မူရင်းတရုတ်အမည် "စွေဟူကျွမ့်" ဖြစ်ပါတယ်။
"စိမ့်တောမြေမှ ဝရမ်းပြေးများ" (Outlaws of the Marsh) ကို "စိမ့်တောမြေမှ ဇာတ်လမ်း"၊ "ကမ်းစပ်ပုံပြင်များ"၊ "ကမ်းနားရေစပ်" စသဖြင့်လည်း ခေါ်ကြပြီး ၁၄ ရာစုက ပေါ်ထွက်ခဲ့တဲ့ အစောဆုံးဝတ္ထုရှည်ကြီးအဖြစ် သတ်မှတ်ထားကြပါတယ်။
စာရေးဆရာ "Sidney Shapiro" က "Outlaws of the Marsh"၊ စာရေးဆရာ "J.H. Jackson" က "Water Margin"၊ စာရေးဆရာမကြီး "Pearl S.Buck" က "All Men Are Brothers" လို့ အသီးသီးအမည်ပေးပြီး အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပါတယ်။
မြန်မာစာရေးဆရာကြီး "မြသန်းတင့်" ကတော့ "Sidney Shapiro" ရဲ့ "Outlaws of the Marsh" ကို "မင်းပုန်းတောင်သိုင်းသမား" လို့ အမည်ပေးပြီး ဘာသာပြန်ဆိုခဲ့ပါတယ်။
"မင်းပုန်းတောင်သိုင်းသမား" ဝတ္ထုဟာ သက်ဦးဆံပိုင် ဘုရင်စနစ်၊ အာဏာရှင်စနစ်ရဲ့ ဆိုးသွမ်းယုတ်မာမှုတွေ၊ မှူးကြီးမတ်ရာ နယ်စား၊ မြို့စားတွေရဲ့ အကျင့်ပျက်မှု၊ အနိုင်ကျင့်မှုတွေကြောင့် မခံမရပ်နိုင်တော့တဲ့ အနယ်နယ်အရပ်ရပ်က သိုင်းသမားပေါင်းများစွာက ဘုရင်ကို တွန်းလှန်တော်လှန်ဖို့ ကြိုးစားခဲ့ကြပုံကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
မူရင်းဝတ္ထုမှာ "သူရဲကောင်းသိုင်းသမား ၁၀၈ ယောက်" ရဲ့ အကြောင်းကို "အခန်းပေါင်း ၁၀၀" နဲ့ ရေးထားတာဖြစ်ပေမယ့် "ဆရာမြသန်းတင့်" က အခန်းပေါင်း ၄၅ ခန်းကိုသာ ဘာသာပြန်ဆိုထားခဲ့ပါတယ်။
အဲဒီ ၄၅ ခန်းဟာလည်း တချိန်က ထုတ်ဝေခွင့်မရခဲ့တာကြောင့် ပုံနှိပ်စာအုပ်အဖြစ် ထွက်ပေါ်လာခြင်းမရှိဘဲ နှစ်ပေါင်းများစွာငုပ်လျှိုးနေခဲ့ရပြီး ၂၀၁၆ ခုနှစ်ရောက်မှသာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။
မူရင်း English Version ဖတ်ရှုလိုသူတွေအတွက် "Sidney Shapiro" ရဲ့ "Outlaws of the Marsh" ကို ဖတ်ရှုနိုင်ပါတယ်။