ဖြစ်ရပ်အပိုင်း (၁)
လိုဏ်ဂူဝမှာ ရပ်၍ မိုး ပတ်ပတ်လည်ကို ကိုယ်မျှော်ကြည့်နေဆဲ အဘိုးအို၏ စကားသံက ကျောဘက်ဆီမှ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
”လိုဏ်ဂူ ထောင့်ဆုံးမှာ ပန်းပုဆရာကြီး စုပုံသွားတဲ့ ပန်းပုရုပ်တွေကို တွေ့ပြီးပြီလား”
ခေါင်းညိတ်ပြလိုက်ပြီး လိုဏ်ဂူထဲသို့ ကိုယ်လှည့်ဝင်လိုက်သောအခါ အဘိုးအိုက ခြေသံ တရှပ်ရှပ်ပေးပြီး နောက်မှ လျှောက်လိုက်လာ၏။ ပန်းပုရုပ် အစုအပုံကြီးရှေ့၌ သူ့ကို တချက်ငဲ့ကြည့်ပြီး လက်ထဲမှ ကျောက်တို့ဖြင့် ကိုယ်မီးခတ်၏။ ပန်းပုရုပ်များကြားသို့ မီးတောက်က ငေါက်ခနဲ လျှောဝင်ပေါက်ကွဲသွားသည်။
“ဝုန်း”
“အို”
အဘိုးအို အံ့သြလန့်ထိတ်ပြီး ဆောက်တည်ရာမရ ဖြစ်သွားချိန်မှာ မီးလျှံများက ပန်းပုရုပ်တို့ကို ဟူးဟူးဟဲဟဲ ကိုက်ခဲထားပြီဖြစ်၏။ တဖောက်ဖောက် တဖျစ်ဖျစ် အသံထွက်ကာ ပန်းပုရုပ်များ တွန့်လိမ်လောင်ကျွမ်းသွားခဲ့သည်။
“မင်း .. မင်း … ဘာဖြစ်လို့မီးရှို့လိုက်တာလဲ”
မီးတောက်ကို ငေးကြည့်နေရင်း အဘိုးအို၏ အမေးကို အေးတိအေးစက် ကိုယ်ဖြေဖြစ်၏။
”မီးတောက်ကို ကြည့်စမ်း အဘိုး၊ ဘာဖြစ်လို့ ဒီလောက်အားကောင်းနေရတယ်ဆိုတာ မတွေးမိဘူးလား။ ဒီပန်းပုရုပ်တွေကို သူ လောင်စာဖျန်းထားခဲ့တယ်။ မီးရှို့မလို့ ပုံထားပြီး မရှို့ဖြစ်ခင် သူ ဆုံးသွားတာ။ သူက သူမရှိတော့တဲ့ကာလမှာ ကမ္ဘာမြေမှာ သူ့ရဲ့ အကောင်းဆုံး ပန်းပုရုပ်နှစ်ရုပ်ကိုပဲ ထားသွားချင်တယ်။ တစ်ရုပ်ကတော့ တောင်ထိပ်မှာ အဘိုးတို့ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပါ။ အားလုံးသိထားတဲ့အတိုင်း ပန်းပုအရာမှာ အတုမဲ့ အပြိုင်မဲ့ဖြစ်အောင် ထုဆစ်ပြနိုင်ခဲ့တဲ့ လက်ရာပဲ။ ဒီလောက် သက်ဝင်ပြီး ငြိမ်းအေးတဲ့ ဗုဒ္ဓရုပ်ထုမျိုးကို ဘယ်သူမှ လိုက်ထုနိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက မှုန်မင်းသီရီစွာ ကိုယ့်စကားမှာ ငေးအ နေ၏။ အဘိုးအိုက အိပ်မက်မက်သူတယောက်လို လက်တွေကို မြှောက်ရမ်းရင်း မေး၏။
“ဒါ .. ဒါဖြင့် နောက်တစ်ရုပ်ကတော့ …”
လိုဏ်ဂူနံရံကို ကပ်လျက်လဲလျောင်းနေရသော ပန်းပုထုရန် အကြမ်းထွင်းထားသည့် သစ်တုံးကြီးတတုံးအား ကိုယ်ညွှန်ပြလိုက်စဉ်မှာ အဘိုးအို၏ မျက်လုံးများက ပြူးကျယ်လာကြသည်။
“အဲ .. အဲ့ဒါ သူက ဘာရု်ပထုမလို့လဲ“
ကိုယ်ပြန်မဖြေ။ သို့သော် ကိုယ်သိနေကြောင်းကို သူရိပ်မိလေသည်။ ပင့်သက်ကို အယောင်ယောင် အမှားမှား ရှိုက်ရင်း လိုဏ်ဂူအမိုးကို သူ စိုက်ကြည့်နေသည်။ ဆောက်နဲ့ ဓားများ လက်ဖဝါးမှာ ဆုပ်ကိုင်ပြီး ထိုသစ်ထွင်းတုံးကြီးရှေ့ ၌ ကိုယ်သောအခါ သူ့မျက်နှာမှာ အရိပ်အမျိုးမျိုး ဖြတ်ပြေးနေပြန်၏။ အတန်ကြာမှ အချို့သော စကားများကို သူတဦးတည်းပြောသလိုလိုနှင့် ကိုယ့်ကိုမကြည်ပပဲ ဆိုသည်။
