Últimas Postagens de Western News (@thewesternnews) no Telegram

Postagens do Canal Western News

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 Inscritos
12,863 Fotos
505 Vídeos
Última Atualização 28.02.2025 17:35

O conteúdo mais recente compartilhado por Western News no Telegram


ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုနှင့် စစ်ကြောင်း ထိုးမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံး


Western News| ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲပြီး မြေပြင်တွင် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး နေအိမ် ၁၁လုံး ပျက်စီးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် -နမခမှ အင် အားဖြည့်တင်းထားသော စစ်သားများနှင့် မြပုလဲဂိတ်မှ စစ်သားများ ပူးပေါင်းကာ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာတို့ကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အဆိုပါကျေးရွာများကို ဝေဟင်မှ ဂျက်ဖိုကတာ တစ်စီးဖြင့် ပထမဆုံး အကြိမ်ကျေးရွာ အတွင်း ဗုံးကြဲခဲ့ပြီး မြေပြင်စစ်ကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တပြိုင်တည်း ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ စီးနင်း တိုက်ခိုက်မှုအတွင်း အသက် ၁၂ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦးအပါအဝင် အမျိုးသမီး ၇ ဦး ၊ အမျိုးသား ၃ ဦး နှင့် နေအိမ် ၁၁ လုံး ပျက်စီးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုမှာတင် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၃ ဦးသေတယ်၊ အမျိုး သမီး ၇ ဦးမှာအသက် ၁၂ နှစ်ဝန်းကျင် မိန်းကလေး ၂ ဦးပါတယ်၊ တခြားနယ်ကနေ ဧည့်သည်ရောက် နေသူလည်းပါတယ်၊ နေအိမ်တစ်လုံးဆိုရင် လေယာဉ်ပေါ်ကနေ ချတဲ့ ဗုံးကျပြီး မိသားစုတစ်စုလုံး သေတယ်။ နေအိမ်လည်း တစ်ခြမ်းလုံး ပြိုကျပျက်စီးတယ်"ဟုပြောသည်။

ချောင်းဦးမြို့နယ်၊ ချောင်းမကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်နှင့် ချောင်းမကျေးရွာ သည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့်ကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ပကဖ အဖွဲ့ဝင် အနည်းခန့်သာ ကျေးရွာ အနီးပတ်ဝန်းကျင်၌ ရှိနေ ချိန်ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "ပကဖ တပ်ဖွဲ့ဝင်က ၂ ဦးကျတယ်၊ စစ်ကြောင်းဝင်ရောက်မှုတစ်ခုလုံး စုစုပေါင်း ၁၂ ဦးသေတာ၊ နေအိမ် ၃ လုံးက လုံးလုံးပျက်စီးတယ်၊ အမိုး လန်တာ၊ တခြားထိခိုက်ပျက်စီးမှုတာတွေက ၈ လုံးလောက်ရှိတယ်"ဟုပြောသည်။

နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာသည် ချောင်း ဦးမြို့နှင့် ၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကြောင်း စတင်ထွက်စဉ် ကတည်းကပင် မြပုလဲဆီဆိုင်ဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က မြေပြင်မှ လည်း အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းသို့ စီးနင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူ အမြောက်အများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရသည်။

အဆိုပါစစ်တပ်က စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းတွင် ပြန်လည် ဆုတ် ခွာသွားပြီးနောက် ညပိုင်းအထိ စစ်တပ်၏ မြပုလဲစခန်းက လက်နက်ကြီးများဖြင့် နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာသို့ ပစ်ခတ်ခဲ့သည်။

#ချောင်းဦးမြို့နယ် #စစ်ကောင်စီတပ် #ဗုံးကြဲ #စစ်ကြောင်းထိုး #အရပ်သား #သေဆုံး

■ စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ

Western News| ဖေဖော်ဝါရီ ၂၄

#WesternNews #WN #စစ်တွေ #အကျဉ်းထောင် #စစ်မှုထမ်း #ခေါ်မည် #သတင်းထွက် #စိုးရိမ်နေကြ

YouTube: https://youtu.be/cFAU-RM8AX4
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ ULA/ AA က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

