Fact Hub Myanmar @facthub_mm Channel on Telegram

Fact Hub Myanmar

@facthub_mm


We are trying to be right, rather than being right!

Fact Hub Myanmar (English)

Are you tired of misinformation and fake news spreading like wildfire on social media? Do you crave a reliable source for factual and accurate information? Look no further than Fact Hub Myanmar! With the username @facthub_mm, this Telegram channel is dedicated to providing its followers with verified facts and news. Their motto, 'We are trying to be right, rather than being right!', emphasizes their commitment to presenting information that is truthful and trustworthy. Who is Fact Hub Myanmar? They are a team of dedicated individuals who are passionate about combating fake news and promoting media literacy in Myanmar. What is Fact Hub Myanmar? It is a platform where you can access reliable information on various topics, from current events to historical facts. Join Fact Hub Myanmar today and stay informed with accurate news and information you can trust!

Fact Hub Myanmar

13 Jan, 08:36


"လူငယ်နဲ့ ခါးနာ၊ ခါးကိုက် ပြဿနာ"
―――――――

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကြုံတွေ့ခံစားရလေ့ရှိတဲ့ ခါးနာ၊ ခါးကိုက်ပြဿနာက ဒီနှစ်အတောအတွင်း လူငယ်အတော်များများပါ ရင်ဆိုင်လာရတဲ့ ရောဂါတစ်မျိုး ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင် ခါးနာတာက ကျောရိုးအောက်ပိုင်း (ခါးနေရာတစ်ဝိုက်) က အရွတ်တွေနဲ့ ကြွက်သားတွေ ထိခိုက်တာကြောင့် နာကျင်ရတာ ဖြစ်တတ်ပေမဲ့ ပိုပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ကျောရိုးတည်ဆောက်ပုံမှာ ပါတဲ့ အခြားသော အစိတ်အပိုင်း‌တွေ (အရိုး၊ အာရုံကြော စသဖြင့်) ထိခိုက်တာကြောင့် ခါးနာလာတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

လူငယ်တွေအနေနဲ့ အဖြစ်များတာက နေထိုင်မှုပုံစံ မမှန်တာနဲ့ ကာယအား သုံးရတဲ့ အခြေအနေတွေမှာ မနိုင်ဝန် ထမ်းမိတာမျိုးတွေကြောင့် ကြွက်သားနဲ့ အရွတ်မှာ ဒဏ်ဖြစ်ပြီး ရက်ပိုင်းကနေ လအနည်းငယ် ကြာတဲ့အထိ ခါးနာတဲ့ ဖြစ်စဉ်ကို ခံစားကြရတာမျိုးပါ။ ဥပမာ နေ့စဉ်နဲ့အမျှ လွယ်နေတဲ့ ကျောပိုးအိတ်က ခွန်အားနဲ့ မမျှအောင် လေးနေတာ၊ လေးလံလွန်းတဲ့ ပစ္စည်းတွေကို မ,တဲ့အခါမှာ ပုံစံမမှန်တာ၊ အားကစား ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်တာလိုမျိုး ကိုယ်ကာယပိုင်း အသုံးပြုရတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်က မခံနိုင်တော့တဲ့အထိ အလွန်အကျွံ လေ့ကျင့်တာနဲ့ ခါးကို ဆန့်မထားဘဲ အချိန်အကြာကြီးထိုင်တာ စသဖြင့်ပေါ့။ ‌ဒီလိုနဲ့ မသိမသာဖြစ်စေ၊ သိရက်နဲ့ မာန်တင်းပြီးဖြစ်စေ ကိုယ်ခန္ဓာကိုယ် မညှာဘဲ နေတတ်ကြတာတွေကြောင့် ခါးနာ၊ ခါးကိုက်ပြဿနာတွေ စဖြစ်လာရတော့တာပါ။

ဒါပေမဲ့ အခုပြောခဲ့တဲ့ အချက်တွေက အချိန်မီ ဂရုစိုက်ပြီး ကုသရင် ခွဲစိတ်ဖို့ မလိုဘဲ သက်သာပျောက်ကင်းနိုင်ပါတယ်။ ဥပမာ ပစ္စည်းတစ်ခုခုကို မ,နေရင်း ဒါမှမဟုတ် အားကစား လုပ်နေရင်း အခန့်မသင့်လို့ ရုတ်တရက် ခါးနာသွားတယ်ဆိုရင် သက်တောင့်သက်သာဖြစ်မဲ့ အနေအထားအတိုင်း လှဲချလိုက်ပြီး ဒဏ်ရာပေါ်ကို ရေခဲကပ်တာနဲ့ ဆေးပလာစတာ ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တစ်ခုသတိထားရမှာက အခန့်မသင့်လို့ ခါးနာရုံလောက်မဟုတ်ဘဲ ထိခိုက်မိပြီး ဒဏ်ဖြစ်မှာ စိုးရိမ်ရတဲ့ အခြေအနေမျိုးဆိုရင်တော့ အချိန်ဆွဲမနေဘဲ ဆေးရုံ၊ ဆေးခန်းကို သွားသင့်ပါတယ်။ နောက်ပြီး အထိုင်များတာနဲ့ နေထိုင်မှုပုံစံ အနေအထား မမှန်တာကြောင့် ခါးနာတဲ့ အခြေအနေတွေမှာဆိုရင် အချိန်အကြာကြီး ဆက်တိုက် ထိုင်တာကို ရှောင်ရှားပြီး ခြေ၊ လက် အကြောဆန့်တာမျိုးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး (ဥပမာ- ယောဂ) ကိုလဲ ပုံမှန်လုပ်သင့်ပြီး သက်တောင့်သက်သာ ဖြစ်စေမဲ့ ထိုင်ခုံမျိုးကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။

ခါးနာ၊ ခါးကိုက်တာက အဖြစ်များတဲ့ ရောဂါတစ်ခု ဆိုပေမဲ့ မထိုင်နိုင်၊ မထနိုင်လောက်တဲ့အထိ ဖြစ်ပြီး ၂ ရက်၊ ၃ ရက် ကြာတဲ့အထိ မပျောက်ကင်းဘူး ဆိုရင်တော့ ဆရာဝန်တွေရဲ့ အကူအညီနဲ့ စနစ်တကျ ကုသမှုကို ခံယူဖို့ လိုအပ်လာပါပြီ။ ဘာကြောင့်လဲဆိုရင် နာတာရှည် ခါးနာ‌တာကို ဖြစ်‌စေနိုင်မဲ့ သားအိမ်နဲ့ ကျောရိုးမှာ ပိုးဝင်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နေနိုင်လို့ပါ။ ဆေးစစ်တဲ့အခါမှာ အရွတ်နဲ့ ကြွက်သားတွေက ဒဏ်ဖြစ်နေတာလား၊ ဒါမှမဟုတ် ကျောရိုးတစ်လျှောက်မှာပဲ ပြဿနာ ဖြစ်နေတာလား အစရှိတဲ့ ဖြစ်နိုင်ခြေတွေ အားလုံးထဲကနေ ပြဿနာရင်းမြစ်ကို ဆွဲထုတ်လိုက်နိုင်မှသာ ကုသရမဲ့ နည်းစနစ်ကိုလဲ အချိန်မလွန်ခင် ရှာတွေ့နိုင်မှာပါ။ ဒီလို ရောဂါရင်းမြစ်ကို သိရပြီ ဆိုတာနဲ့ ခွဲစိတ်ဖို့အထိ မလိုအပ်ဘဲ အခြား အမျိုးမျိုးသော ကုထုံးတွေနဲ့တင် သက်သာ ပျောက်ကင်းလာနိုင်ပါပြီ။ ဒါကြောင့် ကိုယ့်ရောဂါရဲ့ ပြင်းထန်မှု အတိုင်းအတာကို သိရဖို့၊ အနာနဲ့ ဆေး မြန်မြန်တည့်သွားဖို့ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီမှာ အချိန်မီ စစ်ဆေးပြီး ကုသမှု ခံယူမှသာ စိတ်ချရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီလို ကုသမှုတွေ မခံယူချင်ဘူး ဆိုရင်တော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ မပျက်ကွက်ဘဲ ကိုယ်ခန္ဓာမှာ ဒဏ်မဖြစ်အောင် ဂရုစိုက်ပြီး သတိထား ဆင်ခြင်သင့်ပါတယ်။      ။   

Written by - Hnin Shwe Yee San
Fact-checked by - Mon Myat Kyaw
Copy-edited by - Maw Byar Myar
Edited by - Nyan Win Htet

References:
- World Health Organization: WHO & World Health Organization: WHO. (2023, June 19). Low back pain.
- Martel, J. (2023, March 30). Everything you want to know about lower back pain. Healthline.
- American Association of Neurological Surgeons. (2024, July 9). Low back pain - AANS. AANS.
- Lower back pain. (2024, August 14). Cleveland Clinic.

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Lower_Back_Pain #Body #Health #Lifestyle

Fact Hub Myanmar

30 Dec, 08:30


Hermaphrodite ဆိုတာကို သိပါသလား . . . ?
―――――――
ဖိုမအင်္ဂါ ၂ မျိုးပါ သက်ရှိ (Hermaphrodite)

Hermaphrodite ဆိုတာက အမမျိုးပွားအင်္ဂါနဲ့ အဖိုမျိုးပွားအင်္ဂါ ၂ မျိုးလုံးပါနေတဲ့ သက်ရှိတွေကို ဆိုလိုတာပါ။ အပင်အများစုဟာ အလားတူ လိင်နှစ်မျိုး ပါရှိကြပြီး သူတို့ဟာ ပတ်ဝန်းကျင်မှာ ရေရှည်ရှင်သန်ဖို့၊ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့နဲ့ မျိုးရိုးဗီဇကွဲပြားမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ်တိုင်မျိုးပွားတာကိုတော့ အတတ်နိုင်ဆုံး ရှောင်ကြဉ်‌ကြပါတယ်။ ဒါကြောင့်ပဲ အပင်တွေမှာ ဆင့်ခံမျိုးပွားသ‌န္ဓေအောင်ခြင်း (Cross Fertilization) လို့ ခေါ်တဲ့ အင်းဆက်တွေ၊ ပျားတွေ ကနေ တစ်ဆင့် ဝတ်မှုန်ကူးပြီး မျိုးပွားတဲ့ နည်းကို အများဆုံး တွေ့ရတာ ဖြစ်ပါတယ်။ တိရိစ္ဆာန်တွေမှာတော့ ကျောရိုးမဲ့သတ္တဝါတွေဖြစ်တဲ့ တီကောင်၊ ပက်ကျိနဲ့ ခရင်းကောင် စတာတွေမှာ လိင်နှစ်မျိုးပါတဲ့ ဖြစ်စဉ် အများဆုံး တွေ့မြင်ရတတ်ပြီး သူတို့တွေက မိတ်ဖက်အကူအညီမပါဘဲ ကိုယ်တိုင်မျိုးပွားနိုင်သလို အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် မျိုးမပွားနိုင်တာလဲရှိပါတယ်။ ဥပမာအနေနဲ့ တီကောင်ရဲ့ အမမျိုးပွားအင်္ဂါနဲ့ အဖိုမျိုးပွားအင်္ဂါက အရွယ်ရောက်တဲ့အချိန်ချင်း မတူညီကြသလို သူတို့ရဲ့ တည်နေရာတွေကလဲ ဆန့်ကျင်ဘက်နေရာမှာ ရှိနေတဲ့အတွက် ကိုယ်တိုင်မျိုးပွားခြင်းကို မလုပ်ဆောင်နိုင်ကြပါဘူး။ ဒီလို လိင်နှစ်မျိုး အလှမ်းဝေးနေတဲ့ အခြေအနေကို တိရိစ္ဆာန်တွေမှာထက် အပင်တွေမှာ ပိုပြီး အများဆုံး တွေ့ရတတ်ပါတယ်။ လူသားတွေမှာလဲ ဒီလို လိင်နှစ်မျိုးပါတတ်ပေမဲ့ အလွန်ကို ရှားလှပါတယ်။ ဒီလို လိင်နှစ်မျိုးပါလာရတာက Genetic Coding လုပ်ရာမှာ အပြောင်းအလဲရှိသွားတာကြောင့်ဖြစ်ပြီး အဲဒါကို ဒွိလိင် (Intersex) လို့လဲ ခေါ်ကြပါတယ်။ 

Written by - Moe Myint Phyu
Fact-checked by - AA Myat Chel
Copy-edited by - Aki 

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Hermaphrodite #Scientific_Terms  #SciTerm #Fact_Hub

Fact Hub Myanmar

27 Dec, 08:31


"ကြက်သီးထတာ ဘာကြောင့်လဲ . . . ? ဆင့်ကဲပြောင်းလဲမှုနဲ့ ဘယ်လိုဆက်စပ်နေလဲ . . . ?"
―――――――

ကြက်သီးထတယ်ဆိုတာ ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အမွေးအမျှင်လေးတွေ ထောင်မတ်လာပြီး အရေပြားက ပုံမှန်လို ရှိမနေတော့ဘဲ အဖုအထစ်သေး‌‌သေးလေးတွေ ထလာတဲ့ ဖြစ်စဉ်ပါ။ စာဖတ်သူတို့ စိတ်လှုပ်ရှားတဲ့အခါမျိုး ဒါမှမဟုတ် ချမ်းလာတဲ့အခါမျိုးမှာ အရေပြားပေါ်က အမွေးအမျှင်လေးတွေ ထောင်မတ်လာတာ ကြုံဖူးကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ကြက်သီးထခြင်း နောက်ကွယ်မှာ ဘယ်သူရှိနေလဲ၊ ဘာကြောင့် ကြက်သီးထရသလဲ၊ ကြက်သီးထခြင်းကနေ သက်ရှိသတ္တဝါတွေရဲ့ ဆက်နွယ်မှုကို ဘယ်လိုသိနိုင်မလဲ စတဲ့ မေးခွန်းတွေအတွက် ဖြစ်နိုင်ခြေတွေကို အတူလေ့လာ ဖော်ထုတ်ကြရအောင်ပါ။

အရေပြားပေါ်မှာ မြင်တွေ့နေရတဲ့ အမွေးအမျှင် တစ်ခုချင်းစီရဲ့အောက်ခြေမှာ အမွေးအမျှင် ထိုးထွက်လာစေဖို့ အပေါက်သေးသေးလေးတွေ ပါရှိတယ်။ ဒီအပေါက်လေးတွေရဲ့ ပတ်လည်မှာ ကြွက်သားတွေနဲ့ နာ့ဗ် (Nerves)၊ တစ်နည်း အာရုံကြောလေးတွေ ရှိပါတယ်။ နာ့ဗ်‌တွေက အနားမှာရှိတဲ့ ကြွက်သားတွေကို ကျုံ့စေ၊ ပြန့်စေဖို့ (Contract and Relax) ညွှန်ကြားနေကာ ကြွက်သားတွေ ကျုံ့ (contract) သွားတဲ့အခါမှာ အမွေးအမျှင်လေးတွေရဲ့ အောက်ခြေမှာ ရှိနေတဲ့ အပေါက်လေးတွေကို ဖျစ်ညှစ်လိုက်သလို ဖြစ်သွားပြီး အမွေးအမျှင်တွေကို ထောင်မတ်သွားစေတာပေါ့။ ဒါကြောင့် ကြက်သီးထခြင်းရဲ့ ‌နောက်ကွယ်က တရားခံအစစ်ကို ‌အဆင့်ဆင့် စူးစမ်းဖော်ထုတ်လိုက်တဲ့အခါ အာရုံကြောစနစ်ဖြစ်နေတာကို တွေ့ရှိရမှာပါ။

တကယ်တော့ လူမဟုတ်တဲ့ တခြားသတ္တဝါတွေလဲ ကြက်သီးထတတ်ပါတယ်။ စာဖတ်သူတို့ရဲ့ အိမ်က အချစ်တော် ပါပီလေးတွေ၊ ပူစီလေးတွေကို ကြည့်,ကြည့်ပါ။ အိမ်ကို လူစိမ်း၀င်လာတဲ့အခါ၊ ဒေါသဖြစ်တဲ့အခါနဲ့ ကြောက်ရွံ့တဲ့အခါမျိုးမှာ သူတို့ရဲ့ အမွေးအမျှင်တွေဟာ သာမန်ထက် ပိုထောင်မတ်ကာ ရှည်ထွက်လာလေ့ရှိပါတယ်။ အမွေးအမျှင်တွေ ထူထပ်နေတော့ လူတွေလို ကြက်သီးဖုထစ်လေးတွေ မမြင်နိုင်ပေမဲ့ ဒါက သူတို့ရဲ့ ကြက်သီးထတဲ့ ဖြစ်စဉ်ပါပဲ။

လူမဟုတ်တဲ့ တခြားသက်ရှိသတ္တဝါတွေဟာ မိတ်လိုက်‌ဖော်ကို ဆွဲဆောင်ဖို့၊ အန္တရာယ်ကို တုံ့ပြန်ခုခံဖို့နဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ ကြက်သီးထလေ့ ရှိပါတယ်။ ကြက်သီးထလိုက်တဲ့အခါ အမွေးအမျှင်တွေ ထောင်မတ်လာတာကြောင့် အရင်ကထက် ကိုယ်ခန္ဓာကြီးသွားသယောင်ဖြစ်လာပြီး ခွန်အားဗလတောင့်တင်းတဲ့ပုံစံနဲ့ မိတ်လိုက်ဖော်ကို ဆွဲဆောင်တာ၊ ကိုယ့်ကို အန္တရာယ်ပြုမဲ့ ရန်သူကို ပြန်ခြောက်လှန့်တာတွေ ပြုလုပ်တတ်ကြပါတယ်။ တစ်ဖက်မှာလဲ ကြက်သီးထလိုက်တာကြောင့် အနွေးဓာတ်ကို အမွေးအမျှင်တွေထဲ ပိတ်လှောင်ဖမ်းယူလိုက်ပြီး ခန္ဓာကိုယ်ကို နွေးထွေးသွားစေပါတယ်။

စာဖတ်သူတို့ ချမ်းတဲ့အခါ ကြက်သီးမွေးညှင်း ထတာကလဲ တခြားသတ္တဝါတွေလိုပဲ ‌အအေးဒဏ်ကို ခုခံတဲ့အနေနဲ့ ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုပါ။ ဒါပေမဲ့ တခြားသတ္တဝါတွေနဲ့ ယှဉ်လိုက်ရင် လူသားတွေမှာ အမွေးအမျှင်ရယ်လို့ မရှိသလောက် နည်းပါးတာကြောင့် ကြက်သီးထခြင်းကနေ ရနိုင်တဲ့ သိသာတဲ့ အကျိုးရလဒ်ရယ်တော့ မရှိပါဘူး။

လူသားတွေကတော့ ‌စိတ်လှုပ်ရှားတဲ့အခါ၊ ချမ်းတဲ့အခါ၊ တက်တဲ့အခါ၊ သုံးစွဲနေကျဆေး မသုံးရတဲ့အခါမျိုးမှာ ကြက်သီးထတတ်ပါတယ်။ ဒါ့အပြင် အရေပြားကို ကာကွယ်ထောက်ပံ့ပေးနေတဲ့ ကယ်ရတ်တင် (Keratin) လို့ ခေါ်တဲ့ ပရိုတင်းလေးတွေ လိုတာထက် ပိုများနေတဲ့ အခါမျိုးမှာလဲ ကြက်သီးထတတ်ပါ‌သေးတယ်။ ပိုနေတဲ့ ကယ်ရတ်တင်လေးတွေက အမွေးအမျှင်တွေရဲ့ အောက်ခြေမှာ ရှိနေတဲ့ အပေါက်လေးတွေကို ပိတ်ဆို့လိုက်ပြီး ကြက်သီးဖုထစ်လေးတွေ ဖြစ်ပေါ်လာစေတာမျိုးပါ။

လက်ရှိ ရှင်သန်နေတဲ့ သက်ရှိသတ္တဝါတွေမှ မဟုတ်ဘဲ လူသားတွေရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှေးဦးသက်ရှိတွေလဲ ကြက်သီးထ‌ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂ သန်းခန့်က ရှင်သန်ကျင်လည်ခဲ့တဲ့ လူသားမျိုးစိတ် Homo Habilis တွေမှာဆိုရင် အမွေးအမျှင် အတော်‌လေး ထူထပ်ပြီး အပေါ်က ပြောခဲ့တဲ့ လူသားမဟုတ်တဲ့ တခြားသက်ရှိတွေရဲ့ ကြက်သီးထခြင်းဖြစ်စဉ်‌၊ ကြက်သီးထခြင်း အကြောင်းအရင်းတွေနဲ့ အကြမ်းအားဖြင့် တူညီနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီလို ရှေးသက်ရှိတွေ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး အသက်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ ခုခံတုံ့ပြန်မှုတွေ လုပ်ခဲ့ကာ ဆင့်ကဲ့ပြောင်းလဲနိုင်ခဲ့လို့ ယနေ့သက်ရှိမျိုးစိတ်တွေရယ်လို့ ဖြစ်တည်လာနိုင်တာပါ။

အဆုံးသတ်‌ရရင် ဆင့်ကဲပြောင်းလဲခြင်းရဲ့ လက်ကျန်အမွေဖြစ်တဲ့ ကြက်သီးထခြင်းက လူသားတွေနဲ့ တခြားသော သက်ရှိသတ္တဝါတွေရဲ့ အမျိုးတော်စပ်မှုကို ထင်ဟပ်ပြသနေတဲ့ လက္ခဏာတစ်ရပ်ပဲ မဟုတ်လား။ ။

Written by - Shin Mon Thant
Fact-checked by - Mon Myat Kyaw
Copy-edited by - Aung Min Khant

References:
- Whitcomb, I. (2022, July 22). Why do we get goosebumps? livescience.com.
- Clinic, C. (2024, October 24). Goosebumps: the what, when and Why. Cleveland Clinic.
- Booth, S. (2023, July 24). What causes goosebumps? WebMD.

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Goodebump #Body #Evolution #General_Science

Fact Hub Myanmar

26 Dec, 05:32


❝သိပ္ပံနဲ့ နည်းပညာဟာ ငါတို့ ဘဝတွေကို လုံးလုံးလျားလျား ပြောင်းလဲ တော်လှန်ပစ်ပေမဲ့ ဒါတွေနဲ့ ပတ်သက်တဲ့ ငါတို့ရဲ့ တုံ့ပြန် အဓိပ္ပာယ်ကောက်ယူမှုတွေကိုတော့ မှတ်ဉာဏ်၊ ရိုးရာဓလေ့နဲ့ ယုံတမ်းဒဏ္ဍာရီတွေက ဘောင်ခတ်ပေးနေပါတယ်။❞

– အာသာအမ် ရှယ်လ်ဆင်ဂျာ –

#Fact_Hub #Quote #Dec_26 #ArthurM.Schlesinger

Fact Hub Myanmar

25 Dec, 14:32


ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ မက်ချူပီချူ (Machu Picchu) ဟာ အင်ကာယဉ်ကျေးမှုလူ့အဖွဲ့အစည်းရဲ့ ‌ဗိသုကာလက်ရာတစ်ခုပါ။ အင်ကာတွေဟာ ၁၅ ရာစုအစောပိုင်းကစလို့ အိမ်နီးချင်းဒေသတွေကို ကျူးကျော်ခဲ့ပြီး စပိန်လက်အောက်မကျရောက်ခင် ၁၆ ရာစုအစောပိုင်းမှာတော့ လူပေါင်း ၁၂ သန်း ၀န်းကျင်လောက်ရှိတဲ့ အင်ပါယာတစ်ခုဖြစ်နေခဲ့ပါပြီ။ နယ်နိမိတ်အားဖြင့်တော့ ဒီနေ့ခေတ် ပီရူး၊ အီကွေဒေါ၊ ဘိုလီဗီးယား၊ ကိုလမ်ဘီယာ၊ ချီလီနဲ့ အာဂျန်တီးနား နိုင်ငံတွေအထိ ကျယ်ပြန့်ခဲ့ပါတယ်။ ဗိသုကာပညာပိုင်းမှာတင်မဟုတ်ဘဲ လမ်း/တံတားဖောက်လုပ်တာ၊ ဆည်မြောင်းဖောက်လုပ်တာတွေမှာလဲ ကျွမ်းကျင်ကြပါတယ်။ စိုက်ပျိုးရေးပိုင်းမှာလဲ အရင်ကထက် ပိုကောင်းတဲ့ လှေကားထစ်စိုက်ပျိုးနည်းကို ပြုပြင်ကျင့်သုံးခဲ့ပါတယ်။ အင်ကာယဉ်ကျေးမှု လူ့အဖွဲ့အစည်းဟာ ရာစုနှစ်အနည်းငယ်သာ တည်တံ့ခဲ့ပေမဲ့ လူသားသမိုင်းတစ်လျှောက် ဂုဏ်ယူဖွယ်အမွေအနှစ်တွေ ချန်ထားပေးနိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Answer #Dec_25 #IncaCivilization
================

Fact Hub Myanmar

25 Dec, 05:31


ဒီတစ်ခေါက်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှုအံ့ဖွယ်‌တွေ အကြောင်းကို ဖြေကြည့်ကြပါမယ်။

ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ မက်ချူပီချူ (Machu Picchu) ကို ဘယ်ယဉ်ကျေးမှုလူအဖွဲ့အစည်းက ဖန်တီးခဲ့ပါသလဲ။

ပုံမှာရွေးလို့ ရမဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ကြပါနော်။ ညကိုးနာရီမှာ အဖြေမှန်တင်ပေးထားပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Dec_25 #IncaCivilization

Fact Hub Myanmar

20 Dec, 14:32


ကဲ ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား. . . ?

အဖြေမှန်လေးကတော့ B. Fission ပဲ ဖြစ်ပါတယ်။

ယူရေနီယံ-၂၃၅ နဲ့ ပလူတိုနီယမ်-၂၃၉ အက်တမ်တွေက တခြားအက်တမ်တွေနဲ့ ယှဥ်ရင် ပိုကြီးမားတဲ့ နျူကလီးယပ်စ် ကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုနဲ့ နျူထရွန် (neutron) တစ်လုံးက သူတို့ရဲ့ နျူကလီးယပ်စ်ကို ဝင်တိုက်မိတဲ့အခါမှာ ယူရေနီယံ ဒါမှမဟုတ် ပလူတိုနီယမ် အက်တမ်က မတည်မငြိမ် (unstable) ဖြစ်သွားပြီး သူ့ရဲ့ နျူကလီးယပ်စ်က ကွဲထွက်သွားပါတော့တယ်။ ကွဲထွက်မှုနဲ့အတူ အပူ နဲ့ ဓာတ်ရောင်ခြည် (radiation) တွေလဲ ဖြာထွက်လာတာပေါ့။ ဒီလိုမျိုး နျူထရွန်တစ်လုံးက နျူကလီးယပ်စ် တစ်လုံးကို ထိမှန်ပြီး အသေးစား နျူကလီးယပ်စ်နှစ်ခုအဖြစ် ခွဲထွက်သွားစေတဲ့ ဖြစ်စဥ်ကို Fission လို့ ခေါ်ပါတယ်။ Fission ကို နျူကလီးယားဓာတ်အားပေး စက်ရုံတွေနဲ့ နျူကလီးယားဗုံးတွေ ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုပါတယ်။


#Fact_Hub #WeeklyQuiz #Q&A #Quiz #Dec_20 #Nuclear_Physics #Nucleus

Fact Hub Myanmar

20 Dec, 08:31


❝သိုးတစ်ကောင် ဦးဆောင်တဲ့ ခြင်္သေ့အုပ်စုထက် ခြင်္သေ့တစ်ကောင် ဦးဆောင်တဲ့ သိုးအုပ်စုကို ငါ ပိုကြောက်တယ်။❞

– မဟာ အလက်ဇန္ဒား –

#Fact_Hub #Quote #Dec_20 #Alexander_The_Great

Fact Hub Myanmar

20 Dec, 05:31


ဒီတစ်ခါမှာတော့ နျူကလီးယား ရူပဗေဒ (Nuclear Physics) ရဲ့ အခြေခံအကျဆုံး မေးခွန်းလေးတစ်ခုကို ဖြေကြည့်ကြရအောင်။

ဘယ်လုပ်ငန်းစဉ်က နျူကလီးယပ်စ် (nucleus) တစ်လုံးကို အသေးစား နျူကလီးယပ်စ် နှစ်လုံးအဖြစ် ခွဲထွက်စေတာလဲ. . . ?

