Ayeyarwaddy Times

@ayeyarwaddytimes


For Freedom Justice & Peace

Ayeyarwaddy Times

22 Oct, 15:45


ရန်ကုန်မှာ မိုးကြီးလို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ် ငမိုးရိပ်နဲ့မဟူရာတမံရဲ့ ရေပြည့်အမှတ်အထက် ၁ ပေကျော်ပိုနေ

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ယခုရက်ပိုင်းမိုးကြီးမှုကြောင့် ရန်ကုန်မြို့အတွင်းရေကြီးရေလျှံမှုဖြစ်ပေါ်နေချိန် ငမိုးရိပ်နဲ့ မဟူရာတမံတွေမှာလည်း ကန်ရေပြည့်မှတ်အထက် ၁ ပေကျော်ပိုနေတယ်လို့ သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 13:33


စစ်ကောင်စီက KNU ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်မှုသည် ခြိမ်းခြောက်ခြင်း ဖြစ်ဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ခြိမ်းခြောက်ခြင်းပင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးလေ့လာ စောင့်ကြည့်သူတို့က သုံးသပ်ကြသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်း နယ်စပ်ရှိ KNU ဌာနချုပ် တပ်မဟာ(၇)၊ သေ့ဘေထစခန်းကို ယနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်က ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲ့ဒါဘာလည်းဆို ဘယ်ရန်သူရဲ့ ဌာနချုပ် စခန်းကို မဆို သူတို့လုပ်ချင်ရင် လုပ်လို့ရတယ်ဆိုတာပဲ။ အခုလည်း ခြိမ်းခြောက်ခြင်း သဘောလို့ ကျွန်တော် ထင်တယ်” ဟု ကရင်ဝါရင့် နိုင်ငံရေးသမား အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ကြဲချခဲ့သည့် ဗုံးလေးလုံးအနက် ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ထမင်းစားဆောင် ပျက်စီးကာ တပ်ဖွဲ့ဝင် နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU နှင့် နီးစပ်သူအပြင် ဒေသခံများထံက သိရသည်။

“တပ်မဟာ (၇)ကို ဒရုန်းတွေနဲ့ လာကြဲတယ်၊ ၂၄ ဘက်ကို ကြဲတာပေါ့။ ရွာထဲက တချို့ကတော့ ဟိုဘက်ကမ်း ကူးကုန်ပြီ၊ ကျွန်တော်တို့တော့ ခဏစောင့်ကြည့်နေတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါနေရာ၌ စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တပ်မဟာ (၇) ကို စစ်ပွဲထဲ ဆွဲသွင်းခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက သုံးသပ်ထောက်ပြသည်။

“အချိန်တစ်ခုတော့ စောင့်ကြည့်ရမယ် ထင်တယ်။ ဒါဟာ သွေးတိုးစမ်းတာ ဖြစ်နိုင်သလို၊ Target point ရှာတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု စစ်ရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ KNU ၏ ပြောခွင့်ရ ပဒိုစောတောနီးကို ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့သော KNU တပ်မဟာ ၇ နယ်မြေကို ယခုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကာ စွယ်တော်ကုန်းအမြောက်စခန်း လက်လွှတ်ရမှုနှင့်လည်း သက်ဆိုင်မှုရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးရှိ စွယ်တော်ကုန်း အမြောက်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNU (ပုံဟောင်း)

#စစ်ကောင်စီ #KNUဌာနချုပ် #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #ခြိမ်းခြောက် #Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 13:10


စစ်ကောင်စီက မတ္တရာမြို့နယ်ရှိ အရပ်သားများကို လေကြောင်းမှဗုံးကြဲပြီး ထွက်ပြေးသူများကို စက်သေနတ်ဖြင့်လိုက််လံပစ်ခတ်၍ ၁ နှစ်သားကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံး

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းတ လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေ ကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညနေ ၄ နာရီ ၇ မိနစ်၊ ၁၄ မိနစ်၊ ၄၈ မိနစ်နှင့် ၆ နာရီ ၂၆ မိနစ်ခန့်တို့တွင် မိတ္ထီလာမှတက်လာသည့် ဂျက်ဖိုက်တာတစ်စင်း၊ တံတားဦးမှတက်လာ သည့် ဂျက်ဖိုက်တာ သုံးစင်းနှင့် MI 35 နှစ်စီး စုစု‌ပေါင်း ခြောက်စင်း တို့ဖြင့် မတ္တရာနယ် ဝန်စုရွာနှင့် ဝေါစုရွာအပြင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် Wetlet Information Network ထံက သိရသည်။

"ဂျက်ဖိုက်တာနဲ့ အရင်ဆုံးလာပစ်တယ်။ နောက် MI 35 တက်လာပြီးထပ်ပစ်တာ ၁၄ မိနစ်ကနေ ၄၈ မိနစ်ထိ။ တတိယအကြိမ်ပစ်တဲ့ အချိန်မှာစက်သေ နတ်မှန်ပြီး သားမိနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ် ရာရရှိခဲ့တယ်"ဟု Wetlet Information Network ထံက သိရသည်။

ယင်းသို့ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးသူများကို စက်သေနတ်များဖြင့်ပါလိုက်လံ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၂၈ နှစ်အရွယ်အမျိုး သမီးနှင့် အသက်တစ်နှစ်ကျော်သာရှိသေးသည့် ကလေးငယ်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဝေါစုရွာ၊ ဝန်စုရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခြင်းကြောင့် ဒေသခံများက မြွေတလိုင်းရွာဘက်သို့ထွက်ပြေးရာတွင် အပေါ်မှ စက်သေနတ်များဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-Wetlet Information Network

#မန္တလေး #မတ္တရာအနောက်ခြမ်း #စစ်ကောင်စီ #ဗုံးကြဲ #စက်သေနတ်ပစ်ခတ် #သားအမိနှစ်ဦး #သေဆုံး
#Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 12:10


ထားဝယ်ထောင်မှ နိုင်ကျဉ်းတစ်ဦး လေဖြတ်၍ ပြင်ပ ဆေးရုံတင်ထားစဉ်သေဆုံး၊ ယခုနှစ် ၁၀ လ အတွင်း ဆေးဝါးမလုံ လောက်မှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ကျဉ်းပေါင်း ၁၅ ဦးအထိရှိလာ

ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ အောက်တိုဘာ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က လေဖြတ်ခြင်းကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ထံက သိရသည်။

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားမှာ အသက် (၆၂) နှစ်အရွယ် ဦးရဲအောင်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် လေဖြတ်သွားပြီးနောက် ထောင်တွင်း ဆရာဝန်လောက်ငှမှုမရှိသည့်အတွက် ထောင်ပြင်ပ ထားဝယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးရဲအောင်မှာ ပုဒ်မ-၅၀(ည) နှင့် ပုဒ်မ-၅၂ တို့ဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

"ထားဝယ်ထောင်မှာက ထောင်ဆေးရုံကအစကတည်းကမရှိတာ ပြီးဝော့ာ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်တွေကလည်း ထားဝယ်ထောင်မှာမရှိဘူး ဆေးမှူးလိုမျိုးအဆင့်လောက်နဲ့ပဲ ထားဝယ်ထောင်မှာ ပုံမှန်နေမကောင်းတာတွေကို ကုသပေးနိုင်တာမျိုးပဲရှိတယ်။ ဒီလိုအခြေအနေမှာ လေဖြတ် သွားတဲ့အတွက် ထောင်ပြင်ပကိုပို့ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိထောင်ပြင်ပမှာ လေဖြတ်တဲ့ဝေဒနာကို ခံစားရရင်း ဆေးရုံတင်ထားတဲ့အခြေအနေမှာ ကျဆုံးသွားတယ်လို့သိထားရတယ်။ ဘာရောဂါနဲ့ ကျဆုံးရတယ်ဆိုတာ ကျွန်တော်တို့ သိရှိရဖို့ကြိုးစားနေဆဲဖြစ်ပါတယ်" ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ ယခု ၂၀၂၄ ခုနှစ်အတွင်း ၁၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သေဆုံးမှုသည်လည်း ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီသည် နိုင်ငံတကာနှင့်လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝေဖန်ထောက်ပြမှုများကို ယခုအချိန်အထိ လျစ်လျှူရှုထားဆဲဖြစ်ကြောင်း သိရသည်။