Western News| ဖေဖော်ဝါရီ ၂၄

YouTube: https://youtube.com/shorts/xv24t90c7lk
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ လက်နက်ကိုင်ဆောင်ခွင့်ရှိသည့် စစ်ကောင်စီ၏ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေမှာ EAO များ ထိန်းချုပ်သည့် တိုင်းရင်းသားဒေသတွင် ခက်ခဲနိုင်

Western News| ဖေဖော်ဝါရီ ၂၄

လက်နက်ကိုင်ဆောင်ခွင့်ရှိသော ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြဌာန်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ EAO ထိန်းချုပ်သည့် ဒေသများတွင် ခက်ခဲနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဥပဒေကို အကြောင်းပြု၍ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများကို တည်ထောင်ခွင့်ပြုကာ စစ်ကောင်စီသည် စစ်ရေးအကူအညီများ ယူလာနိုင်ကြောင်းလည်း သုံးသပ်သူများရှိနေကြသည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေသည် စစ်ကောင်စီ ထိန်းချုပ်သည့် မြို့ကြီးအချို့တွင် အသက်ဝင်နိုင်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် မဖြစ်နိုင်ကြောင်း ရခိုင်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများအား စောင့်ကြည့်လေ့လာသူ ဦးထွန်းကြည်က ပြောသည်။

"စစ်ကောင်စီရဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အသက်ဝင်ဖို့ အများကြီးခက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်ချို့မှာတော့ ဖြစ်လာနိုင်တယ်။ အဲဒီဥပဒေက အဓိကတော့ စီမံကိန်းတွေကို ထိန်းချုပ်ထားဖို့၊ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေကို သွင်းပြီးတော့ အထူးသဖြင့်တော့ တရုတ်ကို ရည်ညွှန်းတာပေါ့လေ။ တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်လာနိုင်တယ်ဆိုတာကိုတော့ ကျနော်ကတော့ အပြည့်အဝ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်၊ မန္တလေး လို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဒီကုမ္ပဏီတွေ ပေါ်လာနိုင်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပေါ်လာဖို့က အများကြီးခက်ခဲနိုင်ပါတယ်" ဟု ပြောသည်။

ထိုဥပဒေမှာ အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကျောက်ဖြူဒေသရှိ တရုတ်လုံခြုံရေးကုမ္ပဏီများအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် ရရှိရေးကို ရည်ရွယ်ထားကြောင်းလည်း သုံးသပ်ကြသည်။

ကျောက်ဖြူရှိ တရုတ်နိုင်ငံပိုင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် တရုတ်စီမံကိန်းများကို အဓိက ကာကွယ်ရန် စစ်ကောင်စီက ရည်ရွယ်ပြဋ္ဌာန်းဖြစ်ကြောင်း လေ့လာသပ်သူများက ပြောဆိုကြသည်။

လိုင်စင်ရရှိသူက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်ချက်အရ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီသို့ တင်ပြ၍ သဘောထားရယူခြင်း၊ လိုင်စင်ကြေး၊ လိုင်စင်သက်တမ်းတိုးကြေး၊ ဝန်ဆောင်ခ၊ လိုင်စင်စည်းကမ်းချက်များနှင့် ခွင့်ပြုမိန့်စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၏ ဝတ်စုံ၊ တံဆိပ်နှင့် အဆင့်တံဆိပ်တို့ကို အတည်ပြုပေးခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ပြည်တွင်းစစ်ပွဲများတွင် အသာစီးပြန်ရရေး၊ နယ်မြေများ ပြန်လည်ရရှိရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ထူထောင်ခွင့်ပြုကာ စစ်ရေးအကူအညီများ ရယူလာနိုင်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်သည်။

"နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေကို ခွင့်ပြုပြီးရင် အဲဒီဟာတွေက စစ်ကောင်စီလက်အောက်ခံ မဟုတ်ရင်တောင် သူတို့နဲ့ မဟာ မိတ်သဘောလို့ ကျနော်ကတော့ထင်တယ်။ စစ်ကောင်စီက သူတို့အနိုင်ရဖို့အတွက် တရုတ် ရှရှားတို့နဲ့ ဘာမဆို တွဲလုပ်နိုင်တယ်။ စစ်ပွဲတွေမှာ မပါဝင်ရင်တောင် စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ နည်းပညာနဲ့ နည်းဗျုဟာတွေကို အကူအညီပေးလာမှာလို့ မြင်တယ်" ဟု ပြောသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေအရ လက်နက်တပ်ဆင်ထားသော ပြည်တွင်းနှင့် ပြည်ပ လုံခြုံရေးအဖွဲ့များနှင့် ကုမ္ပဏီများသည် စစ်ကောင်စီ၏ စစ်တပ်၊ ရဲ အပါအဝင် စစ်ကောင်စီ၏လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈ (၄) တွင် လုပ်ငန်းလိုအပ်ချက်အရ လိုင်စင်ရရှိသူက သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လက်နက်ဥပဒေ၊ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ကိုင်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အဓိကကျသော အချက်အနေဖြင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များနှင့် ကုမ္ပဏီများသည် စစ်ကောင်စီ၏ လက်အောက်ခံရဲနှင့် စစ်တပ် အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉ (င)တွင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအဖွဲ့ အစည်းတစ်ခုခုက နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အကြောင်းကြားပါက ငြင်းပယ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

လတ်တလော AA ၏ ထိုးစစ်ကြောင့် လုံခြုံရေး အထူးစိုးရိမ်နေရသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တရုတ်လုံခြုံရေးကုမ္ပဏီများ ထူထောင်ခွင့်ပြုရန် စစ်ကောင်စီက စီစဉ်ပေးနေပြီး ယင်းလုံခြုံရေးကုမ္ပဏီတွင် တရုတ်နှင့် မြန်မာ အစိုးရ-ပုဂ္ဂလိက ဖက်စပ် ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

#WesternNews #WN #စစ်ကောင်စီ #လုံခြုံရေးဝန်ဆောင်မှုဥပဒေ #လက်နက်ကိုင်ဆောင်ခွင့် #တရုတ် #ရုရှား #မြန်မာ

ပုံစာ တရုတ်အစိုးရပိုင်လုပ်ငန်းများ အခြေစိုက်ရာ မဒေးကျွန်းကို ၂၀၁၉ အောက်တိုဘာလဆန်းက တွေ့ရစဉ်။ ဓါတ်ပုံ - CJ

■ ဂွမြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေသည့် ပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီလိုအပ်နေ

Western News| ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည် ဂွမြို့နယ်က အရေပြားရောဂါ ဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။

အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်တို့ဖြစ်ပြီး ယင်းအထဲတွင် အသက် ၁၀ နှစ်အောက် ကလေး ၆၀၀ နှင့် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၆၀၀၁ ဦးပါဝင်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောသည်။

"မြေပြင် ဆေးဝါးကုသရေးနဲ့ ထောက်ပံ့ကူညီရေးတွေကို တခြား အသင်းအဖွဲ့တွေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ လုံလောက်တဲ့ ဆေးဝါးမရှိလို့ ကုသမှုမှာ ခက်ခဲနေပါတယ်။ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ မြေပြင်မှာ ဆေးဝါးရှားပါးတာနဲ့ ဆေးဝါးဈေးနှုန်း ကြီးမြင့်နေတာတွေကြောင့် ကူညီရေးလုပ်ငန်းတွေမှာ အခက်အခဲများစွာရှိနေပါတယ်" ဟု အဆိုပါအဖွဲ့က ပြောသည်။

အဆိုပါ အချက်အလက်များမှာ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှာ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်ဖြစ်ပွားမှု အရေအတွက်နှင့် လွဲကောင်းလွဲနိုင်သလို ယင်းထက် ဦးလည်း ပိုများပြားနိုင်ကြောင်း သိရသည်။

"ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ‌ကွင်းဆင်းစစ်ဆေးတာ၊ စစ်တမ်းကောက်ယူတာ၊ အရေပြားယားနာနဲ့ ပတ်သက်ပြီး ဆောင်ရန်‌ရှောင်ရန် အသိပညာပေးမျှဝေတာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေက ညွှန်ကြားထားတဲ့ ဆေးဝါးများကို ဝယ်ယူပြီး အရေပြားယားနာ ဝေဒနာခံစားနေရသူတွေဆီ ဖြန့်ဝေကူညီလျှက်ရှိပါတယ်" ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောသည်။

လွန်ခဲ့သည့် နှစ်လကျော်ကစ၍ အရေပြားရောဂါလိုမျိုး လက်တွင် ပထမဆုံး ယားယံခြင်းများ ဖြစ်ပေါ်ကာ ယင်းကတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး အနာစိမ်းအနာခြောက်များ ဖြစ်ပွားနေကြသည်ဟု ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။

