Western News (@thewesternnews) के नवीनतम पोस्ट टेलीग्राम पर

Western News टेलीग्राम पोस्ट

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 सदस्य
12,863 तस्वीरें
505 वीडियो
अंतिम अपडेट 28.02.2025 17:35

Western News द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री


■ ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်

Western News| ဖေဖော်ဝါရီ ၂၈

တရုတ်စီမံကိန်းများရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက် အရ သိရသည်။

ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဓညဝတီရေတပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံနေပြီး သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ကြတ္တိန်၊ စည်မော် ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက "မနေ့က တနေ့လုံးနီးပါး သစ်ပုတ်တောင်နဲ့ ရေတပ်မနီးက ရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေက ဘေလွတ်ရာကို ရွှေ့ပြောင်းနေနေကြပါတယ်။ အထိအခိုက် သေဆုံးမှုရှိလားမရှိဘူးလား မသိဘူး" ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်က ကျေးရွာများကို လေကြောင်းကနေ ပစ်ခတ်နေသည်။

နောက်ထပ် ဒေသခံတစ်ဦးက "လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေရှိပါတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာပါတယ်။ မနေ့က ဗုံးကြဲသွားတယ်လို့ ပြောတယ်" အထိ အခိုက်မှု အခြေအနေမသိရဘူး" ဟု ပြောသည်။

ယခင်က ကျောက်ဖြူအဝင်အထွက်များကို ကန့်သတ်ချက်ဖြင့် သွားလာ၍ ရသော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA က ကျောက်ဖြူမြို့ မြို့အဝင်၊ အထွက်ကို ပိတ်လိုက်ပြီး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် သစ်ပုတ်တောင်အုပ်စုနှင့် ရေတပ်အနီးက ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူပေါင်း ၃၀၀၀ ကျော် စစ်ဘေးဒုက္ခသည် ဖြစ်နေရသည်ဟု သိရသည်။

စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာလိုင်း ဖြတ်တောက်ထား၍ ဒေသခံပြည်သူများ အထူးသဖြင့် စစ်ရှောင်ပြည်သူများမှာ ဆက်သွယ်ရေး ခက်ခဲနေကြပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတီတို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသလို ရခိုင်ပြည်အတွင်း ကျန်ရှိနေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့ကို ထိုးစစ်အရှိန် မြှင့်တင်လာနေသည်။

#WesternNews #WN #ကျောက်ဖြူ #တိုက်ပွဲ #စစ်ကောင်စီ #AA #လေကြောင်းတိုက်ခိုက် #ဒုက္ခသည် #စစ်ဘေးရှောင် #နေရပ်စွန့်ခွာ

■ မြောက်ဦးဆေးရုံကြီးတွင် ဆေးဝါးများ စျေးမြှင့်တင် ရောင်းချမှုကြောင့် လူနာများ အခက်တွေ့

Western News| ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများကို စျေးအဆမတန် မြှင့်တင်ရောင်းချနေမှုကြောင့် လူနာများအခက်တွေ့လျှက်ရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့် လူနာများထံမှ သိရသည်။

ဆေးရုံတွင်းရောင်းချသည့် ဆေးဝါးများမှာ စျေးနှုန်း အတည်တကျမရှိခြင်းနှင့် ပြင်ပဆေးဝါးများထက် စျေးပိုမြင့်တင်ပြီး လူနာများ မဖြစ်မနေ ဝယ်ယူနေကြရကြောင်း လူနာအမျိုးသမီးတစ်ဦးက ပြောသည်။

"ဆေးဝါးစျေးတွေက တစ်ယောက်ကို ပေးလိုက်တဲ့စျေးနဲ့ နောက်တစ်ယောက်ကို ပေးတဲ့ စျေးတွေက ကွာနေတာတွေရှိတယ်။ ရောင်းတဲ့ သူနာပြုရဲ့ ပါးစပ်ကထွက်တဲ့ စျေးပဲဖြစ်နေတယ်။ ပြီးတော့ ပြင်ပဆေးဆိုင်တွေထက် စျေးပိုတယ်။ ကျမ ဆေးရုံက ဝယ်လာတဲ့ ပိုးသတ်ဆေးနဲ့ တစ်ခြားချောင်းဆိုး ဝေဒနာသက်သာစေတဲ့ ဆေးရဲ့ စျေးတွေကို ပြင်ပဆေးဆိုင်တွေမှာ မေးကြည့်တော့ စျေးကွာနေတာလည်း တွေ့ရတယ်" ဟု ပြောသည်။