ပုံမှာရွေးလို့ရမဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ကြပါနော်။ ညကိုးနာရီမှာ အဖြေမှန်လေးတစ်ခုနဲ့ ပြန်လာခဲ့ပါ့မယ်။


#Fact_Hub #WeeklyQuiz #Q&A #Quiz #Dec_20 #Nuclear_Physics #Nucleus

Fact Hub Myanmar

19 Dec, 11:29


လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို ခေါင်းကိုက်သွားအောင် လုပ်နိုင်စွမ်း တကယ်ရှိပါတယ်"

ခေါင်းတစ်ခုလုံး အုံခဲလာတာ ဒါမှမဟုတ် နားထင်ကြောတွေ တင်းကျပ်လာပြီး ကိုက်ခဲတဲ့ ဖြစ်စဉ်ကို စာဖတ်သူတို့အနေနဲ့ တစ်ကြိမ်တစ်ခါမက ကြုံဖူးကြမှာပါ။ ခေါင်းကိုက်တာက မနက်ခင်း နိုးနိုးခြင်းကနေ စလို့ တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို စတင် ဖြစ်ပွားနိုင်ပြီး နာရီပိုင်းကနေ ရက်တွေ ဆက်တဲ့အထိ ကြာရှည်နိုင်ပါတယ်။ ဒီလို‌ ခေါင်းကိုက်ရတာက အခန့်မသင့်တဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်သလို ပြင်းထန်တဲ့ ရောဂါတချို့ရဲ့ အချက်ပြလက္ခဏာတစ်ခုလဲ ဖြစ်နေနိုင်ပါတယ်။

အခန့်မသင့်တဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပေမဲ့ အဲဒီထဲမှ အခြေခံကျတာကတော့ စိတ်ဖိစီးတဲ့ ဖြစ်စဉ်ပါ။ လူ့အရေးကိစ္စ အထွေထွေကြောင့် စိတ်ဖိစီးလာတဲ့အခါ ပုံမှန် လုပ်ဆောင်ဖို့ လိုအပ်တဲ့ လုပ်ငန်း‌စဉ်တွေကို မေ့လျော့သွားတတ်ကြဆာ သဘာ၀ပါပဲ။ ဒီလိုကနေ ကိုယ်တိုင် ဖန်တီးဆွဲယူမိတဲ့ ဆိုးကျိုးတွေအဖြစ် ရေဓာတ် မပြည့်ဝတာ၊ အိပ်ချိန်၊ စားချိန် မမှန်တာ၊ မူးယစ်သေစာတွေ အလွန်အကျွံ မှီဝဲမိတာ၊ ဖုန်း၊ ကွန်ပြူတာ၊ တီဗွီ စရတဲ့ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို အကြည့်များလာတာအပြင် ဟော်မုန်းအပြောင်းအလဲတွေပါ ဖြစ်လာကြပါတော့တယ်။ တချို့ဆို သွေးတိုးရောဂါပါ အဆစ် ရကြတာပေါ့။ နောက်ဆက်တွဲအနေနဲ့ကတော့ ဒီအချက်တွေထဲက တစ်ခုလောက်ပဲ ဖြစ်ရင်ကို (စိတ်ဖိစီးခြင်းသက်သက် အပါအဝင်) ခေါင်း စ,ကိုက်လာတော့တာပါ။ ဒီတော့ တစ်ယောက်‌ယောက်ကြောင့် စိတ်ဖိစီးပြီး ခေါင်းကိုက်ရတယ် ဆိုတာမျိုးက အရပ်ပြောစကားတစ်ခု မဟုတ်ဘဲ သိပ္ပံနည်းကျ ရှာဖွေကြည့်ရင်လဲ မှန်ကန်နေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် အမျိုးမျိုးသော ရောဂါအခြေအနေတွေအတွက် ရေရှည် ဆေးဝါးမှီဝဲရချိန်နဲ့ ပြင်ပအခြေအနေတွေကြောင့်လဲ ခေါင်းကိုက်နိုင်ပါသေးတယ်။ ဥပမာ ပတ်ဝန်းကျင် အခြေအနေကြောင့် ဆူညံသံတွေကို ဆက်တိုက်ကြားနေရတာ၊ စူးရှတဲ့ အလင်းရောင်တွေကို အချိန်တစ်ခုကြာတဲ့အထိ စိုက်ကြည့်နေမိတာ၊ ဆိုးရွားတဲ့ ဒါမှမဟုတ် မွှေးကြိုင်လွန်းတဲ့ အနံ့အသက်တွေကြောင့် သန့်စင်တဲ့ လေကိုရှူရှိုက်ခွင့် မရတာ၊ နေပူရှိန် ပြင်းတာ၊ စတဲ့ စတဲ့ ဒီလိုအခြေအနေတွေပေါ့။ ဒါပေမဲ့ အခု ဖော်ပြခဲ့တာတွေ အကုန်လုံးက သာမန် တွေ့ရများတဲ့ ခေါင်းကိုက်ခြင်းဖြစ်စဉ်တွေပဲ ရှိပါသေးတယ်။

အထက်မှာ ဖော်ပြခဲ့သလိုပဲ ခေါင်းကိုက်ခြင်းဟာ သူကိုယ်တိုင်က ရောဂါတစ်ခုဖြစ်နေတာအပြင် တခြားရောဂါတစ်ခုခုရဲ့ အချက်ပြနဲ့ နောက်ဆက်တွဲလက္ခဏာပါ ဖြစ်နေနိုင်ပါ‌သေးတယ်။ ဘယ်လိုရောဂါတွေလဲဆိုရင် ဦးနှောက်အမြှေးပါးရောင်၊ ဦးနှောက်အကျိတ်၊ ဦးနှောက်ရောင်ရမ်းတာ၊ ဦးနှောက်အတွင်း သွေးယိုစိမ့်၊ သွေးခဲ၊ သွေးခြေဥတာ၊ နားအတွင်း ပိုးဝင်တာ၊ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ‌ အစရှိတဲ့ ဦးနှောက်အာရုံကြောနဲ့ စပ်ဆိုင်တဲ့ ရောဂါတွေရဲ့ ပြယုဂ်တစ်ခု ဖြစ်လို့နေပါတယ်။ ဒီလို အခြေအနေတွေမှာ ဆိုရင်တော့ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

အများအားဖြင့် ခေါင်းကိုက်ပြီဆိုရင် ခေါင်းတစ်ခြမ်းတည်း ကိုက်တဲ့ အခြေအနေမျိုး အဖြစ်များပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး နားထင်နှစ်ဖက်လုံးနဲ့ မျက်ရိုးကိုက်ခဲတာ၊ ဇက်ကြောတက်တာနဲ့ မျက်နှာအစိတ်အပိုင်းတွေအပါအဝင် ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲတာအထိ ပြင်းထန်လာနိုင်ပါတယ်။ ပုံမှန် ခေါင်းကိုက်တာမျိုးဆိုရင် အကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်တာ၊ အိပ်ချိန်၊ စားချိန် မှန်ဖို့ ဂရုစိုက်တာ၊ ရေဓာတ် ပြည့်ဝဖို့ ဂရုပြုတာ၊ ဦးနှောက်နဲ့ မျက်လုံးကို အနားပေးတာမျိုး လုပ်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုတွေ လုပ်တာတောင် သက်သာမလာဘဲ ရုတ်တရက် ခေါင်းတွေ ထိုးကိုက်လာပြီး ပုံမှန်ဖြစ်နေကျထက် ပြင်းထန်တယ်လို့ ခံစားရရင်တော့ အချိန်မလွန်ခင်မှာ ဆရာဝန်‌တွေရဲ့ ညွှန်ကြားချက်အတိုင်း ဆေးစစ်ပြီး ကုသမှုကိုလဲ စနစ်တကျခံယူသင့်ပါတယ်။ ။

References:
- Headache. (n.d.). Johns Hopkins Medicine.
- Headaches. (2024, June 7). Cleveland Clinic.
- Headache causes. (n.d.). Mayo Clinic.
- Headache When to see a doctor. (n.d.). Mayo Clinic.

Written by - Hnin Shwe Yee San
Fact-checked by - Thuta Zay
Copy-edited by - Nyan Win Htet

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Headache #Brain #Health #General_Science

Fact Hub Myanmar

19 Dec, 08:29


❝သက်ရှိမျိုးစိတ်တစ်ခုဟာ အသက်ရှင်နေထိုင်နိုင်ဖို အသန်မာဆုံး ဖြစ်စရာမလိုသလို ဉာဏ်အထက်ဆုံးဖြစ်ဖို့လဲ မလိုအပ်ဘူး။ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းသာ လိုအပ်တယ်။❞

– ချားလ်စ်ဒါ၀င် –

#Fact_Hub #Quote #Dec_19 #Charles_Darwin

Fact Hub Myanmar

18 Dec, 08:39


Fermions ဆိုတာ ဘာကိုပြောတာလဲ . . . ?
―――――――

Fermion

ဖာမီယွန် (Fermion) ဆိုတာက သေးငယ်တဲ့ အမှုန်အမျိုးအစားတစ်ခုပါ။ အဓိကအားဖြင့် အခြေခံအမှုန်တွေဖြစ်တဲ့ အီလက်ထရွန် (Electrons)၊ ပရိုတွန် (Protons)၊ နျူထရွန် (Neutrons) တွေကို ဖာမီယွန် (Fermions) လို့ ခေါ်ပါတယ်။ အဲဒီ အခြေခံအမှုန်တွေမှာ Spin တစ်ခုရှိပြီး Half-odd-integer Spin (1/2, 3/2) တွေ ပါရှိပါတယ်။ ဖာမီယွန်
တွေရဲ့ အလုပ်လုပ်ပုံနဲ့ ဖြန့်ကျက်ပုံ (Distribution) ကို Quantum နယ်ပယ်မှာ Fermi-Dirac Statistics နဲ့ ရှင်းပြကြပြီး ဒီအမှုန်တွေက Pauli Exclusion Principle ကို လိုက်နာကြပါတယ်။

Pauli Exclusion Principle အရ ဖာမီယွန် ၂ ခုက Quantum System တစ်ခုမှာ ရှိနေခဲ့ရင် ထပ်တူညီ (Identical) ဖြစ်လို့ မရပါဘူး။ တစ်နည်း ပြောရင် Quantum State တူလို့ မရတာပါ။ အဲဒါကြောင့် အက်တမ်အတွင်းမှာ ရှိတဲ့ အီလက်ထရွန်တွေက နျူကလီယပ်စ်ကို ပတ်ပြီး မတူညီတဲ့ ပတ်လမ်းကြောင်း (Orbital) တွေမှာ ရှိကြပါတယ်။ ဒါပေမဲ့ Spin Plus နဲ့ Spin Minus ဒါမှမဟုတ် Spin-up နဲ့ Spin-down ဆိုပြီး ကွဲရင်တော့ တူညီတဲ့ ပတ်လမ်း‌ကြောင်းမှာ အီလက်ထရွန် ၂ လုံးအထိ အများဆုံး ရှိလို့ရပါတယ်။ ဒီစနစ်ကြောင့်ပဲ အရာဝတ္ထုတွေ မပြိုပျက်ဘဲ တည်ရှိနိုင်တဲ့အခြေအနေကို ထိန်းထားနိုင်တာပါ။ ဖာမီယွန်တွေမှာ လပ်တွန် (Leptons) လို့ခေါ်တဲ့ အီလက်ထရွန်တွေ၊ ဘာယွန် (Baryons) လို့ ခေါ်တဲ့ ပရိုတွန်နဲ့ နျူထရွန်အပြင် Nuclei of Odd Mass Number တွေ ဖြစ်တဲ့ ထရီတီယမ် (Tritium)၊ ဟီလီယမ် (Helium - 3)၊ ယူရေနီယမ် (Uranium - 233) တို့ ပါဝင်ပါတယ်။ ဖာမီယွန်တွေက အခြေခံအမှုန်အပြင် ဓာတ်‌ဆန့်ကျင် အမှုန် (Antiparticle) အနေနဲ့ ဖွဲ့စည်းတာမို့ ဖန်တီးတာ၊ ပျက်စီးတာတွေ ဖြစ်လေ့ ရှိပါတယ်။ ဖာမီယွန်တွေက ဘိုဆွန် (Boson) ဆိုတဲ့ အမှုန်မျိုးအစားနဲ့လဲ ဆက်စပ်နေကြပါတယ်။ ဒီ ဖာမီယွန်တွေက ဒြပ်တွေကို ဖွဲ့စည်းရာမှာ အခြေခံကျပြီး‌ သူတို့ရဲ့ လက္ခဏာတွေက သဘာဝပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို နားလည်နိုင်စေဖို့အတွက် အထောက်အကူပြုပါတယ်။

Written by - Khant Zaw Aung
Copy-edited by - Nyan Win Htet

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Fermion #Scientific_Terms  #SciTerm #Fact_Hub

Fact Hub Myanmar

17 Dec, 14:32


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား. . . ?

အဖြေမှန်လေးကတော့ B. Bernoulli's Principle ပဲ ဖြစ်ပါတယ်။

Bernoulli's Principle အရ အရည် ဒါမှမဟုတ် အငွေ့တစ်ခုရဲ့ မြန်နှုန်း မြင့်တက်သွားတာနဲ့ သူ့ရဲ့ဖိအား (Pressure) က လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ငွေ့ရည်တစ်ခုရဲ့ အရွေ့စွမ်းအင် (Kinetic Energy) က တိုးမြင့်လာပြီး တစ်ဖက်မှာ အတည်စွမ်းအင် (Potential Energy) က ကျဆင်းသွားတာပါ။ ဒီလိုနဲ့ အငွေ့တစ်ခုဖြစ်တဲ့ လေရဲ့ အရှိန် အပြောင်းအလဲကြောင့် လေယာဥ်ရဲ့ အပေါ်ဘက်မှာ လေဖိအားနည်းလာပြီး အောက်ဘက်မှာ လေဖိအားမြင့်တက်လာတာပေါ့။ ဒါကြောင့်ပဲ လေယာဥ်က ကောင်းကင်ပေါ်ကို ပျံတက်သွားပါတော့တယ်။

လေယာဉ်တစ်စီးမှာဆိုရင် တောင်ပံရဲ့ အပေါ်ဘက်နေရာက လေဟာ အရှိန်အမြန်ဆုံးဖြစ်ပြီး တောင်ပံရဲ့ အောက်ဘက်နေရာက လေဟာ အရှိန်အနှေးဆုံး ဖြစ်ပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Dec_17 #Physics_principles #Physics_laws

Fact Hub Myanmar

29 Nov, 11:29


‘တောက်တဲ့’

‘တောက်တဲ့၊ တောက်တဲ့’ ဆိုပြီး အော်တတ်တဲ့ အကောင်ကို စာဖတ်သူတို့အားလုံး ရင်းနှီးကြမှာပါ။ ငယ်ဘဝရဲ့ ကြောက်စရာ အကောင်တွေထဲက တစ်ကောင်ပေါ့။ တောက်တဲ့ အော်သံကို ငယ်ငယ်တုန်းက ခဏခဏကြားခဲ့ကြရပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ ‘တောက်တဲ့က ဘယ်လိုမျိုးလဲ၊ တောက်တဲ့က ဘယ်လိုအော်လဲ’ လို့ ပြန်မေးရလောက်တဲ့အထိ တောက်တဲ့တွေ ရှားပါးသွားကြပါပြီ။

ဒီအကောင်လေးတွေက ညဘက်ရောက်တိုင်း ‘တောက်တဲ့’ လို့ အော်တတ်ပါတယ်။ တကယ့်တကယ် သူတို့အော်တယ်ဆိုတာ အမတွေကို ဆွဲဆောင်ဖို့အတွက်ပါပဲ။ ဒါပေမဲ့ တချို့တွေကတော့ အယူအဆအမှားတွေနဲ့ ဒီအသံက လာဘ်လာဘတွေကို လျော့စေတယ်၊ ကံဆိုးစေတယ်ဆိုပြီး သတ်ပစ်တတ်ကြပါတယ်။ ဒါ့အပြင် တောက်တဲ့မျိုးစိတ်အချို့က ရောဂါတွေကို သက်သာစေနိုင်တဲ့အတွက် ဖမ်းယူသတ်ပစ်ပြီး ရောင်းချတာတွေပါ ရှိပါတယ်။ လူသားတွေရဲ့ ဒီလိုအပြုအမူတွေကြောင့်၊ အယူအဆမှားတွေကြောင့်ပဲ ဒီအကောင်လေးတွေ ရှားပါးလာရတာပါ။

ဒီလိုသာ ဆက်တိုက်ရှားပါးလာရင်တော့ ဒီအကောင်လေးတွေ မျိုးသုဉ်းသွားတော့မှာပါ။ အဲဒီလိုသာ ဖြစ်လာရင် လူသားတွေက အင်းစက်ပိုးမွှားတွေ အဆမတန်များပြားလာမှု အန္တရာယ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ တောက်တဲ့တွေက အင်းစက်တွေကို စားပြီး ဂေဟစနစ် (Ecosystem) ကို မျှခြေညီအောင် လုပ်ဆောင်ပေးနေတာပါ။ ဒါတင်မကသေးဘဲ အိမ်တွေမှာရှိတဲ့ ခြင်တွေကိုလဲ ဖမ်းယူလေ့ရှိလို့ ခြင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကို သွယ်ဝိုက်တဲ့ နည်းနဲ့ ကာကွယ်ပေးပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က အပြာရောင်အမြီးရှိတဲ့ တောက်တဲ့ (Blue-Tailed Day Gecko) လေးတွေက ရှားပါးတဲ့ ပန်းအချို့ရဲ့ မျိုးစိတ်ကို ဖြန့်ဖြူးပေးပါတယ်။ သူတို့ကိုတော့ မာရူးယှက်စ် (Mauritius) ဆိုတဲ့ ကျွန်းမှာ တွေ့နိုင်ပြီး အင်းစက်တင်မကပဲ အသီးတွေနဲ့ ပန်းဝတ်ရည်တွေကို စားသုံးကြပါတယ်။ ပန်းဝတ်ရည်တွေ၊ အသီးတွေကို စားသုံးတဲ့အခါ ဝတ်ရည်တွေနဲ့ အစေ့သေးသေးလေးတွေက ဒီအကောင်လေးရဲ့ ခန္ဓာကိုယ်အနှံ့မှာ ကပ်ပါသွားပြီး ရှားပါးမျိုးစိတ်တွေကို နေရာအနှံ့မှာ ပေါက်ရောက်လာစေတာပေါ့။ ဒီအကောင်လေးတွေကိုသာ မျိုးသုဉ်းမသွားအောင် ထိန်းသိမ်းထားမယ်ဆိုရင် ရှားပါးတဲ့ ပန်းမျိုးစိတ်တွေကိုပါ ထိန်းသိမ်းပေးရာရောက်ပါလိမ့်မယ်။

Fact Hub Myanmar

29 Nov, 11:29


“မှားယွင်းတဲ့ အယူအဆတွေကြောင့် ဒုက္ခရောက်နေရတဲ့ ပတ်ဝန်းကျင်အကျိုးပြု အကောင်လေးတွေ”
―――――――

ကမ္ဘာပေါ်က သက်ရှိသတ္တဝါမျိုးစိတ်လေးတွေဟာ လုပ်ငန်းဆောင်တာတွေကို ကိုယ်စီ လုပ်ဆောင်နေကြပြီး သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့အများ အကျိုးပြုနေကြပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ အယူအဆမှားတွေကြောင့် မသေသင့်ဘဲ သေသွားရတဲ့ အကောင်လေးတွေနဲ့ ဒုက္ခရောက်နေရတဲ့ အကောင်လေးတွေဟာ အခြားနိုင်ငံတွေမှာတင်မက မြန်မာနိုင်ငံမှာလဲ အများအပြား ရှိနေပါတယ်။ အဲဒီထဲကမှ ဒုက္ခရောက်နေတဲ့ မျိုးစိတ်အချို့နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အပေါ် အကျိုးပြုပုံလေးတွေကို ဗဟုသုတ ပြောပြပေးသွားပါမယ်။

Fact Hub Myanmar

29 Nov, 11:29


‘လင်းရှူး’

လင်းရှူးဆိုတာက လင်းပိုင်နဲ့ အမျိုးတော်နေတဲ့ ‌ရေနေသတ္တဝါ ဖြစ်ပါတယ်။ လင်းပိုင်တွေမှာ ရှည်လျားတဲ့ နှုတ်သီးတွေနဲ့ သွားချွန်ချွန်တွေ ရှိပြီး လင်းရှူးတွေရဲ့နှုတ်သီးကတော့ နည်းနည်းတိုပြီး သွားကလဲ ဂေါ်ပြားပုံစံနဲ့ ဆင်ပါတယ်။ မျိုးသုဉ်းမှုကို အဓိက ရင်ဆိုင်နေရတဲ့ လင်းရှူးမျိုးနွယ်ကတော့ တရုတ်နိုင်ငံ ရန်းစီမြစ် (Yangtze River) မှာ ကျက်စားတဲ့ ဆူးတောင်မဲ့ လင်းရှူးလေးတွေပါ။ ဒီလို မျိုးသုဉ်းမှုကို ရင်ဆိုင်ရတာကလဲ လူသားတွေရဲ့ အလွန်အကျွံငါးမျှားမှုတွေ၊ သူတို့ကျက်စားတဲ့ နေရာတွေမှာ အညစ်အကြေး များပြားလာမှုတွေကြောင့်ပါ။

ဒီကောင်လေးတွေက အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတာနဲ့အညီ ရေထဲမှာ ရှိတဲ့ငါးတွေကို စားသုံးပြီး ရေနေသတ္တဝါအရေအတွက်ကို ထိန်းချုပ်ထားပါတယ်။ ဒီထိန်းချုပ်မှုသာ မရှိတော့ရင် မြစ်ထဲမှာ ငါးအရေအတွက်က အဆမတန်တိုးပွားလာပြီး အစာကွင်းဆက်ကို ထိခိုက်သွားစေမှာပါ။ ဒါ့အပြင် သူတို့ နေထိုင်နေတဲ့ ပတ်ဝန်းကျင် (မြစ်၊ ပင်လယ်၊ သမုဒ္ဓရာ) ရဲ့ ညစ်ညမ်းမှု အခြေအနေကိုလဲ ပြောပြပေးနိုင်ကြပါတယ်။ လင်းရှုးလေးတွေ နေမကောင်းဖြစ်နေတာ၊ ရေသိပ်မကူးနိုင်တာတွေ တွေ့ပြီဆိုရင် ရေက အညစ်အကြေးတွေနဲ့ ပြည့်လာပြီ၊ ပြဿနာရှိနေပြီ ဆိုတာ ညွှန်ပြနေတဲ့ သဘောပါ။ ဒီလိုနည်းလမ်းနဲ့ ပညာရှင်တွေက ရေရဲ့ ဓာတုပါဝင်နှုန်းတွေ၊ ညစ်ညမ်းမှုတွေကို အမြန်ဆုံး သတိပြုမိပြီး ပိုပြီး ဆိုးမလာခင် ကာကွယ်မှုတွေကို လုပ်ဆောင်နိုင်ကြပါတယ်။

လူသားတွေက သဘာဝပတ်ဝန်းကျင်ကြီးမှာ တိရစ္ဆာန်လေးတွေနဲ့ အတူယှဥ်တွဲ နေထိုင်ကြရပါတယ်။ "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ" ဆိုသလို လူသားတွေက တိရစ္ဆာန်တွေအပေါ် အကျိုးဖြစ်စေပြီး တိရစ္ဆာန်လေးတွေကလဲ လူသားတွေအတွက် အဘက်ဘက်ကနေ အကူအညီ ဖြစ်စေပါတယ်။ ဒါတွေဟာ ဂေဟစနစ်ကြီးရဲ့ အလုပ်လုပ်ပုံ ဖြစ်ပြီး ဂေဟစနစ်ထဲက သက်ရှိတစ်မျိုးမျိုး ချို့ယွင်းသွားတိုင်း ဂေဟစနစ်ကြီးကိုယ်တိုင်လဲ ယိုယွင်းသွားတတ်ပါတယ်။ ယိုယွင်းသွားတာကို ပြန်ပြင်ဖို့ တတ်နိုင်ပေမဲ့ အပြီးတိုင် ပျက်စီးသွားရင်တော့ ပြန်ပြင်ဖို့ ခက်ခဲတာကြောင့် စာဖတ်သူ‌တို့လဲ ဂေဟစနစ်ကြီးအတွင်းက သက်ရှိတိရစ္ဆာန်လေးတွေကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အင်မတန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။ ။

Fact Hub Myanmar

29 Nov, 11:29


References:
- Saving Wildlife and Wild Places. WCS.org. (n.d.).
- Law, J. (2021, September 30). Why we need birds (far more than they need us). BirdLife International.
- Beri D, & Bhaumik S. (2021, July). Snakes, the ecosystem, and us: It’s time we change. The George Institute for Global Health.
Written by – Aye Chan Oo and Moe Myint Phyu
Edited by – Maw Byar Myar and Final-reviewed by – H of C
©️2024-2025 | Fact Hub Myanmar
#Fact_Hub #Article #Environmental_Science #Wildlife #Ecosystem

Fact Hub Myanmar

29 Nov, 11:29


‘မြွေ’

"မြွေ" လို့ ဆိုလိုက်တာနဲ့ အတော်များများကတော့ အန္တရာယ်ကြီးပြီး သေစေတတ်တဲ့ အကောင်တွေလို့ ပြေးမြင်လေ့ရှိကြပါတယ်။ မြွေတွေက သားရဲတွေမို့ အန္တရာယ်ဖြစ်စေနိုင်ပေမဲ့ သူတို့ကို ထိခိုက်ဒဏ်ရာရအောင် အရင်စပြီး မလုပ်ရင် အန္တရာယ်ပြုလေ့မရှိတဲ့ အကောင်လေးတွေပါ။ တစ်ခါတလေမှာတော့ သူတို့ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပေမဲ့ မတော်တဆ ထိခိုက်သွားစေမိတဲ့အခါမှာလဲ ဒီအကောင်လေးတွေက ရန်မူလေ့ရှိကြပါတယ်။ ဒါ့အပြင် ဒီကောင်လေးတွေအပေါ် အန္တရာယ်ကျရောက်ရတဲ့ အဓိကပြဿနာကတော့ လူတွေရဲ့ အယူသီးတာတွေနဲ့ အယူမှားတာတွေကနေ အစပြုလာပါတယ်။

လူအများစုကတော့ မြွေတစ်ကောင် ကိုယ့်အနီးအနားကို ရောက်လာရင် အဲဒီမြွေကို အသက်သေအောင် လုပ်လေ့ရှိကြပါတယ်။ တကယ်တော့ သူတို့လေးတွေကလဲ သက်ရှိတွေဖြစ်တဲ့အလျောက် ကြီးထွားဖို့ လိုအပ်တာမို့ အစားအစာ ရှာရင်း၊ ဖွေရင်းနဲ့ လမ်းမှားပြီး ရောက်လာတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုနဲ့ လူသားတွေက မြွေတွေဟာ အန္တရာယ်များတဲ့ အကောင်တွေမို့ တစ်လက်စတည်း ဇီဝိန်ချုပ်ပေးလိုက်တာ အကောင်းဆုံးပဲ ဆိုပြီး စတိုက်ခိုက်လေ့ရှိကြတာပေါ့။ ဒါကြောင့်ပဲ မြွေနဲ့ လူသားတွေကြားက ပဋိပက္ခတွေဟာ စပြီး ဖြစ်ပွားလာတော့တာပါပဲ။

