဲ့ လူပိန်းကြိုက်တွေ လျှောက်လုပ်တဲ့အခါ၊ လူရယ်စရာဖြစ်လာတယ်။ အထူးသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ရယ်စရာ ဖြစ်လာတယ်။ တချို့တွေက ပြုံးပြတယ်ဆိုတာ ထောက်ခံနေတယ်လို့ မထင်နဲ့။ ကြိတ်လှောင်နေတာ။

ဒီခေတ်က ဂလိုဘယ်လိုက်ဇေးရှင်းတောင် မဟုတ်တော့ဘူး။ အေအိုင်တွေ ဘာတွေဖြစ်လာပြီ။ ကမ္ဘာကြီးကို လက်ဖဝါးပေါ်က စခရင်တစ်ခုပေါ် တင်ပြီး ကြည့်နိုင်နေတဲ့ ခေတ်။ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေဆိုတာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ဘဝကို ရင်းပြီးတော့ တစ်ဘဝလုံး မြှုပ်နှံထားကြရတာ။ ပေါ်ပင်အွန်လိုင်းမှာ လွှားလွှားလွှားလွှား လုပ်ပြနေတဲ့ ဗမာနိုင်ငံရေးသမားတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေက သိပ်ကို တိမ်လွန်းတာ သူတို့ ခံစားမိကြတယ်။ မဟာမိတ်ဆက်ဆံရေးကျစ်ကျစ်လစ်လစ် ရှိမလာတာ - ဒါ့ကြောင့်ပဲ။ မျက်စိဆံပင်မွှေး စူးစရာတွေဖြစ်လာတယ်။ လူ့ချဉ်ဖတ်ဖြစ်လာတယ်။ သိပ်မကြာခင်ကဆိုရင် ပြည်သူ့ရဲ့ ကရုဏာမဲကိုတောင် မသိမ်းကြုံးနိုင်ဘဲနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ချဉ်ဖတ်လိုလို ဖြစ်လာတာဟာ ဒါပဲ။ လူတွေက သိမ်းမထားတော့ဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး။ အရင်ကတော့ အားနာနာနဲ့ စောင့်ကြည့်နေသေးတယ်။ ဟုတ်နိုးနိုး - ဟုတ်နိုးနိုးပေါ့။ အခုတော့ တချို့တွေ မဟုတ်တာ သူတို့ သိကြပြီ။

ပြည်တွင်းက ပြည်သူလူထုအတွက်က တစ်နေ့ဆို တစ်နေ့ ၊ တစ်ရက်ဆို တစ်ရက် မနည်း အားတင်းဖြတ်သန်းနေကြရတာ။ ဒီနေ့ ဘာဖြစ်မလဲဆိုတာ ကြိုမတွက်နိုင်ဘူး။ မနက်ဖြန် - သဘက်ခါ ဘာဖြစ်လာမလဲဆိုတာ ကြိုမတွက်နိုင်ဘူး။ ဖြစ်မှ ဖြစ်ရောဆိုတဲ့စိတ်နဲ့ ဖြတ်သန်းနေကြတာ။ တော်လှန်ရေးတပ်ဦးကို ရှေ့ဆောင်နေပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေထဲမှာ "ဘော်ကြော့" တွေ အများကြီးပဲ။ ဘော်ကြော့တွေ ရှေ့ဆောင်တဲ့ တော်လှန်ရေးက အောင်မတဲ့လား.....။ ဘော်ကြော့တွေ ပြောစကားကို အကျကြီး ကျပြီး၊ ဘဝနဲ့ အသက်ကို အပ်နှံထားလိုက်ရတဲ့ ချာတိတ်လေးတွေ တစ်ပုံကြီး။

ပေါ့ပေါ့နေ ပေါ့ပေါ့စား ကောင်တွေ ရှေ့ဆောင်ရင် ဘယ်တော့မှ မလိုက်လေနဲ့။
သတိသာထား....။

ခေါင်းဆောင်ဆိုတာ ဘော်ကြော့ဖြစ်လို့ မရဘူး။
ခေါင်းဆောင်ဆိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်‌ဖြစ်လို့ မရဘူး။

Min Thayt - Official

03 Dec, 03:09


ဘဝရဲ့ အထိန်း။ ဘဝမှာ အထိန်းလေး လိုတယ်နော်။ ခလေးထိန်းသလို၊ ကိုယ့်ကို လိုက်ထိန်းမယ့်သူကို ပြောတာ မဟုတ်ဘူး။ ဘဝမှာ အထိန်းလေးလိုတယ်။ လူကြီးသူမတွေက ပြောတယ် မဟုတ်လား။ "ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ပါ" လို့၊ သွန်သင်ကြတယ်။ သိပ်ကို ဟော့ဟော့ရမ်းရမ်းဖြစ်တာကို၊ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းက သိပ်မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာထက် "ဟော့ဟော့ရမ်းရမ်းတွေ လုပ်တယ်" ဆိုရင်၊ မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်၊ ဟော့ဟော့ရမ်းရမ်း လုပ်တာဟာ ဉာဏ်မပါဘူး၊ ခေါင်းကို မသုံးဘူးဆိုတဲ့ သဘောကိုလည်း တွေ့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ မြန်မာ့လူ့ဓလေ့မှာ ဟော့ဟော့ရမ်းရမ်း ဒုံးဒုံးဒိုင်းဒိုင်း လုပ်တာကို သိပ် အားမပေးဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ချင့်ချင့်ချိန်ချိန် ရှိတာ ကောင်းတယ်၊ ထိန်းထိန်းသိမ်းသိမ်း ရှိတာ ကောင်းတယ်။ အဲဒါကို ထပ်ပြီး ပိုးပေးလိုက်တဲ့ကိစ္စက အားနာတဲ့စိတ်။ ကျနော်တို့ အသိုင်းအဝိုင်းမှာ - လူတွေက အားနာသမှု ရှိတယ်။ ငဲ့တာတွေ ရှိတယ်။ ဒါတွေဟာ လူမှုကော်စေးအတွက်ကတော့ အင်မတန် ကပ်အားကောင်းတဲ့ ကော်တွေ။ social glue လို့ ပြောတာပေါ့။ တချို့ကလည်း အကယ်ဒမစ်ဆန်ဆန် Social capital တွေ ဘာတွေ ပြောကြတယ်။ ဘာပဲပြောပြော - လူ့အဖွဲ့အစည်းထဲမှာ တစ်ယောက်ကို တစ်ယောက် ငဲ့တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ ငါ့ကြောင့် သူများ ထိခိုက်သွားလေမလား၊ ငါ့ကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်သွားမလားဆိုတာကို ထည့်တွက်စဉ်းစားတယ်။ ဒါဟာ ကိုယ်ချင်းစာစိတ်အပေါ်မှာ အခြေခံတာပဲ။ ဒါကြောင့် လူမှုဓလေ့မှာ ကောင်းတဲ့အလေ့ဖြစ်တယ်။ မစဉ်းစားမဆင်ခြင်ဘဲ ဟော့ဟော့ရမ်းရမ်း လုပ်တာထက် စာရင်၊ ချင့်ချင့်ချိန်ချိန် လုပ်တာ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်တာ ကောင်းတယ်။ ဒုံးဒုံဒိုင်းဒိုင်း လုပ်တာထက်စာရင်၊ တည်တည်ငြိမ်ငြိမ် လုပ်တာ ကောင်းတယ်။ တပါးသူကို ငဲ့တဲ့စိတ်ဟာ ကောင်းတယ်။ ဒါဟာ ကိုယ်ချင်းစာစိတ်အပေါ်မှာ အခြေခံတာပဲ။ ငါတကောကောတာမျိုး၊ ဘယ်သူဘာ ဖြစ်ဖြစ် - ဘေးပတ်ဝန်းကျင်ကို ပတ်ရမ်းတာမျိုးကို လူ့အဖွဲ့အစည်းဓလေ့က မနှစ်မြို့ပါဘူး။ အားတုံ့အားနာဖြစ်တဲ့စိတ်ကလည်း ငဲ့ညှာမှုအပေါ်မှာ အခြေခံတယ်။ စိတ်နှလုံးသားနူးညံ့ခြင်း လက္ခဏာကို ပြတယ်။ ဒါဟာ လူမှုဓလေ့မှာ သေချာလေးလေးနက်နက်လေး သုံးတယ်ဆိုရင် အင်မတန် နေပျော်တဲ့ လူ့ဝန်းကျင်ဖြစ်မှာ မုချပါပဲ။

အဲသည့်မှာ တစ်ခုတော့ ရှိနေတယ်။

အဲသည့်တစ်ခုကတော့ - ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ တစ်ခုခုကို သုံးပြီဆိုရင် လွန်လွန်ကဲကဲ ကျင့်သုံးတာမျိုး ရှိတယ်။ အားနာတယ်၊ ငဲ့တယ်ဆိုရင်လည်း ဘဝကို ထိခိုက်လောက်အောင်ကို အနွံတာခံတာမျိုးတွေ ရှိနေတယ်။ ကိုယ်မကြိုက်တာ၊ ကိုယ်မနှစ်သက်တာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့စရိုက်အားနည်းတယ်။ တစ်ခုခုများ ထင်သွားမလား၊ အထင်လွဲသွားမလားဆိုပြီး - ကြိတ်ပြီး သိမ်းထားတာ။ ဒါကလည်း ကြိတ်ပြီး သိမ်းထားတာဖြစ်တာကြောင့် ပျောက်မသွားဘူး။ ရှိနေတယ်။ ပြဿနာက ပြေလည်သွားလားဆိုတော့လည်း မပြေလည်ဘူး။ စိတ်ထဲ တနုံ့နုံ့နဲ့ စုစုပြီး သိမ်းထားတယ်။ ဒီလိုနဲ့ မြိုသိပ်ရတာတွေ များလာတော့ - တွန်းကန် ပေါက်ထွက်လာတယ်။ ပေါက်ကွဲကုန်တယ်။ အဲသည့်လို ပေါက်ကွဲကုန်တော့လည်း ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ရော။ လွန်လွန်ကျူးကျူးတွေဖြစ်ကုန်ရော။ ဟော့ဟော့ရမ်းရမ်းတွေ၊ ဒုံးဒုံးဒိုင်းဒိုင်းတွေဖြစ်ကုန်တယ်။ မြန်မာတို့ရဲ့ စရိုက် အစွဲအလမ်းကလည်း သိပ်ကြီးတယ်။ အငြိုးကလည်း သိပ်ကြီးတယ်။ ကျောင်းတော်က ရန်စဆိုတာကို သေရာညောင်စောင်းအထိ သယ်ရလောက်အောင်ကို "မုန်းစွဲ" က သိပ်ကြီးတယ်။ ချစ်ရင်လည်း သိပ်ချစ်တယ်။ မုန်းရင်လည်း သိပ်မုန်းတယ်။ ဒါ့ကြောင့် မြန်မာတို့ဟာ "ချစ်စွဲ" "မုန်းစွဲ" သိပ်ပြင်းထန်တဲ့လူမျိုးလို့ ပြောတာပေါ့။ မြန်မာနဲ့ ဗမာကလည်း အတူတူပဲ သုံးနှုန်းတယ်ဆိုတော့ ဗမာတို့ဟာ ချစ်စွဲ - မုန်းစွဲ သိပ်အားကြီးတယ်လို့ ပြောချင်တယ်။

ကျနော်တို့ မြန်မာတွေမှာ အားနည်းတာက balancing လုပ်တာ အားနည်းတယ်။ ဘယ်ကိစ္စမဆို balance ဆိုတာမျိုးကို ရှာတတ်ဖို့ လိုတယ်။ မျှခြေမှာ ထားနိုင်ဖို့ လိုတယ်။ သိပ်အစွန်းရောက် - ပြင်းထန်တာမျိုးတွေကို မြန်မာတွေ သိပ်လုပ်တတ်တယ်။ ဒါလေး သတိထားရမယ်။ အဲဒါက လူမှုဓလေ့မှာလည်း အဲသည့်လိုပဲ၊ နိုင်ငံရေးမှာလည်း ဒီလိုပဲ။

ဥပမာအားဖြင့် - ဆည်တွေ ဆောက်တယ်ဆိုရင် ရေပိုလွှဲဆိုတာ မဖြစ်မနေ ရှိရတယ်။ ဆည်ထဲမှာ သတ်မှတ်အတိုင်းအတာထက် လွန်ကဲလာတဲ့ ရေတွေကို စွန့်ထုတ်ပစ်လိုက်တာ၊ ပေးလွှတ်လိုက်တာ။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာက အဲသည့်လို သိမ်းထားတဲ့ မကျေနပ်ချက်တွေ၊ အတိုင်းအတာတစ်ခုထက် ကျော်လွန်လာတဲ့ မနှစ်မြို့ချက်တွေကို လွတ်လွတ်လပ်လပ် စွန့်ထုတ်ပစ်ဖို့အတွက် အကျင့်ဓလေ့ မရှိဘူး။ အဲသည့် အကျင့်လည်း အားနည်းတယ်။ ဘာသာရေးနဲ့ လူမှုဝန်းကျင်၊ ခေတ်စနစ်ကလည်း ဒါကို ဖြည်ထုတ်ဖို့အတွက် အခွင့်ပေးတာမျိုး မလုပ်ဘူး။ မြုံထားတယ်။ မြန်မာတွေက မကျေနပ်တာ ရှိရင် တော်ရုံ မပြောဘူး။ မြုံထားလေ့ရှိတယ်။ အဲဒါတွေက တချိန်ကျတော့ ပေါက်ကွဲကုန်တယ်။ ပေါက်ကွဲပြီဆိုရင်လည်း တော်ရုံ ဘယ်သူမှ ထိန်းလို့ မနိုင်တော့ဘူး။ မြန်မာတို့က သိပ်ကို အစွန်းထွက်တွေများတယ်။

Min Thayt - Official

03 Dec, 03:09


တကယ်တော့ မကျေနပ်ချက်တွေ - မနှစ်သက်တာတွေက အမုန်းအဖြစ် ပြောင်းစရာ အကြောင်းကို မရှိသင့်ဘူး။ မကျေနပ်ချက်ဟာ အမုန်း မဟုတ်ဘူး၊ အငြိုး မဟုတ်ဘူး။ မနှစ်သက်တာဟာ အမုန်း မဟုတ်ဘူး၊ အငြိုး မဟုတ်ဘူး။ မချစ်တာဟာ အမုန်း မဟုတ်ဘူး၊ အငြိုး မဟုတ်ဘူး။ ဒါပေမယ့် တို့လူ့အဖွဲ့အစည်းက မရဘူး။ မကျေနပ်ချက်ဟာ အမုန်းအဖြစ် - အငြိုးအတေးအဖြစ် ပြောင်းပြီး ခံယူလိုက်ရမှ နေသာထိုင်သာ ရှိတယ်။ သာမန် မနှစ်သက်တာကို အမုန်းကြီး - အငြိုးကြီးအဖြစ် အသွင်ပြောင်းလိုက်ရမှ နေသာထိုက်သာရှိတယ်။ မချစ်တာဟာ မုန်းတာ မဟုတ်ဘူး။ မုန်းတိုင်းလည်း ငြိုးစရာ လိုချင်မှ လိုမှာပါ။ ဒါပေမယ့် မြန်မာတို့ရဲ့ စိတ်အစွန်းထွက်မှုဟာ တားမနိုင်ဆီးမရပဲ။ အလွန်အကျွံတွေ သိပ်ဖြစ်တယ်။

ဘဝမှာ balance လုပ်တတ်ဖို့ လိုတယ်။ စိတ်ကိုလည်း balance လုပ်တတ်ဖို့ လိုတယ်။ အထူးသဖြင့် မြန်မာပြည်မှာက ထေရဝါဒဗုဒ္ဓဘာသာ သိပ်လွှမ်းမိုးတော့ - ရှေးရိုးစွဲ၊ ကွန်ဆာဗေးတစ် အတွေးအခေါ်ကလည်း သိပ်အားကြီးတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို Orthodox Buddhism လို့ ဘာသာပြန်တယ်။ တကယ်တော့ Orthodox ဆိုတာ ရှေးရိုးစွဲဗုဒ္ဓဘာသာကို ဆိုလိုတာ။ နည်းနည်း ခံသာအောင် ပြောရင်တော့ ရှေးထုံးနည်းကို မပယ်ရှားဘဲ ကျင့်သုံးတယ်လို့ ဆိုတာပေါ့။ ပါဠိပိဋကတ် စာပေရဲ့ သွန်သင်ချက်တွေကို မထုတ်မပယ်၊ မနှုတ်မပယ်၊ မပြင်မဆင်ဘဲ မူရင်းအတိုင်း ကျင့်သုံးလက်ခံတာကိုတော့ ဘာသာရေးမှာ လက်ခံနိုင်ဖွယ်ရှိပေမယ့် လူမှုဓလေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု လွှမ်းမိုးတာကြောင့်၊ "ပြုပြင် - ပြင်ဆင်ပြီး အခြေအနေနဲ့ ကိုက်အောင် လုပ်ပြီး သုံးတာမျိုး" က အားပေးမခံရဘူး။ နိုင်ငံရေးမှာလည်း ကြည့်လေ။ ဗိုလ်ချုပ်ကြီးနေဝင်းက - မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်တယ်။ တကယ်တော့ အဲသည့် ဆိုရှယ်လစ်လမ်းစဉ်က မအောင်မြင်ပါဘူး။ ဒါပေမယ့် မြန်မာနည်းမြန်မာ့ဟန်ဆိုတာက မှန်တယ်။ ဒါပေမယ့် လူအများက မုန်းစွဲအားကြီးတော့ - မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာ မှားတယ်၊ လွဲတယ်လို့ ဖြစ်သွားတယ်။ တကယ်တော့ အဲသည့်လို မဟုတ်ဘူး။ နိုင်ငံတကာ case တွေကို လေ့လာရင်လည်း ကိုယ့်မြေကိုယ့်ရေနဲ့ ပြုပြင် - ပြင်ဆင်ပြီး သုံးတာပဲလေ။ အဲသည့်လို ပြုပြင် - ပြင်ဆင် သုံးစွဲတဲ့ ချည်းကပ်ပုံက မမှားဘူး။ အဲဒါကို ဘယ်လို အကောင်အထည်ဖော်သလဲဆိုတာပဲ အရေးကြီးတယ်။ ဒီမိုကရေစီဆိုလည်း [authentic democracy] လို့ သိပ်ပြောကြတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီတဲ့။ တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ မူရင်း ဂရိရောမက ကျင့်သုံးတဲ့ မူလပုံစံအတိုင်း ကျင့်သုံးရတာမျိုးကို ဆိုလိုတာ မဟုတ်ဘူးလေ။ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ အလေးထားရတာ။ အဲသည့်လို မဟုတ်ဘဲ၊ အမေရိကန် ဒီမိုကရေစီပုံစံကမှ စစ်မှန်တယ်၊ ဗြိတိန်ရဲ့ ဒီမိုကရေစီကမှ စစ်မှန်တယ်...ဆိုပြီး ပုံစံ၊ ဒီဇိုင်းကို စိတ်က စွဲပြီး ဒီလို ပုံစံမှ စစ်မှန်တဲ့ ဒီမိုကရေစီလို့ ထင်နေတယ်။ အဲဒါက ဒီဇိုင်းလေ၊ စတိုင်လ်လေ၊ ပုံစံလေ။ အနှစ်သာရကို ကြည့်ရမှာ။ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးကို ကြည့်ရမှာ။ စတိုင်လ်နဲ့ ဒီဇိုင်းကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူမှာ မဟုတ်ဘူး။ အမေရိကန်နဲ့ ဗြိတိန်လည်း မတူဘူး။ ပြင်သစ်နဲ့ ဂျပန်လည်း မတူဘူး။ ဂျပန်နဲ့ အိန္ဒိယလည်း မတူဘူး။ အစ္စရေးနဲ့ ဂျာမနီလည်း မတူဘူး။ ဒီတော့ ကိုယ့်မြေကိုယ့်ရေနဲ့ကိုက်အောင် လုပ်ရမှာပဲ။ ဒီမိုကရေစီမှာလည်း ဒီဇိုင်းတွေကို အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်သုံးစွဲကြရမှာ။ မြန်မာ့လူ့အဖွဲ့အစည်းမှာက - ဒီမိုကရေစီကို ကျင့်သုံးတာတောင် လစ်ဘရယ်ဒီမိုကရေစီ အတွေးအခေါ်ကို ဂ-ဃ-န-ဏ နားလည်တာမျိုး သိပ်မတွေ့ရဘူး။ Orthodox Democracy လို့တောင် ပြောရမယ် ထင်တယ်။ တကယ်‌တော့ ဒီအသုံးက မရှိပါဘူး။ နိုင်ငံရေးသိပ္ပံမှာတော့ Classical Democracy လို့ သုံးတာပါ။ ထားပါ။ ဒါက မြင်သာအောင် ပြောတာ။ ကျနော်တို့ မြန်မာတွေက ပုံသဏ္ဍာန်နဲ့ အနှစ်သာရကို သေချာ ပိုင်းပိုင်းခြားခြားနားလည်ဖို့ လိုတယ်။ အခုဟာက ရောရောထွေးထွေးတွေ ဖြစ်နေတယ်။ အုတ်ရောရော ကျောက်ရောရောတွေ များနေလို့လည်း အဲသည့်လို အသိတွေက ရှင်းလင်းပြတ်သား ကြည်လင်နေတာမျိုး မဖြစ်တာပါ။ တတ်ယောင်ကားတွေ များတာပေါ့။ ဒါ့ကြောင့်.... မသိဘူးလားလို့ မေးရင်လည်း ၊ မဟုတ်ဘူး။ သိနေတယ်။ တကယ်သိလားလို့ ဆက်မေးလိုက်ရင်လည်း ထုံအအဖြစ်သွားတယ်။ အဲဒါ တတ်ယောင်ကားတွေများလို့လည်းဖြစ်တာ။ Half-educated ပေါ့။

Balance လုပ်ရမယ်။ ဒါဟာ အရေးကြီးတယ်။ ခေတ်စနစ်ကိုတည်ဆောက်တဲ့နေရာမှာလည်း Balance လုပ်နိုင်ဖို့ လိုတယ်။ လူမှုအကျင့်ဓလေ့စရိုက်မှာလည်း တစ်ဦးချင်းဘဝမှာရော၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာပါ Balance လုပ်ဖို့ လိုတယ်။ ချစ်ခြင်း - မုန်းခြင်းတွေ အလွန်အမင်း ပြင်းထန်ကြတာ - ကောင်းသလိုလိုနဲ့ တကယ်တော့ မကောင်းဘူးနော်... သေချာလေးတော့ စဉ်းစားကြပါအုံး....။

မင်းသေ့
၃ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

02 Dec, 06:22


ရှမ်းနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းညွန့်လွင်ရဲ့ ရုပ်ပုံလွှာကို ရေးသားခြယ်မှုန်းထားတာဖြစ်ပါတယ်။ PDF file နဲ့ ဒေါင်းလုတ်လုပ်ပြီး ဖတ်နိုင်ပါတယ်။

Min Thayt - Official

01 Dec, 03:04


⦿ ပါဝါအီလစ်တို့ ကစားပွဲ

လက်ဝဲဗားရှင်းနဲ့ ပြောရင်၊ "သမိုင်းကို လူထုက ဖန်တီးတယ်" လို့ ဆိုပေမယ့်၊ လက်တွေ့နိုင်ငံရေး [Real Politics] မှာတော့ - လူ့အဖွဲ့အစည်းကို ပုံဖော်နေတာက Elite အလွှာက ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ညံ့ဖျင်းဆုတ်ယုတ်နေတဲ့ လူ့အဖွဲ့အစည်းမှာ အီလစ်လူတန်းစားရဲ့ လွှမ်းမိုးမှု ဩဇာက သိပ်ကို ကြီးမားပါတယ်။ အဲသည့်လို လွှမ်းမိုးမှု ကြီးမားတာကလည်း လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ကောင်းကျိုးအတွက် လွှမ်းမိုးတယ်ဆိုတာထက် - ကိုယ်ကျိုးစီးပွားအတွက် လွှမ်းမိုးတဲ့ လွှမ်းမိုးချက်က ပိုလွန်ပါတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းကိစ္စတွေနဲ့ နိုင်ငံ့အရေးကိစ္စတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အီလစ်အလွှာရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ ဒီမိုကရေစီဆိုတာက - လူ့အဖွဲ့အစည်းအတွင်းမှာ အီလစ်အလွှာရဲ့ အခန်းကဏ္ဍကို ဦးစားပေးခြင်းထက် အောက်ခြေလူထုရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီသွားရာလမ်းမှာ ကြီးစွာသော အနှောက်အယှက်ဟာ သာမန်လူထုဆိုတာထက် အီလစ်အလွှာရဲ့ ကန့်လန့်တိုက်မှုတွေက အများဆုံး ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် ပါဝါအီလစ်တွေအကြား အာဏာရုန်းရင်းဆန်ခတ်ဖြစ်မှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကမောက်ကမဖြစ်အောင်အထိ ကျေးဇူးပြု လုပ်ဆောင်နိုင်စွမ်း ရှိတယ်။ မြန်မာနိုင်ငံမှာလည်း အလားသဏ္ဍာန်တူဖြစ်ရပ်မျိုးကို ကြုံခဲ့ရတယ်။ မြန်မာ့ဒီမိုကရေစီသစ်လျှောက်လမ်းဟာ ၂၀၁၀ ခုနှစ် - နှစ်ကုန်ပိုင်းမှာ ပြန်လည်စတင်ခဲ့တာပါ။ ၂၀ ရာစု၊ ပါလီမန်ဒီမိုကရေစီခေတ် [၁၉၄၈ - ၆၂] အတွင်း ခံစားသက်ဝင်ခဲ့ဖူးတဲ့ ဒီမိုကရေစီကျင့်ထုံးတွေဟာ ဒီမိုကရေစီဗားရှင်းသစ်နဲ့ ၂၁ ရာစုထဲမှာ ပြန်လည် ရုန်းထလာနိုင်ခြင်းပါ။ ဒါပေမယ့် ဒီမိုကရေစီသစ်လျှောက်လမ်း (၁၀) နှစ်ပြည့်ပြီးချိန်မှာပဲ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ ရယ်ဒီကယ်ချောက်ကမ်းပါးနဲ့ ပေါ်ပြူလစ်ဇင်ချောက်ကမ်းပါး နှစ်ခုထဲ ဆိုက်ဆိုက်မြိုက်မြိုက် ထိုးဆင်းသွားပါတော့တယ်။

❐ အာဏာဝေစု မတည့်

ဘာလို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ရယ်ဒီကယ်ချောက်ကမ်းပါးထဲကို ထိုးဆင်းသွားရတာလဲ။
ဘာလို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပေါ်ပြူလစ်ဇင် ချောက်ကမ်းပါးထဲ ထိုးဆင်းသွားရတာလဲ။

အဓိက အကြောင်းရင်းများစွာ ရှိနေပါတယ်။ အဲသည့်အထဲက ငြင်းပယ်လို့ မရတဲ့ အမှန်တရားကတော့ - လက်တွေ့အာဏာနိုင်ငံရေးအခင်းအကျင်းမှာ အာဏာဝေစုတည့်အောင် မခွဲဝေကြတဲ့ ပါဝါအီလစ်တွေရဲ့ အချင်းများမှုကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါကို အရပ်ပြောစကားမှာတော့ - အနီအုပ်စုရယ် / အစိမ်းအုပ်စုရယ် - အာဏာဝေစုမတည့်မှု ဖြစ်ကြတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ အရှိတရားဖြစ်ပါတယ်။ အဲသည့်နေရာမှာ မြန်မာတို့ရဲ့ လူမှုနိုင်ငံရေးဓလေ့တစ်ခုက ထပ်မံ ဝင်စွက်လာခဲ့တာတွေ့ရပါတယ်။ အဲဒါကတော့ နှုန်းစံအခြေပြုချည်းကပ်မှု သိပ်ကြီးလွန်းတဲ့ မြန်မာ့အမြင်ဓလေ့ဖြစ်ပါတယ်။ ဒါကို [absolute idealism] လို့ ပြောနိုင်ပါတယ်။ လူ့အဖွဲ့အစည်းက မှန်၏ မှား၏ လို့ စံသတ်မှတ်ထားတဲ့ သတ်မှတ်ချက်ကို အကြွင်းမဲ့ အပြည့်အဝ ရရှိရမယ်ဆိုတဲ့ နှုန်းစံအစွဲပါ။ လူ့အဖွဲ့အစည်းဟာ နှုန်းစံတန်ဖိုးတွေကို နှစ်ခြိုက်တာဟာ အပြစ် မဟုတ်ပါဘူး။ ဒါပေမယ့် ရှုပ်ထွေးပွေလီပြီး အကျိုးစီးပွားတွေ ဒွေးရောယှက်တင်ဖြစ်နေတဲ့ လက်တွေ့နိုင်ငံရေးအဝန်းအဝိုင်းထဲက အီလစ်နိုင်ငံရေးမှာ လူအများရဲ့ နှုန်းစံအစွဲတွေကို အသုံးချဖို့ ကြိုးစားတဲ့အခါမှာ၊ အုပ်စုနှစ်ခုရဲ့ အာဏာရုန်းရင်းဆန်ခတ်ဖြစ်မှုက လူ့အဖွဲ့အစည်းရဲ့ ကသောင်းကနင်းဖြစ်မှုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒါ့ကြောင့်လည်း အနီ နဲ့ အစိမ်းအကြားက ပဋိပက္ခဟာ - အကြီးကျယ်ဆုံး ပြည်တွင်းစစ်အခြေအနေအထိ မီးထိုးပေးလိုက်တယ်လို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

❐ လက်နက်သုံး အာဏာလု / နယ်မြေလု

Min Thayt - Official

01 Dec, 03:04


မင်းသေ့
၁ ဒီဇင်ဘာ ၂၀၂၄

Min Thayt - Official

01 Dec, 03:04


လက်တွေ့နိုင်ငံရေးထဲက အီလစ်နိုင်ငံရေးအလွှာအတွင်းမှ ပါဝါအီလစ်အချင်းချင်း အဝေမတည့်မှု၊ ခွက်စောင်းခုတ်မှု၊ မနာလို ဝန်တိုမှုတွေဟာ တည်ဆဲ အကျိုးစီးပွားပဋိပက္ခတွေကို ကြီးမားသထက် ကြီးမားစေရပါတယ်။ လက်တွေ့အာဏာနိုင်ငံရေးကွင်းပြင်မှာ ပါဝါအီလစ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ဂိုဏ်းဂဏအကွဲအပြဲနဲ့ တရားသေအစွဲ သမိုင်းနောက်ခံ အားကြီးတာတွေ့ရပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်သမိုင်းကို ပြောရင်၊ အကွဲအပြဲသမိုင်းဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းဟာ အကွဲအပြဲသမိုင်းဖြစ်ပြီး၊ မြန်မာ့သမိုင်းဟာ ပဋိပက္ခသမိုင်းဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သမိုင်းဇာတ်ကြောင်းအားလုံးကို လွှမ်းခြုံကြည့်ရင် စစ်ပွဲသမိုင်းတွေနဲ့ ပြည့်နှက်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာအုပ်စုတွေအချင်းချင်း အပြိုင်အဆိုင် လက်မောင်းအားလှဲကြတဲ့ အားပြိုင်မှုတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းသည်ပင်လျှင်၊ လက်နက်ကိုင်ပဋိပက္ခသမိုင်းဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီပြန်လည်ပွင့်လင်းရေး အစမ်းသပ်ခံကာလတွေမှာလည်း ထူထောင်ရေးနဲ့ တည်ဆောက်ရေးတို့ထက် အာဏာအားပြိုင်ပွဲများ၏ သရုပ်ကို ထင်ထင်ရှားရှားတွေ့နိုင်မှာဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၂၀ အတွင်း ကာလတွေဟာ ပြည်မက ပါဝါအီလစ်တွေအချင်းချင်းအကြား ပဋိပက္ခကို သိမ်မွေ့စွာ တွေ့မြင်နိုင်ပြီး၊ ၂၀၂၁ နဲ့ ၂၀၂၅ အတွင်းကာလတွေကတော့ လက်နက်ကိုင်ထားတဲ့ စစ်မင်းတွေအချင်းချင်း နယ်မြေလုကြတဲ့ ခပ်ကြမ်းကြမ်းပြည်တွင်းစစ်ကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ ပြည်တွင်းစစ် ဝဲဂယက်ထဲမှာ အသက်ရှုပေါက် ကျပ်လျက် ရှိနေပါတယ်။

❐ ရုပ်ပိုင်း / နာမ်ပိုင်း အားလုံး ပြိုဆင်း

လက်တွေ့နိုင်ငံရေးကွင်းပြင်ထဲက - ပါဝါအီလစ်တွေရဲ့ အတ္တ၊ မာနနဲ့ လောဘတွေကို ဘေးတီးပေးနေတဲ့ အကျိုးစီးပွားအုပ်စုတွေကလည်း အမြောက်အမြား ရှိနေတတ်ပါတယ်။ မြန်မာတို့ရဲ့ လူမှုဓလေ့မှာ - အာဏာရှိသူ / လုပ်ပိုင်ခွင့် ရှိသူ / ရာထူးရာခံရှိသူ / ဥစ္စာဓနကြွယ်ဝသူတွေကို ကပ်ဖားရပ်ဖားလုပ်တတ်တဲ့ဉာဉ်ကိုလည်း တွေ့ရပါတယ်။ ပါဝါအီလစ်တွေနဲ့ နံဘေးမှာ ဒီလို ကပ်ဖားရပ်ဖားဉာဉ်ရှိတဲ့ အကျိုးစီးပွားအုပ်စုတွေက ဝိုင်းပတ်ထားပါတယ်။ အာဏာနဲ့ အကျိုးစီးပွားတွေဟာ အပြန်အလှန် ထောက်ကန်ထားကြတယ်။ ဒါ့အပြင် အချင်းချင်းအကြား အပြန်အလှန် ကျေးဇူးပြုနေကြပါတယ်။ မြန်မာပြည်တွင်းစစ်ဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး လူ့အဖွဲ့အစည်းရဲ့ အူတိုင်ပင်မတွေကိုတောင် ဖြိုဖျက်ပစ်လိုက်ကြရပါတယ်။ စစ်ဟာ သူရဲကောင်းတွေကိုလည်း အပါခေါ်သွားသလို၊ ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရားတွေကိုလည်း ငရဲသို့ ခေါ်ဆောင်သွားတာတွေ့ရပါတယ်။ အသက်၊ ဘဝနဲ့ စည်းစိမ်ဥစ္စာတွေအပြင် လူ့အဖွဲ့အစည်းရဲ့ စာရိတ္တမဏ္ဍိုင်က ပြိုဆင်းသွားပါတယ်။ ထို့နောက် မူလကိုယ်ကျင့်တန်ဖိုးတွေက အခြေကနေ ယိုင်နဲ့သွားပါတယ်။ စစ်ဟာ ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံတွေကို ဖျက်လိုဖျက်စီး လုပ်ခဲ့ရုံသာမက၊ နာမ်ပိုင်းဆိုင်ရာအဆောက်အအုံတွေကိုပါ ဖြိုဖျက်ပစ်လိုက်ကြပါတယ်။

❐ ဆုပ်လည်း စူး - စားလည်း ရူး အဖြစ်

လူ့အဖွဲ့အစည်းရဲ့ ပြိုဆင်းမှုနဲ့ အက်ကွဲမှုတွေဟာ - ပါဝါအီလစ်တွေအကြား နိုင်ငံရေးဘက်အစွဲ ပြင်းထန်မှုတွေကနေ စတင်တာတွေ့ရပါတယ်။ ပြည်သူလူထုဟာ ဘက်အစွဲဇာတ်သွင်းခြင်းရေစီးထဲမှာ မျောပါသွားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေမယ့် ၊ လူ့အဖွဲ့အစည်းရဲ့ကိုယ်ခံအားကို ဖြည့်ကျင့်တည်ဆောက်တဲ့ဖြစ်စဉ်တော့ ပါမလာပါဘူး။ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို တည်ဆောက်စရာ မလိုဘူးလို့ ယူဆဟန်ရှိပါတယ်။ စစ်ကြီးပြီးသွားမှ၊ တော်လှန်ရေးကြီးပြီးသွားမှ၊ ဒီပွဲပြီးမှ.... ဆက်လုပ်မယ်ဆိုတဲ့ ဆင်ခြေတွေကို အတွေ့ရများပါတယ်။ အဲသည့်ရဲ့ အကျိုးဆက်ကတော့ - ဆုပ်လည်းစူး - စားလည်း ရူးရမယ့် အဖြစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ စစ်ကို ရေရှည်တိုက်ဖို့လည်း ကိုယ်ခံအား မရှိ။ စစ်ကို နောက်ဆုတ်လိုက်ပြီးတော့ အပစ်ရပ်ရလောက်အောင်လည်း နိုင်ငံရေးအရ အရဲမကိုးရဲ။ အထူးသဖြင့် ဒါက ပြည်မက အခြင်းအရာကို ရှေ့ရှုပြောခြင်းလို့ နားလည်နိုင်ပါတယ်။ တောင်တန်းကတော့ ယခင်လို bilateral ညှိနှိုင်းမှုတွေနဲ့ ကလနားသပ်ဖွယ်ရာ ရှိနိုင်ပါတယ်။

❐ ဘယ်သူမှ ပြတ်ပြတ်သားသား မနိုင် - ဘယ်သူမှ မရှုံးသေး

မြန်မာ့ပြည်တွင်းစစ်ဟာ အနိုင်အရှုံး ပြတ်ပြတ်သားသား မပေါ်ခဲ့ပါဘူး။ အတိတ်မှာလည်း အနိုင် - အရှုံး မပြတ်သားခဲ့ဘူး။ လက်ရှိပစ္စုပ္ပန်မှာလည်း အနိုင် - အရှုံး မပြတ်သားပါဘူး။ မြန်မာတို့ရဲ့ တော်လှန်ရေးဟာ ပြည်တွင်းစစ်နဲ့ လမ်းဆုံးပြီး၊ နောက်ဆုံးမှာ စစ်ဘုရင်တွေ အချင်းချင်းအကြား နယ်မြေခွဲဝေရေးနဲ့ နိဂုံးချုပ်ဖို့ အလားအလာများနေပါပြီ။ ဒါ့အပြင် ပြည်သူလူထုကြွေးကြော်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာလည်း မြင်သာမြင်ရ - မကြင်ရတဲ့ အဖြစ် ကြုံကြရမယ့်ကိန်းပါ။ လာမယ့် ၂၀၂၅ ခုနှစ်ဟာလည်း လူထုရဲ့ အခန်းကဏ္ဍ မှေးမှိန် ဖျော့တော့ပြီး၊ လက်နက်ကိုင်ထားတဲ့ ပါဝါအီလစ်တွေအချင်းချင်း ကုလားဖန်ထိုး - ကစားကွက်ထွင်ကြမယ့်အရေးက ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား......။

Min Thayt - Official

20 Nov, 07:59


လောလောဆယ်အားဖြင့် မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဆိုတာထက် နေ့စဉ် စားဝတ်နေမှု ကျပ်တည်းရေးနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် အသက်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ ဘေးသင့်နေကြရတာပါ။ တရုတ်ထိန်းချုပ်တဲ့ တည်ငြိမ်ရေးပဲ ဖြစ်ဖြစ် - တခြားသော တည်ငြိမ်ရေးအမျိုးအစားတစ်ခုပဲ ဖြစ်ဖြစ် - စစ်ဆိုတာထက် တည်ငြိမ်ရေးကို ပိုမိုအလိုရှိနေကြမှာ သေချာပါတယ်။ တရုတ်စပွန်ဆာလုပ်ပြီး ဖြစ်တည်လာမယ့် တည်ငြိမ်ရေးဟာ မြန်မာပြည်သူလူထုအတွက် တစ်စုံတစ်ရာ အသက်ရှုချောင်ဖွယ်ရာ ရှိပေမယ့် - တရုတ်တို့ ဉာဉ်အရ မြန်မာတို့ရဲ့ လည်မြိုကို ခဲထားမယ့် အကြံအစည်များလည်း တစ်ပုံတစ်ပင် ပါလာပြီးသားဖြစ်မယ်လို့ ယူဆရနိုင်ပါတယ်။

လတ်တလောတည်ငြိမ်ရေးကို ဦးစားပေးပြီး တရုတ်အာဂျင်ဒါတွေကို လက်ခံလိုက်မယ်ဆိုရင် - အနာဂတ်မှာတော့ မြန်မာပြည်သူလူထုရဲ့ အသက်ရှုပေါက် အကျဉ်းအကျယ်ကို တရုတ်က အမြဲတမ်း ပြဋ္ဌာန်းသတ်မှတ်နေတော့မှာဖြစ်ပါတယ်။ ပြည်သူလူထုတစ်ဦးချင်းစီဟာ အသက်ဝဝရှုနိုင်ဖို့အတွက် တရုတ်ရဲ့ ခွင့်ပြုချက်ကို တောင်းခံရမယ့် အနေအထားဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာ များစွာ မူတည်သွားပြီဖြစ်ပါတယ်။

❐ ပေါက္ခရဝဿ အာဏာစက်

သေချာတာတစ်ခုကတော့ တရုတ်ဟာ ကျနော်တို့ ဆန့်ကျင်ဖို့ သိပ်ကောင်းတဲ့ နိုင်ငံ မဟုတ်ဘူး။ အလားတူပဲ တရုတ်ဟာ ကျနော်တို့ နွေးထွေးကြိုဆိုဖို့ လှိုက်လှိုက်လှဲလှဲ ဖြစ်သင့်တဲ့ အနေအထားမျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် အနောက်တိုင်းလေသံနဲ့ ဒေါ်လာလှိုင်းအပုတ်ခံရပြီး တရုတ်ဆန့်ကျင်ရေးလေချဉ်တက်ပြနေရင်လည်း မြန်မာ့အကျပ်အတည်းအတွက် အကျိုးထက် အပြစ် ပိုဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးလေထုကို ကျယ်သထက် ကျယ်အောင် လုပ်တာဟာ - မြန်မာ့အကျပ်အတည်းကို မပြေလည်စေဘဲနဲ့ ပိုပြီး အသက်ရှုပေါက် ကျပ်သထက် ကျပ်အောင် လုပ်တာနဲ့ အတူတူသာဖြစ်တယ်။

မြန်မာတို့ဟာ တရုတ်မပြောနဲ့ နံဘေးနားက ထိုင်းကိုတောင် ယှဉ်နိုင်ဖို့ မလွယ်တော့။ မြန်မာတို့ရဲ့ အထွေထွေ ချွတ်ခြုံကျမှုဟာ ဇောက်ထိုးဆင်းနေပြီ ဖြစ်တယ်။ မြန်မာနိုင်ငံရေးသမားတွေ "ဆန်မရှိဘဲ - စောက်စားမကြီးသင့်" "အောက်ကလည်း နေသေးတယ်၊ ကြောက်ပြီလားလည်း မေးမနေသင့်" ဒါဟာ အရေးကြီးတယ်။ မိမိတို့ လူ့အဖွဲ့အစည်း ကိုယ်ခံအားပြန်လည် မြှင့်တင်ရေးကိုသာ ပြန်လည်အာရုံစိုက်ကြဖို့နဲ့ နိုင်ငံရေးရဲ့ အရှိတရားကို လက်ခံပြီး ထိန်းချုပ်နယ်မြေများကို အာမခံချက်ရှိစွာ လွတ်မြောက်ရေးသာ ဆက်လက် ရှေ့ရှုဖို့ ကောင်းတယ်။ ဒါ့အပြင် နိုင်ငံရေး - စစ်ရေး နဲ့ စီးပွားရေး အင်အားကြီးထွားလာတဲ့ ဂလိုဘယ်ဆူပါပါဝါ တရုတ်ကို ဒေသတွင်း လက်နက်ကိုင်အစုအဖွဲ့တွေက တရုတ်ဆန့်ကျင်ရေးလေသံကို မောင်းနှင်ပေးတဲ့ ဖားဖိုတွေဖြစ်နေတယ်ဆိုရင် - မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပျက်သုဉ်းခန်းဟာ တဖြည်းဖြည်း ပိုမိုကြီးထွားလာစရာသာ ရှိနေပါတယ်။

မြန်မာတို့ဟာ တရုတ်ကို ငြင်းဆန်လို့ မရနိုင်။ ဒါ့ကြောင့် တရုတ်နဲ့ ဘယ်လို ပေါင်းတတ်သင်းတတ်အောင် လုပ်ဆောင်မလဲဆိုတာကိုသာ သတိချပ်သင့်တယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အာမခံချက် မပေးနိုင်ပေမယ့် မြန်မာနိုင်ငံကို ပျက်သထက် ပျက်အောင် ဖျက်နိုင်စွမ်းတော့ ရှိနေတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တရုတ်ဟာ king maker role မှာ ထိုင်ထားနိုင်လိုက်ပါပြီ။

သေချာတာ တစ်ခုကတော့ တရုတ်နိုင်စေချင်သူဟာ အောင်ပွဲခံမှာ ဖြစ်ပြီး၊ တရုတ် ပျက်စေချင်သူဟာ ငါးပါးမှောက်ရမယ့်ကိန်းကို ညွှန်ပြနေပါပြီ။ စစ်ရေး - နိုင်ငံရေး - စီးပွားရေး ဆူပါပါဝါနိုင်ငံကြီးတစ်ခုကို ပျက်စီးယိုယွင်းနေပြီး ကိုယ်ခံအားချိနဲ့နေတဲ့ လူ့အဖွဲ့အစည်းအတွင်းက လူထုက အလွန်အကျွံ ဆန့်ကျင်လာအောင် နိုင်ငံရေးမီးကွင်း မပစ်သင့်။ ဒီလိုလုပ်ရင် ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးသာ ပိုများလာနိုင်ချေ ရှိနေတယ်။ ယခု ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ အခြင်းအရာအတိုင်းဆိုရင် မြန်မာနိုင်ငံဟာ အတွင်းကျိတ် ပဋိပက္ခတွေလည်း လက်စသပ် မဖြေရှင်းနိုင်ဘဲ၊ တရုတ်ရင်ခွင်ပိုက်အဖြစ် ပိုမိုရောက်ရှိလာပြီး - တရုတ်ခွင့်ပေးတဲ့ တည်ငြိမ်မှုနဲ့ မြန်မာပြည်တွင်းတော်လှန်ရေးအင်အားစုတို့ ရုန်းထတဲ့ ဆူပူမှုတွေကြားမှာ လူးလားခတ်သာ ရှိနေမယ့် အကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား....