ပြင်ပဆေးဆိုင်များ၌ ၂၀၀၀ ကျပ်ရှိသည့် ဆေးထိုးအပ်တစ်ချောင်းကို မြောက်ဦးဆေးရုံကြီးတွင် ၃၀၀၀ ကျပ်၊ ပြင်ပဆေးဆိုင်များ၌ ၁၂၀၀၀ ကျပ်ရှိသည့် ပိုးသတ်ဆေးတစ်ကဒ်ကို ဆေးရုံကြီး၌ ၁၃၀၀၀ ကျပ်၊ ပြင်ပဆေးဆိုင်များ၌ ၅၀၀၀ ကျပ်ရှိသည့် ဗီတာမင်စီ ၁၅ လုံးပါ တစ်တွဲကို ဆေးရုံကြီး၌ ၇၀၀၀ ကျပ် စသဖြင့် အသီးသီး ဈေးမြှင့်တင်ရောင်းချနေကြောင်း သိရသည်။

မြောက်ဦးပြည်သူ့ဆေးရုံးကြီး၏ ဆေးဝါးများနှင့် ကုသရေးပစ္စည်းများမှာ ပုံမှန်ဈေးမရှိဘဲ ဝယ်ယူသူအပေါ်လိုက်၍ ဈေးအပြောင်းအလဲရှိကြောင်း လူနာများထံမှ သိရသည်။

ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကို ရောင်းရာတွင်လည်း ဆေးဝါးတစ်ခုချင်းစီအလိုက် ကျသင့်စျေးနှုန်းများအတွက် ပြေစာ (ဘောက်ချာ) များလည်း ပေးခြင်းမရှိဟု ဆေးကုသမှုခံယူနေသည့် လူနာရှင်တစ်ဦးက ပြောသည်။

"ဆေးဝယ်ရင် လိုအပ်လို့ ဘောက်ချာတို့ ဘာတို့ တောင်းရင်လည်း မရပါဘူး။ လာထုတ်တဲ့ ဆေးအားလုံးပေါင်း ဘယ်လောက်ကျတယ်လောက်ပဲ သိတယ်။ တစ်ခါတစ်ခါ ထုတ်ခိုင်းတဲ့ ဆေးတွေ အပြည့်မပါတာတို့လည်း ရှိတယ်။ ဒီလိုကျရင် ဘောက်ချာလည်းမရတော့ ပြန်ပြောဖို့က ခက်တယ်။ ဒီလိုမျိုး ဆေးရုံတက်သူတိုင်းနီးပါး ကြုံရတယ်" ဟု ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်စဉ်က အမူအကျင့်တစ်ခုဖြစ်သည့် ဆေးရုံက ဝန်ထမ်းများနှင့် ပြင်ပဆေးဆိုင်များ ပေါင်းပြီး ဆေးရုံတွင် အခမဲ့ရသော ဆေးဝါးများကို ပြင်ပဆေးဆိုင်များ၌ ဝယ်ယူရသည့် အခါလည်းရှိကြောင်း နောက်ထပ် လူနာရှင်အမျိုးသားတစ်ဦးက ပြောသည်။

"တချို့ဆေးတွေက ဆေးရုံကြီးမှာ အခမဲ့ ရတဲ့ဟာကို ဆေးရုံဝန်ထမ်းတွေက ထုတ်မပေးဘဲ ပြင်ပဆေးဆိုင်တွေက ဝယ်ခိုင်းတယ်။ ခန္ဓာကိုယ်အားဖြည့်တဲ့ တိုင်ထူရတဲ့ ဆေးရည်ဗူးတွေဆိုရင် ဆေးရုံမှာ အခမဲ့ ပေးရမှာ။ ဒါကို အပြင်ကနေ ဝယ်ခိုင်းတယ်။ ဆေးရုံကြီးရှေ့မှာ ပေါင်းလုပ်စားနေတဲ့ ဆေးဆိုင်တစ်ဆိုင်ရှိတယ်။ ဆေးဆိုင်နာမည်တော့ မပြောတော့ဘူး။ အဲဆိုင်က ဝယ်မှ ရမယ့် ဆေးမျိုး။ သွားဝယ်ရတယ်။ ဆေးရုံကို ပေးရတယ်" ဟု ပြောသည်။

