လူဆိုတာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေထဲကနေတဆင့် အတွေ့အကြုံတွေ ရလာတာပါ။
ဒီလိုမျိုး ကိစ္စတစ်ခုခုနဲ့ ကြုံတွေ့လာတဲ့အခါတိုင်းမှာ လူတွေဟာ သူတို့ လုပ်ခဲ့ဖူးတဲ့ ရလဒ်တွေကို မြင်တတ်လာတယ်။ မှားတဲ့ဟာတွေအတွက်ဆို အမှန်ဖြစ်လာဖို့ ပြင်ဆင်မယ်၊ ကြိုးစားမယ်။ မှန်တဲ့ဟာတွေအတွက်ဆို အမှားမဖြစ်လာအောင် ဆက်လက်ထိန်းထားမယ်။
ပြောရရင် လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်သာ လူတစ်ယောက်ရဲ့ အမြင်မှာ “ အမြင်တွေကျယ်ပြန့်လာတယ် ”။ ကျွန်တော်တို့ လူငယ်တွေဆို ပိုဆိုးတာပေါ့လေ။ လူငယ်ဘဝမှာ အတွေ့အကြုံတွေ၊ ဉာဏ်ပညာတွေ အားနည်းနေသေးတော့ ကိုယ်လိုချင်တာ ရဖို့ပဲ သိတာမျိုးတွေ ဖြစ်ဖူးလိမ့်မယ်။
တကယ်တမ်း ဒါက ရှက်စရာတစ်ခုလည်း မဟုတ်သလို၊ သိမ်ငယ်စရာလည်း မဟုတ်ပါဘူး။ ဒီစာကလည်း လူငယ်တွေကို ရှုံ့ချတာမဟုတ်ဘူး။ အသက်အရွယ်အရ၊ လျှောက်ဖူးတဲ့ လမ်းတွေအရ၊ အတွေ့အကြုံတွေအရ ဒါလိုဟာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီလို အတွေ့အကြုံဟောင်းကနေတဆင့် နောက်ထပ်အတွေ့အကြုံသစ်တွေ ရလာတဲ့အခါမှာ အမြင်ကျယ်လာဖို့ လုပ်ရမယ့်နည်းလမ်းကတော့ တစ်ခုပဲ ရှိတယ်။ အဲ့ဒါ စာဖတ်ဖို့ပဲ။
ဟုတ်ပါတယ်။ လူကြီးသူမတွေ ပြောပြောနေကျ စကားတစ်ခွန်းရှိတယ်။ မှားဖူးမှ သိလိမ့်မယ်တဲ့။ အခုခေတ်မှာ တစ်ခုခုလုပ်ပြီးမှ မှားဖူးမယ်ဆိုတာမျိုး မရှိတော့ဘူး။ မှားဖူးမှ အတွေ့အကြုံရှိတာပေါ့ဆိုတဲ့စကားက ခေတ်နောက်ကို ပြန်ဆွဲနေတဲ့ စကားသာဖြစ်တယ်။
တခြားသူတွေရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရှာဖတ်လို့ရတယ်။ ဝတ္ထုဇာတ်ကောင်ရဲ့ စရိုက်တွေကို ကြည့်ပြီး သင်ခန်းစာယူလို့ရတယ်။ ဆောင်းပါးတွေဖတ်ပြီး အမြင်တွေ ကျယ်လာမယ်။ ကဗျာတွေဖတ်ပြီး နှလုံးသား ရဲရင့်လာမယ်၊ နူးညံ့လာမယ်။
သေချာတာကတော့ မှားဖူးမှပဲ အတွေ့အကြုံရှိမှာ ဆိုတာမျိုးမရှိတော့ဘူး။ လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက သူများ ပြောတဲ့စကားကို နားယောင်နေတာထက် ကိုယ့်ဟာကိုယ် စာဖတ်နေတာ အကောင်းဆုံးပဲ။
🅲🆁🅴🅳🅸🆃 Shwe Note
‘စာဖတ်ခြင်းဖြင့် ဘဝကိုမြှင့်တင်ပါ’