မင်းသေ့
၂၀ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

20 Nov, 07:59


၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စတင်ခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ "နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- NCA" တွေဖြစ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှာ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးဖြစ်ထွန်းတဲ့ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ရယ်လို့ ဖြစ်လာမယ့် - ဝ၊ မိုင်းလား၊ ကိုးကန့်၊ ကချင်၊ ရက္ခိုင်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ တအာင်းတပ်တွေက ပါဝင်လာတာ မတွေ့ရပါဘူး။ ခေတ်သစ်မြန်မာ့နိုင်ငံရေးအခင်းအကျင်းကာလ - ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာနိုင်ငံဗဟိုအစိုးရအဖြစ် အာဏာရပြီး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် "၂၁ ရာစု ပင်လုံညီလာခံ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကြိုးစားဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ - ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာလည်း တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ - တရုတ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ လေ့လာသူအဖြစ်ပဲ ပါဝင်တက်ရောက်ခဲ့တာတွေ့ခဲ့ရပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ ငြိမ်းချမ်းရေးဖြစ်ထွန်းမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်က "တရုတ်ဟာ မြန်မာပြည် ငြိမ်းချမ်းရေးရအောင် လုပ်မပေးနိုင်ပေမယ့် - မြန်မာပြည်ငြိမ်းချမ်းရေး မရအောင်တော့ လုပ်နိုင်စွမ်းရှိတယ်" လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ မြန်မာ့အရေးမှာ တရုတ်နဲ့ပတ်သက်ပြီး သတိထား ဆင်ခြင်ရမယ့် ကိုးကားချက်တွေဖြစ်နိုင်ပါတယ်။

❐ တရုတ်ထိန်းချုပ်လို့ ရမယ့် တည်ငြိမ်ရေး

တရုတ်အနေနဲ့ မြန်မာကို မှောက်လိုမှောက် - လှန်လိုလှန် စွမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ လှေနံဓားထစ် မပြောနိုင်ပေမယ့်၊ မြန်မာနဲ့ပတ်သက်ရင် တရုတ်ဟာ အပြုစွမ်းအားနည်းနည်း - အဖျက်စွမ်းအားများများ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ တရုတ်အလိုရှိမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအတွင်း - မြန်မာပြည်မှာ ကသောင်းကနင်းမှုတွေနဲ့ ထပ်မံ ကြုံတွေ့နိုင်အောင် မီးထိုး - လောင်စာထည့်ပေးနိုင်စွမ်း ရှိနေပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် တက်နေတဲ့ တရုတ်အဖို့၊ အိန္ဒိယသမုဒ္ဒရာရဲ့ မုဒ်ဦးဝဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြည်တွင်းစစ်ထက် တည်ငြိမ်ရေးကို အလိုရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အလိုရှိတဲ့ တည်ငြိမ်ရေးဆိုတာ - တရုတ်ထိန်းချုပ်လို့ ရတဲ့ တည်ငြိမ်ရေးကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာတို့အနေနဲ့ လွတ်လပ်ပွင့်လင်းပြီး ငြိမ်းချမ်းတည်ငြိမ်နေမယ့် အနေအထားဆိုတာထက် တရုတ်ထိန်းချုပ်လို့ ရမယ့်တည်ငြိမ်ရေးကို အလိုရှိနေတာဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံထဲမှာ သူ့ရဲ့ အကျိုးစီးပွားနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ပြီး ခြေကုတ်မြဲမြဲ ရစေဖို့အတွက် တည်ငြိမ်ရေးကို အလိုရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက အခုလို ပြောခဲ့ဖူးပါတယ်။ "တရုတ်က တည်ငြိမ်မှုလိုအပ်တယ်၊ အဲသည့်တည်ငြိမ်မှုဆိုတာကတော့ တရုတ်ရှုဒေါင့်ကနေ ကြည့်ရင် မြန်မာ့ပြည်တွင်းပြဿနာတွေကို ဖြေရှင်းဖို့ ဆိုလိုတာ မဟုတ်ဘူး၊ တရုတ်ထိန်းချုပ်လို့ ရမယ့် တည်ငြိမ်မှုကို ဆိုလိုတာ" လို့ ဘာတေးလစ်တနာ "Mapping China's Project in Myanmar" အင်တာဗျူမှတ်တမ်းမှာ ပြောပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံထဲက နိုင်ငံရေးပြဿနာတွေ ပြေလည်မှ သူ့ရဲ့ စီးပွားရေးအင်ပါယာကို ဆက်လက်တိုးချဲ့ဖို့ စိတ်ကူးနေမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြေပြေလည်လည် မဖြစ်သည့်တိုင်အောင်၊ သူ့ရဲ့ စီးပွားရေးကို ဆက်လက် နယ်ချဲ့ လုပ်ဆောင်နေမှာ ဖြစ်တယ်။ ဒါ့ကြောင့် တရုတ်ဟာ အကျိုးစီးပွားသာ ပဓာနဖြစ်တယ်ဆိုတဲ့ မူကို ကိုင်ဆွဲလျှောက်လှမ်းနေတာ သိသာထင်ရှားတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ဘယ်လို နည်းနာမျိုးမဆို ချည်းကပ်လုပ်ဆောင်မှာ ဖြစ်တယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ တရုတ်တို့ ပူးပေါင်းပြီး လက်နက်ကိုင်လုံခြုံရေးအဖွဲ့ (ကုမ္ပဏီ) တွေကို ခေါ်သွင်းလာဖို့ကိစ္စဟာ တဖြည်းဖြည်းနဲ့ ပိုမို ကြီးထွားလာမယ့် သဘောရှိနေပါတယ်။ ဒါဟာ တစ်ဖက်က ကြည့်ရင် - တရုတ်ထိန်းချုပ်လို့ရတဲ့ တည်ငြိမ်ရေးကို ရှေ့ရှုနေတဲ့ လက္ခဏာဖြစ်တယ်။

❐ မြန်မာတို့ အသက်ရှုဝဖို့ တရုတ်ကို ခွင့်တောင်းရလာနိုင်ချေ

Min Thayt - Official

20 Nov, 07:59


■ တန်ခိုးထွားသော တရုတ်မင်း အငြိုအငြင် မဖြစ်စေရ

ဤဆောင်းပါးသည် - ပဒေသရာဇ်အတိတ်သမိုင်းက အင်အားကြီးတဲ့ တရုတ်မင်း ဝင်နှောက်ရင်၊ ပြည်ပျက်ပြေးကြရတဲ့ သာဓက တချို့ကို ကောက်နုတ်ထားပြီး ယခုလက်ရှိ အခြေအနေ အခင်းအကျင်းမှာ တွေ့ရတဲ့ နိုင်ငံရေး ရာသီဥတုအရ တရုတ်ဆန့်ကျင်ရေးလေထုကို မကြီးထွားစေဘဲ သိမ်မွေ့စွာဖြင့် အသုံးချနိုင်ရန် လက်တို့ ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

❐ သမိုင်းသာဓက တချို့

"မြန်မာ့သမိုင်းမှာ တပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ဖြစ်ရပ်တွေဟာ တရုတ်ပြည်မှာ မြစ်ဖျားခံလေ့ရှိပါတယ်" လို့ သမိုင်းဆရာဒေါက်တာအောင်ခင်က ၂၀၂၄ အောက်တိုဘာလ ၁၇ ရက်နေ့က ဖော်ပြတဲ့ "မြန်မာနှင့်တရုတ် လွှမ်းမိုးမှုသမိုင်း" အ‌သံလွှင့်ဆောင်းပါးမှာ မှတ်ချက်ပြုပါတယ်။ နှစ်ပေါင်း (၄၀၀) ‌ကျော်ကြာခဲ့တဲ့ ပုဂံခေတ်ဟာ မွန်ဂိုတရုတ်တို့ကြောင့် ပျက်စီးသွားရပါတယ်လို့ ဆိုပါတယ်။ ၁၇ ရာစုမှာ အာဏာရတဲ့ မန်ချူးချင်မင်းဟာ ပြည်မနဲ့ အလှမ်းဝေးတဲ့ အစွန်အဖျားဒေသတွေကို မချုပ်ကိုင်နိုင်သေးတာကြောင့် ယူနန်လို နေရာမျိုးမှာ လူဆိုးဓားပြတွေ ထကြွလာခဲ့ပြီး၊ မန်ချူးချင်အစိုးရရဲ့ အာဏာစက် ယူနန်အထိ ပျံ့နှံ့လာတဲ့အခါမှာ တရုတ်လူဆိုး သူခိုးဓားပြတွေဟာ မြန်မာပြည်ထဲကို တစ်စတစ်စ ဝင်ရောက်ကုန်ကြတယ်လို့ ဆိုပါတယ်။ ယူနန်စားတရုတ်သူခိုးဓားပြတွေ ဧရာဝတီ အရှေ့ဘက် မြေပြန့်ပိုင်းအထိ ဝင်ရောက်သောင်းကျန်းကြပေမယ့် ဗမာမင်းက ဟန့်တားနိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ "တရုတ် နိုင်ငံမှာ မင်မင်းဆက် နောက်ဆုံး ဘုရင်တပါး ဖြစ်တဲ့ ရုံလီဟာ မန်ချူးတွေရဲ့ တိုက်ထုတ်မှုကြောင့် ယူနန်က တဆင့် မြန်မာပြည်ထဲ ခိုလှုံခဲ့ရပါတယ်" လို့ သမိုင်းဆရာ ဘိုဘိုက ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ဘီဘီစီ - မြန်မာပိုင်းမှာ ဖော်ပြထားတဲ့ "မြန်မာပြည်ရောက် တရုတ်ဘုရင်" ဆောင်းပါးမှာ ရေးသားပါတယ်။ ယူနန်ကို စစ်သူကြီး ဝူဆန်ကွေ့ အုပ်ချုပ်တဲ့အချိန်မှာတော့ - စစ်ကိုင်းမှာ ခိုလှုံနေတဲ့ တရုတ်မင်း (ရုံလီ) ကို ဖမ်းဖို့ တရုတ်တပ်ကြီးစေလွှတ်တဲ့အတွက် ရုံလီမင်းကို တရုတ်လက်ထဲ ပြန်အပ်လိုက်ရတဲ့ သာဓက ရှိခဲ့ဖူးတယ်လို့ ဒေါက်တာအောင်ခင်က မှတ်ချက်ပေးပါတယ်။ မြန်မာပြည်ထဲ တရုတ်ပြည်ပြေးဘုရင် ခိုလှုံမှု နောက်ဆက်တွဲအနေနဲ့ "မန်ချူးတပ်တွေ တိုက်ခိုက်မှုကြောင့် မြန်မာပြည် ညောင်ရမ်း မင်းဆက် အခြေအနေ ယိမ်းယိုင်လာပြီး အနှစ် တရာအတွင်းမှာ ပြိုကွဲခဲ့ပါတယ်" လို့ "မြန်မာပြည်ရောက် တရုတ်ဘုရင်" ဆောင်းပါးမှာ - သမိုင်းဆရာ ဘိုဘိုက ရေးသားခဲ့တာတွေ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဗမာတွေကို တုံလှုပ်ခြောက်ခြားသွားစေပြီး၊ တရုတ်ပြည်ကို ထိခိုက်နစ်နာစေမယ်လို့ ယူဆရင် တရုတ်မင်းဟာ မြန်မာပြည်ထဲကို ဝင်ရောက်စွက်ဖက်ဖို့ ဝန်မလေးတာကို ဒီဖြစ်ရပ်က သက်သေပြလိုက်တယ်လို့ သမိုင်းဆရာ ဒေါက်တာအောင်ခင်က ဆိုပါတယ်။

❐ ယခင် - ယခု

ရှမ်းတော်လှန်ရေးသမားတစ်ဦးလည်းဖြစ် - စာရေးဆရာ - သတင်းစာဆရာတစ်ဦးလည်းဖြစ်တဲ့ ဦးခွန်ဆိုင်း (ခေါ်) ခွန်းဆေဟာ သူ့ရဲ့ "ကျနော် သူပုန်ဖြစ်လာပုံ" စာအုပ်မှာလည်း ရှမ်း - ဗမာဆက်ဆံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို သင်ခန်းစာယူစရာ ရေးသားခဲ့ဖူးပါတယ်။ "တရုတ်နဲ့ အဆင်ပြေတဲ့ ရှမ်းညီနောင်သုံးပါးနဲ့ ဆေခန်ဖတို့က ဗမာပြည်နိုင်ငံရေး အရေးပါအရာရောက်တဲ့ ကဏ္ဍမှာ လှုပ်ရှားနိုင်ခဲ့ကြတယ်။ တရုတ်နဲ့အဆင်မပြေတဲ့ ဆေခီဖ၊ ဆေငမ်ဖနဲ့ ခမ်းကိုင်နွဲ့တို့ကတော့ ရှိရင်းစွဲ ပိုင်နက်နဲ့ အခွင့်အာဏာတွေကိုတောင်မှ ဆုံးရှုံးခဲ့ရတယ် ဆိုတာကို တွေ့ရလိမ့်မယ်ထင်ပါတယ်။" ခွန်းဆေ ရေးသားတဲ့ ရှမ်းညီနောင်သုံးပါးနဲ့ ဆေခန်ဖ တို့ဆိုတာ တချိန်က ပြည်မအထိ မင်းလုပ်အုပ်ချုပ်နိုင်ခဲ့တဲ့ ရှမ်းဘုရင်မင်းတွေဖြစ်ပါတယ်။

Min Thayt - Official

19 Nov, 12:56


Background Photo - Mapping China's Project in Myanmar, Bertil Lintner, Interview documentary, 2021

Min Thayt - Official

19 Nov, 12:56


■ တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေကို ဘယ်မှာ တွေ့နိုင်သလဲ

စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ပတ်သက်ပြီး စဉ်းစားရန် အချက်များ။

❐ လောလောဆယ် တားဆီးနိုင်မည် မဟုတ်

၁။ သေချာတာတစ်ခုကတော့ - စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေ မြန်မာ့မြေမှာ ခြေချလာရမယ့်ကိစ္စကို အခုအချိန်မှာ ဘယ်လိုနည်းနဲ့မှ တားဆီးလို့ ရနိုင်မယ့် အခြေအနေမျိုး မဟုတ်ပါ။ ဒါကို နိုင်ငံရေးနည်းနဲ့ လူထုကြားထဲမှာ အသံကောင်းဟစ်ပြီး - ကန့်ကွက်ကြောင်း၊ ဆန့်ကျင်ကြောင်း၊ မလိုမရှိကြောင်း ဟစ်အော်နေခြင်းဟာ ဘာအကျိုးမှ မရှိပါဘူး။ အဲသည့်လို လုပ်ခြင်းဟာ တော်လှန်ရေးအင်အားစုကြီးတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ဖို့ ပျက်ကွက်နေခြင်းဖြစ်တယ်။ မယောင်ရာဆီလူးနေခြင်းဖြစ်တယ်။ မိမိတို့အပေါ် လူထုထောက်ခံအားကျမသွားအောင် သံယောင်လိုက် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်တယ်။ လောလောဆယ်အားဖြင့် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနေတဲ့ မဟာဗျူဟာနည်းလမ်းကောင်း မဟုတ်။ ဒါ့အပြင် နိုင်ငံ့ရဲ့ အချုပ်အခြာကို ထိပါးစော်ကားခြင်းဖြစ်တယ် - ဘာညာဆိုတဲ့ စကားလုံးတွေ သုံးပြီး လူထုမီဒီယာတွေအပေါ်မှာ ပြောဟောပြနေခြင်းဟာလည်း တကယ့်အဖြေကောင်းမဟုတ်။ နိုင်ငံရေးအရလည်း မထိရောက်သလို၊ အကောင်းဆုံး တန်ပြန်လုပ်ဆောင်မှုလည်း မဟုတ်။ ပေါ်ပြူလစ်နိုင်ငံရေးခေါင်းဆောင်တွေ ဖော်ထုတ်ညွှန်းဆိုနေတဲ့ "နိုင်ငံတော် အချုပ်အခြာအာဏာ" ဆိုတာတွေက နေ့စဉ် ဆင်းရဲဘေးဒုက္ခနဲ့ နပန်းလုံးနေရတဲ့ ပြည်သူလူထုအတွက် ဖုတ်သုပ်စားလို့ ရတဲ့ အရာ မဟုတ်။ ဒါ့ကြောင့် လူကြားကောင်းအောင် ဟစ်အော် ကြွေးကြော်ပြနေတဲ့ လုပ်ရပ်မျိုးဟာ တိုင်းပြည်နဲ့ လူထုကို အမှန်တကယ် ကာကွယ်တားဆီးပေးနိုင်စရာ လုပ်ရပ် မဟုတ်ကြောင်း နားလည်ထားဖို့ ကောင်းတယ်။

❐ ကျောက်ဖြူက စမှတ်လား

၂။ စစ်ကောင်စီနဲ့ တရုတ် ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေဟာ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ စိုးမိုးထားတဲ့ ဧရိယာတွေထဲကနေ စတင်အခြေချလာဖို့ ရှိနေတယ်။ အခုလည်း ရက္ခိုင်ပြည်နယ် - ကျောက်ဖြူမှာ စတင်ဖို့ ဆိုင်းပြင်းနေပြီဆိုတဲ့သတင်းတွေ ထွက်နေတယ်။ ၂၀၂၄ နိုဝင်ဘာလ ၁၉ ရက်နေ့ ၊ ယနေ့ ရက်စွဲနဲ့ Western News က အခုလို ရေးသားဖော်ပြတာကို ဖတ်ရပါတယ်။ [ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်တည်းတွင် AA ထိုးစစ်ကြောင့်ဆိုကာ ကျောက်ဖြူမြို့က တရုတ်စီးပွားရေးများကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်း သိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။] ဒီလို ဖြစ်ရပ်မျိုးတွေဟာ တဖြည်းဖြည်းနဲ့ ခပ်စိပ်စိပ် ထပ်မံ တွေ့ရှိလာရဖွယ်ရှိပါတယ်။ အထူးသဖြင့် ဝဒေသ၊ မိုင်းလား၊ ရက္ခိုင်၊ ကိုးကန့်နယ်တွေကနေ စတင်အခြေချလာဖွယ်ရာ ရှိပြီး - နောက်ပိုင်းမှာ ကျောက်ဖြူ - ကူမင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသတွေထဲမှာ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့ (ကုမ္ပဏီ)တွေ တစ်စတစ်စ ပြန့်နှံ့ရောက်ရှိလာစေမယ့် အရိပ်အယောင်ဖြစ်ပါတယ်။ နောက်ထပ် တရုတ်ဘက်က ဝက်အူရစ်တင်းပြီး ဆက်လက် ခြေလှမ်းမယ့်ကိစ္စတွေကတော့ - တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ အကြီးစားစီမံကိန်းဧရိယာတွေမှာ တစ်စတစ်စ ပြန့်နှံ့ရောက်ရှိလာမယ့် အခြေအနေဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံရေးအရ - စစ်ရေးအရ ဘယ်လို တန်ပြန်ကြမှာပါလဲ။ စစ်ကောင်စီကို တော်လှန်နေရင်းနဲ့ တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေကို ဘယ်လို သဘောထားမှာပါပဲ။ ထိပ်တိုက်တိုးမှာလား - ရှောင်ကွင်းမှာလား။ သို့တည်းမဟုတ် ပူးပေါင်းကြမှာလား.....။

❐ လက်နက်ကိုင်ပဋိပက္ခအတွက် ကြားခံ mediation ဝင်ခြင်းလား

Min Thayt - Official

19 Nov, 12:56


၃။ သေချာတာတစ်ခုကတော့ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေကို ထိပ်တိုက်တိုးဖို့ကလည်း မိုက်ရူးရဲရာကျပါတယ်။ ရှောင်ကွင်းမယ်ဆိုရင်လည်း တိုးသထက်တိုးလာမယ့် အခြေအနေသာရှိပြီး၊ ဒီအခြေအနေကို ခြေကုတ်ယူပြီး စစ်ကောင်စီရဲ့ စစ်ရေးချဲ့ထွင်မှုတွေဟာ တရိပ်ရိပ် ကြီးထွားကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် ပူးပေါင်းဖို့ဆိုတာလည်း - အကျိုးစီးပွားပဋိပက္ခနဲ့ အမှတ်သရုပ်ချင်း တိုးတိုက်မှုကို ဘယ်လို ရှောင်ရှားမလဲ။ အထူးသဖြင့် တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကြား Mediation ဝင်လုပ်တဲ့ Armed Forces တွေဖြစ်လာနိုင်ချေ ရှိပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ပတ်သက်ပြီး ရင့်ကျက်ပြီး အမြော်အမြင် မရှိရင် - မိုက်ရူးရဲ ထိပ်တိုက်တိုးပြီး စစ်ကောင်စီဘက်ကို အလေးသာအောင် လုပ်မိသလိုတွေဖြစ်သွားနိုင်ချေ ရှိပါတယ်။ သေချာတာတစ်ခုကတော့ - တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေကို လွန်ဆန်နိုင်ဖို့ ခဲယဉ်းမယ့် အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီနဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြားမှာ buffer mechanism ကဲ့သို့ သဘောထားမျိုးနဲ့ ဆက်လက် လျှောက်လှမ်းနိုင်ဖွယ်ရာ ရှိပါတယ်။

❐ ပိုက်လိုင်း မြေပုံ၊ ထို့နောက် ရထားလမ်းစီမံကိန်း မြေပုံ

၄။ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေဟာ တရုတ်လက်တံခြေတံ ပြည့်ပြည့်ဝဝ မသက်ရောက်တဲ့ တောင်ပိုင်းအဖွဲ့တွေရဲ့ ထိန်းချုပ်ဧရိယာတွေကိုတော့ တော်ရုံနဲ့ ခြေလှမ်းနိုင်သေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရက္ခိုင်ပြည်နယ်၊ အထက်မြန်မာပြည်တစ်ကြောနဲ့ တရုတ် - မြန်မာနယ်စပ်ဧရိယာတွေကိုတော့ တဖြည်းဖြည်း ဖြန့်ကျက်မှုတိုးမြှင့်လာနိုင်ဖွယ် ရှိနေပါတယ်။ ကျောက်ဖြူကူမင်း ပိုက်လိုင်း မြေပုံကို ကျနော်တို့ ထပ်မံ လှန်လှောကြည့်ရူဖို့ လိုပါတယ်။ ဒါ့အပြင် ကျောက်ဖြူ - မန္တလေး - မူဆယ် ဖောက်လုပ်မယ့် မီးရထားလမ်းစီမံကိန်း မြေပုံကို ထပ်မံ ရှာဖွေ ကြည့်ရှုဖို့ လိုပါတယ်။ တရုတ်ရဲ့ အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ တည်နေရာပြမြေပုံတွေကို ထပ်မံ အသေးစိတ် ကြည့်ရှုဖို့ လိုအပ်ပါတယ်။

❐ Aggressive approach ဖြင့် မရနိုင်

၅။ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ပတ်သက်ရင် ဝပြည်နယ်ဟာ ပေါင်းကူးတံတားသဖွယ် အသုံးပြုခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဝခေါင်းဆောင်တွေဟာ တရုတ်ကို မလွန်ဆန်နိုင်ပါဘူး။ ဝခေါင်းဆောင်မှုဟာ တရုတ်အပေါ်မှာ ၉၀ % မှီခိုနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကြားထဲမှာ လုပ်ရကိုင်ရ ခက်ခဲတဲ့ အရေးကိစ္စတွေကို ဝတပ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပြေလည်စေလာမယ့် အနေအထားပါ။ ဒါတွေဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ပိုမိုမြင်သာလာမယ့် အခြေအနေရှိပါတယ်။ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ပတ်သက်ရင် aggressive ဆန်ဆန် တုံ့ပြန်မယ်ဆိုရင်တော့ ပိုဆိုးရွားတဲ့ ရလဒ်တွေကိုသာ ပေါ်ထွက်စေမှာဖြစ်ပါတယ်။ အခု အခြေအနေဟာ စစ်ရေးနိဂုံးပိုင်း ရောက်နေပါပြီ။ နိုင်ငံရေးနိဒါန်းပိုင်း ပြန်လည်း အစပျိုးလာပါပြီ။ ဒါ့ကြောင့် လက်ရှိ တည်ဆဲ စိန်ခေါ်ချက်ကို စစ်ရေးနဲ့ ဖြေရှင်းရမှာ မဟုတ်ဘဲ၊ နိုင်ငံရေးနည်းအားဖြင့် ပါးနပ်စွာ - သိမ်မွေ့စွာ ချည်းကပ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးတွေက သိနားလည်ပြီး ဖြစ်မှာပါ။ သိပ်နားမလည်တာကတော့ - အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တခြားသောလက်နက်ကိုင်အင်အားစုများ ဖြစ်ကောင်းဖြစ်မှာပါ။

❐ အာဏာအီလစ်အလွှာက ဘယ်လို စဉ်းစားသလဲ

၆။ စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ပတ်သက်ရင် - လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက စိုးရိမ်ချက်ရှိတယ်ဆိုပေမယ့် ပြည်မအခြေစိုက် အင်အားစုတွေလောက် ပြာယာခတ်မနေဘူးလို့ ပြောနိုင်ပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ သဘာနဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေဟာ ရင့်ကျက်၍ သိမ်မွေ့သော ချည်းကပ်မှုတွေကို ပြုစွမ်းနိုင်တာ သက်သေပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်မြေဝေခြမ်းရေးတွေဟာ တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေရဲ့ ကြားဝင်မှုနဲ့ တဖြည်းဖြည်းချင်း ပိုမိုပီပြင် ရှင်းလင်းလာမယ်လို့ ယူဆရပါတယ်။ မြန်မာပြည်ကို တရုတ်တွေ လက်ထဲ ထိုးအပ်လိုက်ရခြင်း ဆိုတာကို အပထား - လောလောဆယ်အားဖြင့် အာဏာမြေပုံ အလှည့်အပြောင်းတွေမှာ၊ အာဏာအီလစ်အလွှာက လက်နက်ကိုင်ခေါင်းဆောင်ပိုင်းက ဘယ်လို စဉ်းစားချည်းကပ်နေကြသလဲဆိုတာကို ပိုပြီး လေ့လာကြရမှာဖြစ်တယ်။ စစ်ကောင်စီနဲ့ တရုတ်အကြား ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေကို လိုလားခြင်းဟာ စစ်ကောင်စီ တစ်ခုတည်း သက်သက်မျှသာတော့ ... မဟုတ်နိုင်။

မင်းသေ့
၁၉ ၊ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

17 Nov, 16:42


ဗမာစကားမှာ၊ "ဥပါဒါန်ကြောင့် - ဥပဒ်ရောက်တယ်" ဆိုတဲ့ စကားရှိတယ်။ ဒီစကားကကျနော်တို့ အသက်ငယ်ငယ်ကတည်းက ကြားနေကျ စကားပါ။ လူကြီးသူမတွေက သာမန် ရပ်ထဲရွာထဲမှာ ဒီစကားကို ခဏ ခဏ ပြောကြတယ်။ ဆယ်ကျော်သက်အရွယ်လောက်မှာ - ဥပါဒါန်ဆိုတာ "အစွဲ" ဆိုတာ နားလည်လာတယ်။ နောက်တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာတယ်။ အစွဲ၊ လူတွေရဲ့ စိတ်ထဲမှာ ကိုယ်စီကိုယ်စီ စွဲထားတဲ့ အစွဲတွေ ရှိတယ်။ ဥပါဒါန်တွေဆိုတာ ဒိဋ္ဌိတစ်မျိုးပဲလို့လည်း နားလည်လာတယ်။ ဝိပဿနာတွေ ဘာတွေ နည်းနည်းပါးပါး လေ့လာကြည့်၊ အားထုတ်ကြည့်တော့ - လူတစ်ယောက်ချင်းစီမှာ "ဒိဋ္ဌိစွဲ" ဟာ အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာ နားလည်လာတယ်။ ပိုပြီးသဘောပေါက်လာတာ - ပညာကိစ္စ။ ပညာလေ့လာသင်ယူရာမှာ၊ လေ့လာသင်ယူရေးနည်းနာတွေကို နားလည်အောင် လုပ်ရတယ်။ How to learn ဆိုတဲ့ကိစ္စတွေပေါ့။ ဘယ်လို လေ့လာမယ်၊ ဘယ်လို သင်ယူမလဲ၊ ဘယ်လို ဆည်းပူးမလဲ ဆိုတာတွေဟာ နည်းနာတွေအပြင်၊ ချည်းကပ်ပုံတွေသာမက - သဘောထားတွေလည်း အရေးကြီးတယ်။ ပိတ်ထားတဲ့စိတ် နဲ့ လေ့လာရင် ဘယ်လို ဘယ်ကဲ့သို့ အကျိုးမများဘဲ ရှေ့မရောက်ဖြစ်တတ်တာတွေကို နားလည်လာတယ်။ ဒါကို ဆယ်ကျော်သက်အရွယ်တစ်လျှောက်လုံးမှာ သတိနဲ့ ချေချွတ်လာတာ - အခုထိလည်း သတိနဲ့ သိနိုင်အောင် ကြိုးစားရတုန်းပဲ။

အခု ပြောချင်တာကတော့ လူ့အဖွဲ့အစည်းကိစ္စပေါ့ဗျာ။ တို့တိုင်းပြည်က လူတွေ အဲသည့်လောက်လည်း မညံ့ဖျင်းကြဘဲနဲ့ ဘာလို့ သူမတူတဲ့ ဒုက္ခဝေဒနာတွေကို ခံစား ကျရောက်နေတာလဲ...လို့ ချင့်တွက်ကြည့်မိတော့ - အဲသည့် ဥပါဒါန်ကို သွားတွေ့တယ်။ ဆရာတော်ဘုရားကြီးတွေကလည်း ဟောတယ် မဟုတ်လား။ "ရင်ဝလှံစူး - ဦးခေါင်းမီးလောင်နေတယ်ဆိုရင်တောင်မှ၊ ဒိဋ္ဌိကို အရင်ဖြုတ်ကွာ..." တဲ့။ ဒါကို ငယ်ငယ်တုန်းကတည်းက ကြားဖူးလာတာပါ။ ဒါပေမယ့် နားမလည်ဘူး။ အခု ပိုသိလာတယ်။ ဒိဋ္ဌိရဲ့ အရေးကြီးပုံ၊ အစွဲရဲ့ အန္တရာယ်ဟာ ဘယ်လောက်အထိ သံသရာကို အနှောက်အယှက်ပေးနိုင်သလဲဆိုတာကို ဆရာတော်ကြီးတွေက ဟောတာ။

အခုကတော့ လူ့အဖွဲ့အစည်းကိစ္စဆိုတော့ လောကီ- လောကုတ်တွေ ခွဲနေကြအုံးမယ်။ အဲသည့် ဥပါဒါန်အစွဲဆိုတာလည်း လူ့အဖွဲ့အစည်းအတွက် အင်မတန် အန္တရာယ်များလာကိုး။ နိုင်ငံရေးဇာတ်သွင်းတာတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတွေကိုယ်တိုင်က ကျနော်တို့ လူ့အဖွဲ့အစည်းကို မီးထိုးပေးတာတွေ ရှိတယ်။ ဒါက သူများနိုင်ငံတွေမှာ သိပ်များများစားစား အန္တရာယ်မများပေမယ့်၊ ဗမာတို့ရဲ့ နိုင်ငံရေးဓလေ့နဲ့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ပညာအခံ ရင့်ကျက်မှု နုံ့နည်းခြင်းဟာ အင်မတန်မှကို ဆိုးဆိုးရွားရွားသက်ရောက်မှု ရှိတယ်။ တခါတရံ - အယူဝါဒတွေကို သယ်လာတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအုပ်စုတွေတွေရဲ့ manipulation လုပ်တာတွေကို ပိုပြီး လန့်လာတယ်။ ဗမာ့လူ့အဖွဲ့အစည်းက ကိုယ်ခံအား မကောင်းဘူး။ ကိုယ်ခံအား အတော်ချိနဲ့တယ်။ စိတ်ဓာတ်ရေးရာကလည်း ယုတ်နိမ့်လာတယ်။ အပြောအဆို - အပြုအမူတွေကလည်း ရုတ်ရင်းကြမ်းတမ်းလာတယ်။ လူတွေရဲ့ စိတ်ဖောက်လွဲဖောက်ပြန်ဖြစ်မှုတွေကို မြင်ရ - ကြားရတာ အင်မတန် ကြောက်စရာ ဖြစ်လာတယ်။

ဒီနေရာမှာ ကြောက်စရာလို့ သုံးနေတာ သတိထားမိမယ်နော်။ တကယ် ဖြစ်တာ။ စိုးရိမ်စိတ်ထက် ပိုတယ်။ လူတွေရဲ့ စိတ်ဖြစ်အင်တွေကို သတိနဲ့သာ ဘရိတ်ကဲ့သို့ အထိန်းမရှိဘူးဆိုရင် အတော်ကြီး ပြင်းပြင်းထန်ထန် ဖြစ်ကြမှာပဲလို့ တွက်တယ်။ အခုလည်းဖြစ်သင့်သလောက်ဖြစ်တယ်။

လူငယ်ဘဝကတည်းက ကွန်မြူနစ်လက်ဝဲစာတွေ ဖတ်ဖြစ်ပါတယ်။ အဲသည့်ထဲမှာ ကွန်မြူနစ်တွေ အမြဲ သုံးလေ့ရှိတဲ့ "က-သုံးလုံး" ဆိုတာလေး သဘောကျတယ်။ စိတ်ထဲမှာအမြဲ မှတ်ထားတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း ဒါလေး မကြာခဏ ထည့်ပြောတယ်။ (၁) အကြောင်းအကျိုးကို သိရမယ်၊ (၂) အကျိုးအမြတ်ကို သိရမယ်၊ (၃) အကန့်အသတ်ကို သိရမယ်...ဆိုတဲ့ကိစ္စ။ အဲသည့်ထဲမှာ အကန့်အသတ်ကို သိခြင်းဆိုတာကို အတော်ကြီး ကြိုက်တယ်။ ဘဝနဲ့ပတ်သက်ရင်လည်း အကန့်အသတ်ကိစ္စကို အမြဲ စဉ်းစားတယ်။ လုပ်ချင်တာတွေ ရှိတယ်။ အတားအဆီးတွေ ရှိပေမယ့် ဖောက်ထွက်ပြီး လုပ်တယ်။ ဒါပေမယ့် အကန့်အသတ်ကို မကျော်ဘူး။ ဘယ်နေရာမှာ ရပ်ရမလဲဆိုတာကို အမြဲ စဉ်းစားတယ်။ ဘယ်စည်းကိုတော့ မကျော်သင့်ဘူးဆိုတာ အမြဲ သတိရှိနေတယ်။ စာပေအလုပ်မှာလည်း ဒီအတိုင်းပဲ၊ နိုင်ငံရေးအလုပ်မှာလည်း ဒီအတိုင်းပဲ လုပ်တယ်။ ဘဝမှာလည်း ဒီလိုပဲ စဉ်းစားတယ်။ အကန့်အသတ်ကို သိဖို့၊ အတိုင်းအရှည်ကို သိဖို့၊ ကာလဒေသကို နားလည်သဘောပေါက်ဖို့။ ဒါတွေဟာ ဘဝအတွက် အထိန်းလို့ ထင်တယ်။ ဒါဟာ လူ့ပတ်ဝန်းကျင်အတွက်လည်း အထိန်းဖြစ်သင့်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အထိန်း လိုတယ်။ အကန့်အသတ်ကို နားလည်ဖို့ လိုတယ်။ ဒါဟာ တို့ဗမာ့လူ့အဖွဲ့အစည်းကို ပြန်ထိန်းမတ်ပေးနိုင်မယ့်ကိစ္စလို့ တွက်တယ်။

