Neueste Beiträge von Western News (@thewesternnews) auf Telegram

Western News Telegram-Beiträge

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 Abonnenten
12,863 Fotos
505 Videos
Zuletzt aktualisiert 28.02.2025 17:35

Ähnliche Kanäle

Khit Thit Media
575,011 Abonnenten
MPANews
22,791 Abonnenten

Der neueste Inhalt, der von Western News auf Telegram geteilt wurde.


■ HIV ပိုးရှိသည်ဟုဆိုကာ ရွာပြင်နှင် ထုတ်ခံရသူ သားအမိနှစ်ဦးကို ရွာထဲတွင်ပြန်ထားပြီးနောက် ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်

(သားမိနှစ်ဦးစလုံးမှာ HIV ပိုးကို တွေ့ရှိရ၍ ART ဆေးများ ပေးထားဟုဆို)

Western News| ဖေဖော်ဝါရီ ၁


HIV ပိုးရှိသည်ဟု ဆိုကာရွာပြင်နှင်ထုတ်ခံထားရသည့် မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှ သားမိ ၂ ဦးကို ကျေးရွာသားများက ရွာထဲတွင်ပြန်လည် လက်ခံထားပြီ ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သားမိနှစ်ဦး ရွာပြင်နှင်ထုတ်ခံထားရသည်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုမှု ရှိခဲ့ပြီး သားမိ ၂ ဦးမှာလည်း ရွာထဲတွင်ပြန်လည်နေထိုင်နေပြီဖြစ်သည်။

ရွာပြင်နှင်ထုတ်ခံရသည့် သားမိနှစ်ဦး၏ မိသားစုဝင်တစ်ဦးက "၂၆ ရက်နေ့မှာ ရပ်ရွာလူကြီးဦးဆောင်ပြီး သူ့တို့ကို ရွာထဲကိုခေါ်သွင်းပါတယ်။ နောက်တော့ ကျန်းမာရေးဌာနက လူတွေရောက်လာကြတယ်။ ရွာမှာ အသိပညာပေး ဟောပြောပွဲလုပ်ပေးမယ်လို့ ပြောသွားကြတယ်။ ပြီးတော့ သူ့တို့သားအမိရဲ့ ဆေးစစ်ဖို့ကို အကုန်အခမဲ့ တာဝန်ယူကြတယ်။ ငွေရေးကြေးရေးပိုင်းလည်း ထောက်ပံ့ပေးကြတယ်။ တခြား အဖွဲ့တချို့က လာထောက်ပံ့တာတွေလည်းရှိတယ်" ဟု ပြောသည်။

ရွာပြင်ထုတ်ခံရသူ အဆိုပါ သားမိနှစ်ဦး၏ လက်ရှိ ကျန်းမာရေးအခြေနေမှာ ကောင်းမွန်နေပြီး ကျန်းမာရေးဌာနတွင် ဆေးစစ်ဆေးမှုများလည်း ခံယူထားကြကြောင်း သိရသည်။

အဆိုပါ သားမိ ၂ ဦးကို ကျန်းမာရေးဌာနမှ ဆေးစစ်မှုပြုလုပ်ရာ နှစ်ဦးလုံးတွင် HIV ပိုးတွေ့ရှိကြောင်းသိရပြီး မိခင်အတွက် ART ဆေးနှင့် ကလေးအတွက် ကိုယ်ခံအားကောင်းမွန်စေသည့်ဆေးများ ပေးဝေခဲ့ကြောင်းလည်း ကျန်းမာရေးဌာနမှ သိရသည်။

၎င်းတို့ နေထိုင်သည့် ရွာသစ်ကေကျေးရွာမှ ကျေးရွာသားများမှာ HIV ရောဂါဖြင့် လင်ယောင်္ကျားမှာဖြစ်သူ သေဆုံးခဲ့ရပြီးနောက် ကျန်ရစ်သူ ဇနီးနှင့် သားအား HIV ပိုးရှိသည့်အတွက် တစ်ခြားကျေးရွာသားများအား ကူးစက်နိုင်သည်ဟု ဆိုကာ ရွာပြင်ထုတ်ထားခဲ့ကြခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါကျေးရွာ၌ မြောက်ဦးမြို့နယ် ကျန်းမာရေးဌာနမှ ဦးစီးကာ ရွာလုံးကျွတ်တက်ရောက်ရသည့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၆ ရက်က ရွာဘုန်းတော်ကြီးကျောင်းတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသားများမှာ HIV ပိုးကို လေမှတစ်ဆင့်ကူးစက်နိုင်သည်၊ ပိုးရှိသူအနီးနားတွင် ရှိလျှင် ကူးစက်နိုင်သည်၊ ပိုးရှိသူနှင့် အတူသွားလာစားသောက်နေထိုင်လျှင် ကူးစက်နိုင်သည် စသည့် ထင်မြင် ယူဆချက်များရှိနေခဲ့၍ အဆိုပါ သားမိ ၂ ဦးအား ရွာပြင်တွင် ထုတ်ထားခဲ့ကြခြင်းဖြစ်သည်။

