Latest Posts from 🌻 Ŝharing Poerty 🌻 (@i_miss_you2022) on Telegram

🌻 Ŝharing Poerty 🌻 Telegram Posts

The latest content shared by 🌻 Ŝharing Poerty 🌻 on Telegram


အချစ်ဦး

သတိတရမီးစလေးကတော့
အခုထိ လောင်ကျွမ်းအားကောင်းနေတုန်း

ဝေးကွာခြင်း ခုနှစ်ဟာ
၁၃ နှစ် ၈ လ နဲ့ ၁၄ ရက်ရှိခဲ့ပါပြီ
နင်ငါ့ကို အဖြေပေးခဲ့တာလဲ
ဖေဖော်ဝါရီ ၁၄ ရက် ည ၈နာရီ ၁၅မိနစ် ၁၆ စက္ကန့်

အဲဒီအချိန်ရဲ့ ရာသီစက်ဝန်းဟာ
နေရဲ့ရင်ခွင်ကို ခိုလှုံခွင့်ရတဲ့
လမင်းရဲ့ အေးချမ်းမှုမျိုး
ရင်မှာ မမွှေးပဲ မွှေးခဲ့ရတဲ့ နေ့ပါပဲ

တလောကလုံး နင့်ကိုပဲမြင်ခဲ့ရတဲ့ နေ့တနေ့

ဆိုင်ကယ်နောက်က နင်ကိုတင်ပြီး
မောင်းခွင့်ရတုန်းက ဆိုင်ကယ်ဘက်မှန်ထဲက
နင့်မျက်နာကို ငေးခဲ့ရတဲ့ ရင်ခုန်မှုမျိုး
ငါအခုထိမမေ့ခဲ့ပါဘူးကွယ်

ဆယ်စုနှစ်ကုန်လွန်သွားခဲ့တာတောင်
မနေ့တစ်နေ့ကလိုပဲလို ငါထင်နေတက်တယ်

အရာရာဟာ ပြောင်းလဲခြင်းတွေသယ်ဆောင်နေတာပါပဲ
နင်ကတော့ နင့်ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ
ကလေးသေးသေးလေးမွေးပြီး မိသားစုဆိုတဲ့
အသိုက်အမြုံလေးနဲ့ အဆင်ပြေနေရောပေါ့

ချစ်ခွင့်မပိုင်ပေမဲ့
လွမ်းခွင့်တော့ ဆိုင်ချင်ပါတယ်

ဒါဟာ ဖြူဖြူစင်စင် သတိရခြင်းပါပဲ
ဒီနေ့က ဗယ်လပ်တိုင်းနေ့ဆိုတော့
ငါနင့်ကို သတိရဆုံးနေ့ဖြစ်ခဲ့တာဆိုတော့
အပြစ်လို့ မမြင်စေချင်ပါဘူး

နင်ပေးခဲ့တဲ့ ဆင်ရုပ်လေး အခုထိရှိတုန်းပါပဲ
ငါသိမ်းမထားခဲ့ပေမဲ့ ငါ့ညီမဆီမှာသာရှိပါတယ်

ငုံးဥခွံလေးတွေ နင်စားထားတဲ့
နေကြာစိခွံလေးတွေ တစ်ရူးတွေ
အိတ်နဲ့ထုပ်သိမ်းထားတော့
အမေက အမှိုက်တွေဆိုပြီး လွင့်ပစ်တဲ့နေ့က
ငါညဘက် ဆောင်ကိုက် ငိုခဲ့ရတဲ့နေ့

ပူပူနွေးနွေးရင်ခုန်သံ
အဖြူစင်ဆုံး အချစ်တွေ
ဦးဦးဖျားဖျားပေးခဲ့မိတာတွေအတွက်
ငါ နောင်တအခုထိ မရခဲ့ပါဘူး

လူဖြစ်တဲ့ဘဝမှာ
နင်နဲ့ချစ်ခဲ့ဖူးတာတစ်ခုနဲ့တင်
ဒီကမ္ဘာမြေပေါ် လူဖြစ်ခဲ့ရတာ တန်ခဲ့ပါပြီ