အခုဟာက အလွန်အကျွံတွေ များသွားပြီ။ အစွန်းရောက်တာတွေ များသွားပြီ။ အကန့်အသတ်ကို အတော်ကြီး ကျော်လွန် ဖောက်ဖျက်သွားပြီ။ ဒီဒဏ်တွေကို နောက်ထပ် ဆယ်စုနှစ် တစ်ခု နှစ်ခုလောက်အထိ တို့လူ့အဖွဲ့အစည်းက ခံနေကြရအုံးမှာပါ။ ဘယ်သူ မပြု၊ မိမိတို့ အမှုပဲ။ တို့လူ့အဖွဲ့အစည်းဖြစ်နေတာတွေက တို့အားလုံး စုပေါင်းလုပ်ကြတဲ့ အားထုတ်မှုတွေရဲ့ စုစုပေါင်းရလဒ်ပဲ။

Min Thayt - Official

17 Nov, 16:42


ဥပါဒါန်အစွဲတွေကလည်း သိပ်ကြီးလွန်း၊ သိပ်ပြင်းထန်လွန်းတယ်။ အဲသည့်လို အစွဲတွေ ပြင်းထန်ရင် ပြင်းထန်သလောက် ဘေးဒုက္ခကလည်း ကြီးတာကိုး။ ဘဝ၏ ဒုက္ခက - နောင်ဘဝမှာ ဘယ်လို ဘယ်ကဲ့သို့ဖြစ်လာမယ် မသိသေးပေမယ့် ဒိဌလက်တွေ့ဘဝမှာပဲ အကျိုးပေးတွေကို မြင်နေရတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆင်းရဲ့ ဒုက္ခက မသေးဘူး။ အကုသိုလ်စိတ်အားကြီးရင် အားကြီးသလောက် ခံစားကြရတာပဲ။ အစွဲစိတ်အားကြီးရင် အားကြီးသလောက် ဘေးဒုက္ခတွေ ဖြစ်ကုန်ကြတာတွေ့ရတယ်။ ဘေးဒုက္ခတွေကလည်း အကန့်အသတ်မထားဘူး၊ ဖွဲမီးလို တငွေ့ငွေ့၊ တမြည့်မြည့်ပဲ။

အစွဲတွေဟာ ဘယ်လောက် အန္တရာယ်ပေးနိုင်သလဲဆိုတာကို အခု အသက် (၃၀) ကျော်အရွယ်မှာ ပိုပြီး သိလာတယ်။ ဘဝဖြတ်သန်းမှု၊ နိုင်ငံရေးဖြတ်သန်းမှုအရ သိလာတာ။ ကိုယ့်ကိုယ်ကိုလည်း အမြဲ သတိပေးနေရတယ်။ လူကို လူလို မြင်နိုင်အောင် ကြိုးစားဖို့ - ကိုယ့်စိတ်ကို ကိုယ်ပြန်ပြန် လက်တို့ နေရတယ်။ လူတွေဖြစ်ပြီး လူသားအဖြစ်ကနေ နိမ့်လျောကျသွားတဲ့ အဖြစ်တွေအပြင် အဲသည့်လို နိမ့်ကျအောင် လုပ်ပစ်လိုက်တဲ့ လုပ်ရပ်တွေက ပညာတတ်ပါတယ်ဆိုတဲ့လူတွေမှာတောင် နက်နက်ရှိုင်းရှိုင်းတွေ့နေရတာ။ ဒါကို dehumanization လို့ ပြောလေ့ရှိတာပေါ့။ ဒါကတော့ သီအိုရီအရ ပြောတာပဲ။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာက ဒါကို အတောင့်လိုက်မြင်ရတာ။ ဒါကိုလည်း ဘေးတီးပေးနေတဲ့လူတွေရဲ့ သတိမဲ့မှုနဲ့ အစွဲတရားတွေက သိပ်ကို ကြောက်ဖို့ ကောင်းတယ်။

ဒါက အသိနည်းလို့ မဟုတ်ဘူး။ ခေတ်ပညာကို မတတ်မသိကြလို့ မဟုတ်ဘူး။ အသိကြီးတယ်ဆိုတဲ့လူတွေမှာတောင် သတိမဲ့မှုနဲ့ အစွဲတရားက လူ့အဖွဲ့အစည်းကို ဆွဲချသွားတဲ့အထိ ဖြစ်အောင် လုပ်နိုင်သွားကြတာ။ ခေတ်ပညာတတ်ပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းထဲမှာတောင် သတိမကပ်နိုင်မှုနဲ့ အစွဲအားကြီးမှုက အောက်ဆုံးထိ ဆွဲချအောင် ဘေးတီးပြီး ကျေးဇူးပြုနေကြတာ။ အမုန်းတရားနဲ့ အငြိုးတွေကလည်း အစွဲကို ပိုပြီး ကြီးသထက် ကြီးမားအောင် ကျေးဇူးပြုတာပဲ။ အခုဖြစ်နေတဲ့ ဒုက္ခတွေက ဒါတွေကို စုပြုံ ခံစားနေကြရတာ။ ဒုက္ခတွေက တအိအိနဲ့ လာကြအုံးမှာပါ။ ဗမာ့လူ့အဖွဲ့အစည်းက အိပဲ့အိပဲ့နဲ့ ဘေးဒုက္ခကို တတိတိ ခံစားနေကြရအုံးမှာ။ အစွဲတွေ အားကြီးရင် ကြီးသလောက် ဒုက္ခတွေက အကျိုးပေးထက်သန်နေကြအုံးမှာပါ။

မင်းသေ့
၁၈ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

17 Nov, 14:35


စာပေအလုပ်မှာ၊ ကျနော် ကြည့်တဲ့ စံ နှစ်ခု ရှိတယ်။ quality နဲ့ productivity ပေါ့။ တချို့က ကွာလတီကိုပဲ ပြောတယ်။ productivity ဆိုတာက အရေးမကြီးဘူးလို့ ထင်ကြတယ်။ ဘယ်နိုင်ငံက ဘယ်စာရေးဆရာကြီးက ဘယ်နှအုပ်လောက်ပဲ ရေးခဲ့တယ်။ အဲဒါက ကမ္ဘာကျော်သွားတယ်။ တကယ့်အနှစ်ဆိုတာ ဘယ်လို ဘယ်ကဲ့သို့တွေလို့ စောဒက တက်လိမ့်မယ်။ ဒါကို မငြင်းပါဘူး။ ဟုတ်ပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက်ကတော့ - နည်းနည်း တို့ကနန်းဆိတ်ကနန်းနဲ့ မရဘူး။ အတော် မြောက်မြောက်မြားမြားထုတ်လုပ်နိုင်မှ ဖြစ်မယ်။ အခြေအနေတွေက မတူဘူး။ လူ့အဖွဲ့အစည်းပုံစံတွေကလည်း မတူဘူး။ မြန်မာနိုင်ငံမှာ စာပေဖန်တီးထုတ်လုပ်မှုအရ productivity ရှိတယ်ဆိုပေမယ့် "ငါးများပြီး ဟင်းမဖြစ်" တာတွေလည်း ရှိပါတယ်။ ကျနော့်စိတ်မှာတော့ ကိုယ်ကိုယ်တိုင်ကလည်း စာရေးဆရာတစ်ယောက်ဖြစ်နေတာကြောင့်၊ ကိုယ့်ထက် quality ရော - productivity ရော ပိုကောင်းတဲ့သူတွေကို တွေ့ရင် - သိပ်သဘောကျတယ်။ inspire ဖြစ်တယ်လို့ ပြောရပါမယ်။ အဲသည့်လို လူတွေကို ကိုယ့်ရှေ့မျိုးဆက်ထဲမှာလည်း ရှာတယ်။ ကိုယ်နဲ့ ခေတ်ပြိုင်ထဲမှာလည်း ရှာကြည့်တယ်။ အဲသည့်လို ရှာလို့ တစ်ယောက်စ၊ နှစ်ယောက်စ တွေ့ပြီဆိုရင် ပျော်တယ်၊ ဝမ်းသာတယ်။ ဒီလိုလူတွေ လူ့အဖွဲ့အစည်းမှာ ဒီလို ရှိသင့်နေတာလို့၊ စိတ်ထဲမှာ ကြိတ်ပြီး ပြောနေမိတယ်။

အဲသည့်လို လူတွေကို အချိန်ကာလ တစ်လျှောက်လုံး မြင်နေတွေ့နေရတဲ့အခါ ထပ်ပြီး တွေ့လာတဲ့ အချက်တစ်ခု ထက်တွေ့တယ်။ အဲဒါကတော့ consistency လို့ ခေါ်လို့ ရမယ်။ တစိုက်မတ်မတ်နဲ့ စိုက်လိုက်မတ်တက်အားထုတ်မှု ရှိတယ်။ ပိုတိုးလာတယ်ဆိုတာသာ ရှိမယ်၊ လျော့သွားတယ်ဆိုတာ မရှိဘူး။ အချိန်အကြာပြီး၊ ပုံမှန် အားထုတ်နေတဲ့ လုံ့လဝီရိယမျိုး။ ဒါမျိုးက သာမန် စိတ်အားသတ္တိလောက်နဲ့ မရဘူး။ သာမန် ဝါသနာထုံမှုလောက်နဲ့လည်း မရပါဘူး။ ရူးသွပ်မှဖြစ်မယ်။ ရူးသွပ်တယ်ဆိုရင်လည်း နောက်မှ ဝီရိယက လိုက်အုံးမှ။ တချို့ကတော်တယ်။ ထက်တယ်။ ဒါပေမယ့် ဝီရိယအားနည်းတယ်။ အားမထုတ်ဘူး။ ဒီတော့ တစ်အုပ်စ နှစ်အုပ်စ - quality ထွက်လာပေမယ့် ခပ်များများ ထုတ်လာနိုင်အောင် productivity က မရှိဘူး။ ဒီလိုလည်း ဖြစ်လို့ မရဘူး။

မြန်မာ့အသိုင်းအဝိုင်းထဲကို ဝေ့ဝဲကြည့်လိုက်ရင်၊ တကယ့် အဟုတ်ကြီး ဖြစ်နေတဲ့သူတွေကတော့ တစ်ပုံတစ်ခေါင်းပဲ။ ဒါပေမယ့် ဝီရိယမှာ ချို့တဲ့တဲ့သူတွေက ခပ်များများတွေ့ရတယ်။ သိကြတယ်၊ တတ်ကြတယ်၊ နားလည်ကြတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို ပညာရပ်ဆိုင်ရာအားဖြင့်လည်းကောင်း၊ စာပေအားဖြင့်လည်းကောင်း contribution လုပ်မှုမှာ ချို့တဲ့တာတွေ့ရတယ်။ အတော်များများကတော့ လူချင်းတွေ့ကြရင် ကျအောင် ပြောနိုင်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် လက်တွေ့ အားထုတ်ဖြန့်ချိမှုမှာ ယုတ်လျော့ကြတယ်။ အဲသည့်လိုတွေထဲကမှ စာနဲ့ ပေနဲ့၊ ရေးခြင်းသားခြင်းအလုပ်ကို တစိုက်မတ်မတ် လုပ်နေတယ်၊ စဉ်ဆက်မပြတ် လုပ်နေတယ်၊ စိုက်လိုက်မတ်တက်လုပ်နေတယ်၊ လုပ်သလောက်လည်း အရည်အသွေးရှိထားတယ်၊ လုပ်ထားတဲ့စာပေအလုပ်တွေကိုလည်း ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ရတဲ့ ထုတ်ဝေဖြန့်ချိမှုတွေ လုပ်ထားတယ်ဆိုရင် လူ့အဖွဲ့အစည်းအတွက် အတော်အကျိုးများလို့၊ ဝမ်းသာတယ်။ ကျေနပ်တယ်။

ကိုယ်ကိုယ်တိုင်လည်း ဒီလိုစိတ်ထားတယ်။ ငါတို့ သိနားလည်ထားတဲ့ အမြင် - ရှုထောင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေဖို့ လိုတယ်ဆိုတဲ့စိတ် ရှိတယ်။ အဲသည့်ထဲမှာ လူတွေ ကြိုက်ခြင်း - မကြိုက်ခြင်းကို အပထား၊ လက်ခံခြင်း - မလက်ခံခြင်းကို အပထား....။ လူတွေ နက်နက်နဲနဲ စဉ်းစားနိုင်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်ဖို့၊ ထောင့်ပြောင်း စဉ်းစားနိုင်ဖို့ ဆိုတာတွေ ဖြစ်ဖို့ အရေးကြီးတာပဲလို့ ထင်တယ်။ ဒီဘက်ခေတ်မှာတော့ single story လို့ခေါ်တဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်က သိပ်ကြီးတယ်။

လူတွေက ဟုံနေတယ်၊
လူတွေက ထုံနေတယ်၊
လူတွေက မျောနေတယ်၊
လူတွေက အူနေတယ်၊
လူတွေက ထူနေတယ်။
လူတွေက မျောလိုက်၊ မှိန်းလိုက်နေကြတယ်။

အဲသည့်လူတွေကို နိုးအောင် နှိုးပေးဖို့က၊ တခါတရံ သိပ်နူးညံ့ပြီးနားချနေလို့ မရဘူး။ ပိဿလေးဘေးဖြစ်သလို ထိထိခိုက်ခိုက်ဖြစ်စေမယ့် စကားလုံး ဝေါဟာရတွေ လိုတယ်။ အဲသည့်လို ပြောလို့၊ လူတွေကို မိုက်ရိုင်းကြမ်းတမ်းစွာ ပက်ဆဲနေရမယ်လို့ မဆိုလိုဘူး။ ဒါက သိပ်ကို ယုတ်နိမ့်တယ်၊ ဆဲတယ်ဆိုတာ သိပ်ကို အောက်တန်းကျတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းက ဆဲတဲ့သူတွေကို လက်ခုပ်တီးအားပေးကြမ်းနေတဲ့ခေတ်။ ရုတ်ရင်းကြမ်းတမ်းတာတွေကို ပြောမှ ရေးမှ အားပါးတရ လက်ခုပ်တီးတဲ့ ခေတ်။ ဆဲတာကို ဂုဏ်ယူနေတဲ့ ခေတ်။ မဆဲတတ်ရင်တောင် ဓမ္မဝါဒီ မဟုတ်ဘူးလို့ ယူဆလက်ခံထားတဲ့ခေတ်။ ဆဲတဲ့သူတွေကို ဓမ္မဘက်တော်သားတွေအဖြစ် အားပေးချီးမြှောက်နေတဲ့ခေတ်။ ဒီလို အပြုအမူတွေဟာ သဘာဝကျရဲ့လား။

ဒါဟာ စာပေသမားတွေ ၊ ပညာတတ်တွေ၊ လူထုကြားထဲက ပညာတတ်တွေ တည့်မတ်ပြုပြင်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကို ခပ်ပေါ့ပေါ့ တွေးလို့ မရဘူး။ ဒါတွေ လိုတယ်။

Min Thayt - Official

16 Nov, 05:28


၉။ တရုတ်အနေနဲ့ မြန်မာစစ်တပ်၊ မြန်မာအစိုးရတွေနဲ့ စီးပွားရေး - စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သလို၊ ယူနန်အစိုးရကို buffer ထားပြီး UWSA က - ကမကထလုပ်ပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း စီးပွားရေး - စစ်ရေး ဆက်ဆံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ပါတယ်။ တရုတ်ဟာ နှစ်ဖက်ခွပေါ်လစီနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် ခြယ်လှယ်နေတာဖြစ်ပါတယ်။ အဲသည့်လို တရုတ်က တွင်တွင်ကျယ်ကျယ် ခြယ်လှယ်ခွင့်ရအောင်လည်း အခြေအနေအားလုံးက ခွင့်ပြုထားပါတယ်။ တရုတ်ရဲ့ လက်တံခြေတံဟာ ထိုင်း - မြန်မာနယ်စပ်မျဉ်းမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာပဲ တိုက်ရိုက် ဩဇာသက်ရောက်မှု မရှိတာဖြစ်ပါတယ်။ တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ဩဇာညောင်းတာတွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နဲ့ နီးကပ်တဲ့ တရုတ်နယ်စပ်နဲ့ မသက်ဆိုင်တဲ့ ရက္ခိုင်တပ်ကိုတောင် တရုတ်ဟာ အနီးကပ်ဆုံး ဆက်ဆံရေးတည်ဆောက်ထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

❐ ဝတပ် - UWSA ဟာ တရုတ်ရဲ့ Proxy Actor လား

၁၀။ တရုတ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တရုတ်တပ်ကို သုံးဖို့လည်း ဝန်မလေးတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့ - မြန်မာ့အရေးမှာ တရုတ်တပ်ကိုတောင် တိုက်ရိုက်သုံးစရာ မလိုဘဲ၊ ဝတပ်- UWSA ထဲမှာ တရုတ်တပ်တွေကို မွေးထားလိုက်ပြီး သွယ်ဝိုက်ထိန်းချုပ်တယ်ဆိုရင်တောင် လက်တွေ့ဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ တရုတ်ဟာ - ဝတပ် ထိန်းချုပ်ထားတဲ့ ဝပြည်နယ် - ဝဒေသကို တရုတ်ရဲ့ proxy actor တစ်ခုလို သဘောထားပြီး မြန်မာ့လက်နက်ကိုင်အရေးမှာ ဝင်ပါနိုင်ဖို့ ကြိုးစားပါတယ်။ ဝပြည်နယ်ဟာ တရုတ်ကို ၉၅ %‌ လောက်အထိ မှီခိုထားတာတွေ့ပါတယ်။ စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ - ဝပြည်နယ်ဟာ တရုတ်ကို ၉၅ % လောက် မှီခိုနေရတာဖြစ်ပါတယ်။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခမှာ - ဝတပ်က တိုက်ရိုက်ဝင်မပါပေမယ့် ဝတပ်ရဲ့ ဩဇာကြီးထွားတာဟာ တရုတ်ဩဇာကြီးထွားမှုကို အရိပ်ထိုးပြနေသလိုဖြစ်နေပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအတွင်းက တရုတ်စီးပွားရေးစီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တရုတ်တပ်ကို စေလွှတ်ဖို့ အဆင်သင့်ဖြစ်ထားတဲ့ အခြေအနေပါ။ ဒါ့အပြင် ဝတပ်အယောင်ဆောင်ပြီး တရုတ်တပ်တွေ ချည်းနင်းဝင်ရောက်ဖို့လည်း တရုတ်ထိန်းချုပ် ဖောက်လုပ်ထားတဲ့ လမ်းတွေက အမြောက်အမြားရှိပါတယ်။ သေချာတာတစ်ခုကတော့ သံလွင်မြစ် အရှေ့တစ်ခြမ်းလုံးဟာ မြန်မာ့မြေထဲကနေ သိသိသာသာ ပဲ့ထွက်သွားပါပြီ။ ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးအရ အသက်ရှုပေါက်ချောင်စေဖို့ အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်အပေါ် မချစ်သော်လည်း အောင့်ခါနမ်းရတဲ့ အဖြစ်ကို ရောက်လာတဲ့အခါ မြန်မာ့မြေက စီးပွားရေးလုပ်ပိုင်ခွင့်တွေကို တရုတ်ဆီကို ထိုးအပ်လိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ တရုတ်ကလည်း ပဋိပက္ခတွင်းစီးပွားရေးကို အကြီးအကျယ် တိုးချဲ့နေပါတယ်။ မြန်မာဟာ တရုတ်အတွက် စီးပွားရေးလုပ်ခွင် တစ်ခုသာမက - လက်နက်ရောင်းချရာ ဝယ်လိုအား မြင့်မားတဲ့ စျေးကွက်ကြီးလည်းဖြစ်နေပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်ကိုရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ လက်နက်အပြိုင် ရောင်းချဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ်။ အကယ်၍ အခြေအနေ မဟန်ရင် - မြန်မာနိုင်ငံထဲကို တရုတ်စစ်တပ်ဝင်လာဖို့လည်း အဆင်သင့်အနေအထားမှာ ရှိနေပါတယ်။

❐ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ အရေခြုံ၍

၁၁။ တရုတ်ရဲ့ လက်တံခြေတံ ကျယ်ပြန့်မှုဟာ မြန်မာပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝ လုံခြုံရေးအထိပါ ဝင်ရောက် ခြယ်လှယ်နိုင်မယ့်အနေအထားမှာ ရှိလာပါတယ်။ အကြောင်းကတော့ ၂၀၂၄ နိုဝင်ဘာလက စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာ - တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းတွေ ခပ်များများရှိလာပါတယ်။ အဲသည့်ထဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက ၎င်းရဲ့ စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မြန်မာနဲ့ပူးပေါင်းပြီး လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)ဖွဲ့စည်းဖို့ ဆွေးနွေး ညှိနှိုင်းလာတဲ့ အခြေအနေအထိ ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းဆောင်းပါးတစ်ပုဒ်မှာ အခုလို ဖော်ပြပါတယ်။

Min Thayt - Official

16 Nov, 05:28


■ တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းဖို့ ကမ်းလှမ်းလာရာ စစ်ကောင်စီက နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရန် လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ လေ့လာနေသည်။ လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူကာ အမြဲတမ်း အတွင်းဝန်၊ ဒုရဲချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီး တဦးနှင့် မှုခင်းနှင့် ဥပဒေဌာနမှ ရဲအရာရှိများဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့ရန် ကမ်းလှမ်းမှုမှာ သြဂုတ်လ အတွင်းက နေပြည်တော်သို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အပြီး ကမ်းလှမ်းခြင်းဖြစ်ကြောင်း ယူဆ ရပြီး၊ ထိုခရီးစဉ်တွင် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။ [ဧရာဝတီ၊ ၂၀၂၄ နိုဝင်ဘာ ၁၄]

❐ ရထားလမ်းကနေ လူသွင်းမည့် အာဂျင်ဒါ

၁၂။ တရုတ်စီးပွားရေးစီမံကိန်းအမြောက်အမြားဟာ မြန်မာ့မြေပေါ်မှာ နေရာအနှံ့အပြား ရှိနေပါတယ်။ အထူးသဖြင့် တောင်းတန်းနယ်မြေတွေမှာ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရက္ခိုင်ကမ်းရိုးတမ်းဒေသနဲ့ မြန်မာ့မြေကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း။ ထို့နောက် တရုတ် - မြန်မာစီးပွားရေး စင်္ကြံန်စီမံကိန်းမှာ ပါဝင်တဲ့ ကျောက်ဖြူ - ကူမင်း - ရန်ကုန် - မန္တလေး ရထားလမ်းစီမံကိန်း။ တရုတ်ဟာ သူ့ရဲ့ ရထားလမ်းစီမံကိန်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ဖက် တစ်မိုင်စီ အုတ်တံတိုင်းကာရံဖို့ အားထုတ်နေတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေကနေ တစ်ဆင့် သိရပါတယ်။ ရထားလမ်းရဲ့ ဘယ်ဘက်က တစ်မိုင်၊ ရထားလမ်းရဲ့ ညာဘက်မှာ တစ်မိုင် - တံတိုင်းကာပြီး တရုတ်ရဲ့ မြေပိုင်အဖြစ် လုပ်ဖို့ ကြံရွယ်နေပါတယ်။ ဒါ့အပြင် တရုတ် - မြန်မာပူးပေါင်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (ကြေးစားလက်နက်ကိုင်လုံခြုံရေးအဖွဲ့) ဖွဲ့စည်းပြီး၊ မြန်မာ့အချုပ်အခြာအာဏာကို ခြယ်လှယ်ဖို့ အစဉ်တစိုက်အားထုတ်နေပါတယ်။ မြန်မာပြည်သူလူထုဟာ တရုတ်စီးပွားရေးသမားတွေကို ကြိမ်ဖန်များစွာ မြင်ရပြီးချိန်မှာတော့ တရုတ်စစ်သားတွေကို ထပ်မံ မြင်တွေ့လာရမယ့် အခြေအနေဖြစ်ပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စစ်ရေးအရှုံးကို တရုတ်လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီအမည်ခံ (တပ်ဖွဲ့) တွေနဲ့ မြန်မာ့မြေမှာ တန်ပြန် ကုလားဖန်ထိုးမယ့် ကစားကွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာတို့ဟာ တရုတ်ကုန်သည်တွေကနေ တစ်ဆင့် တရုတ်စစ်သားတွေကို ဝင်ရာက်လာမှုကို စိတ်ပျက်စွာ ထိုင်ကြည့်နေကြရမယ့်အဖြစ်ပါ။ မြန်မာဟာ တဖြည်းဖြည်းနဲ့ တရုတ်နဂါးရဲ့ လည်မြိုထဲကို ဆင်းသက်နေရတဲ့ အခြေအနေပါ။ ဒါ့အပြင် တရုတ်လူဦးရေ စိမ့်ဝင်ပျံ့နှံ့မှုနှုန်းဟာ တရုတ် - မြန်မာနယ်စပ်တွေတင်မက၊ မြန်မာ့မြေထဲမှာ ဗီဇာအကန့်အသတ်မရှိ ချည်းနင်းဝင်ရောက်လာမယ့် အခြေအနေဖြစ်ပါတယ်။ ဝပြည်နယ်နဲ့ ကပ်လျက် မြန်မာ့မြေတွေမှာ တရုတ်ဟာ လူဦးရေ သိန်းနဲ့ချီ ပို့လွှတ်ပြီး ဒီမိုဂရပ်ဖီ အပြောင်းအလဲကို ချဲ့ထွင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ တရုတ်ရဲ့ နယ်ချဲ့လာတဲ့ economic imperialism ဟာ အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေကို မြန်မာပြည်သူလူထုကတော့ စိုးရိမ်ရကောင်းမှန်းတောင် မသိနိုင်လောက်အောင် ဆင်းရဲဒုက္ခနဲ့ နပန်းလုံးနေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကလည်း မိမိတို့ အာဏာစက်ချဲ့ထွင်ရေးနဲ့ ခိုင်မာကျစ်လစ်ရေးအတွက် - တရုတ်ကို ထိုးအပ်လိုက်ရလည်း ၊ ကျေကျေနပ်နပ်ကြီး လုပ်ဝံ့ကြတဲ့ အခြေအနေမှာ ရှိနေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား.....

မင်းသေ့
၁၆ ၊ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

16 Nov, 05:28


■ တရုတ်ကုန်သည်များ၊ ထို့နောက် တရုတ်စစ်သားများ

[ မြန်မာ့မြေမှာ လက်နက်ကိုင်တပ်ချထားဖို့ ပြင်ဆင်လာသည့် တရုတ် ]

ဤဆောင်းပါးသည် - မြန်မာ့မြေပေါ်က တရုတ်စီးပွားရေးစီမံကိန်းများနှင့် တရုတ်နိုင်ငံသားပိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့်၊ တရုတ်ဘေဂျင်းအစိုးရက အာဏာသိမ်းစစ်ကောင်စီနှင့် အပေးအယူလုပ်၍ လက်နက်ကိုင်တပ်ဖွဲ့များ ချထားပြင်ဆင်ဖို့ ကြိုးစားအားထုတ်နေသည့် ခြေလှမ်းစများ ရှိနေကြောင်း ရေးသားဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ သို့သော်လည်း တရုတ်သည် ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသည့် သင်္ကေတကို ပြသည့်အနေဖြင့်၊ တရုတ်စစ်သားများဆိုသည်ထက် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီဆိုသည့် အမည်ခံဖြင့် တရုတ်အကျိုးစီးပွားများကို လက်နက်ဖြင့် စောင့်ရှောက်မည့်အစီအစဉ်ကို ဤဆောင်းပါးတွေ ဖတ်ရှုရမည်ဖြစ်သည်။

❐ သရီးအမ်

၁။ ကိုလိုနီတွေ ဘယ်လို ဝင်လာသလဲ လို့၊ ပညာရှင်တွေက အကြမ်းဖျင်း စစ်ထုတ်ထားတယ်။ သရီး-အမ် [3M] ဆိုတာကို ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ပထမတော့ မစ်ရှင်နရီ [Missionary] လို့ ခေါ်တဲ့ သာသနာပြုတွေ ဝင်လာတယ်။ နောက်တော့ Merchant လို့ခေါ်တဲ့ ကုန်သည်တွေ ဝင်လာတယ်။ နောက်ဆုံးမှာတော့ - Military လို့ခေါ်တဲ့ စစ်တပ်ဝင်လာတော့တာပဲ။ တကယ်တော့ တရုတ်က မြန်မာကို ကိုလိုနီပြုဖို့အတွက်၊ မစ်ရှင်နရီတွေကို တကူးတက စေလွှတ်စရာ မလိုပါဘူး။ တရုတ်ကုန်သည်တွေကလည်း ပဒေသရာဇ်ဘုရင်တွေ လက်ထက်ကတည်းက မြန်မာနဲ့ ကုန်သွယ်ကူးလူးနေတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်မှာတော့ - တရုတ်နဲ့ ကုလားတွေ တိုးဝင်မှုဟာ ပိုပြီး ကြီးထွားလာတယ်။ ၂၀ ရာစု မြန်မာ့သမိုင်းမှာ တရုတ် - ဗမာ အဓိကရုဏ်းတွေ၊ ကုလား - ဗမာ အဓိကရုဏ်းတွေ ရှိခဲ့ဖူးတာဟာ သက်သေပါပဲ။ ဒါတွေဟာ လူမျိုးရေးအသွင်ဆောင်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အကျိုးစီးပွားပဋိပက္ခနဲ့ နိုင်ငံရေးပယောဂတွေ ရှိတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

❐ တရုတ် - မြန်မာ ကျောချင်းကပ်နှစ်များ

၂။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီလူထုအုံကြွမှုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ တရုတ်မှာ တီယံမင်အရေးအခင်းလို့ လူသိများတဲ့ ကျောင်းသားဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ အဲသည့်အချိန်က ကမ္ဘာကြီးမှာလည်း ဘာလင်တံတိုင်းပြိုတဲ့ကာလ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့ ကာလတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေကတော့ လစ်ဘရယ်ဒီမိုကရေစီဟာ ကွန်မြူနစ်ဝါဒကို အပြီးတိုင် နိဂုံးချုပ်နိုင်လိုက်ပြီလို့ ကြွေးကြော်ကြတယ်။ ဒီဖြစ်စဉ်ထဲမှာ တရုတ်နဲ့ မြန်မာဟာ နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို တိုးပြီး ခံလာရပါတယ်။ အဲသည့်နောက် တရုတ်နဲ့ မြန်မာဟာ ကျောချင်းကပ်သွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားပါတယ်။ ၁၉၉၀ - ၉၁ နောက်ပိုင်းမှာ၊ တရုတ်နဲ့ မြန်မာဟာ နိုင်ငံရေးအရ - စီးပွားရေးအရ - စစ်ရေးအရ ပူးပေါင်းမှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တယ်။ ဒါ့အပြင် တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာ အနီးကပ်ဆုံးအထိ ဖက်လှဲတကင်းဖြစ်လာခဲ့တယ်။ နဝတခေတ်နဲ့ နအဖခေတ် လို့ခေါ်တဲ့ စစ်အစိုးခေတ် တစ်လျှောက်လုံးမှာ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာစစ်အစိုးရဟာ အသက်ရှုပေါက်ချောင်လာပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေက ဘယ်လောက်ပဲ ပိတ်ဆို့အရေးယူတယ်လို့ ပြောပြော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာစစ်အစိုးရကို သက်ဆိုးရှည်‌အောင် ကျေးဇူးပြုနိုင်ခဲ့တာတွေ့ရပါတယ်။ အဲသည့်အချိန်ကတည်း တရုတ်နဲ့ မြန်မာဟာ အချင်းချင်း အညမည ကျေးဇူးပြုမှုတွေနဲ့ အပြန်အလှန် အမှီသဟဲ ဖြစ်လာတာပါ။

❐ အပြန်အလှန် အညမည

၃။ မြန်မာစစ်အစိုးရအဖို့ကတော့ တရုတ်အပေါ် မှီခိုမှုဟာ အလုံးစုံဖြစ်လာပြီး၊ တရုတ်အဖို့ကတော့ မြန်မာဟာ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်တစ်ခုစာမျှသာ မှီခိုမှု ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။ အထူးသဖြင့် ဘေဂျင်းအစိုးရက မြန်မာစစ်အစိုးရနဲ့ ရန်တုဖက်ပြိုင်နေတဲ့ အပစ်ရပ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ မျဉ်းပြိုင်သဖွယ် စီးပွားကုန်သွယ် ရင်းနှီးမြှုပ်နှံ့ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နဲ့ မြန်မာအကြား အပြန်အလှန် အညမည ဆက်ဆံရေးဟာ မြန်မာစစ်အစိုးရတွေနဲ့တင် ရှိတာ မဟုတ်ဘဲ၊ မြန်မာစစ်အစိုးရကို တော်လှန်ပုန်ကန်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တရုတ်ရဲ့ ချည်းနင်းဝင်ရောက်မှုကို မဟန့်တားနိုင်ပါဘူး။ အကြောင်းကတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စီးပွားရေးအရ တရုတ်အပေါ် အမှီအခို ပြုထားရတာကြောင့် ဖြစ်ပါတယ်။ အဲသည့်ရဲ့ အကျိုးဆက်က - တရုတ်အနေနဲ့ မြန်မာထဲကို ပိုပြီး ခြယ်လှယ်စိုးမိုးဖို့ တံခါးပေါက်တွေ အမြောက်အမြားကို ပိုင်ဆိုင်ထားနိုင်သလို ဖြစ်ခဲ့တာတွေ့ရပါတယ်။

❐ ဦးသိန်းစိန် အစိုးရ နှင့် ဒီ/ချုပ်အစိုးရလက်ထက်

Min Thayt - Official

16 Nov, 05:28


၄။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးကို ခပ်စိပ်စိပ်လုပ်လာပါတယ်။ အသွင်ကူးပြောင်းရေးကို ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ ဦးသိန်းစိန်အစိုးရဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ် - မြန်မာဆက်ဆံရေးက အနည်းငယ် ကျဲသွားတယ်လို့ ပြောနိုင်ပေမယ့် အလွန် ဝေးကွာသွားတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် တရုတ်စီမံကိန်းတွေဖြစ်တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွေအပေါ် လူထုရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုအပေါ်မှာ ဦးသိန်းစိန်အစိုးရက လူထုဘက် ဝင်ရပ်ပြီးတော့ တရုတ်ကို တန်ပြန် ငြင်းဆန်ဖို့ ကြိုးစားခဲ့တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ အစိုးရဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ဟာ လူအများမျှော်လင့်မထားတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး၊ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို အနီးကပ်ဆုံးအထိ ထပ်မံ တည်ဆောက်ခဲ့တာတွေ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့နဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု နားလည်မှုစာချွန်လွှာ (MOU) ၃၃ ခု ရေးထိုးပြီး သဘောတူညီနိုင်ခဲ့ပါတယ်။ ၎င်းနားလည်မှု စာချွန်လွှာထဲမှာ စီးပွားရေးကဏ္ဍပေါင်းစုံ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ အထိ သဘောတူညီနိုင်ခဲ့တာတွေ့ရပါတယ်။ စစ်အစိုးရခေတ်တွေလို အကြီးစားဓာတ်သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ကျောက်မျက်နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေထက် ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးပူးပေါင်းမှုတွေကို ပြုလုပ်ဖို့ သဘောတူညီနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ ဒီမိုကရေစီကို လိုလားထောက်ခံတဲ့ ပေါ်ပြူလာထောက်ခံမှုကို ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတောင် ဒီမိုကရေစီစနစ် မကျင့်သုံးတဲ့ တရုတ်က ဘေဂျင်းအစိုးရနဲ့ မြန်မာဟာ အနီးကပ်ဆုံး ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

❐ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း

၅။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီးမှာ၊ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တာက တရုတ်က ဘေဂျင်းအစိုးရအတွက် စိတ်ကသိကအောင့်ဖြစ်စေခဲ့တာတွေ့ရပါတယ်။ အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေက မြန်မာပြည်တွင်းမှာ အင်မတန် ကျယ်ပြန့်လာပါတယ်။ အာဏာသိမ်းမှုဟာ အထွေထွေလက်နက်ကိုင်တော်လှန်ရေးနဲ့ ကြုံတွေ့ရပြီး၊ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်အထိ ထိုးကျသွားပါတယ်။ ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပါဝါဒိုင်းနမစ် အလှည့်အပြောင်း - အတိမ်းအစောင်းတွေဖြစ်ခြင်းဟာ ဘေဂျင်းအစိုးရအတွက် ကိုင်တွယ်ရ ခက်သလို၊ ‌တရုတ်ရဲ့ ပြည်နယ်အစိုးရဖြစ်တဲ့ ယူနန်အာဏာပိုင်တွေအတွက်လည်း လုပ်ရကိုင်ရ ခက်ခဲစေခဲ့ပါတယ်။ သို့သော်လည်း တရုတ်အနေနဲ့ မြန်မာ့အရေးပေါ်မှာ နေ့တိုင်း အချိန်တိုင်း အမြဲမပြတ် အကဲခတ်ပြီး၊ ပြောင်းလဲလာတဲ့ အာဏာချိန်ခွင်လျှာမြေပုံကို ကောင်းစွာနားလည်‌‌အောင် ကြိုးစားခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီး (၄) နှစ်မပြည့်သေးတဲ့ ၂၀၂၄ နိုဝင်ဘာလမှာပဲ ၊ တရုတ် ဘေဂျင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်ဘက်ကို ပြတ်ပြတ်သားသားရပ်ပြီး ဆက်လက် လျှောက်လှမ်းရမလဲဆိုတာ သိသာထင်ရှားလာပါတယ်။ တရုတ်ဟာ သူနဲ့ ဆက်ဆံရင်းစွဲ ရှိတဲ့ မိတ်ဆွေရင်းတွေကိုသာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနဲ့ ဆက်လက် ထိန်းထားဖို့ ကြိုးစားတာတွေ့ရပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်အပေါ် အင်စတီကျူးရှင်းအရ ဖယ်ရှားဖို့ လက်ခံစဉ်းစားတာမျိုး မလုပ်ခဲ့ပါဘူး။ အကယ်၍ မြန်မာစစ်တပ် အင်စတီကျူးရှင်းသာ မရှိရင်၊ မြန်မာ့အရေးအပေါ်မှာ တရုတ်ရဲ့ လက်ဝေခံ အင်အားစု ပျောက်ဆုံးပြီး ပါဝါလေဟာနယ်ဖြစ်မှာကို မလိုလားပါဘူး။ အဲသည့်လို ပါဝါလေဟာနယ်ဖြစ်လာတယ်ဆိုရင်၊ တရုတ်ဆန့်ကျင်ရေးအနောက်အင်အားစုတွေက ဝင်ဖြည့်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါ့ကြောင့် ဘေဂျင်းအစိုးရဟာ အာဏာသိမ်းအစိုးရနဲ့ပဲ ဆက်လက် အလုပ်လုပ်ဖို့ မီးစိမ်းပြလိုက်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရသက်ဆိုးရှည်အောင် ထပ်မံကျေးဇူးပြုလိုက်တဲ့ အပြုအမူကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဟာ မြန်မာနိုင်ငံအတွင်းကို စီးပွားရေးအရ ထပ်မံတိုးဝင်ဖို့အတွက် ခြေလှမ်းတွေ ပြင်လာခဲ့ပါတယ်။

❐ ရုရှားတပ် ခြေချနိုင်မှု သတိချပ်ဖွယ်

Min Thayt - Official

16 Nov, 05:28


၆။ BRI လို့ခေါ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းဟာ တရုတ်အတွက် ကမ္ဘာပတ်ရင်းနှီးမြှုပ်နှံမှုကွင်းဆက်ကြီးဖြစ်တပါတယ်။ အဲသည့်ထဲမှာ မြန်မာနိုင်ငံကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာတဲ့ စစ်ရေး- နိုင်ငံရေးအခင်းအကျင်းတွေဟာ တရုတ်အဖို့ မြန်မာနိုင်ငံကို သမားရိုးကျချည်းကပ်မှုပုံစံနဲ့ မဟုတ်ဘဲ အဆင့် သုံးလေးငါးဆင့် ကျော်စဉ်းစားပြီး၊ ဆက်လက်ကိုင်တွယ်ဖို့အတွက် စဉ်းစားလာဟန်တူပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်ကို ကျော်ပြီး ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေးကို ဇောင်းပေးလုပ်ဆောင်လာတာ နှစ်အတော်ကြာပါပြီ။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရုရှားနဲ့ စစ်ဘက်ရေးရာ ပူးပေါင်းမှု တိုးချဲ့ဖို့အတွက် ထပ်မံ ကြိုးစားလာခဲ့ပါတယ်။ ဒါကို တရုတ်ဘေဂျင်းအစိုးရက သဘောမတွေ့ပါဘူး။ မြန်မာ့အရေးကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့နေရာမှာ - မြန်မာနိုင်ငံ နယ်နိမိတ်ထဲကို နိုင်ငံခြားစစ်တပ်တစ်ခုခု ခြေချ ဝင်ရောက်မလာရေးကို အတန်တန် သတိပေးခဲ့တယ်ဆိုတာတွေ့ရပါတယ်။ မြန်မာပြည်သူအများစုကတော့ တရုတ်ဆိုလိုတဲ့ နိုင်ငံခြားစစ်တပ်ဆိုတာဟာ အမေရိကန်စစ်တပ်ဖြစ်တယ်လို့ ထင်ကြပေမယ့်၊ တကယ်တမ်း တရုတ်အစိုးရရဲ့ ဆိုလိုချက်ကတော့ ရုရှားစစ်တပ်ကို ညွှန်းဆိုတာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