ဆေးရုံ၏ လည်ပတ်ပုံစနစ်မှာ စစ်ကောင်စီ အုပ်ချုပ်စဉ်ကနည်းတူ ဖြစ်နေပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရခြင်းမှာ ထူးခြားမလာကြောင်းလည်း ပြောဆိုကြသည်။

#WesternNews #WN #မြောက်ဦးဆေးရုံ #ပြည်သူ့ဆေးရုံ #ဆေးဝါးများဈေးမြင့် #လူနာများအခက်တွေ့

■ သာပေါင်းမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်

Western News| ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းကစ၍ သာပေါင်းမြို့နယ် အနန်းကုန်း၊ ခွေကုတ်နှင့် သာပေါင်းလေး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ပုသိမ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မနေ့က မနက်ပိုင်းကစပြီး အနန်းကုန်း၊ ခွေးကုတ်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က အင်အား အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလည်း လေယာဉ်တွေ၊ လေထီးတပ်တွေနဲ့ ပြန်ခုခံနေတယ်လို့ ပြောတယ်" ဟု ပြောသည်။

သာပေါင်းမြို့နှင့် ရေကြည်မြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်နှင့် ကာကင်းစခန်းများကိုလည်း အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေကြောင်း သိရသည်။

ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ခလရ ၃၆ မှ စစ်ကောင်စီ၏ Paramotor စက်တပ်လေထီး ၃ စီး (အစိမ်းရောင်) သည် သာပေါင်းတိုက်ပွဲသို့ နှစ်စီးပျံသန်းသွားပြီး တစ်စီးမှာ ရေကြည်မြို့နယ်ဘက်သို့ ပျံသန်းသွားသည်ဟု ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီကျော်က ထုတ်ပြန်ထားသည်။

သတင်းရင်းမြစ်တစ်ဦးက "အခု ဖြစ်နေတဲ့ သာပေါင်းတိုက်ပွဲမှာ ဒဏ်ရာ စစ်ကောင်စီတပ်သားတွေကို ရေကြည်နဲ့ ပုသိမ်ဆေးရုံကို ပို့တယ်လို့ ကြားတယ်။ ဇန်နဝါရီလကလောက် တိုက်ပွဲက တစ်ရက်လုံးဖြစ်တာ မဟုတ်ဘဲ အချိန်အပိုင်းအခြားနဲ့ ဖြစ်ကြတယ်လို့ သိရတယ်"ဟု ပြောသည်။

ဇန်နဝါရီလကတည်းက ဖြစ်ပွားခဲ့သည့် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရပ်တန့်ခဲ့ပြီး ယခု တကျော့ပြန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအနီး တိုက်ပွဲအတွင်း သာပေါင်းမြို့မရဲစခန်းမှူး ဝင်းနိုင်ဦးကို AA ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ပြီး ဝင်းနိုင်ဦးမှာ သေဆုံးသွားသည်။

အာရက္ခတပ်တော် AA ၏ ပူးပေါင်းတပ်ဖွဲ့သည် ဂွမြို့နှင့်ဧရာဝတီအစပ်က မကျီးဇင်ဒေသကို သိမ်းပိုက်ပြီးနောက် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်ဘက်သို့ တိုက်ပွဲ ဦးတည်ခဲ့သည်။

#WesternNews #WN #ဧရာဝတီ #သာပေါင်းမြို့နယ် #တိုက်ပွဲ #စစ်ကောင်စီ #AA #ပူးပေါင်းတပ်ဖွဲ့

စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က အဘွားအို ၁ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်