"လက်ရှိအထိတော့ စစ်ကောင်စီရဲ့အကျဉ်းဦးစီးဌာနဘက်ကတော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲ ပြင်ဆင်မှုတွေလုပ်တာကိုတော့ အရမ်းကြီးမတွေ့ရသေးဘူး" ဟု ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သတ်၍ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး သုံး နှစ်ကျော်ကြာကာလအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်အထိ စာရင်းများအရ အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုလုံ လောက်စွာမရသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၆၃ ယောက်အထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်

#ထားဝယ်ထောင် #နိုင်ကျဉ်းသေဆုံး #ဆေးဝါးကုသမှု #လုံလောက်စွာမရ #PPNM #Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 11:31


လှိုင်မြို့နယ်တွင် ရွှေ ၅ ပိဿာပါသည့် သေတ္တာ ၃ လုံး သေနတ်ပစ်ဖောက်၍ လုယက်ခံရ

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဆိုင်သိမ်းပြီးပြန် လာသည့်ကားကို သေနတ်ပစ်ဖောက်ပြီး လုယက်ခံရရာ ရွှေသေတ္တာသုံးလုံးပါသွားကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်ဝန်းကျင်ခန့်တွင် ရွှေဆိုင်သိမ်းပြီးပြန်လာစဉ် လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ် (၂) ၊ နေအိမ်ရှေ့အရောက်တွင် သေနတ်ပစ်ဖောက်ပြီး ကားနောက်တွင်ထားသည့် ရွှေသေတ္တာများကို လုယက်ယူဆောင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

"ပိုင်ရှင်အမျိုးသမီးက ဆိုင်သိမ်းပြီး အိမ်ကိုပြန်ရောက်ပြီ။ အိမ်ရှေ့အရောက်မှာ နောက်ကလိုက်လာပြီး လုသွားတာ။ ကားသမားကို သေနတ်နဲ့ချိန်ပြီးပစ်တာမထိလိုက်ဘူး။ ကားနောက်‌ လေကာမှန်ကိုရိုက်ခွဲပြီး ရွှေတွေထည့်ထားတဲ့ သေတ္တာတွေကို ယူသွားတာ။ လူထိခိုက်မှုတော့မရှိဘူး" ဟု ရဲတပ်ဖွဲ့ဝင်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးက ရွှေငါးပိဿာ ထည့်ထားသည့် သံသေတ္တာ သုံးလုံးကိုယူဆောင်ပြီး ကားဖြင့်ထွက်ပြေးသွားကြောင်း သိရပြီး လက်ရှိအချိန်တွင် သဲလွန်စတစ်စုံ တစ်ရာရရှိခြင်းမရှိသေးဘဲ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်တွင် မြရွှေယုံဆိုသည့် ရွှေဆိုင်ကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

#ရန်ကုန် #လှိုင် #ရွှေငါးပိဿာ #လုယက်ခံရ #Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 11:07


ဝက်သားကို ဈေးကြီးရောင်းသည်ဟု ပြောသည့် အုပ်ချုပ်ရေးမှူးကို ကြံ့ခိုင်ရေးပါတီဝင် ဝက်သားသည် က ဓားနှင့်ထိုးသတ်

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ် ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ် အထယု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းသည် ဘီယာသောက်ရင်း ဝက်သားရောင်းသူ ကိုဇော်မင်းထွန်း ဆိုသူနှင့် စကားများရာမှ ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးထိန်းလင်းသည် ကျေးရွာထိပ်ရှိကုန်စုံဆိုင်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေး ပါတီဝင်အချို့နှင့် ဘီယာသောက်နေစဉ် ဝက်သားတစ်ပိဿာ ကျပ်နှစ်သောင်းခွဲ (၂၅၀၀၀) ဖြင့် ရောင်းသည့် ကိစ္စပြောဆိုခြင်းကြောင့် ဓားဖြင့်ငါးချက်ထက်မနည်း ထိုးသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

