Últimas publicaciones de Western News (@thewesternnews) en Telegram

Publicaciones de Telegram de Western News

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 Suscriptores
12,863 Fotos
505 Videos
Última Actualización 28.02.2025 17:35

El contenido más reciente compartido por Western News en Telegram


■ AA က စစ်ဆေးနေသည့် ကုန်တင်သင်္ဘောမှာ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေ

Western News| ဇန်နဝါရီ ၂၂

#WesternNews #WN #ရခိုင် #ဘင်္ဂလားဒေ့ရှ် #ရခိုင့်ပင်လယ်ပြင် #ကုန်တင်သင်္ဘောများ #မောင်တော #နတ်မြစ်ဝ #ရန်ကုန်

YouTube: https://youtube.com/shorts/79zMc3BhS-8
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/

ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်/ ဓါတ်ပုံ- AA

■ မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား

Western News| ဇန်နဝါရီ ၂၂

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေသခံ မြိုတစ်ဦးက "ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အခုထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့ ခေါ်သွားတာမဟုတ်ဘဲ ဒီအတိုင်း မလိုက်မနေရပုံစံနဲ့ ခေါ်သွားတာပါ။ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါသွားပါတယ်" ဟု ပြောသည်။

စစ်မှုထမ်းရန် ခေါ်ယူခံရသူများအနက် အချို့မှာ အိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးသာ ရှိသည်ကိုလည်း ခေါ်ယူသွားပြီး မိအိုဘအိုသာ ကျန်ရှိခဲ့ကြောင်း နောက်ထပ် မြိုတစ်ဦးက ပြောသည်။

"မိသားစု တစ်စုမှာ ယောင်္ကျား ၃ ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ခေါ်ရမယ် နားလည်ပေးတယ်။ ကျန်နှစ်ယောက်ကိုတော့ မိသားစု မိဘ ဇနီးမယား သားသမီးတွေကို ပြုစုစောင့်ရှောက် ကာကွယ်ပေးဖို့ ချန်ထားခဲ့သင့်တယ်မဟုတ်လား၊ ရှိသမျှ ယောင်္ကျား အကုန်လုံးကို ခေါ်သွားရင် ကျန်ရှိမိသားစုဝင်တွေက ဘယ်လို စားဝတ်နေရေး ဖြေရှင်းမလဲ ကိုယ်ချင်းစာစိတ် ရှိစေချင်ပါတယ်" ဟု ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူလိုပါက လူကြီးလူကောင်းပီပီ ခေါ်ယူစေချင်ကြောင်းနှင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းယူခေါ်ခြင်းကို မလုပ်သင့်ကြောင်း မြိုတိုင်းရင်းသားများက တောင်းဆိုနေကြသည်။

"ကျွန်မတို့ မြို လူမျိုးတွေလည်း ဟို...ရခိုင်မင်းဘုရင် လက်ထက်ကတည်းက အေးအတူ/ပူအမျှ အသက်ပေးပြီး သွေးချင်းညီအကို တိုင်းရင်းသားတွေအဖြစ် နေထိုင်လာခဲ့တာပါ။ ကိုယ့်ပြည်နယ်တွက် အသက်ပေးကာကွယ်ရမယ်ဆိုတာလောက်က သိတတ်နားလည်ပါတယ်။ ခုကနည်းနည်း မတရားသလိုမျိုးဖြစ်နေပြီ။ ကျောင်းသားလူငယ်တွေကိုပါမချန် အတင်းခေါ်ယူတာမျိုးကတော့ ဘယ်အဖွဲ့စည်းဖြစ်ဖြစ် လက်မခံနိုင်ဘူးရှင့်။ ခေါ်မယ်ဆိုရင် အတင်းဖိအားမပေးပဲ လူကြီး/လူကောင်းပီပီ ခေါ်ယူစေချင်တယ်" ဟု အသက် ၅၀ အရွယ် မြိုအမျိုးသမီးတစ်ဦးက ပြောသည်။

ညီမဖြစ်သူ၏ အမျိုးသား စစ်မှုထမ်းရန် ခေါ်ယူခံရ၍ အစ်မဖြစ်သူက ညီမမိသားစုအတွက် စိတ်မကောင်းဖြစ်နေသည်။