သဘာဝရဲ့ ဂေဟစနစ်ကြီး (Ecosystem) မှာတော့ မြွေတွေဟာ အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေပြီး လူသားတွေကို အကျိုးဖြစ်စေပါတယ်။ သူတို့လေးတွေက သဘာဝပတ်ဝန်းကျင်ကို လိုက်လျောညီထွေအောင် ဖန်တီးပေးတဲ့ သားရဲတွေဖြစ်လို့ "Ecosystem Engineer" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ မြွေတွေက ဖားတွေ၊ အင်းဆက်တွေ၊ မြေကြွက်တွေနဲ့ အခြားအကောင်ငယ်လေးတွေကို စားသောက်ပြီး သားကောင်အရေအတွက် တိုးပွားနှုန်းကို သေချာ ထိန်းချုပ်ထားပေးနိုင်ပါတယ်။ တကယ်လို့သာ မြွေတွေ မရှိဘူးဆိုရင် ဂေဟစနစ်ကြီးက ကမောက်ကမတွေ ဖြစ်လာနိုင်ပြီး ဖား၊ ကြွက်နဲ့ ရှဥ့်စတဲ့ အကောင်လေးတွေရဲ့ အရေအတွက်ဟာ တဟုန်ထိုး တိုးပွားလာနိုင်ပါတယ်။

ဒါ့အပြင် မြွေတွေက အစေ့အဆံဖြန့်ဖြူးရေးမှာလဲ ကူညီပေးကြတဲ့အတွက် သူတို့ကို "Secondary Seed Dispersal" လို့ ခေါ်ကြပါသေးတယ်။ အစေ့အဆံတွေကို စားတဲ့ ရှဥ့်၊ ကြွက်စတဲ့ အကောင်တွေကို စားသုံးပြီး အညစ်အကြေးစွန့်တဲ့အခါ ဒီအစေ့အဆံတွေက အညစ်အကြေးထဲမှာ ပြန်ပါနေတတ်ပါတယ်။ ဒီလိုနဲ့ပဲ မြွေတွေက သူတို့ ကျက်စားရာ နယ်မြေအနှံ့မှာ မစင်စွန့်ရာကနေ အစေ့အဆံတွေကို ပြန့်ပြူးစေပြီး အပင်တွေ တစ်ဖန် ပေါက်ဖွားလာစေလို့ လှပတဲ့ ကွင်းဆက်တစ်ခုကို ဖန်တီးပေးပါတယ်။

မြွေတွေဟာ ရောဂါထိန်းချုပ်မှုမှာလဲ အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါသေးတယ်။ "Rodents" လို့ ခေါ်တဲ့ ရှေ့သွားနှစ်ချောင်းနဲ့ ကိုက်တတ်၊ ဖြတ်တတ်တဲ့ (ကြွက်၊ ရှဥ့် စတဲ့) သတ္တဝါလေးတွေက Zoonotic (တိရစ္ဆာန်ကနေ အခြားတိရစ္ဆာန်၊ သို့မဟုတ် လူဆီ ကူးစက်သော) ရောဂါပိုးသယ်ဆောင်သူတွေအဖြစ် နာမည်ကြီးပါတယ်။ ဒါကြောင့် မြွေတွေက ဒီ Rodents မျိုးစိတ်တွေကို စားသုံးပြီး ရောဂါပိုးပျံ့ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

Fact Hub Myanmar

29 Nov, 11:29


‘ငှက်’

စာဖတ်သူတို့ ငယ်ငယ်က ငှက်ပစ်သမားတွေကို မြင်ဖူးကြမှာပါ။ လေးခွကြီးတစ်ဖက်နဲ့ ကျောက်ခဲတစ်လုံးကို ကိုင်ပြီး သစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်တွေကို ပစ်ချတာလဲ ငှက်အမဲလိုက်ခြင်း တစ်မျိုးပါပဲ။ ကမ္ဘာပေါ်မှာ ငှက်အရေအတွက် အများကြီးရှိလို့ ငှက်ပစ်တာက ပတ်ဝန်းကျင်ကို မထိခိုက်စေဘူး ဆိုတာ အယူအဆမှားတစ်ရပ်ဖြစ်ပြီး စာဖတ်သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်မှာ ငှက်တွေကို လိုအပ်ပါတယ်။

ငှက်တွေက အပင်အသစ်တွေကို မွေးဖွားပေးနေတဲ့ အကောင်လေးတွေပါ။ အစေ့အဆံစားတဲ့ သက်ရှိတွေ ဖြစ်လို့ အညစ်အကြေးစွန့်တဲ့အခါ အပင်တွေကို ကမ္ဘာမြေဆီ ခေါ်ဆောင်လာပေးတယ်ဆိုတာ မငြင်းနိုင်စရာပါပဲ။ ယိုယွင်းနေတဲ့ ဂေဟစနစ်တွေအတွက် ငှက်တွေက ကယ်တင်ရှင်တွေ ဖြစ်တဲ့အပြင် ဝတ်မှုံကူးပေးတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဆောင်ပေးပါတယ်။ အပင်တွေကို ဝတ်မှုံကူးတဲ့ အကောင်တွေထဲမှာ ပျားတွေ၊ လိပ်ပြာတွေသာမက ငှက်လေးတွေပါ ပါဝင်ပြီး "Hummingbird" လို့ခေါ်တဲ့ ငှက်ပိတုန်းလေးကတော့ ဝတ်မှုံကူးစေတဲ့ ငှက်တွေထဲမှာ နာမည်အကြီးဆုံးပါပဲ။

တကယ်လို့ ငှက်တွေသာ ပျောက်ကွယ်သွားခဲ့ရင် လူသားတွေဟာ အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ အိမ်တွေနဲ့ စိုက်ပျိုးခင်းတွေမှာ စိုက်ထားတဲ့ အပင်တွေဟာ အင်းဆက်ပိုး ဒဏ်ခံရမှာလဲ အသေအချာပါပဲ။ ဒါပေမဲ့ ဒီအကျိုးရှိတဲ့ ငှက်တွေက အင်းဆက်တွေကို မှီခိုစားသုံးကြလို့ အင်းဆက်အရေအတွက် တိုးနှုန်းကို ထိန်းထားနိုင်နေတာ ဖြစ်ပါတယ်။

အမဲလိုက်တာနဲ့ အပျော်တမ်း ငှက်ပစ်ကစားတာတွေက အစပိုင်းမှာ သိသာထင်ရှားမှု မရှိပေမဲ့ အလွန်အကျွံဖြစ်လာတဲ့အခါ ငှက်မျိုးစိတ်အတွက် စိုးရိမ်စရာတွေ ဖြစ်လာရပါတယ်။ မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်ပေါင်း ၁၀၀၀ ကျော် ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး အဲဒီထဲက မျိုးစိတ် ၅၇မျိုးခန့်ဟာ အန္တရာယ်ကျရောက်နေတာကြောင့် Red List အဖြစ် IUCN (International Union for Conservation of Nature and Natural Resources) က ပြဋ္ဌာန်းထားပါတယ်။

Fact Hub Myanmar

29 Nov, 05:31


Biomagnification ဆိုတဲ့ စကားလုံးကို ကြားဖူးပါသလား . . . ?
―――――――

Biomagnification

Biomagnification ဆိုတာ အန္တရာယ်ရှိဒြပ်တွေကို သက်ရှိတွေ စားမိရင်း အစာကွင်းဆက်ရဲ့ အပေါ်ကို တက်လေ အဲဒီအဆိပ်ပမာဏ များလေဖြစ်တာကို ခေါ်တာပါ။

ဒါကို နားလည်ဖို့ ရေကန်တစ်ကန်နဲ့ ဥပမာပေးပါရစေ။ ရေကန်ထဲမှာ ပလန့်ခ်တွန် (Plankton) လို့ ခေါ်တဲ့ အဏုဇီဝသက်ရှိလေးတွေ ရှိပါတယ်။ အဲဒီ သက်ရှိလေးတွေထဲမှာ ဓာတုအဆိပ်တစ်မျိုးရှိတယ်လို့ တွေးကြည့်ပါ။ မာကျူရီ (Mercury) ပဲ ဆိုကြပါစို့။ ငါးသေးသေးလေးတစ်ကောင်က သူ့ရဲ့ သက်တမ်းတစ်လျှောက် ထောင်နဲ့ချီတဲ့ ပလန့်ခ်တွန်တွေကို စားပါတယ်။ ငါးကလေး ပလန့်ခ်တွန်တွေ ပိုစားလေ၊ သူစားတဲ့ အကောင်လေးတွေမှာ ရှိနေတဲ့ အဆိပ်တွေကလဲ သူ့ခန္ဓာကိုယ်ထဲ စုပုံလာလေပါပဲ။ နောက်တော့ ငါးကြီးတစ်ကောင်က ခုနက ငါးသေးသေးလေးတွေကို အများကြီးစားပါတယ်။ ဒီလိုနဲ့ ငါးကြီးထဲ မာကျူရီတွေက ပိုစုလာရောပေါ့။ တဖြည်းဖြည်းနဲ့ အစာကွင်းဆက်ရဲ့ အပေါ်ပိုင်းကို ရောက်လာပြီး ငါးကြီးကို နောက်ထပ် ငါးအကြီးကြီးကဖြစ်စေ၊ ငှက်လို သားရဲတွေကဖြစ်စေ စားလိုက်ချိန်မှာ နဂိုက ပလန့်ခ်တွန်လေး တစ်ကောင်မှာ ပါတဲ့ အဆိပ်က စားလိုက်တဲ့ သက်ရှိဆီမှာ ပမာဏအဆပေါင်း ရာချီ၊ ထောင်ချီ ပိုများသွားပါပြီ။

တကယ့်လက်တွေ့မှာလဲ ဒီဒီတီ (DDT) လို့ ခေါ်တဲ့ ပိုးမွှားနှိမ်နှင်းရေး ဓာတုဓာတ်တစ်မျိုးက သိမ်းငှက်တွေရဲ့ မျိုးပွားမှုကို အကြီးအကျယ် ထိခိုက်စေတာပါ။ လယ်ယာစိုက်ပျိုးရေးတွေမှာ ပိုးမွှားနှိမ်နှင်းဖို့ ဒီဒီတီကို တွင်တွင်ကျယ်ကျယ်သုံးကြတော့ အပင်တွေနဲ့ ရေတွေမှာ ဒီဒီတီပါဝင်မှု များလာပါတယ်။ အစာကွင်းဆက်အောက်ဘက်ပိုင်းမှာ ရှိတဲ့ သက်ရှိလေးတွေက ဒီဒီတီကို စုပ်ယူမိကြပြီး တစ်ခါ ရေထုထဲရှိတဲ့ ငါးတွေက အဲဒီအကောင်လေးတွေကို စားတာပါ။ နောက် သိမ်းငှက်တွေက ငါးတွေကို ပြန်စားရင်း အစာကွင်းဆက်ရဲ့ အပေါ်ဘက်ကို ရောက်လေလေ ဒီဒီတီအဆိပ်သင့်မှုက ပိုများလေ ဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ သိမ်းငှက်တွေရဲ့ သားပေါက်မဲ့ ဥ,ဥခွံတွေဟာ အင်မတန်ပါးလွှာလာပြီး အချိန်မတိုင်ခင်မှာတင် ကွဲထွက်ပြီး သားပေါက်သေဆုံးတာမျိုးတွေ ရှိလာနေတာ ဖြစ်ပါတယ်။

Written by - Min Z
Copy-edited by - Nyan Win Htet

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Biomagnification #Scientific_Terms #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

28 Nov, 11:31


“ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကို အမှတ်မထင် ရှာဖွေတွေ့ရှိ”
―――――――

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ သိပ္ပံပညာရှင်တွေက ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကို ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ ဆော်လမွန်ကျွန်းစုနား အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီသန္တာကျောက်တန်းက နှစ်ပေါင်း ၃၀၀ ထက်မနည်း သက်တမ်းရှိနေပြီ ဖြစ်ပြီး အကျယ် ၁၁၁ ပေ၊ အရှည် ၁၀၄ ပေနဲ့ အမြင့် ၁၈ ခန့် ရှိတဲ့အပြင် ကမ္ဘာ့အကြီးဆုံးသတ္တဝါအဖြစ် လူသိများတဲ့ အပြာရောင်ဝေလငါးထက်တောင် ပိုကြီးတာပါ။ ဒါတင်မကသေး၊ အဲဒီ ပူပူနွေးနွေးတွေ့ရှိထားတဲ့ သန္တာကျောက်ကြီးဟာ အရင်က ကမ္ဘာ့အကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားတဲ့ အမေရိကန်၊ ဆမိုအာကျွန်းက သန္တာကျောက်ထက် သုံးဆကျော် ပိုကြီးလို့ အာကာသကနေတောင် လှမ်းမြင်ရနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

National Geographic Pristine Seas သုတေသနအဖွဲ့က ဆော်လမွန်ကျွန်းစုဝန်းကျင်မှာ ရှိတဲ့ သမုဒ္ဒရာအခြေအနေကို စူးစမ်းလေ့လာရင်း ဒီလိုအံ့ဖွယ်သန္တာကျောက်တန်းကြီးကို အမှတ်မထင်တွေ့ရှိခဲ့တာလို့ ဆိုတာပါ။ အပေါ်စီးက ကြည့်ရင် အညိုရောင်ဧရာမကျောက်တုံးကြီးလို အသွင်ရှိလို့ သင်္ဘောပျက်လို့တောင် အထင်မှားခဲ့ကြသေးတယ် ပြောပါတယ်။

သန္တာကျောက်တွေဆိုတာ သန္တာပိုလစ်ပ် (Coral Polyps) လို့ခေါ်တဲ့ ဂျယ်လီဆန်ဆန် ရေနေသတ္တဝါလေးတွေ ရာချီ၊ ထောင်ချီ စုစည်းထားတဲ့ 'ကိုလိုနီ' တွေကို ခေါ်ဝေါ်တာပါ။ လက်ရှိတွေ့ထားတဲ့ သန္တာကျောက်တန်းကြီးမှာတော့ ဒီသက်ရှိပိုလစ်ပ်ပေါင်း ၁ ဘီလျံနီးပါး ပါဝင်နေတယ်လို့ သိရပါတယ်။

သန္တာကျောက်တန်းတွေက အဏ္ဏဝါအစာကွင်းဆက်အတွက် အင်မတန်အရေးပါ,ပါတယ်။ ငါးတွေ၊ ဂဏန်းတွေလို ရေနေသက်ရှိတွေရဲ့ အစာရင်းမြစ်ဖြစ်သလို နေအိမ်သဖွယ် အကာအကွယ်ပေးတဲ့ ပင်လယ်ရိပ်မြုံကြီးလို့လဲ တင်စားပြောနိုင်ပါမယ်။ ဂေဟစနစ် ဟန်ချက်ကျကျလည်ပတ်နိုင်ဖို့လဲ သူတို့က တာဝန်ယူထားပြီး မုန်တိုင်းတွေဒဏ်က ကာကွယ်ပေးတာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို လျှော့ချပေးတာအပြင် လူသားတွေရဲ့ အစာကွင်းဆက်ကိုလဲ တစ်နည်းတစ်ဖုံ အထောက်အပံ့ပြုနေပါသေးတယ်။

ဒီလိုမျိုး သန္တာကျောက်တန်းတွေက အရောင်အသွေးစုံစုံလင်လင်နဲ့ ကမ္ဘာကြီးကို အလှခြယ်အကျိုးပြုနေပေမဲ့ လူတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာကြီးပူနွေးလာတာကနေ သန္တာကျောက်တန်းအရောင်ဖျော့တာ၊ ပျက်စီးတာတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိ ရှာဖွေတွေ့ရှိခဲ့တဲ့ သန္တာကျောက်တန်းသစ်ကြီးဆိုရင်လဲ အရောင်ဖျော့လာတဲ့ဒဏ်ကို ခံနိုင်တဲ့ သန္တာတြိဂံဒေသ (Coral Triangle) မှာ ရှိနေပေမဲ့ ကမ္ဘာကြီးပူနွေးလာတာရဲ့ အကျိုးဆက်တွေရယ်၊ လူသားတွေရဲ့ အန္တရာယ်တွေရယ်ကိုတော့ ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ (သန္တာတြိဂံဒေသမှာ ဆော်လမွန်ကျွန်းစု၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရေပိုင်နက်တို့ ပါဝင်တာပါ။)

နှစ်ပေါင်းရာချီ သက်တမ်းရှိပြီး အရွယ်အစားလဲ ကြီးမားသလို အပျက်အစီးမရှိဘဲ သဘာဝအတိုင်း တည်ရှိနေတဲ့ သန္တာကျောက်တန်းကြီးကို ရှာဖွေတွေ့ရှိမှုဟာ ယိုယွင်းစပြုလာနေတဲ့ ကမ္ဘာ့အဏ္ဏဝါအခြေအနေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး သမုဒ္ဒရာကို ပြန်ထိန်းသိမ်းဖို့၊ သဘာဝသယံဇာတတွေကို ကာကွယ်ပေးဖို့ နောက်မကျသေးဘူးဆိုတဲ့ နိမိတ်လဲ ဆောင်ပါတယ်။ ဒီဧရာမသန္တာကျောက်တန်းကြီးက သုတေသနပညာရှင်တွေ၊ ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်ရုံသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက်လဲ ရန်ပုံငွေရင်းမြစ်တစ်ရပ် ဖြစ်လာနိုင်တယ်လို့လဲ သိရပါသေးတယ်။

References: Rannard, G. (2024, November 14). World’s largest coral found in the Pacific near Solomon Islands.
- Paddison, L. (2024, November 14). Scientists discover the world’s largest coral — so big it can be seen from space. CNN.

Written by - Moe Myint Phyu
Edited by - Min Z
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #News #Coral_Reef #World_Largest #Science_Update #General_Science #Marine

Fact Hub Myanmar

28 Nov, 05:29


❝ငါတို့ ဘာတွေလုပ်နေလဲ ဆိုတာကိုသာ သိရင် အဲဒါကို သုတေသနပြုတယ်လို့တောင် ခေါ်နေမှာမဟုတ်ဘူး‌လေ။❞

– အဲလ်ဘက်အိုင်းစတိုင်း –

#Fact_Hub #Quote #Nov_28 #Albert_Einstein

Fact Hub Myanmar

27 Nov, 14:31


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား . . . ?

အဖြေမှန်ကတော့ A. အူသိမ်ဦး (Duodenum) ဖြစ်ပါတယ်။

အစာကို အစာအိမ်ထဲမှာ အရင်ဆုံး ခြေဖျက်ပြီးတဲ့နောက် အူသိမ်ဦးပိုင်းမှာလဲ ဆက်လက်‌ခြေဖျက်ပါတယ်။ အူသိမ်ဦးက အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ရှိပြီး သည်းခြေအိတ် (Gallbladder)၊ အသည်း (Liver)၊ မုန့်ချိုအိတ် (Pancreas) တို့နဲ့ ချိတ်နေပါတယ်။ ဒါကြောင့် မုန့်ချိုအိတ်က Amylase နဲ့ Lipase လိုမျိုး အန်ဇိုင်းတွေ၊ အသည်းက ထုတ်ပြီး သည်းခြေအိတ်မှာ စုထားတဲ့ သည်းခြေရည် (Bile) တွေနဲ့ တခြားတခြားသော အစာခြေအရည်တွေက ဒီအူသိမ်‌ဦးမှာ လာစုကြတာကြောင့် အစာခြေနှုန်း အတော်ကို ကောင်းပါတယ်။ နောက်ပြီးတော့ သည်းခြေရည်နဲ့ မုန့်ချိုအိတ်အရည် (Pancreatic Juice) တွေက အယ်ကာလိုင်းဓာတ် ဆောင်တာမို့ အစာအိမ်ထဲက ထွက်လာတဲ့ တစ်၀က်တစ်ပျက် ခြေဖျက်ပြီးတဲ့ အစာတွေ၊ တစ်နည် Chyme လို့ အမည်ရတဲ့ အစာခြေခံ ပစ္စည်းလေးတွေကို ဓာတ်ပြယ်အောင် ဆောင်ရွက်ပေးပါတယ်။ အူသိမ်ဦးပိုင်းပြီးတဲ့နောက် အူသိမ်လယ်ပိုင်း (Jejunum) နဲ့ အူသိမ်နှောင်းပိုင်း (Ileum) တို့မှာတော့ အူသိမ်ရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ အာဟာရစုပ်ယူခြင်းဖြစ်စဉ် ပိုအဖြစ်များပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Answer #Nov_27 #Digestive_System

Fact Hub Myanmar

27 Nov, 08:31


Neuroplasticity ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

ဦးနှောက်ရဲ့ ပြောင်းလဲထိန်းညှိနိုင်စွမ်း (Neuroplasticity)

Neuroplasticity ဆိုတာ သက်ရှိ‌တွေရဲ့ ဘ၀သက်တမ်းတစ်လျှောက် ဦးနှောက်ရဲ့ ပြောင်းလဲထိန်းညှိနိုင်စွမ်းကို ခေါ်တာပါ။ Brain Plasticity လို့လဲ ခေါ်နိုင်တဲ့ ဒီဂုဏ်သတ္တိက ထိခိုက်မှုတွေကနေ ပြန်သက်သာလာဖို့၊ လေ့လာမှုအသစ်တွေ လုပ်ဖို့နဲ့ သိမြင်မှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အဓိက လိုအပ်တဲ့ စွမ်းရည်တစ်မျိုးပါ။

Neuroplasticity မှာ အခြေခံအားဖြင့် Functional Plasticity နဲ့ Structural Plasticity ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းက အနာတရဖြစ်တဲ့အခါ အဲဒီအပိုင်း ဆောင်ရွက်ရမဲ့ လုပ်ငန်းတာ၀န်တွေကို တခြားအပိုင်းက ကိုယ်စားလုပ်ဆောင်တာမျိုးကို Functional Plasticity ‌လို့ ခေါ်ပါတယ်။ ဥပမာ အမြင်အာရုံ ဆုံးရှုံးသွားတဲ့အခါ အကြားအာရုံနဲ့ အတွေ့အထိအာရုံတွေကို ပိုတုံ့ပြန်လာနိုင်အောင် ပြောင်းလဲထိန်းညှိလိုက်တာမျိုးပေါ့။ ဒါကြောင့် အာရုံတစ်မျိုးမျိုး ချို့တဲ့သူတွေရဲ့ ကျန်အာရုံခံအစိတ်အပိုင်းတွေက သာမန်လူတွေထက် ပိုပြီး အားကောင်းနေတာကို တွေ့ရလေ့ရှိပါတယ်။ နောက်တစ်မျိုးကတော့ Structural Plasticity ပါ။ သူကတော့ ဦးနှောက်အစိတ်အပိုင်းတွေရဲ့ တည်ဆောက်ပုံကို ပြောင်းလဲနိုင်စွမ်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နျူယွန်အသစ်တွေ ဖွံ့ဖြိုးစေတဲ့၊ တစ်နည်း ရေတိုမှတ်ဉာဏ်တွေကို ရေရှည်မှတ်ဉာဏ်အဖြစ် ပြောင်း‌ပေးရာမှာ အဓိကကျတဲ့ ဦးနှောက်မှတ်ဉာဏ်ပိုင်း (Hippocampus) ရဲ့ အရွယ်အစားကို ကြီးလာစေတာမျိုးပါ။ ဒီလို ပြောင်းလဲထိန်းညှိတာက ငယ်ရွယ်စဉ်မှာ ပို‌ပြီး အားကောင်းတာကြောင့် ‌အစောပိုင်းကာလ သင်ယူလေ့လာမှုတွေက ယေဘုယျအားဖြင့် ပိုအကျိုးသက်ရောက်‌မှု ရှိနေရတာပါ။

Written by - Shin Mon Thant
Copy-edited by - Aung Naing Thant

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

#Do_you_know #Neuroplasticity #Scientific_Terms #SciTerm #Facthub #Fact_Hub #Facthub

Fact Hub Myanmar

21 Nov, 11:29


"ဆယ်လမွန်ငါးတို့အပြန်"
―――――――

ဆယ်လမွန်ငါးတွေက ရေချိုမှာရော ရေငန်မှာပါ ရှင်သန်နိုင်တဲ့ ငါးမျိုးစိတ်တွေပါ။ ဥဘ၀ကနေ အကောင်ငယ်ဘ၀ထိ ရေချိုဖြစ်တဲ့ မြစ်၊ ချောင်း၊ ကန်တွေမှာ ကျင်လည်ကြပြီး သက်ကြီးကောင်ဘ၀ကိုတော့ ပင်လယ်ရေငန်မှာ ကုန်ဆုံးကြီးပြင်းလေ့ရှိပါတယ်။ ဒါပေမဲ့ မျိုးဆက်ပြန့်ပွားတဲ့ လုပ်ငန်းစဉ်ကိုတော့ မွေးရပ်မြေ ရေချိုဒေသတွေမှာပဲ ပြန်လည်လုပ်ဆောင်ကြတာပါ။ ဒါကြောင့်ပဲ ဆယ်လမွန်ငါးတွေရဲ့ အိမ်ပြန်ခရီးဟာ မျိုးဆက်ပြန့်ပွားဖို့၊ မျိုးစိတ်ဆက်လက်တည်ရှိနေဖို့ အရေးပါတဲ့ ခရီးတစ်ခုဖြစ်နေရတာပေါ့။

ဒါပေမဲ့ သူတို့ရဲ့ အိမ်ပြန်ခရီးဟာ လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ အနိမ့်ပိုင်းဖြစ်တဲ့ ပင်လယ်ကနေ အမြင့်ပိုင်းဖြစ်တဲ့ ‌မြစ်၊ ချောင်းတွေဆီ ကူးခတ်ရတာဖြစ်ပြီး ကြမ်းတမ်းတဲ့ မိုင်ထောင်ချီရှည် ရေဆန်ခရီး ဖြစ်နေတာပါ။ ဒါ့အပြင် လမ်းတစ်‌လျှောက် ရေတံခွန်တွေ၊ တာတမံတွေ နဲ့ သူတို့ရဲ့ အိမ်ပြန်ချိန်ကို စောင့်ကြိုပြီး ဖမ်းယူစားသုံးတတ်တဲ့ ၀က်ဝံလို သားရဲတွေကလဲ ရှိနေပြန်တော့ လမ်းခုလတ်မှာတင် အသက်ဆုံးရှုံးနိုင်ခြေ အတော်များတယ်လို့ ဆိုရမှာပါ။ ဒီလို ခရီးကြမ်းရှည်ကို ကူးခတ်ရမဲ့ ဆယ်လမွန်ငါးတွေဟာ လမ်းတစ်လျှောက်မှာ ဘာအစာမှ စားလေ့ မရှိပါဘူး။ ခရီးစဉ်တစ်လျှောက် လိုအပ်မဲ့ အစာအာဟာရကို ပင်လယ်ထဲမှာ ကျင်လည်ခဲ့တုန်းက ဖြည့်တင်းခဲ့ပြီး တချို့ဆို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ စတေးပြီး အသက်ဆက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အဓိကတာ၀န်ကို ထိခိုက်စေမဲ့ မျိုးပွားခြင်းနဲ့ ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုတော့ စတေးပစ်လေ့ မရှိပါဘူး။

