ဦးဘထူးနဲ့ တာနောတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။ မင်းခေါင်နဲ့အတူ ဘမင်းပါလာတာကို သူတို့မသိကြဘူးလေ။ ဘမင်းကို မင်းခေါင်သတ်တဲ့အထဲပါပြီး မီးလောင်သွားခဲ့ပြီလို့ပဲ သူတို့ ယူဆထားကြတာကိုး။
' ဘယ်သူဖြစ်နိုင်မလဲ တာနော...'
' ကျုပ်လည်း မတွေးတတ်ဘူး အကိုကြီး...'
နှစ်ယောက်သား အဖြေကို ရှာမရခင်မှာပဲ မြင်းလှည်းသမား အံ့ကြီးက...။
ူ
' အဲ့ဒီ့ညနေမှာပဲဗျာ။ စစ်ကိုင်းဂါတ်က စုံထောက် အိုင်ပီထွန်းမောင်လည်း သူတို့ကို လာမေးသေးတယ်။ ကျုပ်တောင် သုသာန်အထိ လိုက်ပို့ဖြစ်လိုက်သေးရဲ့...'
' အိုင်ပီထွန်းမောင် ဟုတ်လား...'
' ဟော...နောင်ကြီးတို့ကလည်း စုံထောက်တွေ မဟုတ်လား။ အိုင်ပီထွန်းမောင်ကနဲ့ အတူတူပဲ မှတ်လားဗျ...'
' ဪ...ဟုတ်တယ်။ ဒီလူက ကျုပ်တို့ထက် အစောရောက်လာတယ်ဆိုလို့ အံ့အားသင့်နေကြတာဗျာ...'
တာနောက ရောချလိုက်လေတယ်။
' အင်းလေ...ဒီလိုမျိုး နောင်ကြီးတို့ စုံထောက်အချင်းချင်းတောင် သူက ခြေလှမ်းတွေ သာနေသေးတာ။ ဒီနယ်မှာ သူက နာမည်ကြီးနေတာ မဆန်းပါဘူးဗျာ...'
' အိုင်ပီထွန်းမောင် သုသာန်ကို သွားတာ ဘာအကြောင်းထူးသေးလဲ...'
ဦးဘထူးက ဝင်မေးလာတယ်။
' အဲ့ဒါတော့ မပြောတတ်ဘူးဗျ...'
' ဘာမှထူးပုံမရပါဘူးဗျာ။ အဲ့ဒီ့ညက ကျုပ်ကောင်းမှုတော်ဘက်က အပြန် သုသာန်အရှေ့မှာ သူတစ်ယောက်ထဲ ကျုပ်မြင်းလှည်းကို ငှါးစီးတာဗျ...'
တခြား မြင်းလှည်းသမားတစ်ယောက်က ဝင်ပြောလာတယ်။
' အကိုကြီး ဘာမေးဦးမလဲ...'
' ရပြီ တာနော။ နှုတ်ဆက်ပြီး သွားကြစို့...'
မြင်းလှည်းသမားတို့ကို တာနောက နှုတ်ဆက်လိုက်တယ်။ပြီးတော့ နှစ်ယောက်သား မြင်းလှည်းဆိပ်ကနေ ခပ်သုတ်သုတ်ပဲ ပြန်ထွက်ခဲ့ကြတယ်။
' တာနော် အခြေအနေတွေကတော့ ပိုပြီး ရှုပ်ထွေးနေပြီကွာ...'
' ဟုတ်တယ်နော် အကိုကြီးယူဆလိုက်တာ ကွက်တိပဲ...'
' ဘာကိုလဲ တာနော...'
' မင်းခေါငိကို သံသယထားနေပြီဆိုတာလေ...'
' အင်း...လောလောဆယိတော့ အဲ့ဒါကို အသာထားပြီး မင်းခေါင်နဲ့အတူ ဘယ်သူပါလာတာလဲဆိုတာ ပိုသိချင်တယ်။ ခြေထောက်လည်း ကျိုးနေတယ်ဆိုတော့ စဉ်းစားရတော့ ခက်သကွာ...'
တာနော ချက်ခနဲ တစ်စုံတစ်ခုကို တွေးမိလိုက်တယ်။
' အကိုကြီး...မင်းခေါင်နဲ့ ပါသွားတာ ဘမင်းဖြစ်မယ်ထင်တယ်...'
' ဘယ်လို...'
' ကျုပ် ဆက်စပ်ပြီး တွေးကြည့်တာ။ သရဝဏ်က သင်္ချိုင်းထဲမှာ ဒေါ်အေးသီ အလောင်းကို တွေ့တယ်။ ပထမတစ်ချက် ဒေါ်အေးသီကို ကယ်ထုတိသူက မင်းခေါင်ပဲ...'
' ငါ သဘောပေါက်ပြီ။ မင်းခေါင်က အေးသီကို ကယ်ထုတ်မှုရဲ့ အကြောင်းအရင်းကတော့ ဘမင်းပဲ။ ဒါဆိုရင်တော့ ဘမင်းဟာ ဘစီနဲ့ ပြဿနာကြီးကြီးရှိထားပုံရလိမ့်မယ်...'