"ကျွန်မရဲ့ ညီမလေးယောင်္ကျား မတ်လေးဆိုရင် ၂၀၂၃ မှာ သူ့အဖေဆုံးသွားတော့၊ အမေအိုနဲ့ အငယ်တွေ ဇနီးမယားသားသမီးတွေကို အိမ်ထောင်ဦးစီးအနေနဲ့ သူတစ်ယောက်ထဲ ရှာကျွေးနေရတာ၊ အခု မတ်လေးကို အတင်းဖမ်းခေါ်သွားတော့ ရှာကျွေးမယ့်သူ မရှိတော့ဘူး။ မိသားစုဝင်တွေ ဘယ်လိုနေကြမလဲ။ မျိုးချစ်စိတ်ဆိုတာမျိုးက သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ရုံနဲ့ မပြီးသေးဘူး၊ ကိုယ့်ကြောင့် ညီအကို တိုင်းရင်းသားတွေ မိသားစုတွေ ဒုက္ခမရောက်ဖို့တွက်ပါ တွေးပေး စဥ်းစားပေးရတယ်။ ဒီလိုမှ မျိုးချစ်ပီပီ သူရဲကောင်းအဖြစ် နာမည်ကောင်းတွေ ကျန်ရှိနေမှာပါ။ အဲလို သူရဲကောင်းတွေက လူသေရင်တောင် နာမည်မသေဘူး ရှင့်" ဟု ပြောသည်။

မောင်တောမြို့နယ်က မြိုလူမျိုးများ စစ်မှုထမ်းရန် အတင်းခေါ်ယူခံရခြင်းနှင့် ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

မောင်တောဒေသကို အာရက္ခတပ်တော် AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ရခိုင့်ပင်လယ်ပြင်နှင့် နယ်စပ်တစ်လျောက်အား ကာကွယ် စောင့်ရှောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီများကို တိုက်ထုတ်ရန် ပြင်ဆင်နေသည်။

သိမ်းပိုက်ရရှိထားသော မြို့များကို ကာကွယ်စောင့်ရှောက်ရန် အာရက္ခတပ်တော် AA တွင် လူအင်အား အများအပြားလိုအပ်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်ဒေသတို့က လူငယ်အများအပြားကို စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်း Western News က စုံစမ်းရရှိထားသည်။

ရခိုင်ပြည်ကနေ ရန်ကုန်မြို့သို့ သွားရောက်ကြသည့် အမျိုးသား၊ အမျိုးသမီးအပါအဝင် ရခိုင်လူငယ် ၅၀ ကျော်ကိုလည်း အမ်းမြို့နယ်တစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းကာ စစ်မှုထမ်းရန် ခေါ်ယူသွားကြောင်း မိသားစုဝင်များက Western News ကို ပြောဆိုထားကြသည်။

အာရက္ခတပ်တော် AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူခြင်းကို မိသားစုဝင် သို့မဟုတ် ကာယကံရှင်များ၏ သဘောတူညီမှု မပါရှိဘဲ အတင်းခေါ်ယူခြင်းကို မပြုလုပ်သင့်ကြောင်း ခေါ်ယူခံသည့် မိသားစုဝင်များက တောင်းဆိုနေကြသည်။

#WesternNews #WN #မောင်တော #မြိုလူမျိုး #စစ်မှုထမ်းရန်ခေါ်ယူခံရ #AA

■ ဧရာဝတီတိုင်း ရွှေသောင်ယံက စစ်ရောင် ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတားဆီး

Western News| ဇန်နဝါရီ ၂၂

#WesternNews #WN #ဧရာဝတီ #ရွှေသောင်ယံ #အာရက္ခတပ်တော် #AA #PDF

YouTube: https://youtu.be/NjFElyNu3RM
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/

■ TNLA ထိန်းချုပ်ထားသော နောင်ချိုကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၁၀ ဦးသေဆုံး

Western News| ဇန်နဝါရီ ၂၂

တအာင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကြောင်း တအာင်းတပ် TNLA ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် နောင်ချိုမြို့နယ်၊ ရဲစခန်း အနီးရှိ ပါရမီ ၂ လက်ဖက်ရည်ဆိုင်သို့ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးနှစ်လုံး ကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနှင့် ဝန်ထမ်းများ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက "နောင်ချို ရဲစခန်းနားက ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို တည့်တည့်ကျတာ။ ဆိုင်ပိုင်ရှင်မိသားစုကလည်း လက်ဖက်ရည်ဆိုင်ကို သန့်ရှင်းလုပ်နေတဲ့အချိန်မှာ ဗုံးကျတာ။ ဆိုင်ဝန်ထမ်းတွေက ခေါင်းပြတ်၊ ခြေပြတ်တွေဖြစ်ကုန်တယ်"ဟုပြောသည်။

အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူများမှာ ၁၀ ဦးထက်မနည်း ရှိပြီး ဒဏ်ရာရရှိသူ အခြေအနေများကိုလည်း မသိရှိရသေးကြောင်း နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောသည်။

