ကဗျာလမ်း @poem2023 Channel on Telegram

ကဗျာလမ်း

@poem2023


ကဗျာလမ်းလေးထဲ လျှောက်လာခဲ့ပါ
မိတ်ဆွေ

ကဗျာလမ်း (Burmese)

ကဗျာလမ်းဆုံးသည် ရုပ်ရှင်ရယူ၊ မြန်မာနိုင်ငံ၏ ပိုင်ရှင်များအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံနှင့် နိုင်ငံအတွက် ရှာမှီဖီရှင်အသုံးပြုခြင်းမှ တွေ့ရမှုလုပ်ငန်း လဟင်းချမ်းသာ၊ လက်ခံကတ်ခတ္တ္တောင် အသုံးပြု၊ ရုပ်ရှင်အသုံးပြု၊ တို့ကိုင် တွေ့ရမှုသာတင်းရေ ရှာဖွေခြင်း၊ ဩးဖိုမြေအသုံးပြု တွေ့ရမှုလုပ်ငန်း အသုံးပြုနိုင်ချိန်များနှင့် ရုပ်ရှင်များနှင့် အသုံးပြုလိုပါက လိုအပ်ပျက်လည်မှာဖြစ်ပါသည်။ ကဗျာလမ်းသည် နောက်ဆုံး ရုပ်ရှင်များ၏ အထူး အကူ ပြန်လည်ရှိမှုဖြစ်ပါသည်။ အခြေစိုက် ၄ အသုံးပြုခြင်း အတွက် တွေ့ရမှုနိုင်ခြင်း၊ ရုပ်ရှင်အသုံးပြုနိုင်ခြင်း၊ လိုအပ်လည်မှာဖြစ်ပါသည်။ ကဗျာလမ်းသည် မိုးမော်မြ့ချမ်းသာကျော် ဖုိသင်ကြ ကျေးကျေးဆွေ ပိုင်းရှင်အပြည့် နှင့် နာမည်တို့ မိတ်ဆွေမြှင့်နှင့် မျှော် ရှိတတ်သော နာမည်လိုပါက လူသုံးညီမျှော်တတ်ပိုင်ခြင်းနှင့် လူသုံးညီတတ်ရိုင်ခြင်းလျှင် လူသုံးညီလိန် နှစ်သက်လောင်းများအတွက် တွေ့ရမှုလုပ်ငန်း အသုံးပြု နိုင်ချိန်များကို ရှာဖွေခြင်းဖြစ်ပါသည်။ ကဗျာလမ်းသည် မြန်မာ နိုင်ငံတစ်ရပ် အတွက် တွေ့ရမှုလုပ်ငန်း သာတင်းရေရှာခြင်းနှင့် သာဓုခြင်းအတွက် ရှာမှီတြင် နောက်ဆုံးရုပ်ရှင်များကို အသုံးပြု နိုင်ချိန်ရိုက်သည်။

ကဗျာလမ်း

04 Jan, 12:54


ခဲတံတစ်ချောင်းရဲ့ ရယ်သံ
( ၂၀၀၂ခုနှစ် အလယ်ရိုးမဆုရကဗျာ)

----------------------------------------

ခဲတံတစ်ချောင်းရဲ့ ရယ်သံကို နားထောင်ရအောင်
သူ့ကို 'ဝ'လုံးတွေချည်း ရေးပစ်တာ ခံခဲ့ရတော့
သူဟာ “ဝ”လုံးတွေအကြောင်းပဲ
ပြောပြနိုင်တာ ခွင့်လွှတ်ပါတဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

သူ ရေးခဲ့တဲ့ ‘ဝ’လုံးတွေဟာ သန့်ရှင်းစင်ကြယ်ပြီး မိသားစုတစ်ခုကို ပျော်ရွှင်စေခဲ့တယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

“ဝ”လုံးတွေသာ မရှိရင် ကမ္ဘာကြီး ဘာဆက်ဖြစ်သွားမလဲ
ဆိုတာကို သူ မသိလိုက်ပါဘူး၊ ဒါပေမဲ့ သူဟာ 'ဝ'လုံးတွေ
ရေးခဲ့တာကိုပဲ ကျေနပ်ခဲ့ပါတယ်တဲ့
ခဲတံတစ်ချောင်းက ရယ်တယ်။

သူ့ကို ရေးသားနိုင်ဖို့ သူ့ကို လှီးဖြတ်ပစ်ခဲ့ကြတယ်
အဆုံးထိ လှီးဖြတ်ပစ်ခဲ့ကြတာပါ အဆုံးထိတဲ့
သူဟာ ‘ဝ’လုံးတွေသာ ထားရစ်နိုင်ခဲ့တဲ့အတွက်
ပညာရှိများကို တောင်းပန်ခဲ့ပါတယ်တဲ့
အဲဒီနောက်
ခဲတံတစ်ချောင်းရဲ့ ရယ်သံကို
ကျွန်တော်တို့ မကြားရတော့ပါဘူး။ ။

နေမျိုး

စတိုင်သစ်မဂ္ဂဇင်း၊ သြဂုတ်၊ ၂၀၀၂။

ကဗျာလမ်း

04 Jan, 12:38


မှတ်ဥာဏ်ထဲမှာ ဒဏ်ရာတွေပြည့်နေပြီလား၊

မှတ်ဥာဏ်ကို ဘဝအတွက် ဆက်မသုံးနဲ့တော့

'မေ့ဥာဏ်' ကိုပဲ သုံးပါ...

အဝေးကြီး သွားရမယ့် ခရီးမှာ
အရာရာကို သတိရနေရတာ ပင်ပန်းတယ်.. ၊

#မင်းခိုက်စိုးစန်

ကဗျာလမ်း

03 Jan, 12:39


#ပြုစားခဲ့တဲ့လူ

မနေ့ကမှ ကိုယ့်ကိုယ်ကိုယ်ငုံ့ကိုင်းကြည့်မိရဲ့
ကျနော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ

လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျနော်ဟာလည်း ဝူးဝူးဝါးဝါးနဲ့ “လူ” အဖြစ်ပွင့်ခဲ့ရတာပါ။

တကယ်ဆို ကဗျာဟာ အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာ ဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။

တရံတခါ လေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါ ယိမ်းသွေ့ဖူးတယ်။
အဲ့ဒါကလွဲရင် သူလို ကိုယ်လိုလောက်တောင် ကျနော် မကွေ့ကောက်ခဲ့ပါဘူး။

ကျနော်နဲ့ သိုးထိန်းတို့ ခုလိုမျိုးစကားစိမ်းဆိုကြ ..
အော် .. တခုတော့ရှိတယ် ..
ကျနော် မပါပဲနဲ့လည်း ဧရာဝတီဟာ စီးမြဲ စီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ်။

#တာရာမင်းဝေ
#taraminwai
#taraminwaipoems

ကဗျာလမ်း

03 Jan, 12:07


မိဝင်းဖို့ကဗျာ (၂)

အုံ့ဆိုင်းနေတဲ့ ဆီးနှင်းထုထဲ
နေရောင်ကျဲကျဲ ထိုးချလိုက်တဲ့အခါ
မင်း ငါ့နှလုံးသားကို သတိရပေါ့ကွယ်။

ဟေး ... မိဝင်း
မင်းက ငါ့ကို မယုံဘူး
ဟုတ်လား
ငါ့တစ်ကိုယ်လုံးကို ကိုင်ကြည့်လိုက်လေ
တဆတ်ဆတ်တုန်ခါနေတာ
မင်း တွေ့ရမှာပဲ။

ဟောသည် ကန္တာရတောအုပ်ကြီးကို
ဘယ်သူမှ တားဆီးမရသလိုမျိုးပေါ့
ငါ မင်းကို ချစ်တာ။
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထည့်ထားချင်သပေါ့
တကယ်တမ်းကျ
ငါက
တတိယတန်းစား လူတစ်ယောက်ပါကွာ။

လူတစ်ယောက်
ဘယ်လောက်ထိ ချစ်နိုင်တယ်ဆိုတာ
မင်းက မယုံဘူး
ဟုတ်လား၊
လူတစ်ယောက် မိုးပေါ်ပျံနိုင်တယ်ဆိုတာမျိုးကျ
မင်းက ယုံပြန်ရော။

တငွေ့ငွေ့ ကျန်ရစ်ခဲ့တဲ့
မင်းရဲ့ သရော်တော်တော် အပြုံးလေးကိုပဲ
တစ်သက်လုံး သိမ်းဆည်းထားရတော့မယ့်
ငါ့အဖြစ်ပါ။

ငါ့ဘဝရဲ့ဖြစ်တည်မှုထဲ
မင်းလက်ကို ထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း ... အချစ်တွေ တွေ့ရတယ်မဟုတ်လား။

မင်းနဲ့ပတ်သက်ပြီးတိုင်း
ငါရရှိတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခု ပြီးသွားတဲ့အခါ
ကျည်ဆံခွံလိုက်ကောက်ရတဲ့ ကလေးလိုပါပဲ။

ဘာမှန်းမသိတဲ့အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘဝပါကွယ်။
ငါ့အချစ်ဟာ
မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး။
ပြင်းထန်လွန်းတဲ့ အာရုံခံစားမှုနဲ့
တုန်ခါနေတဲ့ဘဝရဲ့ ရစ်သမ်ကို
ပေါင်းစပ်ထားတာ တစ်ခုပါပဲ။

မြတ်ခင်းပြင်ပေါ် လမ်းလျှောက်ရသလိုမျိုးတော့
မလွယ်လှဘူးပေါ့ကွယ်။

ငါ့အသက်အရွယ်ကြီးနဲ့ကျမှ
အသည်းကွဲသီချင်းတွေလည်း ဆိုမနေပါရစေနဲ့တော့
ငါးမန်းတွေပေါတဲ့ ပင်လယ်ကြီးထဲ
တစ်ခါတည်းသာ ခုန်ချလိုက်ချင်ရဲ့။