အဲဒီလို
အဲဒီလိုမျိုး
အဲဒီလိုမျိုးပေါ့

အပြင်ပိုင်းကကြည့်ရင်
ရင့်ကျက်သလိုထင်နေရပေမဲ့
တကယ်တမ်းကျ အခုထိမရင့်ကျက်သေးပါဘူး

နင့်သတင်းကြားတာက အစ
အခုထိ ရင်ထဲ လှုပ်ခတ်နေတုန်း နွေးနေတုန်းပါပဲ

အစစအရာရာ အဆင်ပြေတယ်ပဲ
ကြားချင်မိတာတာ အမှန်ပါ

'ငါ့ရင်ခွင်ကို' ဆိုတဲ့
ဦးညီထွဋ်ရဲ့ သီချင်းဆိုတိုင်း
မျက်ရည်ဝဲတက်တာက လွဲလို ငါအဆင်ပြေပါတယ်

'အချစ်သီချင်း' ဆိုတဲ့
သီချင်းဆိုတိုင်းလဲ နင့်ကိုသိပ်သတိရတယ်

နင်လဲနင်ဘဝနဲ့နင် နေသားတကျဖြစ်နေလောက်ရောပေါ့
ငါလဲငါ့ဘဝနဲ့ငါ နေသားတကျဖြစ်အောင်
အတော်ကြိုးစားခဲ့ရတာပါပဲ

ဘာမှမပြောင်းမလဲပါပဲ
စာတွေဖတ်လိုက် ဂစ်တာတီးလိုက်
အမြင်မတော်တာတွေကို အရင်လို
ဘုကြည့်ကြည့်လိုက်ပါပဲ

ကဗျာဒီနေရာကို ရောက်တော့
ရွက်တွေကြွေတဲ့ နွေဦးကိုကြိုဆိုတဲ့ ကာလ
ရွက်ကြွေလမ်းတစ်လျှောက် မျက်ရည်ပန်းကောက်ရင်း
ဖြစ်ချင်တာတွေ မဖြစ်တဲ့အကြောင်းအရာတွေကို
စိတ်ထဲရှိသလို ချရေးပြီး စိတ်ကိုဖြေတယ်
ဂစ်တာတီးတယ် လေ့ကျင့်ခန်းလုပ်တယ် ဒီလောက်ပါပဲ

တစ်ယောက်တည်း သေဖို့
အခွင့်အရေးက လူတိုင်းမှာပါခဲ့တာမို့
ချစ်ခွင့်မပိုင်တော့ပေမယ့်
လွမ်းခွင့်ဆိုတဲ့ အခွင့်အရေးတော့ ရှိမယ်ထင်ပါတယ်

လူသားတိုင်း တစ်စုံတစ်ယောက်ကို
ချစ်နေဖို့ပဲ ဖြစ်စေ
လွမ်းနေဖို့ပဲ ဖြစ်စေ
တစ်ခုခုကိုတော့ ရှိနေကြစမြဲပဲလေ

အချစ်ဦးရေ
ငါကတော့ သတိတရမီးစလေးကတော့
အခုထိလောင်ကျွမ်းအား ကောင်းနေတုန်းပါပဲ

ဖြူဖြူစင်စင် လွမ်းခြင်းနဲ့
ဖြူဖြူစင်စင် သတိရခြင်းနဲ့
ဖြူဖြူစင်စင် ပျော်ရွှင်ပါစေကွယ်