❐ ပဋိပက္ခတွင်း စီးပွားရေးလုပ်ခြင်း

၇။ လက်ရှိ တည်ဆဲအခြေအနေမှာ၊ မြန်မာနိုင်ငံဟာ အကျယ်ပြန့်ဆုံးပြည်တွင်းစစ်ဖြစ်နေပေမယ့် တရုတ်ဘေဂျင်းအစိုးရဟာ မြန်မာအာဏာပိုင်အဖွဲ့တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးချဲ့နေတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ပဋိပက္ခကို ကြားဝင် စေ့စပ်ပေးတဲ့ အခန်းကဏ္ဍမှာ တရုတ်က ပေါ်ပေါ်ထင်ထင် ဝင်ရောက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာပဲ - နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနဲ့ ပထမဆုံးအကြိမ် တရုတ်ကို သွားခဲ့ပါတယ်။ အဲသည့်မှာလည်း တရုတ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ အမြောက်အမြားလုပ်ဖို့ တရုတ်ဝန်ကြီးချုပ်နဲ့ လက်ဆွဲနှုတ်ဆက်ပါတယ်။ မြန်မာ့ပဋိပက္ခတွေ အရှိန်အဟုန်နဲ့ အထွဋ်အထိပ်ကို ရောက်နေတဲ့ အချိန်မှာပဲ၊ တရုတ်ဟာ မြန်မာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ အရှိန်တင်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ယခင် ရှိထားပြီးတဲ့ တရုတ် - မြန်မာစီးပွားရေးစင်္ကြံန်စီမံကိန်းကို ပီပီပြင်ပြင်နဲ့ ရှေ့တိုး အကောင်အထည်ဖော်လာတာတွေ့ရပါတယ်။

❐ ပဋိပက္ခတွင်း တရုတ်ဩဇာ

၈။ သမားရိုးကျ စီးပွားရေး အမြင်အယူအဆမှာတော့ - တိုင်းပြည်မတည်ငြိမ်ဘူးဆိုရင် ပြင်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေက ဝင်မလာတတ်ပါဘူး။ ဒါပေမယ့် တရုတ်ကတော့ ပဋိပက္ခထဲမှာ - စီးပွားရေးတွေကို တွန်းပြီး လုပ်ပါတယ်။ တည်ငြိမ်မှု မရှိဘဲ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ တတိယနိုင်ငံတွေမှာ စီးပွားရေးချိတ်ဆက်မှုတွေကို တိုးပြီး လုပ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းလည်းကောင်း ပြုမူပါတယ်။ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးသော လက်နက်ကိုင်ပဋိပက္ခ့ဖြစ်ထွန်းတာကြောင့်၊ လက်နက်ကိုင်အင်အားစုအသီးသီးမှာလည်း စစ်စရိတ်လိုအပ်ချက်မြင့်တက်လာပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်ခိုက်ဖို့အတွက် စစ်လက်နက်လိုအပ်ချက်မြင့်တက်လာပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းသလို၊ မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဝတပ် - UWSA ကနေ တစ်ဆင့်ခံပြီး လက်နက်ရောင်းပါတယ်။ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို ကိုင်ဆွဲထားတဲ့ လက်နက်အများစုဟာ တရုတ်ထုတ်လက်နက်တွေဖြစ်ပါတယ်။ တရုတ်အတွက် မြန်မာနိုင်ငံအတွင်းမှာ လက်နက်ဝယ်လိုအား အမြင့်မားဆုံး ရှိနေတဲ့ အချိန်ဖြစ်နေပါတယ်။ ဒါ့ကြောင့် တရုတ်ဩဇာဟာ မြန်မာစစ်တပ်အပါအဝင် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ လွှမ်းမိုးနိုင်တာပါ။ နွေဦးတော်လှန်ရေးအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီကို ကြွေးကြော်ပြီး တော်လှန်ရေးလုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်တိုင်ကတောင် တရုတ်က - ၎င်းတို့ကို ဝယ်ချင်လာအောင် အမျိုးမျိုး မြူဆွယ်နေတာတွေ့ရပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ဟာ တရုတ်ရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး လှုပ်ရှားရတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အဲသည့်ထဲက ဂါးဒီးယန်းကတော့ ဝတပ် - UWSA ဖြစ်ပါတယ်။

❐ တရုတ် အမှီအခို

Min Thayt - Official

15 Nov, 06:31


Photo Credit - Mythailand.blog

Min Thayt - Official

15 Nov, 06:31


ဒီမေးခွန်းကို ဖြေနိုင်ဖို့အတွက် အကြောင်းပြချက် အမြောက်အမြား လိုမှာပါ။ ရှမ်းတွေဟာ အကျိုးထက် အပြစ်ကို ပိုမြင်လို့ စစ်ရေးအရ အစွယ်ထုတ်မပြခြင်းဖြစ်တယ်လို့လည်း တွက်ဆနိုင်ပါတယ်။ ဒါ့အပြင် ရှမ်းတို့ရဲ့ မူလဗီဇစရိုက်ဖြစ်တဲ့ soft-character ကို soft power နည်းလမ်းနဲ့ ခင်း၍ လျှောက်လှမ်းနေခြင်းလည်းဖြစ်နိုင်တယ်။ မာမှ ပါဝါရှိတာ မဟုတ်။ ပျော့ပြောင်းခြင်းကလည်း ပါဝါတစ်မျိုးဖြစ်တယ်ဆိုတာကို သိစွမ်းနေခြင်းကြောင့် ဖြစ်နိုင်သလား။ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှမ်းအမျိုးသားရေးစိတ်ပြင်းထန်တဲ့သူတွေကတော့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဟာ အကျယ်ပြန့်ဆုံးသော လက်နက်ကိုင်တော်လှန်ရေးဖြစ်စဉ်ထဲမှာ အဆိပ်မရှိတဲ့ ရေမြွေလို ခွေနေခြင်း အားမလို အားမရဖြစ်ကြတာတွေ့ရပါတယ်။ တကယ်တမ်းပြောရရင် ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းတွေဟာ ရှမ်းမဟုတ်သော လူမျိုးတွေဖြစ်တဲ့ တအာင်း၊ ကိုးကန့်၊ ပအိုဝ်းနဲ့ ဝတို့ထက် ပိုပြီးတော့ ယဉ်ကျေးမှုသမိုင်း စောတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နဲ့ ကပ်လျက် တည်ရှိတဲ့ ကချင်တို့ထက်လည်း မြို့ပြနိုင်ငံသမိုင်းဖြစ်ထွန်းမှုက ရှေ့ရောက်ခဲ့ပါတယ်။ ကချင်နိုင်ငံရေးသမိုင်းမှာ မြို့ပြနိုင်ငံဖြစ်ထွန်းမှု သမိုင်း မရှိခဲ့ပါဘူး။

ရှမ်းတွေကတော့ ယဉ်ကျေးမှုသမိုင်းနဲ့ နိုင်ငံရေးသမိုင်းဖြစ်ထွန်းမှုမှာ ရှမ်းမဟုတ်သော တအာင်း ၊ ကချင်၊ ကိုးကန့်၊ ဝနဲ့ ပအိုဝ်းတို့ထက် ကြာညောင်းသော ယဉ်ကျေးမှုသမိုင်း၊ နိုင်ငံရေးသမိုင်း ဖြစ်ထွန်းခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် လောလောဆယ်အခြေအနေမှာ ရှမ်းတို့ဟာ စစ်ရေးအင်အားဖြန့်ကျက်မှုမှာ အငြိမ်သက်ဆုံးဖြစ်နေတာမို့၊ ရှမ်းတွေထက် ယဉ်ကျေးမှုသမိုင်း တိုတောင်းတဲ့ ရှမ်းမဟုတ်သော အင်အားစုတွေအတွက် နေရာဖယ်ပေးလိုက်ရပြီလား...လို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် ဒီစိုးရိမ်ချက်ဟာ ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းမှာ၊ အကျယ်တဝင့် ပြောဆိုနေကြတာတွေပါ။

ယေဘုယျအားဖြင့် မှတ်ချက်ပြုရရင်၊ လက်ရှိ တည်ဆဲ အခြေအနေအခင်းအကျင်းအရ - ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဟာ စစ်ရေးအရ နိုးကြားမှု မရှိခြင်းဟာ ရှမ်းအမျိုးသားရေးအတွက် အကျိုးလား - အပြစ်လား... ဆိုတာကို အခုအချိန်မှာ အဖြေပေးဖို့ စောပါသေးတယ်။ ရှမ်းခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးဖြတ်သန်းမှု သမိုင်းစဉ်ကို ကြေညက်ထားသူတွေဖြစ်နိုင်တာကြောင့်၊ ရှမ်းခေါင်းဆောင်တွေဟာ လာမယ့် တစ်နှစ် ၊ နှစ်နှစ်လောက်ကို ရှုမျှော်တာမျိုး မဟုတ်ဘဲ - နောက်ထပ် လေးငါးဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အထိ ကြိုကြည့်၊ ကျော်ကြည့်၊ မျှော်ကြည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မိမိတို့ ရှမ်းတွေရဲ့ အကန့်အသတ်ကို၊ မိမိတို့ ဘာသာ သိနားလည်နေခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် အစီအစဉ်တကျ ကသောင်းကနင်းဖြစ်နေတဲ့ ဝဲဂယက်ထဲမှာ၊ အသာရှောင်တိမ်းနေဖို့ ကြိုးစားအားထုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှမ်းမဟုတ်သော လူမျိုးစုတွေထက် ရှမ်းတွေဟာ စစ်ရေးအရ နိုးကြားမှု ရှိမနေခြင်းဟာ - ရှမ်းပြည်သူလူထုအတွင်းမှာ နိုင်ငံရေးအရ တက်ကြွမှု အားနည်းနေခြင်းနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေနိုင်ပါတယ်။

❐ ရှမ်းတို့၏ ဗီဇဓာတ်ခံ

ရှမ်းမဟုတ်သော လူမျိုးစုတွေထက် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဟာ စစ်ရေးအရ နိုးကြားမှု ရှိမနေခြင်းဟာ - ရှမ်းပြည်သူလူထုအတွင်းမှာ နိုင်ငံရေးအရ တက်ကြွမှု အားနည်းနေခြင်းနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေနိုင်ပါတယ် ။ အကြောင်းကတော့ ရှမ်းလူမျိုးတွေရဲ့ ဗီဇစရိုက်အရ၊

- အေးအေးလူလူနေချင်တာ
- အပျော်အပါးမှာ ခုန်မင်တာ၊
- တိုက်ခိုက်ရန်လိုစိတ် အားနည်းတာ၊
- ရန်ကို ရန်ခြင်း မတုံ့နှင်းတာ၊
- မတူကွဲပြားမှုအပေါ်မျာ အစွန်းမရောက်တာ....

စတဲ့ ဗီဇစရိုက်တွေက၊ လက်နက်ကိုင်ပဋိပက္ခကို လောင်စာမထည့်ရခြင်း အကြောင်းတရားလည်းဖြစ်နေနိုင်ပါတယ်။

❐ ရှမ်းမြောက်က ရှမ်းလူမျိုးတွေအပေါ် ကာကွယ်စောင့်ရှောက်မှု မဲ့စေသလား

ရှမ်းလူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်တွေဟာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအပေါ်မှာ လောင်စာ ထည့်ပေးနိုင်ခြင်း မရှိခြင်းဟာ ဆိုးကျိုးထက် ကောင်းကျိုးကို ပိုဖြစ်စေမှာပါ။ သို့သော်လည်း ဤ အကြောင်းတရားတွေက၊ ဒီလို အကျိုးမျိုးကို ဖန်တီးတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း၊ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကို ဂါးဒီးယန်းအခန်းကဏ္ဍကနေ ကြီးကြပ်ထိန်းကွပ်ဖို့အတွက် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့က အင်အားမရှိ ဖြစ်ကြရတာတွေ့ရပါတယ်။

Min Thayt - Official

15 Nov, 06:31


ရှမ်းအမျိုးသားရေးလှုပ်ရှားသူတွေကတော့ - ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ စစ်ရေးအရ တက်ကြွလှုပ်ရှားမှု မြင့်မားစေချင်တာက - စစ်တိုက်ဖို့ မဟုတ်၊ ရန်ဖြစ်ဖို့ မဟုတ်၊ ရှမ်းပြည်အတွင်းက လက်နက်ကိုင်ပဋိပက္ခမြေပုံကို ထိန်းကျောင်းဖို့သာ ဖြစ်တယ်ဆိုတဲ့ အမြင်သဘောထားရှိတာတွေ့ရပါတယ်။ ရှမ်းမဟုတ်သော လက်နက်ကိုင်အင်အားစုတွေကို လက်နက်ကိုင်အင်အားစုကသာ တန်ပြန်ထိန်းကျောင်းနိုင်မှာဖြစ်တာကြောင့်၊ စစ်ရေးအရ တက်ကြွကြဖို့ လှုံ့ဆော်တာတွေလည်း ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းမှာ တွေ့ရပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ရှမ်းပြည်နယ် နယ်နမိတ်ထဲက ရှမ်းလူမျိုးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက်၊ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဟာ အားကောင်းရမယ် - စစ်ရေးအရ တက်ကြွရမယ် ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။

လောလောဆယ်အားဖြင့်တော့ တအာင်း၊ ကိုးကန့်တို့နဲ့ မြန်မာစစ်တပ်အကြား အဓိက စစ်ရေးပဋိပက္ခဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း နေထိုင်တဲ့ ရှမ်းလူမျိုးတွေအပေါ် ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့က အကာအကွယ်မပေးနိုင်ဘဲ၊ ဘေးထိုင်နေရတဲ့ အဖြစ်ကို ရောက်ရှိနေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား....

မင်းသေ့
၁၅ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

09 Nov, 04:53


အကျိုးစီးပွားပဋိပက္ခဟာ လူတန်းစားပဋိပက္ခ အနေနဲ့လည်း အသွင်ဆောင်နိုင်တယ်၊ အုပ်စုပဋိပက္ခအဖြစ်လည်း အသွင်ဆောင်နိုင်တယ်။ ဝါဒရေးရာ ပဋိပက္ခအဖြစ်လည်း အသွင်ဆောင်နိုင်တယ်။ တရားခြင်း - မတရားခြင်းကို ခွဲခြားသတ်မှတ်တဲ့ ဓမ္မဘက်နဲ့ အဓမ္မဘက် ဆိုပြီး ဘက်အချင်းချင်း ပဋိပက္ခအဖြစ်လည်း အသွင်ဆောင်နိုင်တယ်။ ဓမ္မ ဖြစ်ခြင်း - မဖြစ်ခြင်းကို ဆရာကြီး ဦးရွှေအောင်ရဲ့ ဆောင်းပါးလေး တစ်ပုဒ်ထဲက၊ အယူအဆနဲ့ပဲ ပိုင်းဖြတ်ချင်ပါတယ်။

လောဘပါတဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ အတွေးအခေါ်တိုင်းသည် အဓမ္မဘက်ဖြစ်တယ်။

ဒေါသပါတဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ အတွေးအခေါ်တိုင်းသည် အဓမ္မဘက်ဖြစ်တယ်။

မောဟပါတဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ အတွေးအခေါ်တိုင်းသည် အဓမ္မဘက်ဖြစ်တယ်။

ဓမ္မဘက်လို့ ပြောနေပြီး၊ လောဘ‌တွေ တစ်ထွေးကြီးနဲ့ ဒေါသတွေ တစ်ထွေးကြီးနဲ့ မောဟ အမိုက်မှောင်တွေ တစ်ထွေးကြီးနဲ့ ဆိုရင်တော့ ... ကျနော် မယုံ။

မင်းသေ့
၉ နိုဝင်ဘာ ၂၀၂၄

Min Thayt - Official

09 Nov, 04:53


“Genuine tragedies in the world are not conflicts between right and wrong. They are conflicts between two rights.”

ဟီးဂဲလ်ရဲ့ ဒဿန တစ်ခုနဲ့ စတင်ချင်ပါတယ်။

တကယ်တော့ တကယ့်ဖြစ်ရပ်ဆိုးကြီးတွေဟာ၊ အမှားနဲ့ အမှန်ကြားက ပဋိပက္ခကြောင့် မဟုတ်ပါဘူး။ အမှန် နှစ်ခု အကြားက ပဋိပက္ခကြောင့်သာဖြစ်သတဲ့။ တကယ်တော့ ဒါဟာ နိုင်ငံရေးပဋိပက္ခတွေမှာ၊ အထင်ရှားဆုံး တွေ့ရတာဖြစ်ပါတယ်။ နိုင်ငံရေးအုပ်စုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးဂိုဏ်းဂဏတွေဟာ အချင်းချင်း ပဋိပက္ခဖြစ်ကြတယ်။ ဂိုဏ်းဂဏကွဲကြတယ်။ ပါတီအကွဲအပြဲတွေဖြစ်ကြတယ်။ အုပ်စုတိုက်ပွဲတွေဖြစ်ကြတယ်။ ငါမှန်တယ်၊ သူမှားတယ်လို့ ယိုးစွပ်ကြတယ်။

ကျနော်က ဟီးဂဲလ်ရဲ့ ဒဿနကို ဖြည့်တွေးချင်ပါတယ်။

တကယ်တော့ အမှန်နှစ်ခုအကြားက ပဋိပက္ခဆိုတာထက် "ငါတို့ မှန်တယ်လို့ထင်နေကြတဲ့ အုပ်စုနှစ်ခုရဲ့ ပဋိပက္ခ" လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဲသည့်လို ဘာ့ကြောင့်ပြောရသလဲ ဆိုတဲ့ အကြောင်းရင်း ရှိတယ်။ တကယ်တော့ ငါတို့ မှန်တယ်လို့ ကြွေးကြော်နေတဲ့သူတိုင်းဟာ အမှန်ဆိုတာကို တကယ် နားလည်သဘောမပေါက်ဘဲ၊ ကိုယ် ယူဆွဲတဲ့ အမြင်နဲ့ ဝါဒကို အမှန်လို့ ထင်နေကြတာ။ ကိုယ်ဆုပ်ကိုင်ထားတဲ့ အယူဝါဒဟာ တကယ်မှန်သလား၊ တကယ် မမှန်ဘူးလား ဆိုတာကို ဘယ်သူကမှ လောကကြီးနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး ခံယူထားသူတွေ မဟုတ်ဘူးဆိုတာတွေ့ရတယ်။ သူတို့ အမှန်လို့ထင်နေတဲ့အရာတွေက တကယ် အမှန် ဟုတ်မနေဘဲ၊ သူတို့ရဲ့ "ထင်ကြေး" တွေဖြစ်နေတယ်ဆိုတာတွေ့ရတယ်။ တကယ်တော့ အဲသည့် ထင်ကြေးတွေရဲ့ နောက်ကွယ်မှာလည်း မြှုပ်ကွက် တချို့ ရှိနေတယ်။ မြှုပ်ထားတဲ့အရာ သို့မဟုတ် မြုပ်နေတဲ့အရာပေါ့။

အဲဒါ ဘာဖြစ်နိုင်ပါသလဲ။

နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာတော့ - နိုင်ငံရေးရဲ့ အနှစ်ချုပ် တချို့ကို သွားတွေ့ရတယ်။ တကယ်တော့ နိုင်ငံရေးကိစ္စဆိုတာ အကျိုးစီးပွားကိစ္စပဲ။ နိုင်ငံရေးပဋိပက္ခဆိုတာ အကျိုးစီးပွား ပဋိပက္ခပဲ။ ဒါကို တရားသေဆုပ်ကိုင်ပြီး ပြောရင်၊ ငြင်းချက်တွေ အများကြီး ရှိနိုင်ပါတယ်။ အထူးသဖြင့် နှုန်းစံသမားတွေက ဒါကို ငြင်းဆန်နိုင်တယ်။ လက်တွေ့နိုင်ငံရေးနယ်မှာ အကျိုးစီးပွားဟာ အခရာပဲ။ အကျိုးစီးပွားလို့ ပြောတဲ့နေရာမှာ - လုံခြုံရေး၊ အခွင့်အရေး၊ အခွင့်အာဏာ - လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ အားလုံးပါဝင်နေတယ်။ ဘယ်အုပ်စုတွေမှာ ဘယ်လို အကျိုးစီးပွားတွေ ရှိနေသလဲဆိုတာကို လေ့လာခြင်းသည်ပင်လျှင်၊ နိုင်ငံရေးကို လေ့လာခြင်းဖြစ်တယ်။ ဒါဟာ လက်တွေ့နိုင်ငံရေးမှာ အနှစ်ချုပ်လို့ ပြောနိုင်တယ်။

နိုင်ငံရေးပဋိပက္ခတွေနဲ့ အုပ်စုတိုက်ပွဲတွေ၊ ဂိုဏ်းဂဏအကွဲအပြဲတွေကို မူရင်းအနှစ် စစ်ထုတ်ကြည့်လိုက်ရင် - အဲသည့်ထဲမှာ အကျိုးစီးပွားပဋိပက္ခဟာ အဓိက လိုရင်းအနေနဲ့ ပါဝင်နေတွေ့ရတယ်။ အကျိုးစီးပွားပဋိပက္ခ မဟုတ်ပါဘူးလို့ ငြင်းဆန်နေသည့်တိုင်၊ အဲဒါဟာ သကာအုပ်ထားတဲ့ အကျိုးစီးပွားပဋိပက္ခတွေဆိုတာ တွေ့ရတယ်။ သာမန်လူထုကတော့ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေ၊ လော်ဘီတွေ၊ ဝါဒဖြန့်ချိရေးသမားတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးသမားတွေရဲ့ စကားလုံး ကစားမှုတွေအောက်မှာ၊ တန်ဖိုးတွေနဲ့ နှုန်းစံတွေကို ယုံကြည်ကြောင်း ကြွေးကြော်မိကြတယ်။ တကယ်တော့ အဲသည့်လို တန်ဖိုးတွေ၊ နှုန်းစံတွေကို ဟစ်အော်နေတဲ့ နောက်ကွယ်မှာ အုပ်စုအကျိုးစီးပွားတွေ၊ ကိုယ်ကျိုးစီးပွားတွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်။

စစ်ပွဲတွေ ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့ တစ်ဖက်က အကြမ်းဖက်တွေလို့ ကမ္ဘာကြီးကို ဟစ်အော်တိုင်တန်းကြတာပဲ။ တကယ်တော့ စစ်ပွဲတွေဆိုတာ ဓမ္မ အုပ်စုနဲ့ အဓမ္မ အုပ်စုတို့ရဲ့ တိုက်ပွဲ မဟုတ်ဘဲ - အဓမ္မအုပ်စုအချင်းချင်း ဖြစ်တဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ လက်တွေ့ တွေ့ကြရမှာပါ။ ဒါ့အပြင် စစ်ပွဲတွေမှာ - အမှားဘက်နဲ့ အမှန်ဘက်က တိုက်ပွဲတွေဆိုတာထက် "ငါတို့သာလျှင် အမှန်လို့ ထင်နေတဲ့ ဘက်နှစ်ဖက်ရဲ့ တိုက်ပွဲတွေဖြစ်တယ်" ဆိုတာတွေ့ရမှာပါ။ စစ်ပွဲကာလတွေမှာ၊ အချင်းချင်း အပြန်အလှန် အကြမ်းဖက်တွေလို့ စွပ်စွဲနေကြပေမယ့် လက်တွေ့ ပြည်သူလူထုရဲ့ မျက်မြင်ကိုယ်တွေ့မှာတော့ အကြမ်းဖက်နှစ်ဖွဲ့ အပြန်အလှန်ဖြစ်တဲ့ ပဋိပက္ခတွေဆိုတာ တွေ့ရမှာပါ။

ဒါပေမယ့် အဲသည့်ထဲမှာ တစ်ခုတော့ ရှိတယ်။

သရဲနှစ်ကောင် ရန်ဖြစ်တယ်ဆိုရင်တောင် တစ်ကောင်ကောင်ကတော့ သေးလိမ့်မယ်၊ တစ်ကောင်ကောင်ကတော့ ပိုကြီးလိမ့်မယ်။ သို့မဟုတ် မတိမ်းမယိမ်းဖြစ်ကောင်းဖြစ်မယ်။ သေချာတာ တစ်ခုကတော့ ပိုကြီးရဲ့ သရဲဟာ အမွှေးပိုရှည်တယ်။ နည်းနည်းငယ်တဲ့ သရဲကတော့ အမွှေးနည်းနည်း တိုတယ်။ သရဲကြီးက အစွယ်ပိုရှည်တော့ သရဲကြီးကိုက်တဲ့ အနာက ပိုနက်တယ်။ သရဲလေးက အစွယ်နည်းနည်းတိုတော့ သရဲလေးကိုက်တဲ့အနာက နည်းနည်း တိမ်တယ်။ တကယ်တော့ သရဲဟာ သရဲဗီဇ ဓာတ်ခံ ရှိပြီးသားဖြစ်တယ်။ သရဲကြီးနဲ့ သရဲလေးသာ ကွာခြားတာဖြစ်တယ်။ ဒီတော့ ပြန်ချုပ်ရမယ်ဆိုရင် နိုင်ငံရေးပဋိပက္ခအားလုံးသည် အကျိုးစီးပွားပဋိပက္ခအပေါ်မှာ အခြေခံတာ ဖြစ်တယ်။

Min Thayt - Official

09 Nov, 02:34


လူတစ်ယောက်ရဲ့ ဘဝ နိမ့်ခြင်း၊ မြင့်ခြင်းကို ပြဋ္ဌာန်းတာဟာ - အကြောင်း-အကျိုးနဲ့ ကာလ၊ ဒေသ၊ ပယောဂ ဆိုတာတွေ ပါဝင်နေသလို၊ အဓိက အခြေခံကတော့ "ဗီဇနဲ့ ပတ်ဝန်းကျင်" ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ အဲသည့်ထဲမှာ ပတ်ဝန်းကျင်ဆိုတာကတော့ - ကိုယ်နေတဲ့ လောက၊ ကိုယ်နေတဲ့ ဝန်းကျင်၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ အဲသည့် နိုင်ငံနဲ့ လူ့အဖွဲ့အစည်းမှာ ဖြစ်တည်နေတဲ့ ခေတ်စနစ်တွေဟာ ပတ်ဝန်းကျင်ထဲမှာ အကြုံးဝင်တယ်လို့ ယူဆပါတယ်။

တကယ်တော့ ကျနော်တို့ အားလုံးဟာ ဗီဇအရ ညံ့ဖျင်းတဲ့သူတွေ မဟုတ်ပါဘူး။ ဝမ်းတွင်း မွေးရာပါ ချို့ယွင်းမှုတွေကလွဲလို့၊ အားလုံးဟာ မွေးလာကတည်းက ဗီဇအရည်အချင်းနဲ့ ဗီဇစွမ်းရည်အရ မတိမ်းမယိမ်းတွေလို့ နားလည်သဘောပေါက်ပါတယ်။ အဲသည့်ထဲမှာ၊ ကွဲပြားနေတဲ့၊ မတူညီတဲ့ ဗီဇစွမ်းရည်တွေတော့ ရှိမှာပေါ့။ သို့သော်လည်း ဗီဇအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် သိပ်ကွာခြားလှတယ်လို့ မဟုတ်ပါဘူး။ ဒါက ယေဘုယျပြောတာပါ။ ဒါ့ကြောင့် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ တစ်ဦးချင်းအရ ဘဝအနိမ့်အမြင့်တွေ ကွဲပြားသွားတာဟာ၊ ဗီဇညံ့ဖျင်းလို့ ဆိုတာထက် ကိုယ်နေထိုင်ရာ ဝန်းကျင်က ယုတ်နိမ့်လို့သာ ဖြစ်ကြတာများတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်မှုပုံစံတွေနဲ့ အုပ်ချုပ်ရေးယန္တရားမှာ တာဝန်ယူနေတဲ့ လူတွေရဲ့ စရိုက်နဲ့ အကျင့်ဓလေ့ဟာ လူ့အဖွဲ့အစည်းအပေါ်မှာ အများကြီး လွှမ်းမိုးသက်ရောက်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရေးသိပ္ပံမှာ [Elite - အီလစ်အလွှာ] ရဲ့ စေစားမှုအတိုင်း ပြောင်းလဲဖြစ်တည်ရတယ်လို့ ပြောစမှတ်ရှိတယ်။

တကယ်တော့ အီလစ်အလွှာဆိုတာက အုပ်ချုပ်သူ လူတန်းစားကိုပဲ ပြောတာတော့ မဟုတ်ပါဘူး။ အုပ်ချုပ်သူလူတန်းစားမှာလည်း အီလစ်အလွှာရှိတယ်။ စီးပွားရေးအလွှာမှာလည်း အီလစ်အလွှာရှိတယ်။ ပညာတတ်လူတန်းစားမှာလည်း အီလစ်အလွှာရှိတယ်။ ပါဝါအီလစ်တို့၊ ဘိဇနက်အီလစ်တို့ဆိုတာတွေကို သုံးနှုန်းတာတွေ့ရတယ်။ ဘာသာရေးမှာလည်း ဘာသာရေးနယ်ပယ်ကို ဩဇာလွှမ်းမိုးထားနိုင်တဲ့ အီလစ်အလွှာဆိုတာ ရှိနေပါတယ်။ တခြားတခြားသော နယ်ပယ်တွေမှာ သက်ဆိုင်ရာ အီလစ်အလွှာတွေ ရှိနေတယ်။ ဒါပေမယ့် အဲသည့်ထဲမှာ အရင်းအမြစ်ကို ဆုပ်ဆုပ်ကိုင်ကိုင် - ချုပ်ကိုင်ပြီး အသုံးချနိုင်တဲ့ ပါဝါအီလစ်တွေနဲ့ ဘိဇနက်အီလစ်တွေကတော့ လူ့အဖွဲ့အစည်းကို ပုံဖော်ရာမှာ သိပ်ကို လက်ဝါးဇောင်းထက်တယ်။ ဒါကလည်း ကျနော်တို့ လူ့အဖွဲ့အစည်းလို အခြေအနေမျိုးကို ပြောရတာပါ။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းအားကောင်းတဲ့ တိုင်းပြည်တွေမှာတော့၊ အီလစ်တွေဟာ တစ်ဦးချင်း ခြယ်လှယ်တာမျိုးထက် အုပ်စုလိုက်၊ စည်းထဲ ဘောင်ထဲ - ဥပဒေထဲမှာ ဩဇာလွှမ်းမိုးအောင် လုပ်ကြရတာပါ။ မြန်မာနိုင်ငံမှာတော့ အာဏာရယ်၊ ငွေရယ်၊ လက်နက်ရယ် ရှိတယ်ဆိုရင် လူ့အဖွဲ့အစည်းကို ကပြောင်းကပြန်လုပ်နိုင်စွမ်း မြင့်လှတယ်။ နောက်လည်း ဒီလို ဖြစ်အုံးမှာပဲ။ ဒါ့ကြောင့် လူတွေဟာ လမ်းရိုးကို မလိုက်။ အလွမ်လမ်းကို လိုက်ပြီး အာဏာပရဝုဏ်ထဲ အတင်းတိုးဝင်နေကြတဲ့သူတွေဟာ ဒုနဲ့ ဒေး။

ဒီတော့ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ အာဏာ၊ ငွေနဲ့ လက်နက်စီးကြောင်းတေွ ဒွေးရောယှက်တင်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းအဖြစ် ထပ်မံ မြင်တွေ့နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဏာ၊ လက်နက်နဲ့ ငွေ ရှိသူတွေဟာ အုပ်ချုပ်ရေးလူတန်းစားအလွှာကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ အလွှာအသီးသီးမှာ ချုပ်ကိုင်ထားပြီး ဘာသာရေးဆရာတွေနဲ့ စီးပွားရေးသမားတွေက အဲသည့် အာဏာနဲ့ လက်နက် ပရဝုဏ်ကို စီးပိုးထားတဲ့ အီလစ်အလွှာက လူတန်းစားကို ဖားမယ်၊ ယားမယ်၊ ကပ်မယ်၊ ရပ်မယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဆိုင်ရာ ဆိုင်ရာ အကျိုးစီးပွားတွေကို တည်ဆောက်နေကြအုံးမှာပါ။

မြန်မာ့လူ့အဖွဲ့အစည်းဟာ - ပတ်ဝန်းကျင်ဆိုးနဲ့ ထပ်မံ ကြုံကြိုက်ဖြတ်သန်းကြရပါအုံးမယ်။ ဗိုက်ဝမှ ယဉ်ကျေးတာ ဆိုတဲ့စကားရှိပါတယ်။ ဗိုက်မဝတဲ့လူတွေ များလာတာမို့၊ လူ့အဖွဲ့အစည်းမှာ မိုက်ရိုင်း၊ ယုတ်ညံ့တဲ့ စရိုက်သကန်တွေကို ထပ်မံ တွေ့ကြုံကြရပါအုံးမယ်။ လူ့အဖွဲ့အစည်းဟာ သူ့ရဲ့ သီးခြားကမ္ဘာတွေလိုဖြစ်ပြီးတော့၊ လူထုကတော့ ဘေးဒုက္ခဆင်းရဲထဲမှာ သီးသန့်နေရတဲ့ ကမ္ဘာဖြစ်နေအုံးမှာဖြစ်ပါတယ်။ လူထုအရေးကို လုပ်ပါတယ်ဆိုတဲ့ သူတွေကိုယ်တိုင်ကတော့ - လူထုအရေးကို လုပ်လိုက်၊ နတ်ဘုံနတ်နန်းမှာ သာယာမှိန်းမောလိုက်နဲ့ လူထုရဲ့ ကံကြမ္မာကို သူတို့က ဆက်လက်ဖန်တီးဖို့ ကြိုးစားအားထုတ်နေကြအုံးမှာပါ။

Min Thayt - Official

07 Nov, 04:44


သည့်နောက်ပိုင်း၊ ကျနော့် ခေါင်းထဲ ခဏ ခဏ ဝင်တာတဲ့ အတွေးကတော့ "အချိန်တွေကို ဘယ်လို ကုန်ကြမလဲ" ဆိုတဲ့ အတွေးဖြစ်တယ်။ လူတွေဟာ အချိန်တွေကို နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းရင်းကန်ရင်း ကုန်ဆုံးကြရတာများတယ်။ အဲသည့်ထဲက လူတချို့ နဲ့ လူအနည်းစုကတော့ စား-ဝတ်-နေရေးအတွက် အချိန်တွေကို အများကြီး သုံးစရာ မလိုဘူး။ သူတို့မှာက အချိန်တွေ ပိုနေတယ်။ တချို့လည်း စား-ဝတ်-နေရေးအတွက် အချိန်ကို သုံးစရာ မလိုသေးတာလည်း ပါမယ်။ လုပ်ငန်းခွင်ကို မဝင်ရသေးတဲ့ လူငယ်ဆယ်ကျော်သက်တွေအတွက် အချိန်တွေဟာ ပညာရေးနဲ့ ကိုယ်လက်လှုပ်ရှားအားကစားမျိုးတွေမှာ မသုံးဘူးဆိုရင် တခြားဘယ်တွေမှာ အချိန်သုံးမလဲဆိုတာဟာ သိပ်အရေးကြီးတယ်။ လက်ထဲမှာ ရှိတဲ့ ငွေကို ဘာအတွက် သုံးမလဲဆိုတာကို စဉ်းစားရသလို ၊ ကျနော်တို့ဟာ အချိန်တွေကို ဘယ်မှာ သုံးမလဲ၊ ဘယ်သူနဲ့ သုံးမလဲ၊ ဘယ်အတွက် သုံးမလဲ၊ ဘာ့ကြောင့် ဒီမှာ သုံးရတာလဲဆိုတာတွေကို မေးနေရတယ်။ အဲသည့် မေးခွန်းကို သိစိတ်မှာလည်း မေးရတယ်၊ မသိစိတ်မှာလည်း မေးတယ်။

ကျနော်တို့မှာက လွတ်လပ်မှု ရှိတယ်။ လွတ်လပ်စွာ ဆုံးဖြတ်နိုင်တယ်။ လွတ်လပ်စွာ ရွေးချယ်နိုင်တယ်။ လူတိုင်းဟာ နေ့တိုင်း နေ့တိုင်း အချိန် (၂၄) နာရီ ရကြတာပါပဲ။ အဲသည့် (၂၄) နာရီထဲမှာ၊ ဘယ်လို နာရီအချိန်အပိုင်းအခြားတွေကို ဘာတွေ လုပ်ပြီး ကုန်ဆုံးမလဲဆိုတာဟာ အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ ဘဝကိုလည်း ဒီလို ရွေးချယ်ဆုံးဖြတ်မှုတွေကပဲ ဆုံးဖြတ်ပြဋ္ဌာန်းသွားတာလို့ နားလည်တယ်။

အခုဆိုရင် ၂၀၂၄ ခုနှစ်ဟာ ကုန်ဆုံးတော့မယ်။
ဒီနှစ်ထဲမှာ ငါဘာတွေကို လုပ်နိုင်ခဲ့သလဲ၊ ဘာတွေကို လုပ်ခဲ့သလဲ ဆိုတာကို ပြန် စာရင်းချကြည့်လိုက်ရင် ဘာတွေ ထွက်လာသလဲ။ တချို့က လုပ်တာတွေတော့ အများကြီးပဲ။ ဒါပေမယ့် ဆုပ်ဆုပ်ကိုင်ကိုင် ပြလို့ ရတာမျိုးတွေ သိပ်ရှားတယ်။ ကျနော်တို့ ရထားတဲ့ အချိန် ၂၄ နာရီလုံးက quality time တွေ မဟုတ်ပါဘူး။ လေလွင့်နေတဲ့အချိန်တွေ ရှိတယ်၊ လွင့်မျောနေတဲ့ အချိန်တွေ ရှိတယ်။ ဒါတွေကလည်း လူရယ်လို့ ဖြစ်လာရင် ရှိရမှာပဲ။ လူဟာ တခါတရံ ပျင်းမှာပဲ၊ လူဟာ တခါတရံ လွင့်နေ၊ မျောနေမှာပဲ။ ကျနော်လည်း အဲသည့်လို လွင့်မျောတာမျိုးဖြစ်တယ်။ ဒါဟာ လူပီသခြင်းကို ပြတာ။ ဒါပေမယ့် နေ့တိုင်း အချိန်တိုင်း လွင့်မျောနေလို့တော့ မရဘူး။ ဒါဆိုရင်တော့ တစ်ခုခု မှားနေပြီ။

ဒီနှစ်ထဲမှာ၊ ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာ ဖြစ်လာသလား
ဒီနှစ်ထဲမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဘယ်လောက်ပီပြင်ပေါက်မြောက်ခဲ့သလဲ။ ကိုယ့်မှာရော... ယခင်နှစ်တွေနဲ့ မတူတဲ့ အတွေ့အကြုံတွေ ဖြတ်သန်းမှုတွေ ရှိခဲ့သလား။ ခေါင်းထဲမှာ အသစ်အသစ်သော အတွေးသစ် အိုင်ဒီယာသစ်တွေနဲ့ ထိတွေ့ ခွင့် ဘယ်လောက်ရခဲ့သလဲ။ စိတ်အခံ ရိုးဖြောင့်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဘယ်လောက်အထိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလဲ။ ဆွေမျိုးညာတိတွေနဲ့ မိသားစုတွေကို ကူညီထောက်ပံ့မှုတွေရော လုပ်နိုင်ခဲ့ရဲ့လား။ ငွေကြေးအရ စိတ်မပူပန်ရအောင် ရှာဖွေ စုဆောင်းထားနိုင်သလား။ စိတ်ချမ်းသာရဲ့လား။ စိတ်အေးငြိမ်းတဲ့ အချိန်တွေ အများကြီး ရှိခဲ့သလား။ လွတ်လွတ်လပ်လပ်နဲ့ သဘာဝကို ထိတွေ့ခံစားချိန် ရခဲ့ရဲ့လား။ သီချင်းတစ်ပုဒ်ကိုရော...နက်နက်နဲနဲ ခံစားသက်ဝင်နားထောင်ခဲ့ပါသလား။ ဘယ်လို အစားအစာမျိုးကို မြိန်ရည်ယှက်ရည်စားသောက်ခဲ့ပြီးပြီလဲ။ အာရုံစူးစိုက်မှုအပြည့်နဲ့ စည်းဝေးဆွေးနွေးမှုမျိုး လုပ်ခဲ့ပြီးပြီလား...... သိပ်ချစ်ဖို့ ကောင်းတဲ့ တိရိစ္ဆာန်ငယ်လေးတွေကို ကောက်ယူပွတ်သပ်ပြီး စိတ်ကြည်နူးပြီးပြီလား......