"ဗုံးကျတဲ့အချိန်မှာ ဆိုင်ထဲမှာ ထိုင်နေတာကလည်း ၁ ၀ိုင်း၊ ၂၀ိုင်းလောက်ရှိတယ်။ အကြော်ဆရာ ၁ ဦးပဲ ကောင်းကောင်းလွတ်တယ်။ ပထမ ကြားတာ DB အလောင်း ၈ လောင်း။ အခုနောက်ဆုံး Update သေဆုံးသူ ၁၀ ဦးရှိပါတယ်။ ဒဏ်ရာရသူ အရေအတွက်လည်း မသိရသေးဘူး" ဟုပြောဆိုသည်။

နောင်ချိုမြို့နယ်ကို ယမန်နေ့ကလည်း လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး ဗုံးကျရောက်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ယနေ့တွင် စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြိုနယ် ပန်ပေါက်ရွာ တိုးဂိတ်အနီး ညနေ ၃ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

#TNLA #ထိန်းချုပ်ထားသော #နောင်ချို #စစ်တပ် #ဗုံးကြဲ #အရပ်သား #သေဆုံး

ဓာတ်ပုံ- ဗုံးကြဲ ခံရသောလက်ဖက်ရည်ဆိုင်နှင့် သေဆုံးသူများ မြင်ရစဉ်/ ဓါတ်ပုံ- သိန်းအောင်

■ နတ်မြစ်ဝမှာ AA က စစ်ဆေးနေသည့် ကုန်တင်သင်္ဘောမှာ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေ

(မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းကြောင့် ကုန်များအားလုံးကို စစ်ဆေးနေဟုဆို)

Western News| ဇန်နဝါရီ ၂၂

ရခိုင်ပြည် မောင်တောမြို့နယ် နတ်မြစ်ဝတွင် အာရက္ခတပ်တော် AA က စစ်ဆေးနေသော ကုန်တင်သင်္ဘောတစ်စီးမှာ တောင်ကုတ်ဒေသခံ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေသည်။

ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘော ၃ စီးအနက် နှစ်စီးကို AA က ပြန်လွှတ်လိုက်ပြီး ကျန်တစ်စီးမှာ AA က ဆက်လက်စစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြကြသည်။

အဆိုပါ သင်္ဘောမှာ မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းရရှိ၍ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကုန်ပစ္စည်းများအား စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက Western News ကို ပြောသည်။

"နတ်မြစ်ဝမှာ စစ်ဆေးခံနေရတဲ့ ရန်ကုန်ကလာတဲ့ ကုန်သင်္ဘောတစ်စီးဟာ မူးယစ်ဆေးဝါးပါတယ်လို့ သိရတယ်။ အဲဒါ AA က ပစ္စည်းတွေအကုန်လုံးကို စစ်ဆေးနေတယ်လို့ ပြောတယ်။ မူးယစ်ဆေးဝါးတော့ မတွေ့သေးဘူး။ အဲဒီသင်္ဘောက ဦးကျောက်တောင် ကုန်တင်သင်္ဘောလို့ ပြောကြတယ်" ဟု ပြောသည်။

ကုန်သည်ကြီး စီးပွားရေး လုပ်ငန်းရှင် ကျောက်တောင်သည် ဘူးသီးတောင်၊ မောင်တောကို စစ်ကောင်စီ ထိန်းချုပ်စဉ်က မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကနေ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်ခဲ့ပြီး ရန်ကုန်ဖက်ကိုလည်း ကုန်သွယ်ခဲ့သည်။

မောင်တောဒေသမှာ တိုက်ပွဲပြင်းထန်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလည်း ပိတ်လိုက်ရသည့်အချိန်တွင် ကုန်သည်ကြီး ဦးကျောက်တောင်သည် ရန်ကုန်မြို့ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဆက်လက်ကုန်သွယ်နေသည်။

လက်ရှိ အာရက္ခတပ်တော် AA က ထိန်းသိမ်း စစ်ဆေးနေသည့် ကုန်သင်္ဘောမှာ ဦးကျောက်တောင် သင်္ဘောဟုတ်၊ မဟုတ်ဆိုသည်ကို Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ကုန်သည်ကြီး ဦးကျောက်တောင်ကိုလည်း Western News သတင်းဌာနက ဆက်သွယ်နေဆဲဖြစ်ပြီး လတ်တလောတွင် အဆက်အသွယ် မရရှိသေးပေ။