~ ခန့်ထည် ~

ပြန်မလာနိုင်တဲ့
လမ်းကိုရွှေးတဲ့ သူတွေလည်း
နူးညံတဲ့နှလုံးသား ရှိခဲ့ကြတာပါပဲ

ရောက်တဲ့ အရပ်ဒေသဟာ
ကိုယ့်သင်္ချိုင်းဖြစ်နေတက်တာမို့

အမိန့်ပြန်တန်းကလွဲရင်
ဘာမှ မပိုင်ဆိုင်ရတဲ့ ဘဝတွေပါ

အမေ့ ချက်ကျွေးတာ စားချင်သလို
ချစ်သောသူ စကားလဲကြားချင်တယ်
သူငယ်ချင်းတွေနဲ့ အပြင်သွားချင်သလို
နေဖင်ထိုးတဲ့ထိ အိပ်ချင်ကြတာပါပဲ

ဒီလို လူငယ်တွေ ရှိခဲ့ဖူးတယ်
ဆိုတဲ့ အကြောင်း နှောင်းလူတွေကို ပြောပြရဦးမယ်

ဘယ်နေ့ သေမှန်းမသိတဲ့ ဘဝမှာ
အရာအားလုံး ငြိမ်းချမ်းချင်သလို
ကိုယ်ချစ်သော သူတွေ ပြုံးပျော်ရွှင်စွာပဲ မြင်ချင်မိပါတယ်

~ ခန့်ထည် ~

အရင်းနှီးဆုံး သူစိမ်း

နှလုံးသားချင်းလဲ ထပ်တူကျခဲ့ဖူးတယ်
အလွမ်းချင်းလဲ ထပ်တူကျဖူးတယ်
ရင်ခုန်သံစည်းချက်တိုင်းလဲ နှစ်ယောက်အတူရင်ခုန်ခဲ့ဖူးတယ်

အမှတ်တရများစွာလဲ ဖန်တီးခဲ့ကြပြီး
အနာတရတွေအဖြစ် ပြန်ပြောင်းတွေးမိရင်း
နာကျင်မှုဟာ အလွမ်းတွေဖြစ်ပြီး
အလွမ်းဟာလဲ နာကျင်မှု ဖြစ်စေခဲ့ရတယ်

အတူပြောဖူးတဲ့ စကား
အတူသွားဖူးတဲ့ နေရာများ
အတူတိုင်ခဲ့ဖူးတဲ့ ဆိုင်တချို့
အတူကြည့်ဖူးတဲ့ ရုပ်ရုင်ရုံ
အတူသောက်ဖူးတဲ့ ကော်ဖီဆိုင်
အခုတော့ သတိရခွင့်ပဲရှိတယ်
ပြေးတွေ့ခွင့် မရှိတော့ဘူး...

ငါတို့ဟာ
ရင်းနှီးပြီးမှ စိမ်းသွားတဲ့ သူစိမ်း

ထို့ကြောင့်

ရင်နှီးပြီးမှ စိမ်းတဲ့ သူစိမ်းက
ပိုပြီး စိမ်းတယ်ဆိုတဲ့ အကြောင်း
ငါနှောင်းလူတွေကို ပြောပြရဦးမယ်

~ ခန့်ထည် ~

သတိရခြင်းမှာ အချိန်စာရင်းမရှိဘူးလေ😌
ငါရဲ့ဆံနွယ်တစ်ချက်သပ်ချိန်မှာတောင်
ကြင်နာသူမင်းရဲ့မျက်လွှာက
ရွှေရင်ကိုတုန်လှုပ်ရအောင်
ဝိုးတိုးဝါးတားပေါ်လာတာမျိုး..ပါ..ချစ်ရသူ..။

9.2.18

👑 Lawon Phyu(wyu)👑

ငါနူးညံ့သလောက်
မင်းမပျော့ပျောင်းခဲ့ရင်
ခေါင်းငုံ့ပြီး ဒူးမထောက်ထားဘူး
ကျောခိုင်းပြီးဆက်လျှောက်သွားမှာ
ငါပိုင်ရာ ငါ့သမိုင်းမှာ
ဘယ်တော့မှရာဇဝင်မရိုင်းစေရဘူး
တက်ကျိုးရင် လက်ထိုးပြီးလှော်မယ်
ငါ့စရိုက်ငါ့ပုံစံက ငါ့အနာဂတ်ကိုငါပဲလမ်းပြမယ်။