"အနာတွေဖြစ်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာပျံ့ပြီးတော့ ပြင်းပြင်းထန်ထန် ခံစားနေရတာရှိပါတယ်။ အဓိက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာက ၁၀ နှစ်အောက် ကလေးတွေ များပါတယ်။ ကလေးတွေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ စောစောက ပြောသလို အနာစိမ်း၊ အနာခြောက်ပေါက်ပြီးတော့က အရေပြားတွေ ပျက်စီးပြီးတော့ တော်တော်လေး ခံစားနေရတာမျိုး ရှိပါတယ်။ ကလေးတွေဆိုရင် ဒီလိုစစ်ရှောင်ကာလမျိုးမှာ အဟာရ လုံလုံလောက် မစားသုံးရခါကျတော့ ကိုယ်ခံအားနည်းတယ်။ လက်ရှိမှာ အရေပြားရောဂါလည်း ဖြစ်နေတော့ သူတို့မှာ ရောဂါကို ခုခံနိုင်ဖို့ ကိုယ်ခံအားမရှိတဲ့အခါကျတော့ တချို့ကလေးတွေဆိုလို့ရှိရင် အစားအသောက်တွေ ကောင်းကောင်း မသုံးဆောင်ရလို့ ဝေဒနာခံစားနေရတဲ့ အချိန်မျိုးမှာ မခုခံနိုင်တော့ဘဲနဲ့ အစားအသောက်တွေ မဝင်တော့ဘဲနဲ့ အိပ်ရာထဲမှာ လဲနေရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်နေတာရှိပါတယ်" ဟု ပြောသည်။

ကိုနိုင်အောင်လင်းက သူ့၏ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် ဂွမြို့နယ်မှာ ယခုကဲ့သို့ အရေပြားရောဂါဖြစ်ပွား မြင့်မားခြင်းသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့်ဟု ပြောသည်။

"ကျနော်တို့ ဂွမြို့နယ်ဆိုတာ ဟိုး… အရင် ရှေ့အစဉ်အဆက်ကတည်းကနေ ကိုယ့်ရပ်ကိုယ့်ရွာ ဒီမြေဒီရွာမှာပဲ နှစ်ပေါင်းကြာရှည်အောင် ရှင်သန်လာတဲ့လူတွေဖြစ်တယ်။ အခု လက်ရှိကာလမှာမှ ဒီလို ဝေဒနာတွေ ခံစားရတယ်ဆိုတော့ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရမလား။ ဒီ စစ်ကောင်စီက လေယာဉ်တွေ၊ နေဗီတွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးကြဲတာတွေကနေ ယမ်းစိမ်းယမ်းငွေ့တွေက ပြည်သူတွေ သောက်သုံးတဲ့ ရေတွင်း၊ ရေကန်တွေကို ကျပြီးတော့မှ ပြည်သူတွေက အဲဒီရေတွေကို သောက်သုံးပြီးတော့မှ အခုလိုမျိုး ယားနာတွေ၊ တခြား ကျန်းမာရေး ချို့တဲ့ရောဂါတွေ ခံစားလာရတယ်လို့ ကျနော်ထင်ပါတယ်" ဟု ပြောသည်။

ဂွမြို့နယ်အပြင် ရခိုင်ပြည်မှာ ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲနှင့် ရမ်းဗြဲဒေသတို့တွင်လည်း အရေပြားရောဂါမျိုးဖြစ်သည့် ခန္ဓာကိုယ် ယားယံခြင်း၊ ဝဲ၊ ခူ စသဖြင့် ဖြစ်ပွားနေကြပြီး ဆေးဝါး အကန့်အသတ်များကြောင့် အလုံးစုံပျောက်ကင်းမှုမရှိကြသေးဘဲ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြဆဲဖြစ်သည်။

မင်းပြားနှင့် ပုဏ္ဏားကျွန်းဒေသမှာ ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာ ဖြစ်ပွားနေပြီး လူပေါင်း ထောင်ချီရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အရေပြားရောဂါအား အာရက္ခတပ်တော် AA ဆေးအဖွဲ့နှင့် အခြားသော ဆေးပညာနားလည်တတ်ကျွမ်းသူတို့ ပူးပေါင်းပြီး ကုပေးနေကြသည်ဟု သိရသည်။

