ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁
News Ambassador
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် အရာရှိအချို့ကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်တွင် နိုင်ငံခြားသားများ လူကုန်ကူးခံရမှုအတွက် သက်သေအထောက်အထားများရရှိထားပြီးနောက် DSI သည် ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်၊ တပ်ရင်းမှူး ဗိုလ်မှူးစောတင်ဝင်း အပါအဝင် ထိပ်ပိုင်းအရာရှိအချို့ကို ဖမ်းဝရမ်းထုတ်ရန် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။
ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် DSI ၏ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ခွဲသည် အဆိုပါကိစ္စရပ်အတွက် အစိုးရရှေ့နေများနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကိုတော့ မသိရသေးပေ။
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်အတွင်းရှိ BGF နှင့် DKBA တို့ ထိန်းချုပ်ရာ ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူအပါအဝင် ကျောက်ခတ်ဒေသတို့၏ နိုင်ငံခြားသားများ ပြန်ပေးဆွဲ နှိပ်စက်ခံရပြီး ကျာဖြန့်ငွေလိမ်ဂိုဏ်းအတွက် ခိုင်းစေခံရသည့် အမှုအခင်းများ ဆက်တိုက်ထွက်ပေါ်လာလျက်ရှိသည်။
ထိုင်းအစိုးရက ယင်းကို တားဆီးသည့်အနေဖြင့် မြဝတီ၊ ဘုရားသုံးဆူအပါအဝင် နယ်စပ်နေရာ ၅ ခုကို လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီရောင်းချမှု ဖြတ်တောက်ခဲ့သေးသည်။
ဓာတ်ပုံ- BGF တပ်မွေးနေ့ပွဲတခုတွင် တွေ့ရသည့် စောချစ်သူ