……………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀
ပါကစ္စတန်လေတပ်က အာဖဂန်နစ္စတန်နိုင်ငံတွင်း လာရောက်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်တာ လီဘန်တပ်ဖွဲ့ဝင်တွေက အိမ်နီးချင်းပါကစ္စတန်နယ်စပ်က စခန်းလေးငါးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ “ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်တယ်” လို့ တိုက်ရိုက်ဖော်ပြမထားဘဲ “စိတ်မှန်းခြေနယ်စပ်မျဉ်းတစ်ဖက်ကနေရာတွေကို” တိုက်ခိုက်ခဲ့ကြောင်းသာ ဖော်ပြထားပါတယ်။
“အာဖဂန်နစ္စတန်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေမှာတာဝန်ထမ်းဆောင်နေတဲ့ စိတ်မှန်းခြေ နယ်စပ်မျဉ်းတစ်ဖက်ခြမ်းက စခန်းလေးငါးခုကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ပါကစ္စတန်နိုင်ငံကို ရည်ညွှန်းတာလားဆိုတဲ့ မေးခွန်းကို “ကျွန်တော်တု့ိ အဲဒီနေရာကို ပါကစ္စတန် နယ်မြေလို့ သဘောမထားပါဘူး။ ဒါ့ကြောင့် အဲဒီနယ်မြေဟာ ဘယ်သူ့နယ်မြေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အတည် မပြုနိုင်ဘူး။ ဒါပေမဲ့ အဲဒီနေရာဟာ စိတ်မှန်းခြေနယ်စပ်မျဉ်းတစ်ဖက်မှာ ရှိနေပါတယ်။” လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် အန်နေယာတူလက်ခိုဝါရာဇမီက ပြောပါတယ်။
၁၉ ရာစုအတွင်း အဆိုပါအငြင်းပွားနယ်မြေက တောင်တန်းတစ်လျှောက် ဗြိတိသျှကိုလိုနီအစိုးရက ရေးဆွဲခဲ့တဲ့ ဒါရန်း မျဉ်းလို့ သိထား ကြတဲ့ နယ်စပ်ဒေသသတ်မှတ်မှုမျဉ်းကို အာဖဂန်အစိုးရက အသိအမှတ်မပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။
အာဖဂန်တာလီဘန်တွေတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသလို ပါကစ္စတန်စစ်တပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ အာဖဂန်တာဘီလန်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ရာမှာ ပါကစ္စတန်အရန်တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတ်တန်ခွာပြည်နယ်နဲ့ အာဖဂန်နစ္စတန် ခို့စ်ပြည်နယ်ကြားက နယ်စပ်တစ်လျှောက်မှာ လက် နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ကြိုကြားကြိုကြား ထိတွေ့မှုတွေဖြစ်နေတယ်လို့ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်က အမျိုးသမီးနဲ့ ကလေးသူ ငယ်တွေအပါအဝင် ၄၆ ဦးသေဆုံးသွားတဲ့ဖြစ်စဉ်အပြီး အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရကတော့ ၎င်းတို့အနေနဲ့ အာဖဂန်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref: Afghan Taliban hit ‘several points’ in Pakistan in retaliation for attacks
#Newvisionmedia