ကရင်နယ်ခြားစောင့်တပ် (BGF) မှ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံနှင့် ဗိုလ်မှူးတင်ဝင်းတို့ကို ဝရမ်းထုတ်ရန် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) ၏ တောင်းဆိုမှုသည် သက်သေမလုံလောက်သေး၍ သက်သေထပ်မံစုစောင်းရန် လူကုန်ကူးမှု အမှုစစ်ရှေ့နေများက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းသတင်း The Nations Thailand က ဖော်ပြသည်။
ယခုသတင်းပတ်အစောပိုင်း၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Pol Lt-Col Surawut Rangsai နှင့်အဖွဲ့သည် လူကုန်ကူးမှု အခင်းဖြစ်ပွားမှု အမှတ် (၁) ၏ အထူးအမှုစစ်ရှေ့နေ Sakda Klairomsai နှင့်တွေ့ဆုံ၍ ဗိုလ်မှူးကြီးစောချစ်သူအပါ BGF ထပ်တန်းခေါင်းဆောင် သုံးဦးကို ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးမှုများနှင့်ပတ်သက်၍ သံသယဖြင့် ဝရမ်းထုတ်ရန်ဆောင်းဆိုခဲ့ခြင်းဟု ဖော်ပြသည်။
ထို့နောက် နယ်စပ်ဒေသ လူကုန်ကူးမှုများအပေါ် စုံစမ်းစစ်ဆေးနေသည့် အမှုစစ်ရှေ့နေများသည် ကနဦး ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် သက်သေအထောက်အထားများသည် တရားရုံးမှ ဝရမ်းထုတ်ရန်မလုံလောက်သေးဟု တွေ့ရှိခဲ့ကြကြောင်း ဆိုသည်။
ထို့ကြောင့် DSI အနေဖြင့် တရားရုံးသို့ ဝရမ်းထုတ်ရန် မတင်သွင်းမှီ ယခုထက်ပိုမိုသော စုံစမ်းစစ်ဆေးမှုများနှင့် သက်သေစုစောင်းမှုများပြုလုပ်သင့်သည်ဟု အမှုစစ်ရှေ့နေများက အကြံပြုခဲ့ကြောင်းကိုလည်း The Nations Thailand က သတင်း ဖော်ပြသည်။
စုံစမ်းစစ်ဆေးသူများဘက်မှ သက်သေခိုင်လုံစွာတင်ပြနိုင်မှ တရားရုံးဘက်မှလည်း ဝရမ်းထုတ်ရန် အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ တရားရုံးမှ ဝရမ်းထုတ်ရန် အတည်ပြုပါက စုံစမ်းစစ်ဆေးသူများက ဆက်လက်လုပ်ဆောင်ရမည့် ဖမ်းဆီးရေးကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
https://t.me/LSTFD201223
#crd