ဒါတွေက အချိန်တွေကို သုံးတဲ့အခါ သိပ်အရေးကြီးကြောင်း ကျနော် တဖြည်းဖြည်း ပိုနားလည်လာတယ်။

Min Thayt - Official

07 Nov, 03:42


လူမျိုးစုနိုင်ငံရေးကို လေ့လာတဲ့အခါမှာ၊ "တောင်တန်း" နဲ့ "ပြည်မ" ဟာ ဘာ့ကြောင့် တစ်သီးတစ်ခြားစီဖြစ်နေရသလဲဆိုတာကို ပိုပြီး နားလည်လာရတယ်။ အဲဒါတွေက အကြောင်းရင်းခံ အချက် တစ်ခုမက ရှိတယ်။ အဲသည့်ထဲမှာ ပထဝီအပိုင်းအခြားအရ ကန့်ထားတာတွေ ရှိတာဆိုတာကလည်း အကြောင်းရင်းခံထဲက တစ်ခုဖြစ်ပေမယ့်၊ ဒီဘက်ခေတ်လို သွားလာကူးလူးလို့ ရတဲ့ အခြေအနေမျိုးမှာတောင် တစ်သီးတစ်သန့်စီဖြစ်တည်နေတာတွေက အများကြီး ရှိနေပါသေးတယ်။ မြန်မာစကားတစ်ခုမှာ ရှိတယ်။ "အိမ့်ရှေ့ပူ - အိမ့်နောက် မချမ်းသာ" တဲ့။ ယခင်ကတော့ တောင်တန်းမှာ စစ်ပူနေတယ်။ ပြည်မမှာ စစ်အေးနေတယ်။ အိမ့်နောက်ပူတော့ အိမ်ရှေ့က မချမ်းသာပါဘူး။ လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ပြည်မမှာ ပူရမယ့်ကိန်းတွေ ထပ်ပြီး မြင်နေတွေ့နေရပါတယ်။ အဲသည့်လိုဆိုရင် တောင်တန်းက တရုတ်ရဲ့ ကျေးဇူးပြုမှုနဲ့ စစ်အေးသည်ဆိုရုံ ရှိတတ်ပေမယ့် တောင်တန်းကလည်း ချမ်းသာမှာ မဟုတ်ပါဘူး။ တကယ်တော့ တောင်တန်းနဲ့ ပြည်မဟာ အညမညသဘော ဆက်စပ်နေတာတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ တောင်တန်းနဲ့ ပြည်မဟာ မတူသော ပေးထားချက်တွေနဲ့ မတူညီသော အဖြေတွေကို ကိုယ်စီ ထုတ်ယူနေကြတာတွေ ရှိတယ်။ တကယ်တော့ အဖြေတွေအားလုံးက တူစရာတော့ မလိုပါဘူး။ တူဖို့လည်း မကောင်းပါဘူး။ ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ် ဖြစ်ပေါ်နေတာတွေက အမြောက်အမြားပဲကိုး။

ဆက်သွယ်ရေးတွေနဲ့ ကူးလူးဆက်ဆံမှုတွေ များလာတယ်ဆိုပေမယ့် တောင်တန်းနဲ့ ပြည်မနယ်တွေဟာ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ မြင်ပုံရှုပုံအရသော်လည်းကောင်း သီးသန့်ဖြစ်ထွန်းနေတာတွေ အမြောက်အမြား ရှိနေပါသေးတယ်။ ဒါကလည်း ပဒေသာစုံတဲ့ အလှကို မြင်ရလို့ ဒီလို သီးသန့်ဖြစ်နေခြင်းသည်ပင်လျှင် အလှဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။ မြင်ပုံရှုပုံမှာ တစ်သီးတစ်သန့်ဖြစ်တယ်ဆိုတာကလည်း ဖြစ်တည်တဲ့ ပေးထားချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဖြစ်ကြရတာ ဖြစ်တယ်။

တောင်တန်းနဲ့ ပြည်မအကြား တစ်ယောက်ကို တစ်ယောက်သိမှုမှာ၊ မချို့တဲ့ပါဘူး။ ဒါပေမယ့် မကျယ်ပြန့်သေးဘူး၊ မနက်ရှိုင်းသေးဘူး။ ဒါကို အဘက်ဘက်က ထပ်မံ လုပ်ဆောင်ကြရမယ်လို့ ထင်ပါတယ်။ အဲသည့်ထဲမှာ နိုင်ငံရေးအရ လုပ်ရမှာတွေ ရှိတယ်၊ စာပေယဉ်ကျေးမှုအရ လုပ်ရမှာတေွ ရှိတယ်၊ စီးပွားရေးအရ လုပ်ရမှာတွေ ရှိတယ်။

တောင်တန်းမှာ တောင်တန်းရဲ့ သမိုင်း ရှိတယ်။
ပြည်မမှာလည်း ပြည်မရဲ့ သမိုင်း ရှိတယ်။
တောင်တန်းနဲ့ ပြည်မ ဆက်စပ်နေတဲ့ သမိုင်းတွေလည်း ရှိတယ်။
တောင်တန်းနဲ့လည်း မဆိုင်၊ ပြည်မနဲ့လည်း မဆိုင်ဘဲ သီးသန့်ဖြစ်နေတဲ့ နေရာဒေသတွေလည်း တစ်ပုံတစ်ပင် ရှိနေပါတယ်။ ဒါတေွကို တစ်စုတစ်စည်းတည်း ပေါင်းစည်းဖို့ ဆိုတာထက်၊ သီးသန့်ဖြစ်တည်မှုတွေရဲ့ အလှကို မြင်နိုင်အောင် ကျနော်တို့ လုပ်ကြရမယ် ထင်ပါတယ်။ သီးသန့်ဖြစ်နေတာတွေကို အတင်းအကျပ် စည်းနှောင်ဖို့ ကြိုးစားလိုက်ရင် မသင့်တော်တာတွေ ဖြစ်လာမယ်၊ အံဝင်ခွင်ကျမဖြစ်လာမှာတွေရှိလာတယ်။ အဓိက လိုရင်းကတော့ - ငြိမ်းချမ်းဖို့ ၊ ဖွံ့ဖြိုးဖို့... ထို့နောက် လွတ်လပ်ဖို့။ ဒါက လိုရင်းပါပဲ။

မငြိမ်းချမ်းရင်
မဖွံ့ဖြိုးရင်
မလွတ်လပ်ရင်.....
ကျနော်တို့အားလုံးဟာ ပဋိပက္ခအဆိုးကျော့သံသရာထဲမှာပဲ၊
တစ်ယောက်ကို တစ်ယောက် အငေါ်တူးရင်း၊ စိတ်အာသာဖြေနေကြရမှာ....
သည့်ထက် ကျယ်ပြန့်တာကို သွားနိုင်ကြမှာ မဟုတ်ပါဘူး။

Min Thayt - Official

30 Oct, 16:29


https://youtu.be/EEuNZrT1zLI?si=HvOaKMXEL1uwbHf1

Min Thayt - Official

30 Oct, 16:28


https://youtu.be/e3e_WEBvpdg?si=yXD8pLC8XPwED6Yh

Min Thayt - Official

29 Oct, 05:24


ဗမာဘုရင်တွေဟာ ယိုးဒယား၊ ဇင်းမယ်နဲ့ လင်းဇင်းတို့ကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာ ရှမ်းအင်အားစုတွေကို အခြေခံပြီးတော့ သိမ်းပိုက်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားရက်စဉ်သမိုင်း (၂၀၁၈) မှာ ဖော်ပြပါတယ်။ ရှမ်းစော်ဘွားတချို့ဟာ ရှမ်းလူထုကို အခြေခံ - စစ်သားစုဆောင်းပြီးတော့ ယိုးဒယားမင်းတွေအပေါ် ဗမာမင်းတွေက ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာကို မနှစ်မြို့ပါဘူး။ ဒါ့ကြောင့်လည်း အရည်အချင်းမရှိတဲ့ ဗမာမင်းတွေ နန်းတက်တဲ့အခါမှာ၊ ရှမ်းစော်ဘွားတွေက ပြန်လည် ပုန်ကန်တာတွေ ရှိခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားရက်စဉ်သမိုင်း (၂၀၁၈) မှာဖော်ပြတာတွေ့ရပါတယ်။ ၁၈၈၅ ခုနှစ်တုန်းက ဗြိတိသျှအင်္ဂလိပ်ကိုလိုနီအစိုးရက အထက်မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းပိုက်ချိန်မှာလည်း စော်ဘွားတချို့ဟာ အင်္ဂလိပ်လက်အောက်ခံအဖြစ် ဩဇာခံပေမယ့်၊ တချို့စော်ဘွားတွေကတော့ အင်္ဂလိပ်ကိုလိုနီအစိုးရကို လက်နက်ကိုင်ပုန်ကန်ခြားနားကြတာတွေ့ရပါတယ်။

အတိတ်သမိုင်းအခြင်းအရာတွေကို လေ့လာကြည့်ရင်၊ ရှမ်းတွေဟာ တရုတ် - ဗမာ နဲ့ ယိုးဒယား (ထိုင်း) တို့ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြားထဲမှာ အခြေအနေနဲ့ အချိန်အခါကို သိနားလည်အောင် ကြိုးစားပြီး နေထိုင်ကျင်လည်ခဲ့ကြရတယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်ဘက်နီးတဲ့ စော်ဘွားတွေက တရုတ်ကို အခွန်ဘဏ္ဍာ ဆက်သဖို့ ငြင်းဆန်ခွင့် နည်းပါးပါတယ်။ ဗမာမင်းတို့ အင်အားကြီးမားလာချိန်မှာလည်း ဗမာမင်းတို့ အနှောက်အယှက်မပေးနိုင်အောင် အခွန်ဘဏ္ဍာဆက်သတာမျိုး လုပ်ကြရပါတယ်။ တစ်ဖက်မှာလည်း ယိုးဒယားတို့ရဲ့ လူမျိုးရေးအရ - ယဉ်ကျေးမှုအရ - ကုန်စည်စီးပွားရေးအရ ကူးလူးဆက်ဆံမှုတွေ ရှိနေတာကြောင့် ယိုးဒယားမင်းတို့ တန်ခိုးထွားချိန်မှာ ယိုးဒယားကို အခွန်ဘဏ္ဍာဆက်သတာမျိုးတွေ ရှိခဲ့ဖူးတာတွေ့ရပါတယ်။ ဗမာပဒေသရာဇ်မင်းဆက်သမိုင်းမှာ ရှမ်းတို့ အုပ်စိုးကြီးမှူးနိုင်ခဲ့တဲ့ အချိန်အခါသမယရှိခဲ့ဖူးသလို၊ ချင်းမိုင် - ချင်းရိုင်းနဲ့ ဆက်စပ်နေတဲ့ ယိုးဒယားနယ် (ထိုင်းနယ်)တွေမှာလည်း ရှမ်းမင်းတို့ အုပ်ချုပ်မင်းလုပ်ခဲ့ဖူးတဲ့ သမိုင်း ရှိခဲ့ပါတယ်။ ရှမ်းစော်ဘွားတွေဟာ ဗမာမင်းတို့ အားနည်းချိန်မှာ ရှမ်းတို့ရဲ့ တန်ခိုးဩဇာကို ချဲ့ထွင်လာနိုင်ပြီး ဗမာမင်းတို့ အားကောင်းချိန်မှာတော့ သင့်တင့်မျှတတဲ့ သံတမန်ဆက်ဆံရေးနည်းနာကို သုံးပြီး၊ ဗမာတို့ ဒုက္ခမပေးနိုင်အောင် နေထိုင်ကြရတယ်လို့ ပြောနိုင်ပါတယ်။ အတိတ်သမိုင်းက ဒီလိုဖြစ်ရပ်မျိုးဟာ ယခု လက်ရှိ ပစ္စုပ္ပန်ကာလမှာလည်း ထင်ဟပ်နေတာတွေ့ရပါတယ်။

❐ ရှမ်းနိုင်ငံရေးအခန်းကဏ္ဍ ဆုတ်ယုတ်ချိန်

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ ပျောက်ဆုံးသွားသလောက်ဖြစ်သွားတယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံကို ပြည်တွင်းစစ်ဝဲဂယက်ထဲ ဆွဲခေါ်သွားတာဖြစ်ခြင်းကြောင့်၊ အာဏာအခင်းအကျင်းမှာ စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင် ကျုံ့သွားပါတယ်။ ဒါ့ကြောင့် လက်နက်အားဖြင့် အခြေခံထားတဲ့ အဖွဲ့အစည်းတွေဟာ အာဏာဩဇာတက်လာပါတယ်။ အဲသည့်ထဲမှာ ဗမာပြည်မက တော်လှန်ရေးအင်အားစုနဲ့ စစ်ရေးချက်ကြိုးဆက်ထားနိုင်တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ရေးဩဇာကို ပိုမိုချဲ့ထွင်လာနိုင်တာကို တွေ့ရပါတယ်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ ရက္ခိုင်၊ တအာင်းနဲ့ ကိုးကန့်တို့ဟာ ဗမာပြည်မက တော်လှန်ရေးအင်အားစုနဲ့ စစ်ရေးချက်ကြိုးဆက်ပြီး သူတို့ရဲ့ စစ်ရေးနယ်ပယ်ချဲ့ထွင်မှုမှာ အသုံးချနိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ ခြေကုတ်ယူစိုးမိုးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းမြန်မာစစ်တပ်ကို အကျယ်ပြန့်ဆုံးအထိ စစ်ရေးအောင်ပွဲခံနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်ထဲက ရှမ်းတပ်နှစ်တပ်ကတော့ တစ်မျိုးတစ်ဘာသာဖြစ်နေတာတွေ့ရပါတယ်။

Min Thayt - Official

29 Oct, 05:24


ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ကတော့ စစ်ရေးအရ တော်လှန်မှုရှိတယ်ဆိုပေမယ့် ရှမ်းပြည်နယ်အတွင်းမှာ အာဏာသိမ်းမြန်မာစစ်တပ်ကို စစ်ဆင်ရေးသဖွယ် ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပါဘူး။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS ကတော့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ပလဲပနံသင့်အောင် ဆက်ဆံရေးထူထောင်ထားနိုင်တာကြောင့် မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စစ်ရေးထိတွေ့မှု မရှိတာကို‌တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ပြောရရင်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်တဲ့ ပြည်တွင်းစစ်မှာ ရှမ်းတပ်နှစ်တပ်လုံးဟာ စစ်ရေးအရ ရန်လိုစိတ် နည်းပါးတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုဖြစ်နေတာကိုလည်း aggressive ဖြစ်တဲ့ ရှမ်းအမျိုးသားရေးစိတ် ပြင်းထန်သူတွေက မတိုက်ရကောင်းလား၊ မခိုက်ရကောင်းလား ဆိုပြီး ဝေဖန်ပြစ်တင်ကြတာတွေ့ရပါတယ်။ ရှမ်းတပ်နှစ်တပ်က ခေါင်းဆောင်တွေကတော့ သဘောထား အပျော့နဲ့ အမာ ကွဲပြားတယ်ဆိုပေမယ့် စစ်ရေးနည်းကို လီဗာကုန် ထုတ်သုံးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှမ်းနယ်တွေထဲမှာတော့ ရှမ်းမဟုတ်သော တအာင်း၊ ကိုးကန့်နဲ့ ကရင်နီတွေဟာ ရှမ်းပြည်နယ်မှာ စစ်ရေးအရ ခြေစွာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ရှမ်းနယ်တွေထဲမှာ အစဉ်တစိုက် အုပ်စိုးမင်းမူနေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းနယ်တွေကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ရှမ်းနယ်တွေထဲမှာ ခြေကုတ်မြဲမြဲယူထားတဲ့ မြန်မာစစ်တပ်နေရာတွေကို ရှမ်းမဟုတ်သော လူမျိုးစုတပ်တွေက ဖယ်ရှားပစ်လိုက်နိုင်တာကြောင့် ရှမ်းပြည်နယ်အတွင်းမှာ ပါဝါလေဟာနယ်တွေဖြစ်လာတယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ဆိုပါတယ်။

❐ ယခင် Federated မှ ၊ ယခု Fragmented သို့

ရှမ်းနယ်တွေထဲမှာ ခြေကုတ်မြဲမြဲ ယူထားတဲ့ မြန်မာစစ်တပ်ကို ကလှော်ထုတ်ဖယ်ရှားနိုင်လိုက်တဲ့နယ်တွေမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကလည်း ကိုယ့်ဒေသနဲ့ ကိုယ် အင်အားတည်ဆောက်ဖို့ ကြိုးစားလာကြတယ်ဆိုတာတွေ့ရပါတယ်။ အဲသည့်ထဲမှာ အဓိက ထင်ရှားတာကတော့ - ကိုးကန့်၊ တအာင်း၊ ဝ၊ မိုင်းလား၊ ကရင်နီနဲ့ ပအိုဝ်းတွေက ထင်ရှားပါတယ်။ ၁၉၂၂ ခုနှစ်တုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရက ရှမ်းပြည်နယ်ကို Federated Shan State အနေနဲ့ ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ရှမ်းပြည်နယ်ဟာ Fragmented Shan State အဖြစ် တဖြည်းဖြည်း ပုံပြောင်းဖြစ်တည်လာတာကို တွေ့ရပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်ပါသလဲ။

မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်ပုန်ကန်ခြားနားမှုတွေ ကျယ်ပြန့်လာခြင်းဟာ တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်အထိ သက်ရောက်လာပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ် အပါအဝင် ထိုင်း - မြန်မာ နယ်စပ်၊ အိန္ဒိယ - မြန်မာနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တွေမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင် လူဦးရေ အရေအတွက် ဒုလိုက်ဒေးလိုက် များပြားလာသလို ရံဖန်ရံခါ နယ်စပ်မျဉ်းတွေကို ကျော်ပြီး ခဲယမ်းမီးကျောက် ပေါက်ကွဲတာမျိုးတွေ ရှိလာပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ကို လီဗာကုန်မောင်းနှင်နေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အတွက် ဒေသတွင်းလုံခြုံရေးခြိမ်းမြောက်မှုအဖြစ် ခံစားလာရပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာလည်း လူမျိုးစုတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နဲ့ ထိုင်းနယ်စပ်တွေကို ခြေကုတ်ယူပြီး အကာအရံယူထားတာကိုတွေ့ရပါတယ်။ မြန်မာပြည်တွင်းစစ်နဲ့ ရှမ်းပြည်နယ်ထဲက လက်နက်ကိုင်ပဋိပက္ခတွေဟာ လူမျိုးစုကွဲပြားစုံလင်စွာတည်ရှိတဲ့ ရှမ်းနယ်တွေထဲမှာ ပထဝီနိုင်ငံရေး ဒိုင်းနစ်မပုံစံမျိုးမျိုးနဲ့ ကျေးဇူးပြုနေပါတယ်။ အဲသည့်ကြားထဲမှာ၊ ရှမ်းပြည်နယ်ထဲမှာ ရှမ်းတပ်နှစ်တပ်ထက် စစ်ရေးအရ အားသာတဲ့ သံလွင်မြစ် အရှေ့ဘက်ခြမ်းက ဝတပ် - UWSA ရှိလာခြင်းဟာ ရှမ်းတွေကို ရှမ်းနယ်ထဲမှာ ဂါးဒီးယန်းအဆင့်ကနေ ဖယ်ရှားလိုက်သလိုဖြစ်ပါတယ်။ ဒါ့ကြောင့် ရှမ်းနယ်တွေရဲ့ စစ်ရေးအရ စီရင်ခွင့်ဟာ ရှမ်းတပ်နှစ်တပ်လက်အောက်မှာ သိပ်မရှိတော့ဘဲနဲ့ လက်နက်ဩဇာထူထောင်ထားတဲ့ ဝတပ်-UWSA လက်အောက်မှာ ရှိလာတာကို တွေ့ရပါတယ်။

❐ ရှမ်းတပ် နှစ်တပ်ရဲ့ အခြေအနေ

Min Thayt - Official

29 Oct, 05:24


❐ ရှမ်းနယ်တစ်ခုလုံးကို ဘယ်သူမှ ဂါးဒီးယန်း မလုပ်နိုင်

၁၉၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ Federated Shan State မိုဒယ်ဟာ ဗြိတိသျှအင်္ဂလိပ်ကိုလိုနီအစိုးရက ဂါးဒီးယန်းအနေနဲ့ ကြီးမှူးကြီးတော့ တည်ဆောက်ခဲ့တဲ့ ရှမ်းပြည်နယ်တွင်းက အုပ်ချုပ်ရေးမိုဒယ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲသည့်တုန်းက တရုတ်ပြည်မကြီးကလည်း သူ့ဒုက္ခနဲ့ သူ၊ သူ့ပြဿနာနဲ့သူ ဗြဲလရမ်းကြီးဖြစ်နေတာကြောင့် တရုတ်ဟာ ရှမ်းပြည်အရေးကို လွှမ်းမိုးဖို့ လက်တံခြေတံ မရှိပါဘူး။ ဒါပေမယ့် အခုအခြေအနေကတော့ တရုတ်ဟာ ကမ္ဘာ့ဂလိုဘယ်ပါဝါအဆင့်ကို ရောက်လာပြီး စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာ အင်အားတွေ အထွဋ်အထိပ်ကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။ အလားတူပဲ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယတို့ကလည်း ဖွံ့ဖြိုးမှုမြင့်မားလာတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာစစ်တပ်ကလည်း မြန်မာပြည်တွင်းရေးမှာ အဓိက အင်အားကြီးဇာတ်ကောင်တစ်ခုအနေနဲ့ ရှိနေပါတယ်။ ဒါပေမယ့် ရှမ်းပြည်အရေးနဲ့ပတ်သက်ပြီးတော့ ဘယ်သူကမှ ဂါးဒီးယန်းအနေအထားမှာ ထိန်းချုပ်အုပ်မိုးနိုင်တာ မရှိပါဘူး။ တရုတ်ကလည်း အဲသည့်လို မလုပ်နိုင်သလို၊ ထိုင်းကလည်း မလုပ်နိုင်ပါဘူး။ မြန်မာစစ်တပ်ကိုယ်၌သည်ပင် ရှမ်းနယ်ထဲက လူမျိုးစုလက်နက်ကိုင်တပ်တွေအပေါ်မှာ ဩဇာလွှမ်းမိုးမှု မရှိပါဘူး။

ရှမ်းပြည်နယ်ထဲက ရှမ်းတပ်နှစ်တပ်ကလည်း ပိုင်ရာဆိုင်ရာဒေသတွေကိုသာ ထိန်းချုပ်နိုင်ပြီး ရှမ်းပြည်နယ်အတွင်းက ရှမ်းမဟုတ်သော လူမျိုးစုတပ်တွေရဲ့ နယ်တွေမှာ လက်တံခြေတံ ရိုက်ချိုးခံထားရတာတွေ့ရပါတယ်။ ဝတပ်တွေဟာ ဝတပ်ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ ကိုးကန့်တပ်တွေဟာ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ တအာင်းတပ်တွေက တအာင်းတပ် ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ မိုင်းလားကလည်း ၎င်း ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ ပအိုဝ်းကလည်း ပအိုဝ်းတပ် ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်တွေကလည်း ကချင်တပ် ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ မြန်မာစစ်တပ်ကလည်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ ဆိုင်ရာဆိုင်ရာ ပြည်သူ့စစ်အဖွဲ့ငယ်လေးတွေကလည်း ၎င်းတို့ ထိန်းချုပ်ထားတဲ့ စစ်ရေးနယ်တွေကို စိုးမိုးထားတယ်။ ရှမ်းတပ် နှစ်တပ်ကလည်း သူ့နယ်၊ ကိုယ့်နယ်ခွဲပြီးတော့ ရှမ်းနယ်တွေကို ခွဲခြားထိန်းချုပ်စိုးမိုးထားတာတွေ့ရတယ်။

❐ ထို့ကြောင့်… ဤသို့

ရှမ်းပြည်နယ်မှာ ဒီလို အသီးသီးအသသသော စစ်ရေးထိန်းချုပ်ထားတဲ့ နယ်မြေတွေ ရှိနေခြင်းကြောင့် တရုတ်ကလည်း ဂါးဒီးယန်းမလုပ်နိုင်၊ မြန်မာစစ်တပ်ကလည်း ဂါးဒီးယန်းအခန်းကဏ္ဍမှာ မရှိ၊ ထိုင်းကလည်း ဂါးဒီးယန်းလုပ်နိုင်တဲ့အထိ မစွမ်းသာတဲ့အခါ ရှမ်းပြည်နယ်ဟာ သူ့သဘောသူဆောင်ပြီး ဖြစ်ထွန်းနေတာတွေ့ရပါတယ်။ ဒါဟာ Fragmented Shan State လို့ ပြောနိုင်တဲ့ အနေအထားဖြစ်နေတယ်လို့ ယူဆရပါတယ်။

မင်းသေ့
၂၉ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

29 Oct, 05:24


ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ကိုယ်တိုင်သည်ပင်လျှင်၊ ဝတပ်- UWSA ရဲ့ စစ်ရေးအရိပ်အာဝါသအောက်ကို တိုးဝင်လာရသလိုဖြစ်လာပါတယ်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS ကတော့ ဝတပ် - UWSA ရဲ့ ဩဇာကို ထိန်းကျောင်းမယ့် နည်းလမ်းတွေကို အစဉ်တစိုက်ရှာဖွေအားထုတ်နေတာတွေ့ရပါတယ်။ တော်လှန်လိုစိတ် ပြင်းထန်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေဟာ စစ်ရေးအရ မြန်မာစစ်တပ်ကို ထိပ်တိုက်တိုးဖို့ လက်မတွန့်တဲ့ မြောက်ပိုင်း ရှမ်းတပ် SSPP ကို အားပေးပေမယ့်၊ တစ်ဖက်မှာလည်း ဝတပ် - UWSA ရဲ့ လောင်းရိပ်မိလာတဲ့ SSPP ကို ဝေဖန်ထောက်ပြကြပါတယ်။ ဝတပ်တွေ တန်ခိုးထွားတာကို ရှမ်းအမျိုးသားရေးလက်ယာစွန်းကို ရောက်နေတဲ့ RCSS ကို ရှမ်းတွေက ပိုပြီး အားကိုးချင်လာပါတယ်။ RCSS ကလည်း အမေရိကန်နောက်ခံ ရှိတဲ့ ထိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်တာကို တွေ့ရပါတယ်။ ထိုင်းတွေအနေနဲ့လည်း တရုတ်လွှမ်းမိုးတဲ့ ဝတပ် - UWSA အင်အားထွားလာတာကို ပါဝါချိန်ခွင်လျှာညှိဖို့အတွက် RCSS ကို နောက်ခံထားပြီး လုပ်ဆောင်ဖို့ အားထုတ်တာတွေ့ရပါတယ်။ RCSS ဟာ ထိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်သလို၊ မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ထားတာတွေ့ရပါတယ်။ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကလည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို တွေ့ရပြန်ပါတယ်။ ဒါတွေဟာ ရှမ်းနယ်တွေထဲမှာ ခြေကုတ်ယူထားတဲ့ ရှမ်းတပ်နှစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပထဝီနိုင်ငံရေးဒိုင်းနမစ် ရာသီဥတုထဲက မျက်နှာစာတွေပဲဖြစ်ပါတယ်။

❐ ရှမ်းပြည်ညီညွတ်ရေး လုပ်နိုင်ခဲရခြင်း အကြောင်းရင်း

ပထဝီနိုင်ငံရေးဒိုင်းနမစ် မျက်နှာစာပေါင်းများစွာ ရှိတာဟာ တစ်ဖက်မှာလည်း ရှမ်းပြည်ညီညွတ်ရေးနဲ့ ရှမ်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် ကြီးစွာသော စိန်ခေါ်ချက်ဖြစ်လာပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ တရုတ်၊ ထိုင်းနဲ့ မြန်မာတို့ရဲ့ ပထဝီနိုင်ငံရေး မျက်နှာစာတွေ လွှမ်းမိုးဖြစ်ထွန်းလေလေ၊ ရှမ်းပြည်ညီညွတ်ရေးနဲ့ ရှမ်းအမျိုးသားတို့ တစ်စည်းတစ်လုံးတည်း စုစည်းညီညွတ်ဖို့ဆိုတာ အင်မတန် ခက်ခဲလာနိုင်ပါတယ်။ ယခု တည်ဆဲ ပစ္စုပ္ပန်ကာလမှာလည်း ရှမ်းပြည်နယ်ဟာ နယ်နိမိတ်အားဖြင့် မြေပုံတစ်ခုတည်းရှိနေတယ်ဆိုပေမယ့် ပြည်နယ်ခွဲထွက်ရေး အာဂျင်ဒါတွေ ရှိနေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ အလှုပ်အရှားတွေကြားထဲမှာ ဖြစ်တည်နေပါတယ်။

ဝတပ် - UWSA ဟာ သူထိန်းချုပ်ထားတဲ့ အခြေခံဒေသတွေမှာ၊ ဝပြည်နယ် ဆိုတဲ့ အသုံးအနှုန်းကို တိုက်ရိုက်သုံးစွဲတာတွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တအာင်းတွေက တအာင်းပြည်နယ် ဖြစ်ထွန်းဖို့ တည်ဆောက်နေတာတွေ့ရပါတယ်။ ကိုးကန့်နဲ့ မိုင်းလားတို့ကလည်း ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဧရိယာအသီးသီးမှာ ကျစ်ကျစ်လစ်လစ် ထိန်းချုပ် အုပ်မိုးဖို့ အထူးကြိုးစားတာတွေ့ရပါတယ်။ ရှမ်းပြည်နယ်ထဲမှာ ရှမ်းနှစ်ဖွဲ့က ကိုယ်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းနယ်တွေ သီးခြားရှိနေသလို၊ ရှမ်းတို့ကို ခြိမ်းခြောက်လာနိုင်တဲ့ မြန်မာစစ်တပ်နဲ့ ဖက်လှဲတကင်းဖြစ်တဲ့ ပအိုဝ်းတပ်ရဲ့ အင်အားကြီးထွားမှုကိုလည်း ရှမ်းတွေရဲ့ စိတ်မှာ မသိုးမသန့်ဖြစ်နေပါတယ်။

ဒီလို လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို မြေပုံဇယားချကြည့်လိုက်ရင်၊ ရှမ်းပြည်နယ်ဟာ တချိန်က Federated Shan State လို ဖြစ်မနေဘဲ၊ Fragmented Shan State လို ဖြစ်နေတာတွေ့ရပါတယ်။ ရှမ်းပြည်နယ်တွေကို အစိတ်အပိုင်းအားဖြင့် ခွဲခြားကြည့်ရင် ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ ရယ်လို့ အကြမ်းဖျင်း ပြောကြပေမယ့်၊ တကယ်တမ်းကျတော့ ရှမ်းပြည်နယ်ထဲမှာ

• (၁) ဝတပ်တွေ ထိန်းချုပ်တဲ့ နယ်မြေ၊
• (၂) ပအိုဝ်းတပ်တွေ ထိန်းချုပ်တဲ့ နယ်မြေ၊
• (၃) တအာင်းတပ်တွေ ထိန်းချုပ်တဲ့ နယ်မြေ၊
• (၄) မိုင်းလား ထိန်းချုပ်တဲ့ နယ်မြေ၊
• (၅) ကိုးကန့်တပ် ထိန်းချုပ်တဲ့ နယ်မြေ၊
• (၆) ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ထိန်းချုပ်တဲ့ နယ်မြေ၊
• (၇) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ထိန်းချုပ်တဲ့နယ်မြေ ဆိုပြီး အုပ်စိုးမှုမြေပုံတွေ ကွဲပြားနေတာကို တွေ့ရပါတယ်။

အဲသည့်ထဲမှာ၊ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းနယ်တွေလည်း အမြောက်အမြား ရှိနေတာတွေ့ရပါသေးတယ်။ တခြားသော လူမျိုးစုငယ်တွေကို ပြည်သူ့စစ်အဖွဲ့အနေနဲ့ ဖွဲ့ပေးထားပြီး ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ အုပ်ချုပ်ရေးပုံစံတစ်ရပ် ဖြစ်ထွန်းတာကို တွေ့ရပါတယ်။ အဲသည့်လို သူ့နည်းသူ့ဟန်နဲ့ အုပ်ချုပ်ရေးပုံစံတွေဖြစ်နေပေမယ့် ရှမ်းပြည်နယ်ထဲမှာဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ Disorganized Armed Groups တွေတော့ မဟုတ်ပါဘူး။ Organized Armed Groups တွေဖြစ်တာကို တွေ့ရလို့ ရှမ်းပြည်နယ်ထဲက ပြည်သူလူထုအတွက် အသက်ရှုပေါက်ချောင်ဖွယ်ရာ ရှိတယ်ဆိုနိုင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက ဗမာအညာဒေသမှာဖြစ်ထွန်းတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေလို Disorganized Armed Groups တွေဖြစ်တယ်ဆိုရင်တော့ ရှမ်းပြည်သူလူထုအတွက် ဘယ်သူ့အဖေခေါ်ရမလဲ မသိဘဲ မျက်စိသူငယ်နားသူငယ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင့်ထက်စီးနင်းလုပ်မှုကို အတားအဆီးမဲ့၊ အကန့်အသတ်မဲ့ ခံရလာနိုင်ချေ ရှိပါတယ်။

Min Thayt - Official

29 Oct, 05:24


■ အက်ကွဲကြောင်းများနှင့် ရှမ်းပြည်

• ဤဆောင်းပါးသည်၊ ပဒေသရာဇ်သမိုင်းမှာဖြစ်ထွန်းခဲ့သည့် ရှမ်းနယ်က စော်ဘွားများ၏ အာဏာအယိမ်းအနွှဲ့ကို နိဒါန်းတင်ထားပြီး ဗြိတိသျှအင်္ဂလိပ်ကိုလိုနီခေတ်မှာ Federated Shan State ရယ်လို့ ဖြစ်ခဲ့ပေမယ့် ယခုတော့ Fragmented Shan State ရယ်လို့ ဖြစ်နေကြောင်း တင်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

❐ ဘာ့ကြောင့် အဘယ့်ကြောင့်

ပုဂံအပျက်မှာ၊ ရှမ်းတွေ အင်အားကောင်းလာပြီး ရှမ်းမင်းတွေက ပုဂံ၊ ပင်းယ၊ အင်းဝနဲ့ စစ်ကိုင်းတို့မှာ ဝင်ရောက်အုပ်ချုပ်နိုင်ခဲ့တဲ့ သမိုင်းသာဓက ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခု ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းစစ်ဖြစ်နေတာကြောင့်၊ မြန်မာဗဟိုအစိုးရ အင်အားချိနဲ့ နေချိန်မှာတောင် ရှမ်းတွေက ရှမ်းပြည်နယ်မှာ ရှမ်းမဟုတ်သော လူမျိုးစုတပ်ဖွဲ့တွေကို ဂါးဒီးယန်းနေရာကနေ ကြီးမှူးနိုင်စွမ်း မရှိတာကို တွေ့ရပါတယ်။ အဲဒါဟာ ဘာ့ကြောင့်ဖြစ်နိုင်ပါသလဲ။

❐ ရှမ်းနယ်ထဲက လက်နက်ကိုင်အင်အားစုများ

မြန်မာနိုင်ငံမှာ၊ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်ပုန်ကန်ထကြွမှုတွေ များလာတာကြောင့်၊ ပြည်မက ဗမာလူငယ်တွေနဲ့ တိုင်းရင်းသားဒေသအသီးသီးက လူငယ်တွေက မြန်မာဗဟိုအစိုးရကို ခေတ်အဆက်ဆက် တော်လှန်ခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေ ခြေကုတ်ယူတဲ့ဒေသတွေကို သွားရောက်ပြီး၊ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ပုန်ကန်ခြားနားဖို့ ကြိုးစားခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အများဆုံး ကိန်းအောင်းတည်ရှိနေတဲ့ ပြည်နယ်ဟာ ရှမ်းပြည်နယ်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်အင်အား သောင်းဂဏန်း ရှိတဲ့ ဝတပ်၊ တအာင်းတပ်၊ ရှမ်းတပ်နဲ့ ပအိုဝ်းတပ်တွေ ရှိနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ ကရင်နီ (ကယား) ပြည်နယ်အစပ်မှာ ကရင်နီတပ်တွေအပါအဝင်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ထိစပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကချင်တပ်တွေ လှုပ်ရှားကျင်လည်ကြတာတွေ့ရပါတယ်။ ရှမ်းတပ်နှစ်တပ်ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ဟာ တော်လှန်သောစိတ် ပြင်းပြထက်သန်တဲ့သဘောရှိတာကို တွေ့ရပါတယ်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS ကတော့ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ပလဲပနံသင့်အောင် အလွန်းသင့်စေဖို့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတဲ့ သဘောထားရှိပါတယ်။

❐ ယခင် ရှမ်းပြည်

ပဒေသရာဇ်ခေတ်တွေမှာ ဗမာဘုရင်တွေထဲမှာ လက်ရုံးအင်အား အားကောင်းမောင်းသန်ရှိပြီး အင်အားတောင့်တင်းတဲ့ မင်းတွေ ရှိခဲ့ဖူးပါတယ်။ အဲသည့်လို လက်ရုံးအင်အား စစ်အင်အား တောင့်တင်းတဲ့ ဗမာမင်းတွေလက်ထက်မှာ ရှမ်းစော်ဘွားတွေဟာ ဗမာဘုရင်တွေကို မိမိတို့ သက်ဆိုင်ရာဒေသတွေကို အနှောက်အယှက်မပေးဖို့ အခွန်ဘဏ္ဍာဆက်သပြီး အုပ်ချုပ်ခဲ့ကြတာတွေ့ရပါတယ်။ ဗမာဘုရင်တွေဟာ စော်ဘွားသားတွေနဲ့ စော်ဘွားတွေရဲ့ ညီတွေကို မင်းနေပြည်ကို ခေါ်ပြီး ထီးမူနန်းရာနဲ့ ယဉ်ပါးအောင် ထားတဲ့ အလေ့ကလည်း ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက်အထိ ရှိခဲ့တယ်လို့ သမိုင်းဆရာ ဘိုဘိုက ၂၀၁၉ ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ဘီဘီစီမြန်မာပိုင်းက ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် မှာ ရေးသားထားပါတယ်။ အဲသည့်လို မင်းနေပြည်တော်ကို ထီးမူနန်းရာနဲ့ ယဉ်ပါးစေအောင် စော်ဘွားရဲ့ သားနဲ့ ညီတွေကို ခေါ်ထားတယ်ဆိုတာဟာ တကယ်တော့ စော်ဘွား‌တွေ မပုန်ကန်ရဲအောင် ဓားစာခံထားတာသာဖြစ်တယ်လို့ ဘိုဘိုက ဝေဖန်ပါတယ်။ စော်ဘွားတွေဟာ ဗမာဘုရင်တွေကို လက်ဆောင်ဆက်တဲ့အခါ သင်္ကြန်နဲ့ ဝါဝင်၊ ဝါထွက်တွေမှာ ဆက်သရတယ်လို့ ဆိုပါတယ်။ အဲသည့်လို အခွန်ဘဏ္ဍာ ပုံမှန် မဆက်သဘူးဆိုရင် စော်ဘွားတွေကို ပုန်ကန်ခြားနားသူလို့ ဗမာဘုရင်တွေက သတ်မှတ်တယ်လို့ ဆိုပါတယ်။ တရုတ်နယ်တွေနဲ့ နီးတဲ့ စော်ဘွားတွေက တရုတ်ဘက်ကိုလည်း အခွန်ဘဏ္ဍဆက်ရသလို၊ ယိုးဒယားနဲ့ နီးတဲ့ စော်ဘွားတွေကလည်း ယိုးဒယားဘက်ကို လက်ဆောင်ဆက်နေရတာကြောင့် နှစ်ဖက်သုံးဘက်ကို သစ္စာခံသလို ဖြစ်နေတယ်လို့ သမိုင်းဆရာ ဘိုဘိုက ဝေဖန်ထောက်ပြပါတယ်။

❐ ဘက်မျှအောင် နေကြရတဲ့ ရှမ်းတွေ

Min Thayt - Official

28 Oct, 15:06


https://www.youtube.com/watch?v=9iNYS5pA43A

Min Thayt - Official

28 Oct, 14:54


https://www.youtube.com/watch?v=FzyogNY0z78

Min Thayt - Official

28 Oct, 14:43


https://www.youtube.com/watch?v=vUA-ESbaet0

Min Thayt - Official

28 Oct, 04:55


ဒါ့အပြင် ကမ္ဘာကြီးနဲ့ သီးခြားတည်ရှိနေတဲ့ ကမ္ဘာငယ်လေးလို မြင်နိုင်မယ့် ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ် ဖောက်ကားရာ ရွှေတြိဂံလို ဒေသမျိုးနဲ့လည်း ဆက်စပ်ဖြစ်တည်နေတာမို့၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နိုင်ခါမှ တော်ခါကျမယ်လို့ပြောနိုင်ပါတယ်။

