~~~
■ ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်ကနေ ပြစ်ဒဏ်ကျခံရပြီးနောက် လွတ်ရက်စေ့လို့ နေရပ် ပြန်ပို့ခံရတဲ့ မြန်မာ ၁၂၇ ယောက် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ရနောင်းခရိုင်အာဏာပိုင်တွေက အမျိုးသမီးတွေအပါအဝင် မြန်မာ ၁၂၇ ယောက်ကို ကော့သောင်းအာဏာပိုင်တွေဆီကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ လွှဲပေးခဲ့တာဖြစ်ပါတယ်။
သူတို့အားလုံးကို ဒေသအာဏာပိုင်တွေက နေရပ်ပြန်မပို့ဘဲ မြို့အားကစားခန်းမကနေ ကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) ကို ခေါ်ဆောင်သွားတယ်လို့ ရနောင်းမြို့အခြေစိုက် မိတ္တသဟာယ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်က ပြောပါတယ်။
"အခုကအခြေအနေတော်တော်ဆိုးတာ၊ အစကတော့ မိသားစုနဲ့ တွေ့လို့ရသေးတယ်၊ အခုက အဲ့လို မဟုတ်ဘူး လာတာနဲ့ အကုန်လုံးကို ဆွဲခေါ်သွားတာ၊ အစကဆိုရင် သူတို့(စစ်ကောင်စီ) လိုအပ်တဲ့သူမှ ခေါ်တာလေ စစ်မှုထမ်းဖို့၊ အခုက သွားတဲ့လူအကုန်လုံး ခေါ်တာ"
အခုပြန်ပို့ခံရသူတွေဟာ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်လို့ ဖမ်းဆီးခံရသူတွေအပြင် ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူတွေ ပါဝင်တယ်လို့လည်း သူက ပြောပါတယ်။
ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို လစဉ် အသုတ်လိုက်ခွဲပြီး ကော့သောင်းမြို့ကို နေရပ်ပြန်ပို့နေတာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေအသက်ဝင်ပြီးနောက်ပိုင်း ရနောင်းအကျဉ်းထောင်ကနေ ပြစ်ဒဏ်ကျခံပြီးလို့ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးတာ ဒါနဲ့ဆိုရင် ငါးကြိမ်ခန့် ရှိပြီလို့ ကိုသားကျော်က ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ရနောင်းထောင်ကနေ ပြန်ပို့တဲ့ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်၊ ရဲ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အာဏာသိမ်းကာလမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စက်တင်ဘာထဲမှာပဲ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာဟာ စစ်ကောင်စီ ဖမ်းဆီးဖိနှိပ်ခံဖို့နဲ့ လူငယ်တွေကို မြန်မာစစ်တပ်အတွက် စစ်မှုထမ်းဖို့ ပို့ဆောင်ပေးနေသလို ဖြစ်နေတယ်လို့လည်း NUCC က ထောက်ပြထားပါတယ်။
____
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။ (Photo: Ministry of Information)
#မြန်မာရွှေ့ပြောင်းလုပ်သား #ထိုင်းနိုင်ငံ #လွှဲပြောင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…