' ဟုတ်မယ် အကိုကြီး။ ဘာကြောင့်လဲဆိုတော့ သူ့အဖေကို သတ်မယ့်သူကို မတားမြစ်ဘဲ အမေကိုပဲ ကယ်ထုတ်ဖို့ ပြောတယ်ဆိုတော့ မြသစ်ကိစ္စကြောင့် သားအဖချင်း ပြဿနာကြီးကြီး ဖြစ်ထားတာ ဖြစ်မယ်...'
' ဒိလောက်နဲ့တော့ မဖြစ်တန်ဘူး။ သူတို့သားအဖရဲ့ ပြဿနာဟာ ဒီထက်မက နက်နဲနေလိမ့်ဦးမယ်...'
' ဘမင်းဖြစ်ကြောင်း အတည်ပြုနိုင်ရင်တော့ ဒီအကြောင်းတရားက သေချာသလောက်ပဲ အကိုကြီး...'
' ငါတို့ သုသာန်ကို သွားကြမယ်...'
' ဟင်...ဘာလို့လဲ အကိုကြီးရ...'
' သုသာန်ကို မင်းခေါင်တို့ သွားခြင်းက ပုလိပ်တွေရဲ့ ရန်ကနေ ရှောင်ဖို့ ဖြစ်နိုင်တယ်။ ဒါက မြို့က သုသာန်ဆိုတော့ သုဘရာဇာတော့ ရှိမှာပဲ။ အဲ့ဒီ့ကို သွားပြီး မေးမြန်းစုံစမ်းကြည့်ရင်တော့ အကြောင်းတစ်ခု ထူးခြားလာမယ်လို့ ထင်တယ်...'
' ဒါဖြင့်လည်း သွားကြတာပေါ့ အကိုကြီးရာ...'
ဦးဘထူးနဲ့ တာနောတို့လည်း တိုင်ပင်နှီးနောပြီးကြတာနဲ့ သုသာန်ဆီကို မေးမြန်းလို့ ထွက်ခဲ့ကြပါတော့တယ်။
**
သုသာန်ထဲဆီကို ဥိးဘထူးတို့နှစ်ယောက် ရောက်တော့ ဘယ်သူမှ ရှိမနေဘူး။
' ဒိသုသာန်မှာ သုဘရာဇာ မရှိဘူးထင်တယ် အကိုကြီး...'
' ရှိတော့ ရှိမှာပါ။ ဇရပ်အပေါ်မှာ လူနေတဲ့ ခြေစလက်စတွေ တွေ့နေတာပဲ...'
နှစ်ယောက်သား ဇရပ်အပေါ်ဆီကို တက်လာကြတယ်။
အခုအချိန်အထိ လူသူအရ်ိပ်အယောင်တောင် မတွေ့ရသေးဘူး။
' ဪ...ဧည့်သည်တွေ ရောက်နေတာပဲ...'
ခြေသံမကြား၊ လှုပ်ရှားသံမကြားပါဘဲ ထွက်ပေါ်လာတဲ့ အနောက်ပါးက သုဘရာဇာကြီးငပန်းရဲ့ အသံ။
ဦးဘထူးတို့ လှည့်ကြည့်လိုက်ကြတယ်။ ဒီအခါ သုဘရာဇာကြီးငပန်းက ဦးဘထူးကို မှတ်မိသွားခဲ့ပြီး...။
' ဪ...ဘယ်သူများလဲလို့ တပ်မှူးဘထူးပါလား...'
' တပ်မှူး ငပန်းပဲ...'
တာနောက ရေရွတ်လိုက်တယ်။ ဦးဘထူးက...
' တပ်မှူးငပန်း။ ကျုပ်တို့တတွေ မဆုံ၊ မတွေ့ရတာ နှစ်တွေတောင် အတော်ကြာရောပေါ့...'
နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့ကြပေမယ့် ထင်မှတ်မထားဘဲ ပြန်တွေ့လာချိန် နှုတ်ဆက်မှုတွေက သိပ်ပြီး လှုပ်ခတ်မှု ရှိမနေဘူး။ နေ့စဉ်နေ့တိုင်း တွေ့နေကြသူတွေလိုပဲ သာမန်လိုပဲ နှုတ်ဆက်နေကြတယ်။
' ဟုတ်တယ်ဗျာ။ ကဲ...ရောက်တုန်းရောက်ခိုက် ထိုင်ကြဦး။ ကျုပ်ဆီတော့ ဧည့်ခံစရာက မရှိဘူး...'
' ရပါတယ် တပ်မှူး။ ကျုပ်တို့လည်း ကိစ္စတစ်ခု အရေးကြီးလို့ ဒီကိုလာခဲ့တာပါ...'
' သူခိုးကောင်လေး ကိစ္စ ထင်ပါရဲ့...'