ဖေဖော်ဝါရီ ၁၉၊၂၀၂၅။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းအနီး၊ ပုသိမ်-မုံရွာ ကားလမ်းမတစ်နေရာတွင် တွဲကားများဖြင့် ပုံဖျက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ရာ ၅ ဦး သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် အဆိုပါ တွဲကားဖြင့် ပုံဖျက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ /ပြည်သူ့လွတ်လပ်ရေးတပ်မတော်(PIO/PLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင်း စစ်ကောင်စီဘက်က MA 15 အလတ်စားစက်သေနတ်၊ RPG၊ ၄၀ မမ ဗုံးပစ်လောင်ချာ နှင့် ဒရုန်းများ အသုံးပြုကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်သား ၅ ဦးထပ်မနည်း ဒဏ်ရာရကာ ပြန်လည်ဆုတ်ခွါသွားကြောင်း သိရသည်။
နောက်ဆက်တွဲ သတင်းပေးမှုများအရ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း အထက်မင်းလှ ပကဖ က အတည်ပြုထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း အထက်မင်းလှမြို့နယ် ၊ပုသိမ်-မုံရွာကားလမ်းပိုင်း ၊ရှမ်းတပ်ကြီးရဲစခန်းမှ ချီတက်လာသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်မှ ၃ ဦးထပ်မနည်း ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင်လည်း သရက်မြို့၊ ကပစ ၁၂ မှ စစ်ကူလက်နက်များတင်ဆောင်လာသော စစ်ကားသည် မင်းလှမြို့၊ ထန်းကိုင်း ကျေးရွာအနီးတွင် မတော်တဆပေါက်ကွဲမှုဖြစ်ကာ လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၈ဦးတွင် ၂ ဦးသေ၊ ၆ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပုသိမ်-မုံရွာကားလမ်း အနီးတွင် နေထိုင်သောပြည်သူများသည်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ပုံဖျက် သယ်ဆောင်ပေးမှုများအား မပြုလုပ်ကြရန် အထက်မင်းလှ ပကဖ က အသိပေးထားသည်။
ဓာတ်ပုံ - Upper Minhla P.D.F