+++++++++++++++++++++++++++++++++++++++++++++++
ဖေဖော်ဝါရီလ ၁၉ ရက်
တရုတ်အစိုးရ၏စီစဉ်ပေးမှုအရပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ နစက နှင့် တွေ့ဆုံဆွေးနွေးရာတွင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
နစက ၏ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်အဖွဲ့နှင့် TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။(၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုမှာ ခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင် ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးကာ တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Crd