Western News| ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ နှစ်ဦးကို သတ်ဖြတ်ကာ ကျေးရွာအတွင်းက နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သားများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် ဝင်ရောက်လာချိန်တွင် နှမစားရစ်ရွာ အသက် ၅၀ အရွယ်ရှိ ဦးအောင်စိုး နေအိမ်အတွင်း ပုန်းအောင်းနေစဉ် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ထို့အပြင် အဆိုပါကျေးရွာမှ နေအိမ်အတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသော အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၁၀၀ ခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသပြည်သူတစ်ဦးက "အင်အား ၆၀ ခန့်နဲ့ နှမစားရစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီးတော့ လူသတ် မီးရှို့သွားတာပါ။ နေအိမ်ထဲက မထနိုင်တဲ့ လေဖြတ်နေတဲ့ အသက် ၉၀ နှစ်အရွယ် အဖွားနွဲ့ကြည်ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်။ နေအိမ်ထဲမှာ ပုန်းနေတဲ့ ကို အောင်စိုးကိုလည်း ဖမ်းဆီး လည်လှီးသတ်ဖြတ်သွားတယ်။ ဦးခေါင်းလည်း ပွင့်ထွက်နေတယ်"ဟုပြောသည်။

ယင်းနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်အားလုံးကို မွှေနှောက်ရှာဖွေပြီး တန်ဖိုးကြီး ပစ္စည်းများကို ထော်လာဂျီများဖြင့် ခိုးယူလုယက်တင်ဆောင်သွားကြောင်း နောက်ထပ် ဒေသပြည်သူတစ်ဦးက ပြောသည်။

ဒေသပြည်သူတစ်ဦးက "မီးရှို့လို့ ကျေးရွာထဲက နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျသွားတယ်။ ပြည်သူ ပိုင် ပစ္စည်းတွေကို ထော်လာဂျီနဲ့ အကုန်တင်ပြီး ယူဆောင်သွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်၏ စစ်ကြောင်းများက ရွှေဘိုမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ် ကြောင်း ထိုးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

#စစ်ကြောင်းထိုး #ဝင်ရောက်ခဲ့ #စစ်ကောင်စီတပ် #အဘွားအိုး #အရပ်သား #သတ်ဖြတ်

■ ရခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို AA က ပြန်လွှဲပြောင်းပေး

Western News| ဖေဖော်ဝါရီ ၂၈

ရခိုင်ရေပိုင်နက် နတ်မြစ်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အာရက္ခတပ်တော် AA က ဖမ်းဆီးစစ်ဆေးနေပြီး ပြန်လွတ်ပေးမှုများလည်း ရှိနေသည်။

ပြီခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှဲပြောင်းပေးလာသည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဖော်ပြသည်။

အာရက္ခတပ်တော် AA က Teknaf ရှိ Shah Porir Dwip ၏ ဆိပ်ခံတံတားမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ထံ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

"AA က ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရေလုပ်သား ၂၉ ဦးကို နတ်မြစ်အတွင်း ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့ရဲ့ကျန်းမာရေးကို စစ်ဆေးပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ အပြီးမှာ သူတို့ရဲ့ မိသားစုတွေကို လွှဲပြောင်းပေးမှာပါ" ဟု Teknaf Upazila Nirbahi အရာရှိ Sheikh Ehsan Uddin က ပြောသည်။

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် BGB က အာရက္ခတပ်တော် AA နှင့် ကြိုးပမ်းညှိနှိုင်းခဲ့ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၂၀ ရက်တို့တွင် ရခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မကြာခဏ ငါးဖမ်းလေ့ရှိပြီး အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း လိုက်လံဖမ်းဆီး စစ်ဆေးနေကြောင်းလည်း သိရသည်။

#WesternNews #WN #ဘင်္ဂလားဒေ့ရှ် #ငါးဖမ်းသမားများ #ရခိုင်ရေပိုင်နက် #ငါးခိုးဖမ်း #အာရက္ခတပ်တော် #ဖမ်းဆီးစစ်ဆေး #ပြန်လည်လွှဲပြောင်းပေး #BGB