- ပိုင်စိုးဝေ

ကဗျာလမ်း

31 Dec, 13:49


အမျိုးသမီးခန္ဓာကိုယ်က ကြီးမားပြီး
အရပ်ကရှည်လျားတယ်။
သူဝတ်ထားတဲ့ အဝတ်အစားတွေထဲကနေ
အမွေးအမျှင်တွေ အများကြီး ထိုးထွက်နေတယ်။
သူနဲ့တွဲကရင် သူ့ခါးကိုဖက်ထားရင်း အပေါ်ကို မော့ကြည့်ရတယ်။ အမျိုးသမီးတွေသုံးတတ်တဲ့ ရေမွေးခပ်သင်းသင်းကိုလည်း ဆွတ်ထားတယ်။
ဆံပင်နဲ့ဖုံးထားတော့
အမျိုးသမီးရဲ့မျက်နှာကို သဲသဲကွဲကွဲ ဘယ်တော့မှမမြင်ရဘူး။
အများဆုံးမြင်ရတာက အမျိုးသမီးရဲ့
မေးစေ့အပိုင်းပဲ။ မေးစေ့က မြင်ကွင်းကို ပိတ်ထားတော့ မော့ကြည့်ရင် အပေါ်က မျက်နှာကြက်ကိုတောင် မမြင်ရဘူး။
အမျိုးသမီးရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကလည်း
ရှေ့က မြင်ကွင်းကိုလည်း ပိတ်ထားတယ်။
ကျွန်​ေတာ့်အနေနဲ့ မကခင်အချိန်
အမျိုးသမီး မျက်နှာကို မြင်လိုက်လား
မမြင်လိုက်ရလား မသေချာပြန်ဘူး
တီးခတ်နေတဲ့ ဗုံသံကလည်း မရပ်သေးဘူး
အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ ရှည်လျားတဲ့ အမွေးအမျှင်တွေက
ကျွန်​ေတာ့်ရဲ့ အသားကို စူးနေတယ်။

မသောက်

ကဗျာလမ်း

31 Dec, 13:24


"မီးတောက်ရစ်သမ်"

#တာရာမင်းဝေ

(၁)

အခုလို…
လှပအေးစက်နေတဲ့ ညမှာပဲ
ငါ….ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောလိုက်ကြတယ်။

‘ချစ်ခြင်းမေတ္တာ’…..ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ…
မီးခိုးလုံးများဖြစ်သွားရော့မလား….လို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်ဘုရားထံမှာ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလား…..
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်
သံယောဇဉ် ဆိုတာ
အရော၀င်လို့မကောင်းတဲ့ခွေးကလေးပါပဲ…..

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စီးမိုးထားတယ်။

စက်ရုပ်ကိုဒူးထောက်ကျစေတဲ့
နင့်ရဲ့ မျက်၀န်းစိမ်းလဲ့မှာ
ငါ ဘယ်လိုမှမေ့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည် ချည်နှောင်ခဲ့ပါမယ်
ချစ်သောဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ စစ်၀င်္ကပါမှာ ငါ….မတိုက်ရဲဘူး)
ညံ့တယ်လို့ဘဲ
လက်ညှိုးထိုးပြီးပြောလိုက်ပါတော့။

လျှပ်စစ်မျှင်တန်းလို...
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ...
ခု...ရထားတို့ ဥသြဆွဲလိုက်ကြပီ...
"...ပြီးဆုံးသွားပါပြီ...
...အားလုံး ပြီးဆုံးသွားပါပြီ..." တဲ့။

(၂)

အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။
ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရ်ိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်….
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။

ငါကဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့..
ဒါပေမဲ့
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
‘သစ္စာ’ ကိုပဲ့တင်သံနဲ့ပဲပြန်ပေးနိုင်ခဲ့သူ..။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲရှိလိမ့်မယ်…။

၀ိုင်ယာကြိုးတွေ
‘ထောင်း’ ခနဲ မီးပွင့်ပြတ်တောက်သွားပြီး
ရုတ်ချည်းမှောင်အတိကျသွားတဲ့
‘အန္ဓ’ တို့ရဲ့အိမ်အိုမှာ
တေလေပီသစွာ…ငါနေတယ်…။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည..
ရေတွင်းထဲ ခေါင်းငုံ့ပြီး..
‘….’ ကို ချစ်တယ်..လို့
ဘယ်ဆီဘယ်၀ယ်..ဟစ်အော်တမ်းတရတာ..
ဘာကြောင့်ပါလဲ…။

‘အုံ့ပုန်းချစ်’ သီချင်းကို
မဆိုချင်ဘဲဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ..လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့..
မိုးကိုဆန့်မြှောက်ထားတဲ့
မမှီနိုင်သော ကမ်းလက်တွေဟာ
ဟိုး………..တုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေစွန်းထင်လျက်ပါပဲလေ…။

(၃)

‘လူ’ ဆိုတာ..
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့ သင်္ချိုင်းဂူမှာ …
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့..အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုး..ငယ်ငယ်..ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ … သတ္တိကောင်းကင်မှာ….နီလွင်ထစ်ချုန်း
တစ်..နှစ်..သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ….

ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း ‘ အဓိပတိဘွား ‘ ဖြစ်ချက်ခဲ့တာကိုး….

အိမ်အပြန်ညများစွာမှာ
ဘယ်သူမှမပြောချင်တဲ့စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကို ‘ လူမိုက် ‘ လို့ပြန်ခေါ်ခဲ့ရတယ်…

၁၉၉၃..၁၉၉၄..
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…

နှင်းမြှားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ………
ပိတောက်ပိုင်းဖျားမှာ……၀ပ်တွားစုရုံး
ငါ့ကိုချည်ထုံးခဲ့တာ…….
ခု…………အချိန်တိုင်အောင်
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

(၄)

မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးသမျှ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာဘဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…….ကြေငြာချက်ကတော့
နင့်ကိုထာ၀ရချစ်နေမယ် ဆိုတာပါပဲ..။

ထိပ်ထားရယ်..
ဖြစ်နိုင်မယ်ဆိုရင်
ဂန္တ၀င် ပန်းပုရပိုဒ်မှာ..
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်..။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
၀င်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။

ကဗျာလမ်း

31 Dec, 13:24


ခုတော့….သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
‘ ဘ၀ ‘ ဆိုတဲ့ မာယာနိုင်ငံအိုက…
စောင့်ကြိုလို့နေရော့မယ်..
သာမညလမ်းခွဲမှာ..
၀မ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ…အောင်မြင်ပါစေ……..
ထိပ်ထားရေ……………။

#တာရာမင်းဝေ

ကဗျာလမ်း

31 Dec, 13:24


ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ..
လမင်းကလေးသာခဲ့ဖူးတယ်..။

ချစ်သောကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္ထိ
မြရာပင်ကြီးသိပါတယ်။

ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်..
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

‘ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်..
ရာစုတစ်ထောင်မှာနေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း…’

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်ထပြန်သွားတယ်..။
ချို့တဲ့သော ကျောင်းသားဘ၀
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ
သြော်…ငါ့ကိုလေ
နားလည်ပါ…နားလည်ပါ..
နားလည်စမ်းပါ..။

(၅)

အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကိုပြင်လို့ ‘ သ ‘ လို့နေခဲ့ပေါ့။

ဘာဘဲပြောပြော
ရွှေနဲ့စက်၀ယ်လို့မရတဲံ
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ..
သံမှုန်တွေကပ်ပါနေရဲ့
ငါ………..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောကတောက်လျှောက်
‘ ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ် ‘ တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်..။

‘ မင်းကကော ဘာလဲ ‘ လို့
အန္ဓတွေ က ဝိုင်းမေးတော့
၁..၂..၃..၄..၅
ငါ အကုန်စဉ်းစားတယ်
၆..၇..၈..၉..၀..
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး..။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဝိဥာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…………..ငါ
ဂစ်တာတီးနေမယ်….။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓါးနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမားဖြစ်ချင်တယ်
နင်….ဘုရင်မ……လာမလုပ်ရဘူးနော်။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်၀တ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…..
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ……..တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…..။

ငါကလည်းခက်တယ်..
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ……….ငြင်းတယ်…။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံ့ကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကိုအမျှဝေရင်း
ကာလများစွာ……..ကြာပြီကောလေ။

(၆)

တောင်ညိုမှာပျိုတဲ့မိုးတွေ
နင့်မျက်လုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး………ငါပြောမယ်
…….အက္ဆစ္တိမ္ခိုး………တို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့တစ်စက်စက်ရွာပါ…….။

‘ မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါဘဲ ‘
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူကို
အဆိပ်ချိုတွေလိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်။

သက်ပြင်းဝေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ……..ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ ‘ လ ‘ ပဲ ဖြစ်တယ်။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်း ညနေအိုက…
မြေကိုရှိခိုး..
မြူအိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံးမဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…..မရောက်ရောက်အောင်သွားမယ်..။

ပြီးတော့
ခရိုးခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းပြောရင်း
ကိုယ့်ကိုယ်ကို ပြန်လည်ဖန်ဆင်းပစ်မယ် ……….ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာသူတို့
သိကြဖို့ကောင်းတယ်….။

လေညင်းကလေးရေ
ငါချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကသောဆံမွကို
အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦးနော်..။

(၇)

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့အတွက်……..အညတရမိုး..ရေ
နေပါစေတော့….။

အဲဒီညဟာ
တစ်ခြမ်းပဲ့ ‘ လ ‘ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ ‘ ည ‘ ဖြစ်တယ်။

မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကိုနမ်းမရသလိုမျိုး
နေနဲ့လက….
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး
ရိုးသားစွာ ..တို့ ဝေးလိုက်ကြပါစို့။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကိုလက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု……ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ……….
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင် ထာ၀စဉ် ချမ်းမြေ့စေသား..
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်ပါစေ..
ငါ…ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေ ဆိုရင်း
မင်း…….ငါ့ကို……..မေ့သွားမှာပါ။