မင်းသေ့
၂၈ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

28 Oct, 04:55


ရှမ်းပြည်နယ်၏ ပထဝီနိုင်ငံရေး ဒိုင်းနမစ်

ရှမ်းပြည်နယ်ရဲ့ ပထဝီနိုင်ငံရေးဒိုင်းနမစ်ကို နားမလည်ဘဲနဲ့၊ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အတက်အကျ - အနိမ့်အမြင့် - အချိုးအကွေ့ကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ ပထဝီနိုင်ငံရေးဒိုင်းနမစ်ကို နားလည်ဖို့အတွက် ရှမ်းပြည်နယ်တွင်းကို လွှမ်းမိုးသက်ရောက်နေတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံရေးဥတုရာသီကိုလည်း နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ရဲ့ ပထဝီနိုင်ငံရေးကို လွှမ်းမိုးနေတာက တရုတ် နဲ့ ထိုင်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးသဘောထားတွေပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေဟာ တရုတ် - မြန်မာဆက်ဆံရေးနဲ့ ထိုင်း-မြန်မာဆက်ဆံရေး ပုံစံ အလှည့်အပြောင်းတွေက ပုံသွင်းယူနေတယ်လို့ ပြောနိုင်ပါတယ်။

❐ ယခင် - ယခု ဆက်စပ်မှု

၁။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးဟာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်မှုတွေကို ထိပါးနှောက်ယှက်ပေးခဲ့ပါတယ်။ အတိတ်မှာလည်း တရုတ်ဖြူ - တရုတ်နီ တို့ အချင်းချင်း တိုက်ကြတဲ့ တရုတ်ပြည်တွင်းစစ် [၁၉၄၅ - ၁၉၄၉] ကြောင့်၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်မှုကို ပျက်ပြားစေခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် လွတ်လပ်ပြီးခေတ် မြန်မာပြည်ရဲ့ ၁၉၅၀ တစ်ဝိုက်မှာ တရုတ်နီကွန်မြူနစ်တွေရဲ့ တိုက်ထုတ်မှုကြောင့်၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်ဖြူကူမင်တန်တွေဟာ တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အတွင်းကို ဝင်ရောက်ခြေကုတ်ယူ ကျူးကျော်လာခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ တရုတ်ဖြူကူမင်တန် ၁၇၀၀ လောက်သာ ရှိရာကနေ၊ ၁၉၅၁ ခုနှစ်မှာတော့ ကူမင်တန် တရုတ်ဖြူတွေ ၄၀၀၀ လောက်အထိ ရှိလာတယ်လို့၊ ၂၀၁၈ ဧပြီလ ၂၈ ရက်နေ့က ဘီဘီစီ - မြန်မာပိုင်းက ဖော်ပြတဲ့ စိုင်းထွန်းအောင်လွင်ရဲ့ ဆောင်းပါး မှာ ဖော်ပြပါတယ်။ ၁၉၅၃ ခုနှစ်အကုန်လောက်မှာတော့ ကူမင်တန်တရုတ်ဖြူတပ်တွေ ၁၂,၀၀၀ လောက်အထိ ရှိလာတယ်လို့ စိုင်းထွန်းအောင်လွင်က ရေးပါတယ်။

တရုတ်ဖြူ ကူမင်တန်တွေရဲ့ အကြံကတော့၊ မြန်မာပြည်ဘက်က ရှမ်းပြည်နယ်အတွင်းမှာ ခြေကုတ်ယူ အားဖြည့်ပြီးတော့ ပြည်မကြီး တရုတ်ကို စိုးမိုးထားတဲ့ တရုတ်နီကွန်မြူနစ်တွေကို ပြန်လည် တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ တရုတ်ဖြူ ကူမင်တန်တွေရဲ့ နောက်ကွယ်က အားပေးသူက အမေရိကန်ဖြစ်ပါတယ်။ အမေရိကန်ဟာ ထိုင်းဘက်ကနေ တစ်ဆင့် ရှမ်းပြည်နယ်အတွင်းကို ခြေကုတ်ယူ အားမွေးဖို့ ပြင်ဆင်နေတဲ့ တရုတ်ဖြူ ကူမင်တန်တွေကို စစ်ရေးအရ အထောက်အပံ့ပေးဖို့ လုပ်ခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်မှာ၊ တရုတ်ပြည်မကြီးကို ခြေကုတ်ယူအုပ်စိုးထားနိုင်တဲ့ ကွန်မြူနစ်အစိုးရအဖွဲ့ခေါင်းဆောင်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ [PRC] ထူထောင်ခြင်းကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ ကွန်မြူနစ်မဟုတ်သောနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ် - မြန်မာနယ်စပ်အတွင်း ကျူးကျော်လာတဲ့ တရုတ်နီတို့ရဲ့ ရန်သူ၊ တရုတ်ဖြူ ကူမင်တန်တွေကို စစ်ရေးအရ တရုတ်တပ်နီတော်နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ဖို့ ကြံစည်အားထုတ်ခဲ့ပါတော့တယ်။ အဲသည့်လို အားထုတ်ချက်ဟာ မြန်မာဗဟိုအစိုးရအဖို့ ရှမ်းပြည်နယ်ထဲကို စစ်သားအလုံးအရင်း ပို့လွှတ်ပြီး စစ်ဆင်ရေးတွေ လုပ်ဖို့ ဆိုင်းပြင်းခဲ့ပါတော့တယ်။ “ကူမင်တန် တရုတ်ဖြူတပ်ဖွဲ့တွေရဲ့ ကျူးကျော်ခံရမှုနဲ့ အဲဒီပြည်ပ ကျူးကျော် သူတွေကို ဗမာ့ တပ်မတော်က မောင်းထုတ် တိုက်ခိုက်ရာမှာ ရှမ်းလူထုဟာ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာပင်ဖြစ် ခဲ့ရတယ်” ရှမ်းဝါရင့်နိုင်ငံရေးသမား ဦးထွန်းမြင့်က ရေးခဲ့ဖူးပါတယ်။

တရုတ် - မြန်မာနယ်စပ်မျဉ်းကို ကျူးကျော်လာတဲ့ တရုတ်ဖြူကူမင်တန်အရေးကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်ဟာ အရှေ့လေနဲ့ အနောက်လေတို့ရဲ့ အပြိုင်းအရိုင်းတိုက်ခတ်မှုကို ခံခဲ့ရပါတယ်။ ဒါဟာ တစ်ဖက်က ကြည့်ရင်၊ ဂလိုဘယ်ပါဝါ အားပြိုင်မှုအကြားက မြေစာပင်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ၁၉၅၀ ခုနှစ်တစ်ဝိုက်တုန်းက၊ တရုတ်နီ (PRC) ဟာ ဂလိုဘယ်ပါဝါအဆင့်ကို ရောက်မလာသေးပါဘူး။ ဒါပေမယ့် နိုင်ငံအရ ဧရိယာကြီးမားပြီး၊ တရုတ်လူဦးရေအရ သန်း (၅၀၀) ကျော် ရှိနေတဲ့ တရုတ်အဖို့ အရှေ့လေထုကို ဖန်တီးနိုင်တဲ့ အင်အားရှိထားပြီးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အရှေ့လေနဲ့ အနောက်လေတို့ အပြိုင်တိုက်ခတ်မှုကို ရှမ်းပြည်နယ်က ချမ်းချမ်းတုန်အောင် စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်တစ်ဝိုက်က ကူမင်တန်အရေးကိစ္စသည်ပင်၊ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခကို တစ်စတစ်စ မီးမွှေးပေးရင်းနဲ့ ရှမ်းပြည်နယ်က ယခုအချိန်အထိ စစ်မီးလောင်စာတွေ အထည့်ခံရပြီး လက်နက်ကိုင်ပဋိပက္ခဟာ အဆိုးကျော့သံသရာ လည်နေတော့တာပဲ ဖြစ်ပါတယ်။

❐ ရှမ်းအမျိုးသားလက်နက်ကိုင်လှုပ်ရှားမှု ပေါ်ပေါက်ခြင်း

Min Thayt - Official

28 Oct, 04:55


၂။ ရှမ်းပြည်တွင်းစစ်ရဲ့ မီးစဟာ ပထဝီနိုင်ငံရေး အခြေအနေက တွန်းပို့တာကြောင့် လူးလိမ့်ပြီး သက်ဆိုးရှည်လာသလို၊ တစ်ဖက်မှာလည်း လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေလည်း အင်အားကြီးထွားလာပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာဗဟိုအစိုးရရဲ့ လူမျိုးရေးဆိုင်ရာသဘောထား တင်းမာခက်ထန်မှုတွေဟာ တစ်ဖက်မှာလည်း ရှမ်းအမျိုးသားရေးကို အစွန်းရောက်အောင် တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ရဲ့ သားဖြစ်သူ ယူဂျင်းသိုက်လို့ လူသိများတဲ့ စဝ်ဇန့်ယောင်ဟွေ [၂၆ ဧပြီ ၁၉၃၉ - ၂၄ ဇူလိုင် ၂၀၀၄] ကတော့ “ရှမ်းအမျိုးသားရေးဝါဒဟာ အစွန်းရောက်ဗမာအမျိုးသားရေးဝါဒရဲ့ အကျိုးဆက်ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

မြန်မာဗဟိုအစိုးရရဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအမြင် တိမ်းစောင်းမှုတွေဟာ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုမှာ လက်နက်ကိုင်လမ်းစဉ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းအောင် တွန်းအားပေးသလို ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပြည်ထောင်စုအဖြစ် အတူတကွနေထိုင်ကြဖို့ သဘောညီခဲ့ကြတဲ့ ပင်လုံသဘောတူညီမှုဟာ မြန်မာဗဟိုအစိုးရရဲ့ ဗမာလူမျိုးကြီးဝါဒဇာတ်သွင်းမှုကြောင့် တဖြည်းဖြည်း ယုံကြည်မှုပျက်ယွင်းတဲ့ ပြဿနာပေါ်ပေါက်လာပါတယ်။ နိုင်ငံရေးအရ လူမျိုးစုခေါင်းဆောင်တွေ အချင်းချင်း သဘောတူညီခဲ့တဲ့ ပင်လုံသဘောတူညီချက်နဲ့ ပါလီမန်ဒီမိုကရေစီအစိုးရက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အလွဲသုံးစားလုပ်ပြီး၊ ရှမ်းတို့ရဲ့ ဖက်ဒရယ်တောင်းဆိုမှုတွေကို မျက်ကွယ်ပြုခဲ့ပါတယ်။ ရှမ်းတို့ရဲ့ ဖက်ဒရယ်တောင်းဆိုမှုတွေကို နိုင်ငံရေးအရ လျစ်လျှူရှုခြင်းနဲ့ ပဒေသရာဇ်ရှမ်းစော်ဘွားတွေကို အာဏာဖြုတ်သိမ်းဖို့ ကြိုးစားတဲ့လုပ်ရပ်တွေဟာ ရှမ်းအမျိုးသားရေးစိတ်ကို မခံချင်အောင် နိုးဆွသလိုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းအမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်တွေကို လက်နက်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာဗဟိုအစိုးရက အားထုတ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း မြန်မာဗဟိုအစိုးရကိုယ်၌က ဂိုဏ်းဂဏအကွဲအပြဲ၊ အာဏာလွန်ဆွဲအားပြိုင်မှုတွေကြားထဲမှာ (ဖဆပလအကွဲအပြဲ) ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး၊ ရှမ်းအရေးကို ချည်းကပ်ရာမှာ လုပ်ထုံးလုပ်နည်းတွေ၊ နည်းနာတွေ လွဲမှားခဲ့တာတွေ့ရပါတယ်။ အဆိုးရွားဆုံးသော နည်းနာအမှားကတော့ ရှမ်းအရေးကို လက်နက်နဲ့ ဖိနင်းခြိမ်းခြောက်ပြီး ငြိမ်ဝပ်အောင် လုပ်ဆောင်ဖို့ မြန်မာဗဟိုအစိုးရခေါင်းဆောင်တွေက အားထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ဖဆပလအကွဲအပြဲကြောင့်၊ နိုင်ငံတော်ဦးဆောင်မှုကို မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းဆီကို ယာယီလွှဲအပ်ထားတဲ့ ၁၉၅၈ ခုနှစ်ကာလတစ်ဝိုက်မှာ၊ ရှမ်း - ဗမာဆက်ဆံရေး ယိုယွင်းမှု ကျယ်ပြန့်လာခဲ့တာတွေ့ရပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးချိန်မှာတော့ ရှမ်း-ဗမာဆက်ဆံရေး အတင်းမာဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး၊ ရှမ်းအမျိုးသားလက်နက်ကိုင်လှုပ်ရှားမှုလည်း တဖြည်းဖြည်းနဲ့ အမြင့်မားဆုံးအထိ ရောက်ရှိလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုကို နိုင်ငံရေးနည်းထက် လက်နက်ကိုင်နည်းကို ပိုပြီး အားသန်ပြီး ဦးစားပေးလာရတဲ့ အနေအထားကို ရောက်ရှိလာပါတယ်။

❐ အရှေ့လေနဲ့ အနောက်လေ တိုက်ခတ်မှုအကြားက ရှမ်းပြည်

၃။ ရှမ်းပြည်နယ်ဟာ ကူမင်တန်တရုတ်ဖြူအရေးကို အကြောင်းပြုပြီး အရှေ့လေနဲ့ အနောက်လေတို့ အကြား ပထဝီနိုင်ငံရေးအားပြိုင်မှုရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရသလို၊ တစ်ဖက်မှာလည်း ရှမ်းအမျိုးသားလက်နက်ကိုင်လှုပ်ရှားမှုကနေ ကျယ်ပြန့်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်၊ ပါလီမန်ဒီမိုကရေစီခေတ် အစပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ တရုတ်ဖြူကူမင်တန်ကိစ္စနဲ့ ပါလီမန်ဒီမိုကရေစီခေတ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေကနေ အစပြုခဲ့တဲ့ ရှမ်းပြည်တွင်းစစ်ရဲ့ အပြန့်ကျယ်မှုဟာ၊ ယနေ့ခေတ် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးကာလအထိ ရှည်ကြာစွာ တည်ရှိနေတာပဲဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဧရိယာမှာ အပြင်းထန်ဆုံးနဲ့ အနက်ရှိုင်းဆုံးအထိ ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြစ်ထွန်းတဲ့ မြန်မာပြည်တွင်းစစ်ကို ခြုံငုံကြည့်ရင် အရှေ့လေနဲ့ အနောက်လေတို့ရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု ပယောဂကနေလည်း မကင်းလွတ်ဘူးလို့ ပြောနိုင်ပါတယ်။ လက်ရှိ မြန်မာပြည်တွင်းစစ်အရေးမှာ၊ အနောက်လေကို ဦးဆောင်တဲ့ အမေရိကန်ရဲ့ လက်နက်ထောက်ပံ့မှုတွေဟာ ယခင် တရုတ်ဖြူကူမင်တန်တွေကို ထောက်ပံ့ခဲ့သလိုမျိုး မရှိဘူးလို့ ပြောနိုင်ပေမယ့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဂလိုဘယ်ပါဝါအားပြိုင်မှုတွေဟာ မြန်မာ့အရေးအပေါ်မှာ လွှမ်းမိုးသက်ရောက်နေတာတွေ့ရပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေအပေါ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ရှိတာတွေ့ရပါတယ်။

❐ ရှမ်းတပ်နှစ်တပ် နှင့် ရှမ်းပြည်

Min Thayt - Official

28 Oct, 04:55


၄။ တရုတ် - မြန်မာနယ်စပ်ဆိုတာကလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က တိုက်ရိုက်ထိတွေ့ရတဲ့ ပြည်နယ်တွေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေကို နှိမ်နင်းဖြိုခွင်းဖို့အတွက် မြန်မာစစ်အစိုးရအဆက်ဆက်က ကြံစည်အားထုတ်ခဲ့သလို၊ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း လူမျိုးစုလက်နက်ကိုင်အင်အားစုတွေနဲ့ မြန်မာစစ်တပ်ဟာ အပြင်းအထန် စစ်ပွဲတွေဖြစ်ထွန်းနေပါတယ်။ လူမျိုးစုလက်နက်ကိုင်အင်အားစု အရေအတွက် အများဆုံးရှိနေတဲ့ ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်ပဋိပက္ခကို ဘယ်အချိန်အထိ ဆက်လက်ခံစားနေရမလဲဆိုတာကို ကံသေကံမ မပြောနိုင်ပါဘူး။

ရှမ်းပြည်နယ်ထဲမှာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ [EROs] တွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း [EAOs] တွေအပြင် ပြည်သူစစ်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ အပါအဝင် မြန်မာစစ်တပ်နဲ့ နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ခြေကုတ်ယူလှုပ်ရှားနေတာတွေ့ရပါတယ်။

ရှမ်းတပ် နှစ်တပ်ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS တို့ကလည်း မတူညီတဲ့ လက်နက်ကိုင်သဘောထားလမ်းစဉ်တွေ ရှိနေပါတယ်။ အထူးသဖြင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ဟာ တရုတ်အထောက်အပံ့ခံ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ဘက်ကို ယိမ်းတဲ့ အယူဝါဒ ရှိပြီး၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS ကတော့ အမေရိကန်နဲ့ နွှယ်တဲ့ ထိုင်းနဲ့ ပလဲပနံသင့်တဲ့ အယူဝါဒရှိတာတွေ့ရပါတယ်။ ဒါဟာ တရုတ်နဲ့ အမေရိကန်အကြား ဂလိုဘယ်ပါဝါအားပြိုင်မှုကို ကြားထဲကနေ proxy အနေနဲ့ ခံထားပေးတဲ့ ရှမ်းတပ် နှစ်တပ်ရဲ့ဖြစ်အင်ကို ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ တရုတ်အထောက်အပံ့ခံ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ရဲ့ အင်အားကြီးထွားလာမှုကို ပြန်လည် ထိန်းကျောင်းဖို့အတွက် ထိုင်းအစိုးရဟာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS ကို စစ်ရေးအထောက်အပံ့တွေ ပေးနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက The Wa of Myanmar ဆိုတဲ့ စာအုပ်မှာ ရေးပါတယ်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP က လက်ဝဲအတွေးအခေါ်ဘက် ယိမ်းတဲ့ အယူအဆရှိပြီး၊ တရုတ်အထောက်အပံ့ခံ ဝတပ် - UWSA ဆီက စစ်ရေးအကူအညီတွေ ရတာတွေ့ရပါတယ်။ ရှမ်းတပ် နှစ်တပ်လုံးဟာ ရှမ်းအမျိုးသားရေးဝါဒီတွေဖြစ်တယ်လို့ ပြောနိုင်ပေမယ့် RCSS ကတော့ ပိုပြီး အစွန်းရောက်တဲ့ ရှမ်းအမျိုးသားရေးဝါဒကို ကိုင်စွဲတယ်လို့ ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုတာတွေ့ရပါတယ်။ RCSS ခေါင်းဆောင် ယွက်စစ်ဟာ ထိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်သလို အမေရိကန်နဲ့လည်း ဆက်ဆံရေးဖြောင့်ဖြောင့်ဖြူးဖြူးရှိတယ်လို့ ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုတာ တွေ့ရပါတယ်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ကတော့ လက်ဝဲအတွေးအခေါ်ဘက် ယိမ်းတဲ့ ခေါင်းဆောင်တွေ ဦးဆောင်တာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း SSPP ဟာ စစ်ရေးအရ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာ ရရှိဖို့အတွက် ဝတပ် - UWSA ကို အားကိုးအားထားပြုနေရတာတွေ့ရပါတယ်။ ရှမ်းတပ်နှစ်တပ်ဟာ မြေပြင်မှာလည်း ရှမ်းအချင်းချင်း အပြင်းအထန် သတ်ဖြတ်တဲ့ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ရှမ်းခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေနဲ့ ဂိုဏ်းဂဏအကွဲအပြဲတွေဟာ အောက်ခြေမှာ ရှမ်းတပ်သားတွေ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြတဲ့ နယ်မြေလုပွဲတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒါဟာ ရှမ်းနှစ်တပ်ရဲ့ ခေါင်းဆောင်တွေအချင်းချင်း လက်ရုံးချင်းအားပြိုင်မှုလား၊ သို့တည်းမဟုတ် အရှေ့လေနဲ့ အနောက်လေ အပြိုင်တိုက်ခတ်မှုမှာ မြေစာပင် အဖြစ်ခံရတဲ့ သာဓကလား၊ သို့တည်းမဟုတ် တရုတ်နဲ့ ထိုင်းနိုင်ငံတို့အကြား အပြန်အလှန် သူပုန်မွေးတဲ့ proxy စစ်ပွဲတွေလားဆိုတာကို ဘယ်သူကမှ တိတိကျကျ မပြောကြပါဘူး။

❐ နက်ရှိုင်းစွာ ကျယ်ပြန့်စွာ ရှုမြင်ရမည့် ရှမ်းအရေး

၅။ တကယ်တော့ ရှမ်းပြည်တွင်းစစ်ဟာ ရှမ်းတပ် နှစ်တပ် ခေါင်းဆောင်တွေ အချင်းချင်း လက်ရုံးအားပြိုင်မှုထက် ပိုလွန်သလို၊ အရှေ့လေနဲ့ အနောက်လေ အပြိုင်တိုက်ခတ်မှုအကြား ယိမ်းနွှဲ့ရတဲ့ မြေစာပင်ထက်လည်း ပိုပါတယ်။

ဒါ့အပြင် ဘေဂျင်းအစိုးရ နဲ့ ဘန်ကောက်အစိုးရတို့အကြား အပြန်အလှန် သူပုန်မွေးပြီး အာဏာချိန်ခွင်လျှာကို ထိန်းထားတဲ့ အခြေအနေထက်လည်း ပိုလွန်နေတာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း ရှမ်းပြည်နယ်အတွင်းက လူမျိုးစုအသီးသီးရဲ့ အမျိုးသားရေးတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်တဲ့ တော်လှန်စစ်ပွဲတွေဆိုတာထက်လည်း ကျော်ကြည့်နိုင်ဖို့ လိုနေပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်မြေပြင်အဖြစ် ရှမ်းပြည်နယ်ကို မြင်တွေ့နိုင်သလို၊ ရှမ်းပြည်နယ်အတွင်းမှာ အပြန်အလှန် နယ်မြေလုစစ်ပွဲတွေ ဆင်နွှဲတဲ့ မြို့ပြနိုင်ငံငယ်လေးများအဖြစ်လည်း မြင်နိုင်တွေ့နိုင်လို့ ရနေပြန်ပါတယ်။

Min Thayt - Official

26 Oct, 13:53


မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘဝ အပြောင်းအလဲတွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း သိသိသာသာ ပြောင်းလဲလာပါတယ်။ အဲသည့်အထဲမှာ၊ မြို့ပြနေ လူတန်းစားတွေထဲမှာ အခြေမဲ့ အနေမဲ့တွေ အတော်များလာတယ်။ အလေအလွင့်တွေလည်း များလာတယ်။ စားရမယ့် သောက်ရမယ့် လူဦးရေလည်း တိုးပွားလာတယ်။ မြို့ပြနေ လူတန်းစားတွေကြားထဲမှာ၊ ရာဇဝတ်မှု ခိုးမှု - လုယက်မှု၊ ခိုး - ဆိုး - လု - နှိုက်တွေလည်း အတော်များပြားလာတယ်။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့ ငွေကြေးဖောင်းပွမှုက၊ မြို့ပြနေ လူတန်းစားတွေထဲမှာ အခြေမဲ့အနေမဲ့တွေကို ပိုပြီးများပြားလာစေအောင် တွန်းပို့နေတယ်။ အဲသည့်ထဲမှာ၊ သေမထူးနေမထူး အလေအလွင့်တွေလည်း နေရာအနှံ့များပြားလာတယ်။ အထူးသဖြင့် ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာ၊ ဒီလိုပုံစံမျိုးတွေ ပိုပြီး အတွေ့ရများလာတယ်။

ဒါက အခြေအနေကို တင်ပြတာပါ။

ဒီအခြေအနေတဲ့ ဆက်စပ်ပြီးတော့၊ မြန်မာစစ်တပ်ရဲ့ စစ်သားရင်းမြစ် စုဆောင်းမှုပုံစံကို အနည်းငယ် ပြောချင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ ဒုလိုက်ဒေးလိုက်ဖြစ်လာတာကြောင့်၊ မြန်မာစစ်တပ်အနေနဲ့ လက်နက်ကိုင်ပုန်ကန်ခြားနားသူတွေကို ငြိမ်ဝပ်ပိပြားအောင် ချေမှုန်းဖို့အတွက် လုံ့လထုတ်ရပါတယ်။ တဖြည်းဖြည်းနဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပြင်းထန် ကျယ်ပြန့်လာပြီး၊ မြန်မာနိုင်ငံဟာ အကျယ်ပြန့်ဆုံး ပြည်တွင်းစစ်အခြေအနေအထိ ရောက်လာပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်လာချိန်မှာပဲ၊ မြန်မာစစ်တပ်ရဲ့ စစ်သားပြုန်းတီးမှုက ထင်မှတ်မထားနိုင်လောက်အောင် အကျအရှုံးများလာတယ်။ အဲသည့်ထဲမှာ တပ်ပြေးစာရင်းလည်း အပါအဝင်ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အရပ် (၈) မျက်နှာလုံးကို စစ်မျက်နှာဖွင့်တိုက်ရတဲ့ အခြေအနေဖြစ်ခဲ့တဲ့အပြင်၊ ဖွင့်လိုက်တဲ့ စစ်မျက်နှာတိုင်းကလည်း စစ်ရေးကျရှုံးမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ အဲသည့်လို စစ်ရေးကျရှုံးမှုတွေအများအပြားထဲမှာ၊ မြန်မာစစ်တပ်အတွင်း တိုက်ခိုက်ရေးစစ်သားဦးရေ အလွန်အမင်း ကျဆင်းလာဟာ အဓိက အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာပါတယ်။ မြန်မာစစ်တပ်အတွင်းမှာ စစ်သားပြုန်းတီးမှုဟာ အကျအရှုံးနဲ့ စစ်ပြေး အရေအတွက်ဟာ သောင်းဂဏန်းအထိ ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ပိုပြီး ဆိုးရွားတာက မြန်မာစစ်တပ်ရဲ့ တပ်သားရင်းမြစ် စုဆောင်းရာ ဗမာပြည်မ၊ အညာဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေအားလုံးဟာ မြန်မာစစ်တပ်ကို အလုံးအရင်းနဲ့ ဆန့်ကျင်တဲ့ နေရာဒေသတွေအဖြစ် အသွင်ပြောင်းလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း စစ်သားလိုအပ်ချက် မြင့်မားလာတဲ့ မြန်မာစစ်တပ်အဖို့၊ ပြုန်းတီး - ကျရှုံးသွားတဲ့ စစ်သားတွေနေရာမှာ အလျင်အမြန် အစားထိုးဖို့အတွက် ကမန်းကတန်း ပြင်ဆင်ရပါတော့တယ်။ ၂၀၂၄ ခုနှစ် နှစ်စပိုင်းက စပြီး၊ အရပ်သားအစိုးရသက်တမ်းအတွင်းမှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေကို လက်တွေ့ အသက်သွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။

မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးစားတဲ့နေရာမှာ၊ လက်တွေ့မြေပြင် အခြေအနေအရ လုပ်ထုံးလုပ်နည်း မှန်မှန်နဲ့ အသက်သွင်းဖို့ အင်မတန် ခက်ခဲတဲ့စိန်ခေါ်ချက်နဲ့ ကြုံတွေ့ရပါတယ်။ ဒါ့ကြောင့် မြန်မာစစ်အစိုးရအဆက်ဆက်တုန်းက ကြုံတွေ့ခဲ့တဲ့ သာဓကတွေအတိုင်း၊ အထက်က ပေးတဲ့ အမိန့်ကို အောက်ခြေယန္တရားက အကောင်အထည်ဖော်တဲ့နေရာမှာ သူ့အရပ်နဲ့ သူ့ဇာတ်လို ဖြစ်လာပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်သားစုဆောင်းမှုပုံစံအမျိုးမျိုး ရှိတဲ့အထဲမှာ၊ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းတဲ့ ပုံစံက ထပ်တိုးလာပါတယ်။ ဒါ့အပြင် ရန်ကုန်လို၊ မန္တလေးလို မြို့ကြီး ပြကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားဘဝ အလှည့်အပြောင်းအခြေအနေတွေက မြန်မာစစ်တပ်အတွက် စစ်သားစုဆောင်းမှုကို တစ်ဖက်လှည့်နဲ့ အခွင့်သာအောင် ဖန်တီးစေတဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာပါတယ်။

Min Thayt - Official

26 Oct, 13:53


အဲသည့်လို မြန်မာစစ်တပ်ရဲ့ စစ်သားစုဆောင်းမှုကို အခွင့်သာအောင် ဖန်တီးပေးတဲ့ အခြေအနေတွေထဲမှာ၊ မြို့ပြနေ လူတန်းစားအတွင်းက အခြေမဲ့အနေမဲ့၊ သေမထူးနေမထူး အလေအလွင့် လူဦးရေတိုးပွားလာခြင်းက မြန်မာစစ်တပ်အတွက် ပြုန်းတီးသွားတဲ့ စစ်သားရင်းမြစ်ကို ပြန်လည်ဖြည့်ဆည်းပေးစရာ အကြောင်းတရားဖြစ်လာပါတယ်။ တိုင်းပြည်ဆင်းရဲမွဲတေလေလေ၊ စစ်လက်နက်ကိုင်တဲ့ လူဦးရေပမာဏများပြားလေလေ လို့ ပြောနိုင်မယ့် အခြေအနေကို မြန်မာနိုင်ငံဟာ တဖြည်းဖြည်း ရောက်ရှိလာပါတယ်။ မြန်မာစစ်တပ်ဟာ သူ့ရဲ့ တပ်မတော်ဂုဏ်သိက္ခာကို ထိန်းထိန်းသိမ်းသိမ်း ထားလာနိုင်စဉ် အချိန်တုန်းက၊ ဗမာအညာက တောသားနဲ့ မြစ်ဝကျွန်းပေါ်က အခြေခံလူတန်းစားနဲ့ အစိုးရဝန်ထမ်းအလွှာ လူတန်းစားတွေထဲက စစ်သား၊ စစ်ဗိုလ် ရရှိမှု အထိုက်အသင့်များပြားခဲ့ပါတယ်။ စစ်တက္ကသိုလ်ဆင်းဆိုတဲ့ ဂုဏ်ဒြပ်ကိုလည်း မက်မောတာပါသလို၊ စစ်ဗိုလ်ဖြစ်ရင် ထိုက်သင့်တဲ့ လူနေမှုအဆင့်အတန်းနဲ့ လုပ်ပိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် လောလောဆယ်အခြေအနေမှာ၊ တစ်နိုင်ငံလုံးက လူထုက မြန်မာစစ်တပ်ကို ဘယ်လောက်ပဲ မုန်းတီး ရွံရှာသည်ဖြစ်စေ၊ မြန်မာစစ်တပ်အတွက် စစ်သားစုဆောင်းတဲ့ ရင်းမြစ်ဟာ ပျောက်ဆုံးသွားတယ်လို့ မပြောနိုင်ပါဘူး။ မြန်မာစစ်တပ်ရဲ့ ယခင်တုန်းက စစ်သားစုဆောင်းမှုရင်းမြစ် ပုံသဏ္ဍာန်သာ ပြောင်းလဲသွားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ပြုန်းတီးသွားတဲ့ စစ်သားအရေအတွက်ကို ပြန်လည်ဖြည့်တင်းဖို့အတွက်၊ လူသားရင်းမြစ်ကို မြို့ကြီးပြကြီးထဲက ကလေကချေလူ့အဖွဲ့အစည်းထဲကနေ နှိုက်ထုတ်ဖြည့်တင်းလို့ ရနေပါတယ်။

ကလေကချေလူ့အဖွဲ့အစည်းထဲကနေ စစ်သားရင်းမြစ်ကောက်ယူခြင်းဟာ အရည်အချင်းအရ အကန့်အသတ်ရှိပေမယ့်၊ မြန်မာစစ်တပ်အဖို့ အရေအတွက်မှသည် အရည်အချင်းသို့ ဆိုတဲ့ ခံယူချက်နဲ့ တည်ဆောက်တာမို့၊ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သွေးအားယုတ်လျော့နေတဲ့ မြန်မာစစ်တပ်ဟာ သွေးအားပြန်လည် ပြည့်ဝလာချိန်ကို ပြန်လည် ရောက်ရှိလာနိုင်ချေရှိတာတွေ့ရပါတယ်။ မြို့ပြနေလူတန်းစားထဲက ကလေကချေလူ့အဖွဲ့အစည်းအတွင်းကနေ မြန်မာစစ်တပ်ရဲ့ စစ်သားရင်းမြစ်စုဆောင်းမှုဟာ ကာလတိုအတွင်းမှာ မသိသာဘူးဆိုပေမယ့်၊ အချိန်အားဖြင့် ယာယီကို ကျော်လွန်တဲ့ အချိန်ကာလကို ရောက်ရှိသွားတယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ ကျဆင်းသွားတဲ့ အင်စတီကျူးရှင်းကို ပြန်လည် ထူမတ်နိုင်တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့၊ သွေးအားလျော့နေတဲ့ သွေးစုတ်ဖုတ်ကောင်က သွေးအားပြန်ပြည့်လာတဲ့ သွေးစုတ်ဖုတ်ကောင်လို ဖြစ်လာပြီး၊ ယခင်လို လက်နက်နဲ့ ဖိနှိပ်ညှင်းဆဲတဲ့ စစ်တပ်ယန္တရားဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြန်လည် ခေါင်းထောင်ထလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား.....

မင်းသေ့
၂၆ ၊ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

22 Oct, 05:50


ဤဆောင်းပါးကို PDF file ဖြင့်သိမ်းဆည်းဖတ်ရှုရန် ဖြစ်ပါသည်။

Min Thayt - Official

22 Oct, 05:48


၃။ လူမျိုးတိုင်းမှာ အမျိုးသားရေးစိတ် ရှိကြပါတယ်။ လူမျိုးတိုင်းမှာ မျိုးချစ်တွေ ရှိကြတာ ထုံးစံပါပဲ၊ သဘာဝပါပဲ။ ဒါပေမယ့် ဆိုင်ရာ အမျိုးအလိုက် မျိုးချစ်စိတ် ပြင်းထန် ထက်သန်သူတွေဟာ နိုင်ငံရေးဓလေ့နဲ့ အတိတ်ရဲ့ အမွေဟောင်း အဆက်အခံအရ လက်နက်စရိုက်နဲ့ ယဉ်ပါးနေတာဟာ ရှမ်းပြည်နယ်အတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် မတည်ငြိမ်သော၊ မငြိမ်းချမ်းသော၊ မဖွံ့ဖြိုးသော ရှမ်းပြည်နယ်အဖြစ် သက်ဆိုးရှည်နေစေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဦးချို (ဂျို) ရှိတဲ့ သတ္တဝါဟာ ဦးချို (ဂျို) ကို အားကိုးတတ်သလို၊ လက်နက်ရှိတဲ့ အမျိုးသားရေးအုပ်စုတွေကလည်း လက်နက်ကို အားကိုးအားထားပြုကြတာ သဘာဝပါပဲ။ လက်နက်ကိုင် အားကိုးလေလေ၊ ငြိမ်းချမ်းသောနည်းနဲ့ စေ့စပ်ညှိနှိုင်းဖြေရှင်းတတ်တဲ့ အလေ့အထဟာ ပိုမို ပါးလျလာလေလေဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ မငြိမ်းချမ်းသော၊ မတည်ငြိမ်သော၊ မဖွံ့ဖြိုးသော ရှမ်းပြည်အဖြစ် စွဲမြဲ ရောက်ရှိလာစေပါတယ်။ ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးသော ပြည်နယ်တစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ပုန်ကန်သူတွေတို့ ဆိုင်ရာ လူမျိုးအလိုက် ဆိုင်ရာ‌ဒေသအလိုက် ကိန်းအောင်း တည်ရှိနေတာကို တွေ့ရသလို၊ မြန်မာစစ်တပ်ရဲ့ ဩဇာခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ နယ်ခြားစောင့်အဖွဲ့တွေ အမည်ခံပြီး လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ကြီး-ငယ်ပေါင်းများစွာလည်း ရှမ်းပြည်နယ်အတွင်းမှာ လှုပ်ရှားနေကြပါတယ်။ ကိုယ့်နယ်ကို ကိုယ့်လူနဲ့ ကိုယ့်ဘာသာ လက်နက်ကိုင်ပြီး စောင့်ရှောက်ဆိုတဲ့ သဘောထားကို ကိုင်စွဲပြီး ဒေသခံတွေကို ပြည်သူစစ်အသွင်နဲ့ လက်နက်တပ်ဆင်ပေးထားခြင်းဟာ ရှမ်းပြည်နယ်အတွင်းမှာ အမြောက်အမြားရှိနေပါတယ်။

ရှမ်းပြည်နယ်အတွင်းက အမျိုးသားရေးအုပ်စုတွေဟာ လက်နက်ဓလေ့နဲ့ ယဉ်ပါးကြပြီး၊ လက်နက်နဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်တွေ့ကျကျ တည်ဆောက်ရမယ်ဆိုတဲ့ အယူဝါဒလည်း ရှိနေကြပါတယ်။ အဲသည့်ထဲမှာ ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်အုပ်စုတွေကတော့ အမျိုးသားရေးထက် စီးပွားရေးအကျိုးအမြတ်ကို ဦးတည်တဲ့ ကိုယ်ကျိုးစီးပွားအခြေခံ သစ္စာခံမှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

❐ မတူညီသော ဒေသမျိုးကွဲများ

၄။ ရှမ်းပြည်နယ် မြေပုံကို ထောက်ပြီး ကြည့်လိုက်ရင်၊ မြို့ပြနိုင်ငံလို ဖြစ်နေတဲ့ နယ်နိမိတ် အပိုင်းအခြားတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲသည့် ဒေသတွေမှာ၊ ဆိုင်ရာဆိုင်ရာ မင်းမူ အုပ်ချုပ်နေတဲ့ နယ်စားပယ်စား အမျိုးအစား ခပ်များများကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မြို့ပြနိုင်ငံလို့ခေါ်တဲ့ city state လို ဖြစ်အောင် အားပေးအားမြှောက်ပြုတဲ့ ပထဝီအနေအထားမျိုးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ရယ်လို့ ပိုင်းခြားကြည့်တဲ့နေရာမှာ နယ်မြေအလိုက် အင်အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ ရှမ်းပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို သွားလာတဲ့အခါမှာ၊ နယ်မြေအလိုက် ဆိုင်ရာပိုင်ရာ နတ်တွေကို ပူဇော်ပသကြရသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို လိုက်နာကြရပါတယ်။

ရှမ်းပြည်နယ်နယ်နိမိတ်အတွင်းမှာ မတူညီတဲ့ ဒေသမျိုးကွဲ ပုံစံတွေ အမြောက်အမြား ရှိနေပါတယ်။ တစ်နယ်နဲ့ တစ်နယ် စီရင်ပိုင်ခွင့် ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မတူညီကြပါဘူး။ ပဒေသရာဇ်ရှမ်းစော်ဘွားများပြည်ထောင်စု ခေတ်တုန်းကတော့ - အင်္ဂလိပ် ကိုလိုနီအစိုးရကနေ အုပ်ထိန်းသူအနေနဲ့ ကြီးကြပ်တဲ့ အုပ်ချုပ်ရေးပုံစံ ရှိခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ စော်ဘွား၊ စော်ခံတွေ (စဝ်ဖ) တွေကို သစ္စာခံခိုင်းတယ်။ ထို့နောက် စော်ဘွားတွေကို မိမိတို့ နယ်ပယ်ဒေသမှာ၊ မိမိတို့ ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေတွေနဲ့ အုပ်ချုပ်စီမံစေတယ်။ အစဉ်အလာ အုပ်ချုပ်ရေးဓလေ့ဟောင်းကို မဖျက်ဘဲနဲ့ ရှမ်းနယ်နိမိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရ အာဏာသက်ရောက်‌အောင် ဖန်တီး တည်ဆောက်ခဲ့ပါတယ်။ ပဒေသရာဇ်ရှမ်းစော်ဘွားများပြည်ထောင်စုဆိုတာကို များသောအားဖြင့်တော့ Federated Shan State လို့ လူအများက သိကြပါတယ်။

❐ ရှမ်းပြည်နှင့် ပထဝီတည်နေရာ

၅။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းအပေါ်မှာ ရှမ်းပြည်နယ်ရဲ့ တည်နေရာ အနေအထားကလည်း အင်မတန် လွှမ်းမိုးတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ ဗမာပြည်မနယ်ကြီးရဲ့ ဖိုခနောက်ဆိုင် အလည်ဗဟိုချက်မှာ ရှိနေတဲ့ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး ရာသီဥတုဟာ တရုတ်ရဲ့ နိုင်ငံခြားရေးသဘောထား၊ ထိုင်းရဲ့ နိုင်ငံခြားရေးသဘောထားနဲ့ မြန်မာဗဟိုအစိုးရအဆက်ဆက်ရဲ့ ဒေသတွင်းနိုင်ငံခြားဆက်ဆံရေး အလှည့်အပြောင်းတွေအပေါ်မှာ လူးလွန့်နေရတယ်လို့ ပြောနိုင်ပါတယ်။