HIV ပိုးရောဂါပိုးမှာမူ အဆိုပါကျေးရွာသားများ ထင်မြင်ချက်များနှင့် မတူသည့် နည်းလမ်းများဖြင့် ကူးစက်နိုင်ခြင်းဖြစ်ပြီး ယေဘုယျအနေဖြင့် ပိုးရှိသူ၏ သွေးနှင့် ကိုယ်တွင်းအရည်များမှ တစ်ဆင့်သာ ကူးစက်နိုင်ခြင်းဖြစ်သည်။

#WesternNews #WN #ရခိုင် #မြောက်ဦး #ရွာသစ်ကေရွာ #HIVပိုး #ကျန်းမာရေးအသိပညာပေး

ပုံစာ-မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှ သားမိ ၂ ဦးခန္ဓာကိုယ်တွင် တွေ့ရစဉ်။ ဓါတ်ပုံ- မြောက်ဦးလူငယ်တစ်ဦး

မောင်တောမြို့ကို စစ်ရှောင် ၄၆၀၀ ကျော် AA ကပြန်လည် နေထိုင်ခွင့်ပြု

Western News| ဇန်ဝါရီ ၂၈

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော မောင်တောမြို့ခံ ရခိုင်နှင့် မွတ်ဆလင် အိမ်ထောင်စု ၁၇၀၀ ကျော်ကို AA က ပြန်လည် နေထိုင်ခွင့် ပြုလိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ အိမ်ထောင်စု ၁၇၂၄ စုကို မောင်တောမြို့ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး ယင်းမှာ ကျေးရွာပေါင်း ၁၅ ထက်မနည်း စစ်ရှောင်များ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း AA စစ်ရေး သတင်းရင်းများက ပြောသည်။

ယင်းတို့မှာ ပြင်ဖြူ၊ ပေါင်းဇား၊ ကျောက်လှေကားစသည့် မွတ်ဆလင် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသော ရွှေဇား၊ ကပ္ပကောင်း၊ ခေါင်းညာ၊ ကန်ဘဲ၊ စေတီပြင်၊ ကမ်းပိုင်းနား၊ ဂုံးနား၊ အနောက်ရွာတို့ စသည့် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

AA စစ်ရေး သတင်းရင်းတစ်ဦးက "ဝင်ခွင့်ပြုတာက ကြာပါပြီ။ ဒါပေမဲ့ ဒီရက်ပိုင်းကို တပ်တော်က အများအပြား ဝင်ခွင့်ပြု လိုက်တာပါ။ ၂၃ ရက်နေ့ကဆိုရင် အိမ်ထောင် ၅၀၀ ကျော်တယ်။ ၂၆ ရက်နေကတော့ အိမ်ထောင်စု ၉၀၀ လောက်ရှိပါတယ်။ ဖြည်းဖြည်းချင်း ဝင်ခွင့် ပြုပါတယ်"ဟုပြောသည်။

ဇန်နဝါရီ ၂၇ ရက်နေ့က မွတ်ဆလင် စစ်ရှောင် အိမ်ထောင်စု ၂၇၄ စုနှင့် ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေအတွင်းမှာလည်း မွတ်ဆလင် အိမ်ထောင်စု ၅၅၀ မောင်တောမြိုထဲသို့ ဝင်ရောက်နေပြီး ဖြစ်ကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ရခိုင်အိမ်ထောင်စု ၉၀၀ စုကို လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်နေ့ က ၂၆ ရက်နေ့အထိ မောင်တောမြို့ပေါ်က ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရပ်ကွက် ၇ တို့တွင် ပြန်လည် ဝင်ရောက် နေထိုင်နေပြီး ဖြစ်ကြောင်း သိရသည်။