ကဗျာလမ်း

28 Dec, 12:10


စာကြည့်တိုက်မျက်နှာကျက်ထဲကဖုန်မှုန့်တွေ

#လင်းခါး

ပညာမတတ်တော့
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပဲ
ကြာနီကန်နဲ့ ဂျွန်လင်နွန်ကို တစ်တန်းတည်းထား ကြိုက်မိတယ်
ဝီစကီကိုလည်း အရသာမခံတတ်ခဲ့ဘူးကွယ်။

ပညာမတတ်တော့
ဘယ်လောက်ခုန်ခုန် ဖုန်မထ
သူများဒိုင်ယာရီ ခိုးဖတ်တယ်
တံခါးမခေါက်ဘဲ အခန်းထဲ ဝင်ခဲ့မိတာပေါ့။

ပညာမတတ်တော့
လူ့အဖွဲ့အစည်းကြားက ကျောက်တုံးလို ငြိမ်သက်
ကမ္ဘာ့အံ့ဖွယ်လည်း မအံ့သြ
လမ်းထိပ်မှာ တစ်ခေတ်လုံးငြိမ်နေတဲ့
အုတ်ခုံလိုလည်း မရင့်ကျက်ခဲ့ပါ။

ပညာမတတ်တော့
ဂိမ်းကစားရင် အီးဇီးမှ
အသက်ခိုးရသေး
ဂဏန်းသင်္ချာနဲ့ ရေမွှေး မုန်းခဲ့သေးတာပေါ့။

ပညာမတတ်တော့
နက်နက်နဲနဲယုံကြည်စရာလည်းမရှိ
ငါးထွက်မျှားတာ ငါးလိုချင်လို့သက်သက်ပဲ
အာပုပ်စော်နံနေရက်လည်း နှုတ်ခမ်းကိုနမ်းချင်တယ်
အူခဲ့ရတဲ့ ကြေးစည်သံတွေ
ဟောင်ခဲ့ရတဲ့ လမင်းတွေ ဘာဖြစ်ကုန်ကြပြီလဲ မသိပါ။

ပညာမတတ်တော့
လိင်ကိစ္စဟာလည်း ရှက်စရာလို့တွေး
ညှီစော်နံနေတဲ့အတွင်းခံတွေကို
အောက်တန်းစားစိတ်လို ဖျာအောက်ဝှက်ထားခဲ့မိတယ်။

ပညာမတတ်တော့
အပြေးသန်တယ်
ကြွက်သားတွေ ကြီးလာတယ်
လူကြားထဲ မင်းသောက်ရှက်ကွဲမယ့်
မေးခွန်းတွေ မမေးတတ်
ပခုံးစုံတွန့် နှုတ်ခမ်းရှုံ့တဲ့ အမူအရာ မလုပ်တတ်ခဲ့ပါ
တကယ်တော့ မင်းလိုပဲ လူ့အဖွဲ့အစည်းကို
သရော်မော်ကား ထိုင်ဟားချင်မိတာ
မစွမ်းခဲ့ပါဘူးကွာ။

ပညာမတတ်တာ
လူ့အဖွဲ့အစည်း မကောင်းဖို့လား
မင်း ကောင်းစားဖို့လားတောင်
ပညာမတတ်တော့ မသိဘူး
ပညာမတတ်တော့
ပညာမတတ်တာ ရှက်စရာလို့တောင် မတွေးမိပါဘူးကွာ။

လင်းခါး

၂၀၁၆ ရွှေဘိုပန်းကဗျာ ဆုရ ကဗျာ

ကဗျာလမ်း

28 Dec, 12:06


ခံရတော့ ကလေးတွေ
#လင်းခါး

ကမ္ဘာပြားပြီဆိုပြီး အဲဒီကောင်တွေ ဖောက်ပြန် ၊
အာရှတန်ဖိုးဆိုပြီး
အဖိနှိပ်ခံတွေရဲ့ ခြေထောက်ကို တက်နင်း ၊
ခံရတာ ကလေးတွေပဲ ။

စစ်ကြီးဟာ ခေတ်ကြီးကို မီးခိုးမှိုင်းတိုက်လိုက် ၊
ခေတ်ရဲ့ဖင်ကနေ ခေါင်းအထိ သပ်လျှိူ ရိုက်သွင်းလိုက်
သေရတာ ကလေးတွေပဲ
ခံရတော့ ကလေးတွေပဲ ။

ငွေစက္ကူ ပေါ်ကဂဏန်းတွေ ကြီးလာ ၊
ဘုရားဟာ ရွှေသားအတိ လုံးတော်ပြည့်ဖောင်းလာ ၊
နိုင်ငံတော်အဆင့် သူခိုးတွေရဲ့
နိုင်ငံတော်အဆင့် ဗိုက်တွေဟာ
နိုင်ငံတော်အဆင့် ရွှဲလိုက်လာ ၊
ပိန်ချူံ းချည့်နဲ့သွားတာ ကလေးတွေပဲ
ခံရတော့ ကလေးတွေပဲ ။

ကလေးတွေရဲ့ ပေါင်မုန့်တွေကို ခိုးယူပြီး
လေယာဉ်ပစ်အမြောက်တွေ လုပ်ခဲ့ကြ ၊
ကလေးတွေရဲ့ မျက်ရည်တွေကိုယူပြီး
အခြားကလေးတွေရဲ့ အိပ်ယာပေါ်
အက်ဆစ်မိုးတွေ ရွာသွန်းစေခဲ့ကြ ၊
ခေတ်အဆက်ဆက် လက်မှတ်တွေထိုး
ခေတ်အဆက်ဆက် ခြေနဲ့ဖျက်ခဲ့ကြ ၊
အကြောက်တရားနဲ့ ကြီးလာရတော့ ကလေးတွေပဲ
ခံရတော့ ဒီကလေးတွေပါပဲ ။

ကမ္ဘာ့ကလေးများနေ့မှာလည်း
ခံရတာ ကမ္ဘာနဲ့အဝှမ်း ကလေးတွေ
ခံရတော့ အပြည်ပြည်ဆိုင်ရာ ကလေးတွေပါပဲ ။

ကလေးတွေကို ချစ်သတဲ့လား
အမှိုက်ကောက်ကလေးငယ်ကို မောင်းလွှတ်ခဲ့တာ
စားပွဲထိုးကလေးငယ်ကို ခေါင်းခေါက်ခဲ့တာ
စျေးသည်ကလေးငယ်ကို ငေါက်ငမ်းခဲ့တာ
ကလေးတယောက် သေတာကြားရတော့
ဝမ်းနည်းပက်လက်ကြ ပြီးတော့
နောက်ကလေးတယောက် သေတာကို
မျှကူဝမ်းနည်းဖို့ စောင့်နေလိုက်ကြတာပဲ....။

လင်းခါး
( ၃ - ၆ - ၂၀၁၀)
(နံနက် ၁ နာရီ ၂၀ မိနစ်)

ကဗျာလမ်း

24 Dec, 12:27


အသက်ကိုနောက်မှရှူမယ်
ကော်ဖီကိုအရင်သောက်မယ်
ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကို ချစ်တာအရင်ဖြစ်ခဲ့တယ် ။

စိုင်းဝင်းမြင့်

ကဗျာလမ်း

24 Dec, 12:21


ရီရီစိုးလို ရက်စက်ချင်​​နေသူ​​လေးသို့ အ​ရေးအသားတခု -

ကိုယ်ဟာ စိမ့်ဝင်နိုင်တဲ့ အရာတခုခုပါပဲ

မင်းဘက်က ကိုယ့်ကို ချစ်ရင်
ကိုယ်ပိုင်ဆိုင်တဲ့ အရာမှန်သမျှ ရရှိမှာပဲ ဖြစ်တယ်

ကိုယ့်ရဲ့ အချိန်​တွေ
သာမာန်ခံစားမှုနဲ့တည်​ဆောက်ထားတဲ့ ဘဝ
လူမသိသူမသိ စိတ်ကူးစိတ်သန်း တချို့နဲ့
ရှိရှိသမျှအရာ အားလုံးပဲ

ကိုယ်တို့ မနီးစပ်ခဲ့ရင်​တော့ မြို့ပျက်ကြီးလိုလူကိုပဲ မင်း​ ​နောက်ထပ်တွေ့ရ​တော့မှာ

​ကိုယ်ဟာ မွှေးကြည်သင်းပျံ့လိုက်ဖို့ လွယ်ကူသလို
ညှိုး​ရော်​လွင့်​ကြွေလိုက်ဖို့လည်း လွယ်ကူလို့၊
အ​သေးအမွှား​လေးကအစ ဂရုစိုက်​နေရတာပဲ

မနက်ဖြန် ဘာဆက်ဖြစ်မယ်ဆိုတာမျိုး
ကိုယ် တွေး​​နေမိခဲ့ရင်လည်း အဲဒါ မျှော်လင့်ချက်​​ကြောင့်ပဲ ဖြစ်မှာ

ကိုယ်တို့ ဘဝ​တွေက ​လေးပင်ပြီးသားပါ အချစ်
နောက်တ​​​နေ့မှာ ပိုပြီး ​ပေါ့ပါးလာမလား ​တွေး​​တော​နေသင့်တာ​​​ပေါ့
ပြည့်စုံလုံ​လောက်တဲ့ ဘဝတခု AI နဲ့ မပြုလုပ်နိုင်​သေးသ​ရွေ့​​ စိတ်ကူး​တွေကို ကိုယ်တို့ လက်​လျော့လိုက်လို့ မဖြစ်ဘူးမို့လား

ကိုယ်တိုင်လည်း ဘာနဲ့ဖြည့်လို့ ဖြည့်ရမှန်းမသိ​တော့တဲ့ လစ်ဟာမှု​​တွေ ပြည့်လိုပြည့်ငြား အချစ်ကဗျာ​တွေ​ရေး​နေခဲ့မိတာ