Min Thayt - Official

22 Oct, 05:48


ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်နည်းအားဖြင့် ပုန်ကန်ခြားနားကြတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စု အသီးသီးဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြတ် အကဲခတ်ကြရပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ပြီးတော့ ခြေကုတ်ယူထားတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေဟာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်ကို ကြည့်ရှုပြီး လှုပ်ရှားကြရပါတယ်။ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်မှာ ခြေကုတ်ယူ‌ပြီး လှုပ်ရှားကြတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေကလည်း ထိုင်းနိုင်ငံခြားရေးမူဝါဒအပေါ် ကြည့်ရှုပြီး လှုပ်ရှားကြရပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အုပ်စုတွေရဲ့ စစ်ရေးအတက်အကျ လှုပ်ရှားမှုတွေဟာ တရုတ် - မြန်မာ ဆက်ဆံရေး အခြေအနေနဲ့ ထိုင်း - မြန်မာဆက်ဆံရေး အခြေအနေတွေရဲ့ ဩဇာလွှမ်းမိုးမှု ရှိပါတယ်။ တချို့သော လူမျိုးစုလက်နက်ကိုင်အုပ်စုတွေဟာ တရုတ် - မြန်မာ နယ်စပ်မှာသော်လည်းကောင်း၊ ထိုင်း - မြန်မာ နယ်စပ်မှာသော်လည်းကောင်း ခြေကုတ်ယူထားတာမျိုး မရှိပေမယ့်၊ ၎င်းလက်နက်ကိုင်အုပ်စုတွေရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ အခွန်အခ ရရှိမှုတွေ၊ စစ်လက်နက်စုဆောင်းရရှိမှုတွေဟာ ၎င်းနယ်စပ်နှစ်ခုရဲ့ အရေးကိစ္စတွေနဲ့ သွယ်ဝိုက်ပတ်သက်နေပြန်ပါတယ်။

❐ ရှမ်းပြည်တွင်းက ရှမ်းလူမျိုးများ အရွေ့အလျား

၆။ ရှမ်းပြည်နယ်ရဲ့ မဲခေါင်မြစ်ရဲ့ ထွက်ပေါက်ရှိတာမို့ ၊ နိုင်ငံတကာနဲ့ ဆက်သွယ်လို့ ရတဲ့ ကုန်သွယ်ရေကြောင်းလမ်း ရှိတယ်လို့ မြင်ကြပါတယ်။ မဲခေါင်မြစ်ဟာ တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတချို့ စုပေါင်း စီရင်ကြတဲ့ မြစ်တစ်စင်းဖြစ်တာမို့ ရှမ်းပြည်နယ်အဖို့ ပိုင်ပိုင်စိုးစိုး၊ လွတ်လွတ်လပ်လပ် ကုန်သွယ်ထွက်ပေါက်ရဖို့အတွက် အခွင့်အရေး မရပါဘူး။ ဒါပေမယ့် မရှိတာထက် စာရင်၊ မဲခေါင်မြစ်ဟာ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးဘောဂဗေဒအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ပြီးခေတ်နောက်ပိုင်း ရှမ်းပြည်တွင်းစစ်ဟာ တဖြည်းဖြည်းနဲ့ အပြန့်ကျယ်လာပါတယ်။ ဗမာနိုင်ငံရေးခေါင်းဆောင်တို့ရဲ့ လူမျိုးကြီးဝါဒ စိတ်နဲ့ တရုတ်ပြည်တွင်းစစ်ကနေ တွန်းထုတ်လိုက်တဲ့ ကူမင်တန် တရုတ်ဖြူ လက်ကျန်တွေရဲ့ ဘေးထွက်ဆိုးကျိုးကို ရှမ်းပြည်နယ်က ပြည်သူလူထုက လူးလှိမ့်ခံစားခဲ့ကြရပါတယ်။ ၎င်းရဲ့ အထွေထွေအကျိုးဆက်ကတော့ ရှမ်းပြည်နယ်မှာ စစ်နဲ့ မတည်ငြိမ်မှုတွေဖြစ်လာပြီး အထွေထွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းအကျိုးဆက်က ရှမ်းပြည်နယ်ထဲမှာ ရှမ်းလူမျိုးတွေကို နယ်ခြားမြေခြားကို တွန်းထုတ်လိုက်တဲ့ ကြီးမားတဲ့ လူဦးရေ အရွှေ့အပြောင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းလူဦးရေ တဖြည်းဖြည်း နည်းပါးလာမှုဒဏ်ကို ရှမ်းပညာတတ် အမျိုးသားရေးဝါဒီတွေက ထောက်ပြကြပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလူမျိုးတွေက မနေပျော်တော့ပါဘူး။ အဲသည့်လို မနေပျော်အောင်လည်း စစ်ပွဲနဲ့ ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေက ဖန်တီးနေခဲ့တာဖြစ်ပါတယ်။

လောလောဆယ်အားဖြင့် ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုဟာ အင်အားယုတ်လျော့နေပါတယ်။ လက်နက်ကိုင်နည်းနဲ့ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုမှာလည်း အင်အားယုတ်လျော့နေသလို၊ အကြမ်းမဖက်တဲ့နည်းနဲ့ လှုပ်ရှားတဲ့ ရှမ်းအမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနဲ့ ရှမ်းအမျိုးသားလူမှုရေးလှုပ်ရှားမှုတွေမှာလည်း အင်အားယုတ်လျော့နေတာတွေ့ရပါတယ်။ အဲသည့်လို ဖြစ်လာရခြင်း အကြောင်းမှာ၊ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလူဦးရေ အကြီးအကျယ် လျော့ပါးလာခြင်းက အဓိက အချက်တွေထဲက တစ်ခု အဖြစ်ပါဝင်နေတာတွေ့ရပါတယ်။

မင်းသေ့
၂၁ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

22 Oct, 05:48


ခေတ်သစ်ရှမ်းနိုင်ငံရေး အဖွင့်

___________________________

ဤဆောင်းပါးသည်၊ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကောက်ကြောင်းကို တို့ထိဖွင့်ဆိုထားပြီး၊ ရှမ်းပြည်နယ် နိုင်ငံရေးကို လွှမ်းမိုးနေသည့် အချက် တချို့ကို ပြဆိုထားပါသည်။ ထို့အပြင် ရှမ်းပြည်နယ် နိုင်ငံရေးအခင်းအကျင်းနှင့် ရှမ်းအမျိုးသားရေးလှုပ်ရှားမှု၏ စိန်ခေါ်ချက် တချို့ကို မီးမောင်းထိုးပြရန် ရည်ရွယ်၍ ရေးသားထားပါသည်။

❐ ရှမ်းသမိုင်းသည် စစ်ဘုရင်များ၏ သမိုင်းလော

၁။ ရှမ်းနိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါ၊ ရှမ်းနိုင်ငံရေးသမိုင်းဟာ စစ်ဘုရင်တို့ရဲ့ သမိုင်းဖြစ်တာတွေ့ရတယ်။ ရှမ်းနိုင်ငံရေးသမိုင်းမှာ စစ်လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ အမြောက်အမြားဟာ လုပ်ပိုင်ခွင့် - အာဏာမြေပုံ အလှည့်အပြောင်း အမျိုးမျိုးတွေ ကြားထဲမှာ ကပြခဲ့ကြတဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တာကို တွေ့ရတယ်။ ရှမ်းနိုင်ငံရေးသမိုင်းမှာ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဦးဆောင်တဲ့ စစ်ဘုရင်တွေရဲ့ ဇာတ်ကြောင်းတွေလောက် မထင်ရှားဘူး ဆိုတာ တွေ့ရတယ်။ စစ်ဘုရင်တွေတွေဟာလည်း မူးယစ်ဆေးဝါး (တနည်း) ဘိန်းနဲ့ အပတ်အသက်ရှိသူတွေချည်းပဲဆိုတာ ထင်ရှားတယ်။ တချို့သော စစ်ဘုရင်တွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ထင်ထင်ရှားရှား၊ ကျော်ကျော်ကြားကြားတွေဖြစ်တယ်။ တချို့သော စစ်ဘုရင်တွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးမှာ သွယ်ဝိုက်သော အပတ်အသက်မျိုးသာရှိတယ်။ အထူးသဖြင့် ဘိန်းနဲ့ပတ်သက်ရင် ဘိန်းဟာ ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဘောဂဗေဒ ဖြစ်တယ်လို့တောင် ပြောနိုင်တယ်။

ရှမ်းပြည်ရဲ့ နိုင်ငံရေးဘောဂဗေဒကို လေ့လာတဲ့အခါမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်သွယ် ရောင်းဝယ် ဖောက်ကား ထုတ်လုပ်မှုတွေဟာ ထင်ရှားတဲ့ ဝိသေသအနေနဲ့ တွေ့ရမှာ ဖြစ်တယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါမှာ၊ စစ်ပွဲတွေ - လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘိန်း၊ မူးယစ်ဆေးဝါးကိစ္စတွေဟာ ဒွေးရောယှက်တင်ဖြစ်နေတာကို တွေ့ရတယ်။

❐ ရှမ်းအမျိုးသားရေးအုပ်စုများ၏ ဖြစ်ပုံ

၂။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းလို့ ပြောတဲ့နေရာမှာ၊ ရှမ်းပြည်နယ် နယ်နိမိတ်ထဲက လူမျိုးစုလက်နက်ကိုင်အုပ်စု အများအပြားရဲ့ သမိုင်း ဖြစ်တယ်လို့လည်း ပြောနိုင်တယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းဟာ ရှမ်းလူမျိုးတစ်ခုတည်း သက်သက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သမိုင်းပုံ မဟုတ်ပါဘူး။ ရှမ်းပြည်နယ် နယ်နိမိတ်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစု အုပ်စုတွေရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးအခြေအနေတွေဟာ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းတစ်ခုလုံးနဲ့ အကြုံးဝင်နေပါတယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းမှာ ရှမ်းအမျိုးသားရေးအုပ်စုတွေက အဓိက အနေနဲ့ ပါဝင်ကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေဟာ လက်နက်နည်းနဲ့ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို ရေးထွင်းကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေကတော့ နိုင်ငံရေးနည်းနဲ့ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို ရေးထွင်းကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေကတော့ လူမှုရေးနည်းဖြစ်တဲ့ ဘာသာရေး၊ စာပေနဲ့ ယဉ်ကျေးမှုအရေးအရာတွေကို လှုပ်ရှားပြီးတော့ ခေတ်သစ်ရှမ်းအမျိုးသားသမိုင်းကို ရေးထွင်းကြတာတွေ့ရတယ်။

ရှမ်းတွေရဲ့ အမျိုးသားရေးခေါင်းထောင်ထမှုဟာ - အစွန်းရောက်ဗမာလူမျိုးကြီးဝါဒရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ပြောတာ တွေ့ရပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ ရှမ်းတွေဟာ အစွန်းရောက်ဗမာလူမျိုးကြီးဝါဒရဲ့ ဘေးသင့်မှုကိုတင် ခံစားနေရတာ မဟုတ်ပါဘူး။ ရှမ်းတွေဟာ ကျဉ်းမြောင်းတဲ့ မျက်ကန်းမျိုးချစ်ဝါဒရဲ့ ဒဏ်တွေကိုလည်း ခံရပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ထဲမှာ ရန်လိုစိတ်ပြင်းထန်ပြီး စစ်စရိုက် ကဲတဲ့ ရှမ်းတွေထက် အရေအတွက်နည်းပါးတဲ့ လူမျိုးစု အုပ်စုတွေရဲ့ ဒဏ်ကိုလည်း ရှမ်းအမျိုးသားရေးစိန်ခေါ်မှုအဖြစ် တွေ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ဝ လူမျိုးနဲ့ ကိုးကန့်လူမျိုးတွေမှာလည်း အမျိုးသားရေးစိတ် ထက်သန် ပြင်းရှတာတွေ့ရတယ်။ ဒါ့အပြင် တအာင်း (ပလောင်) နဲ့ ပအိုဝ်းတွေကလည်း အမျိုးသားရေးစိတ် ထက်သန်ပြင်းပြတာတွေ့ရပါတယ်။ ရှမ်းတွေကလည်း ရှမ်းအမျိုးသားရေးစိတ် ပြင်းရှကြပါတယ်။ ရှမ်းတွေထဲမှာ သိမ်သိမ်မွေ့မွေ့နဲ့ အမျိုးသားရေးစိတ်ကို လက်ခံထားသူတွေ ရှိသလို၊ ကြမ်းရှပြီး ရန်လိုစိတ်ပြင်းထန်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေကိုလည်း တွေ့ရပါတယ်။

ရှမ်းအမျိုးသားရေးလှုပ်ရှားသူတွေကတော့ ရှမ်းပြည်သူလူထုတွေရဲ့ နိုင်ငံရေးနဲ့ ခပ်ခွာခွာနေလိုစိတ်၊ အပျော်အပါးနဲ့ ပွဲလမ်းသဘင်ကို မက်မောတဲ့ အမူအကျင့်တွေကို အားမလို အားမရဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ဆိုင်ရာဆိုင်ရာ လူမျိုးစုအသီးသီးက မိမိတို့ လူမျိုးစုအလိုက် အမျိုးသားရေးစိတ်တွေ ထက်သန် ပြင်းပြကြတာဟာ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး။

❐ လက်နက်ဓလေ့

Min Thayt - Official

19 Oct, 09:44


၁။ စကားလုံးတွေမှာက၊ "အသက်" ရှိတယ်။ တချို့ စကားလုံးတွေက သေနေတာ ကြာပြီ။ တချို့ စကားလုံးတွေက အခုမှ မွေးဖွားလာတယ်။ တချို့စကားလုံးတွေက အသက်ကြီးပြီ။ တချို့စကားလုံးတွေက အခုမှ သန္ဓေတည်ခါစပဲ ရှိသေးတယ်။ တချို့စကားလုံးတွေကတော့ အခုမှ ဆယ်ကျော်သက် အပျိုဖြန်း၊ လူပျိုသိုးလေးပဲ ရှိသေးတယ်။ စကားလုံးတွေမှာ အသက်ရှိသလို၊ စကားလုံးတွေမှာလည်း အရွယ်ရှိတာပဲ။ နောက်များမှာလည်း ဘာသာစကားတစ်ခုမှာ စကားလုံးအသစ်တွေ၊ ဝေါဟာရ အသစ်တွေ ပြန်ပြီး ပေါ်လာအုံးမှာပါပဲ။ တချို့သော စကားလုံးတွေကတော့ လူတွေနဲ့ အတော်ကြီး အသားကျနေပါပြီ။

၂။ ကျနော်က ဘာ့ကြောင့် စာရေးဆရာ ဖြစ်လာသလဲလို့ မေးရင်၊ စကားလုံးတွေကို ချစ်လို့၊ စကားလုံးတွေကို ရင်ခုန်လို့လို့ ပြောလို့ ရမယ်။ စကားလုံးတွေကို စိတ်ဝင်စားတယ်။ အထူးသဖြင့် စကားလုံးတွေရဲ့ နောက်ကွယ်က အနက်သဘောတွေကို အမျှင်တန်းပြီး လိုက်ပါတွေးခေါ်နေရတာကို ကြိုက်တယ်။ စကားလုံးတွေကို တွင်ကြည့်ချင်တယ်။ သမားရိုးကျ ရေးထုံး သီထုံးဖြစ်တဲ့ ဝါကျမျိုးတွေကနေ ဖောက်ထွက်ချင်တယ်။ တကယ်တော့ အဲဒါကို အကောင်းဆုံး လုပ်နိုင်ခွင့်က ကျနော် အများဆုံးရေးတဲ့ ဆောင်းပါးတွေမှာ ရှိမနေတတ်ဘူး။ ဆောင်းပါးတွေက အကန့်အသတ် ရှိတယ်။ အကြောင်းအရာ အကန့်အသတ်၊ အတွေးအခေါ် အကန့်အသတ်၊ ခံစားမှုအကန့်အသတ် ရှိတယ်။ ကဗျာတို့ အက်ဆေးတို့ကတော့ creative writing လို့ခေါ်တဲ့ ဖန်တီးမှုအရေးအသားကို ကဲပြီး ရေးလို့ ရတယ်။ တကယ်တော့ ကျနော်က ကျနော့်စိတ်နဲ့ဆိုရင် ဆောင်းပါးတွေ မရေးရဘူး။ ဝတ္တုတွေ၊ အက်ဆေးတွေနဲ့ ကဗျာတွေ ရေးရမှာ။ ဒါပေမယ့် လူက ဘယ်ဘဝက ဝဋ်ကြွေး ရှိသလဲဆိုတာ မသိပါ။ ဆောင်းပါးရေးဆရာ လာဖြစ်နေတယ်။ လာဖြစ်တယ်ဆိုတာထက် ကျနော့် ရွေးချယ်မှုပါ။ နိုင်ငံရေးဆောင်းပါးတွေ အရေးများတဲ့ ဆောင်းပါးရေးဆရာ ဖြစ်နေတယ်။

၃။ စကားလုံးတွေကို စိတ်မဝင်စားရင် စာရေးဆရာ ကောင်းကောင်းဖြစ်မလာဘူး။ စကားလုံးတွေကို ရင်မခုန်ရင်လည်း သာမန်ညောင်ညလောက်ပဲ ဖြစ်သွားမယ် ထင်တယ်။ စကားလုံးတွေကို စိတ်ဝင်စားတာဟာ ဘာသာဗေဒတစ်ခုကို ရှေ့ဆောင် ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ မျိုးစေ့ပဲလို့ ထင်တယ်။ ဘာသာစကားမှာ အသားသေပြီးသား စကားလုံးတွေကိုပဲ ပြန်လည် သုံးစွဲရမယ် ဆိုတဲ့ အယူဝါဒရှိထားသူတွေ ရှိတယ်။ သူတို့က အသစ်ထွင်တာကို သဘောမကျဘူး။ အသစ်ထွင်တာဟာ အဟောင်းကို ဖျက်တာလို့ ထင်တယ်။ အဟောင်းအတိုင်းပဲ သုံးပေါ့ဆိုတဲ့ တရားသေသမားတွေရှိတယ်။ ဘာသာဗေဒဝံသာနုသမားတွေမှာ ဒီလိုသဘောတွေ ခပ်များများတွေ့ရတယ်။ စကားလုံးဆိုတာ သုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျယ်ပြန့်လာတာ။ ဘာသာစကားကလည်း အသုံးဝင်မှု တန်ဖိုး ရှိတယ်။ ဘယ်သူ အသိအမှတ်ပြုပြု - မပြုပြု၊ အသုံးများလာတယ်ဆိုရင် အလိုလို တရားဝင်မှု ရလာတာပဲ။ ဒါကို နိုင်ငံရေးအသုံးမှာ legitimacy ရှိလာတယ်လို့ သုံးတယ်။ စကားလုံးတစ်ခု တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပြီဆိုရင် ဒါဟာ လူထုရဲ့ အသိအမှတ်ပြုမှုကို အလိုလို ရလာတာပဲ။ ဘယ်အဖွဲ့အစည်းက၊ ဘယ်လို ပုဂ္ဂိုလ်ကြီးက လက်မခံလို့ ဘောင်မဝင်ဘူးဆိုတာ မရှိတော့ပါဘူး။ လူ့အဖွဲ့အစည်းက ဒီစကားလုံးတစ်ခုကို ဘယ်လောက်အထိ နားလည်ပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။

၄။ စကားလုံးတွေက အသက်ရှိသလို၊ အရွယ်လည်း ရှိတယ်။ ပြီးတော့ စကားလုံးတွေမှာ အရောင်လည်း ရှိတယ်။ အရောင်တွေကို တွဲဆက်လို့ ရသလို၊ စကားလုံးတွေကိုလည်း တွဲဆက်လို့ ရတယ်။ အနက်တူစကားလုံးတွေကို တွဲရတာတင်မက၊ ဆန့်ကျင်ဘက် စကားလုံးတွေကိုလည်း တွဲလုံးလေးတွေနဲ့ သီလို့ ရတယ်။ ဝါကျတည်ဆောက်ပုံပဲ ပြောပြော၊ နာမ်ပုဒ်တစ်ခု တည်ဆောက်တယ်လို့ပဲ ပြောပြော ဒါတွေကို လုပ်လို့ ရပါတယ်။ ဝါကျဖွဲ့ထုံးမှာလည်း ထွင်လို့ ရတယ်၊ ဖန်တီးလို့ရတယ်။ ကွန့်လို့ ရတယ်။ စကားလုံးတွေမှာ အသံရှိတယ်။ အရောင်ရှိတယ်။ စကားလုံးတွေနဲ့ ခံစားချက်တွေကို ဖြစ်စေတယ်ဆိုတာဟာ အင်မတန်မှ ရင်ခုန်စရာကောင်းတဲ့ ဖန်တီးမှုအလုပ်ကို လုပ်နေတာပဲ။ အသံရှိလို့လည်း ဒီစာဟာ အမိန့်ပေးတဲ့စာ၊ ဒီစာဟာ ခြိမ်းခြောက်တဲ့စာ၊ ဒီစာဟာ တောင်းပန်တဲ့စာ၊ ဒီစာဟာ စာနာကရုဏာထားတဲ့စာ ရယ်လို့ လူတွေက မှတ်ချက်ပြု ကောက်ချက်ချကြတာပေါ့။ စကားလုံးတွေမှ အရောင်ရှိလို့လည်း ဒီစကားလုံးနဲ့ ဒီအကြောင်းအရာဟာ မလိုက်ဖက်ဘူး၊ လိုက်ဖက်တယ်၊ ဆိုတာမျိုးဖြစ်လာတာပေါ့။ စကားလုံးတွေဆိုတာလည်း လူတွေလိုပဲ။ တည့်တာတွေ ရှိတယ်၊ မတည့်တာတွေ ရှိတယ်။ စကားလုံးတွေမှာ ကိုယ်စီကိုယ်စီ အနက်အဓိပ္ပာယ်ဆောင်တဲ့ အဓိပ္ပာယ်တွေလည်း ကိန်းအောင်းနေတယ်။ တချို့ စကားလုံးတွေဆိုရင် သမိုင်း ရှိတယ်။ ဒီစကားလုံးဟာ ဘယ်လို ဘယ်ပုံကနေ ပေါ်ပေါက်လာရတာဖြစ်တယ်၊ ဘယ်လို ဘယ်အခြေအနေကနေ ထွက်ပေါ်လာတာဖြစ်တယ်။ ဘယ်လို အကြောင်းမျိုးကြောင့် ဒီစကားလုံးဟာ မွေးဖွားလာရတယ်ဆိုတာ ရှိတယ်။

Min Thayt - Official

19 Oct, 09:44


၅။ စကားလုံးတွေကို သီတဲ့အခါမှာ၊ ပန်းချီကားတစ်ချပ် ရေးသလို ဖန်တီးလို့ ရတယ်။ စာပန်းချီခြယ်တယ်လို့ သုံးနှုန်းတာတွေ ရှိတယ်။ စာကို ပန်းချီကားတစ်ချပ် ခြယ်မှုန်းသလို ဖန်တီးတဲ့ စာတွေကို တွေ့နိုင်တယ်။ ပန်းချီလို့ ပြောရင် အမြင်အတိုင်းရေးတာလည်း ရှိတယ်။ အထင်အတိုင်းရေးတာလည်း ရှိတယ်။ အထင်နဲ့ အမြင်ကို ပေါင်းစပ်ပြီး ရေးတာလည်း ရှိတယ်။ အမြင်မှာတောင်မှ ပုံကြမ်းလောက်ပဲ ခြစ်မှာလား၊ အနုစိတ် ခြယ်မှုန်းမှာလားဆိုတာ ရွေးချယ်ဆုံးဖြတ်ရတယ်။ အတိအကျရေးမှာလား၊ ခပ်ရေးရေးလောက်ပဲ ပုံပေါ်အောင် ရေးမှာလားဆိုတာ ဆုံးဖြတ်ရတယ်။ စာရေးတဲ့အခါမှာလည်း သဘောကိုပဲ ရေးတာ၊ အဖြစ်အပျက်ကို တိတိကျကျ ရေးတာမျိုးတွေ ရှိတာပဲ။ ကိုယ်က ဘယ်လို ရေးမှာလဲ။ ကိုယ်က ဘယ်လို တင်ပြချင်တာလဲ၊ ကိုယ့်စိတ်ကို ဒီဟာကို ဘယ်လောက်အတိုင်းအတာအထိ ပြချင်တာလဲဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပဲ။ စာရေးဆရာဟာ စာရေးနေတဲ့အချိန်မှာ၊ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ "ရွေးချယ်ခြင်း" "ဆုံးဖြတ်ခြင်း" ဆိုတာကို လုပ်နေရတယ်။ ဘယ်စကားလုံးကို ရွေးမှာလဲ၊ ဘယ်ဝါကျကို ဘယ်နေရာမှာ အဆုံးသတ်မှာလဲ။ ဒါကို ရွေးချယ်ရတယ်၊ ဆုံးဖြတ်ရတယ်။ အဲသည့်လို စိတ်မှာ အလိုအလျောက် ရွေးချယ်နိုင်အောင်လည်း စိတ်က လေ့ကျင့်ထားရတယ်။ တကယ်တော့ စာရေးတယ်ဆိုတာ စိတ်ရယ် လက်ရယ် ဒီနှစ်ခုရဲ့ လေ့ကျင့်မှု၊ ဆက်သွယ်မှုပဲ။ စိတ်က ဆုံးဖြတ်လိုက်တဲ့အရာကို လက်ကနေ လိုက်ပါဖို့ ဆိုတာက စိတ်ရဲ့ အမိန့်ကို လက်က တိတိကျကျ နာခံနိုင်ဖို့ လိုတာကိုး။ သို့မဟုတ်ရင်တော့ စိတ်က တစ်ခုခုကို ရောက်ပြီး၊ လက်က တစ်နေရာရာမှာ ရောက်နေမှာပဲ။ တကယ်တော့ လက်ဟာ အသုံးချခံပါ။ စိတ်ကသာလျှင် အခရာဖြစ်တယ်။ စိတ်စေရာအတိုင်း လက်က လိုက်ပါနိုင်ဖို့အတွက်ကတော့ အရေးအသားမှာ လေ့ကျင့်သားမဝရင် မရနိုင်ဘူး။ ဒါ့ကြောင့် စကားလုံးတွေကို ရင်ခုန်နေရုံ၊ စကားလုံးတွေကို စိတ်ဝင်စားရုံ၊ စကားလုံးတွေကို ချစ်နေရုံနဲ့ မလုံလောက်ဘူး။ စကားလုံးတွေနဲ့စေစားနိုင်အောင် စိတ်ကို လက်က အမိန့်ပေးနိုင်ဖို့ လိုတယ်။ အမိန့်ပေးတဲ့အတိုင်းလည်း လက်က လိုက်နိုင်စွမ်း ရှိရတယ်။

မင်းသေ့
၁၈ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

19 Oct, 06:13


သူငယ်ချင်းတွေက မေးတယ်။
မင်း ဘာကို ယုံသလဲ...တဲ့။
ငါက စေတနာသည် ကံဖြစ်သည်ဆိုတာကို ယုံတယ်။
ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်ဆိုတာကို ယုံတယ်။

လူဟာ နေ့တိုင်း နေ့တိုင်း အချိန်တိုင်း အချိန်တိုင်း ဆုံးဖြတ်ချက်သေးသေးလေးတွေကို ချနေရတယ်၊ အဲသည့် ဆုံးဖြတ်ချက်သေးသေးလေးတွေကပဲ ဘဝကို တဖြည်းဖြည်းနဲ့ ပုံဖော်သွားတယ်လို့ နားလည်လက်ခံထားတယ်။ အဲသည့်လို ဆုံးဖြတ်ချက်သေးသေးလေးတွေကို ချဖို့အတွက် အချိန်တိုင်း အချိန်တိုင်း ရွေးချယ်မှု ပြုနေရတယ်။ ကိုယ့်ရွေးချယ်မှုကပဲ ကိုယ့်ဘဝကို ပြဋ္ဌာန်းစီရင်သွားတယ်လို့ နားလည်လက်ခံထားတယ်။

ပြီးတော့၊ ယုံကြည်မှုစက်ဝန်းကို ချဲ့နိုင်လေလေ၊ ကိုယ့်ပတ်ဝန်းကျင်က ကျယ်လာလေလေလို့ လက်ခံထားတယ်။ ယုံကြည်မှု စက်ဝန်းက ကျုံ့လေလေ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က သေးလေလေ ကျုံ့လေလေလို့ နားလည်လက်ခံထားတယ်။ ဒါ့ကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ၊ သူနဲ့ ကိုယ့်အကြား ဘယ်လောက်အထိ ယုံကြည်မှု ကောင်းကောင်း ရှိထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်း ကျယ်တာ၊ ကျဉ်းတာဆိုတာ ဖြစ်လာတာလို့ နားလည်တယ်။

လူငယ်တွေက မေးတယ်။
ဘာလုပ်သင့်သလဲ၊ ဘယ်လို ခံယူချက်၊ ဘယ်လို ယုံကြည်ချက် ထားသင့်သလဲ...တဲ့။
ဒီမေးခွန်းကို မဖြေပါဘူး။
ငြင်းပါတယ်။

လူတစ်ယောက်က ဘာလုပ်သင့်သလဲဆိုတာကို ကိုယ့်ဘာသာကို ဆုံးဖြတ်ရမှာပါ။ လူတစ်ယောက်က ဘယ်ခံယူချက်ကို ခံယူမယ်၊ ဘယ်ယုံကြည်ချက်ထားမလဲဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်လက်ခံရမှာပါ။ မင်းက ဘာကို ယုံကြည်ရမလဲ၊ မင်းက ဘယ်လို ခံယူသင့်သလဲဆိုတာကို ကျနော်က ဆုံးဖြတ်ပြဋ္ဌာန်းပေးပိုင်ခွင့် မရှိပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ်။ အဲသည့် လွတ်လပ်ခွင့်ကို ကျနော် လေးစားတယ်။ ကျနော်ကိုယ်တိုင်လည်း ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်တန်ဖိုးထားတယ်။ ဒါ့ကြောင့် တခြားသူက သူ့ဘဝအမြင်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ သဘောထားအမြင်ကို တောင်းခံတဲ့အခါ၊ ဒါကို "No" လို့ ပြောလိုက်ပါတယ်။ ဒါဟာ ငါ စီရင် ဆုံးဖြတ်ပေးရမယ့်ကိစ္စ မဟုတ်ဘူး။ မင်းကိစ္စဖြစ်တယ်။ မင်းဘာသာမင်း တာဝန်ယူရမယ်။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်သာ ပြဋ္ဌာန်းသင့်တယ်။ ကိုယ့်ဘဝကို သူများတကာက လာပြဋ္ဌာန်းတာကို ကျနော်ကိုယ်တိုင် လက်မခံသလို၊ ကိုယ်ကလည်း သူများဘဝကို ပြဋ္ဌာန်းပေးတာမျိုးကို မလုပ်ဘူး။

ဒါပေမယ့် ကိုယ့်ဘဝရဲ့ ခံယူချက်နဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားသင့်တာတွေ ရှိတယ်။ ကိုယ့်ဘဝ ယုံကြည်ချက်နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားသင့်တာတွေ ရှိတယ်။ ဒါတွေကိုတော့ နားလည်ထားရင် ပိုကောင်းတယ်လို့ ကျနော် ပြောခဲ့ပါတယ်။

ကျနော်က တစ်ခုခုကို စဉ်းစားတဲ့အခါ၊ အမြဲတမ်းလိုလို ဒါဟာ "သဘာဝကျရဲ့လား" ဆိုတဲ့ မေးခွန်းလေးတွေ မေးပြီး စဉ်းစားလေ့ရှိတယ်။ သဘာဝကို လွန်ဆန်တဲ့ကိစ္စတွေကို သိပ်မယုံကြည်တတ်ဘူး။ စိတ်ထဲမှာ၊ ဒါကတော့ သဘာဝမကျဘူးလို့ ခံစားမိရင်၊ လက်မခံပါဘူး။ သဘာဝကျတယ်၊ ယထာဘူတကျတယ် ဆိုရင် ဒါဟာ သာမန်အားဖြင့် လက်ခံနိုင်ဖွယ် ဖြစ်ပါတယ်။ လွန်လွန်ကျွံကျွံတွေကို သိပ်မကြိုက်ဘူး။ သဘာဝကို ကျော်လွန်ပြီးတော့ လွန်လွန်ကျွံကျွံ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ခံစားလိုက်မိတယ်။ အကန့်အသတ်ကို ကျော်လွန်လာတယ်ဆိုရင် ဒါဟာ တစ်ခုခုတော့ လွဲနေပြီလို့ နားလည်တယ်။ ဘယ်ကိစ္စမဆို အကန့်အသတ်ရှိတယ်လို့ လက်ခံထားတယ်။ အကန့်အသတ်ကို သိခြင်း၊ အတိုင်းအရှည်ကို သိခြင်း၊ အချိန်အခါကို နားလည်ခြင်း၊ အကြောင်းအကျိုးကို နားလည်ခြင်းဆိုတာ ဘဝမှာ သိပ်ကို အရေးကြီးတယ်လို့ ထင်တယ်။

မင်းသေ့
၁၈ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

16 Oct, 12:45


ဥပမာ - ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှာ ကိုးကန့်တပ်ကို ဖိအားပေးနေရင်းနဲ့ ကိုးကန့်တပ်သိမ်းထားတဲ့ လားရှိုးကို စစ်ကောင်စီက “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတဲ့သဘောထားနဲ့ မစားရတဲ့ အမဲ သဲနဲ့ပက်တဲ့ အပြုအမူမျိုးနဲ့ လားရှိုးကို ဗုံးကြဲ ဖျက်ဆီးပစ်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် တအာင်းတပ်ကို တရုတ်က ဖိအားပေးနေချိန် တအာင်းတပ်က လားရှိုးနဲ့ ကပ်လျက် သီပေါကို အတင်းအကျပ် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ခြင်းအခြေအနေမျိုးတွေကို တွေ့ရပါတယ်။ ဒါတွေဟာ Negative Peace ကို တရုတ်ဘက်က တွန်းအားပေးလုပ်ဆောင်နေရင်းနဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြားဝင် ဟန့်တားဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

❐ Positive Peace ရဲ့ သဘော

လောလောဆယ်အခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း Positive Peace ဘက်ကို သွားနိုင်ချေ အင်မတန် နည်းပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ရေခံမြေခံကိုယ်၌က အာမခံချက်ရှိတဲ့ Positive Peace ကို တည်ဆောက်ဖို့အတွက် အားပေးအားမြှောက် မလုပ်ပါဘူး။ သက်ဆိုင်ရာ အင်အားစုတွေအားလုံးကလည်း တိုင်းပြည် အလုံးစုံ ပြိုဆင်းရေးကိုပဲ ဝိုင်းဝန်း ဦးတည် ကျေးဇူးပြုနေကြသလိုဖြစ်နေပါတယ်။ Positive Peace ဆိုတာကတော့ တရားမျှတမှုကို တည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တန်းတူညီမျှမှုတွေနဲ့ သဟဇာတဖြစ်မှုတွေကို တည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ လုံးဝ ကင်းပျောက်သွားပြီး စစ်ပွဲအလွန်ကာလမှာ ဖြစ်ထွန်းတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပုံစံဟာ ကြိုကြားသဘော၊ ကွက်ကြားသဘောဖြစ်တာကြောင့် မြန်မာနိုင်ငံနယ်နိမိတ် ဧရိယာတစ်ခုလုံးမှာ၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေ အာမခံချက်ရှိစွာ အပြိုင်ဖြစ်ထွန်းဖို့ဆိုတာ တော်ရုံနဲ့ မမျှော်လင့်နိုင်ပါဘူး။ လွတ်မြောက်ဒေသတွေ အာမခံချက်ရှိရှိ လွတ်လပ်ရေးဆိုတာဟာ စစ်ရေးနည်းလမ်းသက်သက်နဲ့ မရပါဘူး။ နိုင်ငံရေးနည်းလမ်းပါ လိုက်ပါရမှာဖြစ်ပါတယ်။ ဒါ့အပြင် Positive Peace ဆိုတာဟာ ပဋိပက္ခရဲ့ ရင်းမြစ်ပြဿနာကို အဖြေထုတ်ပြီး ရှင်းလင်းနိုင်ခြင်းဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်စေတဲ့ ပြဿနာရင်းမြစ်ကို ဖြေရှင်းနိုင်ခြင်းအဆင့်ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းရင်းတွေဆိုတာကလည်း ကဏ္ဍနယ်ပယ်တစ်ခုတည်းမှာ ရှိမနေဘဲ၊ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးနယ်တွေအထိပါ မညီမျှမှု၊ မမျှတမှုတွေ ဖြစ်နေခြင်းကို ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။

Positive Peace ဆိုတာဟာ ရေရှည်ဖြစ်ပါတယ်။ တည်ငြိမ်မှုဟာ ရေရှည် ရတာဖြစ်ပြီး ပေါက္ခရဝဿမိုးလို ကွက်ကြားမျိုး ဖြစ်ထွန်းတဲ့ တည်ငြိမ်ရေး မဟုတ်ပါဘူး။ တစ်ဆက်တစ်စပ်တည်း ငြိမ်းချမ်းခြင်း၊ တစ်ဆက်တစ်စပ်တည်း တည်ငြိမ်ခြင်းဖြစ်ပါတယ်။ အာမခံချက်ရှိတဲ့ တည်ငြိမ်ရေး၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒါ့အပြင် Positive Peace ဆိုတာဟာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ့အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ လူမှုတရားမျှတမှုတွေကို ဆောင်ကြဉ်းတည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ပိုပြီး လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကို ပြည်သလူထုက သုံးဆောင်ခံစားခွင့် ရှိတဲ့ ငြိမ်းချမ်းရေးအခြေအနေဖြစ်တာကြောင့်၊ ပိုကောင်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။

မင်းသေ့
၁၆ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

16 Oct, 12:45


❐ ငြိမ်းချမ်းရေး - အပေါင်း နှင့် အနှုတ်

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကို အိပဲ့အိပဲ့နဲ့ ကြုံလာမယ့် အနေအထားမှာ ရှိပါတယ်။ ဒါကို ကြိုကြားပြည်တွင်းစစ်၊ ကွက်ကြားပြည်တွင်းအဖြစ် အသွင်ပြောင်းနိုင်ချေရှိတယ်လို့ မှန်းဆရပါတယ်။ အဲသည့်ထဲမှာ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် မရှိတော့ဘူးလားလို့ မေးရင် ငြိမ်းချမ်းရေးအတွက် ပုံစံ တစ်မျိုးမျိုးနဲ့တော့ မျှော်လင့်နိုင်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စကို ပြောရင် များသောအားဖြင့် Positive Peace နဲ့ Negative Peace ရယ်လို့ ခွဲပြောလေ့ရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Positive Peace လို့ခေါ်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းမှာ မဟုတ်သေးပါဘူး။ တချို့သော နေရာဒေသတွေမှာတော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အလိုက် ဖြစ်ထွန်းမယ့် Negative Peace ပုံစံမျိုး ဖြစ်ထွန်းနိုင်ဖွယ် ရှိပါတယ်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယတို့ဟာ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်းအားဖြင့် Positive Peace ပုံစံမျိုးကို သွားနိုင်ဖို့ ခက်ခဲနေသေးတယ်ဆိုတာ သိနားလည်ဟန်တူပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လက်နက်ကိုင်အဖွဲ့ကြီးတွေကို Negative Peace ဘက်ကို ဆွဲခေါ်သွားဖို့ အားထုတ်ချက်တွေ တွေ့နေရပါတယ်။ အထူးသဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ချည်းကပ်ပုံသဘောထားဟာ Negative Peace ဘက်ကို ပါလာ‌အောင် ဆွဲခေါ်တာတွေ့ရပါတယ်။

❐ Negative Peace ရဲ့ သဘော

စစ်ဖြစ်နေတဲ့ အခြေအနေထက်စာရင်တော့၊ ပြည်သူလူထုအတွက် Negative Peace ဆိုတာကလည်း အသက်ရှုပေါက်တစ်ခုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဆေးမြှီးတိုသာဖြစ်တယ်၊ ယာယီသဘောသာဖြစ်ပါတယ်။ ရေရှည်အတွက် ဆေးနည်းကောင်း မဟုတ်သလို၊ မြန်မာ့ပြည်တွင်းရေးပြဿနာကို အမြစ်ပြတ်အောင် ရှင်းလင်း ကုသနိုင်မယ့် ဆေးနည်းကောင်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဒနာပြင်းထန်လွန်းတဲ့ လူနာကို အနည်းငယ် အနာသက်သာအောင် ဘိန်းမှိန်းမှိန်းခိုင်းတဲ့သဘောလိုဖြစ်နေပါတယ်။ လူနာဟာ ရောဂါ အရှင်းမပျောက်ပေမယ့် ခံစားရတဲ့ ဝေဒနာကနေ အနည်းငယ် သက်သာရာ သက်သာကြောင်းရတဲ့ ချည်းကပ်နည်းနဲ့ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ချည်းကပ်နေတာတွေ့ရပါတယ်။ ဒါကို ကောင်း၏ ဆိုး၏၊ မှား၏ မှန်၏ သုံးသပ်ဆုံးဖြတ်နေတာ မဟုတ်ပါဘူး။ Negative Peace ဆိုတဲ့သဘောဟာ ဒီလိုဖြစ်တယ်လို့ ပြောနေတာဖြစ်ပါတယ်။