တစ်ဖက်တွင် စစ်ရေးကို ဦးစားပေးနေ၍ သိမ်းပိုက်ထားသော မြို့နယ်များတွင် အုပ်ချုပ်ရေး လိုအပ်ချက်များရှိနေသေးပြီး ဥပဒေမဲ့ လုပ်ရပ်များကို မြန်မြန်ဆန်ဆန် စုံစမ်းဖော်ထုတ်ကာ တရား ဥပဒေစိုးမိုးရေးကိုလည်း ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ထောက်ပြသူများက ပြောဆိုထားကြသည်။

#WesternNews #WN #ရခိုင် #လွတ်မြောက်နယ်မြေ #ဓါးပြမှု #လူသတ်မှု #ဥပဒေမဲ့လုပ်ရပ် #အာရက္ခတပ်တော် #AA

ဓါတ်ပုံ- APM

■ ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

(AA က ဥပဒေမဲ့ လုပ်ရပ်များကို သေချာ မကိုင်တွယ်နိုင်လျှင် ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်)

Western News| ဖေဖော်ဝါရီ ၂၇

အာရက္ခတပ်တော် ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ် မြေများတွင် ဓါးပြတိုက်မှု၊ လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုများ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။

Western News ၏ စုစည်းချက်အရ ရခိုင် လွတ်မြောက်နယ်မြေများတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဥပဒေမဲ့ လုပ်ရပ် ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိနေပြီး ကလေးသူငယ် ၂ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်နေသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က လက်ရှိအချိန်အထိ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိဘဲ တရားခံများမှာ လွတ်မြောက်နေကြောင်း ခံရသူ မိသားစုဝင်များက ပြောဆိုသည်။

ယခု လတ်တလော ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့ လုပ်ရပ်မှာ ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ် ၁၂ နာရီက မြောက်ဦးမြို့ သျှစ်သောင်းဘုရားရင်ပြင်တွင် ဓါးပြတိုက်ပြီး ဂေါပက တစ်ဦးကို သတ်ဖြတ်သွားသည့် ဖြစ်စဉ်ဖြစ်သည်။

သျှစ်သောင်းဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးမှာ ဘုရားရင်ပြင်၌ အလှူခံရှိနေစဉ် အမည်မသိ လူတစ်ဦးက ဓါးရှည် တစ်လက်ဖြင့် သတ်ဖြတ်သွားခြင်းဖြစ်သည်။

"အမည်မသိ လူတစ်ဦးက ဓါးတစ်လက်နဲ့ ဘုရားအလှူငွေတွေကို ဓါးပြတိုက်တယ်။ ဓါးနဲ့ ခုတ်သတ်သွားလို့ သေဆုံးသွားပါတယ်။ ငွေတွေ ပါသွားလား မပါသွားဘူးလားတော့ သေချာ မသိရသေးပါ" ဟု ပြောသည်။

သျှစ်သောင်းဘုရား ဂေါပကကို သတ်ဖြတ်သွားသည့် အမည်မသိရသေးသည့်သူမှာ မင်းပြားဒေသခံဖြစ်ပြီး မြောက်ဦးတွင် အိမ်ထောင်ကျနေသော အမျိုးသား လူလတ်ပိုင်းတစ်ဦးဖြစ်ကြောင်း Western News က စုံစမ်း သိရသည်။

သျှစ်သောင်း ဘုရားအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို အာရက္ခတပ်တော် AA က စုံစမ်းစစ်ဆေးနေပြီး တရားခံကို ရှာဖွေနေသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ တရားခံကို ဖမ်းမိနိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရသည်။

အဆိုပါနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင်လည်း မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ ကားလမ်းမဘေးက မြတ်ရတနာရွှေဆိုင်ကို လူငယ်တစ်ဦးက ၆ လက်မလောက်ရှိသော ဓားဖြင့် ဓါးပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရွှေဆိုင်ပိုင်ရှင်ကို ခြိမ်းခြောက်ကာ ရွှေများ လုယက် ဓါးပြတိုက်ခြင်းဖြစ်ပြီး ဓါးပြတိုက်သူမှာ ကျောက်တော်မြို့နယ်က ကျပန်း အလုပ်လုပ်ကိုင်နေသူ ကိုကျော်နိုင်ဆိုသူဖြစ်ပြီး ၎င်းကို ဖမ်းဆီး ရရှိခြင်း ရှိ မရှိကိုမူ မသိရသေးပေ။