အချစ်နဲ့​တွေ့တိုင်း ရုပ်ရှင်ထဲကလို ကြည်နူးစရာ ဇာတ်ဝင်ခန်းထဲ ​ရောက်ရှိသွားကြမှာ မဟုတ်​ပေမယ့်
ကံ​ကောင်းရင် ငြိမ်း​အေးမှု တခုခု​တော့ ကိုယ်တို့ ထိမိနိုင်တာပဲ

ဖိသိပ်ခံထားရမှု​တွေ​ကြောင့်​နဲ့တော့
ဘဝကို သံသယ မများလိုက်ပါနဲ့ အချစ်
ဆင့်ကဲ​ပြောင်းလဲမှု​အ​ပေါ် အ​ခြေခံထားတဲ့ တွေး​တော​စိတ်ဆိုလည်း ကိုယ်တို့ လက်ခံကြရမှာပဲ

​​နောက်တ​နေ့မှာ ကိုယ်တို့ အတူတူ
ပန်း​တွေသီရမှာ
ရနံ့​တွေ ​ဝေရီရမှာ
စိတ်​တွေ ကြည်​လင်​ရမှာပဲ

ဆို​တော့ မရက်စက်ပါနဲ့လား အချစ် ,
ကိုယ့်မှာရှိတာဆိုလို့ မင်း နင်း​ခြေရက်စက်ဖွယ်ရာ ပန်းတပွင့်စာကမ္ဘာပါပဲ ။

- Chucky

ကဗျာလမ်း

22 Dec, 06:44


အိမ်မက်တွေပေးမက်ပါ
ကမ္ဘာသုံးစကားဟာ
ရင်ခုန်သံ လို့ ပြောတော့
ကျနော့်အိမ်မက်လေးက
ရယ်ပြီး ငြင်းတယ်
သူက သူဖတ်ဖူးသမျှစာအုပ်ထဲက
အချက်လက်လေးနဲ့
ကျနော်က ကျနော်ခံစားမိတဲ့
ရင်ခုန်သံအချက်လက်လေးနဲ့
ဘဝထဲဝင်လာစေချင်လို့
ဘဝတခုလုံးခင်းပေးလိုက်ပါတယ် လို့
တစ်ယောက်စကားတစ်ယောက်နား
ပြောပေးကြပါလို့
ကြယ်တွေကိုမော့ကြည့်ပြီး
ရူးပေါပေါပြောနေတော့
အမေကရယ်တယ်
ဒီ စောက်ရူးလေးကတော့ တကယ်တဲ့
စောက်ရူးကြီးပါ အမေ
သူ့အချစ်မှ မရရင်
တကယ်ရူးမယ့် စောက်ရူးကြီးပါ
ကျနော် လိုချင်နေတဲ့ အိမ်မက်က
စျေးအရမ်းကြီးနေပီ အမေ
ကျနော့် ဆင်ခြေဖုံးညလေးက
တန်ဖိုးနည်းလွန်းတော့
အိမ်မက်လေးက အဖက်တောင်မလုပ်ပါဘူး
အမေရေ
ချစ်ခြင်းမေတ္တာ မှာ
ကျနော်က စောက်တလွဲသမားပါဗျာ။

ကမ္ဘာ

ကဗျာလမ်း

19 Dec, 13:30


- ကိုယ် မျှော်လင့်သော လောကအမွန် -

ကလေးရေ ...
မမွေးသေးတဲ့ ကလေးတွေရဲ့ကမ္ဘာမှာ
ခဏငှားရမ်း နေထိုင်နေတာ
မေ့နေတဲ့ လူကြီးတွေ ရှိနေတဲ့ ‌ခေတ်ပေါ့

ကလေးရေ ...
အခုတော့ ..
မျက်လုံးကို မှိတ်ထားပါ
ညစ်ပတ်ကြမ်းတမ်းတဲ့ ဒီကမ္ဘာကို
ဖြူစင်သောမင်းရဲ့မျက်လုံးနဲ့
တွေ့မြင်သွားမှာ စိုးရိမ်တယ်

ကလေးရေ ...
အနာဂတ်ရောက်ရင်
မျက်လုံးတွေ ဖွင့်ကြည့်လိုက်ပါ
မင်းရဲ့ပခုံးထက်မှာ ငှက်ကလေးတွေ နားနေမှာ
မင်း ဆော့တဲ့ ဥယျာဉ်ထဲမှာ ပန်းလေးတွေ ပွင့်နေမှာ
မင်း ကစားဖော်တွေနဲ့ မင်း မြူးပျော်နေမှာ ။

_ မောင်ရေချမ်း

ကဗျာလမ်း

19 Dec, 03:34


Birds



Don’t you ever nest
on a power cable.

You will often crash into
the shadow of a dawn,
cast on the high-rises.

Very often you will find
yourself trapped
in a quotidian tunnel.

You don’t have to
lift your chest too high
when flying high.

When flying low
you must know when and
how to lower your head.

To arrive at your destination
you will have to renew your flight
with love, that magical art.

A bird must die flying,
all their journeys are
textbooks for the times.

Make sure your wings are of equal length
you will fly over all the mountain ranges.

And now —
get lost y’all!


San Nyein Oo
translation by Kyi May Kaung:

ငှက်များ



ဓာတ်ကြိုးပေါ်
အသိုက်ဆောက်လို့ မရဘူး။

မှန်ရဲ့အရိပ်ထဲက အရုဏ်ဦးကို
ခဏခဏ ဝင်တိုက်မိကြတယ်။

နေ့တနေ့ရဲ့ လိုဏ်ခေါင်းထဲ
ခဏခဏ ပိတ်မိကြတယ်။

အမြင့်ပျံရတဲ့အခါ
ရင်ကော့ထားဖို့ မလိုအပ်ပေမယ့်
အနိမ့်ပျံရတဲ့အခါမှာတော့
ခေါင်းငုံ့ရကောင်း ငုံ့ရချိမ့်။

လိုရာဆိုက် ပျံသန်းခြင်းအတတ်ဟာ
ချစ်ခြင်းနဲ့မှ သစ်မယ့် ပဉ္စလက်။

ပျံရင်းသေမှ ငှက်
ခရီးဟောင်းတွေက စီးကြောင်းအတွက် ဖတ်စာ။

အတောင်ညီရင်
တောင်အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။

ပျံသန်းကြ !


စံညိမ်းဦး
၂၅ ဇွန် ၂၀၁၉

#
ပုံ
ဆရာသန်းဌေးမောင်ရဲ့ art work

ကဗျာလမ်း

19 Dec, 03:30


"စူဠသုဘဒ္ဒါနဲ့ AK47 သောက်ခြင်း"
----------------------------

လောကကို ငါ မေ့နေချိန်မှာ
ဘုရားတွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ်

နေက ကမ္ဘာကိုပတ်လိုက်
ကမ္ဘာက နေကိုပတ်လိုက် ဆိုလား
သင်ကြားရတယ်

မိန်းမအင်္ဂါလို ကျဉ်းလိုက်ကျယ်လိုက်
မစွန့်ပစ်ရက်သော ကမ္ဘာ
နံလိုက်မွှေးလိုက် ကမ္ဘာ

လေယာဉ်ပျက်ကျခြင်း သတင်းလို
ဖုန်းက အလိုလိုပွင့်လာ
အဆိပ်တုံးပစ်ခံရတဲ့ ခွေးလို လမ်းတစ်လျှောက် သွားရည်တများများ ပြေးလာ

အချစ်ပဲ
ဆေးထိုးမှားတဲ့အခါ
အော်ရသလောက်ပေါ့။ ။

#ကြည်ဇော်အေး ( ဘုရားလောင်းခေတ်ကချစ်သူများကဗျာစာအုပ်မှ)

#crd_to_owner_with_respect

ကဗျာလမ်း

16 Dec, 12:37


အဆင်မပြေတာကို
အဆင်ပြေပြေပြောနေရတာကိုက
အဆင်မပြေဘူး။

ကမ္ဘာ

ကဗျာလမ်း

14 Dec, 08:26


ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် -

အဲဒါကြောင့် မသိချင်ပါနဲ့၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် အဲဒီနှစ်က မိုးတအားကြီးပြီး ငါတို့ ဘ၀ထဲကို ရေတွေ ၀င်ခဲ့လာတယ်၊ ငါတို့ဝိညာဉ်ရဲ့အုတ်နံရံကြီး ပွင့်ထွက်သွားတုန်းက လူတွေက သနားသလိုလို စိတ်မကောင်းဖြစ်သလိုလိုနဲ့ လက်ကြီးတွေပိုက်ပြီး အထူးအဆန်းလုပ်လို့ လာကြည့်ကြတယ်၊ ပြီးတော့ ငါတို့ရဲ့မီးကျွမ်း‌နေတဲ့အမှတ်တရတွေကို သယ်ကူသလိုလိုနဲ့ ယူပြေးသွားကြတာတွေမျိုးတွေက အစ ငါတို့ အရင်မေ့ပစ်ဖို့ လိုအပ်ပါတယ်၊ တကယ်လို့များပေါ့ တခြားအရာတွေထက် ပိုပြီး ကလေးတွေ ဆော့တာကို အဝေးကနေ ငေးကြည့်ရတာလေးအပေါ် ပိုကြိုက်တတ်လာတယ်ဆိုရင်တော့ ငါတို့ဟာ ကိုယ့်ဘ၀ကိုယ် သစ်ပင်လို နေနိုင်သွားပြီဖြစ်ကြောင်း အဲဒါကို သက်သေအထောက်အထားအဖြစ် မှတ်ယူရတော့မှာပါ၊ ငါတို့အကြောင်း ဆိုပြီး ဖော်ပြဖို့ ကြိုးစားရင် ကမ်းခြေတစ်ခုလုံး ကခုန်နေတဲ့ ပါတီပွဲအကြီးစားလို့ နားလည်မှုလွဲမှာကို ငါတို့ကတော့ သိပ်သဘောကျတာပဲလေ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ်