"အုပ်ချုပ်ရေးမှူးက ဘီယာသောက်နေရင်း ဝက်သား ရောင်းတဲ့ဇော်မင်းထွန်းကိုခေါ်ပြီး ဝက်သား တစ်ပိဿာ နှစ်သောင်းခွဲနဲ့ ရောင်းတဲ့ကိစ္စပြောပြီး မင်းတို့ထိန်တောမိုးညိုသားတွေက ဦးစားပေးလို့ ကိုမရဘူး။ လူမိုက်တွေ" ဟု ဦးထိန်လင်းကပြောဆိုခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ကိုဇော်မင်းထွန်းဆိုသူက စိတ်ဆိုးပြီး ဓားဖြင့်ထိုးရာ ဦးထိန်လင်းတွင် မျက်လုံးအောက်၊ လည်ပင်း၊ ရင်အုံ၊ နံစောင်း၊ ခါးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိပြီး လှည်းကူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးသတ်သူ ဝက်သားသည် ကိုဇော်မင်းထွန်းသည် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖြစ်ပြီး အတူတူဘီယာထိုင်သောက်နေစဉ် ဝက်သားရောင်းသည့်ကိစ္စပြောဆိုရာမှ ဓားဖြင့် ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံဖြစ်သူကိုဇော်မင်းထွန်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သိရသည်။

#ရန်ကုန် #မှော်ဘီ #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီဝင် #ဝက်သားသည် #ဓားဖြင့်ထိုးသတ်
#Ayeyarwaddy_Times

Ayeyarwaddy Times

22 Oct, 10:00


တောင်ကိုရီးယားက ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုတ်သိမ်းပေးဖို့ တောင်းဆို

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားနိုင်ငံကို ကူတိုက်ပေးဖို့ ထောင်ချီတဲ့ စစ်သားတွေ စေလွှတ်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကြောင့် တောင်ကိုရီးယားနိုင်ငံက တနင်္လာနေ့မှာ ရုရှားသံအမတ် ကို ဆိုးလ်မြို့တော်သို့ ဆင့်ခေါ်ခဲ့ပြီး တပ်ဖွဲ့တွေ ချက်ချင်း ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ဟာ လက်ရှိမှာ ရုရှားနိုင်ငံမှာ ရောက်ရှိနေပြီး မ ကြာမီ ရှေ့တန်းသို့ သွားရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဇွန်လအတွင်း ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ စစ်ဘက်ဆိုင်ရာ သဘောတူညီ ချက်တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားသို့ စေလွှတ်မှုအပေါ် စိုးရိမ် တယ်လို့ တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးနေ တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ မကြာသေးမီက ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်မှုကို တောင်ကိုရီးယားနိုင်ငံ က အလွန်အမင်း စိုးရိမ်ပြီး မြောက်ကိုရီးယားတပ်ဖွဲ့တွေ အမြန်ဆုံး ရုတ်သိမ်းဖို့နဲ့ ဆက်စပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရပ်ဆိုင်းဖို့ တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ဟောင်ကျွန်က ပြော ကြားခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ တပ်ဖွဲ့တွေ၊ စစ်လက်နက်တွေ ထောက်ပံ့တာဟာ တောင်ကိုရီး ယားကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သိသာတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုလို့ ၎င်းက ရုရှားသံအမတ်ကြီး ဂျော်ဂျီဇီနိုဗက်ဗ်ကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ယင်းသို့သောလုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် နဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ချိုးဖောက်တာလို့ သူက ဆိုပါတယ်။

ကိုးကား - AFP
Ref; Seoul summons Moscow envoy to demand withdrawal of North Korean troops from Russia

#Ayeyarwaddy_Times