==============
ဖေဖော်ဝါရီ ၁၁ရက် ၂၀၂၅
Zalen
တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးအထက်ပိုင်း ကျွန်းပင်သာကျေးရွာနဲ့ မင်းသာကျေးရွာကို ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့လက်အောက်ခံများက ဒေသခံတွေရဲ့ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။
" နေ့လယ် ၁၁နာရီလောက်က မီးစရှို့ကြတာ။ မီးခိုးတွေတက်လာတယ်။ မီးတောက်လည်းမြင်ရတယ်။ ကြည့်ရတာ ဒီတကြိမ်ရှို့တာများမယ်။ ကျွန်းပင်သာနဲ့ မင်းသာနှစ်ရွာလုံးရှို့တာ။ ကျွန်းပင်သာမှာ အိမ်ခြေ ၅၀လောက်ဖြစ်မယ်။ မင်းသာကတော့ ၁၅လုံးလောက်တော့ပါသွားမယ်။ အဝေးကနေပဲ မီးခိုးလုံးနဲ့မီးတောက် လောက်ပဲကြည့်ပြီး ခန့်မှန်းနိုင်တာ။ ညနေပိုင်း ၄နာရီခွဲထိမီးက မငြိမ်းသေးဘူး" လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီလ ၃ရက်နေ့နဲ့ ဖေဖော်ဝါရီ ၆ရက်နေ့ကလည်း မင်းသာနဲ့ ကျွန်းပင်သာကျေးရွာရှိ ဒေသခံပြည်သူများ နေအိမ်ကို ပထမအကြိမ် မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး အခုကြိမ်မီးရှို့ဖျက်ဆီးမှုနဲ့ဆို ကျွန်းပင်သာမှာ အိမ်ခြေ ၅၀ကျော်နဲ့ မင်းသာကျေးရွာမှာ အိမ်ခြေ ၂၀ခန့် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့တယ်ပြီလို့ ပြောပါတယ်။
တမူးမြို့နယ်၊ ကျွန်းပင်သာနဲ့ မင်းသာကျေးရွာမှာက စစ်ကောင်စီနဲ့ ပျူစောထီး၊ SNA၊ ကသည်း၊ NSCN-IM တန်ခူးလ်နာဂ လက်နက်ကိုင်များ အခြေချတပ်ဆွဲထားတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၇ရက်နေ့က စတင်ခဲ့တဲ့ တမူးအထက်ပိုင်းမင်းသာကျေးရွာ၊ ကျွန်းပင်သာကျေးရွာနဲ့ ဇန်နဝါရီ ၃၀ရက်နေ့က စတင်ခဲ့တဲ့ တမူးအောက်ပိုင်းက တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီ အပေါင်းအပါများရဲ့ နှစ်ဖက်ကြား တိုက်ပွဲဟာ ယနေ့ထိတိုက်ပွဲပြင်းထန် နေဆဲဖြစ်ပါတယ်။
သတင်း - တမူးနွေဦး
Crd