ယင်းဖြစ်စဉ်မှာ ရွှေများ မပါသွားသော်လည်း ပြန်လည်ခုခံခဲ့သည့် ရွှေဆိုင်ပိုင်ရှင်သား အသက် ၁၄ နှစ်အရွယ် မောင်မင်းဖြိုးဝေမှာ လက်တွင် ဒဏ်ရာရရှိသွားပြီး မစိုးရိမ်ဒဏ်ရာဖြင့် မင်းပြားတွင် ဆေကုသမှု ခံယူနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၇ နာရီခွဲခန့်မှာ မင်းပြားမြို့နယ် ရွှေတမာအုပ်စု မွတ်ဆလင်ကျေးရွာ လက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၅ နှစ်အရွယ် မောင်သိန်းနိုင် သတ်ဖြတ်ခံခဲ့ရပြီး တရားခံများကို ယနေ့အချိန်အထိ AA က ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အမည်မဖော်လိုသည့် အသက် ၃၄ နှစ်အရွယ်ရှိ မင်းပြား မြို့ခံတစ်ဦးက "ဘာရန်ငြိုးရန်စတွေ မရှိဘဲ လက်မရွာအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သွားတာပါ။ အုပ်ချုပ်ရေးမှူးအိမ်မှာပဲ ည ၇ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သွားတယ်။ တရားခံတွေကို မဖမ်းမိသေးဘူး" ဟု ပြောသည်။

မြောက်ဦး-ကျောက်တော် ကားလမ်းမ လင်းမြွေတောင် ခြေရင်းတွင်လည်း မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ ဓါးပြတိုက်ခိုက်မှု ယခုနှစ်အတွင်း အနည်းဆုံး ၃ ခုထက်မနည်း ဖြစ်ပွားသည့် ဖြစ်စဉ်များရှိကြောင်း ဒေသခံများက ပြောသည်။

အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း အရွယ်ရှိ အနည်းဆုံး လူ ၅ ဦးပါသည့် မျက်နှာဖုံးစွပ် ဓါးပြအဖွဲ့မှာ တောများထူ ထပ်နေသော လင်းမြွေတောင် ခြေရင်းရှိ ကားလမ်းမတွင် သွားလာနေသော ခရီးသွား ပြည်သူများကို ဓါးပြတိုက်နေခြင်းဖြစ်သည်။

အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက မျက်နှာဖုံးစွပ် လူ ၅ ဦးပါ ဓါးပြအဖွဲ့သည် မြောက်ဦးက ငွေထုတ်ပြီး ပြန်လာသော ကျောက်တော်ဒေသခံ တစ်ဦးကို ငွေလုယက် ဓါးပြတိုက်ခဲ့သည်။

မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးမှာလည်း ဈေးရောင်းပြီးအပြန် လင်းမြွေတောင်ခြေရင်းတွင် ဖေဖော်ဝါရီလ ပထမ အပတ်က ဓါးပြတိုက်ခံခဲ့ရသည်။ အဆိုပါ ဓါးပြအဖွဲ့မှာ မည်သူမည်ဝါ ပါဝင်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

မြောက်ဦး-ကျောက်တော် ကားလမ်းမသည် ဒေသခံပြည်သူများ၏ သွားလာရေးအတွက် အလွန်အားထားရသည့် လမ်းမ တစ်ခုဖြစ်ပြီး ဓါးပြတိုက်ခံရသည့် သတင်းကြောင့် ဒေသခံပြည်သူများမှာ သွားလာရေးကို စိုးရိမ်လျှက်ရှိနေကြသည်။