အဲဒါကြောင့် မသိချင်ပါနဲ့ ၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် ဒုက္ခတွေကို သိပ်လှတဲ့ ကြွေပြားများလိုပဲ ငါတို့ဘ၀ရဲ့ဧည့်ခန်းထဲမှာ ဖိတ်ဖိတ်တောက်အောင် ကပ်ထားခဲ့တယ် "ကိုယ်ချင်းစာတရားဟာ စောက်ပို မဟုတ်ဘူးနော်" လို့ ပြောဖို့ တန်ချိန်သန်းပေါင်းများစွာ လေးလံတဲ့ ပြာတွေနဲ့ ငါတို့ သင်ယူခဲ့ရတာပါ _ ကလေးတွေ ဆော့ဖို့ ကစားကွင်းတွေ ဆောက်ပြီးမှ ကလေးတွေဟာ နက်ရှိုင်းမည်းမှောင်တဲ့ နောက်ဘ၀ဥမင်လှိုဏ်ခေါင်းကြီးထဲကို လက်ချင်းတွဲလို့ ၀င်သွားကြပြီ ငါတို့မှာ ကလေးတွေ ဖတ်ဖို့ စာအုပ်တွေ ရှိကြပြီး ဖတ်မယ့်ကလေးတွေကတော့ မရှိတော့ပါဘူး "ဘယ်ရောက်နေပြီလဲ" လို့ အမေးခံရရင် "ဒုက္ခရောက်နေပြီ" ဆိုပြီး ဖြေချလိုက်၊ ဒါပေမဲ့ ငါတို့အကြောင်းတွေ မပါစေနဲ့ပေါ့ ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် ။

- မောင်ရေချမ်း

ကဗျာလမ်း

12 Dec, 12:35


သတိရလို့

--------------

ချစ်လို့
မုန်းချင်ယောင်ဆောင်ရသောအခါ ။
လွမ်းလို့
နွေသို့ မီးလျှံများကို ကြည့်နေရသောအခါ ။
လမ်းသလားခဲ့သူ
လမ်းကို မေ့ထားရသောအခါ ။
ကိုယ် မပျော်တာကို
သူ ရယ်မောနိုင်ပါစေ ။
အနာတရတွေ အားလုံး
ကိုယ်ပဲ ရပါစေ ။
အိမ်မြှောင်သို့
ကိုယ်ပဲ စုတ်ထိုးပါရစေ ။
တောက်တဲ့သို့
ကိုယ်ပဲ ကြို့ထိုးပါရစေ ။
ဥဩသို့
ညချမ်းချိန်ခါ
သူအသံ သာပါစေ ။
ကောင်းသောအိပ်မက်
သူ့ထံ ရောက်ပါစေ ။ ။

ခင်ဇော်မြင့်

#thebookbazaar
#ခင်ဇော်မြင့်
#သတိရလို့

ကဗျာလမ်း

12 Dec, 12:23


အခုဘဝ

--------

ရှုံးခဲ့သမျှ ကုန်တွေလည်း
ရှုံးကုန်ပြီ ။
ဆယ်ပြန်ချစ်လို့မှ
တစ်ခါပြန်မတောက်သော မီးခြစ်ကလေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။
ဘုရားမကြိုက်ရင် ဘယ်သူမှမကြိုက်ဘူး
ဘယ်သူမှမကြိုက်လည်း
ကျွန်တော်ချစ်သောအနုပညာ။
သော့တွေရဲ့အကြောင်း
ကုန်စင်အောင် နားမလည်သူ
ဖောက်ထွင်းသမားလို
သော့တွေကို ဆက်ပြီးလေ့လာရမယ်
ဆွေးနေတဲ့ကြမ်းခင်းကို ဖွပြီးနင်းတတ်ရမယ်။

ကြည်ဇော်အေး
(ရိုးရိုးသားသားသစ်သီး ကဗျာစာအုပ်မှ)

#thebookbazaar
#ကြည်ဇော်အေး
#အခုဘဝ

ကဗျာလမ်း

03 Sep, 10:16


ငရဲသား များ

-----------

လူ့ဘုံဆိုတာလည်း
ငရဲကြီးရှစ်ထပ်ရဲ့ ထမ်းပိုး ပဲ

ဘာမှမဟုတ်ပါဘူး
ကမ္ဘာကြီး ခါးညောင်းလို့
တချက်ဆန့်လိုက်တာပါ ။

ဘာမှမဖြစ်ပါဘူး
လေထု မောပမ်းလာလို့
ချောင်းဟန့်လိုက်တာပါ ။

ဘာမှမစိုးရိမ်ပါနဲ့
လူ့ဘဝအနှစ်သာရကို
မေးခွန်းထုတ်ကြည့်တာပါ ။

ကပ်ကြီးပြီးသွားရင်တော့
ကပ်ကြေးသွေးထားလိုက်တော့
ပုလင်းဖုံးတွေ ဖွင့်ရ ခက်တယ် ။ ။

ခက်သီ

#thebookbazaar
#ခက်သီ
#ငရဲသားများ

ကဗျာလမ်း

31 Aug, 02:29


#နေတစ်ခွက် လ တစ်ခွက်

တိမ်တွေကိုယူပြီး
ဖန်ပုလင်းလေးထဲ ထည့်ထားလိုက်တယ်
စာကြည့်စားပွဲပေါ်မှာ
တိမ်ပုလင်းလေးနဲ့ ဆိုတော့
တိမ်တွေကိုမော့ငေးပြီး
ကဗျာရေးစရာမလိုတော့ဘူးလေ

တောရိပ်တောင်စွယ်တွေကို
ကင်းဗတ်စပေါ်ကော်နဲ့ကပ်ထားဘို့
ရိုးမကိုဖြတ်ပြီးသယ်ခဲ့တယ်
ခုတော့ ငါ့အခန်းလေးမှာ
လွမ်းရောင်သမ်းတဲ့ စိမ်းညို့တောင်တန်းကြီးတွေက
နေရာယူလို့

တောင်ဆီမှာ မိုးတွေညို့လာပြီ
ငါ့အခန်းလေးထဲ ရွာသွန်းမြဲထက်ပိုစေဖို့
မျက်ရည်စို့ရုံလေးဆုတောင်းတယ်
နေတစ်ခွက် လတစ်ခွက်
ချစ်သူအတွက်သောက်ခဲ့မိပါတယ် ။

#မိုးကျော်ဌေး
၂၈၊၈၊၂၀၂၁

ကဗျာလမ်း

09 Aug, 15:20


မျက်ရည်

--------

ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ်
အဲဒီခေတ်က မကုန်သေးဘူး
သံဝေဂတွေ အဆုပ်လိုက်အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကို ပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့ မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး။ ။

အောင်ခိုင်မြတ်(စတိုင်သစ်မဂ္ဂဇင်း ၊နိုဝင်ဘာ ၊၁၉၉၉)

#thebookbazaar
#အောင်ခိုင်မြတ်
#မျက်ရည်
#အေးတဲ့မီး

ကဗျာလမ်း

08 Aug, 03:04


စိတ်ကုန်ခြင်း

-----------

နံရံပေါ်မှာ
ရောင်စုံ ရူးသွပ်နေတဲ့ စာအုပ်တွေကိုလည်း
ဆက်မဖတ်ချင်တော့ဘူး။

အချစ်ကို ဝေမျှချစ်ချင် ချစ်မယ်
ငါ့အစာကို လာမလုနဲ့ဆိုတဲ့
ခေတ်ပေါ်သီချင်းတစ်ပုဒ်ကိုလည်း
လိုက်မဆိုချင်တော့ဘူး။

စက်ရုပ် မဟုတ်ဘူး
စက်ရုပ်ဆန်ရမယ်ဆိုတဲ့
လူသား မီးခိုးခေါင်းတိုင်တွေနဲ့လည်း
လေထုညစ်ညမ်းမှုအကြောင်း
မငြင်းချင်တော့ဘူး။

အာဠာဝကတွေ
ဆေးမင်ရုပ်တွေနဲ့
လူဟာ လူ မဟုတ်တော့သလိုမျိုး
အဲဒီ အရုပ်ကြိုးပြတ်တွေနဲ့လည်း
ဆက် မကချင်တော့ဘူး။

အဖော်တွေ ပြန်ခေါ်သွားခံရတဲ့
ကလေးတစ်ယောက်လို
ဒီနေ့ ကိုယ့်အသံနဲ့ကိုယ် နားလေးသွားပုံက
လူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံမျိုးလည်း
စုံလှတယ်။

အခု ငါ နံရံကို အာရုံပြုနေပါတယ်
သီချင်းတစ်ပုဒ်အပေါ်
တက်ထိုင်နေတာက လွဲရင်
အောက်ခြေ နည်းနည်းလွတ်နေတယ်လို့
ပြောကြတာပဲ
စိတ်မရှိပါဘူး။ ။

ဝင်းမြင့် (လူဝင်စားတွေထိုင်တဲ့ကဖေးမှ)

#စိတ်ကုန်ခြင်း
#ဝင်းမြင့်
#လူဝင်စားတွေထိုင်တဲ့ကဖေး
#thebookbazaar

ကဗျာလမ်း

08 Aug, 02:59


မျှော်ငေး-၃

----------

မိုးတွေ တိတ်သွားပြီ

ဘယ်ကနေပြန်လာမှန်းမသိတဲ့ ငှက်ကလေးတွေ
သူတို့အသိုက်အမြုံရှိရာ ပျံသန်းကြလေပြီ
ကြောင်အိမ်ထောင့်မှာ ကြောင်လေးတစ်ကောင်ဟာ တစ်ခုခုကို စောင့်ဆိုင်းနေသလို ငြိမ်သက်နေတယ်

မိုးတွေ ပွဲပြီးမီးသေ တိတ်သွားပြီ

လူမမာတစ်ယောက်ရဲ့စိတ်မှာ တမ်းတတတ်မှုတွေ
အခုထိ မတိတ်နိုင်သေးဘူး
လူမမာတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်
အဝေးရောက်အသံတွေ တဖွဲဖွဲလာရွာကျနေတုန်းပဲ