#WesternNews #WN #ဂွမြို့နယ် #အရေပြားရောဂါ #ဆေးဝါးမလုံလောက် #ကုသမှုခက်ခဲနေ #ဆေးဝါးများအကူအညီလိုအပ်နေ

■ ရခိုင်က နေရပ်စွန့်ခွာရသူ ၅၇၀,၀၀၀ နီးပါး အကူအညီလိုအပ်နေဟု ICRC ပြော

Western News| ဖေဖော်ဝါရီ ၂၄

လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၅၇၀,၀၀၀ နီးပါးမှာ အကူအညီများ အဆောတလျင် လိုအပ်နေကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ပြောသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာက်ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နေခြင်းနှင့် ပတ်သက်ပြီး ICRC အား Western News က အီးမေးလ်ဖြင့် မေးမြန်းရာတွင် ယင်းကဲ့သို့ တုန့်ပြန် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"လောလောဆယ် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ၅၇၀,၀၀၀ နီးပါရှိပါတယ်။ သို့သော် ထောင်ပေါင်းရာနှင့်ချီအောင် များပြားသောသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆောတလျင် လိုအပ်ဆဲရှိနေပါတယ်" ဟု ICRC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ICRC အနေဖြင့် မြေမြှုပ်မိုင်းများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအသိုက်အဝန်းများအား ဆေးနှင့် ခရီးစရိတ်များကို ထောက်ပံ့ကူညီနေကြောင်းလည်း ပြောသည်။

ထို့ပြင် အရေးပေါ်တုံ့ပြန်ကူညီမှုအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လောင်စာတောင့်များနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသည့် ရပ်ရွာလူထုအသိုက်အဝန်းများအား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအခွင့်အလမ်းများအတွက် မရှိမဖြစ်အရေးကြီးသည့် လိုအပ်သောအရာများ၊ အစားအစာ၊ အိမ်ထောင်စုသုံးပစ္စည်းများနှင့် နေထိုင်ရန်အမိုးအကာ၊ ရေနှင့်မိလ္လာဆိုင်ရာ အဆောက်အအုံများကို ဖြင့်ဆည်းပေးအပ်ကြောင်း သိရသည်။

ICRC သည် ရခိုင်ပြည်အတွင်းက အကူအညီလိုအပ်နေသူများကို ရှုပ်ထွေးခက်ခဲလျက်ရှိသည့် အခြေအနေများ၌ပင် ပံ့ပိုးကူညီနေကြောင်းနှင့် ဝေးလံသော နေရာများသို့ အကူအညီများ ရောက်ရှိနိုင်ရေးမှာ အဟန့်အတားဖြစ်နေဆဲဟု ဆိုသည်။

"လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်နိုင်မှုမှာ အကန့်အသတ်ရှိခြင်းနဲ့ လုံခြုံမှုမရှိသော အခြေအနေများ အစရှိတဲ့ အခက်အခဲများက ဝေးလံသောဒေသမှာရှိတဲ့ သူများထံသို့ သွားရောက်နိုင်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက် ဟန့်တားမှုဖြစ်စေပါတယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ နှင်ထုတ်မှုကြောင့် စစ်တွေမြို့အနီးက ဗျိုင်းဖြူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းခန့်မှာ စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်း ၅၃ ခုတွင် ခိုလှုံနေထိုင်နေကြရသည်။

"နောက်လမှာ ဘာအထောက်အပံ့မှ မရရင် ဒီ ဘုန်းကြီးကျောင်း ၅၀ ကျော်က စစ်ရှောင်ပြည်သူတွေဟာ ထမင်းငတ်ကိန်းရှိပါတယ်။ လူပေါင်း ၄၀၀ လောက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စားရေးသောက်ရေး ပြဿနာကို ဖြေရှင်းဖို့ အကူအညီတွေ လိုအပ်ပါတယ်။ အရင်က နိုင်ငံခြားမှာရှိတဲ့ လူငယ်တွေက ထောက်ပံ့ကြပေမယ့် အခုက ဖုန်းလိုင်း၊ အင်တာနက် မရတော့ ဘာအထောက်အပံ့မှ မရရှိကြတော့ဘူး" ဟု စစ်ရှောင်များအား ကူညီနေသည့် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