ခရီးတစ်လျှောက် စိန်ခေါ်မှုတွေကို တွန်းလှန်အနိုင်ယူခဲ့တဲ့ ဆယ်လမွန်တွေက မွေးရပ်မြေ ရေချိုဒေသကို ပြန်ရောက်တာနဲ့ မျိုးပွားခြင်းတာ၀န်ကို စတင်ဆောင်ရွက်ကြပါတော့တယ်။ အမတွေက ရေအောက်ကြမ်းပြင်က ကျောက်စရစ်တွေကြားမှာ ခန္ဓာကိုယ်တွေကို တွန့်လူးပြီး ကျောက်ခင်းအသိုက်တွေ ဖန်တီးကြပါတယ်။ ဒီလို ကျောက်အခင်းမှာ အသိုက်လုပ်မှလဲ သားရဲအန္တရာယ်နဲ့ ရေစီးကြမ်းရဲ့ ဒဏ်တွေက‌နေ ဥတွေကို ကာကွယ်နိုင်မှာပါ။ အထီးတွေကတော့ မိတ်ဖက်ရရှိဖို့ အချင်းချင်း ယှဉ်ပြိုင်မှုတွေ လုပ်ကြပြီး အနိုင်ရသူက မိတ်ဖက်အမနဲ့ မျိုးပွားခွင့်ကို ရရှိသွားပါတယ်။ နှစ်ဖက်အသင့်ဖြစ်ပြီဆိုတာနဲ့ အမက နဂိုရှိပြီးသား ကျောက်ခင်းအသိုက်မှာ ဥတွေကို ဥချလိုက်ပြီး အထီးက အဲဒီဥတွေပေါ်မှာ သုက်ရည်တွေကို သုတ်လူးပေးလိုက်ပြီး သန္ဓေအောင်စေပါတယ်။ အများအားဖြင့်တော့ မျိုးပွားတဲ့တာ၀န်ကို ထမ်းဆောင်ပြီးတာနဲ့ အထီးရော၊ အမပါ အသက်ဆုံးရှုံးသွားကြပါတယ်။

ဥဘ၀ကနေ အကောင်ပေါက်လာတဲ့ ဆယ်လမွန်တွေက အသိုက်တွင်းကနေ တစ်ဖဝါးမှ မခွာသေးဘဲ သူတို့ရဲ့ ခန္ဓာကိုယ်မှာ တွဲကပ်ပါလာတဲ့ အာဟာရအိတ် (Yolk Sac) ထဲက အာဟာရတွေကို ထုတ်ယူစားသုံးပြီး လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ဖွံ့ဖြိုးစေပါတယ်။ သေဆုံးသွားတဲ့ သူတို့မိဘတွေရဲ့ ရုပ်အကြွင်းအကျန် အာဟာရတွေကိုလဲ စားသုံးကြပါသေးတယ်။ အာဟာရအိတ်ကိုလဲ ကုန်စင်အောင် စုပ်ယူပြီး လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ဖွံ့ဖြိုးပြီးတဲ့ နောက်မှာတော့ အသိုက်ကနေ ထွက်၊ ရေချိုကမ္ဘာကြီးထဲ ကူးခတ်စူးစမ်းပါတော့တယ်။ ‌ဒီကာလမှာ ကျက်စားရာ မြစ်၊ ချောင်း၊ ကန်ရဲ့ ရေအနံ့၊ ပတ်၀န်းကျင်က အပင်တွေရဲ့ အနံ့ အပါအ၀င် မွေးရပ်မြေကို မမေ့စေနိုင်မဲ့ အမှတ်သညာတွေကို ရှာဖွေ မှတ်ယူကြပါတယ်။ ဒီလိုမှတ်သားထားမှပဲ ပင်လယ်ကနေ စရမဲ့ အိမ်ပြန်ခရီးမှာ လမ်းမပျောက်ဘဲ မွေးရပ်မြေကို ဆိုက်ဆိုက်မြိုက်မြိုက် ခရီးစိုက်နိုင်မှာပါ။

တစ်ဆက်တည်းမှာပဲ အပြောကျယ်တဲ့ ပင်လယ်ကြီးမှာ ကျင်လည်ရှင်သန်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကိုလဲ လုပ်ဆောင်နေရပါတယ်။ မျိုးစိတ်အလိုက် မတူညီတဲ့ ပြောင်းလဲမှုတွေ လုပ်အပြီး အန္တရာယ်များတဲ့ ပင်လယ်ကြီးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီဆိုတာနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး အုပ်စုအလိုက် ပင်လယ်ကြီးဆီ ကူးခတ်ခရီးနှင်ပါတော့တယ်။ သူတို့ကို စားသုံးမဲ့ မုဆိုးတွေ အတော်များတဲ့ ပင်လယ်ကြီးမှာ အသက်ရှင်သန်ဖို့ ရုန်းကန်ရင်း မျိုးပွားနိုင်လောက်တဲ့ထိ လုံလောက်တဲ့ ဖွံ့ဖြိုးမှုတွေ ရှိအပြီးမှာတော့ အမိမြေကို တစ်ဖန်ပြန်လာကာ မျိုးစိတ်ဆက်လက်တည်ရှိဖို့ ကြိုးပမ်းရပြန်ပါတယ်။

ဒီလို မျိုးဆက်အဆင့်ဆင့် အသက်နဲ့ရင်း ပေးဆပ်တာ၀န်ကျေမှုတွေကြောင့်ပဲ မျိုးဆက်သစ်တွေ ပေါက်ဖွားတည်ရှိနေနိုင်တာ၊ မျိုးစိတ်တစ်ခု ဆက်လက်တည်ရှိနေနိုင်တာ မဟုတ်လား။ ။

References:

- Earthhow. (2024, May 19). The Salmon Lifecycle: an Epic migration. Earth How.
- Salmon. (n.d.). Animals.
- The salmon life Cycle - Olympic National Park (U.S. National Park Service). (n.d.-b).

Written by - Shin Mon Thant
Fact-checked by - Mon Myat Kyaw
Revise-edited by - Nyan Win Htet

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Animals #Short_Fact #Salmon_Lifecycle #Migration

Fact Hub Myanmar

21 Nov, 08:29


Epistasis ဆိုတဲ့ ဝေါဟာရကို သိပါသလား…..?
―――――――

Epistasis (အပ်ပစ်စတစ်စစ်) ဆိုတာက မတူညီတဲ့ မျိုးရိုးဗီဇပိုင်း (Gene) တွေကြားက ဖြစ်ပေါ်နေတဲ့ ဆက်နွှယ်မှုတစ်ခုပါ။ ဒီဆက်နွှယ်မှုမှာဆိုရင် ဗီဇပိုင်းတစ်ခုက ဖော်ပြပေးတဲ့ လက္ခဏာဟာ တခြားဗီဇပိုင်းတစ်ခုက ဖော်ပြပေးတဲ့ လက္ခဏာတွေ (Trait) အပေါ် သက်ရောက်မှု ရှိစေပါတယ်။

မြင်သာအောင် ဥပမာတစ်ခုနဲ့ စလိုက်ကြရအောင်။ Labrador Retriever (လာဗရာဒေါ ရစ်ထရီဗာ) ခွေးတွေရဲ့ အမွေးက ဘာအရောင်လဲ ဆိုတာကို ဖော်ပြဖို့အတွက် ဗီဇပိုင်း နှစ်ခုက တာ၀န်ရှိပါတယ်။ ဗီဇပိုင်းတစ်ခုက အရောင်ထုတ်‌ဖို့ တာ၀န်ယူပြီး ကျန်တဲ့ တစ်ခုက အဲဒီထုတ်လိုက်တဲ့ အရောင်ကို ဖော်ပြ၊ မဖော်ပြ ဆိုတဲ့ တာ၀န်ကို ယူပါတယ်။ ဗီဇပိုင်း တစ်ခုဆီမှာ ဖော်ပြဗီဇမူကွဲ (Dominant Allele) နဲ့ ငုပ်လျှိုးဗီဇမူကွဲ (Recessive Allele) ဆိုပြီး ဗီဇမူကွဲ (Alleles) တွေ ရှိကြပါတယ်။ ဖော်ပြဗီဇမူကွဲ ရှိနေတဲ့ အခြေအနေမှာ ငုပ်သျှိုးဗီဇမူကွဲရဲ့ လက္ခဏာကို မဖော်ပြနိုင်ပါဘူး။ ဒါကြောင့် အရောင်ကို ဖော်ပြပေးဖို့ တာ၀န်ရှိတဲ့ ဗီဇပိုင်းထဲမှာ အရောင်ဖော်ပြပေးမဲ့ ဖော်ပြဗီဇမူကွဲ မပါလာဘူးဆိုရင် ဘာအရောင်ပဲ ထုတ်ထုတ် အဲဒီထုတ်ပေးတဲ့ အရောင်ကို မဖော်ပြနိုင်ပါဘူး။ တစ်နည်းပြောရင် အရောင်ဖော်ပြတဲ့ ဗီဇပိုင်းရဲ့ လက္ခဏာ (အရောင်မဖော်ပြမှု) က အရောင်ထုတ်တဲ့ ဗီဇပိုင်းက ဖော်ပြလာမဲ့ လက္ခဏာ (အရောင်) ကို သွားပြီးတော့ ဟန့်တား ပိတ်ပင်လိုက်တာမျိုးပေါ့။ ဒီလိုမျိုး ဗီဇပိုင်းတစ်ခုရဲ့ ‌ငုပ်သျှိုးဗီဇမူကွဲက တခြားဗီဇပိုင်းက ဖော်ပြပေးတဲ့ လက္ခဏာတွေအပေါ် သက်ရောက်မှု ရှိစေတာမျိုးကို ငုပ်လျှိုးနေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှု (Recessive Epistasis) လို့ ခေါ်ပါတယ်။ ဒါ့အပြင်ကိုမှ လွှမ်းမိုးသော မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှု (Dominant Epistasis)၊ ပေါင်းစပ် မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှု (Complementary Epistasis) စသဖြင့် အမျိုးအစားများစွာ ရှိပါသေးတယ်။

ဒီတော့ အပ်ပစ်စတစ်စစ် က မျိုးရိုးဗီဇဆိုင်ရာ မူမမှန်မှုတွေ၊ မျိုးရိုးဗီဇ အမွေဆက်ခံမှုတွေ၊ ဆင့်ကဲပြောင်းလဲမှုနဲ့ ရောဂါဖွံ့ဖြိုးမှုတို့ကို လေ့လာရာမှာ အရေးပါတဲ့ ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် စိုက်ပျိုးရေးကဏ္ဍမှာလဲ လိုချင်တဲ့ လက္ခဏာရဖို့ မတူညီတဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှု (Epistasis) သဘောတရား အသိပညာတွေကို အသုံးချလေ့ ရှိကြပါတယ်။

Written by - Shin Mon Thant
Copy-edited by - Maw Byar Myar

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©2024-2025 Fact Hub Myanmar
#Do_you_know #Epistasis #gene #trait #genetic #Scientific_Terms #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

20 Nov, 11:42


“ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ ရောက်ပြီ”
―――――――

LignoSat အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကပဲ အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီလို့ သိရပါတယ်။ SpaceX ရဲ့ ဒရာဂွန်ယာဉ်ငယ် (Dragon Capsule) က တစ်ဆင့် နိုင်ငံတကာအာကာသစခန်းဆီ ပို့ဆောင်ခဲ့တာပါ။

LignoSat က လေးလက်မပတ်လည် အရွယ်အစားရှိတဲ့ သစ်သားဂြိုဟ်တုပုံးငယ်လေး ဖြစ်ပါတယ်။ ဒါပေမဲ့ အာကာသစူးစမ်းလေ့လာရေးနယ်ပယ်ကိုတော့ အကြီးအကျယ်သက်ရောက်မှု ရှိနိုင်တယ်လို့ သိရတာပါ။

ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က သုတေသနပညာရှင်တွေကတော့ သစ်သားနဲ့ လုပ်ထားတဲ့ ဒီ LignoSat ဂြိုဟ်တုငယ်ဟာ ရုတ်တရက်ကြည့်ရင် ထူးဆန်းပေမဲ့ သမရိုးကျဂြိုဟ်တုတွေထက် ရေရှည်ခံနိုင်ရည်ရှိသလို ပတ်ဝန်းကျင်အတွက်လဲ အမှိုက်မဖြစ်စေဘူး ဆိုပါတယ်။

သမရိုးကျဂြိုဟ်တုအများစုက အလူမီနီယမ်သုံးပြီး တည်ဆောက်ထားကြတာပါ။ ဒီဂြိုဟ်တုတွေ သက်တမ်းကုန်လို့ ကမ္ဘာ့လေထုထဲ ပျက်ကျရင်း လောင်ကျွမ်းချိန်ဆိုရင် အလူမီနီယမ်ကနေ အလူမီနီယမ်အောက်ဆိုဒ် ထွက်လာပါတယ်။ အလူမီနီယမ်အောက်ဆိုဒ်က ကမ္ဘာ့ရဲ့ အပူချိန်မျှခြေကို ယိုယွင်းစေပြီး အိုဇုန်းလွှာကိုလဲ ထိခိုက်ပျက်စီးစေတာပါ။

စက်မှုအာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးချိန်ကစလို့ ကမ္ဘာ့ပတ်လမ်းအနိမ့်ဆီ လုပ်ငန်းသုံးနဲ့ သုတေသန အရင်းခံပြီး လူလုပ်ဂြိုဟ်တုတွေ လွှတ်တင်လာတာ အလုံးရေတစ်သောင်းကို ကျော်လွန်သွားပြီလို့ Look Up Space အမည်ရ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒီလို ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုဟ်တုအလုံးရေ များပြားလာတာနဲ့အမျှ အာကာသအမှိုက်ပြဿနာကလဲ တစ်စတစ်စ ဆိုးရွားလာပြီး ကမ္ဘာ့ပတ်လမ်းကို အဆိပ်သင့်/အန္တရာယ်များစေလာနေတာပါ။

ဒါပေမဲ့ အခု ဂျပန်နိုင်ငံက စမ်းသပ်လွှတ်တင်ထားတဲ့ သစ်သားဂြိုဟ်တုငယ်ကတော့ ကမ္ဘာဆီ ပြန်ပျက်ကျချိန်မှာလဲ လေထုကို ထွေထွေထူးထူး မထိခိုက်စေဘူးလို့ ဆိုပါတယ်။

"သတ္ထုဂြိုဟ်တုတွေကို နောက်ပိုင်းကျရင် သုံးဖြစ်တော့မယ်တောင် မထင်ဘူး။" လို့ ယခင် ဂျပန်အာကာသယာဉ်မှူးနဲ့ လက်ရှိ ကျိုတိုတက္ကသိုလ်က ပရော်ဖက်ဆာ တာကာအို ဒွိုင်းက ပြောပါတယ်။

"ဒီသစ်သားဂြိုဟ်တုကလေးသာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင် SpaceX ရဲ့ အီလွန်မက်စ်ခ်ကို ကျွန်တော်တို့ ဒီအကြောင်း လှမ်းပြောရလိမ့်မယ်' လို့လဲ သူက ဆက်ပြောတာပါ။

လက်ရှိ ကမ္ဘာကို ပတ်နေတဲ့ ဂြိုဟ်တုအလုံးရေ တစ်သောင်းကျော်မှာ ထက်ဝက်ခန့်က SpaceX က လွှတ်တင်ထားတဲ့ စတားလင့်ခ် (Starlink) ဂြိုဟ်တုတွေ ဖြစ်ပါတယ်။
===========

ဒီအကြောင်းအရာကို Fact Hub က သတင်းတိုပုံစံ ရည်ရွယ်တင်ဆက်ထားတာ ဖြစ်ပြီး LignoSat သစ်သားဂြိုဟ်တု အာကာသထဲမှာ လုပ်ဆောင်သွားမဲ့ မစ်ရှင်တွေနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို ချန်လှပ်ထားခဲ့ပါတယ်။ စုံစုံလင်လင် ဆက်လက်လေ့လာနိုင်ဖို့ ရင်းမြစ်တွေကို အောက်မှာ ဖော်ပြပေးထားပါမယ်။

Reference: Wall, M. (2024, November 5). World’s 1st wooden satellite arrives at ISS for key orbital test. Space. com.
- Komiya, K., & Wang, I. (2024, November 5). World’s first wooden satellite, developed in Japan, heads to space. Reuters.

Written by - A Columnist
Edited by - Min Z
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #News #Science_Update #Space #Short_News #Satellite #Wooden

Fact Hub Myanmar

20 Nov, 05:31


❝သိပ္ပံပညာရှင်ဆိုတာ အဖြေမှန်တွေကို ပြောပြပေးနေတဲ့ သူ မဟုတ်ဘူး။ သိပ္ပံပညာရှင်ဆိုတာ မေးခွန်းအမှန်တွေကို မေးတဲ့ သူပဲ။❞

– ကလော့ဒ်လီဗီစတော့စ်စ် –

#Fact_Hub #Quote #Nov_20 #ClaudeLevi-Strauss

Fact Hub Myanmar

19 Nov, 14:31


နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေသိကြပြီလား . . . ?

အဖြေမှန်ကတော့ C. Saturn ဖြစ်ပါတယ်။

စေတန်ဂြိုဟ်ဟာ ဂြိုဟ်ရံလ ၁၄၆ လုံး ရှိပြီး နေအဖွဲ့အစည်းထဲမှာ ဂြိုလ်ရံလ အများဆုံး ဖြစ်ပါတယ်။ သူ့မှာ အားကစားကွင်းအရွယ်လောက် သေးငယ်တဲ့ အရွယ်အစားကနေ မာကျူရီဂြိုဟ်ထက် ပိုကြီးတဲ့ တိုက်တန် (Titan) ဂြိုဟ်ရံလအထိ အရွယ်အစားမျိုးစုံ ရှိပါတယ်။ နိုင်ငံတကာ နက္ခတ္တဗေဒအသင်း (International Astronomical Union) ရဲ့ တရားဝင်အသိအမှတ်ပြုချက်အရ ဂျူပီတာဂြိုဟ်မှာ ဂြိုဟ်ရံလ ၉၅ လုံး ရှိပြီး နတ်ပကျွန်းဂြိုဟ်မှာလဲ လေ့လာတွေ့ရှိချက်တွေအရ  ဂြိုဟ်ရံလ ၁၆ လုံး ရှိတယ်လို့ သိရပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Answer #Nov_19 #Universe #Sun

Fact Hub Myanmar

19 Nov, 08:32


Apoptosis ဆိုတာ ဘာကို ပြောတာလဲ . . . ?
―――――――

Apoptosis (အပိုတိုစစ်) ဆိုတာက ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ပျက်စီးနေတဲ့ ဆဲလ်တွေကို သဘာဝအတိုင်း ပျက်စီးစေတဲ့ ဖြစ်စဉ်ကို‌ ခေါ်တာ ဖြစ်ပါတယ်။

Apoptosis (ပျက်စီးနေသည့် ဆဲလ်များကို သဘာ၀အတိုင်း ပျက်စီးစေခြင်း)

ဆဲလ်ရဲ့ ဒီအန်န်အေ (DNA) မှာ ဖြစ်တဲ့ ဗီဇပြောင်းလဲမှု (Mutation) တွေက တစ်နေ့ကို အကြိမ်ရေ သိန်းချီ ရှိပါတယ်။ အဲဒီထဲက ဗီဇဆိုင်ရာပြောင်းလဲမှု အများစုကို ဆဲလ်က သူ့အလိုအလျောက် ပြန်ပြင်နိုင်ပေမဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ရင်း ဗီဇဆိုင်ရာ ချို့ယွင်းထိခိုက်မှုတွေ စုပုံလာရင်တော့ ကင်ဆာလို ဗီဇပြောင်းလဲမှုက ဖြစ်တဲ့ ရောဂါတွေ ပေါ်လာပါတော့တယ်။ ဒါပေမဲ့ ပုံမှန်အခြေအနေမှာ မရှိတော့တဲ့ ဆဲလ်အများစုက ဆိုးဆိုးရွားရွား အခြေအနေကို မပြောင်းခင်မှာ သူ့ရဲ့ စနစ်ထဲ ချို့ယွင်းချက်တွေ တအားပုံလာတာကို အချိန်မီ သိလေ့ရှိပြီး ပြင်လို့ မရတော့တဲ့ အခြေအနေဆိုရင် ဆဲလ်ကို အလိုအလျောက် ဖျက်စီးပေးစေမဲ့ ဗီဇ (Gene) ကို ဖွင့်လိုက်ပါတယ်။ အဲဒီလို လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်စဉ်ကို Apoptosis လို့ ခေါ်တာပါ။ ဒါကို Programmed Cell Death လို့လဲ ခေါ်ကြပြီးတော့ ခန္ဓာကိုယ်တစ်ခုရဲ့ ကျန်းမာရေးနဲ့ ဆဲလ်ပြုပြင်ထိန်းသိမ်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

Written by - Khant Zaw Aung
Copy edited by - Mon Myat Kyaw

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Apoptosis #Biology #Cells #Fact_Hub #FactHub #Facthub

Fact Hub Myanmar

19 Nov, 05:32


ဒီနေ့ Q&A ကဏ္ဍအတွက်တော့ နေအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေး ပြင်ဆင်ထားပါတယ်။

နေအဖွဲ့အစည်းအတွင်းက ဂြိုလ်ကြီးတွေဟာ နေကိုဗဟိုပြုပြီး ပတ်လမ်းကိုယ်စိမှာ လည်ပတ်နေကြတယ်ဆိုတာ အားလုံးလဲ သိကြမှာပါ။ ဒီဂြိုလ်ကြီးတွေမှာ အရံဂြိုလ်ငယ်တွေလဲ ရှိပါသေးတယ်။ ဒီလိုဆို ဂြိုဟ်ရံလ အများဆုံး ဂြိုဟ်ဟာ ဘယ်ဂြိုဟ် ဖြစ်မယ်လို့ ထင်ပါသလဲ . . . ?

အဖြေမှန်တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့လို့ ရပါတယ်။ ညကိုးနာရီမှာတော့ အဖြေမှန်နဲ့အတူ ပြန်လာခဲ့ပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Nov_19 #Universe #Sun

Fact Hub Myanmar

18 Nov, 11:31


“အမွေးတုံးမျောက်ဝံတို့၏ မှတ်ကျောက်တင်သည့် နယ်ချဲ့ခရီး - ၂”
―――――――

စူးစမ်းရှာဖွေရတာကို နှစ်သက်တဲ့ မျိုးစိတ်တစ်ခုဟာ ဆင့်ကဲပြောင်းလဲရှင်သန်လာကြရင်း နေရာဒေသအရပ်ရပ်ကို လှည့်လည်ပြီး အသစ်အသစ်သော အရာတွေအတွက် မမောမပန်း ခြေဆန့်ခဲ့ကြတယ်။ ကုန်းလမ်းခရီးသက်သက်က စလို့ ရေကြောင်းနဲ့ လေကြောင်းခရီးတွေအထိ အချိန်တိုတိုလေးအတွင်းမှာ ထိထိရောက်ရောက် သွားလာနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားတွေးတော ဖန်တီးနိုင်လာတာတွေကလဲ လျင်မြန်တဲ့ အရွေ့ရဲ့ ပြယုဂ်ပေါ့။ အမွေးတုံး‌မျောက်တွေ . . . တစ်နည်း လူသားမျိုးစိတ်တွေ ရှင်သန်ကျက်စားရာ ကမ္ဘာမြေမှာ လေ့လာစရာတွေ မကုန်နိုင်သေးသလို ပဉ္စလက်ဆန်နေဆဲ တည်ရှိမှုတွေကလဲ စကြ၀ဠာထဲ အများအပြားပါ။ ၁၉ ရာစု၊ သိပ္ပံပညာ သိသိသာသာထွန်းကားလာချိန်ကစလို့ ဒီတည်ရှိမှုတွေကို စူးစမ်းလေ့လာခဲ့ကြတာ မာရီယာနာချောက်နက်ကနေ လကမ္ဘာအထိပါပဲ။

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလရောက်တော့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုကြား အာကာသအခြေပြု အားပြိုင်မှုတွေ ရှိလာခဲ့ပါတယ်။ အာကာသထဲ ပထမဆုံးရောက်သွားတဲ့ ဆိုဗီယက်ဂြိုဟ်တုကနေ လကမ္ဘာပေါ် ဦးဆုံး ခြေချနိုင်ခဲ့တဲ့ လူဖြူအမေရိကန်တွေအထိ . . . တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်အနိုင်ပိုင်းကြရင်း အာကာသကို အပိုင်ရဖို့ ကြိုးစားခဲ့ကြတာပေါ့။ နောက်ပိုင်းတော့ အစိုးရအေဂျင်စီတွေက တစ်ဆင့် အာကာသထဲ ဂြိုဟ်တုတွေ လွှတ်တင်တာ၊ နိုင်ငံတကာ အာကာသစခန်း တည်ဆောက်တာနဲ့ အာကာသယာဉ်မှူးတွေ နိုင်ငံအသီးသီးက ပို့လွှတ်လာကြပြီး အာကာသစူးစမ်းလေ့လာရေးတွေကို ပူးပေါင်းလုပ်ဆောင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းက စလို့ ပုဂ္ဂလိကအေဂျင်စီတွေဟာလဲ အာကာသစီမံကိန်းတွေမှာ ပါဝင်ယှက်နွှယ်လာလေရဲ့။ သာမန်အာကာသလေ့လာရေးမစ်ရှင်တွေကနေ သုတေသနပိုင်း၊ နည်းပညာပိုင်း အဆင့်မြှင့်တင်လာကြရင်း ၂၀၂၄ ခုနှစ် အရောက်မှာတော့ ပုဂ္ဂလိကအေဂျင်စီတွေဟာ အာကာသနယ်ချဲ့မှုရဲ့ သိသာထင်ရှားတဲ့ အရွေ့တစ်ရပ်ကို ဖော်ဆောင်နိုင်လာပါတော့တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ပုဂ္ဂလိကအာကာသစီမံကိန်း ဓူဝံဆည်းဆာ (Polaris Dawn) ကလဲ ဒီအရွေ့တွေထဲက တစ်ရပ်ပါပဲ။ အစိုးရအထောက်အပံ့မပါဘဲ အာကာသယာဉ်မှူးမဟုတ်တဲ့ အရပ်သားတွေက ပုဂ္ဂလိကအစီအစဉ်နဲ့ အာကာသထဲ ခြေချလမ်းလျှောက်နိုင်ခဲ့တာပါ။ ဒီခရီးစဉ်က ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အထက် မိုင်ပေါင်း ၈၇၀ အထိ ရောက်ခဲ့လို့ လကမ္ဘာအပိုလိုမစ်ရှင်တွေပြီးရင် လူသားတွေ လိုက်ပါစီးနင်းလာတဲ့ မစ်ရှင်တွေထဲ ကမ္ဘာနဲ့အဝေးဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဘယ်အစိုးရရဲ့ ပရိုဂရမ်မှ မဟုတ်၊ နာရီထောင်ချီပြီး မြေမဲ့ဇုန်တွေမှာ လေ့ကျင့်ထားတဲ့ အာကာသယာဉ်မှူးတွေလဲ မဟုတ်ဘဲ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အိတ်စိုက်ပြီး အာကာသထဲ လမ်းလျှောက်ဖို့ဆိုတာ အိပ်မက်တစ်ခုထက် မပိုခဲ့ပါဘူး။ ဒါပေမဲ့ ဒီမစ်ရှင်ကို ဦးဆောင်တဲ့ ဘီလျံနာ ဂျဲရက်ဒ် အိုင်ဆက်မန်း (Jared Issacman) အတွက်တော့ ဓူဝံဆည်းဆာမစ်ရှင်ဟာ အာကာသစူးစမ်းလေ့လာမှုနယ်ပယ်ရဲ့ ပိတ်နေဆဲ တံခါးတစ်ချပ်ကို ဖွင့်ဟလိုက်ရတာနဲ့ တူပါလိမ့်မယ်။