ကျောက်တော်- မြောက်ဦးကို မကြာခဏသွားလာ နေသူတစ်ဦးက "ကျွန်မတို့က သွားသာ သွားနေရတာ စိတ်ထဲ မလုံဘူးလို့ ခံစားရတယ်။ လမ်းမှာ တစ်ခုခု ဖြစ်မလား၊ တစ်ခုခုလုပ်တာ ခံရမလားဆို ပြီးတော့ကို တွေးပြီးတော့ စိုးရိမ်မိတယ်။ ဒီလမ်းတစ်လျှောက်မှာ လုံခြုံရေးတွေက မရှိဘူးလေ။ တစ်ခုခုဆိုရင် ကျွန်မတို့က ဘယ်သူ့ကို အားကိုးရမလဲ။ ဥပမာ စစ်ဆေးရေးဂိတ် ဘာညာတွေ၊ လုံခြုံရေးအဖွဲ့တွေ ရှိရင်တော့ ကောင်းတာပေါ့။ အခုဘာမှ မရှိတော့ လုပ်တဲ့ လူက လုပ်ရဲ့တာပေါ့နော်" ဟုပြောသည်။

ကျောက်တော်-ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလမ်းတွင်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ပလက်ဝမြို့နယ် မောင်နှမကျေးရွာဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းများ ဓါးပြတိုက်ခံရပြီးနောက် တစ်ပြိုင်တည်း သတ်ဖြတ်ခံခဲ့ရသည်။

၎င်းတို့ ၃ ဦး၏ ရုပ်အလောင်းများကို စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကျောက်တော်-ပလက်ဝ ရေကြောင်းအစပ်ရှိ မွန်ထောင့်ကျေးရွာနှင့် တန့်ဆိပ်ကျေးရွာအနီးက မြစ်ကမ်းစပ်မှာ တွေ့ရှိခဲ့ကြသည်။

သတ်ဖြတ်ခံရသူများမှာ မိသားစုဝင်များဖြစ်ပြီး ဖခင်ဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်နှင့် မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပိစိထွန်းတို့ ဖြစ်သည်။

၎င်းတို့ ၃ ဦးမှာ အိန္ဒိယက ကုန်ပစ္စည်းများသယ်ယူပြီး ပလက်ဝမြို့ကတစ်ဆင့် ကျောက်တော်မြို့သို့ ကုန်ပစ္စည်း အပြည့်ဖြင့် ရေကြောင်းက စက်လှေတစ်စီးနှင့် လာရောက်စဉ် လမ်းမှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဆန်းအောင်၏ ဇနီးဖြစ်သူမှာ ပလက်ဝမြို့နယ် နှမဒါကျေးရွာရှိ ULA/AA အုပ်ချုပ်ရေးရုံးမှာ တိုင်းကြားထားသော်လည်း တရားခံများအား ယနေ့အချိန်အထိ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

မိသားစုဝင်တစ်ဦးက " အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ အဲအမှုနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာပေါ့နော် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း၊ အရေးယူနိုင်ခြင်းမရှိသေးပါ" ဟု ပြောသည်။

မောင်တောမြို့နယ် လေးမိုင်ရှိ အမှတ် ၂ နယ်ခြားစောင့်တပ် တပ်ရင်းရှေ့အနီးတွင်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က အသက် ၁၀ နှစ်အရွယ် ကလေးငယ် မောင်ဘုန်းမြတ်အောင်မှာ သတ်ဖြတ်ခံခဲ့ရသည်။

မောင်ဘုန်းမြတ်အောင်သည် လေးမိုင်ကျေးရွာနေ ဦးအောင်စိုးလွင်နှင့် ဒေါ်စန္ဒာဝင်း၏ သားဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင် တွေ့ရှိခဲ့ရသည်။

၎င်းတို့နေအိမ်နှင့် ၅ အိမ်ခန့်အကွာရှိ နေအိမ်ထဲတွင် ဘောင်းဘီမပါဘဲ ဒဏ်ရာများစွာဖြင့် သေဆုံးလျှက် တွေ့ခဲ့ရသည်ဟု မိဘများက ပြောဆိုထားပြီး ကလေးငယ်အား သတ်ဖြတ်ခဲ့သူမှာ အာရက္ခတပ်တော် AA ၏ တပ်ဖွဲ့ဝင် မိုင်းဆရာ တစ်ဦးဖြစ်ကြောင်းလည်း မိဘများက ပြောဆိုထားကြသည်။