ဇန်နဝါရီလ ၁၆ ရက်ကနေ အာရက္ခတပ်တော် AA က စစ်ဆေးနေခြင်းဖြစ်ပြီး လွှတ်ပေးလိုက်သော ကုန်သင်္ဘောနှစ်စီးမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း ဆိပ်ကမ်းအာဏာပိုင်များက အတည်ပြုထားကြသည်။

လွတ်လာသော သင်္ဘောများတွင် ငါးခြောက်၊ ကော်ဖီ၊ ကွမ်းယာနှင့် အလှကုန်များအပါအဝင် ကုန်ပစ္စည်းမျိုးစုံဖြင့် ရောက်ရှိလာကြသည်ဟု သူက ထပ်မံပြောသည်။

နောက်ထပ် ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက "လေးရက်ကြာ ထိန်းသိမ်းထားစဉ်အတွင်း AA က သင်္ဘောသားတွေကို မညှဉ်းပမ်းခဲ့ပါဘူး။ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ ပြေလည်မှုယူပြီး သင်္ဘောတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်" ဟု ပြောသည်။

ကုန်သည်များ၏ ပြောကြားချက်အရ ကုန်တင်သင်္ဘောများကို စစ်ဆေးရန် အတွက်သာ ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်သင်္ဘောများအား အာရက္ခတပ်တော် AA က ဖမ်းဆီးထားခြင်းအပေါ် Teknaf Land Port C&F အေးဂျင့်များအသင်းမှ အထွေထွေအတွင်းရေးမှူး Ehteshamul Haque Bahadur က ယခုလို ဝေဖန်ထားသည်။

"ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီဆိပ်ကမ်းကတစ်ဆင့် သွင်းကုန်တွေ သိသိသာသာ ကျဆင်းလာပြီး အစိုးရဝင်ငွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့အတွက် အစိုးရက တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တော ဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင့်ပင်လယ်ပြင်အား ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ရခိုင့်ပင်လယ်ပြင်သို့ ဝင်ရောက်လာသော ငါးဖမ်းစက်လှေများ၊ သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

#WesternNews #WN #ရခိုင် #ဘင်္ဂလားဒေ့ရှ် #ရခိုင့်ပင်လယ်ပြင် #ကုန်တင်သင်္ဘောများ #မောင်တော #နတ်မြစ်ဝ #ရန်ကုန်

ဓါတ်ပုံ- ဦးကျောက်တောင်

■ စစ်တွေမြို့ကို ဝိုင်းထားသည့် AA ကို စစ်ကောင်စီက စနိုက်ဘာများဖြင့် ပစ်ခတ်

Western News| ဇန်နဝါရီ ၂၁

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအပြင် စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA က ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများအပါအဝင် လေကြောင်း၊ ရေကြောင်းများမှလည်း ပစ်ခတ်မှုကြောင့် တပ်သားသေဆုံးမှု အရပ်သား သေဆုံးမှု အခြေအနေကို AA က ရေးထားသည်ကို မတွေ့ရပေ။

ယင်းအပြင် လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုက ပိုများပြားသည်ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၂ မိနစ်အချိန်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာမှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာသို့ ဒရုန်းများဖြင့် ဗုဲးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ဝါဘိုကျေးရွာက လူနေအိမ်များမှာ မီးလောင်ပျက်စီးသွားပြီး အရပ်သားများမှာ ယခင်ကတည်းက စစ်ကောင်စီ နှင်ထုတ်ခြင်းကို ခံထားရ၍ ထိခိုက်သေဆုံးမှု မရှိကြပေ။

ပုဏ္ဏားကျွန်းအရပ်ဘက်အဖွဲ့အစည်းမှ လူငယ်တစ်ဦးက "ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း တမနက်လုံး ပုဏ္ဏားကျွန်းဘက်ကို စစ်တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တယ်။ စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနဲ့ ကျွဲထိုးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်။ စပါးထားကျေးရွာမှာဆို နေအိမ် ၁၀ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။ စစ်တွေက စစ်ကောင်စီတပ်ရင်းတွေက ကျနော်တို့ ပုဏ္ဏားကျွန်းဘက်ကို အမြဲလိုလို ပစ်ခတ်နေပါတယ်" ဟု ပြောသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ - စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA ဘက်ကလည်း ကုလားတန်မြစ်ဝရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်က စစ်ကောင်စီနေဗီများနှင့် AA တို့မှာ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာမှုများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာ၍ စစ်တွေမြို့ခံများမှာ ထပ်မံ၍ ရန်ကုန်ဘက်သို့ စစ်ရှောင်မှုများ ရှိသည်ဟု သိရသည်။