ပြန်လည် ဝင်ရောက်လာသူအသက် ၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက "စစ်ရှောင်နဲ့ နေရာတာအရမ်းကို ခက်ခဲပါတယ်။ ကျမတို့ မိသားစု ၈ ယောက်လောက်ရှိတယ်။ တစ်နေ့စားဖို့ တစ်နေ့ ရုန်းရတာ အရမ်းခက်ခဲပါတယ်။ ပြီးတော့ ကိုယ့်ဒေသမဟုတ်တော့ ပိုပြီး အခက်အခဲ ကြုံရတာပေါ့။ ဒီမှာ တစ်ခု ကြောက်ရတာ လေကြောင်း ဗုံးကြဲလာမှာကို စိုးရိမ်ပါတယ်။ အခု ဝင်ခွင့်ပြုလိုက်တဲ့အတွက် ဝမ်းသာပါတယ်"ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ မောင်တောမြို့ပေါ်သို့ ဝင်ရောက်လာသော စစ်ရှောင် ရခိုင်အိမ်ထောင်စု ၉၀၀နှင့် လူဦးရေ ၂၀၀၀ခန့်အပါအဝင် မွတ်ဆလင် အိမ်ထောင်စု ၈၂၄ စုနှင့် လူဦးရေ ၂၆၀၀ ကျော် စုစုပေါင်း ၄၆၀၀ ကျော် ရှိသည်။

ပုံစာ- မောင်တောမြို့ကို စစ်ရှောင် ၄၆၀၀ ကျော် AA ကပြန်လည် နေထိုင်ခွင့်ပြုနေစဉ်။ ဓါတ်ပုံ APM

#မောင်တော #စစ်ရှောင် #၄၆၀၀ #AA #ပြန်လည့် #နေထိုင်ခွင့်ပြု

■ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်

Western News| ဇန်နဝါရီ ၂၈

မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အခြေစိုက်ပေါင်း ၁၇၄ ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော Institute for Strategy and Policy- Myanmar (ISP Myanmar) ၏ အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားသည်။

တိုင်းစစ်ဌာနချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်း ၁၄၁ ခုထက်မနည်းမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ထဲကဖြစ်ကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီ၏ အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ရှမ်းပြည်နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၅ ခုထက်မနည်း သိမ်းပိုက်ခံထားရသည်။

ရခိုင်ပြည်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၇ ခုထက်မနည်း သိမ်းပိုက်ခံထားရသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းပေါင်း ၅၄ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး အဆိုပါ ပမာဏ၏ ၆၄ ရာခိုင်နှုန်းသည် ရခိုင်ပြည်ကဖြစ်ကြောင်း ISP Myanmar က ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အခြေစိုက်စခန်း ၈ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ကချင်ပြည်နယ်တွင် နယ်ခြားစောင့်တပ် ၃ ခုထက်မနည်း သိမ်းပိုက်ခံထားရကာ အများဆုံးဖြစ်သည်။

စစ်ကောင်စီ လက်ရုံးတပ်ရင်းများ၏ အခြေစိုက်စခန်းပေါင်း ၃၉ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး အဆိုပါ ပမာဏ၏ ၅၄ ရာခိုင်နှုန်းနီးပါးသည် ရှမ်းပြည်နယ်အတွင်းမှ ဖြစ်ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်ရုံးအကူတပ်ရင်းပေါင်း ၂၄ ခုထက်မနည်းမှာလည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး အဆိုပါ ပမာဏ၏ ၈၈ ရာခိုင်နှုန်းနီးပါးသည် ရှမ်းပြည်နယ်က ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းပေါင်း ၃၇ ခုထက်မနည်း တော်လှန်ရေးတပ်ဖွဲ့များထံ တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး အဆိုပါ ပမာဏ၏ ထက်ဝက်ကျော်သည် ရှမ်းပြည်နယ်က ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီမှာ ရခိုင်ပြည်အတွင်း မဟာဗျူဟာကျ တရုတ်စီမံကိန်း ၁၁ ခုရှိပြီး အားလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ထိုအထဲတွင် သံတွဲ၊ ဂွ၊ အမ်းက လေအားလျှပ်စစ်စီမံကိန်းများလည်းပါဝင်ကြောင်း သိရသည်။