Lawon Phyu(wyu)

"ကိုယ့်ကို စကားလုံးတွေနဲ့တောင် ငိုစေတဲ့လူကို တစ်ဘ၀လုံးစာ ဘာလို့ ရွေးချယ်ရဲတာလဲ " လို့ ကိုယ့်ကိုယ်ကို ပြန်မေးနိုင်ခဲ့တဲ့နေ့က အဲ့ဒီအမျိုးသားဆီက အပြီးအပိုင် ထွက်လာနိုင်ခဲ့တာပဲ ။

အချစ်မှာ သာယာကြည်နူးမှုတွေပဲ ရှိနေမှာ‌မဟုတ်ပေမဲ့ ကိုယ်ချစ်ရတဲ့လူ ထိခိုက်နာကျင်မှုနည်းအောင်တော့
ပြုမူချင်ကြတာပဲမလား
ကိုယ့်အတွက် effort သေးသေးလေးတောင် မရှိခဲ့ပေးတာ ၊
အမြဲ ကိုယ့်ယုံကြည်ရာတွေအိပ်မက်တွေက သူ့အတွက် အပေါစားဆန်နေခဲ့တာ ၊
ကိုယ်သူ့အတွက် ဘာပဲလုပ်ပေးပေး နည်းနည်းလေးတောင် အသိမှတ်ပြုမပေးခဲ့တာ ၊
စိတ်ဆိုးစိတ်ကောက်မှုတွေမှာ ကိုယ်ကပဲ အပြစ်ရှိသလို ခံစားရစေတာ ဒါတွေကို အချိန်အကြာကြီး သယ်ဆောင်ထားခဲ့ပြီး ညည့်နက်တွေထိ အသက်ရှုပ်ကြပ်မတတ် ငိုယိုနေခဲ့ပြီး သူကိုယ့်ကို ချစ်ပါတယ်လို့ ဘယ်စိတ်တွေနဲ့ အထင်မှားခဲ့လဲ ကိုယ့်ကိုယ်ကို မယုံနိုင်ခဲ့ဘူး

ကိုယ်က ပြီးပြည့်စုံနေသူမဟုတ်ပေမဲ့ ချစ်ရတဲ့လူအတွက် အဘက်ဘက်က ဖြည့်နိုင်ဖို့ ကြိုးစားနေခဲ့သူပဲ
Mentally အရတောင် ကိုယ့်အတွက် ရှိနေမပေးခဲ့တဲ့လူကို ချစ်တဲ့စိတ်ကြောင့် လိုအပ်နေခဲ့တာများလား

ပင်ပန်းစရာတွေ လက်ခံနိုင်စွမ်းမရှိတော့ဘူး

အဲ့ဒါကြောင့်လေ ခုနောက်ပိုင်း တစ်ယောက်ယောက်က အဖက်မလုပ်တာ ၊ မတန်သလို ဆက်ဆံခံရတာ အဲ့လိုအခိုက်အတန့်တွေ ကြုံရတိုင်း ကိုယ်က ဘာမှားနေလို့လဲဆိုပြီး မတွေးတော့ဘူး

တစ်ဖက်အတွက် ဖြည့်တွေးပေးရတဲ့ အခိုက်အတန့်တွေက ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်မှု များလာစေတဲ့အခါ ကိုယ်ကတော့

"ငါက ဒီလိုဆက်ဆံခံရဖို့ မထိုက်တန်ဘူးလို့" ရေရွတ်ပြီး ကိုယ်က အရင် လှည့်ထွက်ခဲ့လိုက်တော့တယ်။

Thuz

သူမ မွေးနေ့

၂၀၀၃ နှစ်ထုတ် မြန်မာကော်ပတ်ရုပ်မလေးရေ
နှစ်တနှစ်ရဲ့ အစဟာ ဇန်နဝါရီတဲ့
မင်းက လောကကို ရယ်လိုက်လို့ပေါ်လာတဲ့
သွားတက်လေးနဲ့ အလှဆင်တယ်

