မြန်မာစွယ်စုံသတင်း

@myanmarswesonenewsagency


မြန်မာစွယ်စုံသတင်း

22 Oct, 05:50


မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် မီးသတ်တပ်ဖွဲ့ဌာနချုပ်အနီး မီးလောင်မှု ဖြစ်ပွား

22.October.2024

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် မီးသတ်တပ်ဖွဲ့ဌာနချုပ်အနီး ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းမှ နှစ်ထပ်တိုက်တစ်လုံးသည် ယနေ့(အောက်တိုဘာ၂၂ရက်) နံနက် ၄နာရီခန့်တွင် ဝါယာ ရှော့မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။

" မီးမလောင်ခင်လေးမှာ လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့ ၅ကြိမ်ဖြစ်တယ်။ မိုးကလည်း ရွာနေတော့ လျှပ်စစ်ဝါယာရှော့ဖြစ်မှာကို ကြောက်နေတာ။ သိပ်မကြာဘူး ဓနသိဒ္ဓိလမ်းဘက်ကနေ မီးခိုးလုံးတွေ တက်လာတာပါ"ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ နေသူတဦးက ပြောသည်။

မီးလောင်မှုဖြစ်သည့်နေရာသည့် မြန်မာနိုင်ငံမီး
သတ်တပ်ဖွဲ့ဌာနချုပ် ရှိသည့်နေရာနှင့် ၅ မိနစ်ခန့် ကားမောင်းလျှင်ရောက်သော်လည်း မီးသတ်ကားများသည် နံနက် ၆နာရီကျော်မှ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

မီးသတ်တပ်ဖွဲ့မှ ၆နာရီ ၃မိနစ်မှ မီးသတင်းရပြီး သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာကာ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ၆နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ပြီး ၆နာရီ၃၅မိနစ်၌ မီးငြိမ်းကြောင်း ထုတ်ပြန်ထားသည်။

ဓနသိဒ္ဓိလမ်း၌ နေသူများကမူ နံနက် ၄နာရီကတည်းက စတင်လောင်ကျွမ်းတာ အိမ်က အကြီးကြီးဗျ။ နှမြောစရာပဲ။ အိမ်တွင်း စက်မှုလုပ်ငန်းလည်း လုပ်နေတဲ့အိမ်။ အကုန်ကုန်တာပဲ"ဟု မီးလောင်မှုကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

မြန်မာစွယ်စုံသတင်း

22 Oct, 05:37


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဘီးပေါက်၍ ရပ်တန့်ထားသော ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော ယာဉ်မှ ဝင်တိုက်မိလို့ ၂ဦးသေဆုံး

====================================
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် အောက်တိုဘာ ၂၂ရက်
၊ ၀၅ ၃၄ အချိန်ခန့်က ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ ကျား (၆)ဦးနှင့် မ(၈)ဦး စုစုပေါင်း (၁၄)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် FUSO ယာဥ်ပေါ်ပါ ကျား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

မြန်မာစွယ်စုံသတင်း

21 Oct, 13:56


ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ခြင်းများဖြစ်ပွား

21 .October .2024

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ခြင်းများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၂၁ ရက် နံနက် ၃ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" ညက လေတော်တော်တိုက်တယ်။ အိပ်လို့တောင် မရတော့ဘူး။ လေကတော်တော်ကြမ်းတော့။ မိုးကလည်း တော်တော်ကောင်းတယ်" ဟု ရွှေပြည်သာမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ညလုံးပေါက်မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားခဲ့ရာ မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာစွယ်စုံသတင်း

21 Oct, 04:07


ရန်ကုန် - ပုသိမ်လမ်းမကြီးပေါ် ပန်တိုင်နဲ့ မဲဇလီကြားထဲက ကွေ့မှာ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

21 .October .2024

ရန်ကုန် - ပုသိမ်လမ်းမကြီးပေါ် ပန်တိုင်နဲ့ မဲဇလီကြားထဲက ကွေ့မှာ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကံထူးအောင် ခရီးသည်တင်ယာဉ်မှာ ပန်တိုင်နှင့် မဲဇလီကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပုသိမ်ကနေ ရန်ကုန်ကို မောင်းလာတဲ့ခရီးသည်တင်ကားပါ။ ပန်တိုင်နဲ့ မဲဇလီကြားထဲက ကွေ့မှာ မှောက်တာ။ ယာဉ်ပေါ်မှာ ခရီးသည်လေးဆယ်လောက်တော့ပါတယ်” ဟု အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အချို့ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ ပြင်းထန်ခြင်းမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လာရောက်ခဲ့ကြောင်း သိရသည်။