ဓူဝံဆည်းဆာအကြောင်း ဆက်ရင် ဘီလျံနာတစ်ဦးဖြစ်တဲ့ ဂျဲရက်ဒ် အိုင်ဆက်မန်းက ငွေကြေး မ,တည်ပြီး အာကာသယာဉ်၊ ဝတ်စုံနဲ့ ခရီးစဉ်ဖြစ်မြောက်ရေးကို ပုဂ္ဂလိက အာကာသကုမ္ပဏီ SpaceX က ပူးပေါင်းတာဝန်ယူထားတဲ့ လေ့လာရေးပရိုဂရမ်တစ်ရပ်ပါ။ ဒီပရိုဂရမ်ကို အိုင်ဆက်မန်းက ဦးဆောင်ပြီး SpaceX က အာကာသယာဉ်မှူးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ထားပါတယ်။ အမေရိကန်လေတပ်ဗိုလ်မှူးဟောင်း စကော့တ်ပို့တီးထ် (Scott Poteet)၊ SpaceX ရဲ့ အကြီးတန်း အာကာသမစ်ရှင်အင်ဂျင်နီယာ ဆာရာဂီလီစ် (Sarah Gillis) နဲ့ ခရီးစဥ်ရဲ့ ဆေးဘက်ဆိုင်ရာအရာရှိအဖြစ် SpaceX အင်ဂျင်နီယာ အန်နာမန်နွန်းန် (Anna Menon) တို့က ခရီးစဉ်မှာ လိုက်ပါလာတာပါ။ ဒီထဲကမှ အိုင်ဆက်မန်းနဲ့ ဆာရာတို့က အာကာသလမ်းလျှောက်တာကို တစ်လှည့်စီ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရမစ်ရှင်မဟုတ်ဘဲ ပုဂ္ဂလိက,က အိတ်စိုက်ပြီး အာကာသထဲ လှည့်ပတ်လေ့လာတဲ့ အစီအစဉ်တွေဟာ ဟိုးအရင်ကတည်းက ရှိခဲ့တာပေမဲ့ ခရီးစဉ်တစ်လျှောက် လိုက်ပါလာတဲ့ ယာဉ်ထဲကနေပဲ ကြည့်ရှုလေ့လာခဲ့ရတာမျိုးပါ။ ဒါပေမဲ့ ဒီတစ်ခေါက် ဓူဝံဆည်းဆာမစ်ရှင်မှာလို အာကာသယာဉ်ငယ်ရဲ့ ထိပ်ဖုံးကို လှစ်ဟလိုက်တာနဲ့ အကာအကွယ်မရှိဘဲ အာကာသဟင်းလင်းပြင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတာမျိုးကတော့ ပထမဆုံးပါပဲ။

Fact Hub Myanmar

18 Nov, 11:31


ဒီအာကာသလမ်းလျှောက်မှုမှာ SpaceX က ပူပူနွေးနွေးထွက်ရှိထားတဲ့ အာကာသဝတ်စုံ (EVA Suit - Extra-Vehivular Activity Suit) တွေနဲ့ အဆင့်မြှင့်မွမ်းမံထားတဲ့ အာကာသလွန်းပျံယာဉ်ကို လက်တွေ့စမ်းသပ်ဖို့အပြင် အခြားသုတေသနရည်ရွယ်ချက်တွေလဲ ပါဝင်ခဲ့ပါတယ်။ ဂျာရက်နဲ့ ဆာရာတို့က SpaceX က နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ အာကာသဝတ်စုံသစ်ကို ဝတ်ဆင်ရင်း အချုပ်အနှောင်ကင်းမဲ့တဲ့ အာကာသထဲ ၁ နာရီနဲ့ ၄၆ မိနစ်ကြာအောင် လမ်းလျှောက်ကြခဲ့ကြတာပါ။ သမရိုးကျအာကာသဝတ်စုံတွေထက် ပေါ့ပါးပြီး ကြံ့ခိုင်တဲ့ ဒီအာကာသဝတ်စုံတွေက SpaceX ရဲ့ အနာဂတ် မားစ်ဂြိုဟ်လေ့လာရေးအတွက်လဲ အသုံးဝင်လာနိုင်တာပေါ့။ လမ်းလျှောက်တဲ့ တစ်ချိန်လုံးကို Live လွှင့်ခဲ့ပြီး ဝတ်စုံသစ်နဲ့အတူ မြေမဲ့ဒေသမှာ ခြေတွေလက်တွေ ရွေ့လျားတာနဲ့ ကိုယ်ခန္ဓာလှုပ်ရှားနိုင်မှုကို စမ်းသပ်ခဲ့ကြတာပါ။ ခရီးစဉ်အစအဆုံး ၅ ရက် ကြာမြင့်ခဲ့ပြီး အာကာသရောင်ခြည်တွေရဲ့ သက်ရောက်မှု၊ အာကာသထဲမှာ ကြာရှည်နေရာက ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေ ပြုလုပ်ခဲ့ပြီး သိပ္ပံစမ်းသပ်ချက် ၄၀ နီးပါးအတွက် အချက်အလက်တွေ စုဆောင်းရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် SpaceX ရဲ့ Starlink (စတားလင့်ခ်) ဂြိုဟ်တုတွေ သုံးပြီး အာကာသထဲ ဆက်သွယ်ရေးကွန်ယက်စနစ်ပါ စမ်းသပ်ချိတ်ဆက်နိုင်ခဲ့တာပါ။ ရရှိလာတဲ့ အချက်အလက်တွေကိုလဲ အာကာသသိပ္ပံနဲ့ သုတေသနဆိုင်ရာအတွက် တခြားအဖွဲ့အစည်းတွေနဲ့ ပြန်လည်မျှဝေသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အာကာသမစ်ရှင်တွေထဲမှာ အာကာသဟင်းလင်းပြင်ထဲ လမ်းဆင်းလျှောက်ရတဲ့ မစ်ရှင်မျိုးက အင်မတန်ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်လဲ အတော်များပါတယ်။ ဒါပေမဲ့ ဒီလို မစ်ရှင်မျိုးကို အစိုးရရဲ့ ထောက်ပံ့မှု မပါဝင်ဘဲ ပုဂ္ဂလိကဆောင်ရွက်နိုင်ခဲ့တာက ကမ္ဘာ့ပထမဆုံး ဖြစ်သလို လမ်းလျှောက်တဲ့ ကမ္ဘာ့မြေပြင်အထက် ၄၅၈ မိုင်ဆိုတာလဲ အာကာသလမ်းလျှောက်မှုတွေ လုပ်ခဲ့သမျှထဲ ကမ္ဘာနဲ့အဝေးဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။ အစိုးရရဲ့ အထောက်အပံ့နဲ့တင်မကဘဲ အခုလိုမျိုး ပုဂ္ဂလိကကုမ္ပဏီတွေကနေ မှတ်တမ်းဝင် အဖြစ်အပျက်တွေကို လုပ်ဆောင်လာနိုင်တာဟာ ကမ္ဘာတဝှမ်း နည်းပညာတိုးတက်ထွန်းကားလာမှုရဲ့ ပြယုဂ်တစ်ခုပါ။ ဒါ့အပြင် အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကြား ချိတ်ဆက်ဆောင်ရွက်မှုတွေလဲ ရှိလာမှာမို့ အမွေးတုံးမျောက်တွေရဲ့ အာကာသကိုလိုနီပြုမှု ဘယ်လောက်အတိုင်းအတာထိ ရောက်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြရပါလိမ့်မယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲ အမှုန်အမွှားတည်ရှိမှုထက် မပိုတဲ့ ဒီလူသားတွေ ဘယ်လောက်ခြေလှမ်းကျယ်နိုင်အုံးမှာပါလဲ . . .?။

"အိမ်ပြန်ရောက်ရင်တော့ လုပ်စရာတွေ တစ်ပုံတစ်ပင် ပြန်ရှိလာမှာပေမဲ့ ဒီကနေ ကြည့်တော့လဲ ကမ္ဘာကြီးက တယ်ပြီးပြည့်စုံလှပါလား . . ."
- ဂျာရက် အိုင်ဇက်မန်း
စက်တင်ဘာ ၁၂ ရက်နေ့၊ ဓူဝံဆည်းဆာမစ်ရှင်။

References: BBC News မြန်မာ. (2024, September 12). “ဘယ်လောက် ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးလဲ” - ဘီလျံနာသူဌေး ဂျာရက် အိုင်ဇက်မင် အာကာသထဲ လမ်းလျှောက်မှု အောင်မြင်ပြီ.
- Z, M. (2024, September 15). သမိုင်းဝင် အာကာသလမ်းလျှောက်မှုကို ဘီလျံနာသူဌေး အိုင်ဇက်မန်းနဲ့ SpaceX အာကာသယာဉ်မှူးတို့ ဆောင်ရွက်နိုင်ခဲ့. Build Myanmar - Media.
- Polaris Program. (2024, September 26). Polaris Dawn.
- Wattles, J. (2024, September 15). SpaceX Polaris Dawn crew returns home after history-making mission. CNN; CNN.

Written by - Hnin Shwe Yee San
Fact-checked by - Min Z
Final-edited by - Nyan Win Htet

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #News #Science_Update #Astronomy #Eath_And_Space #Polaris_Dawn #SpaceX #Space_Mission

Fact Hub Myanmar

18 Nov, 08:51


သင်သိပါသလား၊ ဇီဝဗေဒနည်းအရ ထာဝရရှင်သန်နိုင်တဲ့ သက်ရှိတွေ ရှိတယ်ဆိုတာ . . .
―――――――

လက်သည်းခွံအရွယ်လောက်ပဲ ရှိတဲ့ Turritopsis dohrnii မျိုးစိတ်ဝင် ဂျယ်လီငါးတစ်မျိုးကို သိပ္ပံပညာရှင်တွေက 'မသတ်ရင် မသေနိုင်တဲ့ သက်ရှိ' တွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ပြင်ပ,ပယောဂ မဝင်ရင် ဒီဂျယ်လီငါးမျိုးတွေဟာ ဇီဝဗေဒနည်းအရ ထာဝရရှင်သန်နိုင်ကြတာပါ။

သက်ရှိမျိုးစိတ်တွေ အားလုံးလိုလို လိုက်နာရတဲ့ လောကနိယာမတစ်ရပ် ရှိပါတယ်။ အို၊ နာ၊ သေပါ။ မွေးဖွားမယ်၊ ကြီးထွားမယ်၊ ရှင်သန်မယ်၊ သေဆုံးမယ် . . . ဒါက အသက်ဇီဝိန်နဲ့ ဖွဲ့စည်းတည်ဆောက်ထားမျှ သက်ရှိတိုင်းအတွက် မှန်သယောင်ထင်ရပေမဲ့ ဒီဗဟိုမှန်ကန်ချက်ကို မထီမဲ့မြင်ပြုနေတဲ့ သက်ရှိတွေလဲ ရှိပါတယ်။

အခု ဂျယ်လီငါးမျိုးကတော့ သူ့ရဲ့ ဘဝသံသရာကို ပြောင်းပြန် ပြန်လှည့်နိုင်စွမ်း ရှိတာပါ။ သာမန်ဂျယ်လီငါးတွေရဲ့ ရှင်သန်မှုစက်ဝန်းက ဥအဖြစ်ကနေ ဂျယ်လီငါးပေါက်ကလေးတွေ ဖြစ်မယ်၊ နောက် အရွယ်ရောက်မယ်၊ အချိန်တန်ရင် သေဆုံးပါမယ်။ ဒါပေမဲ့ Dohrnii မျိုးစိတ်ဝင် ဂျယ်လီငါးတွေကတော့ ဥ၊ သားပေါက်၊ အရွယ်ရောက်ရာကနေ သူတို့ဆီ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်တော့မယ်၊ အသက်ရှင်နိုင်စွမ်း မရှိတော့ဘူးလို့ ခံစားရပြီဆိုတာနဲ့ ဂျယ်လီငါးပေါက်လေးဘဝကို ပြန်သွားနိုင်ပါတယ်။ တစ်နည်းပြောရရင်တော့ ရင့်မာပြီးသား ဆဲလ်အကုန်လုံးကို ဆဲလ်နုလေးတွေအဖြစ် ပြောင်းလဲနိုင်တာပါ။ အဲဒီကနေ တစ်ခါ ပြန်အရွယ်ရောက်လာမယ်၊ နောက် လိုအပ်ရင် တစ်ဖန် ပြန်ငယ်ရွယ်နိုင်မယ် . . . စသဖြင့် ဘယ်တော့မှ မဆုံးတဲ့ ဘဝသံသရာတစ်ရပ် တည်ရှိပါတယ်။

ပတ်ဝန်းကျင်က ပေးတဲ့ ဖိအားတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ ဆာလောင်တာတွေနဲ့ တခြားဘေးဒုက္ခတစ်ခုခု ကြုံရပြီဆိုရင် ဒီလို Reverse-age လုပ် . . . ငယ်ရွယ်တဲ့ဘဝဆီ ပြန်သွားကြတယ်လို့ သိရတာပါ။ ဒါကြောင့် သီအိုရီနည်းကျ ပြောရရင် ထာဝရရှင်သန်နိုင်စွမ်း ရှိနေတာပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အမဲလိုက်ခံရတာနဲ့ ရောဂါဘယဒဏ်တွေကြောင့် အရင်သေဆုံးသွားကြတာ များပါတယ်။

Turritopsis dohrnii ဂျယ်လီငါးလိုပဲ ဇီဝဗေဒနည်းအရ ထာဝရရှင်သန်နိုင်တဲ့ သက်ရှိတွေ ရှိပါသေးတယ်။ Lobsters လို့ သိကြတဲ့ ကင်းပုစွန်တွေ၊ ရေချိုနေသက်ရှိဖြစ်တဲ့ ဟိုက်ဒရာ (Hydra) တွေ၊ ပလန်နားရီးယန်း တုပ်ပြားကောင်တွေ (Planarian Flatworms) နဲ့ ရေဝက်ဝံလို့ ခေါ်တဲ့ တာဒီဂရိတ် (Tardigrade) တွေပါ။

ဇီဝဗေဒနည်းအရ ထာဝရရှင်သန်နိုင်တယ်၊ မသေဆုံးနိုင်ဘူးလို့ ပြောတိုင်း အဲဒီသက်ရှိက လုံးလုံးကြီး မသေတာတော့ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလို ရောဂါဘယဒဏ်တွေ၊ အမဲလိုက်ခံရတာတွေနဲ့ တခြားပယောဂအသီးသီးကြောင့် သေဆုံးနိုင်ပါတယ်။ ဒါပေမဲ့ သက်ရှိအများစုလိုတော့ အချိန်တစ်ခုထိပဲ နေရမယ်ဆိုတဲ့ ကန့်သတ်ချက် သူတို့မှာ မရှိပါဘူး။

References: Everlasting life: the ‘immortal’ jellyfish. (n.d.). RSB.
- The “Immortal” jellyfish that resets when damaged | AMNH. (2015, May 4). American Museum of Natural History.

Written by - Min Z
Fact-check by - Min Z
Edited by - Min Z
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Short_Fact #Immortal #Jellyfish #Science #Biology #DidYouKnow

Fact Hub Myanmar

16 Nov, 05:31


Anhydrobiosis ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

Anhydrobiosis ဆိုတာက "ရေမရှိဘဲ အသက်ရှင်ခြင်း" လို့ ခေါ်လို့ရပြီး ရေကို ဆုံးရှုံးလုနီးပါး ဖြစ်‌နေတဲ့အချိန်မှာ မလှုပ်ရှားတော့ဘဲ ငြိမ်သက်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

Anhydrobiosis (ရေမရှိဘဲ အသက်ရှင်ခြင်း)

ဒီအခြေအနေမှာ သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ် (Metabolism) က နှေးသွားတာလဲ ရှိသလို လုံးဝရပ်သွားတာမျိုးလဲ ရှိပါတယ်။ အဲဒီလိုဖြစ်တာက မျိုးစိတ်၊ အကာကွယ်ဒြပ်ပေါင်း (Protective Compound) ထုတ်လုပ်မှု၊ ရေဓာတ်ခန်း‌ခြောက်မှုအဆင့် (Dehydration Level) စတဲ့ အရာတွေအပေါ် မူတည်ပါတယ်။ ရေပြန်လည်ရရှိလာတဲ့ အချိန်မှာ နဂိုမူလအတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာက ရေဓာတ်ခန်းခြောက်မှုအဆင့်နဲ့ ကြာချိန် စတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ Anhydrobiosis အနေအထားကို ပြောင်းလဲလိုက်တဲ့ အခါမှာ ဆဲလ်အစိတ်အပိုင်း (Cellular Components) တွေက ပျက်စီးမှုများရင် များသလောက် ရေရရှိမှု အခွင့်အရေး မရရှိတော့တဲ့အခါ၊ ပြန်ပြောင်းဖို့ မတိုးနိုင်တော့တဲ့အခါမျိုးမှာ မျိုးစိတ်တွေက သေဆုံးနိုင်ပါတယ်။ တကယ်လို့ နောက်ပိုင်းမှာ ရေကို လက်ခံရရှိလာရင်လဲ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာပြီး လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

Anhydrobiosis ကိုတော့ သက်ရှိ အကောင်ကြီးကြီးမားမားတွေမှာ မတွေ့ရဘဲ အလွန်သေးငယ်တဲ့ အကောင်တွေမှာသာ တွေ့ရပါတယ်။ ဥပမာ - သံလုံးကောင် (Nematodes)၊ ရိုတီဖာ (Rotifers) နဲ့ တာဒီဂရိတ် (Tardigrades) ဆိုတဲ့ အကောင်လေးတွေမှာ တွေ့ရပါတယ်။ Anhydrobiosis ဖြစ်စဥ် ရှိတဲ့ အကြီးဆုံးအကောင်ကတော့ Polypedilum Vanderplanki ဖြစ်ပြီးတော့ အာဖရိကရဲ့ ‘Semi-arid’ ဒေသမှာရှိတဲ့ ကျင်းတွေနဲ့ ကျောက်ပေါ်က ရေက‌‌န်ငယ်တွေထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒါ့အပြင် စိမ်းပြာရောင်ရေညှိ (Cyanobacteria)၊ တဆေးမှို (Yeast)၊ သစ်ကပ်မှော်ပင် (Lichens)၊ ရေညှိ (Mosses) နဲ့ Resurrection Plant စတဲ့ အပင်တွေကလဲ Anhydrobiosis ဖြစ်စဉ်ကို လုပ်ဆောင်ကြပါတယ်။

Written by - Khant Zaw Aung
Copy edited by - Mori

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Anhydrobiosis #Biology #ScienceResearch #Fact_Hub #FactHub #Facthub

Fact Hub Myanmar

15 Nov, 07:27


❝ဒီနေ့သိတဲ့ သိပ္ပံဟာ မနက်ဖြန်အတွက် နည်းပညာ ဖြစ်ပါတယ်။❞

– အက်ဒ်၀က်ဒ် တယ်လာ –

#Fact_Hub #Quote #Nov_15 #Edward_Teller

Fact Hub Myanmar

14 Nov, 14:29


နေ့လည်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေသိကြပြီလား . . . ?

အဖြေမှန်က‌တော့ C. The Korean Demilitarized Zone (DMZ) ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား နယ်မြေပိုင်းခြားပေးထားတဲ့ ဧရိယာကို The Korean Demilitarized Zone (DMZ) လို့ ခေါ်ပါတယ်။ လူအများစုက The 38th Parallel နဲ့ DMZ ကို ရောထွေးပြီး အမှတ်မှားတတ်ကြပါတယ်။ The 38th Parallel ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားဆိုဗီယက်တို့ ခွဲဝေအုပ်ချုပ်ရာမှာ နယ်မြေပိုင်းခြား သတ်မှတ်ခဲ့တဲ့ မြောက်လတ္တီကျုမျဉ်းတစ်ခုပါ။ DMZ ဟာလဲ အကြမ်းအားဖြင့် မြောက်လတ္တီကျူ ၃၈ ဒီဂရီမျဉ်းနဲ့ အပြိုင်ရှိနေပါတယ်။ DMZ ကို ၁၉၅၃ ခုနှစ်၊ ကိုရီးယားစစ်ပွဲအပြီး တင်းမာနေတဲ့ နှစ်နိုင်ငံကြား အခြေအ‌နေတွေကို လျှော့ချနိုင်ဖို့ သတ်မှတ်ခဲ့ကြတာပါ။ အရှည်အားဖြင့် မိုင် ၁၅၀ ကျော်၊ အကျယ်အားဖြင့် ၂ မိုင်ခွဲခန့် ရှိပြီး ဒီဧရိယာအတွင်းမှာတော့ Demilitarized ဆိုတဲ့အတိုင်း နှစ်နိုင်ငံ စစ်တပ်တွေ ကင်းလပ် နေတာပါ။ ဒါပေမဲ့ ဧရိယာရဲ့ တစ်ဖက်စီမှာ‌တော့ စစ်တပ်အင်အား အများအပြား နေရာချထားပါတယ်။ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်ဆိုနိုင်ခဲ့ဘဲ အပစ်အခတ်ရပ်စဲ သဘောတူစာချုပ်နဲ့ပဲ ရပ်တန့်ခဲ့ရတာကြောင့် အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ဒီလိုနှစ်ဖက်အင်အား အများအပြားထားရှိတာဟာ သိပ်တော့မထူးခြားပါဘူး။

#Fact_Hub #Q&A #Answer #WeeklyQuiz #Geography #Korea

Fact Hub Myanmar

14 Nov, 08:29


Culicidae ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

ခြင် (Mosquito) လို့ အားလုံးရင်းနှီးထားကြပြီးဖြစ်တဲ့ ဒီ အင်းဆက်မျိုးစိတ်ကိုတော့ သိပ္ပံအခေါ်အဝေါ်မှာ ကော်လစ်စစ်ဒေး (Culicidae) ဆိုပြီး သတ်မှတ်သုံးနှုန်းပါတယ်။ ကော်လစ်စစ်ဒေးတွေကို အများအားဖြင့်တော့ ရောဂါပိုးသယ်ဆောင်သူတွေအဖြစ် အသိများပြီး အန္တရာယ်များတဲ့ မျိုးစိတ်တစ်ခုပါ။ ကမ္ဘာတစ်ဝှမ်းမှာ ခြင်တွေကြောင့် နှစ်စဥ်အသက်ဆုံးရှုံးရတဲ့ လူဦးရေဟာလဲ တစ်သန်းအထက်မှာရှိနေပါတယ်။

ခြင်မျိုးစိတ်အားလုံးရဲ့ သိပ္ပံနာမည် (Culicidae)

ကော်လစ်စစ်ဒေးတွေကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဟာ အသက်ဆုံးရှုံးတဲ့အထိ မရောက်ရင်တောင် နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ ပြင်းထန်ရောဂါတွေ ဖြစ်နိုင်တာကြောင့် ခြင်အန္တရာယ်က ပေါ့ဆလို့မရပါဘူး။ ဥပမာဆိုရရင် ဗိုင်းရပ်စ် (Virus) သယ်ဆောင်ထားတဲ့ ခြင်မျိုးစိတ်အပေါ် မူတည်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ စတဲ့ လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ ဝန်းကျင်ရှိတဲ့အထဲ မျိုးပွားဖို့ရာ အာဟာရအတွက် သွေးလိုအပ်တဲ့ ခြင်မျိုးစိတ်တချို့ရဲ့ ခြင်အမတွေကပဲ သတ္တဝါတွေဆီကနေ သွေးစုပ်ယူကြတာပါ။ ဒါ့အပြင် အရွယ်ရောက်ပြီးသား ခြင်တွေအပါအဝင် ခြင်သားလောင်း (ပိုးလောက်လန်း) တွေက ကုန်းနေရေနေသတ္တဝါတွေ၊ ငါးတွေ၊ ငှက်တွေနဲ့ အင်းဆက်အချို့ရဲ့ အစာရင်းမြစ်တစ်ခု ဖြစ်နေတာ မို့ အစာကွင်းဆက်ရဲ့ အရေးပါတဲ့ နေရာတစ်ခုမှာပါ ရပ်တည်နေကြပါသေးတယ်။

Written by - Hnin Shwe Yee San
Copy edited by - Mori

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Mosquito #Culicidae #DiseaseVectors #GlobalHealth #Ecosystem #Fact_Hub #FactHub #Facthub

Fact Hub Myanmar

14 Nov, 05:29


ဒီနေ့မှာတော့ နှစ်ခြမ်းကွဲနေတဲ့ ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး ဖြေကြည့်ကြရအောင်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား နယ်မြေပိုင်းခြားပေးထားတဲ့ ဧရိယာကို ဘယ်လိုခေါ်ပါသလဲ . . . ?

ပုံမှာ ရွေးလို့ရမဲ့ အဖြေ ၄ ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ရုံပါ။ ည ၉ နာရီမှာ အဖြေတင်ပေးထားပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Nov_14 #Geography #Korea

Fact Hub Myanmar

13 Nov, 05:31


မင်းက လူတစ်ယောက်ကို ငါးတစ်ကောင် ပေးမယ်ဆို သူ့ကို တစ်နေ့စာအတွက် ကျွေးမွေးတာပဲ။ ငါးမျှားနည်းကို သင်ပေးလိုက်မယ်ဆိုရင်တော့ တစ်သက်လုံးစာအတွက် ကျွေးမွေးတာ ဖြစ်သွားပြီ။”

– မိုင်မိုနဒီးစ်

#Fact_Hub #Quotes #Nov_13
#Maimonides

Fact Hub Myanmar

09 Nov, 14:32


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား . . .?