ရခိုင်ပြည်အတွင်း အခြေအနေများ ပြောင်းလဲဖြစ်ပေါ်လာနေမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၏ သက်ရောက်မှုများကို ICRC က အနီးကပ်စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။

ရခိုင်နှင့် မြန်မာနိုင်ငံ၏အခြားနေရာများတွင် ပဋိပက္ခတွင်ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များအားလုံးအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွင် ပါဝင်သည့် အထူးသဖြင့် အရပ်သားများအား အကာအကွယ်ပေးရေး နှင့်စပ်လျဥ်းသည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထပ်လောင်း အသိပေးပြောဆိုကြောင်း ICRC က ပြောသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများအတွက် သယ်ယူရွှေ့ပြောင်းပေးမှုများ ပြုလုပ်ရန် ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အားလုံး၏ သဘောတူညီမှုရရှိရန် လိုအပ်သကဲ့သို့ ICRC သည် တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိသူများနှင့် ဆက်လက်ပါဝင်ခြင်းမရှိတော့သူများအတွက် ဘေးကင်းလုံခြုံမှုနှင့် အရေးကြီးလိုအပ်ချက်များ ရရှိနိုင်မှုအတွက် ဆက်လက်ဆွေးနွေးပြောဆိုလျက်ရှိကြောင်းလည်း သိရသည်။

#WesternNews #WN #ရခိုင် #စစ်ရှောင်ပြည်သူ #ICRC #လူသားချင်းစာနာထောက်ထားမှု #အကူအညီများလိုအပ်နေ

ပုံစာ- ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနှင့် တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)

■ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်

Western News| ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ "အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်" ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။

အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး MYU က ထုတ်ပြန်ထားသည်။

"အာရက္ခတိုင်းပြည်ဟာ ငါတို့ပြည်၊ အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်၊ အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်ကာကွယ်မယ်" ဆိုသည့် အချက်များကို ကြွေးကြော်ခဲ့ကြကြောင်း မြိုလူငယ်များအစည်းအရုံးက ဆိုသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA, RSO, ARA နှင့် ANDF တို့သည် ဒေသခံပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းနှင့် အာရက္ခတပ်တော် AA အားတိုက်ခိုက်နေသည့်အတွက် AA က မောင်တောဒေသရှိ ပြည်သူများအား ရပ်ရွာကာကွယ်ရေး သင်တန်းများ ပေးအပ်နေသည်။

သို့သော်လည်း အာရက္ခတပ်တော် AA က ပြည်သူ့စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူရာတွင် ကာယကံရှင် ဆန္ဒမပါဘဲ လူငယ်များကို ခေါ်ယူနေသည့်အတွက် မိဘများမှာ သဘောတူမှုမရှိကြပေ။

မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြို့ကေသီ၊ ခုံတိုင် စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ နှစ်အတွင်းရှိ မြိုအမျိုးသား ၁၀၀ ကျော်ကို AA က ခေါ်ဆောင်သွားကြောင်း သိရသည်။

အာရက္ခတပ်တော် အနေဖြင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းခေါ်ယူခြင်းကို မလုပ်သင့်ကြောင်း ရန်ကုန်ရောက် မြိုတိုင်းရင်းသားတစ်ဦးက ပြောသည်။

"အာဏာရှင် ဆန်ဆန်မျိုး မလုပ်စေချင်ဘူးဗျ။ ဒါက အဖွဲ့အစည်း တစ်ခုလုံးကို မဆိုလိုဘူး။ ဒါ လုပ်တဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ ပြောလိုတာပါ။ ဘယ်သူ လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ပြည်သူလူထုလိုပဲ သဘောထားရမယ်။ ဆက်ဆံရမယ်။ ကျနော်တို့က ပူးပေါင်းပါဝင်ရမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ အသက် မပြည့်သေးတဲ့ ကလေးတွေကို ခေါ်သွားတာ၊ ကာယကံရှင်တွေ သဘောမတူဘဲ ခေါ်သွားတာက မသင့်တော်ဘူး" ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

သိမ်းပိုက်ရရှိထားသော မြို့များကို ကာကွယ်စောင့်ရှောက်ရန် အာရက္ခတပ်တော် AA တွင် လူအင်အား အများအပြားလိုအပ်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်ဒေသတို့က လူငယ်အများအပြားကို စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်း သိရသည်။