မြန်မာစစ်တပ်မှာ နိုင်ငံအနှံ့ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်များကို ခုခံနေရပြီး လက်ရှိတွင် မကွေး၊ ပဲခူးနှင့် ဧရာဝတီက အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံကာကွယ်နေရသည်။

ယင်းကဲ့သို့ အပြင်းအထန် ခုခံသော်လည်း တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြန်လည်ဆုတ်ခွာသွားရသည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။

#WesternNews #WN #စစ်ကောင်စီ #မြန်မာစစ်တပ် #တပ်စခန်းများဆုံးရှုံး #အာရက္ခတပ်တော် #တော်လှန်ရေးတပ်ဖွဲ့များ

ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓါတ်ပုံ AA

■ ရခိုင်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို CDF-Asho ဖမ်းမိထား

Western News| ဇန်နဝါရီ ၂၈

#ရခိုင် #ရိုးမ #ထွက်ပြေး #စစ်ကောင်စီ #စခန်းသုံးခု #AA #CDF-Asho #PRA- Magway

YouTube: https://youtu.be/04udkbOH9xM
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

Western News| ဇန်နဝါရီ ၂၈

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

"တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်" ဟု ပြောသည်။

စစ်တွေမြို့မှာရှိသည့် တပ်ထိန်းတပ်ရင်းနှင့် ပါဒလိပ်က တပ်ရင်းများတွင် စစ်ကောင်စီက မွတ်ဆလင်များကို အခြေခံစစ်ပညာများ ပေးနေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

မွတ်ဆလင်အချို့၏ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ခေါ်ယူသင်တန်း ပေးနေခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း မွတ်ဆလင် ၂၀၀၀ ခန့်ကို စစ်သင်တန်းပေးထားပြီဖြစ်ကြောင်းလည်း ခန့်မှန်းပြောဆိုထားကြသည်။

စစ်ကောင်စီတပ်အပြင် ရခိုင်တပ်တစ်ခုဖြစ်သည့် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA တပ်ကလည်း မင်းဂံက မွတ်ဆလင်အချို့ကို ခေါ်ယူ စစ်သင်တန်းပေးနေကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

"ပြီးခဲ့တဲ့ လတွေက မွတ်ဆလင် ၆၀ ဦးထက်မနည်းကို ALP ရုံးတွေမှာ စစ်သင်တန်းတွေ ပေးနေပါတယ်။ ပြီးခဲ့တဲ့လက မင်းဂံက ALP ရုံးမှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ စစ်သင်တန်းတက်ကြတဲ့ မွတ်ဆလင်တွေ ပျော်လို့ရွှင်လို့ မြင်တွေ့လိုက်ရပါတယ်" ဟု ပြောသည်။

စစ်တွေမြို့မှာရှိသော မွတ်ဆလင်များထဲတွင် စစ်ကောင်စီကို လိုလားသူရှိနေသလို မလိုလားသူလည်းရှိနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

"စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်တဲ့အခါ ဝမ်းသာအားရ လိုက်ကြသူရှိသလို အတင်းငြင်းနေတဲ့သူတွေလည်းရှိပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက ငွေနဲ့ ဖုံးဖိလိုက်ပြီး ပိုက်ဆံမရှိတဲ့သူတွေက မလိုက်ချင်ဘဲ လိုက်သွားရတဲ့သူတွေလည်း ရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ သူတို့ခေါ်တဲ့ အိမ်က မလိုက်ဘူးဆိုရင် အမျိုးမျိုးခြိမ်းခြောက်တာတွေရှိပါတယ်" ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားပြီး နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုများရှိနေကြသည်။

စစ်ကောင်စီသည် စစ်တွေမြို့ထဲကို AA က ထိုးဖောက်မဝင်ရောက်နိုင်စေရန် မြို့အဝင်တံတားကို မိုင်းခွဲဖျက်ဆီးထားသလို ကမ်းနားလမ်း/ရှုခင်းသာလမ်းတစ်လျောက်ကိုလည်း သံဆူးကြိုးများဖြင့် ကာရံထားသည်။

စစ်ကောင်စီသည် စစ်တွေမြို့ထဲသို့ မည်သူမှ ဝင်ခွင့်မပေးသလို မြို့ပြင်ကိုလည်း မည်သူ့ကိုမှ ထွက်ခွင့်မပေးဘဲ တပ်ရင်းများထဲတွင် လူအင်အား၊ လက်နက်အင်အားနှင့် ရေတပ်ကို အင်အားဖြည့်တင်းနေသည်။