ကျူးလွန်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စုံစမ်းဖော်ထုတ်အရေးယူပေးရန် မိဘ အပါအဝင် မိသားစုဝင်များ၊ ကျေးရွာသားများနှင့် မောင်တောပြည်သူလူထုက တောင်းဆိုနေကြသည်။

AA ၏ အုပ်ချုပ်ရေးယန္တရားကို စောင့်ကြည့်နေသူတစ်ဦးက "အုပ်ချုပ်ရေးမှူးကအစ မိသားစု သုံးလောင်းပြိုင်အထိ အသတ်ခံလာရတယ်။ ပြီးတော့ ဘုရားဂေါပက လူကြီးအထိ သတ်လာတယ်။ ဒီလို ဖြစ်တာက အုပ်ချုပ်ရေးပိုင် အားနည်းလာလို့ ဖြစ်သလို တစ်ဖက်မှာ လူတွေ ငတ်မွတ်လာတဲ့ အခါမှာ ရွေးချယ်စရာမရှိတော့ဘဲ လုပ်ရဲလာကြတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ULA/AA ရဲ့ ရဲတပ်ဖွဲ့က ဒီလို ရာဇဝတ်မှုတွေကို မြို့နယ်အလိုက် စနစ်တကျ ကိုင်တွယ်ဖို့ လိုလာတယ်။ ဒါကို ကြည့်ရင် တရားဥပဒေ စိုးမိုးမှု အားနည်းလာတယ်ဆိုတာကို ပြသာလာတယ်။ ဒါကို ULA/AA အစိုးရ က သေချာ မကိုင်တွယ်ဘူးဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုပြီး ကျလာဖို့ပဲ ရှိတော့တယ်" ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်းက သိမ်းပိုက်ထားသော မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း လက်တွေ့ တွင် အကောင်အထည် မဖော်နိုင်သေးမှုအပေါ် ပြည်သူများက ဝေဖန်ဆိုပြောကြ နေသည်။

အရက်ဖက် အဖွဲ့အစည်းနှင့် NGO တွင် လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက "ULA/AA က ဒီကိစ္စကို အရေးတယူဆောင်ရွက်ဖို့လိုနေပါတယ်။ မဟုတ်ဘူးဆိုရင် ဒီထက် ဆိုးရွားလာတဲ့ အခြေအနေတွေ ဖြစ်လာမယ်။ ရာဇဝတ်မှုတွေ ဒီထက် ဆိုးရွားလာမှာဖြစ်တယ်။ ကျနော်လည်း ULA/ AA ကို ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ်တွေမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ပြီး လုပ်ကိုင်နေပါတယ်။ အောက်ခြေမှာ တကယ်ဖြစ်နေတာတွေကို အထက်က လူကြီးတွေက သိ မနေပါဘူး။ တစ်ချို့ လူကြီးတွေက မသိဟန်ဆောင်နေတာလည်း ရှိနေပါတယ်။ ဒါတွေကို သိစေချင်ပါတယ်။ ကျွန်တော်ကတော့ ပြောင်းလဲမှုတွေကို ပိုပြီးတော့ လုပ်စေချင်ပါတယ်"ဟုပြောသည်။

■ ကျောက်ဖြူက စစ်ကောင်စီရေတပ်ကို AA က ဆက်လက်တိုက်ခိုက်နေ

Western News| ဖေဖော်ဝါရီ ၂၇

YouTube: https://youtu.be/2djYRRPhoXw
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာဈေးဆိုင်များနှင့် မြန်မာနေထိုင်သည့် နေရာများကို ဖမ်းဆီးမှု ကြမ်းနေ (မေးမြန်းချက်)

Western News| ဖေဖော်ဝါရီ ၂၇

#WesternNews #WN #ထိုင်းနိုင်ငံ #မဲဆောက်မြို့ #အလုပ်သမားများ #ထိုင်းရဲ #ထိုင်းလဝက #ဖမ်းစီးခံရ

YouTube: https://youtu.be/ipqaJVUDyj0
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News