“ ဒီ လိုဏ်ဂူ ပန်းပုဆရာကြီး ကွယ်လွန်သွားတာ နှစ်တွေ ရာချီကြာခဲ့ပြီ။ ဒီ လိုဏ်ဂူအပေါ် ယဉ်ကျေးမှုတောင်ကုန်းလေး တခုလို တက်ကြည့်ကြတဲ့ အနယ်နယ် အရပ်ရပ်က ပြည်သူတွေ ဒီဆရာကြီး ကမ္ဗည်းတိုင်ကို တရိုတသေ လာရောက် ဦးညွတ်ကြတဲ့အတိုင်း တိုင်း အပြည်ပြည်က ပန်းပုဆရာတွေ အများကြီး ကြုံခဲ့ဖူးပါပြီ။ ဒါပေမယ့် သူတို့ဟာ မင်းလောက် ငါ့ကို မအံ့သြစေခဲ့ဘူး သူငယ်”
“တခြား ပန်းပုဆရာတွေက သူတို့ရဲ့ ပန်းပုရုပ်တွေနဲ့လာတယ်။ မင်းက လက်ဗလာနဲ့လာတယ်။ တခြား ပန်းပုဆရာတွေကဒီလိုဏ်ဂူထဲကို ဖိနပ်ချွတ်ပြီးမှဝင်ကြတယ်။ မင်းက ဖိနပ်ချည်တဲ့ကြိုးကိုတောင် မဖြည်ဘူး။ တခြား ပန်းပုဆရာတွေက ဒီထဲက ပန်းပုရုပ်တွေကို ရင်သပ်ရှုမော ကြည့်ကြတယ်။ မင်းကတော့ မထုံတက်သေးနဲ့ပဲ ကြည့်တယ်။ အခု ကြည့်စမ်း။ ရှိပြီးသား ပန်းပုရုပ်တွေကို မီးရှို့ပြီး ဘာပုံမှ မပေါ်သေးတဲ့ သစ်ထွင်းတုံးကို မင်းဆက်ထုမလို့ လုပ်တယ်။ ဘုရား .. ဘုရား”
သစ်ထွင်းတုံးကို ငေးမော စိုက်ကြည့်ရင်းကိုယ့်လက်ဖဝါးထဲတွင် ကိုယ်ဆုပ်ကိုင်ထားသော ဆောက်နဲ့ ဓားမှာ သရဲ တကောင်၏ အရေပြားလို စိမ့်အေး မာကျောလာကြ၏။
“တချို့ကိုတော့ မင်းပြောပြလို့ သိခဲ့ရပြီ။ တချို့ကိုတော့ မင်းလုပ်ပြလို့ မြင်ရဦးမယ် ထင်ပါရဲ့။ ကောင်းပြီ ။ ဒီ သစ်ထွင်းတုံးကို မင်း ဆက်ထုပါ။ အင်မတန် သပ္ပာယ်တဲ့ ဘုရားရုပ်ထုကို အကောင်းမြတ်ဆုံး ဖြစ်အောင် ထုခဲ့ပြီးမှ ဒီအတုမဲ့တဲ့ ပန်းပုဆရာကြီးမှာ ဘာရုပ်တု ထုစရာကျန်သေးသလဲ ဆိုတာ ငါတို့ သိချင်တယ်။ မင်း ဆက်ထုတာကို ငါတို့ စောင့်ကြည့်မယ်။ နှစ်တွေ လတွေ ကြာချင်သလောက် ကြာပါစေ။ ငါတို့စောင့်မယ်။ မင်းရဲ့ အရည်အချင်းကို အတိုင်းအတာ တခုထိ ယုံကြည်မိလို့ ဒီစကားတွေကို ငါပြောခဲ့တာပဲ။ ကဲ .. ငါသွားမယ်”
ဖြစ်ရပ်အပိုင်း (၂)
ကိုယ့်လက်ချောင်းတို့သည် ဆောက်သွားကိုမှ မကိုင်နိုင်လောက်အောင် ထုံကျဉ်ခဲ့ပေပြီ။ ထိုအခါမျိုးမှာ ခေတ္တ ဖြေနားရင်း လက်ကိုနောက်ပစ်၍ ကိုယ်တယောက်တည်း ခေါက်တုံ့ခေါက်ပြန် စဉ်းစားနေခဲ့ဖူးသည်။ သေနေသော အိပ်မက်တခု အတွင်းမှာ ဗပြန်လည်၍ ရုန်းကန် လူးထလာသော ပန်းပုရုပ်ကိုလည်း ရန်သူတယောက်လို စိမ်းစိမ်းဝါးဝါး ကြည့်ခဲ့ဖူးသည်။ တခါ တခါ တိမ်ခိုးတွေ လွှင့်ထုတ်နေသည့် ပမာ ပန်းပုရုပ်က အိပ်ပျော်နေစဉ်မှာရော နိုးထစဉ်မှာပါ ကိုယ့်ကို ပြုစားတတ်သေး၏။ ပန်းပုရုပ်၏ အောက်ခြေမှာ သူ မလိုအပ်သော သစ်သားစတွေ ကျဲဖွာလွင့်ကျနေသည်။ ဤ လိုဏ်ဂူသည် ကိုယ့်၏ စစ်မြေပြင်ဖြစ်၏။ အနုပညာအတိပြီးသော ဓားဝါဒ တလက်ဖြင့် သစ်သားကို ကိုယ် အသက်သွင်းနေ၏။ ကိုယ်နိုင်မည်လော။ သို့တည်းမဟုတ် ကိုယ် ရှုံးမည်လော။ လေက