"စစ်တွေမြို့ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသလို မြို့ထဲက သူတွေကိုလည်း ထွက်ခွင့်မပေးဘူး။ အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စရှိမှ ဒါမှမဟုတ် နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေဆိုရင် ဂိတ်တွေမှာ မှတ်ပုံတင်တွေ ထားခဲ့ရပြီး အချိန်မီပြန်လာခိုင်းတာတွေရှိပါတယ်" ဟု မြို့ခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်ထဲတွင် အာရက္ခတပ်တော် AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိပြီး ယခုရက်ပိုင်းအတွင်း ရခိုင်ရိုးမတောင်ပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်လိုက်ပြီး ရိုးတောင်တစ်လျှောက်ကို AA က ထိန်းချုပ်လိုက်ပြီဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့ လက်လွှတ်မဆုံးရှုံးရစေရန် မွတ်ဆလင်များကို စစ်မှုထမ်းစည်းရုံးကာ သင်တန်းပေးနေသလို ALP ကိုလည်း စစ်သင်တန်းများပေးကာ AA ထိုးစစ်ကို ခုခံကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဟုဆိုသောကြောင့် စစ်တွေမြို့က ဝန်ထမ်းအသိုင်းအဝိုင်းထဲက အမျိုးသမီးအချို့နှင့် လက်လုပ်လက်စား အမျိုးသမီးများမှာ စစ်မှုထမ်းပါရန် အလွန်စိုးရိမ်လျှက်ရှိနေကြသည်။

#WesternNews #WN #မွတ်ဆလင် #စစ်ကောင်စီ #စစ်မှုထမ်းခေါ်ယူနေ #စစ်တွေမြို့ #ရခိုင်

■ သံတွဲနဲ့ ဂွမြိုနယ်မှာ စစ်ရှောင်တွေ အရေပြားရောဂါ ဖြစ်ပွားမှု ပိုဆိုးလာ

Western News| ဇန်နဝါရီ ၂၈

#WesternNews #WN #သံတွဲမြို့ #ဂွမြိုနယ် # စစ်ရှောင် #အရေပြားရောဂါ #ကျန်းမာရေး

YouTube: https://youtube.com/shorts/UmDM96fpX_s
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ

Western News| ဇန်နဝါရီ ၂၈

ရခိုင်-ဧရာဝတီအစပ်က စစ်ကောင်စီ၏ ပွိုင်းကုန်းတပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီအစပ် ရခိုင်ရိုးတောင်တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ရိုးတောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုရှိသလို ရိုးတောင်တစ်လျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

"ဒီနေ့ မနက်ပိုင်းက ပုသိမ်က ဂျက်ဖိုက်တာ နှစ်စီး ရခိုင်ရိုးပေါ်ဘက်ကို ပျံသန်းသွားတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ မသိသေးဘူး" ဟု ပုသိမ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့၏ သတင်းအထူးတပ်ဖွဲ့ကလည်း သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် အစပ် ရခိုင်ရိုးမပေါ်တွင် စစ်ရဟတ်ယာဉ် MI35 တစ်စီး ကင်းပတ်လှည့် ပျံသန်းနေကြောင်း ယနေ့ နေ့လယ်က ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA သည် ရခိုင်-ဧရာဝတီအစပ် ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ ပွိုင့် ၃၆၉ စခန်းနှင့် ပွိုင့် ၂၆၃ တပ်စခန်းတို့ကို ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၆ ရက်တို့က သိမ်းပိုက်ခဲ့ကြောင်း AA က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

တပ်စခန်းများ သိမ်းပိုက်ခိုက်ခံရခြင်းနှင့် AA ၏ ထိုးစစ်မှာ ဆက်လက်ရှိနေသေး၍ အာဏာသိမ်း စစ်ကောင်စီတပ်တို့သည် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်းလည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"AA ရဲ့ ထိုးစစ်က ရပ်မှာမဟုတ်ဘဲ ဧရာဝတီထဲက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ပုသိမ်မြို့နယ်တစ်ဝိုက်ကို ပိုလုံခြုံရေးတင်းကျပ်ထားသလို လေကြောင်းကလည်း ကင်းထောက်မှုတွေ ပိုလုပ်လာတယ်။ သိမ်းပိုက်ခံလိုက်ရတဲ့ တပ်စခန်းတွေဘက်ကိုလည်း လေကြောင်းတိုက်မှုက ပိုလုပ်မှာပါ" ဟု သုံးသပ်ထားသည်။

