AK ၊ ဇန်နဝါရီ ၆
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လေ့လာရေး ဘင်္ဂလားဒေ့ရှ် အင်စတီကျု (BIPSS) သည် “မောင်တောကျရှုံးပြီးနောက် ရခိုင်အခြေအနေက ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း သက်ရောက်မှု” ခေါင်းစဉ်ဖြင့် မူဝါဒရေးရာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဒါကာတွင် ကျင်းပခဲ့ကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ လုံခြုံရေးဆိုင်ရာ သုတေသီများ၊ သံတမန်ဟောင်းများနှင့် လေ့လာသူများ အပါအဝင် မူဝါဒရေးရာ အဆင့်မြင့် ပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကား၍ ပရိုသော်မ်အာလိုက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ၂၇၁ ကီလိုမီတာ ထိစပ်နေသည့် ရခိုင်ဒေသတွင် AA ထိန်းချုပ်မှု အားကောင်းလာပြီး ဒေသတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားသည်။
ယခုဆွေးနွေးပွဲ၌ ရခိုင်ဒေသတွင် လက်ရှိ ဖြစ်ထွန်းပြောင်းလဲမှုများ၊ အဆိုပါ ဖြစ်ထွန်းများက ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း၌ မည်သို့ ရိုက်ခတ်မှုရှိသည်ကို အဓိက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
BIPSS ဥက္ကဌ အငြိမ်းစားဗိုလ်မှူးကြီး မူနီရူဇမန်က ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ လစ်ဗျား သံအမတ်ဟောင်းနှင့် ယခင် မြန်မာ့စစ်ရေး လေ့လာရေးတာဝန်ခံ အငြိမ်းစားဗိုလ်မှူးကြီး ရှာဟီဒူးဟာ့ခ်၊ အရှေ့-အနောက် တက္ကသိုလ် လက်ထောက်ပါမောက္ခ ပါဗက်ကယ်ရင်အာဘာစီတို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် သံတမန်ရေးနှင့် စစ်ရေး နှစ်မျိုးလုံးပါဝင်သည့် ချဉ်းကပ်မှုတစ်ရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်ကာ AA နှင့် ထိတွေ့ဆက်ဆံရေးသည် မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း ဆွေးနွေးသူများက အလေးထား ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြင်ပအင်အားစုများသည် ရခိုင်ကို ရေလမ်းကြောင်းမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးပမ်းနေကြသည်ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အာရက္ခတပ်တော်နှင့် ဆက်ဆံရေး ထူထောင်ရန် လေးဖင့်နေလျှင် အခွင့်အရေးများ လက်လွတ်သွားနိုင်သည်ဟု သဘာပတိ အငြိမ်းစားဗိုလ်မှူးကြီး မူနီရူဇမန်က ဆွေးနွေးတင်ပြသည်။ အိန္ဒိယက မြန်မာ့မူဝါဒကို ပြန်လည်သုံးသပ်နေသည့် အချိန်၌ ဘင်္ဂလားဒေ့ရှ် အနေဖြင့်လည်း မိမိတို့၏ အကျိူးစီးပွားကို ကာကွယ်ရန်အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်ဟု သူက ယူဆသည်။
ရခိုင်ဒေသသည် ဘင်္ဂလားပင်လယ်အော် ရေလမ်းကြောင်း ထွက်ပေါက် ရရှိနေခြင်း၊ သယံဇာတ ပေါများခြင်း၊ လူမျိုးအများအပြား စုစည်းနေထိုင်ခြင်း စသည်တို့ကြောင့် မဟာဗျူဟာကျကျ အရေးပါနေသည်ဟုလည်း မူနီရူဇမန်က မှတ်ချက်ပြုသည်။
ရခိုင်ဒေသသည် တရုတ်-အမေရိကန် မဟာဗျူဟာ ပြိုင်ဆိုင်မှုတွင်လည်း အရေးပါသောနေရာတွင် ရှိနေသလို တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် BCIM (ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ) စီးပွားရေးစင်္ကြံ အတွက်လည်း ရခိုင်သည် အထူးအရေးပါနေသည်။ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင်လည်း ရခိုင်သည် အရေးပါသည့် ပင်မနေရာဖြစ်သည်။
အာရက္ခတပ်တော်နှင့် ဆက်ဆံခြင်းသည် လက်တွေ့ကျသည့် ချဉ်းကပ်မှုဖြစ်ပြီး ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းများကြောင့် AA နှင့် တိုက်ရိုက်ဆက်ဆံရန် မဖြစ်နိုင်လျှင်လည်း အလွတ်သဘော ဆက်ဆံရေး လမ်းကြောင်းများ ဖွင့်ထားသင့်သည်ဟု လက်ထောက်ပါမောက္ခ ပါဗက်ကယ်ရင်အာဘာစီက ၎င်း၏ အယူအဆကို တင်ပြသည်။ ထို့ပြင် AA လွှမ်းမိုးမှု အားကောင်းလာခြင်းကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် လက်နက်ကိုင် ထကြွမှုများ ပိုအရှိန်မြင့်လာကာ နယ်စပ်ဒေသ လုံခြုံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်ကိုလည်း သူက သတိပေးသည်။
မြန်မာ့ပဋိပက္ခကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှတွင် အကျပ်အတည်းကြီးတစ်ရပ် ထွက်ပေါ်လာနိုင်သလို အာဖဂန်နစ္စတန်တွင် နှစ်ပေါင်းလေးဆယ်ခန့် ကြုံခဲ့ရသည့် လက်ဝေခံစစ်ပွဲ (Proxy War) နှင့် အလားသဏ္ဍာန်တူ ပုံစံတစ်ရပ် ထွက်ပေါ်လာနိုင်ခြေ ရှိသည်ကိုလည်း ပါဗက်ကယ်ရင်အာဘာစီက ထောက်ပြသည်။
မွတ်ဆလင်ဒုက္ခသည် အရေးတွင်မူ သူက AA ၏ မျှော်မှန်းချက်ဖြစ်သော အာရက္ခအိပ်မက် (Arakan Dream) သည် ဗမာအမျိုးသားရေးဝါဒတွင် အမြစ်တွယ်ပြီး ‘ဘင်္ဂါလီကင်းစင်သည့် အာရက္ခပြည်’ ပုံစံဖြစ်ရာ မွတ်ဆလင် (သူ့အခေါ် ရိုဟင်ဂျာ) အခန်းကဏ္ဍ မပါရှိကြောင်းလည်း သူက ဆိုသည်။
အငြိမ်းစားဗိုလ်မှူးကြီး ရှာဟီဒူးဟာ့ခ်ကလည်း အာရက္ခတပ်တော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် သူနိုင်ကိုယ်နိုင်အခြေအနေ (Win-Win Situation) ဖြစ်ပြီး နိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို တိုးတက်စေမည်ဟု ယူဆသည်။ ရခိုင်ပြည်၏ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုသည် ဘင်္ဂလားဒေ့ရှ်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်ပြီး နိုင်ငံ၏ အကျိုးစီးပွားအတွက် ဒေသတွင်း၌ အထူးသဖြင့် အိန္ဒိယနှင့် ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု သူကယူဆသည်။
ရခိုင်ပြည်အတွက် လိုအပ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်း ကဲ့သို့ စီးပွားရေး ကုန်သွယ်မှုများသည် နှစ်ဘက်