အဖေတူလို့ ချောတာဖြစ်ပြီး
အမေတူလို့ လှတာလို့
သူငယ်ချင်းတွေကြား ပြောဖြစ်ကြရင်
မင်းနိုင်ပါစေ ကောင်မလေးရေ

ဒီဆုတောင်း ကဗျာလေးဟာ
ရူရှိုက်မိတဲ့လေဟာ သစ္စာတရားဖြစ်ပြီး
သောက်မိတဲ့ရေဟာ မေတ္တာအပြည့်တွေနဲ့မို့
မင်းတစ်ယောက် အသက်ရှည်ကျန်းမာပါစေ ကောင်မလေးရေ

စိတ်၏ကျန်းမာခြင်းက မင်းဖြစ်ပြီး
ကိုယ်၏ကျန်းမာခြင်းလဲ မင်းဖြစ်ပါစေ
ဒီကောင်းသောမွေးနေ့ရက်မြတ်မှသည်
၂၀၄၄ ခုနှစ်ရဲ့ ဝိသာခါနက္ခတ်ရဲ့
နဝကြယ်ပြောင် တောက်စားပေါ်ထွန်းလာခြင်းကို
ချစ်သောသူရဲ့ လက်ကိုတွဲလို့ကြည့်နိုင်ပါစေ
အသက်ရှည်ကျန်းမာပါစေ ကောင်မလေးရေ

ရက်ပေါင်း ၈၀၃၀ ပြည့်ခဲ့ပြီမို့
လောကကြီးထဲက ဘာတွေရပြီး
ဘာတွေပေးလိုက်ရပြီလဲ တွေးကြည့်မိရဲ့လား
ကောင်မလေးရေ

၁၉၂၇၂၀ နာရီပေါင်းတွေထဲလည်း
ဘာတွေကို အလိုမကျ စိတ်ရဲ့ညစ်နွမ်းမှုတွေ
ရှိခဲ့ရင် ဝမ်းနည်းခဲ့ရင်
အခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ
ဖြူဖြူစင်စင်ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ
ကောင်မလေးရေ

ဒေါသအိုးတွေလည်း မပေါက်ကွဲနဲ့
အာဃာတ အငြိုးတွေလည်း မထားနဲ့
ဒေါသသွေးဟာ လူ့သက်တမ်းကို တိုစေတယ်တဲ့

ပျော်ပျော်နေပါ မေတ္တာ စေတနာအပြည့်ထားပါ
စိတ်သွားတိုင်းကိုယ်ပါဖို့ သည်းခံစိတ်လေး
အမြဲသာမွေးပါ ကောင်မလေးရေ
အသက်ရှည်ချင်ရင် အရူးတွေလို ပြိုင်မငြင်းနဲ့တဲ့
မင်း မှတ်ထားပါကွယ်

ခပ်ကျယ်ကျယ် ရယ်သံတွေနဲ့
အချိန်အကြာကြီး ချစ်မယ်ဆိုတဲ့ ရင်ခုန်နူန်းနဲ့
တယောက်ကိုတယောက် ထပ်တူကြပါစေ

ဘဝကို ရိုးရိုးရှင်းရှင်းနဲ့
ရှင်သန်နေထိုင်မူကို အလေးထားပြီး
လွတ်လပ်မှုကိုမြတ်နိုးတာ လဇန်နဝါရီတဲ့

ဂရီဂေါရီးယန်းပြက္ခဒိန်အရ
တနှစ်တာရဲ့ ပထမလ ဇန်နဝါရီမို့
ရောမနတ်ဘုရား ဂျနုစ် ကို
ကိုယ်စားပြုတဲ့ ဇန်နဝါရီလေ
ကမ္ဘာမြေပေါ်ကို ခပ်ချောချောကမ္ဘာလေးဖြစ်ဖို့
ခပ်ချောချောမိန်းကလေးရေ ပြုံး၍ပြပါဦး