#WesternNews #WN #မောင်တော #မြောက်ပိုင်း #မြိုတိုင်းရင်းသား #မြိုလူမျိုး #ပြည်သူ့စစ်သင်တန်း #AA #ချီတက်ပွဲ #ဆန္ဒဖော်ထုတ်ပွဲ

ဓါတ်ပုံ- Mro Youth Union

■ AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား

Western News| ဖေဖော်ဝါရီ ၂၀

အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ် AA က ထပ်မံ၍ စစ်ဆေးရုံအား ဖေဖော်ဝါရီလ ၁၈ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ယင်းမှတစ်ဆင့် အသက်အန္တရာယ် အလွန်စိုးရိမ်ရသော စစ်ကောင်စီတပ်သား ၃၈ ဦးကို စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မနေ့က ဆေးရုံကြီးကို ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦးမှာ ဒီနေ့ မနက်က သေဆုံးသွားပါပြီ။ နောက်ထပ်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေ ရှိသေးတယ်လို့ သိရပါတယ်။ ရာထူး ဘယ်အဆင့်အထိ ပါတယ်ဆိုတာကိုတော့ မသိရဘူး" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် စစ်တွေက စစ်ကောင်စီတပ်ရင်းများကို ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဒေသတို့က ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း အာရက္ခတပ်တော် AA ရှိသည့်နေရာများလည်း ပစ်ခတ်နေသည်။

စစ်တွေမြို့ခံ တစ်ဦးက "အခုရက်ပိုင်း စစ်ကောင်စီတပ်ရင်းတွေက အလုံးအရင်းနဲ့ စစ်အင်အားတွေ တိုးချဲ့နေတာတွေ လုပ်နေတယ်။ နောက်ပြီးတော့ ပြီးခဲ့ရက်ပိုင်းကလည်း စစ်တွေ လေကြောင်းကနေ စစ်အင်အားတွေ ထပ်ပို့နေတယ်ဆိုပြီးတော့ သတင်းရပါတယ်။ စစ်တွေမြို့အဝင်အထွက် ဂိတ်တွေကိုလည်း တပ်အင်းအားနဲ့ လက်နက်ခဲယမ်းတွေ ဒီရက်ပိုင်းမှာ ပို့နေတာတွေ ရှိတယ်"ဟုပြောသည်။

စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြန်လည် ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ အင်ဂျင်နီယာတပ် အပါအဝင် အမြောက်တပ်၊ ရဲတပ်ရင်း ၁၀ ခုထက် မနည်းရှိနေသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီသည် ပေါက်တောမြို့နယ် သဲခုံကျေးရွာ၊ ပြိုင်းတောင်နှင့် ဆင်တက်မော် ကျေးရွာဒေသများကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

"နေ့လယ် ၁ နာရီကျော်လောက်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ နှစ်စီးဟာ ပေါက်တော ဆင်တက်မော်၊ သဲခုံဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်နေပါတယ်။ အရပ်သားတွေ ထိခိုက်လားမခိုက်လားတော့ မသိဘူး။ အပြန်အလှန် ပစ်ခတ်မှုက နေ့တိုင်းဖြစ်နေတယ်" ဟု ပြောသည်။

စစ်တွေမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်တင်လာပြီး စစ်ကောင်စီ၏ အချက်အခြာကျသော တပ်ရင်းများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

AA ၏ လက်နက်ကြီးပစ်ခတ်၊ စနိုက်ပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားလျှက်ရှိကြောင်း စုံစမ်းသိရသည်။

#WesternNews #WN #စစ်တွေ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပေါက်တော #သဲခုံ #ဆင်တက်မော် #AA #လက်နက်ကြီးပစ်ခတ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး #စစ်တွေပြည်သူ့ဆေးရုံ

■ စစ်တွေ ဒုက္ခသည်စခန်းများက ဒုက္ခသည် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေ

Western News| ဖေဖော်ဝါရီ ၂၀

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေမြို့ထဲက စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်လူငယ်များအား စစ်မှုထမ်းခေါ်ယူရန် ပြည်နယ်အစိုးရကနေတစ်ဆင့် ပြင်ဆင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။

စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး စစ်ဘေးဒုက္ခသည် အရေအတွက် ၁ သောင်းခန့်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများက Western News ကို ပြောသည်။

ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဧည့်စာရင်း စစ်ဆေးသည့် အဆင့်ထက် ကျော်လွန်ပြီး အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများအား စာရင်းပြုစုကာ သီးသန့်ခေါ်ယူ တွေ့ဆုံခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ဖေဖော်ဝါရီလ ပထမ အပတ်က စစ်တွေ ဓမ္မရာမဘုန်းကြီးကျောင်းကို စစ်တပ်နဲ့ ရဲဝင်စစ်တယ်။ အဲကျောင်းမှာ စစ်ရှောင် ၄၀၀ ကျော်ရှိတယ်။ အသက် ၁၄ နှစ်ကနေ ၄၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေကို စာရင်းပြုစုပြီးတော့ သီးသန့်တွေ့ဆုံတာတွေရှိတယ်။ စစ်မှုထမ်းခေါ်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ပြောပြတယ်။ ကျန်းမာရေး ကောင်းမကောင်း မေးမြန်းတယ်။ ဘယ်တော့ ခေါ်မလဲဆိုတာ မပြောဘူး။ ပြင်ဆင်နေတဲ့ သဘောဖြစ်တယ်" ဟု ပြောသည်။

စစ်တွေရှိ မဏိရတနာ ဘုန်းတော်ကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး စစ်မှုထမ်းနိုင်သည့် အသက်အရွယ်ရှိ လူငယ်အမျိုးသားများကို စာရင်းပြုစုသွားကြောင်းနှင့် သရက်အုပ်ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက် စစ်ဆေး စာရင်းပြုစုသွားကြောင်း သိရသည်။

အခြားသော စစ်ရှောင်များရှိရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ဒုက္ခသည်များအား စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေသည့်အပေါ် စစ်ဘေးရှောင်ဒုက္ခသည်များမှာ စိုးရိမ်နေကြသည်။

"စစ်ရှောင်စခန်းတွေက ယောကျ်ားတွေကို စစ်မှုထမ်းခေါ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတော့ ကျမ သားသမီးတွေအတွက် အရမ်းစိတ်ပူနေရပါတယ်။ အခုလောလောဆယ်တော့ ကျမတို့နေတဲ့ ကျောင်းကိုတော့ လာစစ်ဆေးတာ၊ စာရင်းပြုစုတာ မရှိသေးဘူး။ ကျမတို့က အိုးအိမ်ကိုစွန့်ပြီးတော့မှ အတိဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေပါ။ ထမင်းနပ်မှန်အောင် မစားရတဲ့ အပူမီးတွေနဲ့ ပြည့်နေတာပါ။ အခု စစ်မှုထမ်း ကိစ္စ ပေါ်လာတော့ ဘယ်လိုပြောရမလဲ ပြောမပြတတ်အောင် စိုးရိမ်ပူပန်နေရပါတယ်။ ကျမတို့ကို လွတ်ငြိမ်းခွင့် ပေးဖို့ တောင်းဆိုပါတယ်" ဟု အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း) စသည့် ကျေးရွာတို့မှ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရသည်။

ထို့အပြင် သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရပြီး စစ်တွေတွင် စစ်ရှောင်အဖြစ် နေထိုင်နေကြရသည်။

စစ်ရှောင်ပြည်သူများထဲမှ အမျိုးသားများကို စစ်မှုထမ်းခေါ်ယူရန် စစ်ကောင်စီ ပြင်ဆင်နေသည့် အစီအစဉ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ပါဝင်ပတ်သက်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် စစ်တွေမြို့အနီး စစ်ကောင်စီ၏ အမြင့်ကျွန်းက တပ်စခန်းများ၊ ဒကစ ဌာနချုပ်အနီးက တပ်ရင်းများ၊ ပါဒလိပ်က တပ်ရင်းများ၊ ရေချမ်းပြင်က တပ်စခန်းများနှင့် ရွှေမင်းဂံရေတပ်စခန်းမှာ AA ၏ တိုက်ခိုက်မှုကို ခံနေရသည်။


#WesternNews #WN #စစ်တွေ #ဒုက္ခသည် #စစ်မှုထမ်း #စစ်ကောင်စီ

ပုံစာ- ရခိုင်ပြည်၊ စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ Wai Han Aung