ဒေါ်နယ်လ် ထရမ့်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် (တနင်္ဂနွေနေ့) မှာ နယူအော်ရီလန်းကို Super Bowl ကြည့်ရှုဖို့ Air Force One နဲ့အသွား၊ မက္ကဆီကို ပင်လယ်ကွေ့အဖြစ် သတ်မှတ်ခဲ့တဲ့ နိုင်ငံတကာရေပြင်ပေါ်က အဖြတ်မှာ အဲဒီနေ့ကို ပထမဆုံး အမေရိကန် ပင်လယ်ကွေ့နေ့ (The First Ever Gulf of America Day) အဖြစ် ကြေညာကြောင်း သမ္မတရုံးအမိန့်ကို လက်မှတ် ရေးထိုးလိုက်ပါတယ်။
သမ္မတ တာဝန် စတင်ထမ်းဆောင်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၀ က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်တွေထဲမှာ မက္ကဆီကို ပင်လယ်ကွေ့ (Gulf of Mexico) ကို အမေရိကန် ပင်လယ်ကွေ့ (Gulf of America) အဖြစ် အမည်ပြောင်းလဲတဲ့ အမိန့် Executive Order 14172 (“Restoring Names That Honor American Greatness”) လဲ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အဲဒီပင်လယ်ကွေ့ပေါ်က အဖြတ်မှာ Air Force One လေယာဉ်မှူးက "Air Force One is currently in international waters, for the first time in history, flying over the recently renamed Gulf of America." လို့ကြေညာလိုက်ပြီးနောက် ထရမ့်က သမ္မတရုံးအမိန့်ကို လက်မှတ်ရေးထိုးလိုက်တာ တွေ့ရပါတယ်။
သမ္မတရဲ့ဘေးမှာ အမေရိကန် ပင်လယ်ကွေ့လို့ အမည်သစ်ရေးထိုးထားတဲ့ မြေပုံကို ကိုင်ထားသူကတော့ ပြည်ထဲရေးဝန်ကြီး Doug Burgum ဖြစ်ပါတယ်။ သူ့အနေနဲ့ Map Provider တွေဖြစ်တဲ့ Google Map နဲ့ Apple Map တို့အပါအဝင် မြေပုံတွေမှာ အမေရိကန် ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲသွားဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်လုပ်ရေးကိစ္စ၊ ဂရင်းလန်ကျွန်းကိစ္စ၊ ပနားမားတူးမြောင်းကိစ္စနဲ့ အမေရိကန် ပင်လယ်ကွေ့ကိစ္စတွေကြောင့် သူ့ရဲ့ ပထမသက်တမ်းကာလနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ပိုမိုပြင်းထန်ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိပါတယ်။ ထရမ့်ကတော့ သူ့ပထမသက်တမ်းမှာ နန်စီပယ်လိုစီအပါအဝင် သူ့ကို တိုက်ခိုက်သူတွေကို ပြန်လည် ရင်ဆိုင်ဖြေရှင်း အနိုင်ယူခဲ့ကြောင်းနဲ့ ဒီတစ်ကြိမ်မှာတော့ သူ့အနေနဲ့ ပိုမိုပြင်းထန်စွာ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောခဲ့တာ တွေ့ရပါတယ်။
နိုင်ဆွေဦး
#NaingSweOo
[10022025]
Sources: The Mirror & Fox34.com