ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ အာကာသ ကော်ပိုရေးရှင်း (State Space Corporation-ROSCOSMOS) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(မတ် လ ၈ ရက်) ဒေသစံတော်ချိန်နံနက်ပိုင်းတွင် Samara မြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားနိုင်ငံ အာကာသ ကော်ပိုရေးရှင်း (State Space Corporation-ROSCOSMOS) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ကိုယ်စားလှယ်အဖွဲဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲဝင်များသည် ဂြိုလ်တုများအား ခံနိုင်ရည် စမ်းသပ်သည့် စင်တာသို နှင့် Soyuz- 2 ဒုံးပျံများ နောက်ဆုံးတပ်ဆင် စစ်ဆေးမှုပြုလုပ်သည့် အလုပ်ရုံသို လေ့လာကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။