❐ Negative Peace ရဲ့ သဘာဝ

Negative Peace ဆိုတာဟာ လောလောဆယ်အားဖြင့် အကြမ်းဖက်မှုတွေကို တိုက်ရိုက်မလုပ်ဆောင်နိုင်အောင် လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုလို့ခေါ်တဲ့ [Direct Violence] တွေ မရှိအောင် ကြိုးစားတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်မီးဟာ လုံးဝ ငြိမ်းသက်သွားတာမျိုး မဟုတ်ပေမယ့်၊ လောလောဆယ်အားဖြင့် စစ်မီးတွေ ဟုန်းဟုန်းတောက်တာမျိုး မဖြစ်အောင် ထိန်းသိမ်းတဲ့ အခြေအနေကို Negative Peace လို့ ခေါ်ပါတယ်။ Negative Peace ဟာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ဦးစားပေးအနေနဲ့ အရင်ဆုံး လုပ်ဖို့ ရည်ရွယ်တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ လုံခြုံမှုကို ထိန်းသိမ်းတည်ဆောက်သွားမယ့်သဘောကို ညွှန်းဆိုပါတယ်။ Negative Peace ရဲ့ သဘောဟာ ယာယီသဘောဆန်ပါတယ်။ ဒါ့အပြင် အချိန်မရွေး ကျိုးကြေလွယ်တဲ့သဘောဖြစ်ပါတယ်။ ဒါကို fragile ဖြစ်တယ်လို့ ဆိုပါတယ်။ Negative Peace ဖြစ်ထွန်းတဲ့ကာလအတွင်းမှာ တည်ငြိမ်မှုရှိနေသယောင်ထင်ရပေမယ့် တည်ငြိမ်မှုဟာ အချိန်မရွေး ပျက်ယွင်းသွားနိုင်တဲ့အခြေအနေပါ။ အာမခံချက်ရှိတဲ့ တည်ငြိမ်ရေးမဟုတ်သလို၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလည်း မဟုတ်ပါဘူး။

ဒါပေမယ့် မြန်မာစကားမှာ “သစ်မရခင် ဝါးနဲ့ ပေါင်းကွပ်” ဆိုတဲ့ စကားရှိပါတယ်။ ဒီသဘောပါပဲ။ အကောင်းဆုံးနဲ့ အခိုင်ခံဆုံး မဟုတ်ပေမယ့် သာမန် ရွက်ကြမ်းရေကြိုအဆင့်လောက်နဲ့ တင်းတိမ်ခိုင်းတဲ့သဘောပါ။ မြန်မာ့နိုင်ငံရေးဓလေ့အရ၊ စားရင်လည်း ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ဆီထမင်းကိုမှ စားမယ်၊ မစားရရင်လည်း အငတ်သာ ခံလိုက်မယ်ဆိုတဲ့ ရယ်ဒီကယ်စိတ်ဓာတ်နဲ့ကတော့ ဖီလာဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

❐ Negative Peace ဘယ်လို လုပ်သလဲ

Negative Peace ကိုတည်ဆောက်တဲ့အခါမှာ၊ အမုန်းနဲ့ အာဃာတတွေကို လျော့နိုင်သမျှ လျော့ချဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကို သုံးပါတယ်။ ဒါ့အပြင် တည်ငြိမ်မှုအတွက် အမိန့်အာဏာ‌ကို သုံးတာ၊ အင်အားသုံးပြီး ဖိဖိစီးစီး လုပ်ဆောင်တဲ့နည်းလမ်းတွေပါပါတယ်။ လောလောဆယ်အားဖြင့် တရုတ်ရဲ့ သဘောထားတွေဟာ မြန်မာ့ပြည်တွင်းရေးရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်ကို နှစ်ဖက်စလုံးကို ဖိဖိစီးစီးနဲ့ အင်အားကို သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သုံးပြီး လုပ်နေတာဟာ Negative Peace ဖြစ်အောင် အားထုတ်ချက်တွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အချင်းချင်းအကြား ကြားဝင် ဖိအားပေး စေ့စပ်ညှိနှိုင်းတာမျိုးတွေက အကဲဆတ်လို့ ထိန်းမနိုင်သိမ်းမရ အခြေအနေကိုလည်း ကြုံနိုင်ပါတယ်။

Min Thayt - Official

16 Oct, 01:48


မနေ့က ချာတိတ်လေးတစ်စုကို၊ စာသင်ပေးတော့ စကားတစ်ခု ပြောဖြစ်တယ်။ လွတ်လပ်မှုဆိုတာ သုံးရတာ။ သုံးနိုင်သလောက် လွတ်လပ်မှု ရှိတယ်။ လွတ်လပ်မှုဆိုတာ သုံးရတာ။

ဒါက ကျနော် အကြိုက်ဆုံး စာအုပ်ဖြစ်တဲ့ လွတ်လပ်သောစိတ်စာအုပ်ထဲက ရတဲ့ ဒဿနပါ။ ကျနော်ကိုယ်တိုင်လည်း ဒီအယူအဆကို တတ်နိုင်သလောက် လက်တွေ့ကျင့်သုံးတယ်။ လက်တွေ့ကျင့်သုံးသလောက်လည်း အကျိုးရတယ်။ လွတ်လပ်မှု မရှိဘူးလို့ ငြီးတွားနေမယ့်အစား၊ လွတ်လပ်မှုကို ငါ ဘယ်လောက်အထိ သုံးနိုင်သလဲဆိုတာကို အောက်မေ့တယ်။ ဒီနည်းနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို လက်တွေ့အပိုင်ဖြစ်အောင် လုပ်တယ်။ ဒါက တစ်ကိုယ်တော်လွတ်လပ်မှုနဲ့ပတ်သက်ရင်တော့၊ ပြောနိုင်တာပေါ့...လို့ အငေါ်တူးနိုင်တယ်။ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး လွတ်လပ်မှုလည်း လိုသေးတယ်လို့ ပြောနိုင်တယ်။

တစ်ဦးချင်းမှာ လွတ်လပ်သော အတွေးအခေါ်နဲ့ လွတ်လပ်မှုကို ခံယူတဲ့ အမြင်အယူအဆတွေ ရင့်ရင့်ကျက်ကျက် မဖြစ်သေးသရွေ့တော့၊ တစ်ဦးချင်းမှသည် လူ့အသိုင်းအဝိုင်းကြီတစ်ခုလုံးဆီကို ကူးဆက်ဖို့ ခက်နေမှာပဲ။ ဒီတော့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးလွတ်လပ်ဖို့အတွက် တစ်ဦးချင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ အသုံးချနိုင်သလဲဆိုတာနဲ့ စတင်ရလိမ့်မယ်။

နိုင်ငံရေးမှာ ပြောတဲ့စကားတစ်ခု ရှိတယ်။ အထူးသဖြင့် ဖက်ဒရယ်နဲ့ပတ်သက်ရင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကို ခပ်များများပြောတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ဆိုတာကို ပြောတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေအရ ဖက်ဒရယ်က စစ်စစ်မှန်မှန် ဘယ်တော့မလဲဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။ ဒါပေမယ့် လူတစ်ဦးချင်းစီမှာ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရှိအောင် အရင် လုပ်လို့ မရဘူးလား။ အခု လုပ်လို့ ရတာပဲ။

လူဟာ ကိုယ့်ကြမ္မာကို ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ လူဟာ ကိုယ်ဘဝကို ကိုယ့်ဘာသာ ပြဋ္ဌာန်းပိုင်ခွင့် ရှိတယ်။ အဲသည့်လို ကိုယ့်ကြမ္မာကို ကိုယ်ပြဋ္ဌာန်းဖို့ ကြိုးစားတဲ့အခါ၊ ပတ်ဝန်းကျင်ရဲ့ ပယောဂတွေ၊ လူတွေရဲ့ ထင်မြင်ချက်တွေက ဝိုင်းဝန်း သိုင်းဝိုင်းပြီး ကိုယ့်ကို လာချုပ်လိမ့်မယ်။ သူများက ကိုယ့်ကို လာချုပ်တယ်ဆိုတာထက် ကိုယ့်အစွဲက ကိုယ့်စိတ်ကို ပြန်ချုပ်တာက အဆိုးဆုံးတယ်။ ဒါကို သတိထားဖို့ လိုတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတာ ရှိတယ်။ ဘေးဥပဒ်ကို ပြောတာပါ။ အစွဲကြောင့်ပဲ ဘေးဖြစ်တတ်တယ်။ ဒီတော့ ကိုယ့်အစွဲက ကိုယ့်ကို ဘယ်လောက်အထိ ဘေးရောက်အောင် လုပ်နေသလဲဆိုတာ သတိထားကြည့်သင့်တယ်ထင်တယ်။

နိုင်ငံရေးကိစ္စတွေကို ခဏလေး အသာထား။ ကိုယ့်ကိုယ်ကို အရင်ဆုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်အောင် လုပ်လို့ ရပါတယ်။ အဲသည့်ကြားထဲမျာ အကန့်အသတ်တွေ ရှိလိမ့်မယ်။ အခြေအနေက လွတ်လွတ်လပ်လပ် ဖန်တီးလို့ မရအောင်၊ ပေးထားချက်ဘောင်တွေထဲမှာပဲ လုပ်ရတာတွေ ရှိတတ်တယ်။ ဒါပေမယ့် ဒါတွေကို ဘယ်လောက်အထိ ဖောက်ထွက်နိုင်သလဲဆိုတာ လွတ်လပ်မှုအပေါ်မှာ ကိုယ်မြင်တဲ့ အမြင်အပေါ်မှာ မူတည်တယ်လို့ ယူဆတယ်။ တခါတရံ လွတ်လပ်မှုကို သုံးဖို့ ကြိုးစားနေရင်းနဲ့ ခြေချော်လက်ချော်ဖြစ်တတ်တယ်။ ဒါက ဖြစ်တတ်တာ သဘာဝပဲ။ လွတ်လပ်မှုကို သုံးနေရင်းနဲ့ သတိရှိနေရမယ်။ သတိဟာ လွန်တယ် မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ သတိဆိုတာ လွန်တယ်လို့ မရှိပါဘူး။ လွတ်လပ်မှုကို ရသလောက် သုံးနေရင်းနဲ့ လွတ်လပ်မှု ပိုရလာတာကို တွေ့ရမယ်။ လွတ်လပ်မှုကို သုံးနေရင်းနဲ့လည်း သတိနဲ့ ယှဉ်ပြီး သုံးရမယ်။ ဒါဆိုရင် တစ်နေ့ထက် တစ်နေ့ကိုယ့်ရဲ့ လွတ်လပ်ခွင့်ဟာ ကျယ်သထက် ကျယ်လာမယ်။ ကိုယ့်လုပ်ခွင့် ကိုင်ခွင့်ဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ကျယ်လာမယ်။

လွတ်လပ်မှုဆိုတာ သုံးနေရင်းနဲ့မှ ပိုပြီး ရလာတာမျိုးပါ။ ဒီတော့ ငြီးတွားမနေဘဲနဲ့ လွတ်လပ်မှုကို ရသလောက် သုံးနိုင်အောင် လုပ်ဖို့ လိုတယ်။ လွတ်လပ်မှုကို လေးလေးစားစား သုံးနေသရွေ့ လွတ်လပ်မှုကလည်း ကိုယ့်ကို ပြန်လေးစားပြီး လွတ်လပ်ခွင့် ပေးလာမှာပါ။ ဒါလေးတွေ အရေးကြီးတယ်။

Min Thayt - Official

14 Oct, 13:22


သိပ်မကြာခင်က၊ အိမ်နဲ့ ဝေးနေတဲ့ လူငယ်လေးတစ်ယောက်က စာသင်ချိန်ပြီးတော့ အပြန်အလှန် ဆွေးနွေးချိန်မှာ မေးခွန်းတစ်ခု မေးတယ်။ "ကျနော်တို့ မြန်မာနိုင်ငံ ပြည်တွင်းစစ် ဘယ်တော့ အပြီးသပ်မလဲ...တဲ့၊ ပြီးတော့၊ ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ" တဲ့။ သူ့မေးခွန်းက သိပ်ရိုးရှင်းပါတယ်။ ကျနော့်ရဲ့ ပြန်လှန် ဆွေးနွေးချက်မှာ၊ ကျနော်က ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ဝေါဟာရတွေ ရှေ့ကနေ နာမဝိသေသနတွေ ထပ်မံ တိုးပြီး ဖြေလိုက်ပါတယ်။

တို့နိုင်ငံဟာ ကွက်ကြား ပြည်တွင်းစစ်၊ ကြိုကြားပြည်တွင်းစစ်နဲ့ တစ်လျှောက်လုံး ကြုံခဲ့တယ်။ အခုကတော့ အရှိန်က သိပ်မြင့်နေလို့ နေရာဒေသအနှံ့မှာ ပြည်တွင်းစစ်မီး အကြီးအကျယ် တောက်လောင်နေပါတယ်။ မြန်မာပြည် ပြည်တွင်းစစ် ဘယ်တော့ ရပ်မလဲဆိုတော့၊ စစ်ပန်းတဲ့ အချိန်မှာ ပြည်တွင်းစစ် ရပ်မယ်၊ စစ်ညောင်းတဲ့အချိန်မှာ ပြည်တွင်းစစ်ရမယ်။ ဒါပေမယ့် ဒါဟာ အာမခံချက်ရှိတဲ့ ပြည်တွင်းစစ် အဆုံးသတ်မှု မဟုတ်ဘူး၊ စစ်အုပ်စုတွေ / လက်နက်ကိုင်အုပ်စုတွေ သွေးအားပြန်ဖြည့်ဖို့အတွက် အချိန်ယူတဲ့ကာလ၊ အရှိန်ယူတဲ့ကာလကို ဖြတ်သန်းဖို့အတွက် စစ်ခဏ နားလိုက်ခြင်းဖြစ်တယ်။ အဲဒါဟာ ပြည်တွင်းစစ် အဆုံးသတ်တာ မဟုတ်သလို၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလည်း မဟုတ်ဘူး။ အခိုက်အတန့်အားဖြင့် တည်ငြိမ်မှုသာ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ စစ်မှန်သော ငြိမ်းချမ်းရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာကို တောင့်တလို့ မရတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါပေမယ့် စစ်ပန်းတဲ့အချိန်၊ စစ်ညောင်းတဲ့အချိန်နဲ့ စစ်တိုက်ဖို့ ပြန်လည် အရှိန်ယူအားဖြည့်နေတဲ့ ကြားကာလတွေမှာ အတန်အသင့် တည်ငြိမ်တာ ဖြစ်ကောင်းဖြစ်မယ်။ တချိန်ကျရင် စစ်တွေ ပြန်ဖြစ်ဖို့အတွက် ဒေသတစ်ခုခုကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း စစ်သွေးစစ်မာန်တွေ ပြန်လည် ထကြွသောင်းကျန်းလာအုံးမှာသာ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အခိုက်အတန့်အားဖြင့် စစ်ငြိမ်တဲ့ကာလတွေကို ဘယ်လောက်အထိ ဆွဲဆန့်ထားမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့၊ အဲသည့်ကာလကို ငြိမ်းချမ်းသော ကာလလို့ ပြောကောင်း ပြောလို့ ရတယ်။ ဒါပေမယ့် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ မြန်မာ့ရေခံမြေခံအရ မျှော်လင့်နိုင်ဖွယ် မမြင်။ အထူးသဖြင့် တို့တတွေရဲ့ တစ်သက်တာမျိုးဆက်မှာ စိတ်လုံလုံခြုံခြုံနဲ့ အာမခံချက်ရှိရှိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ မလွယ်ဘူး။

အနာဂတ်မှာတော့၊ ပြည်တွင်းစစ်ဟာ စစ်ညောင်းသူတို့ စစ်ပန်းသူတို့ ခဏ အနားယူကြပြီး၊ အမျိုးအလိုက် / ဒေသအလိုက် / ယုံကြည်မှုအလိုက် အုပ်စုဓလေ့ဖြစ်ထွန်းသည်ဖြစ်၍၊ တစ်ဖွဲ့က နားသော်လည်းပဲ တစ်ဖွဲ့က စစ်သွေးဆူဝေပြီး ကြိုကြားစစ်တွေ၊ ကွက်ကြားစစ်တွေကို ဖန်တီးပြီး ရှေ့ဆက်ကြရမယ့်ကိန်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်ဖို့အတွက်ကတော့၊ စစ်အုပ်စုတွေနဲ့ လက်နက်ကိုင် အုပ်စုတွေ စစ်ပန်းကြပါစေ... စစ်ညောင်းကြပါစေလို့ ဆုတောင်းရုံမှအပ မရှိနိုင်ဘူးလို့၊ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြေဟာ ကျေနပ်ဖွယ် မဖြစ်ပါဘူး။

ဒီနေရာမှာ မှန်းလို့ လွယ်အောင်၊ စဉ်းစားချက် တစ်ခုတော့ ကောက်နုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာချီ ရှိတယ်ဆိုပေမယ့် တကယ့်အဖွဲ့ကြီးတွေရဲ့ နိုင်ငံရေးညွှန်းကိန်းတွေကို ဖတ်ကြည့်တယ်ဆိုရင် ဘယ်ဒေသတွေမှာတော့ စစ်ငြိမ်ဖို့ အလားအလာများတယ်ဆိုတာကို တွက်ဆလို့ ရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ၊ ဗဟိုအာဏာကို လက်နက်နဲ့ ချုပ်ကိုင်ဖို့ ကြိုးစားတဲ့ မြန်မာစစ်တပ်ဟာ မထင်ရင် မထင်သလို စစ်ကို ပြုတာကြောင့်၊ တခါတရံလည်း တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေဟာ မိမိဒေသ မိမိကိန်းအောင်းနေတယ်ဆိုပေမယ့် ဗဟိုအာဏာစက်ကို ချဲ့ထွင်လိုတဲ့ မြန်မာစစ်တပ်ကြောင့်၊ ပြည်တွင်းစစ်ဟာ ကွက်ကြားဖြစ်လိုက်၊ ကြိုကြားဖြစ်လိုက်နဲ့ ပြည်တွင်းစစ်ဟာ အိပဲ့ အိပဲ့ ဖြစ်နေပါကြောင်း......

Min Thayt - Official

14 Oct, 01:46


ဒီရက်ပိုင်း ခေါင်းထဲ ခဏ ခဏ ဝင်လာတဲ့ စကားစု (၂) ခုရှိတယ်။ [၁] ရှေ့က ပြုခဲ့ဖူးသော ကောင်းမှုအထူး ရှိခြင်း။ [၂] အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်း။ တကယ်တော့ ဒီစကားလုံးတွေက မင်္ဂလသုတ္တန်နဲ့ ဟင်္သာမင်းဇာတ်တော်ထဲက စကားလုံးတွေပါ။

များသောအားဖြင့်တော့ ဗုဒ္ဓဘာသာတွေက ရှေ့က ပြုခဲ့ဖူးသော ကောင်းမှုအထူး ရှိခြင်းဆိုတာကို ဒါနတွေ ကြိုတင် ပြုထားကြ၊ နောက်ဘဝကျရင် ခံစားစံစားရမယ်ဆိုတဲ့ သဘောကို မြင်လေ့ရှိတယ်။ ကျနော်ကတော့ အဲသည့်လို မြင်တာထက် ပိုပါတယ်။ အနာဂတ်ကောင်းဖို့အတွက်ဆိုရင်၊ ရှေ့မှာ ကြိုတင်ပြုစွမ်းထားရမယ့် အကြောင်းကောင်းတွေ ရှိရမယ်။ အကြောင်းကောင်းရှိမှ၊ အကျိုးကောင်းဖြစ်မယ်ဆိုတဲ့ အကြောင်း-အကျိုး ဆက်စပ်မှုကို ယုံတယ်။ အကြောင်းအထောက်အပံ့ကောင်းရှိမှ၊ အကျိုးအထောက်အပံ့ကောင်းပေးနိုင်တယ်ဆိုတာကို လက်ခံတယ်။ အကြောင်းရှိမှ၊ အကျိုးဖြစ်မယ် ဆိုတာကိုလည်း လက်ခံတယ်။ ဒါ့ကြောင့် ရှေ့ကနေ ကောင်းသောအကြောင်းတွေကို ဖန်တီးပြုစွမ်း ကျေးဇူးပြု အားထုတ်ထားခြင်းအားဖြင့် အကျိုးကောင်းဟာ လာမယ် ဆိုတာမျိုးဖြစ်ပါတယ်။

ရှေ့မှာ အကြောင်းကောင်းတွေကို ကြိုတင် ဖန်တီးတည်ဆောက်ခြင်းမှာ၊ စိတ်ထဲ အမှုမဲ့ အမှတ်မဲ့ မဟုတ်ဘဲနဲ့ တမင် ကြောင့်ကြစိုက်ပြီး၊ ပြုစွမ်းထားတာမျိုး ဖြစ်တယ်။ အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်တာထက်၊ ရည်ရွယ်ချက်ထားပြီး စိတ်မှာ ကြောင့်ကြစိုက် လုပ်လိုက်တာဟာ ပိုပြီး လေးနက်တယ်၊ ပိုပြီးတော့ စွဲမြဲတယ်၊ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ ဒါ့ကြောင့် အကြောင်းကောင်းတွေကို ပြုစွမ်းတဲ့အခါမှာ၊ ဖာသိဖာသာ လုပ်တာမျိုး ရှောင်တယ်၊ တမင် ကြောင့်ကြစိုက်ပြီး လေးလေးနက်နက်နဲ့ သတိထားပြီး လုပ်တယ်။ ဒါဟာ ရှေ့က ပြုခဲ့ဖူးတဲ့ ကောင်းမှုအထူးတွေကို ဖန်တီးခြင်းဖြစ်တယ်လို့ နားလည်တယ်။

အကြောင်းကောင်းလို့ ပြောတဲ့နေရာမှာ ပေါင်းသင်းဆက်ဆံရေးလည်း ပါတယ်၊ ပညာလေ့လာသင်ယူရေးလည်းပါတယ်၊ ငွေကြေးလည်းပါတယ်၊ အလှူဒါနလည်းပါတယ်၊ အသိုင်းအဝိုင်းလည်းပါတယ်၊ နိုင်ငံရေးကိစ္စလည်း ပါတယ်၊ အများအရေးအရာတွေလည်း ပါတယ်၊ မိသားစုအရေး၊ နှလုံးသားအရေး၊ နေမှု-ထိုင်မှု- စားမှုသောက်မှု ဆိုတာတွေလည်း ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စာရိတ္တမဏ္ဍိုင်ကိစ္စတွေလည်းပါတယ်။ ဒါတွေအားလုံးမှာ အကြောင်းကောင်းတွေ ကြိုတင် ကြောင့်ကြစိုက် ဖန်တီးထားခြင်းအားဖြင့် အနာဂတ် အကျိုးကောင်းတွေက လာလိမ့်မယ်လို့ ယုံတယ်။

နောက်တစ်ခုကတော့ အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်း...ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဒဿနတွေထဲမှာလည်း၊ မြှုပ်နှံခြင်းအမှုကို ရင်းနှီးဖို့ ဆိုတာတွေ ပြောတယ်။ အကျိုးရလဒ်ကို မမျှော်ကိုးဘဲ၊ မြှုပ်နှံခြင်းဆိုတာဟာ အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်းဖြစ်ပါတယ်။ သမားရိုးကျ ဗုဒ္ဓဘာသာတွေနားလည်ထားတာကတော့ သားသမီးတွေကို ဟင်္သာမင်းဇာတ်တော်အလိုအရ၊ သားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကို အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်းဖြစ်တယ်လို့ မြင်တယ်။ တကယ်တော့ ဒီသဘောတရားဟာ သည့်ထက် ကျယ်ကျယ်ပြန့်ပြန့် တွေးလို့ ရတယ်လို့ ထင်တယ်။

တချိန်မှာ ထုတ်ယူသုံးစွဲနိုင်တဲ့ ရွှေအိုးတွေကို မြှုပ်နှံခြင်းဆိုတာ - ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်နိုင်တယ်၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ပေးကမ်းထိုက်သူကို ပေးကမ်းခြငြ်း၊ ထောက်ပံ့သင့်သူကို ထောက်ပံ့ခြင်းဆိုတာတွေလည်း ပါတယ်လို့ နားလည်တယ်။ ဒါ့ကြောင့် မွေးလာကတည်းက ပါလာတဲ့ လက်နှစ်ဖက်ဟာ ယူဖို့ချည်းသက်သက် မဟုတ်ဘဲနဲ့ ပေးဖို့လည်းဖြစ်သင့်တယ်ဆိုတဲ့ အယူအဆရှိတယ်။ ကြိုတင် ရင်းနှီးမြှုပ်နှံခြင်းဟာ ဘဝမှာ အရေးကြီးတယ်လို့ ထင်တယ်။

လူအတော်များများက ရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ငွေကြေးပဲ သွားမြင်လေ့ရှိတယ်။ တကယ်တော့ အဲသည့်ထက် ပိုတယ်။ မိမိရဲ့ အားထုတ်ချက်တိုင်းမှာ၊ ရွှေိအိုးမြှုပ်နှံသကဲ့သို့ အကျိုးပေးတွေ ကောင်းမွန်အောင် ကြိုတင် မြှုပ်နှံထားသို စိုက်ပျိုးထားရမယ့် မျိုးစေ့ကောင်းတွေ ရှိတယ်။ အဲသည့်မျိုးစေ့ကောင်းတွေကို မြေမှာ လက်တွေ့ ချပြီး၊ မြှုပ်နှံခြင်းအမှုကို ကြောင့်ကြစိုက် လုပ်ဆောင်ခြင်းအားဖြင့် အနာဂတ်အကျိုးပေးတွေ ကောင်းလာအောင် ပြုစွမ်းနိုင်တယ်လို့ နားလည်လက်ခံတယ်။

ရှေ့က ပြုခဲ့ဖူးသော အကြောင်းကောင်း အထူး ရှိပါစေ။
ရွှေအိုးဖြစ်နိုင်မယ့် မျိုးစေ့ကောင်းတွေကို အစဉ်မြှုပ်နှံနိုင်ပါစေ။

Min Thayt - Official

13 Oct, 12:52


၆။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုး အမြောက်အမြား ရှိပါတယ်။ အဲသည့်ထဲက တစ်ခုကတော့ လက်နက်ကိုင်ထားတဲ့ စစ်အုပ်စုတွေက စီးပွားရေးအခွင့်အလမ်းတွေကို တစ်ဖက်သတ် လက်ဝါးကြီးအုပ်ခွင့်ကို ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း၊ လက်နက်ကိုင်မှ အခွင့်အလမ်းပိုရတယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း လောင်စာထည့်ပေးသလိုဖြစ်ပါတယ်။ လက်နက်မကိုင်တဲ့သူဟာ လူရာမဝင်သလို၊ အခွင့်အလမ်းကိုလည်း ရပိုင်ခွင့် မရှိဘူးဆိုတဲ့ အမြင်အယူအဆကို ကြီးထွားစေပါတယ်။ များသောအားဖြင့် အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဟာ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခွင့်တွေကို ပိုပြီး အားပြုတည်ဆောက်ထားတာကြောင့်၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအတွက် သယံဇာတကျိန်စာသင့်မှုကို အားပေးရာ ရောက်ပါတယ်။ သယံဇာတလုပွဲတွေကြောင့် ပဋိပက္ခတွေဟာ ဘယ်သောအခါမှ၊ အပြီးမသတ်နိုင်သလို အဆိုးကျော့သံသရာ လည်တာမျိုး ဖြစ်တာတွေ့ရပါတယ်။

၇။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ် ပိုမို ကျယ်ပြန့်နက်ရှိုင်းလာလေလေ၊ လူထုရဲ့ အခန်းကဏ္ဍက ပိုမို မှေးမှိန်သထက် မှေးမှိန်လာပြီး၊ လက်နက်ကိုင်အုပ်စုတွေနဲ့ နိုင်ငံတော်အာဏာချုပ်ကိုင်ထားတဲ့ အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍက ပိုပြီး ကြီးမားသထက် ကြီးမားလာလေလေပါပဲ။ နိုင်ငံအတွင်းက စီးပွားရေးအခွင့်အလမ်းအားလုံးနဲ့ သယံဇာတအားလုံးကို လက်နက်ကိုင်ထားတဲ့ အုပ်စုတွေကသာ လက်ဝါးကြီးအုပ်ထားနိုင်သလို ဖြစ်လာပါတယ်။ ဒါ့အပြင် စီးပွားရေးအခွင့်အလမ်းတွေကို စီမံခန့်ခွဲသူတွေဟာ လက်နက်ကိုင်အုပ်စုတွေပဲ ဖြစ်လာပါတယ်။ သယံဇာတတူးဖော်ထုတ်လုပ်မှုတွေကို လက်နက်ကိုင်အုပ်စုတွေကသာ လွှမ်းမိုးကြီးစိုးထားပြီး၊ ပြည်သူလူထုရဲ့ ထိန်းကျောင်းမှုနဲ့ လူထုအကျိုးစီးပွား ငဲ့ကွက်မှုတွေ ပျောက်ဆုံးလာပါတယ်။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဖြစ်ထွန်းမှုမှာ စီးပွားရေးအခွင့်အလမ်းဆိုတာ အခရာလို ဖြစ်လာပေမယ့်၊ အချင်းချင်း ယုံကြည်မှုတည်ဆောက်ရေးဟာ လျော့ရွဲလာတတ်ပါတယ်။ အချင်းချင်းအကြား အာဏာဝေစုခွဲပြီး စီးပွားရေးတွေ အပြိုင် လုပ်ကြပေမယ့် ယုံကြည်မှုတည်ဆောက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တဲ့အခါ၊ ပဋိပက္ခတွေဖြစ်ဖို့ တဖန် ပြန်လည် အားဖြည့်ပေးသလိုဖြစ်လာပါတယ်။

၈။ လက်နက်ကိုင်အုပ်စုတွေဟာ သူတို့ ရရှိထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို လက်မလွှတ်ရဖို့အတွက်ဆိုရင်၊ လက်နက်အင်အားတောင့်တင်းမှ ဖြစ်မယ်လို့ ယူဆလာကြပါတယ်။ ဒီအမြင် အယူအဆကြောင့်ပဲ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေက ရတဲ့အကျိုးအမြတ်တွေဟာ ဒေသတွင်းပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးသုံးစွဲတာမျိုး မလုပ်နိုင်ဘဲ၊ စစ်အသုံးစရိတ်အတွက် ဘဏ္ဍာငွေတွေဖြစ်သွားပါတော့တယ်။ အကယ်၍ အပစ်အခတ်ရပ်စဲရေး ပျက်ယွင်းခဲ့သည် ရှိသော်၊ မိမိတို့ ဘက်ကနေ အသာစီးရအောင် လက်နက်အင်အားနဲ့ တည်ဆောက်ထားရမယ်ဆိုတဲ့ အယူအဆက ကျယ်ပြန့်လာပြီး၊ စစ်အုပ်စုတွေရဲ့ ငွေကြေးအမြတ်အစွန်းတွေဟာ စစ်အသုံးစရိတ်ဖြည့်တင်းရေးအတွက်သာ ဖြစ်သွားပါတော့တယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေဖြစ်သလို၊ အနာဂတ်မှာလည်း ဖြစ်ဖို့ တာဆူနေတဲ့ကိစ္စတွေဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား....။

မင်းသေ့
၁၃ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

13 Oct, 12:52


❐ လက်သည်မပေါ်တဲ့ လူသတ်မှုများ
[သို့မဟုတ်] အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်

အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဆိုတာ ဘာလဲ။ ဒါကို သေချာ ဂ-ဃ-န-ဏ နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အကြောင်းကတော့၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့လည်း သက်ဆိုင်နေသလို၊ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပစ္စုပ္ပန်မှာလည်း အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ကို အသက်သွင်းဖို့ ၊ ကြိုးစားအားထုတ်နေတဲ့ အမှုကိစ္စတွေကို ခပ်စိပ်စိပ် တွေ့လာရလို့ပါ။

၁။ မြန်မာတို့ရဲ့ ယခင်နဲ့ ယခုကို နားလည်သဘောပေါက်တယ်ဆိုရင်၊ မြန်မာတို့ရဲ့ အနာဂတ်ကို မှန်းဆနိုင်မယ်လို့ ယူဆပါတယ်။ အနာဂတ် အကြောင်းအခြင်းအရာအားလုံးသည်၊ အတိတ်နဲ့ ထပ်တူ ဖြစ်ရိုးထုံးစံ မရှိပေမယ့်၊ အတိတ်ရဲ့ ကျေးဇူးပြုမှုနဲ့ ဖြစ်ပေါ်လာရတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ၊ ယခင်က ဘာဖြစ်ခဲ့သလဲ၊ ယခု ဘာဖြစ်နေသလဲဆိုတာနဲ့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အဲသည့်အတွက်၊ ကာလသုံးပါးကို ဆက်စပ်ကြည့်မြင်နိုင်စွမ်း မြင့်မားရပါလိမ့်မယ်။

၂။ မြန်မာ့နိုင်ငံရေးဘောဂဗေဒကို နားလည်သဘောပေါက်ဖို့ အထူးလိုပါတယ်။ ဘာလို့လဲဆိုတော့၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဆင်းရဲ - ချမ်းသာကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားသထက် ကြီးမားလာတာတွေ့ရပါတယ်။ အနာဂတ်ကာလတွေမှာလည်း လက်နက်ရှိသူတွေဟာ လုပ်ပိုင်ခွင့် ပိုရပြီး၊ ယခင်ကထက် ပိုမိုကြွယ်ဝလာနိုင်ဖို့ အခွင့်အလမ်း အမြောက်အမြားကို မြင်နေရပါတယ်။ ဒါ့အပြင် လက်နက်ရှိရင် အာဏာရှိတယ်ဆိုတဲ့ အယူအဆဟာလည်း လူ့အဖွဲ့အစည်းထဲမှာ တဖြည်းဖြည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ငွေရှိသူတွေဟာ လက်နက်ရှိသူ၊ အာဏာရှိသူတွေနဲ့ ပေါင်းပြီး ယခင်ကထက် ပိုမိုကြွယ်ဝ ချမ်းသာဖို့ အခွင့်အလမ်းတွေ ပိုရလာကြပါလိမ့်မယ်။ သာမန် ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်နေတဲ့ သမာအာဇီဝနဲ့ အသက်မွေးနေသူတွေကတော့ စနစ်ဆိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ထပ်မံ ခံစားရဖွယ်ရှိပါလိမ့်မယ်။ တစ်ရာဖိုးလုပ်မှ တစ်ဆယ်ဖိုးလောက် အနိုင်နိုင်ဖြစ်ရမယ့် ဘဝမျိုးမှာ ရောက်နေကြရပါလိမ့်မယ်။ ဆင်းရဲသူတွေဟာ ဆင်းရဲသထက် ဆင်းရဲလာပြီး အာဏာ၊ လက်နက်နဲ့ ငွေရှိသူတွေ ပိုမို ချမ်းသာလာကြမှာပါ။

၃။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဘောဂ‌ဗေဒ ပုံစံတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွားဘဝကို ပုံဖော်ပြဋ္ဌာန်းနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ မြေပေါ် မြေအောက် သယံဇာတ ဂုတ်သွေးစုတ်မှုတွေ ပိုများလာပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ ဘယ်သူမှ ownership မယူဘဲ ပေလျာလကန် ပြုထားတဲ့ အခြေအနေမျိုးကို ပိုပြီး ရောက်လာနိုင်ပါတယ်။ သဘာဝကပ်ဘေးတွေနဲ့ ထပ်မံ ရင်ဆိုင်ရဖွယ်ရှိပြီး၊ ဒုက္ခတွင်းက ပြည်သူလူထုအများအပြားဟာ လက်သည်မပေါ်ဘဲ သေကြေပျက်စီးကြရမယ့် အခြေအနေဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ၊ လောဘ အဆောက်အအုံဟာ ကြီးထွားသထက် ကြီးထွားလာပြီး ဒေါသအဆောက်အအုံဟာလည်း ကြီးမားသထက် ကြီးမားလာတာတွေ့ရပါတယ်။ သတင်းအင်ဖော်မေးရှင်းတွေကို လူတိုင်းလိုလိုက စားသုံးနိုင်တယ်ဆိုပေမယ့် မောဟအဆောက်အအုံကလည်း ကြီးသထက် ကြီးမား ကျယ်ပြန့်လာတာတွေ့ရပါတယ်။ လူတွေဟာ အကျပ်အတည်းတွေ ကြားထဲမှာ ဖိစီးမှုအသီးသီးနဲ့ ရာဂစရိုက်လည်း ထူပြောသောင်းကျန်းလာတာတွေ့လာရပါတယ်။ ဒါတွေဟာ မြန်မာ့လူမှုနိုင်ငံရေးနဲ့ မြန်မာ့လူမှုစီးပွားဘဝတွေမှာ နေ့စဉ် တွေ့လာရတဲ့ အဖြစ်တွေပါ။ ဒီလို လူမှုနိုင်ငံရေးနဲ့ လူမှုစီးပွားအခြေအနေတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကျေးဇူးပြုနေတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဘောဂဗေဒပုံစံဖြစ်ပါတယ်။

၄။ မြန်မာ့လူ့အဖွဲ့အစည်းကို ပုံဖော်နေတဲ့ နိုင်ငံရေးဘောဂဗေဒပုံစံတွေထဲမှာ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်လို့ ခေါ်တဲ့ အသွင်သဏ္ဍာန်ဟာ အရေးကြီးတဲ့ အချက်အနေနဲ့ တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း နဝတအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါ၊ စီးပွားရေးမက်လုံးပေးပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ပြေငြိမ်းဖို့ မြူဆွယ်တာတွေ့ခဲ့ရပါတယ်။ များသောအားဖြင့် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်လို့ နားလည်ထားကြပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမယ်ဆိုရင် မိမိတို့ နယ်ပယ်မှာ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့ သယံဇာတထုတ်ယူပိုင်ခွင့်တွေကို ပေးပြီးတော့ စစ်ပြေငြိမ်းအောင် လုပ်တာပါ။

၅။ တကယ်တော့ စစ်ဖြစ်နေတဲ့ အခြေအနေထက်စာရင် အပစ်အခတ်ရပ်စဲရေးလုပ်တာဟာ ကောင်းတယ်လို့ ထင်ရပေမယ့်၊ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆေးနည်းကောင်းတော့ မဟုတ်ပါဘူး။ ပဋိပက္ခအရှိန်မြင့်သထက် မြင့်နေတဲ့အချိန်မှာ၊ စီးပွားရေးမက်လုံးပေးပြီးတော့ တည်ငြိမ်ရေးကို ကြိုးစားတဲ့ နိုင်ငံရေးဆေးမြှီးတိုဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဆိုတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနဲ့ စီးပွားရေးအခွင့်အလမ်းတေွ တွဲဖက်ပေးတဲ့ မိုဒယ်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်တဲ့အဖွဲ့ဟာ စီးပွားရေးလုပ်ခွင့်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

Min Thayt - Official

13 Oct, 03:27


အနာဂတ် မြန်မာနိုင်ငံမှာလည်း၊ မြန်မာ့နိုင်ငံရေးဘောဂဗေဒဟာ ဆက်လက်ပြီးတော့ အဆိုပါ အရင်းရှင်စနစ် (၃) ခုကနေ ဆက်လက် မောင်းနှင်းခြင်းကို ခံရအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့ငယ်ပေါင်း၊ ရာနဲ့ချီ ထက်မံ မွေးဖွားလာတာဖြစ်ခြင်းကြောင့်၊ လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ရှည်ကြာလေလေ ဒီအဆိုးကျော့သံသရာက မထွက်နိုင်လေလေ ဖြစ်ပါလိမ့်မယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ၊
ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ကြတဲ့သူတွေရဲ့ စားဝတ်နေမှု အဆင့်အတန်းဟာ တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာမှာ ဖြစ်ပြီး၊ အာဏာ၊လက်နက်နဲ့ ငွေကြေး ရှိတဲ့သူတွေဟာ ပိုမို ကြွယ်ဝသထက် ကြွယ်ဝလာပြီး လူတန်းစားကွာဟမှုကလည်း တရိပ်ရိပ် ကြီးထွားလာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား.....

မင်းသေ့
၁၃ အောက်တိုဘာ ၂၀၂၄