အဖြေမှန်က C. အလျင်လိုအပ်မှု ကွာတာ ဖြစ်ပါတယ်။ အစိမ်းရောင်နဲ့ ပြထားတဲ့ လမ်းကြောင်းအေက ကမ္ဘာကို ဘဲဥပုံသဏ္ဍာန် တည်ငြိမ်ပတ်လမ်းတစ်ရပ်ကနေ လှည့်ပတ်နေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာရဲ့ ဆွဲငင်အားကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘဲ သတ်မှတ်အလျင်တစ်ခုနဲ့ ကမ္ဘာကို ပတ်နေတာပါ။ အနီရောင်နဲ့ ပြထားတဲ့ လမ်းကြောင်းဘီကတော့ ကမ္ဘာ့ဆွဲငင်အားကနေ လွတ်မြောက်အောင် ကြိုးစားသွားရမဲ့ လမ်းကြောင်း၊ တစ်နည်းပြောရရင် လွတ်မြောက်အလျင်လိုအပ်တဲ့ လမ်းကြောင်း ဖြစ်လို့ လမ်းကြောင်းအေထက် အလျင်လိုအပ်မှု ပိုများသွားပါတယ်။ အချိန်ကြာမြင့်မှု၊ လောင်စာသုံးနှုန်းနဲ့ စမှတ်တို့ကလဲ လမ်းကြောင်းနှစ်ရပ်ရဲ့ ကွာခြားချက်တွေ မှန်ပေမဲ့ အဲဒီရွေးချယ်စရာတွေနဲ့ ဆိုင်တဲ့ အချက်အလက်မျိုး မေးခွန်းထဲ ထည့်သွင်းဖော်ပြထားတာမျိုး မရှိတာမို့ C. အလျင်လိုအပ်မှု ကပဲ အဓိက ကွာခြားချက် ဖြစ်သွားတာပါ။

#Fact_Hub #WeeklyQuiz #Q&A #Answer #Nov_9 #Earth

Fact Hub Myanmar

09 Nov, 08:29


Scurvy ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ရောဂါ (Scurvy)

စကာရ်ဗီ (Scurvy) ဆိုတာ ဗီတာမင်စီ (Ascorbic Acid) အလွန်အမင်း ချို့တဲ့,တဲ့အခါ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို လုံလုံလောက်လောက် မစားတဲ့အခါ အဓိက ဖြစ်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက အစားအစာ ရှားပါးပြတ်လပ်တဲ့ နေရာတွေမှာတော့ ဒီစကာဗီရ်ရောဂါက ပိုပြီး အဖြစ်များပါတယ်။ ဗီတာမင်စီက အရိုး၊ အရေပြားနဲ့ တွယ်ဆက်တစ်သျှူးတွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ထိခိုက်ရှနာဖြစ်တဲ့အခါ ပြန်လည်ကုစားဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်တွင်းသွေးနီဥ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ သံဓာတ်ကို စုပ်ယူပေးဖို့လဲ ကူညီပါသေးတယ်။ ဒီတော့ စကာရ်ဗီရောဂါ ဖြစ်ပြီဆိုတာနဲ့ သွားဖုံးရောင်ရမ်းကိုက်ခဲလာပြီး သွေးထွက်လာကာ သွားဖုံးရဲ့ ခိုင်ခံ့မှုလဲ လျော့နည်းလာတာကြောင့် သွားတွေ ကျွတ်ထွက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ မျက်လုံးအောက်ဘက်နဲ့ နှုတ်ခမ်းနေရာတွေအပြင် ခန္ဓာကိုယ်အနှံ့က အပေါ်ယံ အရေပြားတွေပေါ်မှာပါ အနီရောင်၊ ခရမ်းရောင်နဲ့ အညိုရောင် အစက်အပြောက်၊ အကွက်တွေ ပေါ်လာနိုင်ပြီး အနာကျက်နှေးတာနဲ့ သွေးအားနည်းတာတွေအထိ ဖြစ်စေနိုငိပါတယ်။ ပုံမှန်ဆိုရင် အသက်အရွယ်အလိုက် ဗီတာမင်စီ (Ascorbic Acid) လိုအပ်မှုနှုန်း ကွဲပြားပေမဲ့ ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ဆေးလိပ်သောက်သူတွေကတော့ လိုအပ်မှုနှုန်း ပိုများပါတယ်။ ဒါပေမဲ့ ဗီတာမင်စီ အလုံအလောက် မရရှိရုံနဲ့တော့ စကာရ်ဗီရောဂါ ဖြစ်တဲ့ အဆင့်ထိ မရောက်သွားနိုင်ဘဲ ပြင်းပြင်းထန်ထန် ချို့တဲ့တဲ့ အခါမှသာ ဖြစ်နိုင်တာပါ။ ဒါကြောင့် ရောဂါ မပြင်းထန်ခင်မှာ အသီးအရွက်များများ စားတာနဲ့ ဗီတာမင်စီ ဖြည့်စွက်စာတွေ စားသောက်ရင်း (ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အလိုက်) ကြိုတင်ကာကွယ်ထားနိုင်ပြီး ရောဂါဖြစ်လာခဲ့ရင်လဲ စနစ်တကျ ဆေးကုသမှု ခံယူသင့်ပါတယ်။

Written by - Hnin Shwe Yee San
Copy-edited by - Aung Min Khant

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Scurvy #VitaminC #Ascorbic #Scientific_Terms #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

09 Nov, 05:37


ဒီနေ့မှာတော့ ကမ္ဘာပတ်လမ်းနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု ဖြေကြည့်ကြပါမယ်။

ပုံကို ကြည့်ပြီး လမ်းကြောင်းအေနဲ့ လမ်းကြောင်းဘီကြားက အဓိက ကွာခြားချက်ကို ရှာပါ။

ရွေးလို့ရမဲ့ အဖြေ ၄ ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ရုံပါ။ ညကိုးနာရီမှာ အဖြေမှန်လေးတစ်ခုနဲ့ ပြန်လာခဲ့ပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Nov_9 #Earth

Fact Hub Myanmar

08 Nov, 06:46


"တာဒဂရိတ်ဒ် (ခေါ်) ရေ၀က်ဝံလေးတွေဟာ အာကာသလေဟာနယ်ထဲမှာ ရှင်သန်နိုင်စွမ်း ရှိကြပါတယ်"
―――――――

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ နာဆာသိပ္ပံပညာရှင်တွေဟာ ပိုမိုချောမွေ့ပြီး အကျိုးရှိတဲ့ အာကာသလေ့လာမှုတွေအတွက် နည်းစနစ်အသစ်တွေ တီထွင်ဖို့နဲ့ ပြင်းထန်လွန်ကဲတဲ့ ပတ်၀န်းကျင်‌နေ သက်ရှိတွေကို စမ်းသပ်ရင်း အာကာသနေနည်းလမ်းတွေကို ရှာဖွေဖို့အတွက် ကမ္ဘာပေါ်က ရှင်သန်ပြောင်းလဲနိုင်စွမ်း အလွန်မြင့်မားတဲ့ တာဒဂရိတ်ဒ် (ခေါ်) ရေ၀က်ဝံ အဏုဇီ၀သက်ရှိလေးတွေကို အာကာသထဲ စမ်းသပ်လွှတ်တင်ခဲ့ကြပါတယ်။ အဲဒီ တာဒဂရိတ်ဒ်ဆိုတဲ့ အကောင်လေးတွေဟာ ကမ္ဘာပေါ်က ပြင်းထန်တဲ့ ဘယ်လို ရာသီဥတု၊ အပူချိန်၊ ပတ်၀န်းကျင်မှာမဆို ရှင်သန်နိုင်ကြပြီး အမြင့်ဆုံးအပူချိန် ၁၅၁ ဒီဂရီစင်တီဂရိတ်လောက်ကနေ အနိမ့်ဆုံးအပူချိန် အနှုတ် ၂၇၃ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ သူတို့တွေက ဇီ၀ရုပ် ဖြစ်ပျက်မှုတွေအတွက် အရေးပါတဲ့ ရေ မရရှိဘဲနဲ့လဲ နှစ်ပေါင်းများစွာ နေနိုင်ပြီး ခြေသည်းလေးတွေ ရှိတဲ့ ခြေထောက် ၈ ချောင်းပါ ဖောင်းဖို့ဖို့ ၀က်ဝံပုံစံ အဏုဇီ၀သတ္တဝါလေးတွေပါ။

နာဆာရဲ့ စမ်းသပ်မှုမှာတော့ Foton-M3 အာကာသယာဉ်ကို သုံးပြီး တာဒဂရိတ်ဒ်အကောင်လေးတွေကို ကမ္ဘာ့အောက်ဘက် ပတ်လမ်းထဲ ၁၀ ရက်ကြာ ပို့ဆောင်ခဲ့တာပါ။ ပတ်လမ်းထဲ ရောက်တဲ့အခါ အာကာသလေဟာနယ်နဲ့ ထိတွေ့ပေးနိုင်တဲ့ ကွန်တိန်နာထဲကို ထည့်ပေးလိုက်ပြီး အလွန်ခြောက်သွေ့တဲ့ ၀န်းကျင်၊ အေးစက်တဲ့ အပူချိန်နဲ့ ကော်စမစ်၊ နေက လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ ထိတွေ့စေပါတယ်။ အံ့ဩစရာကောင်းစွာပဲ တာဒဂရိတ််ဒ်တွေထဲက အချို့ဟာ လေဟာနယ်ထဲမှာ ရှင်နိုင်ရုံသာမက မျိုးဥတွေပါ ပွားနေသေးတာပါ။

ဒီလိုမျိုး ရှင်သန်နိုင်တဲ့ အကြောင်းအရင်းကို ခြေရာကောက်တဲ့အခါ သူတို့ရဲ့ ထူးခြားပြီး ပုံစံကွဲအမျိုးမျိုးရှိတဲ့ ခရစ်ပတိုဘိုင်အိုဆစ် (Cryptobiosis) အမည်ရ ဇီ၀ရုပ်ဖြစ်စဉ် တစ်ခုကြောင့်ဆိုတာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ ခြောက်သွေ့ပြီး ရေလုံး၀မရတဲ့ ပတ်၀န်းကျင်မှာ အန်ဟိုက်ဒရိုဘိုင်အိုဆစ် (Anhydrobiosis) အမည်ရတဲ့ ဇီ၀ရုပ်ဖြစ်စဉ် စတင်ပြီး သူတို့တွေက Tun လို့ ခေါ်တဲ့ ဘောလုံးသဏ္ဍန် အခွေပုံစံလေးကို ခန္ဓာကိုယ်ထဲမှာ ခြေထောက်နဲ့ ခေါင်းကို ခွေထည့်ရင်း ဖန်တီးလိုက်ကာ ဆဲလ်အတွင်း မရှိတော့တဲ့ ရေနေရာကို Trehalose (အထူးသကြားတစ်မျိုး) နဲ့ ဖြည့်တင်းလိုက်ပါတယ်။ ဒီသကြားနဲ့ပဲ ဆဲလ်တွင်းကွန်ရက် (Matrix) တစ်ခုဖန်တီးပြီး ဒီအန်အေ၊ ဆဲလ်အမြှေးပါးနဲ့ ပရိုတိန်းတွေ မပြိုကွဲသွားအောင် ကာကွယ်လိုက်ပါတယ်။

အခု ဒီ နာဆာရဲ့ စမ်းသပ်မှုမှာ အာကာသထဲ ယူသွားတဲ့ တာဒဂရိတ်ဒ်လေးတွေဟာ Tun State မှာ ရှိနေကြတာပါ။ ဒီလိုမျိုးပဲ အောက်ဆီဂျင်လိုတဲ့ နေရာမျိုးမှာဆို ခန္ဓာကိုယ်ကို တင်းကျစ်စေပြီး အန်အောက်ဆီဘိုင်အိုဆစ် (Anoxybiosis) ဆိုတဲ့ ဇီ၀ဖြစ်စဉ်နဲ့ ရှင်သန်ကာ အရမ်းပြင်းတဲ့ အိုစမိုးတစ် (Osmotic) ဖိအားတွေမှာဆိုလဲ ခရိုင်ရိုဘိုင်အိုဆစ်(Cryobiosis) နည်းနဲ့ အသက်ဆက်ပါသေးတယ်။ ဒီအကောင်လေးတွေဟာ ကမ္ဘာပေါ်က ဘယ်နေရာမဆို ရှင်သန်နိုင်ပြီး ခြံ၀န်းထဲက ရေညှိပေါ်က စလို့ အာတိတ်နဲ့ အန္တာတိကတို့လို ဒေသတွေမှာတောင် အသက်ရှင်နိုင်တာကြောင့် တချို့က ဘယ်တော့မှ သတ်လို့မသေနိုင်တဲ့ သတ္တဝါတွေလို့ မှားမှားယွင်းယွင်း မှတ်ယူကြပါတယ်။ နာဆာရဲ့ သုတေသနမှာ ပါ၀င်တဲ့ ခရစ်ရှန်စတက်ဒ် (Kristianstad) တက္ကသိုလ်က အင်ဂီမာ ဂျွန်ဆန် (Ingemar Jonsson) ကတော့ "တာဒဂရိတ်ဒ်တွေဟာ အရမ်းအေးတဲ့၊ ပူတဲ့ ရာသီဥတုတွေ၊ လေဟာနယ်နဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တွေကို ခံနိုင်ရည်ရှိပေမဲ့ သူတို့ကို သတ်ချင်ရင်တော့ ဒီတိုင်း ဖိခြေလိုက်လို့ရပါတယ်။" လို့ ဆိုထားပါတယ်။ ။

References:

- Cell Science-04 (CS-04) - NASA Science. (n.d.).
- Journey to the Microcosmos. (2019, July 29). Tardigrades: chubby, misunderstood, & not immortal [Video]. YouTube.
- Yong, E. (2008, September 8). Tardigrades become first animals to survive vacuum of space. Science.

Written by - Khant Nyar Thar
Fact-checked by - Min Z
Copy-edited by - Aung Min Khant

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Science #Tardigrades #Cell #NASA

Fact Hub Myanmar

07 Nov, 14:31


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား . . .?

အဖြေမှန်ကတော့ C.Charles Darwin ဖြစ်ပါတယ်။

Charles Darwin (ချားလ်စ် ဒါဝင်) ရဲ့ Evolution Theory (ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ) ကို ရှာဖွေတွေ့ရှိခြင်းက ၁၈၃၁ ခုနှစ်ကနေ ၁၈၃၆ ခုနှစ်အထိ HMS Beagle သင်္ဘောနဲ့ ခရီးထွက်ခဲ့စဥ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒါဝင်ဟာ ကမ္ဘာ‌ပေါ်မှာရှိတဲ့ သက်ရှိမျိုးစိတ်တွေ အမျိုးမျိုးနဲ့ သဘာဝပတ်ဝန်းကျင်‌ကို လေ့လာနေခဲ့တာပါ။ ၁၈၃၅ ခုနှစ်မှာ Galápagos (ဂါလာပါးဂိုးစ်) ကျွန်းစုကို ရောက်တဲ့အချိန်မှာတော့ သက်ရှိတွေက ကျွန်းတစ်ခုချင်းစီမှာ အခြေအနေနဲ့ လိုက်ဖက်အောင် ဆင့်ကဲပြောင်းလဲလာတာကို တွေ့ရှိခဲ့ပါတယ်။

ခရီးက ပြန်လာပြီးနောက်မှာတော့ ဒါဝင်က သူ့ရဲ့ သုတေသနတွေကို ပေါင်းစပ်ပြီး "Natural Selection" (သဘာဝမှ ရွေးချယ်ခြင်း) ဆိုတဲ့ စိတ်ကူးအယူအဆတစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။ ၁၈၅၉ ခုနှစ်မှာတော့ သူ့ရဲ့ နိယာမအယူအဆတွေကို "On the Origin of Species" ဆိုတဲ့ စာအုပ်ထဲမှာ ထုတ်ဝေခဲ့ပြီး Evolution Theory (ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ) ကို အခြေပြုထားတဲ့ သဘာဝရွေးချယ်မှုနဲ့ သက်ရှိမျိုးစိတ် ပြောင်းလဲမှုအကြောင်းကို အသေးစိတ် ရှင်းလင်းဖော်ပြခဲ့ပါတယ်။

Fact_Hub #WeeklyQuiz #Nov_07 #Q&A #Answer #Science

Fact Hub Myanmar

07 Nov, 08:31


Anemia ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

သွေးအားနည်းရောဂါ (Anemia)

အန်နီးမီယာ (Anemia) ဆိုတာက သွေးကြောတွေထဲကနေ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥတွေ နည်းပါးတဲ့အခါမှာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ များသောအားဖြင့် သံဓာတ်ချို့တဲ့တာ၊ ဗီတာမင် ဘီ ၁၂ လို့ခေါ်တဲ့ ကိုဘယ်လမင်း B12 (Cobalamin) နဲ့ ဗီတာမင် ဘီ ၉ လို့ ခေါ်တဲ့ ဖောလစ်အက်ဆစ် B9 (Folic Acid) ဓာတ် ချို့တဲ့တာတွေကြောင့် အဖြစ်များပါတယ်။ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်သလို လုံလောက်တဲ့ အာဟာရဓာတ် မရရှိတာတွေကနေလဲ သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ အသက်ရှုရခက်ခဲတာ၊ နှလုံးအောင့်တာ၊ နားအူတာနဲ့ အသားအရောင်ဖျော့တော့တာ စတဲ့ လက္ခဏာတွေကို ပမာဏနည်းနည်းကနေ ပြင်းထန်တဲ့အထိ ခံစားရနိုင်ပါတယ်။ ဒါအပြင် သွေးအားနည်းခြင်းက ကင်ဆာရောဂါ၊ ခုခံအားစနစ် ကျဆင်းတဲ့ရောဂါ၊ ကျောက်ကပ်နဲ့ အသည်းရောဂါ စတာတွေရဲ့ ရှေ့ပြေးလက္ခဏာနဲ့ နောက်ဆက်တွဲရောဂါလဲ ဖြစ်နေနိုင်ပါတယ်။ ဒီရောဂါဟာ ခန္ဓာကိုယ်အတွင်း ဓာတ်ချို့တဲ့ရာကနေ ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် အာဟာရမျှတအောင် ဂရုတစိုက် စားတာ၊ လိုအပ်တဲ့ ဖြည့်စွက်စာတွေကို စနစ်တကျ သောက်သုံးတာမျိုးနဲ့ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင်တော့ စနစ်တကျစစ်ဆေးပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုခံယူသင့်ပါတယ်။

Written by - Hnin Shwe Yee San
Copy-edited by - Akii

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Scientific_Terms #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

07 Nov, 05:31


ဒီတစ်ခေါက်တော့ သိပ္ပံနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခု ဖြေကြည့်ကြပါမယ်။

Theory of Evolution ကို ဘယ်သူက ရှာဖွေတွေ့ရှိခဲ့ပါသလဲ . . . ?

A. Gregor Mendel
B. Jean-Baptiste Lamarck
C. Charles Darwin
D. Alfred Russel Wallace

ပုံမှာ ရွေးလို့ရမဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ရုံပါပဲ။ ညကိုးနာရီမှာ အဖြေမှန်ကို တင်ပေးထားပါမယ်။

#Fact_Hub #WeeklyQuiz #Nov_07 #Q&A #Quiz #Science

Fact Hub Myanmar

06 Nov, 11:30


“ရှေးဟောင်း မာယာမြို့တစ်မြို့ကို မတော်တဆ ရှာဖွေတွေ့ရှိ”
―――――――

မီဆိုအမေရိကန်တွေ နေထိုင်ခဲ့ကြတဲ့ မာယာလူ့ယဉ်ကျေးမှုစနစ်ထဲက မြို့ကို ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး မတော်တဆရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မက္ကစီကိုနိုင်ငံ တောင်ဘက်ပိုင်းက တောအုပ်တွေထဲ LiDAR (လိုက်ဒါနည်းပညာ) သုံးပြီး လေ့လာချိန် ပိရမစ်တွေနဲ့ ပလာဇာတွေအပါအဝင် အခြားရှေးဟောင်းအဆောက်အအုံပေါင်း ၆၅၀၀ ကျော်ကို ထောက်လှမ်းတွေ့ရှိခဲ့တာပါ။

ဒီမာယာမြို့ဟောင်းရဲ့ နာမည်ကို ဗယ်လာရီယန်နာ (Valeriana) လို့ အမည်ပေးထားပြီး မာယာယဉ်ကျေးမှုအုတ်မြစ်တည်ခဲ့ရာ ဒေသထဲ တည်ရှိနေပါတယ်။ ၁၆.၆ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး မြို့ကို ဗဟိုဇုံနှစ်ရပ်နဲ့ သတ်မှတ်ဖွဲ့စည်းထားတာပါ။ အိမ်ခြေတွေနဲ့ လမ်းမတွေ ကွန်ယက်သဖွယ် ဆက်နွယ်နေပြီး ရှေးဟောင်းအဆောက်အအုံတွေလဲ အမြောက်အမြားရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဆုတောင်းပွဲတွေနဲ့ စုရုံးစည်းဝေးမှုတွေလုပ်ဖို့ ပလာဇာပုံစံ အကွက်အကွင်းနေရာတွေ ရှိသလို ပိရမစ်ငယ်လေးတွေလဲ ပတ်လည်ဝိုင်းနေတာပါ။ ဒါ့အပြင်ကို နေကြည့်/လကြည့်ဖို့နဲ့ နက္ခတ္ထဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုတွေလုပ်ဖို့ ဆိုက်တွေလဲ ရှိသေးတယ် ဆိုပါတယ်။ မြို့ပြတစ်ရပ်နဲ့ လျော်ညီတဲ့ အင်္ဂါရပ်တွေလဲ တွေ့ရှိခဲ့ရပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာ ဖြေရှင်းဖို့ ရေသိုလှောင်တဲ့ စနစ်တွေ၊ ဆည်တွေပါ ထည့်သွင်းတည်ဆောက်ထားတာပါ။

ဗယ်လာရီယန်နာမြို့ဟောင်းရဲ့ အထွဋ်အထိတ်ကာလက ခရစ်တော်ပေါ်ပြီး အေဒီ ၇၅၀ ကနေ ၈၅၀ ခုနှစ်ကြားဝန်းကျင် ဖြစ်ပြီး လူအယောက် ၃ သိန်းကနေ ၅ သိန်းကြား နေထိုင်အခြေချခဲ့တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိချိန်မှာ မြို့ရဲ့ သက်တမ်းက နှစ်ပေါင်း ၁၅၀၀ ကျော်ပါပြီ။

မြို့ကို လိုက်ဒါအမည်ရ အလင်းနဲ့ လေဆာအခြေပြုနည်းပညာ (Light Detection and Ranging) သုံးပြီး သုံးဘက်မြင်ပုံရိပ်မြေပုံတွေနဲ့ ခန့်မှန်းတွေ့ရှိခဲ့တာပါ။ တဖြည်းဖြည်းနဲ့ မြေအောက်ထဲ ကွယ်ပျောက်စပြုလာနေတဲ့ ရှေးဟောင်းမြို့ အတော်များများကိုလဲ ဒီလိုက်ဒါသုံးပြီး ရှာဖွေထားနိုင်ပါတယ်။ ဗယ်လာရီယန်နာကိုတော့ အမေရိကန်၊ တူလိန်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ ကျောင်းသား၊ မြောက်အရီဇိုးနားတက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင်ဖြစ်သူ သောမတ်စ် (Luke Auld-Thomas) က သူ့ရဲ့ ကွန်ပြူတာထက်မှာ တွေ့ရှိခဲ့တာပါ။

အခုတော့ လူ့ယဉ်ကျေးမှုရဲ့ အသက်သွေးကြောဖြစ်တဲ့ အနုပညာ၊ ဗိသုကာပညာ၊ သင်္ချာပညာနဲ့ နက္ခတ္ထဗေဒပညာတို့ကို ဖွံ့ဖြိုးတိုးတက်စေခဲ့လို့ နာမည်ကြီးတဲ့ မာယာလူနေမှုစနစ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ကို ထပ်ရှာဖွေတွေ့ခဲ့ပြန်ပါပြီ။ တွေ့ရှိပြီးသား မာယာမြို့ပြတွေနဲ့ မတူကွဲပြားတဲ့ မြို့ပြပုံစံ၊ လူ့ယဉ်ကျေးမှုစနစ်တွေ ပိုင်ဆိုင်ထားတဲ့ ဗယ်လာရီယန်နာမြို့မှာရော တခြား ဘယ်လိုအံ့ချီးဖွယ်ရာတွေ ငုပ်လျှိုးတည်ရှိနေပါလိမ့် . . .။ ။

ဒီအကြောင်းအရာကို သတင်းတိုကဏ္ဍအဖြစ် ရည်ရွယ်တင်ဆက်ထားတာ ဖြစ်ပြီး အတိုချုံးဖော်ပြရလို နားလည်မှုလွဲနိုင်စရာ အချက်အလက်တွေ ပါဝင်နိုင်ပါတယ်။ အသေးစိတ် ဆက်လက်လေ့လာနိုင်ဖို့ ရင်းမြစ်တွေကို အောက်မှာ ကြည့်ပါ။ သုတေသနဂျာနယ်ဖြစ်တဲ့ Antiquity ပေါ်မှာလဲ ဒီအကြောင်း စာတမ်းအပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။

Image: Cambridge University Press

References: Weisberger, M. (2024, November 2). Lost Maya city discovered in Mexico. CNN.
- BouchÉR, S. (2024, October 28). Lasers reveal Maya city, including thousands of structures, hidden in Mexico. livescience. com.
- Auld-Thomas, L., Canuto, M. A., Morlet, A. V., Estrada-Belli, F., Chatelain, D., Matadamas, D., Pigott, M., & Díaz, J. C. F. (2024). Running out of empty space: environmental lidar and the crowded ancient landscape of Campeche, Mexico. Antiquity, 98(401), 1340–1358.

Written by - A Columnist
Edited by - Min Z
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #News #Science_Update #Archaeology #History #MAYA #Maya_Civilization #Lost_City

Fact Hub Myanmar

05 Nov, 14:32


အဖြေမှန်ကတော့ C. ၉ - ၁၆ လ ဖြစ်ပါတယ်။ ဝေလငါးတွေဟာ သွေးနွေးသတ္တဝါဖြစ်တဲ့အပြင် တခြားသောငါးတွေလို ဥ ဥတာမျိုးမဟုတ်ဘဲ ကုန်းနေသတ္တဝါတွေလိုမျိုး အကောင်လိုက်မွေးကြတာပဲ ဖြစ်ပါတယ်။ ရှားပါးပင်လယ်နေသတ္တဝါတွေဖြစ်ပြီး ယေဘုယျအားဖြင့် မွေးကင်းစ ဝေလငါးလေးတွေရဲ့ အရွယ်အစားဟာ မိခင်ဝေလငါးရဲ့ လေးပုံတစ်ပုံလောက်ရှိပါတယ်။ ဝေလငါးတွေဟာ မျိုးစိတ်ကွဲများစွာရှိတဲ့ သတ္တဝါတွေဖြစ်တဲ့အလျောက် ကိုယ်ဝန်ဆောင်ချိန်ကာလဟာလဲ တစ်သမတ်တည်းမရှိဘဲ ကွဲပြားကြပါတယ်။ အရွယ်အစားအကြီးဆုံး အပြာရောင်ဝေလငါးမျိုးစိတ်တွေမှာဆိုရင် ကိုယ်ဝန်ဆောင်ချိန် ၁၈ လ အထိ ကြာမြင့်တာမျိုးရှိနိုင်ပါတယ်။



#Fact_Hub #WeeklyQuiz #Q&A #Answer #Nov_5 #Animal

Fact Hub Myanmar

05 Nov, 08:31


Pathogen ဆိုတဲ့ စကားလုံးကို သိပါသလား. . .?

ကူးစက်ရောဂါပိုးမွှား (Pathogen)

Pathogen ဆိုတာ ရောဂါကူးစက်စေနိုင်တဲ့ ဘယ်လို သက်ရှိ၊ ဇီ၀ရုပ်မျိုးကို မဆို ရည်ညွှန်းပါတယ်။ Pathogen အမျိုးအစားတွေထဲမှာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါး (Protozoa)၊ မှို (Fungi) နဲ့ ဗိုင်းရွိက် (Viroid) တို့လို ကပ်ပါးတွေအထိ ပါ၀င်ပါတယ်။

Pathogen တွေက ရှင်သန်နိုင်ဖို့ လက်ခံကောင် လိုအပ်ပြီး လက်ခံကောင်ရဲ့ ဆဲလ်အတွင်းမှာပဲ ပုံတူမျိုးပွားတာကို လုပ်ဆောင်ပါတယ်။ Pathogen တွေဟာ လက်ခံကောင်ရဲ့ ဆဲလ်အတွင်းကို ၀င်ရောက်ပြီးတာနဲ့ ဆဲလ်အတွင်းက DNA တို့လို အရင်းမြစ်တွေကို သုံးကာ မျိုးပွားလေ့ရှိပြီး ဗိုင်းရပ်စ်‌တွေကျတော့ တစ်ခါတလေ တခြားဆဲလ်ကို မကူးစက်ခင် မူလလက်ခံဆဲလ်ကိုပါ သေစေတာတွေရှိပါတယ်။ များသောအားဖြင့် Pathogen ဆိုတဲ့ စကားလုံးက ရောဂါဖြစ်စေတဲ့ အဏုဇီ၀သက်ရှိလေးတွေကိုသာ ရည်ညွှန်းလေ့ရှိပြီး အင်းဆက်၊ သန်ကောင်၊ တီကောင် စတဲ့ တခြားရောဂါဖြစ်စေတဲ့ သက်ရှိတွေကိုတော့ ကပ်ပါးကောင်လို့ပဲ ခေါ်ကြတာ များပါတယ်။ Pathogen တွေကြောင့် ရောဂါကူးစက်စေတဲ့ နည်းလမ်းမျိုးစုံ ရှိပြီး ရောဂါတွေကိုတော့ ကူးစက်စေတဲ့နည်းနဲ့ ပြင်းအား ပေါ်လိုက်ပြီး အမျိုးအစားခွဲလေ့ရှိပါတယ်။ Pathogen အမျိုးအစား အများကြီးရှိတဲ့ထဲကမှ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုနဲ့ ကပ်ပါးတွေကတော့ ပတ်၀န်းကျင်မှာ တွေ့နေကျ ရောဂါကူးစက်စေတဲ့ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Written by - Khant Nyar Thar
Copy-edited by - Aung Min Khant

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Pathogen #DNA #Fungi #Scientific_Terms  #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

05 Nov, 05:31


ဒီတစ်ခါမှာတော့ သတ္တဝါလေးတွေနဲ့ ဆိုင်တဲ့ မေးခွန်းလေးဖြေကြည့်ရမဲ့ အလှည့်ပဲဖြစ်ပါတယ်။

ဝေလငါးတွေက ကမ္ဘာ့အကြီးဆုံးသတ္တဝါဖြစ်ပြီး နို့တိုက်သတ္တဝါ အုပ်စုထဲမှာ ပါဝင်ပါတယ်။ မျိုးပွားဖို့အတွက် ကိုယ်ဝန်ဆောင်ကြတာမို့ ဝေလငါးတွေရဲ့ ကိုယ်ဝန်ဆောင်တဲ့ ကာလဟာ ပျှမ်းမျှ ကြာချိန်ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ…?

ပေးထားတဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့လို့ရပါတယ်။ ညကိုးနာရီမှာ အဖြေမှန်တင်ပေးထားပါမယ်။



#Fact_Hub #WeeklyQuiz #Q&A #Quiz #Nov_5 #Animal

Fact Hub Myanmar

04 Nov, 08:32


“မင်းဟာ အကြောင်းအရာတစ်ခုကို သေချာမရှင်းပြနိုင်သေးရင် အဲဒီ‌အကြောင်းအရာကို သေချာနားမလည်သေးလို့ပါ။”

— အဲလ်ဘတ် အိုင်းစတိုင်း —

#Fact_Hub #Quote #Nov_4 #Albert_Einstein

Fact Hub Myanmar

04 Nov, 05:32


"ဝေလငါးတချို့မှာ သွား မရှိပါ"
―――――――

ဝေလငါးမျိုးစိတ်များစွာရှိတဲ့အထဲ သွားရှိဝေလငါး (Toothed Whale) မျိုးစိတ်‌တွေအပြင် ဘေလိန်းဝေလငါး (Baleen Whale) လို့ ခေါ်တဲ့ သွားမဲ့ဝေလငါး (Toothless Whale) မျိုးစိတ်တွေလဲ ရှိကြပါတယ် (သွားရှိဝေလငါး မျိုးစိတ်ထဲမှာ လင်းပိုင်မျိုးစိတ်တွေ ပါဝင်ပါတယ်)။ ဘေလိန်းဝေလငါး လို့ ခေါ်ရတဲ့အကြောင်းက သွားမပါတဲ့ ဝေလငါးတွေရဲ့ အပေါ်မေးရိုးတစ်လျှောက်မှာ အမျှင်တန်းများစွာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု၊ တစ်နည်း‌ပြောရင် ဘေလိန်း ရှိနေလို့ပါ။ ဒီဘေလိန်းမျှင်တွေဟာ လူအပါအဝင် အခြားသော သတ္တဝါတွေမှာ ပါရှိတဲ့ အမွေးအမျှင်၊ ဦးချို၊ ခွာ၊  ခြေသည်းနဲ့ လက်သည်းတွေမှာလို ခဲရက်တင်ပရိုတိန်း (Keratin Protein) ပါဝင်တဲ့ တစ်သျှုးအမျိုးအစားနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေရာမှာ ခဲရက်တင်အကြောင်း ဖြတ်ပြောရရင် တည်ဆောက်ပုံပျော့ပျောင်းတဲ့ အယ်လ်ဖာခဲရက်တင် (Alpha Keratin) နဲ့ အကြမ်းခံမာကြောတဲ့ ဘီတာခဲရက်တင် (Beta Keratin) ရယ်လို့ နှစ်မျိုးခွဲခြားနိုင်ပြီး ဘေလိန်းတွေမှာ ပါတာကတော့ အယ်လ်ဖာအမျိုးအစားပါ။ အယ်လ်ဖာခဲရက်တင် တွေဟာ ပျော့ပျောင်းပေမဲ့လဲ သူနဲ့သက်ဆိုင်ရာ ဆဲလ်နဲ့ တစ်သျှူးတွေကို ကာကွယ်ပေးနိုင်လောက်တဲ့အထိ ခိုင်ခံ့တာကြောင့် ရေနဲ့အမြဲထိတွေ့နေရတဲ့ ဘေလိန်းတွေကို ပျော်ဝင်ဆွေးမြေ့မသွားစေဖို့ ကာကွယ်နေနိုင်တာ ဖြစ်ပါတယ်။ ၁၉ ရာစုအတွင်းမှာဆိုရင် ဒီလို သွားမဲ့ဝေလငါးတွေဆီက ထုတ်ယူရရှိတဲ့ ဘေလိန်းတွေကို လူသုံးကုန်ပစ္စည်းတွေအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြတာမျိုးလဲ ရှိပါတယ်။ လေ့လာဖော်ပြချက်တွေအရ ရှေးဦးအစောပိုင်းက ဝေလငါးအားလုံးဟာ သွားတွေပါရှိကြပေမဲ့ ဆင့်ကဲပြောင်းလဲလာကြရင်း သွားမဲ့ဝဝေလငါးမျိုးစိတ်ကွဲတစ်ခု ဖြစ်လာတာပါ။ ဒီ သွားမဲ့ဝေလငါးမျိုးစိတ်မှာ အများအားဖြင့် သီချင်းသံစဥ်တွေကို ကြိမ်နှုန်းနိမ့်အသံလှိုင်းအနေနဲ့ ထုတ်လွှတ်ရင်း ဆက်သွယ်ကြလေ့ရှိတဲ့ အရွယ်အစားအကြီးမားဆုံး ဝေလငါးမျိုးစိတ်တွေ ပါဝင်ပါတယ်။ သူတို့တွေမှာ သွားမရှိပေမဲ့ အစာရှာဖွေစားသောက်ပုံကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဘယ်လိုလဲဆို‌တော့ အရင်ဆုံး ကြီးမားကျယ်ပြန့်တဲ့ ပါးစပ်တွေကိုဟပြီး သူတို့ရှေ့မှာရှိနေတဲ့ အရာအားလုံးကို စုပ်ယူလိုက်ပါတယ်။ အဲဒီနောက် အပေါ်မှာပြောခဲ့တဲ့ ဘေလိန်းအမည်ရ အစိတ်အပိုင်းကို ရေစစ်တစ်ခုလို အသုံးပြုပြီး ပါးစပ်ထဲရောက်လာတဲ့ အစာတွေကို အာခံတွင်းထဲထားပြီးတော့ ရေအပါအဝင် မလိုအပ်တာတွေကိုတော့ လျှာတွေရဲ့အကူအညီနဲ့ အပြင်ကိုစွန့်ထုတ်လိုက်ပါတယ်။ ဒီလိုပုံစံနဲ့ပဲ သူတို့ရဲ့ ထုထည်ကြီးမားတဲ့ ကိုယ်ခန္ဓာအတွက် လုံလောက်တဲ့အာဟာရ ရရှိဖို့ လွယ်လွယ်ကူကူ ရှာဖွေ‌စားသောက်နိုင်သွားကြပါတယ်။ ဒါပေမဲ့လဲ သွားမဲ့ဝေလငါးမျိုးစိတ်တွေဟာ သွားရှိဝေလငါးမျိုးစိတ်တွေထက် ကျဥ်းမြောင်းတဲ့ လည်ချောင်းအရွယ်အစားမျိုးကို ပိုင်ဆိုင်ထားကြတာကြောင့် အစာတွေကိုမဝါးဘဲ မျိုချရတဲ့သူတို့အတွက် ပုံမှန်မှီဝဲနေကျ သားကောင်တွေဟာ အရွယ်အစားသေးငယ်လွန်းတဲ့ အကောင်ကလေးတွေပဲ ဖြစ်လေ့ရှိပါတယ်။ ဒါဟာ သတ္တဝါတွေအနေနဲ့ ကိုယ့်နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေတဲ့ အစိတ်အပိုင်းသဏ္ဌာန်တွေအဖြစ် ဆင့်ကဲပြောင်းလဲလာရခြင်းရဲ့ နမူနာတစ်ခုပါပဲ။      ။

References:
- Dental facts about whales | Imagix Dental. (n.d.-a). Imagix Dental.
- The Editors of Encyclopaedia Britannica. (2024, October 1). Baleen whale | Filter-feeding, Migration, Conservation. Encyclopedia Britannica.
- Pirotta, V. (2024, October 16). Baleen whales News, Research and Analysis - The Conversation. The Conversation.
- Nazareth, M. (2023, October 19). The story of filter feeding: How did whales get Brush-Like Teeth? ScienceABC.
- Werth, A. J., & Whaley, H. R. (2023). Ocean acidification’s potential effects on keratin protein in cetacean baleen and other integumentary tissue. Annals of Ecology and Environmental Science, 3(2), 21-28.

Written by - Hnin Shwe Yee San
Fact-checked by - Min Z
Copy-edited by - Aung Naing Thant

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Science #Evolution #Whales
#Baleen_Whales

Fact Hub Myanmar

02 Nov, 14:32


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား. . . ?

ကားဘရိတ်အုပ်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စွမ်းအင်ပြောင်းလဲမှုက D. Kinetic energy to Thermal energy ဖြစ်ပါတယ်။

ရွေ့လျားနေတဲ့ ကားတစ်စီးမှာ Mass (ဒြပ်ထု) နဲ့ Velocity (အလျင်) ရှိတဲ့အတွက် KE = ½ mv² formula အရ Kinetic energy (အရွေ့စွမ်းအင်) ဆိုတာ ဖြစ်လာပါတယ်။ နောက်ပြီး ကားဘရိတ်အုပ်လိုက်တဲ့ အခါမှာဆိုရင် ဘရိတ်ပက်နဲ့ ဘီးကြားမှာ ရှိတဲ့ disc brake ဒါမှမဟုတ် drum brake တွေကနေ Friction ခေါ် ပွတ်မှုအားကို ရရှိမှာပါ။ အဲဒီပွတ်တိုက်မှုကြောင့် Kinetic energy ဟာ Thermal energy (အပူစွမ်းအင်) အဖြစ်ကို ပြောင်းလဲသွားပါတယ်။

ထပ်ပြီး နားလည်အောင် ရှင်းပြရရင် ရွေ့လျားနေတဲ့ ကားတစ်စီးကို ရပ်အောင်လုပ်ဖို့က သူ့မှာဖြစ်ပေါ်နေတဲ့ အရွေ့စွမ်းအင်ကို ဖယ်ထုတ်မှ ရမှာပါ။ အဲဒီတော့ Law of Conservation of Energy အရ Kinetic energy ကို အခြား Energy တစ်ခုအနေနဲ့ ပြောင်းလဲပစ်ဖို့ လိုအပ်လာပါတယ်။ ဒီလိုနဲ့ ကားတစ်စီးမှာရှိတဲ့ mechanical brake တွေက Friction နည်းနဲ့ အဲဒီ Kinetic energy ကို Thermal energy အဖြစ် ပြောင်းလိုက်ပါတယ်။ ဒါကြောင့် Kinetic energy က တဖြည်းဖြည်း လျော့နည်းလာပြီး ကားရဲ့ brake တွေအပြင် လေထုထဲ၊ ကားဘီးနဲ့ တာယာတွေဘေးက ဆက်စပ်နေတဲ့ နေရာတွေဆီကိုပါ Thermal energy အဖြစ် အလျဉ်းသင့်သလို ပျံ့နှံ့သွားပါတော့တယ်။ ပြီးရင်တော့ ကားက ဖြည်းဖြည်းချင်း ရပ်သွားပါလိမ့်မယ်။

#Fact_Hub #WeeklyQuiz #Q&A #Answer #Nov_2 #Energy #Energy_Transfer

Fact Hub Myanmar

02 Nov, 08:31


❝အချက်အလက်တစ်ခုဟာ သူ့ချည်းသာဆို သာမန်တည်ရှိမှုတစ်ခု သက်သက်​ပေပဲ။ သူနဲ့ ဆက်နွယ်​နေတဲ့ စိတ်ကူးကြံဆမှု​တွေနဲ့ အ​ထောက်အထား​ သက်​သေ​တွေအတွက် ပံ့ပိုးတန်ဆာဆင်ပေးနိုင်တဲ့ အခါမှသာ အဖိုးထိုက်တဲ့ အရာတစ်ခုအဖြစ် ဖြစ်တည်လာမှာ ဖြစ်တယ်။❞

– က‌လောက်ဒ် ဘားနာ့ဒ် –

#Fact_Hub #Quote #Nov_2 #Claude_Bernard

Fact Hub Myanmar

28 Oct, 11:32


“ပန်းသီးထဲက နတ်ဆိုး…ဆိုင်ယာနိုက်အဆိပ်”
―――――――

“An apple a day keeps the doctor away” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတို့အားလုံး ကြားဖူးကြမှာပါ။ နေ့တိုင်း ပန်းသီးတစ်လုံး စားမယ်ဆိုရင် ကျန်းမာမယ်လို့ ဆိုလိုချင်တာပါ။ ဘာလို့လဲဆိုတော့ ပန်းသီးက သွေးဖိအားနဲ့ ကိုလက်စ်ထရောလယ်ဗယ်တို့ကို ထိန်းညှိပေးလို့ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ အာဟာရများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးစေတာ၊ ဝိတ်ကျစေတာ စတဲ့စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေဇူးများစွာကို ပေးစွမ်းနိုင်လို့ပါ။ ဒါပေမဲ့ ပန်းသီးမှာ မကောင်းတဲ့ ဝှက်ဖဲလေး ရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ “ပန်းသီးအစေ့ထဲက ဆိုင်ယာနိုက် (Cyanide) အဆိပ်” ပါပဲ။
ဆိုင်ယာနိုက်အမျိုးအစား အများကြီးရှိတဲ့အထဲက အခုရှင်းပြသွားမဲ့ အကြောင်းအရာမှာ ပါဝင်တဲ့  ဟိုက်ဒြိုဂျင် ဆိုင်ရာနိုက် (HCN) ကတော့ အရောင်မရှိဘဲ ခါးသက်သက် အယ်လ်မွန် (Bitter Almond) အနံ့ ရှိပါတယ်။ ပန်းသီးစေ့ထဲမှာ ဆိုင်ယာနိုက်က တိုက်ရိုက်ပါတာတော့ မဟုတ်ပါဘူး။ ဆိုက်ယာနိုက်နဲ့ သကြားဓာတ်အချို့ ပါဝင်တဲ့  Amygdalin ခေါ် မော်လီကျူးတစ်ခုကနေ ဖြစ်တည်လာတာပါ။ Amygdalin ကို မက်မွန်သီး၊ ဇီးသီးနဲ့ ချယ်ရီသီး စတဲ့ အသီးတွေရဲ့ အစေ့မှာလည်း တွေ့နိုင်ပါတယ်။ Amygdalin ပါတဲ့ အစေ့တွေကို မတော်တစ်ဆ မျိုချမိရုံနဲ့တော့ ဆိုက်ယာနိုက် အဆိပ်ဆိုတာ ဖြစ်မလာသေးပါဘူး။ ဒါပေမဲ့ ဝါးမိသွားပြီ ဆိုရင်တော့ အပိုင်းပိုင်း အစစ ဖြစ်သွားတဲ့ အစေ့တွေက အူသိမ်ထဲကို ရောက်သွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းတစ်ချို့နဲ့ ထိတွေ့ပြီး သကြားဓာတ်ကို ပျောက်သွားစေပါတယ်။ ဒီလိုကနေ ဟိုက်ဒြိုဂျင် ဆိုင်ယာနိုက် ဖြစ်လာရတာပါ။
ဒီတော့ ဆိုက်ယာနိုက်က ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေမွှေလို့ အဆိပ်ဖြစ်သွားရတာလဲ။ တကယ်တော့ သူက ဆဲလ်အချင်းချင်း ကြားမှာရှိတဲ့ အောက်ဆီဂျင် ကူးပြောင်းမှုကို အဆိပ်ခပ်လိုက်ပြီး စွမ်းအင် (Adenosine Triphosphate-ATP) မထုတ်လုပ်နိုင်အောင် ထိန်းချုပ်လိုက်ပါတယ်။ ဆိုတော့ ဒီစွမ်းအင်ကို မှီခိုနေရတဲ့ နှလုံးနဲ့ အာရုံကြောအဖွဲ့အစည်းတွေဟာ စွမ်းအင်အလုံအလောက် မရတဲ့အတွက် အလုပ်လုပ်တာ ပိုပြီးနှေးကွေးလာတာပါ။ ဒါကြောင့် ဆိုင်ယာနိုက် အဆိပ်သင့်ပြီဆို ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ အားနည်းတာ၊ ခေါင်းကိုက်၊ ခေါင်းမူးလာတာနဲ့ အော့အန်လာတာတွေ ခန္ဓာကိုယ်မှာ စဖြစ်လာပါပြီ။ ဆိုင်ယာနိုက် ပမာဏအနည်းငယ်ပဲဆို ဒီအဆင့်မှာ ရပ်သွားပြီး ပမာဏများရင်တော့ နှလုံးခုန်နှုန်း အရမ်းနှေးလာတာ၊ သွေးပေါင်ကျတာ၊ အသက်ရှုကြပ်လာတာ၊ ကိုမာဝင်သွားတာနဲ့ အသက်ဆုံးရှုံးတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။
ကံကောင်းစွာနဲ့ ဆိုက်ယာနိုက်ကို ၅၀-၃၀၀ မီလီဂရမ်ခန့် ဆေးထိုးထည့်လိုက်မှ လုံးဝအဆိပ်သင့်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပန်းသီးအစေ့နှစ်ရာခန့်ကို တစ်ထိုင်တည်း ဝါးစားမိမှပဲ အပေါ်မှာ ပြောခဲ့သလို ဖြစ်စဉ်တွေ ကြုံရမှာပါ။ ပန်းသီးစေ့ အနည်းငယ် ဝါးစားမိလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ ဆိုက်ယာနိုက်ကိုတော့ Thiocyanate အဖြစ် ပြောင်းလဲပြီး ဆီးနဲ့အတူ ခန္ဓာကိုယ်အပြင်ဖက်ကို စွန့်ထုတ်နိုင်တဲ့အတွက် အန္တရာယ်ကြီးကြီးမားမားမရှိပါဘူး။ ဒါပေမဲ့ အစေ့တွေပါတဲ့ ပန်းသီးအလယ်အူတိုင်ကို တတ်နိုင်သမျှ မစားတာက အကောင်းဆုံးပါပဲ။ ပန်းသီးစားတာက စာဖတ်သူတို့ကို ဆရာဝန်ဆီ မသွားရအောင် ကူညီပေးသလို ရောက်အောင်လည်း တွန်းပို့တတ်တာကြောင့် ဂရုစိုက်ကြဖို့ မှာကြားလိုက်ပါတယ်။           ။

Reference:
- The Editors of Encyclopaedia Britannica, & Chmielewski, K. (n.d.). Can Apple seeds kill you? Encyclopedia Britannica.
- Are Apple seeds poisonous? (n.d.). Healthline.
- Reporter, G. S. (2017, February 22). Cyanide in fruit seeds: how dangerous is an apple? The Guardian. 
- The Facts about Cyanides. (n.d.).

Written by - Moe Myint Phyu
Fact-checked by - ThuTa Zay
Copy-edited by - Aung Naing Thant
Final-edited by - Nyan Win Htet

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Article #Science #Cyanide #Apple #Health

Fact Hub Myanmar

28 Oct, 05:31


©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Article #Science #Great_Wall #Myths #China

Fact Hub Myanmar

28 Oct, 05:31


“တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးက အာကာသကနေ မြင်နိုင်တဲ့ တစ်ခုတည်းသော လူလုပ်ပစ္စည်းလား . . . ?”
―――――――

ကမ္ဘာပေါ်က နာမည်ကြီး အံ့အားသင့်ဖွယ် ရှေးဟောင်း အဆောက်အအုံတွေထဲမှာ တရုတ်ပြည်က မဟာတံတိုင်းကြီးလဲ ပါဝင်ပြီး ၁၃၁၇၁ မိုင် ရှည်လျားပါတယ်။ လူအများစု သိထားကြတဲ့ အာကာသကနေ မြင်ရတဲ့ တစ်ခုတည်းသော လူလုပ်ပစ္စည်းဟာ မဟာတံတိုင်းကြီးဖြစ်တယ်ဆိုတဲ့ စကားက တကယ်တော့ မမှန်ပါဘူး။ မဟာတံတိုင်းကြီးကို အာကာသကနေ ခေတ်မီ စက်ကိရိယာတွေရဲ့ အကူအညီ မပါဘဲ လူ့မျက်လုံး သတ်သတ်ချည်းပဲနဲ့တော့ မြင်နိုင်ဖို့ မရှိပါဘူး။

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက နိုင်ငံတကာ အာကာသစခန်းရဲ့ အုပ်ချုပ်သူအရာရှိဖြစ်တဲ့ ယူအက်စ် အာကာသယာဥ်မှူး လီရိုင်ချောင် (Leroy Chiao) ဟာ သူ့ ၁၈၀ မီလီမီတာ ဒစ်ဂျစ်တယ် ကင်မရာ မှန်ဘီလူးတွေရဲ့ အကူအညီနဲ့ အာကာသ (ကမ္ဘာဂြိုဟ် အနိမ့်ပတ်လမ်း) ကနေ မြင်ရတဲ့ မဟာတံတိုင်းကြီးရဲ့ ပုံကို ပထမဆုံး ရိုက်ယူနိုင်ခဲ့ပါတယ်။ ပုံမှာဆိုရင် မဟာတံတိုင်းနဲ့ မွန်ဂိုလီးယား အတွင်းပိုင်းကို မြင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပ အာကာသ အေဂျင်စီ (European Space Agency) ရဲ့ အာကာသယာဥ်မှူး အလက်ဇန်းဒါး ဂါ့စ်ထ် (Alexander Gerst) ဟာ နိုင်ငံတကာ အာကာသစခန်းကနေ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ မဟာတံတိုင်းကြီးရဲ့ ပုံကို ရိုက်ယူခဲ့ပါ‌သေးတယ်။ “နောက်ဆုံးတော့ ကျွန်တော့်ကို အကြိမ်တစ်ထောင်လောက် မေးနေကြတဲ့ မေးခွန်းရဲ့ အဖြေကို ကျွန်တော် ရှာတွေ့သွားပြီ ထင်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းကနေ မဟာတံတိုင်းကြီးကို မြင်ရလား ဆိုတဲ့ မေးခွန်းပ။” လို့ လူမှုကွန်ရက်မှာလဲ တင်ခဲ့ပါတယ်။ “မျက်လုံးချည်း သတ်သတ်နဲ့တော့ မြင်ရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ၈၀၀ မီလီမီတာ တယ်လီစကုပ် မှန်ဘီလူးနဲ့ ကြည့်ခဲ့ပါတယ်။ ရှာတွေ့ဖို့ ခက်ခဲနေဆဲပါပဲ။ ဘယ်လိုထင်လဲ၊ ဒါများလား” ဆိုပြီး ပြောခဲ့ပါတယ်။

အာကာသယာဥ်မှူးတွေရဲ့ အဆိုအရ ကမ္ဘာဂြိုဟ် အနိမ့်ပတ်လမ်း (Low Earth Orbit) ကနေ မြင်ရတာကတော့ မြို့ကြီးတွေ၊ မိန်းလမ်းမကြီးတွေ၊ ဆည်တွေနဲ့ လေယာဥ်ကွင်းတွေ ဖြစ်ပါတယ်တဲ့။ အာကာသထဲကနေ မြင်နိုင်တဲ့ မြောက်မြားစွာသော လူလုပ်ပစ္စည်းတွေထဲမှာ ဂီဇာက ပိရမစ်တွေ (Pyramids of Giza)၊ ဘဲလ်ဖက်စ် (Belfast)၊ ဒက်ဘလင် (Dublin)၊ ကော့ခ် (Cork) စတဲ့ မြို့ကြီးတွေရဲ့ ည အလင်းရောင်တွေ၊ ဆော်ဒီအာရေဗျရဲ့ ပင်လယ်နီ ကမ်းရိုးတန်းက ညမီးရောင်တွေ ပါဝင်ပါတယ်။

ဒီလို လူလုပ်ပစ္စည်း၊ အဆောက်အအုံတွေကိုတော့ အာကာသကနေ မြင်ရပြီး ကမ္ဘာ့အံ့ချီးဖွယ် မဟာတံတိုင်းကြီးကို ဘာကြောင့်များ မမြင်ရတာပါလဲ . . . ?

မဟာတံတိုင်းကြီးကို မြေမျက်နှာသွင်ပြင်အတိုင်း အလိုက်အထိုက်ဆောက်ထားတာဆိုတော့ ဘေးပတ်ဝန်းကျင်က တောင်ကုန်း၊ တောင်တန်းတွေရဲ့ အကွေ့အကောက် အတက်အဆင်း အတိုင်း မညီမညာ ဖြစ်နေတဲ့ အလွန်ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ ဖွဲ့စည်းပုံကြောင့်ရယ် (Irregular Path)၊ တံတိုင်းရဲ့ အရောင်နဲ့ ပတ်ဝန်းကျင် အရောင် မကွဲပြားတာရယ်ကြောင့် မမြင်ရတာ ဖြစ်ပါတယ်။ မဟာတံတိုင်းကြီးရဲ့ အရောင်ဟာ အနီးနား ပတ်ဝန်းကျင်က ကျောက်တုံး၊ မြေသားတွေရဲ့ အရောင်တွေနဲ့ တူနေတာကြောင့် မဟာတံတိုင်းကြီးကို မျက်လုံးချည်း သတ်သတ်နဲ့ ကြည့်မယ်ဆိုရင် ကမ္ဘာဂြိုဟ် အနိမ့်ပတ်လမ်းကနေတောင် ခွဲခြားမြင်ရဖို့ ခက်ခဲနေတာပါ။

ဆိုတော့ မဟာတံတိုင်းကြီးကို အာကာသကနေ မှန်ဘီလူးတွေရဲ့ အကူအညီနဲ့ ဓါတ်ပုံရိုက်၊ ကြည့်ရှုလို့ ရပေမဲ့ မျက်လုံးချည်း သတ်သတ်နဲ့ဆိုရင်တော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါကို တရုတ်ပိုင် ပထမဆုံး အာကာသယာဥ်မှူး ယန်လီဝေ (Yang Liwei) က အတည်ပြုပေးခဲ့ပါတယ်။ ယန်လီဝေဟာ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလမှာ တရုတ် အာကာသ အေဂျင်စီရဲ့ ရှန်ဂျိုး ၅ (Shenzhou 5) အာကာသယာဉ်နဲ့ ကမ္ဘာကို ၁၄ ကြိမ် ပတ်ခဲ့တဲ့ သူပါ။ “ကမ္ဘာကြီးက အာကာသထဲက ကြည့်ရင် အတော်လှပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မဟာတံတိုင်းကြီးကိုတော့ မမြင်ခဲ့ရပါဘူး” လို့ ယန်က ဆိုခဲ့ပါတယ်။

အပေါ်ဆုံးက မေးခွန်းကို ဆက်ရရင် မဟာတံတိုင်းကြီးဟာ အာကာသထဲကနေ မြင်နိုင်တဲ့ တစ်ခုတည်းသော လူလုပ်ပစ္စည်းဖြစ်ဖို့ နေနေသာသာ မှန်ဘီလူးတွေ၊ တယ်လီစကုပ်တွေရဲ့ အကူအညီတွေ မပါဘဲ မျက်လုံးချည်းသတ်သတ်နဲ့ ကြည့်ရင် မြင်ရမှာတောင် မဟုတ်ပါဘူး။ နောက်ပြီး အာကာသကနေ မြင်နိုင်တဲ့ အခြားသော လူလုပ်ပစ္စည်းတွေ အမြောက်အမြား ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အာကာသကနေ အကူအညီမဲ့ မျက်လုံးနဲ့ ကြည့်လို့ မမြင်နိုင်ဘူးဆိုတဲ့ အမှန်တရားက မဟာတံတိုင်းကြီးရဲ့ အံ့ချီးဖွယ်ရာ ဖြစ်တည်နေမှု ဂုဏ်အရည်အချင်းကိုတော့ ယုတ်လျော့သွားစေမှာ မဟုတ်ပါဘူး။     ။

References:
- The Great Wall of China. (n.d.).
- [email protected]. (n.d.). Can you see the Great Wall of China from space? BBC Sky at Night Magazine.
- Osc. (2023, June 5). Popular science myths debunked • Clearing up misconceptions. Orlando Science Center.
- Great Wall - NASA. (n.d.). NASA.  
- Great Wall of China. (n.d.).

Written by - Kyawt Mu Han
Fact-checked by - AA Myat Chel
Final -edited by - Nyan Win Htet

Fact Hub Myanmar

26 Oct, 14:32


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား . . . ?