စိတ်ကို စိတ်နဲ့အပြေးလိုက်နေရတဲ့
ပင်ပန်းမှုတွေလဲ ကင်းဝေးပါစေ
မျှော်ရင်းလင့်တက်တာတွေလဲ ဝေးပါစေ
ကွေကွင်း ဝေးကွာခြင်းတွေလဲ လွဲပါစေ

ကော်ဖီသောက်ပါ မနက်စောစော
ထ လမ်းလျှောက်ပါ
သတ္တဝါအလုံးစုံကို မေတ္တာပို့ပါ
အပြုံးဟာ အင်အားတစ်ခုဖြစ်စေဖို့
ဖြူဖြူစင်စင်လေး နေထိုင်ပါ ကောင်မလေးရေ

တွယ်ငြိမိသမျှကိုလည်း
အတ္တလေးကင်းအောင်နေပါ
ဆုံးရှုံးမှူကြုံလာရင် နောင်တချိန်ကောင်းဖို့လို့တွေးပါ

တွဲသောလက်တွေ မြဲပါစေ
သစ္စာတရားတွေ တည်ပါစေ
မေတ္တာတရားတွေနဲ့ အေးပါစေ

ကိုယ်ဖြစ်ချင်တဲ့
စိတ်အခင်းကျင်းအတိုင်း ပုံဖော်နိုင်ပါစေ

အေးစက်တဲ့ ဆောင်းလေ
မင်းပါးပြင်တိုက်ခိုက်တဲ့ အခါ
မေတ္တာတရားဟာ စိမ့်ဝင်
အေးချမ်းပါစေ ဆိုတဲ့အကြောင်း လမ်းကြုံပါးလိုက်တယ်
မင်းတစ်ယောက် နွေးထွေးပါစေ ကောင်မလေးရေ

အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်က
သံယောဇဥ် ဘောင်ကျဥ်းကျဥ်းလေးထဲမှာ
အချစ်ထောင်းလို့ ကိုယ်ကြေခြင်းတွေ
ကင်းဝေးပါစေ ကောင်မလေးရေ

မင်းဘယ်လမ်းကို လျှောက်လျှောက်
ခလုတ်မထိ ဆူးမငြိပါစေနဲ့
မျက်ကွယ်ရာအရပ်ထက် စိတ်ကွယ်ရာအရပ်မှာ
သက်ပြင်းချနေရခြင်း သစ္စာမဲ့တာတွေနဲ့ ကင်းပါစေ

ဘယ်မေတ္တာတွေမှာဖြစ်ဖြစ် ပျော်ပါစေ
ကောင်မလေးရေ

တနင်္ဂနွေ ဆိုတာ
ပုဂံကျောက်စာရဲ့ ပါဠိကနေဆင်းသက်လာတဲ့
တန်နှင်ကနှယ် ကနေ တန်နှင်ကုနွေ၊ တန်နှင်ကနွေ တဲ့

တန်နှင် ဆိုတာက နေ့
ကုနှယ် ၊ ကုနွေ ၊ ကနွေ က နေ ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့

တန်နှင်ကနှယ် ကနေဆင်းသက်လာတဲ့
တနင်္ဂနွေနေ့ က နေမင်းကို အစွဲပြုခေါ်ဝေါ်တာမို့
နေနေ့ ဖြစ်ပါတယ်တဲ့ ကောင်မလေးရေ

နေ လိုထွန်းလင်းပြီး
နေရောင်ခြည်လို တောက်ပတဲ့ ဂုဏ်သတ္တိနဲ့
ပြည့်စုံ လန်းမြပါစေ ကောင်မလေးရေ

မေတ္တာတရားနဲ့ သစ္စာတရားကို
တိုင်တည်ပြီး ဆုတောင်း ကဗျာလေးကို
ရင်ဘတ်နဲ့ရေးသားထားပြီး မင်းက
မျက်ဝန်းတံခါကနေ နှလုံးသားနဲ့ပြုံးပြုံးလေး
ဖတ်တဲ့အခါ
မင်းတစ်ယောက် အသက်ရှည်ကျန်းမာနေဦးမှာ...


