===================
မေ ၂၉၊ ရခိုင်နေ့စဉ်
စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ သာဘန်းလမ်းရှိ ဖြိုးတည်းခိုခန်း၌ မှတ်ပုံတင်(အတု)ပြုလုပ်ပေးသူတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ မေလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ သိန်းထိုက်(ခ)စိုးမိုးနိုင်(ခ)ဇီရာအိုဟောက် (၄၃)နှစ်၊ (ဘ)ဦးမောင်သိန်း၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူအား မှတ်ပုံတင်(အတု) ၁၃ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် စစ်တွေမြို့ရှိ ပွဲစားများဖြစ်သော ဒါးပိုင်ကျေးရွာနေ ခင်မောင်ဇော်(၂၀)နှစ်၊ သဲချောင်းကျေးရွာနေ ဇော်ဇော်အောင် (၂၇)နှစ်၊ သက္ကေပြင်ကျေးရွာနေ ဦးမောင်လှ (၅၀)နှစ်တို့နှင့် ချိတ်ဆက်၍ မှတ်ပုံတင်(အတု)ပြုလုပ်လိုသူများ၏ အချက်အလက်များကိုရယူပြီး ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ ရဲနိုင်ထွန်း ဆိုသူထံသို့ပေးပို့ကာ မှတ်ပုံတင်(အတု)ပြုလုပ်ပေးနေသူဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မှတ်ပုံတင်(အတု)ပြုလုပ်သူ သိန်းထိုက် အပါအဝင် ၅ ဦးအား စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်တရားခံများမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#ရခိုင်နေ့စဉ်