Fact Hub Myanmar

26 Oct, 14:32


အဖြေမှန်ကတော့ B. ကျိုးမင်းဆက် ဖြစ်ပါတယ်။

တရုတ်ပဒေသရာဇ်စနစ်မှာ မိသားစုတစ်စု၊ တစ်နည်းပြောရရင် မျိုးရိုးစဥ်ဆက်တစ်ခုအတွင်းမှာပဲ အုပ်ချုပ်သူနေရာကို လက်ဆင့်ကမ်းလာရင်း ထိန်းသိမ်းဆက်ခံကြတာကို မင်းဆက်တစ်ခုလို့ သတ်မှတ်ပါတယ်။ တရုတ်ပြည်ထောင် သမိုင်းတစ်လျှောက် မင်းဆက် ၁၂ ခု ရှိခဲ့တယ်လို့ ဖော်ပြကြတဲ့အထဲ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ကျိုးမင်းဆက် (Zhou Dynasty) ဟာ ရှန်မင်းဆက် (Shang Dynasty) ပြီးတဲ့နောက် တည်ထောင်ခဲ့တဲ့မင်းဆက်ဖြစ်ပြီး ချင်မင်းဆက် (Qin Dynasty) မတိုင်ခင်မှာ တည်ရှိခဲ့တဲ့ တတိယမြောက် မင်းဆက်တစ်ခု ဖြစ်ပါတယ်။ ကျိုးမင်းဆက်ရဲ့ စုစုပေါင်းနန်းစံသက်ဟာ နှစ်ပေါင်း ၈၀၀ နီးနီးရှိပြီး အနောက်ကျိုး (၁၀၄၆ - ၇၇၁ ဘီစီကာလ) နဲ့ အရှေ့ကျိုး (၇၇၀ - ၂၅၆ ဘီစီကာလ) ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ ထပ်ပြီး အရှေ့ကျိုးမှာမှ ၇၇၀ - ၄၇၆ ဘီစီအတွင်းကို နွေဦးနဲ့ ဆောင်းဦးကာလ (Spring and Autumn)၊ ၄၇၅ - ၂၂၁ ဘီစီအတွင်းကို စစ်မက်ဖြစ်ပွားရာကာလ (Warring States) ဆိုပြီး နှစ်ပိုင်း ထပ်မံခွဲခြားနိုင်ပါတယ်။ ကျိုးမင်းဆက်ကို တည်ထောင်သူ ဝူဝမ် (Wuwang) ဟာ အရည်အချင်းပြည့်ဝတာနဲ့အညီ သက်တမ်းရှည်လျားတဲ့ မင်းဆက်တစ်ခုတည်မြဲဖို့ စီမံပေးနိုင်ခဲ့ပြီး ကျိုးမင်းဆက်အုပ်ချုပ်တဲ့ ကာလရှည်အတွင်းမှာ တာအိုဝါဒထွန်းကားလာတဲ့အပြင် ကွန်ဖြူးရှပ်နဲ့ မုန့်ဇီတို့လို တရုတ်တွေးခေါ်ပညာရှင် (ဒဿနိကပညာရှင်) တွေ ပေါ်ထွန်းခဲ့ကာ နိုင်ငံရေးနဲ့ ပညာရေးကဏ္ဍ အဆင့်အတန်း မြင့်မားလာခဲ့ပါတယ်။ ဒါတွေအပြင် စက်ယန္တရားနဲ့ လက်မှုလုပ်ငန်းပိုင်းကိုလဲ တိုးတက်မြှင့်တင်နိုင်ခဲ့ပြီး သိသာထင်ရှားစွာပဲ ယဥ်ကျေးမှုထွန်းကားလာခဲ့ပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Answer #Oct_26 #History #Zhou Dynasty #Chinese

Fact Hub Myanmar

26 Oct, 11:31


Tachyon ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
―――――――

Tachyon ဆိုတာ အလင်းထက်မြန်အောင် ခရီးနှင်နိုင်တယ်လို့ ယူဆထားကြတဲ့ ဖိုတွန်လို အမှုန်တစ်မျိုးပါ။ အဆိုကြမ်းအဆင့်ပဲ ရှိသေးပြီး လက်တွေ့ထောက်လှမ်းနိုင်တာမျိုး မရှိသေးပါဘူး။

တက်ခ်ယွန် (Tachyon )

တက်ခ်ယွန်တွေက စွမ်းအင်ကို ဆုံးရှုံးတာနဲ့အမျှ အရှိန်ကလဲ ပိုပိုမြင့်လာတတ်ကြပါတယ်။ စွမ်းအင်တစ်စက်မှမရှိတဲ့ ဇီးရိုးအင်နာဂျီ တက်ခ်ယွန်တွေက အနှိုင်းမဲ့ကို မြန်ဆန်တယ်။ အလင်းရဲ့ အလျင်ထက် မြန်အောင် သွားနေချိန်မှာတောင် တက်ခ်ယွန်တစ်လုံးရဲ့ ဒြပ်ထုက ပမာဏတစ်ရပ်နဲ့ တကယ်ရှိနေသေးတယ် ဆိုပါတယ်။ ဒီတက်ခ်ယွန်အမှုန်တွေရဲ့ တည်ရှိမှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအရ ကိုက်ညီမှုရှိပေမဲ့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိတာ၊ ထောက်လှမ်းနိုင်တာမျိုးတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။

Written by - Min Z
Copy edited by - Mori

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Tachyon #TheoreticalPhysics #ScienceMysteries #EinsteinTheory #Fact_Hub #FactHub #Facthub

Fact Hub Myanmar

26 Oct, 08:31


ဒီတစ်ခေါက်မှာတော့ ကမ္ဘာ့သမိုင်းမှာ ကျော်ကြားခဲ့တဲ့ အထင်ကရ မင်းဆက်‌တွေကို အတူတူ စူးစမ်းကြည့်ကြရအောင်ပါ။

တရုတ်သမိုင်းတစ်လျှောက် သက်တမ်းအရှည်ကြာဆုံး အုပ်ချုပ်ခဲ့တဲ့မင်းဆက်ကို ဖော်ပြပါ။

ပုံမှာရွေးလို့ ရမဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ကြပါနော်။ ညကိုးနာရီမှာ အဖြေမှန်တင်ပေးထားပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Oct_26 #History #Dynasty #Chinese

Fact Hub Myanmar

25 Oct, 11:30


ကော်ဖီစသောက်လိုက်ပြီ ဆိုတာနဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်အနှံ့အပြားကို လျင်လျင်မြန်မြန် ချဉ်းနင်းဝင်ရောက်လာပါပြီ။ ဝင်ရောက်လာတာနဲ့ သူက Adenosine လို့ခေါ်တဲ့ ဓာတုဓာတ်ပေါင်းလေးရဲ့ နေရာကို လုယူလိုက်ပါတယ်။ ဒီနေရာမှာ Adenosine ဆိုတာကို ပြန်ရှင်းပြပါမယ်။ Adenosine ဆိုတာက အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ Neurotransmitter တစ်မျိုးပါ (သူက ခန္ဓာကိုယ်ရဲ့ တစ်ခြားလုပ်ဆောင်ချက်တွေမှာလဲ ပါဝင်အားဖြည့်ပါသေးတယ်)။ အိပ်ရမဲ့အချိန် နီးလာလေလေ Adenosine ထုတ်လွှတ်မှုပမာဏက များလာလေလေ ဖြစ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်လာစေပါတယ်။ စုပုံလာတဲ့ Adenosine တွေက သူတို့ကို လက်ခံရာနေရာဖြစ်တဲ့ Adenosine Receptor နဲ့ သွားရောက်ပေါင်းစည်းပြီး အိပ်ချင်စိတ်ကို ဖြစ်လာစေတာပါ။ ဒီနေရာမှာပဲ ကဖိန်းရဲ့ ဓာတုဖွဲ့စည်းတည်ဆောက်ပုံ (Chemical Structure) က Adenosine နဲ့ သွားတူနေပါတယ်။ သွားတူတဲ့အခါကျတော့ Adenosine ဝင်ရမဲ့ လက်ခံရာနေရာ (Adenosine Receptor) ကို ကဖိန်းက နေရာဝင်ယူလိုက်ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေတဲ့ Adenosine တွေကို ဖယ်ရှားပစ်ပါတော့တယ်။ ဒီလိုနည်းနဲ့ တစ်ဆထက်တစ်ဆ နေရာပိုပိုယူလာတဲ့ ကဖိန်းဓာတ်တွေက ဦးနှောက်ကို ပြန်လည်တက်ကြွလာစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကလဲ အမြင့်ဆုံးကို ပြန်လည်ရောက်ရှိလာပါတယ်။ ဒါတင်မကသေးဘဲ ကဖိန်းက ဟော်မုန်းတချို့ထုတ်လွှတ်မှု များလာအောင်လဲ လှုံ့ဆော်ပေးပါသေးတယ်။ ဥပမာ - ပျော်ရွှင်မှုဟော်မုန်းလို့ သိကြတဲ့ Dopamine ကိုထုတ်လွှတ်ပေးတဲ့အတွက် အလုပ်မှာ ပိုပြီးတက်တက်ကြွကြွနဲ့ အာရုံစိုက်နိုင်လာတာမျိုး၊ အန္တရာယ်တွေ ကြုံတွေ့ချိန်မှာ ထုတ်လွှတ်တတ်တဲ့ Epinephrine ဟော်မုန်းကြောင့် နှလုံးခုန်နှုန်း မြန်လာတာမျိုး၊ မျက်ဆန်က ကျယ်လာပြီး ခန္ဓာကိုယ်က စွမ်းအင်တွေ ပြည့်ဝနေသလိုမျိုးတွေပေါ့။

အထက်မှာဖော်ပြခဲ့တဲ့ ကဖိန်းဓာတ်ရဲ့ လုပ်ဆောင်ပုံတွေ၊ ဟော်မုန်းကို ပိုမိုထုတ်လွှတ်လာအောင် လှုံ့ဆော်မှုတွေကြောင့်ပဲ စာဖတ်သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က အိပ်ချင်စိတ်ကို တော်လှန်လာနိုင်တာပါ။ ကော်ဖီမှာ ဒီလိုကောင်းကျိုးများစွာရှိပေမဲ့ အတိုင်းအတာ ကျော်လွန်တဲ့အထိ အလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့ ရင်တုန်တာ၊ စိုးရိမ်စိတ် လွန်ကဲလာနိုင်တာမျိုးတွေနဲ့ တခြားသော ရောဂါတချို့ကိုပါ ဖြစ်လာစေနိုင်ကြောင်း သတိပေးလိုပါတယ်။ ဒီလောက်ဆိုရင်တော့ ကော်ဖီရဲ့ အလုပ်လုပ်ပုံကို နားလည်သွားကြမယ်လို့ မျှော်လင့်မိပါတယ်။ ။

References:

- Caffeine & Sleep: How long does caffeine keep you awake? (October 11, 2021). Houston Methodist.

- How Caffeine Affects Your Body. (Reviewed on September 14, 2023). WebMD.

- How Does Caffeine Wake You Up? (February 1, 2023). ScienceAlert.

Written by - Moe Myint Phyu
Copy-edited by - Khin Myat Noe Zaw

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Fact #Science #Caffeine #Coffee #Sleep

Fact Hub Myanmar

25 Oct, 11:29


“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”
―――――――

အိမ်စာထပ်ရမဲ့ အချိန်က နီးလာပြီ၊ ဒါပေမဲ့ အိမ်စာက အခုထိ မပြီးသေးဘူး၊ အရမ်းလဲ အိပ်ချင်နေပြီ။ ဒီလို အဖြစ်မျိုးကို စာဖတ်သူတို့အားလုံး ကြုံဖူးကြမှာပါ။ ပြီးတော့ ဒီလိုဖြစ်လာတိုင်း အားလုံးလိုလို လုပ်မိတာကလဲ အိပ်ချင်စိတ်ပြေသွားအောင် ကော်ဖီတစ်ခွက်လောက် ထဖျော်ပြီး သောက်လိုက်တာပါပဲ။ ကော်ဖီသောက်ပြီးမှသာ အိပ်ချင်စိတ်ပြေသွားသလို၊ စွမ်းအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပြီး အိမ်စာကိုလဲ သေချာအာရုံစိုက်နိုင်သွားတယ်ပေါ့။ ဒီတော့ ကော်ဖီက ခန္ဓာကိုယ်ထဲမှာ ဘယ်အရာတွေကို ဘယ်လို ပြောင်းလဲလိုက်လို့ ဒီလိုဖြစ်လာရတာလဲဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်။

Fact Hub Myanmar

24 Oct, 14:29


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား . . .?

Fact Hub Myanmar

24 Oct, 14:29


အဖြေမှန်ကတော့ B. နာဇီများကို ဖီဆန်ခြင်းနှင့် လွတ်မြောက်ရေးအတွက် မျှော်မှန်းခြင်း ဖြစ်ပါတယ်။ 'V for Victory' ဆိုတဲ့ လက်သင်္ကေတဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပဒေသတင်မက ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေတဲ့ သမိုင်း၀င် အမှတ်အသားတစ်ခုပါ။ ဒီ V သင်္ကေတ မြစ်ဖျားခံရာကတော့ နာဇီလက်အောက် ကျရောက်နေတဲ့ နိုင်ငံတွေကို လွတ်မြောက်ရေးအတွက် ကြိုးပမ်းဖို့ ဘယ်လ်ဂျီယမ်လူမျိုး နိုင်ငံရေးသမား ဗစ်တာ ဒီ လာဗီလိုင်း (Victor De Laveleye) က ဘီဘီစီ ထုတ်လွှင့်တင်ဆက်မှုကနေ ပြင်သစ်စကား ‘Victoire’ (အနိုင်ရရှိခြင်း) နဲ့ ဒက်ခ်ျဘာသာစကား 'Vrijheid’ (လွတ်လပ်မှု) ကို တွဲစပ်ပြီး ဖန်တီးလှုံ့ဆော်ခဲ့ရာကနေ​ စခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဗြိတိန်၀န်ကြီးချုပ် ၀င်စတန်ချာချီက သူရဲ့ မိန့်ခွန်းတွေ၊ ကမ်ပိန်းတွေမှာ ဒီသင်္ကေတကို သုံးစွဲလာရာကနေ လူသိများလာပြီး ဥရောပကို မကြုံစဖူး နည်းလမ်းတစ်ခုနဲ့ စည်းလုံးသွားစေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီ V သင်္ကေတကို ပြတဲ့နေရာမှာ ပုံထဲကလို လက်ညှိုးနဲ့ လက်ခလယ်ကို ခွဲပြီး လက်ဖဝါးကို အပြင်ဘက်ထားပြရမှာ ဖြစ်ပါတယ်။ လက်ဖမိုးကို အပြင်ဘက်ထားလိုက်မယ်ဆိုရင် ဗြိတိန်တို့ အိုင်ယာလန်တို့လို နေရာတွေမှာ ရိုင်းတဲ့ သဘောဆောင်တာမို့ ၀င်စတန်ချာချီတောင် ခဏခဏ သတိထားပြင်ရတတ်ပါတယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #History

Fact Hub Myanmar

24 Oct, 08:29


Nucleosynthesis ဆိုတဲ့ စကားလုံးကို သိပါသလား. . .?
―――――――

Nucleosynthesis

Nucleosynthesis ဆိုတာက အက်တမ်တွေရဲ့ နျူကလိယစ်ကို ရှိပြီးသားအမှုန်တွေနဲ့ ပြန်လည်ဖန်တီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး စကြဝဠာထဲမှာရှိသမျှ ဒြပ်စင်တွေအားလုံးကို ဒီနည်းလမ်းနဲ့ ပေါ်ပေါက်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အမျိုးအစားကွဲတွေလဲ ရှိပါတယ်။ နမူနာအနေနဲ့ ဘစ်ဘမ်း နျူကလီယိုဆင်းသစစ် (Big Bang Nucleosynthesis) ဟာ ဘစ်ဘမ်းလို့ခေါ်တဲ့ မဟာပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ အခြေခံအမှုန်လေးတွေအဖြစ် ပေါ်ပေါက်လာပါတယ်။ အဲဒီကနေတစ်ဆင့် ပရိုတွန်၊ နျူထရွန်တို့ ပေါင်းစည်းမိသွားပြီး ဟိုက်ဒြိုဂျင်လို အရိုးရှင်းဆုံး ဒြပ်စင်တွေ ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဟီလီယမ်တွေ၊ လီသီယမ်တွေ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး စကြဝဠာကြီး ပုံပေါ်လာတာ ဖြစ်ပါတယ်။ ကြယ်တွေရဲ့ နျူကလီးယားပေါင်းစည်းမှုဖြစ်တဲ့ ဗဟိုဝတ်ဆံမှာလဲ အလားတူဖြစ်စဉ် ဖြစ်လေ့ရှိပါတယ်။ နမူနာပြောရရင် ဟိုက်ဒြိုဂျင်အက်တမ်လေးလုံးပေါင်းပြီး ဟီလီယမ်ဖြစ်တာ၊ ဟီလီယမ်တွေပေါင်းရင်း ကာဘွန်ဖြစ်တာ အစရှိသဖြင့်ပေါ့။

Written by - Min Z
Copy-edited by - Aki

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Do_you_know #Nucleosynthesis #Scientific_Terms #SciTerm #Facthub #Fact_Hub #FactHub

Fact Hub Myanmar

24 Oct, 05:29


ဒီတစ်ခေါက်တော့ သမိုင်းနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခု ဖြေကြည့်ကြပါမယ်။

ပုံမှာ ဖော်ပြထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီး 'V for Victory' သင်္ကေတရဲ့ အဓိပ္ပာယ်ကို ရွေးပါ။

A. ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်း
B. နာဇီများကို ဖီဆန်ခြင်းနှင့် လွတ်‌မြောက်ရေးအတွက် မျှော်မှန်းခြင်း
C. ဗြိတိသျှတို့၏ ကိုလိုနီပြုခြင်း
D. ဂျပန်တို့ကို အနိုင်ရရှိခြင်း

ပုံမှာ ရွေးလို့ရမဲ့ အဖြေ (၄) ခုထဲက တစ်ခုကို ရွေးပြီး ထုံးစံအတိုင်း ကောမန့် မန့်ပေးခဲ့ရုံပါပဲ။ ညကိုးနာရီမှာ အဖြေမှန်ကို တင်ပေးထားပါမယ်။

#Fact_Hub #WeeklyQuiz #Q&A #Quiz #History

Fact Hub Myanmar

23 Oct, 11:31


“လေ့လာတွေ့ရှိချက်အသစ်အရ ခြင်တွေဟာ အနီအောက်ရောင်ခြည် သုံးပြီး လူတွေကို လိုက်ရှာလေ့ရှိ”
―――――――

ခြင်ဆိုတဲ့ သတ္တဝါတွေက အတော်လေးတော့ စိတ်ရှုပ်စရာကောင်းပါတယ်။ ကိုက်ခံရသူအဖို့ နေမထိထိုင်မသာဖြစ်နိုင်သလို အခန့်မသင့်ရင်လဲ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ ဇီကာဗိုင်းရပ်စ်လို အသက်အန္တရာယ်ရှိတဲ့ ကူးစက်မှုတွေလဲ ဖြစ်နိုင်သေးတာပါ။ ဒီလိုနဲ့ ရောဂါလဲ မဖြစ်ချင်၊ ကိုက်တဲ့ဒဏ်ကိုလဲ မခံနိုင်ချိန်မှာတော့ နည်းမျိုးစုံကြံဆပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ကြတော့တာပေါ့။

အစောပိုင်းကာလတွေက သုတေသနတွေအရ ခြင်တွေဟာ လူတွေဆီက ထွက်တဲ့ အနံ့တွေနဲ့ အသက်ရှူထုတ်ချိန်မှာ ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံပြီး ပစ်မှတ်ကို လိုက်ရှာလေ့ရှိတယ်လို့ သိရပါတယ်။ ခြင်တွေက သူတို့ရှိနေတဲ့ နေရာနဲ့ ဆယ်မီတာပတ်ချာလည်က လေထုရဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏ ပြောင်းလဲမှုကို အာရုံခံနိုင်စွမ်းရှိပြီး ပစ်မှတ်ရဲ့ ခန္ဓာကိုယ်အပူချိန်တို့၊ ကိုယ်နံ့တို့လို သဲလွန်စတွေကို သုံးရင်း နေရာအတိအကျ လိုက်ရှာနိုင်တာပါ။ ပစ်မှတ်ကို ရှာတွေ့ချိန်ကျရင်လဲ အမြင်အရရော သူတို့ရောက်နေတဲ့ နေရာရဲ့ စိုစွတ်မှုပမာဏပါ ထပ်ဆန်းစစ်ပြီး ကိုက်လို့ အကောင်းဆုံးဖြစ်မဲ့နေရာကို ပြန်ရွေးပါသေးတယ်။

ဒါပေမဲ့ သူတို့မှာလဲ သူတို့အခက်အခဲနဲ့ သူတို့ပါ။ ခြင်တွေရဲ့ အမြင်အာရုံက သိပ်မကောင်းသလို အနံ့ခံတယ်ဆိုတာလဲ လေတိုက်နေချိန်နဲ့ ပစ်မှတ်က ရွှေ့နေချိန်ဆိုရင် လိုက်ရှာဖို့ အတော်ခဲယဉ်းပါတယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ သူတို့ပစ်မှတ်ကိုတော့ မှန်အောင် လိုက်ကိုက်နိုင်တုန်းပေါ့။ ပညာရှင်တွေကလဲ ဒီအချက်ကို အခြေခံပြီး ခြင်တွေမှာ နောက်ထပ် အာရုံခံနည်းစနစ်တစ်ရပ် ရှိလိမ့်အုံးမယ်လို့ ယူဆခဲ့ကြပါတယ်။

ဒီလိုနဲ့ ကာလီဖိုးနီးယား ဆန်တာဘာဘရာ တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ဟာ သွေးစုပ်တဲ့ ခြင်မအကောင် ၈၀ ကျော်ကို သုံးပြီး စမ်းသပ်ချက်တွေ ဆောင်ရွက်ကြပါတယ်။ လူတွေနဲ့ ဆင်တူအောင် ဖန်တီးထားတဲ့ အရုပ်တွေကို သာမန်လူတစ်ယောက် ခန္ဓာကိုယ်က ထွက်တဲ့ ကိုယ်ငွေ့အပူချိန်ရှိ အပူပြားတွေ တပ်တယ်၊ နောက် ရှူထုတ်သလောက် ပမာဏ ကာဘွန်ဒိုင်အောက်ဆိုဒ် ထွက်စေတယ်၊ ကိုယ်နံ့နည်းနည်းရှိအောင် စီစဉ်လိုက်ပါတယ်။ ပြီးတော့ ခြင်တွေ ဘယ်လိုပြုမူမလဲဆိုတာ ငါးမိနစ်လောက် စောင့်ကြည့်ကြတာပါ။

အဲဒီလိုစောင့်ကြည့်ချိန်မှာ တချို့ခြင်တွေက လူတွေရဲ့ သာမန်အရေပြားအပူချိန် (၃၄ ဒီဂရီစင်တီဂရိတ်) ရှိတဲ့ အပူခံအပြားနားကို ရောက်သွားပါတယ်။ ၃၄ ဒီဂရီစင်တီဂရိတ်က အနီအောက်ရောင်ခြည်ထုတ်လွှတ်တာပါ။ ဒါ ပေမဲ့ ၂၉.၅ ဒီဂရီစင်တီဂရိတ်ပဲ ရှိတဲ့၊ တစ်နည်း အနီအောက်ရောင်ခြည်ထုတ်လွှတ်မှု မရှိတဲ့ အပူချိန်မှာတော့ ခြင်လာနားတာမျိုး မတွေ့ရပါဘူး။ တခြား ကာဘွန်ဒိုင်အောက်ဆိုဒ် သီးသန့်ထုတ်တဲ့၊ ကိုယ်နံ့ သီးသန့်ထွက်နေတဲ့ အရုပ်တွေမှာလဲ ခြင်တွေ လာတာမျိုး မတွေ့ရပါ။ ဒါပေမဲ့ ခုနက အနီအောက်ရောင်ခြည်ထုတ်နေတဲ့ အရုပ်မှာ ကိုယ်နံ့ရယ် ကာဘွန်ထုတ်လွှတ်မှုရယ်ပါ ပေါင်းလိုက်ချိန်ကျ ခြင်တွေရဲ့ အာရုံစိုက်မှုက နှစ်ဆတိုးသွားတယ် ဆိုပါတယ်။ ဒီလိုနဲ့ပဲ ခြင်တွေက အနီအောက်ရောင်ခြည်ကို သုံးပြီး လူတွေကို ခြေရာခံနိုင်တယ်ဆိုတဲ့ အဆိုပြုမှုကို အတည်ပြုနိုင်ခဲ့တာပါ။

ခြင်တွေရဲ့ အနီအောက်ရောင်ခြည်ကို အာရုံခံနိုင်တဲ့ ဆင်ဆာဟာ သူတို့နှာမောင်းထိပ်မှာ ရှိပြီး အဲဒီက TRPA1 ခေါ် အပူဒဏ်ခံပရိုတိန်းတစ်မျိုးကြောင့် အဲဒီလို လိုက်ရှာနိုင်နေတာဖြစ်ကြောင်း သုတေသီတွေက ထပ်ဆောင်းတွေ့ရှိခဲ့ပါသေးတယ်။ ဒီပရိုတိန်းထုတ်လုပ်ဖို့ ရှိနေတဲ့ ဗီဇပိုင်းကို ခြင်တွေဆီက ဖယ်ရှားလိုက်ချိန်မယ်တော့ အနီအောက်ရောင်ခြည် ဆက်မထောက်လှမ်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

References: Cockerill, J. (2024, September 8). Scientists discover mosquitoes are using infrared to track humans down : ScienceAlert. ScienceAlert.
- Chandel, A., DeBeaubien, N. A., Ganguly, A., Meyerhof, G. T., Krumholz, A. A., Liu, J., Salgado, V. L., & Montell, C. (2024). Thermal infrared directs host-seeking behaviour in Aedes aegypti mosquitoes. Nature, 633(8030), 615–623.

Written by - A Columnist
Edited by - Min Z
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #News #Short_News #Science #Science_Updates #Mosquito #Research #Study

Fact Hub Myanmar

22 Oct, 14:32


ကဲ၊ နေ့လယ်က တင်ပေးထားတဲ့ မေးခွန်းအတွက် အဖြေမှန်လေး သိပြီးကြပြီလား. . .?

အခန်းအပူချိန်မှာ အလျင်အမြင့်ဆုံး ဓာတ်ငွေ့လေးက C. Helium - ဟီလီယမ် ဖြစ်ပါတယ်။

ဟီလီယမ် ဓာတ်ငွေ့က တခြားဓာတ်ငွေ့တွေနဲ့ ယှဉ်ရင် Molar Mass (မော်လီကျူး ဒြပ်ထု) ပိုသေးတာမို့ v(rms) = √3kt/m ညီမျှခြင်းအရ အလျင် ပိုများပါတယ်။ အလွယ်မှတ်ရင်တော့ ဓာတ်ငွေ့ရဲ့ Molar Mass နဲ့ အလျင်ဟာ ပြောင်းပြန်အချိုးကျတဲ့အတွက် ပိုပေါ့တဲ့ ဓာတ်ငွေ့တွေက ပျမ်းမျှအလျင် ပိုများရတာပါ။ ဟီလီယမ်မှာဆိုရင်လဲ သူ့ရဲ့ Molar Mass က တစ်မိုးလ်ကို လေးဂရမ် (4g per mol) ဖြစ်လို့ တခြားဓာတ်ငွေ့တွေနဲ့ ယှဉ်လိုက်ရင် ဒြပ်ထု ပိုနည်းတယ် ဆိုရမှာပါပဲ။

#Fact_Hub #WeeklyQuiz #Q&A #Quiz #Oct_22 #Gas #Fastest_Gas

1,233

subscribers

1,744

photos

201

videos