အာရက္ခတပ်တော် AA သည် ဧရာဝတီတိုင်းထဲက တပ်စခန်းများကို သိမ်းပိုက်သည့်အပြင် ရခိုင်နှင့်ပဲခူးအစပ်က ရခိုင်ရိုးမတောင်ပေါ်ရှိ မိုးထိတောင်တပ်စခန်းကိုလည်း သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမထက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့၌ စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ရခိုင်ရိုး မတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေပြီး စစ်ကောင်စီဖက်ကလည်း ပဲခူးတိုင်းဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေကြသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် ရခိုင်ရိုးမကို ကျော်လွန်ကာ မကွေး၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသများက စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။

#WesternNews #WN #ဧရာဝတီ #ရခိုင် #ရိုးမတောင်တန်း #တိုက်ပွဲဖြစ်ပွား #တပ်စခန်းများသိမ်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှုပြုလုပ်

■ စစ်တွေအနီးဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတို့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေ

Western News| ဇန်နဝါရီ ၂၈

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့သည် မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသည်ဟု AA က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ပစ်ခတ်မှုများနှင့် ဒရုန်းပစ်ခတ်မှုများမှာ နေ့တိုင်းရှိနေပြီး ယင်းလက်နက်ကြီးများသည်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများကို ကျရောက် ပေါက်ကွဲနေခြင်း ဖြစ်သည်။

စစ်တွေမြိုခံတစ်ဦးကလည်း အာကျိတ်တော်ကုန်းရှိ အမှတ် ၁၂ ရဲတပ်ရင်းကနေ အမြောက်လက်နက်ကြီးဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်းဒေသများနှင့် စစ်တွေမြို့အနီးအနားက ကျေးရွာများကို ပစ်ခတ်နေကြောင်း Western News ကို ပြောသည်။

"အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ကန်တော်ကြီးရပ်ကွက်ရှိ ၃၅၄ တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပါဒလိပ်က တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လက်နက်ကြီးသံတွေကြားရင် ဒေသခံတွေ အရမ်းစိုးရိမ်နေရတာ။ လက်နက်သံတွေကြားရင် အိမ်ပြင်မထွက်ရဲတော့ဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း နေ့ခင်း ကင်းလှည့်တာတွေ နေ့တိုင်းနီးပါးရှိပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ ရွှေမင်းဂံရေတပ်စခန်းကလည်း ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်မှုရှိနေ၍ ပေါက်တောမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာသို့ ပြောင်းနေထိုင်နေရကြောင်းလည်း သိရသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရနိုင်ခြေရှိသည့် သဝင်ချောင်း၊ ကြိမ်ခွေမော်၊ မနော်သီရိ၊ လက်ပံပြား၊ မြေငူကျွန်းရှိ ဂြင်းချောင်း၊ ချောင်းဝ၊ မင်းတဲ၊ ယာတိုက်ကျေးရွာမှ ဒေသခံများမှာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

"ဒီရွာတွေက အရင်ကတည်း စစ်ရှောင်ခဲ့ရတယ်။ အခုလည်း စစ်တွေက စစ်ကောင်စီရဲ့ လက်နက်ကြီး အန္တရာယ်တွေကြောင့် ထပ်မံ စစ်ရှောင်ရပြန်တယ်။ ရခိုင်ပြည်မှာ စစ်ကောင်စီမရှိမှ အေးချမ်းမယ်။ ဒီစစ်ခွေးတွေ ရှိနေသ၍ကတော့ ပြည်သူလူထုကတော့ အသက်န္တရာယ်နဲ့ ကြုံနေရအုံးမယ်” ဟု ရန်ကုန်ရောက် ပေါက်တော ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ ကံကော်ကျွန်းရှိ စစ်ကောင်စီတပ်မှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

စစ်တွေမြို့အနီး အပြန်အလှန် တိုက်ခိုက်မှုများထဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ ပိုများပြားသည်ဟုလည်း ဆိုသည်။

စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အနီးတို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အား၊ လက်နက်အင်အား အများအပြားကို ဖြည့်ဆည်းထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