~ ခန့်ထည် ~

တစ်ကြိမ် ထိခိုက်မိရုံနဲ့
ပွန်းပဲ့သွားနိုင်မှုက တစ်ဘဝစာ
တစ်ခါလမ်းလွဲသွားရုံနဲ့
ဝေးကွာမှုက တစ်သံသရာ

ဆယ်ခါပေးဖူးမှ
တစ်ခါပြန်ရနိုင်မယ့် ဇာတာပါ ဆိုလည်း
ငါ့အတွက်ဆို
မင်းကိုပဲ ပြန်ရချင်တယ်.....။

- ရှင်ပန်ထွာ -
17.1.2025

တနေ့ကြရင်
ဆေးလိပ်တွေထက် ပန်းတွေကို
ပိုချစ်နိုင်အောင်ကြိုးစားမယ်

ဆေးလိပ်ကိုင်ထားတဲ့ လက်မှာ
ပန်းလေးတစ်ပွင့်ကို အစားထိုးမယ်

ငါချစ်တဲ့ မင်းရဲ့နေရာမှာ
ငါ့ကိုချစ်တဲ့သူကို နေရာပေးမယ်

စိတ်ချစမ်းပါ
ငါမင်းဆီ တသတ်လုံး ပြန်မလာတော့ဘူး

Ma Moe
CRD
ငမူး

ဟောင်းနွမ်းသစ်ဝေ

ကဗျာစာအုပ်ဟောင်းတစ်အုပ်ကို
ပြန်ပြီးဖတ်မိတယ်
အစက်အပျောက်တွေစွန်းထင်းနေတဲ့
စာမျက်နှာတွေမှာ မျက်ရည်ရနံ့တွေက
ပစ္စုပ္ပန်ထိ သင်းနေတုန်း

ဒီခရီး ဘယ်လောက်ကြာခဲ့သလဲ
အတိတ်ကိုပြန်တွေးလိုက်တာနဲ့ နွေးနေတုန်းပဲ
လွမ်းနေလို့သာကြာတယ်ထင်ခဲ့တာ
ပြန်လာတာ ပြန်မလာတာကိုတော့ထည့်မတွက်ကြေး

လောကကြီးမှာ
ကိုယ့်မျက်နှာကို တစ်ချက်မှလှည့်မကြည့်တဲ့သူအတွက်
သစ္စာရှိပေးနေရတာဟာလည်း ဝဋ်ပဲဖြစ်လိမ့်မယ်

မင်းကိုငါ သတိတောင်မရတော့ပါဘူးလို့
တွေးမိလိုက်တဲ့အချိန်တိုင်း
မင်းကို ငါမေ့ဖို့ တစ်ကနေပြန်စရတာပဲ

ငါကိုကမချစ်မိခဲ့ရင် အကောင်းသားကွယ်
ဘာမှမျှော်လင့်စရာမရှိတော့ဘူးဆိုတာသိရက်နဲ့
မိုက်မိုက်မဲမဲ လွမ်းနေသေးတာကိုက
ကျေးဇူးတင်ပါသည်လို့ရေးထားတဲ့ ကံစမ်းမဲကို
သိန်းတစ်ထောင်ပေါက်ပါတယ်ဆိုပြီး ပျော်နေတဲ့ပုံစံမျိုးနဲ့.....

ငါကိုက...မင်းပြောသမျှ ဘာမဆိုအလိုလိုယုံခဲ့မိတာ
ဒီတစ်ခါ တစ်လမ်းတစ်ကွေ့မှာ
နောက်တစ်ကြိမ်ထပ်ဆုံဖြစ်ခဲ့သေးရင်
အဲ့ဒီနေ့ဟာ အရာရာကိုငါမေ့နိုင်သွားတဲ့နေ့ပဲဖြစ်ပါရစေ...

➣ထွန်းဟိန်းယံ