ဒီအသက်ဒီအရွယ်ကြီးဟာ
လွမ်းတဲ့စိတ်ကို လှအောင် ဖွဲ့ချင်နေသေးတာ
ချစ်ခြင်းဟာ ဘယ်တော့မှ မအိုမင်းလို့ဖြစ်ပေလိမ့်မယ်

မိုးတွေ လိမ်လိမ်မာမာလေး တိတ်သွားပြီ

သစ်ရွက်လေးတွေ အသံတိတ်နေပုံဟာ ချစ်စဖွယ် စိမ်းလန်းသော...
နူးညံ့သိမ်မွေ့သော...
သာယာကြည်နူးဖွယ်ကောင်းသော...
တရားဓမ္မမှာသာ မွေ့လျော်ပါ အချစ်ရယ်

စောင့်မျှော်ခြင်းတံခါးဝမှာ
လဲကျနေသူတွေကို တွေ့တဲ့အခါ
ဟောဒီနာမကျန်းမှုလေးကို သတိရပါ

မိုးတွေဟာ သပ်သပ်ရပ်ရပ် တိတ်သွားခဲ့ပါပြီ

ကမ္ဘာမြေပေါ် စိုက်ပျိုးထားခဲ့မိတဲ့
မျက်ရည်ပေါက်ကြီးငယ်တွေသာ
တစ်နေ့ အပင်ပေါက်ပြီး ကောက်ပဲသီးနှံတွေ
ကြွယ်ပိုးကြွယ်ဝဖြစ်ပါစေ

မင်းဂိုထောင်လေး ဖွင့်ထားမယ်မဟုတ်လား
ပြန်မဆုံနိုင်ခဲ့လည်း ရောက်အောင် လာခဲ့ချင်လို့ကွယ်။

ကိုသျှား

#thebookbazaar
#ကိုသျှား
#မျှော်ငေး

ကဗျာလမ်း

07 Aug, 14:01


ပါရမီ
#မိုဃ်းဇော်

ဟောဒီဂြိုဟ်ပြာပေါ်က
အတော်ဆုံးပညာရှင်တစ်စုရဲ့
သိမှုနယ်ပယ်အပြင်ဘက်မှာ
ခရီးသည်တွေကိုတင်ဆောင်ပြီး
ပါရမီဟာတရိပ်ရိပ်ပြေးနေရဲ့။

အရေခွံလဲပြီးခါစမြွေတစ်ကောင်လို
စွတ်စိုတောက်ပြောင်နေတဲ့စိတ်ဓာတ်နဲ့
ပါရမီပေါ်မှာ
ကျွန်တော်မတ်တတ်ရပ်ပြီးလိုက်ပါလာခဲ့တယ်။

ဒေါပုံသင်္ဘောကျင်းရောက်တော့
သူတို့သားအမိနှစ်ယောက်ကို
ကျွန်တော်သတိထားမိလိုက်တယ်။

သူ့ကိုယ်ပေါ်မှာ
ပါ၀ါရိန်းဂျားစွပ်ကျယ်ကလေးတစ်ထည်သာ
၀တ်ဆင်ထားပေမဲ့
ဆောင်းဘက်လုနေတဲ့
နို၀င်ဘာရာသီဥတုက
သူ့ကိုနှိပ်စက်နိုင်ပုံမပေါ်ဘူး။

လမ်းတစ်လျှောက်လုံး
သူ့မျက်လုံးတွေကိုပိတ်ထားခဲ့
သူ့နားတွေကိုပိတ်ထားခဲ့
သူ့ကိုကြည့်ရတာ
ပုံပြင်ထဲကမင်းသားကလေးတစ်ပါး
တောကစားထွက်ရင်း
စွံပလွံပင်တွေကြားထဲအိပ်ပျော်နေသလိုပဲ။

ဘယ်အချိန်အထိ
သူဒီလိုမျိုးအိပ်ပျော်နေနိုင်မလဲ
ကျွန်တော်စဥ်းစားကြည့်တယ်။

သူ့အမေရဲ့
ကြုံလှီအားနည်းလှတဲ့လက်ပေါ်မှာ
ဘာအိပ်မက်တွေများမက်နေရှာမလဲ
ကျွန်တော်စဥ်းစားကြည့်တယ်။

ပြီးတော့လည်း
သူကြုံတွေ့ရမယ့်မနက်ဖြန်ဟာ
အများသူငါမျှော်လင့်ထားကြသလို
ပျော်ရွှင်စရာကိစ္စတစ်ရပ်ပဲလား
ကျွန်တော်စဥ်းစားကြည့်တယ်။

ရွှေရောင်ခြည်မြစ်ကမ်းပါးမှာ
စင်ရော်ငှက်တွေပျံသန်းလာတဲ့အထိ
ကျွန်တော်စဥ်းစားကြည့်တယ်။

ငရဲဘုံတစ်ဖက်ကမ်းက
နတ်သမီးတွေရဲ့အနမ်းခံနေရတဲ့သူဟာ
တဖြည်းဖြည်းလူးလွန့်တုန်ခါရင်း
ဒီကမ္ဘာဆီပြန်လည်ကူးသန်းလာမယ့်အချိန်အထိ
ကျွန်တော်စဥ်းစားကြည့်တယ်။

ဖားဥစွဲနေတဲ့
ဘရာစီယာကလေးကိုပင့်တင်
သူ့အမေကနို့တိုက်ဖို့ပြင်တဲ့အခါ
နှုတ်ခမ်းကလေးကိုဟ
မျက်ခွံကလေးကိုဖွင့်ပြီး
သူပြန်လည်နိုးထလာမယ့်အချိန်အထိ
ကျွန်တော်စဥ်းစားကြည့်တယ်။

အခြေအနေအရ
အိပ်ပျော်နေတာကအကောင်းဆုံးပါပဲလေလို့
မချင့်မရဲတစ်၀က်
လက်လျှော့လိုမှုတစ်၀က်နဲ့
ကျွန်တော်စဥ်းစားကြည့်တယ်။

"အကယ်၍
အောင်မြင်မှုသုခနဲ့ဆုံးရှုံးမှုဒုက္ခတွေကို
ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်" ဆိုတဲ့
ကမ္ဘာကျော်ကဗျာတစ်ပိုဒ်ကို
ခပ်တိုးတိုးရွတ်ဆိုပြီး
ကျွန်တော်စဥ်းစားကြည့်တယ်။

စကြဝဠာတိုက်တစ်သောင်းက
ပန်းပေါင်းစုံရနံ့သင်းနေတဲ့
ပျော်ရွှင်ခြင်းကိတ်မုန့်တွေ
မိုးကြီးရွာချလိုက်သလို
သူ့ဘ၀အပေါ်တစ်ဟုန်ထိုး
ရွာချလိုက်မယ့်အချိန်အထိ
ကျွန်တော်စဥ်းစားကြည့်တယ်။

ပါရမီနည်းပါးလွန်းတဲ့လမ်းပေါ်မှာ
ပါရမီကားကြီးဟာပြေးလို့။ ။

မိုဃ်းဇော်
ပထမပုံနှိပ်-ရတီမဂ္ဂဇင်း၊ဇူလိုင်၊၂၀၀၇။

ကဗျာလမ်း

07 Aug, 01:15


အရိုးကောက်သူ

တစ်ညနေတော့၊ ယောက်ျားတစ်ယောက်ဟာ အလုပ်ကနေ အိမ်ကို ပြန်လာတယ်။ ပြန်တဲ့လမ်းမှာ သူ့နံရိုးတစ်ချောင်းက မနားတမ်း တောက်လျှောက် ရယ်နေတယ်၊ ဘာကြောင့်မှန်း မသိဘူး။
ပြန်နေကြလမ်းရဲ့ ကုန်းတံတား တစ်ခုအောက်ကို ဖြတ်ရတဲ့ အချိန်မှာတော့၊ သူ စိတ်မရှည်တော့ဘူး။ ထင်ရတယ်။ အဲဒါနဲ့ သူ့နံရိုးကို သူချိုးပြီး ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ ရယ်သံက ရပ်သွားတယ်။ ပြီးတော့ အဲဒီ နံရိုးနဲ့ အနီးနားက နံရံ တစ်ခုမှာ “ရယ်ဦးမလား၊ ရယ်ဦးမလား … ရယ်ချင်ဦး၊ ရယ်ချင်ဦး” ဆိုတဲ့ စာကို ရေးတော့တာပဲ။
ပြီးတော့ နံရိုးကို လှည့်မကြည့်ပဲ သူ လွှတ်ပစ်လိုက်တယ်။
ဘာမှ မဖြစ်ခဲ့သလိုပဲ သူ အိမ်ပြန်လာတယ်။ အိမ်ထဲရောက်တော့ လက်ထဲက ပစ္စည်းတွေကို ချရင်း သူ့ဇနီးကို အော်ခေါ်တယ်။ သူ့အော်ခေါ်သံကြောင့် အိမ်ထဲမှာ ထူးထူးခြားခြား ဘာမှ ဖြစ်မသွားဘူး။ နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ် အော်ကြည့်တယ်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းကသာ သူ့နားရွက်ဆီ ပြန်ရောက်လာခြင်းက၊ “ငါ့မိန်းမသာ ရှိနေရင် ဒီလောက် တိတ်ဆိတ် နေမှာ မဟုတ်ဘူး” ဆိုတဲ့ အတွေးကို သူ့ခေါင်းထဲမှာ ဖြစ်စေတယ်။
အဲဒါနဲ့၊ အိမ်ထဲက ပြန်ထွက်ပြီး သူ နံရိုး လွှတ်ပစ်ခဲ့တဲ့ ကုန်တံတားအောက်ကို ပြန်သွားတယ်။ သူ လှည့်မကြည့်ပဲ လွှတ်ပစ်ခဲ့တဲ့ နံရိုးဟာ ဘယ်မှာမှန်း မသိဘူး။ ရှာမတွေ့ ဘူး။ အဲဒီအစား၊ သူ့နံရိုးထက် အရွယ်အစား နှစ်ဆနီးပါးလောက် ကြီးမားနေတဲ့ တခြားသော နံရိုးတစ်ချောင်းကိုပဲ တွေ့တယ်။ “ဘယ်လို လူစားမျိုးလဲ မသိဘူး” လို့လည်း တွေးလိုက်သေးတယ်။ အဲဒါကိုပဲ ယူပြီး စိတ်ပျက်လက်ပျက်နဲ့ သူ အိမ်ပြန်လာတယ်။
အိမ်ထဲ ပြန်ရောက်တော့၊ အမျိုးသမီး အသစ်တစ်ယောက်ကို သူ တွေ့လိုက်ရတယ်။ သူ့အတွေ့အကြုံအရ အဲဒီအမျိုးသမီးက သူ့ဇနီး မဟုတ်တာ သေချာတယ်။ သူ့ခေါင်းထဲမှာ ပေါ်ပေါ်လာတဲ့ “တွေ့ကရာ နံရိုး လှည့်မကြည့်ပဲ ကောက်ခဲ့မိတဲ့ အကျိုးကျေးဇူးပါပဲ … ငါ လှည့်မကြည့်တာတွေ များနေပြီ” ဆိုတာမျိုး အတွေးတွေကြောင့် သူဟာ လက်ထဲက နံရိုးကို တင်းတင်း ဆုပ်ကိုင်မိတယ်။ မေးစရာ မေးခွန်းတွေက ခေါင်းထဲမှာ များလွန်းနေပေမယ့်လည်း သူ့လက်ထဲမှာ အဖြေက ရှိနေပြီးသား။
သူကိုယ်တိုင် အဖြေ မလိုချင်တဲ့ မေးခွန်းတစ်ခုကလည်း သူ့ခေါင်းထဲကနေ သူ့ကို စောင့်ကြိုနေတယ်။ “တကယ်လို့ သူ့နံရိုးကိုသာ အခြား ယောကျ်ား တစ်ယောက်က ကောက်သွားခဲ့ရင် ... “
ဒါမှမဟုတ် သူက ဒီလိုတော့လည်း စဉ်းစားနေသေးတယ်။ “ … ဒါဆို ငါလည်း ဒီ နံရိုး တစ်ချောင်းကို ဆက်သိမ်းထားလိုက်တာ မမှားလောက်ဘူး ထင်တယ်။”