#WesternNews #WN #စစ်တွေ #AA #စစ်ကောင်စီ #နေ့တိုင်းတိုက်ပွဲဖြစ် #လေကြောင်း #ဒရုန်း #လက်နက်ကြီး #စနိုက်ပါပစ်ခတ်မှု

ပုံစာ- ၂၀၂၄ ခုနှစ်အတွင်း စစ်တွေမြို့အတွင်း စစ်ကောင်စီက စစ်အင်အား ပြခဲ့စဉ်က။ ဓါတ်ပုံ/ CJ

■ မကွေးနှင့် ဧရာဝတီက စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း၊ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ

Western News| ဇန်နဝါရီ ၂၈

#ရခိုင် #ရိုးမကို #ကျော်လွန်ပြီး #စစ်ကောင်စီ #စခန်းသုံးခု #AA #သိမ်း

YouTube: https://youtu.be/nmILfL6aNS0
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူမည်

Western News| ဇန်နဝါရီ ၂၂

အာဏာသိမ်း စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေဒေသများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူပြီး ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန် ပြောဆိုထားသည်။

တိုင်းနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီ ကောက်ယူမည့် စစ်ဘေးရှောင်များ စာရင်းမှာ တိုက်ပွဲများကြောင့် သို့မဟုတ် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသည့် ဒေသခံပြည်သူများ ဖြစ်သည်ဟု သိရသည်။

ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုး သားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့် နေထိုင်သူများအားလုံး စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ရခိုင်ပြည်အချို့သည် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသ အသီးသီးသို့ စစ်ရှောင်ရန် ရောက်ရှိနေကြသည်။

အထူးသဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် ရခိုင်စစ်ရှောင် လူငယ်အများအပြားကို ဖမ်းဆီးနေသည်။

ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြကြောင်း သိရသည်။

ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက "ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ အခု စစ်ကောင်စီ ကောက်မယ့် စစ်ဘေးဒုက္ခသည်စာရင်းက ယုံလို့ရပါ့မလား။ ထောက်ပံ့ကြေးပေးမယ်၊ ဘာညာနဲ့ ဖမ်းသွားရင် ဘယ်လုပ်မလဲ။ ကျနော်ကတော့ သိပ်မယုံဘူး" ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်လူငယ်အများစုသည် ကျောင်းတက်ရန်နှင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြသည်။

အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက "ကျနော် ရန်ကုန်ရောက်တာ ၅ လကျော်ပါပြီ။ ဆောက်လုပ်ရေးအလုပ်နဲ့ စင်္ကာပူသွားဖို့ ပြင်ဆင်နေတာပါ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိနေပါပြီ။ နောက်လဆိုရင် သွားရတော့မယ် ထင်ပါတယ်။ ဒီကြားထဲ အဖမ်းမခံရဖို့ပဲ ဆုတောင်းနေပါတယ်။ ဧည့်စာရင်းတွေလည်း တိုင်ထားပါတယ်။ ဟိုတလောက အပြင်မုန့်ဝယ်ထွက်တဲ့ ရခိုင်လူငယ်တွေ အဖမ်းခံရတော့ ကျနော် အပြင်သိပ်မထွက်တော့ဘူး။ ဘယ်သူ့ကိုမှ မယုံရင်ရတော့ စိတ်ထဲမှာ စိုးထိတ်ထိတ်နဲ့ပေါ့ဗျာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များက ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် ၂၀ ဦးထက်မနည်းမှာ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က လူငယ်အများအပြား ပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်းထဲတွင် ရခိုင်အပါအဝင် တခြားသော တိုင်းရင်းသားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး နာမည်၊ မှတ်ပုံတင်နံပါတ်များဖြင့် လာရောက် စစ်ဆေးကြသည်ဟု သိရသည်။


#WesternNews #WN #ရန်ကုန် #ရခိုင်လူမျိုး #စစ်ဆေး #ဖမ်းဆီးခံရ #စိုးရိမ်မှုမြင့်တက်

ပုံစာ-စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းတွင် စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ရခိုင်လူမျိုးနှစ်ဦးဖြစ်သော ဒုဝန်ကြီးဒေါ်နုမြဇံ (ဘယ်) နှင့် ဒုဝန်ကြီးဦးဇော်အေးမောင် (ညာ)