🟥၂၀၀၅ ခုနှစ်မှစတင်ခဲ့သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို မကန့်ကွက်ဘဲ အောင်မြင်ခဲ့လျှင် တစ်နိုင်ငံလုံး ဓာတ်အား လုံလောက်စွာ ရရှိနေမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၂
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား မလုံလောက်မှု စီမံကိန်းများ ကန့်ကွက်ခဲ့သူများကို မင်းအောင်လှိုင်က အပြစ်တင်လိုက်ပြီး ၂၀၀၅ ခုနှစ်မှစတင်ခဲ့သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အောင်မြင်ခဲ့လျှင် တစ်နိုင်ငံလုံး ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ ပြင်ဦးလွင်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် ၎င်းတို့ စစ်ကောင်စီ၏ အပြစ်ကြောင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း စီမံကိန်းများအပေါ် ကန့်ကွက်သူများကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်သွားခဲ့ရကြောင်း အပြစ်တင်ပြောဆိုသည်။
"၂၀၀၅ ခုနှစ်စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း စီမံကိန်းများ အောင်မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်ကြောင်း၊ သို့သော် လျှ့ပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း စီမံကိန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများ ကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း" မင်းအောင်လှိုင်က ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းချိန်တွင် လျှပ်စစ်နှင့်ပတ်သက်၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီး လုံလောက်စွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုပြန်သည်။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်မီးလိုအပ်ချက်နှင့်ပတ်သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံး လျှ့ပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။
UMFCCI ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လက်ရှိ လျှပ်စစ်မီးမှာ စက်မှုဇုန်များတွင်ပင် လုံး၀ မီးမရရှိတော့ကြောင်း၊ ဒီဇယ်မီးစက်ကြီးများဖြင့် စက်ရုံနှင့် လုပ်ငန်းများ လည်ပတ် နေရပြီး ဒီဇယ်ဆီကိုလည်း လုံလောက်စွာ ဝယ်မရသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ စက်မှုဇုန်များတွင် စက်ရုံတချို့မှာ လျှပ်စစ်မီး မရရှိသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရမှုများလည်းရှိနေကြောင်း ပြောဆိုသည်။
"အထည်ချုပ်တွေကတော့ ဒီဇယ်မီးစက်ကြီးတွေနဲ့ လုပ်ငန်းလည်ကြတယ်။ လုပ်ငန်းသေးရင်တော့ ကုန်ကျစရိတ်နဲ့ ပြန်ရတာက မကာမိတော့ အသေးစားလုပ်ငန်းတွေတော့ အကုန်ရပ်သွားတယ်။ ရန်ကုန်မြို့လယ်ခေါင်တောင်မှ ညဘက်ကြီး မှောင်နဲ့ မည်းမည်းဖြစ်နေတာဆိုတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ရေရှည်မှာ လျှပ်စစ်မီး ပြဿနာနဲ့က လည်ပတ်ဖို့ အတော် ခက်ပါတယ်။ အခုက အဆိုးဆုံး အခြေအနေ ရောက်နေတာပါ" ဟု ၎င်း က ဆိုသည်။
တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဓာတ်အား ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ဓာတ် အား ၁၆၀၀ မဂ္ဂါဝပ် ကျော် ၊ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းကျော်ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း သိရှိရသည်။