နေမျိုးဆက်လူ
၂၀၂၁

ကဗျာလမ်း

06 Aug, 16:23


ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်

တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး
တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ထွက်သွားလည်း
ရတယ် ဘာမှမဖြစ်ဘူးပဲ။

မိဘက အလိုမလိုက်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ရည်းစားက မချစ်တော့လည်း
ရတယ် ဘာမှမဖြစ်ဘူး
သူငယ်ချင်းက စိမ်းသွားရင်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း..

#ဏေသစ်

ကဗျာလမ်း

06 Aug, 16:03


ခေတ်အခြေအနေ

လူအတော်များများ ဟာ
သူတို့ပေးထားတဲ့ လိပ်စာမှာ
တကယ် မရှိကြဘူး
သူတို့ ဘယ်သွားကြပါလိမ့်
ဘယ်ခါ ပြန်ရောက်မှာပါလိမ့်

ပိုင်
၂ သြဂုတ် ၂၀၂၄

ကဗျာလမ်း

06 Aug, 16:01


#ချစ်ခြင်းရဲ့ သတိရခြင်းနံရံကို ကျော်လွန်၍

လူတစ်ယောက်ဟာ လူတစ်ယောက်ဆီက
ဘယ်လောက်ထိ ဝေးဝေးသွားနိုင်မလဲ
ပင်လယ်တွေ လွန်သွားတဲ့အထိလား
ကောင်းကင်တွေရဲ့ အပြင်ဘက်အထိလား
ကမ္ဘာမြေ ကုန်သွားတဲ့အထိလား
ဒါပေမယ့်၊ သတိရခြင်းကို ကျော်လွန်ပြီး
မသွားနိုင်သရွေ့
လူတစ်ယောက်ဟာ လူတစ်ယောက်ဆီက
ဝေးအောင် သွားလို့မရနိုင်ဘူး

#ပိုင်
၁၆ နိုဝင်ဘာ ၂၀၂၃

ကဗျာလမ်း

31 Jul, 13:43


ရေစီးထဲလည်းမျောမသွားဘူး
လေထဲလည်းလွင့်မသွားဘူး
စစ်ကြီးထဲလည်းပါမသွားဘူး
မပျော်ရွှင်ခြင်းက
ငါတို့ဘဝတွေပေါ်
အမြစ်တွယ်နေခဲ့တာ။

ကမ္ဘာ

ကဗျာလမ်း

31 Jul, 02:06


▪️အာဏာရှင် ကပ်တဲ့ အာရုဏ်ဆွမ်း▪️

ဝက်သား မဟုတ်ပါဘူး၊
ပြီးခဲ့တဲ့အပတ်က ကျည်ဆံထိသေသွားတဲ့
ကျောင်းသားလေးရဲ့ပေါင်သားပါ

ဘုန်းပေးတော်မူပါ . . . ဘုရား

ငါးငပိရည် မဟုတ်ပါဘူး
ဒီမနက်မိုးလင်းခါနီးလေးကမှ
ဗုံးကြဲပစ်လိုက်တဲ့ တောင်တန်းဒေသရဲ့အရိုးတွေ

တို့စရာလေးတွေ မစုံလို့လား ဟင်
သေသေသပ်သပ် လှီးထားတယ်လေ

လတ်လတ်ဆတ်ဆတ် သခွားသီးအကွင်းလေးလား
အလယ်ကဟာကို သခွားစေ့လို့ မထင်ပါနဲ့နော်
အဲဒါ ဖမ်းပြီး ဖောက်ထုတ်လိုက်တဲ့
နိုင်ငံရေးသမားရဲ့မျက်လုံးလေးပေါ့

မွှေးနေတဲ့အကင်လေးတွေကိုရော
လျှောခနဲ ဝင်သွားအောင်
ပြည်သူ့မျက်ရည်ကို အပူပေးပြီး ကျိုထားတဲ့
ဟင်းချိုလေးနဲ့ သုံးဆောင်တော်မူပါလား
အဲ့ဒါ . . အဲ့ဒါ
အအီပြေအောင် အချဉ်ရည်လေး ယူပါဦး
နိုး နိုး ငရုတ်နှစ် မဟုတ်ပါဘူး
လမ်းမပေါ်က သွေးတွေကို
ခဲပျစ်အောင် အဓမ္မနည်းနဲ့ လုပ်ထားတာပါ. . .ဘုရား

ဝရဲ့လား ပြည့်စုံရဲ့လား လုံလောက်လား
ဆွမ်းပူပူ ဖြူဖြူလေးတွေပေါ်မှာ
"ဒို့သာသနာ" လို့ ရေးထားတာ ပျော်ရဲ့လား
လက်ဆေးတော်မူပါ . .ဘုရား

အချိုပွဲကို ဘာတည်းဦးမလဲ
နောက်ထပ် အသက်ပေါင်းများစွာ
သေမယ့်စစ်ပွဲတွေလား
ပြန်မကြွခင် . . .
"ဒကာနဲ့ဆရာ ငရဲကို အတူတူ သွားစို့" ဆိုတဲ့
စကားမပါဘဲ တရားကို
ဟောသွားပါဦး အရှင်ဘုရား ။


- မောင်ရေချမ်း

[တူမီးတော်လှန်ရေးစာစဥ္ အမှတ် (၁၁) တွင် ဖော်ပြထားသောကဗျာဖြစ်ပါသည်။]

ကဗျာလမ်း

30 Jul, 02:19


ဒီနှစ်လည်း အာရှမှာ
အကောင်းဆုံး ဘ၀သရုပ်ဖော်ဆုကို
ငါတို့ပဲ ရဦးမှာ။

-မောင်ယုပိုင်

ကဗျာလမ်း

30 Jul, 02:12


ပင်လယ်ကို နမ်းရှိုက်မိသူတယောက်အကြောင်း
#မောင်ဖြိုးဝေ

ကမ္ဘာကြီးက ပါးပါးလေးရယ်
ငါတို့အသက်တွေကိုတော့
လေးလေးပင်ပင် ရှူရှိုက်နေရတယ်။

ခေတ်ရယ်၊ စနစ်ရယ်၊ အချစ်ရယ်
ကပ်ရောဂါတွေရယ်၊
တဘဝလုံးစာ ရှင်သန်ဖို့
လက်တလုံးခြား ရုန်းကန်ဖို့။

ငါတို့က ခိုင်ခိုင်မြဲမြဲ ချစ်မိသလို
အလွယ်တကူလည်း မျက်ရည်ကျမိတယ်၊
ညအခါဆို လရဲ့အသံကို
စောင့်မျှော်နားထောင်ရင်း၊
ဆွဲဆွဲငင်ငင် တမ်းတလို့။

လက်ဘက်ရည်ဆိုင်တွေကို လွမ်းတယ်
စာအုပ်စင်တွေကို တမ်းတတယ်
မိန်းမတွေကို နာကျင်အောင်ချစ်မယ်၊
ဝုန်းဆို၊ ရိုက်ချလိုက်တိုင်း
ငါတို့မျိုးဆက်က မရရအောင်
ပြန်ပြန်တက်ပြရတယ်။

"တချို့တွေ နေနိုင်လွန်းတယ်" ဆိုတဲ့
ခိုင်ထူးအသံကို နားထောင်ရင်း၊
လူသတ်လက်နက်ကို ကျစ်ကျစ်ပါအောင်
ကိုင်ထားရင်း မြို့ပြကို လှမ်းငေးတယ်။

ဝေးဝေးမှာ
မေမေရဲ့ ဘေးကင်းပါစေ မေတ္တာသံနဲ့
ဖေဖေ့ရဲ့
ငါတို့သားသမီးတွေကွဆိုတဲ့
ဂုဏ်ယူနာကျင်ရတဲ့ အကြည့်တွေကို
စိတ်ကူးနဲ့ တွေးမြင်ရတယ်။

