Tokyo Story (1953)
IMDb – 8.2/10, RT – 100%, Meta – 100%
Drama, Japan
မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ… ။ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်… တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်… ငါလွမ်းမိလာတယ်… လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ဘာပဲဖြစ်ဖြစ်ပါ… သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။