မြို့ခံတစ်ဦးက "စစ်တွေမြို့အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံက အခု တစ်ပတ်အတွင်းမှာ တော်တော်လေးကို ကြားလာရတယ်။ မြို့ပေါ်က စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တအားပစ်ခတ်နေတာ။ တိုက်ပွဲဖြစ်ကြတော့မယ် ထင်ပါတယ်။ သွားစရာမရှိလို့ အသေခံပြီး နေမယ့်သူလည်းရှိသလို ဒီရက်ပိုင်း လက်နက်သံတွေကြောင့် ရန်ကုန်ဘက်ကို စစ်ရှောင်သွားတဲ့သူလည်းရှိနေတယ်။ ရန်ကုန်မှာလည်း စစ်ကောင်စီက ရခိုင်စစ်ရှောင်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတော့ စစ်တွေကို ပြန်လာတဲ့သူတွေလည်း ရှိနေတယ်။ တိုက်ပွဲမြို့တွင်းရောက်လာပါက စစ်တွေမြို့ခံတွေဟာ သွားစရာနေရာမရှိဘူးဖြစ်နေတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က ပြောဆိုထားသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်လိုအပ်ပြီး အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန်ကိုလည်း AA က သတိပေးတိုက်တွန်းထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၈၇ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများမှာလည်း ၈၂ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။

ထိုအထဲမှ သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးမှာ AA မှ ပြန်လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်သည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရခိုင်ပြည်မှာ သေဆုံးသူ ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က တစ်နှစ်တာအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူပေါင်း ၇၄၉ ဦးရှိခဲ့ပြီး မွတ်ဆလင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းခန့်ရှိကြောင်း HDCO က ဆိုသည်။

#WesternNews #WN #AAတပ်ဖွဲ့ဝင်များ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #စနိုက်ဘာဖြင့်ပစ်ခတ် #စစ်တွေမြို့ #စစ်ကောင်စီတပ်ရင်းများ #လက်နက်ကြီးပစ်ခတ်မှု #လေကြောင်းဗုံးကြဲတိုက်ခိုက်မှု #အရပ်သားများထိခိုက်သေဆုံး

ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့်နေ့တွင် ရခိုင်ပြည်မြို့တော် စစ်တွေမြို့အတွင်း သံချပ်ကာများဖြင့် စစ်ကောင်စီက ကင်းလှည့်ဆောင်ရွက်ခဲ့သည်။ (ဓါတ်ပုံ - CJ)

■ AA က ဧရာဝတီ၊ ပဲခူး၊ မကွေးကို ထိုးစစ်ဆင်တိုက်ခိုက်နေ၊ စစ်ကောင်စီတပ်သားများ သေဆုံးမှု များပြား

Western News| ဇန်နဝါရီ ၂၁

#WesternNews #WN #ရခိုင် #ဧရာဝတီ #ပဲခူး #မကွေး

YouTube: https://youtu.be/kwgLir1Ni9c
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/

■ ၂၀၂၄ ခုနှစ် တစ်နိုင်ငံလုံးတွင် အမျိုးသမီး သေဆုံးမှု ၄၇၈ ဦးရှိခဲ့၊ ရခိုင်က ၈၃ ဦးပါဝင်

Western News| ဇန်နဝါရီ ၂၁

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လက်နက်ကိုင်ပဋိပက္ခအတွင်း တစ်နိုင်ငံလုံး အမျိုးသမီး ၄၇၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၄၁၂ ဦး ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်သည်။

ယင်းသေဆုံးမှုထဲတွင် ရခိုင်ပြည်အတွင်း အမျိုးသမီး ၈၃ ဦး ပါဝင်ပါဝင်ပြီး စစ်ကိုင်းတွင် ၁၀၉ ဦး ရှင်းပြည်နယ်က ၉၂ ဦး မန္တလေးတိုင်းဒေသကြီးတွင် ၆၇ ဦး ဖြစ်ကြပြီး မကွေးတိုင်း ဒေသကြီးတွင် ၄၆ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအထဲတွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅၇ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄၂ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA မှ သေဒဏ်ပေးခံရမှုကြောင့် ၁ဦးတို့ ဖြစ်ကြသည်။

ထို့အပြင် မတရားသတ်ဖြတ်မှုကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ၆ ဦးသေဆုံးခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၄၁၂ ဦး ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့အထိ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဆက်လက်ကျူးလွန်နေကြောင်း BWU ကထုတ်ပြန်သည်။

#စစ်ကောင်စီ #တိုက်ပွဲ #၂၀၂၄ခုနှစ် #တစ်နိုင်ငံလုံး #အမျိုးသမီး #သေဆုံးမှု #၄၇၈ #ရခိုင်

ပုံစာ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ/ ဓါတ်ပုံ - AA