ဒါကြီးပြီးသွားရင်လို့ဆိုတိုင်း
ပြန်မလာနိုင်တော့မယ့် လူတွေ၊

ဒါကြီးပြီးသွားရင်လို့ဆိုတိုင်း
အကောင်းတိုင်းပြန်မဖြစ်လာနိုင်တော့မယ့် လူတွေ။

ဒါကြီးတကယ်ပြီးသွားရင်
လူတွေကို ခပ်ဝေးဝေးကနေ
ပင်လယ်တစင်းလို ငါတို့ငေးကြမယ်။

မောင်ဖြိုးဝေ
၈.၇.၂၀၂၂

ကဗျာလမ်း

29 Jul, 01:33


ချစ်သူသက်သက် - သုခမိန်လှိုင်

.
စိမ်းစိုသောလွင်ပြင်
မြင်းပေါ်တင်ဖို့ အစီအစဉ်
မအောင်မြင်ခဲ့သူ
လဖက်ရည်သောက်တယ်
ရုပ်ရှင်ကြည့်တယ်
ဓာတ်ပြားဖွင့်တယ်
မီးရထားစီးတယ်
ချစ်သူ့ ပန်းအိုးတွေရေလောင်းတယ်။
ကောင်းကင်ကြီးကို
မ, ကြည့်လိုက်
ဆ, ကြည့်လိုက်
တခုခု ထူးမယ်လို့
ကမ္ဘာကြီးကို ချစ်တဲ့ဖက်က
အမြဲမျှော်လင့်ချက်ထားခဲ့သူ ။

#သုခမိန်လှိုင်

ကဗျာလမ်း

28 Jul, 14:19


ကမ္ဘာမြေဟာ
ဘယ်တုန်းကများ
လွယ်လွယ်ရခဲ့ဘူးလို့လဲ

-သုခမိန်လှိုင်

ကဗျာလမ်း

28 Jul, 03:25


▪️တကယ့် တကယ်လွမ်းလာတဲ့အခါ
ပင်လယ်ပေါ် အိပ်စက်ရသလို။

ကောင်းကင်တံခါးကိုဖွင့်လိုက်တော့
ဆန့်တန်းထားတဲ့ လက်တံရှည်တွေရှိနေတယ်၊
အဲ့ဒီလက်တံတွေက အိပ်ရာခင်းတွေပေါ်
ကြယ်တွေစုံတဲ့ည သီချင်းကို ဆိုငြီးနေတာ၊
ဝတ္ထုစာအုပ်ရဲ့ ပထမစာမျက်နှာကနေ
နောက်ဆုံးအဖုံးနဲ့ကပ်လျှက် စာမျက်နာအထိ
ညစျေးတန်းတွေဖြစ်သွားတယ်၊
တူညီဝတ်စုံနဲ့ ရဲနှစ်ယောက်ရောက်လာတယ်၊
ဒီအမှုနဲ့ပတ်သတ်ပြီး ဘုရားဆီကို တစုံတဦး
အမှုဖွင့်ထားတဲ့ အကြောင်း၊
ဖွင့်ထားတဲ့ ဘောင်းဘီဇစ်တွေဆီ
မိန်းမတယောက်ဟာ ငေးစိုက်ကြည့်နေသလိုမျိုးပေါ့၊
ပေါင်မုန့်မီးကင်စက်ထဲက ငါတို့နှစ်ဦး
ခုန်ထွက်လိုက်တာမဟုတ်ဘဲ
ငါတို့နှစ်ဦးကို ခွန်းဖလက်တွေနဲ့
အစားထိုးခံလိုက်ရတာ၊
တယောက်ကိုယ်ပေါ် တယောက်ထိုးဆက်ထားတဲ့တံတားကို မင်းကိုယ်တိုင် ဗုံးခွဲဖျက်စီးလိုက်ပြီး၊
ဆန့်တန်းထားတဲ့ လက်တွေပေါ် စစ်ပွဲရဲ့မြင်းတွေပြေးလွှားနေကြတယ်၊
ကောင်းကင်တံခါးကိုဖွင့်လိုက်တော့
တကယ့် တိမ်ဖြူဖြူတွေဟာ
ရေငုတ်ဝတ်စုံအပြည်၊
ညအိပ်ရာတခုလုံး သံသယရှိတဲ့ ပင်လယ်လို
ငါမင်းကို ရှာဖွေတယ်၊ မတွေ့။
ဟော့တော့ဆိုင်တွေဟာ
ဘယ်အသားကိုအသုံးပြုပါတယ်လို့
မည်မည်ရရ မရှိသလိုမျိုးပဲ၊
မာလာနံ့တွေအောက် တကယ့်ဖြစ်ရပ်မှန်တွေ
တကယ်တမ်း ပျောက်ကွယ်သွားတယ်၊
အခုမှ ကဗျာက စတာ
အဲ့ဒီကောင်းကင်တခါးကို ဖွင့်တဲ့အခါ
ငါမသိတဲ့တယောက်ယောက်က ငါ့ကိုမသိသလို
လာလာပိတ်တယ် တံခါးဟာ သူ့အလိုလို။

စောယုဝေ

ကဗျာလမ်း

28 Jul, 03:23


ရနံ့သစ်၂၀၁၀ဒီဇင်ဘာမှအောင်ဘညိုနှင့်သူ၏ကဗျာများ

အမည်ရင်း-မောင်မောင်ဇော်
၁၉၆၁ဇူလိုင်၂၃ရက်နေ့တွင်အဖ(ဦးအောင်မြင့်)အမိဒေါ်ခင်ကွန့်တို့မှမန္တလေးမြို့မှာ
မွေးဖွား
ပညာရေးကတော့၁၉၉၁ခုနှစ်
ပိတောက်ပွင့်သစ်မှာရေးခဲ့သလိုသေစာရှင်စာတတ်ပါတယ်။
ဘဝမှာကဗျာဆရာဖြစ်ပြီးဘာမှမဖြစ်ချင်တော့ဘူး။

ယုဇနတောလား
----------------
အောင်ဘညို
နှစ်မျိုးပဲရှိတယ်
လူ့ဘဝကိုစတင်မယ့်လူနဲ့
လူ့ဘဝကို မီးစာကုန်ဆီခန်း
ဇာတ်သိမ်းခန်းကိုစောင့်မယ်လူ----
(သူစိမ်းတစ်ဦးရဲ့ဒိုင်ယာရီမှ)
ရေကငန်တယ်
မြက်ကခြောက်တယ်
နေက မီးထတောက်မယ့်အတိုင်း
ကိုင်း--မပြောလား
သုမနရဲ့ ကျောဟာ
ယုဇန ရဲ့သဘောအတိုင်းပါပဲ----။

အထည်ကြီးပျက်နဲ့ ဇာတ်သမ
ယိမ်းတွေကကြ
အငယ်လည်းမျက်နှာမငယ်အောင်
အကျယ်မချဲ့နဲ့ ညီမောင်ငယ်ရဲ့
ပြာလဲ့လဲ့ခန်းဆီးအရောင်မှာ
အကျိုးဆောင်တွေရဲ့
စကား တောင်တောင်အိအိ ဖျားယောင်းမှူတွေနဲ့
နားယောင်တဲ့ငတိခဗျာ
နားထောင်လို့ တောင်းပါသဘိရယ်နဲ့
ကဲ--ရွာစားရေ ဗိန်းမောင်းနဲ့ပို့----။ ။

ဆန်းစစ်ကြည့်ခြင်း-၂
--------------------
အောင်ဘညို
အဖေကကြောင်တစ်ရာ
အမေကခိုတစ်ရာ
ငါမွေးထားတာ မြွေပွေးရွာ။ ။

မျော်လင့်ခြင်း
-------------
အောင်ဘညို
အမြင့်တတ်အမှည့်ရနိုး
တစ်ဘဝလုံး တတ်ခဲ့တယ်
ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေနဲ့
အို---သစ်ခုတ်သမားငဲ့
အပင်ကိုတော့ မလှဲလိုက်နဲ့ဦး----=

၄၂လမ်း
--------
အောင်ဘညို
ဂျစ်ပဆီတွေ ဟစ်ပီတွေ
ဆံရှည်တွေ နားပေါက်တွေ
စားပွဲပေါ် စကားလုံးတွေ ယိမ်းထိုးကြ
တစ်ခွက်ပြီးတစ်ခွက် တစ်လုံးပြီးတစ်လုံး
ဝုန်းဒိုင်းကြဲ ပေါက်ကွဲကြ
ညဟာအပျိုရည်ပျက်သွားတယ်---။

ဂျင်းလ်တဲမန်းတွေ လူကြီးမင်းတွေ
ခေါက်ထားစမ်းပါ
ဟေ့
ဖန်ခွက်မမှောက်ကြေး
သွေးရဲပစေ----------

မြို့လယ်ဆင်ခြေဖုံး
အတုံးအရုံးလေ
တစ်ယောက်ပြီး-----တစ်ယောက်-----။

-လပြည့်ဝန်းကဖေးရဲ့နောက်ဆုံးစားပွဲမှာ
မျက်မှန်နဲ့ကုတ်ကုတ်လေးထိုင်နေတဲ့ဦးဘီညိုကြီးကိုအခုထိမြင်ယောင်တုန်းပါပဲ။သူမဆုံးခင်နေ့ကလပြည့်ဝန်းရှေ့ကကျွန်တော်ဖြတ်လျှောက်တော့ကျွန်တော့်ကိုလက်လှမ်းပြလို့ကျွန်တော်ဝင်ထိုင်ပြီးသူနဲ့စကားစမြည်ပြောဖြစ်သေးတယ်။နောက်နေ့မှာသူဆုံးသွားတဲ့သတင်းကိုနောင်မင်းနိုင်ကအကြောင်းကြားလို့ဝမ်းနည်းစွာကြားလိုက်ရတယ်။
ဒါလေးကိုကျွန်တော်အမှတ်တရထည့်ရေးမိပါတယ်။

#crd
# ညိုနွယ်ထွန်း

1,668

subscribers

325

photos

21

videos