ပရိတ်သတ်လည်း အဖူးခံဖို့ဗျာ။ ဟိုဘာတုန်း ခင်ဗျားတို့ပြောနေတဲ့ ❝ ကုလေသွ နနုဂိဒ္ဓေါ တို့၊ နစ ခုဒ္ဒ မာစရေ ကိဉ္စိ ❞ ဆိုတာ။ ပညာရှိတို့ နည်းနည်းလေးမှ အပြစ်မပြောသာအောင် ကျင့်ရမှာတဲ့။ ပညာရှင်တွေ နည်းနည်းလေးမှ သွားကြားမထိုးရအောင်ကို လုပ်ရမှာ၊ ကျင့်ရမှာတဲ့။
အဲတော့ ဒို့က တောထဲနေပြီး ခင်ဗျားတို့ မန်းလေးက လှူတာတွေ ထိုင်စားတော့ ပြောမှာပေါ့။ ကိုယ်တော်ကြီးက တောထဲနေပြီး ဘာလို့ အဖူးမခံတာတုန်း ပြောမှာပေါ့။
အခုထွက်တော့ ကဲ ကြိုက်သလောက် ဖူးကြစမ်းဗျာ။ မျက်စိမညောင်းဖူးပေါ့။ ဒို့ကတော့ မိုးရွာကြီးထဲလည်း အဖူးခံမှာ။ လာဖူးသူကသာ မိုးရွာကြီးထဲ ဖူးနိုင်ဖို့ ကြိုးစား။ အဲဒါ ထွက်အဖူးခံတာ တစ်ချက်။
နောက်တစ်ချက်က ဒို့ဘုရားလည်းပဲ သက်တော် (၈၀)အထိ ဆွမ်းခံသွားတာ။ ဆွမ်းခံဝတ် မပျက်ဘူး။ ပြီးတော့ ဝေဘူဆရာတော်ဘုရားကြီးလည်း အင်ကြင်းပင်မှာသာ နွေမို့ ပူလွန်းလို့၊ ပရိတ်သတ်များလို့ နားတာ။ ကျောက်ဆည်ဝေဘူမှာတော့ဖြင့် ဝါတွင်းမှာ ဆွမ်းခံတာ။ (၈၀) အထိ။
ဒို့ကတော့ဖြင့် ဆွမ်းခံတော့ ရတဲ့ဆွမ်းလေးက တစ်နပ်စာ။ ပိုလည်း လွှင့်ပစ်ရမှာပဲ။ သူတို့ အလှူရှင်တွေမှာတော့ ဒါလေးမှီပြီး သာသနာတွင်းကုသိုလ်ယူကြရမှာလေ။
ပြီးတော့ ❝ သမဏာနဉ္စ ဒဿနံ ❞ လားဗျ။ သူတို့မှာ အာရုံပူတွေနဲ့ တွေ့နေတာ။ ဒီတစ်ချီလေးပဲ သူတို့ ဖူးခွင့်၊ အေးခွင့်ရတာလေ။ ဒို့အတွက်ချည်း ဆွမ်းခံရတာ မဟုတ်ဘူးဗျ။ သူများအတွက်ပါ ဆွမ်းခံရတာ။
ဒို့ အဝါနဲ့ ပြောရင်တော့ ဓာတ်တွေက ဖောက်ပြန်နေတာ။ နေ,အပတ်ရေများလို့ ဖောက်ပြန်တာရယ်၊ လူတွေစည်းမဲ့ကမ်းမဲ့ တောတွေ၊ တောင်တွေ ဖျက်ဆီးလို့ရယ် ဒါကြောင့်မို့ ဓာတ်တွေက ဖောက်ပြန်နေတယ်။
သည့်ထက်သည့် ပူမှာ။ သည့်ထက်သည့် ပူတဲ့အစာတွေစားပြီးတဲ့ လူသားတွေဟာ သည့်ထက်သည့် ရိုင်းသွားမှာ။ ခင်ဗျားတို့ မှီဦးမှာ၊ ခံရဦးမှာ။ သည့်ထက် ရိုင်းတာတွေကျတော့ ဘာသာလည်း ရှိမှာ မဟုတ်တော့ဘူး။ ဘယ်ဘာသာမှလည်း ယုံမှာ မဟုတ်တော့ဘူးလေ။ သူလည်း သူ့ဘာသာ မယုံ၊ ကိုယ်လည်း ကိုယ်ဘာသာ မယုံ။
ဒို့ဗုဒ္ဓဘာသာကတော့ မောက္ခ အထိ၊ သံသရာက လွတ်တဲ့အထိ ရှိသမျှ ဓာတ်တွေကို အရိုင်းကနေ အယဉ်, အယဉ်ကနေ အနု, အနုကနေ အရှုခံအဖြစ်နဲ့ မှတ်ပြီးတော့ ဓာတ်သုဉ်းအောင် လုပ်ရတာ။
ဘုရားတို့ ရဟန္တာတို့ဆိုတာ ဓာတ်လေးပါး ကုန်သွားလို့၊ ဓာတ်သုဉ်းသွားလို့။ ဖိုကြီးနဲ့ထိုးရင်တော့ သံဓာတ်သေသကောဗျ။ အလေးချိန်တော့ ဒီတိုင်းရှိမှာပေါ့။ ပြဒါးကလည်း ပြဒါးဓာတ်တော့ သေသပေါ့ဗျာ။ ဓာတ်သတ္တိသေသပေါ့ဗျာ။ အလေးချိန်ကတော့ ရှိမှာပေါ့။
အဲ့တော့ ဘုရားတွေ၊ ရဟန္တာတွေ ကိလေသာဓာတ်သုဉ်းသွားပြီဆိုတာနဲ့ ပထမကိလေသာနိဗ္ဗာန်တဲ့။ ခန္ဓာတော့ ရှိနေဦးမှာ။ နောက်ခန္ဓနိဗ္ဗာန်ကျတော့ ဓာတ်ပဲကျန်တော့တာ။ ဒါကြောင့်မို့လို့ ဓာတ်တော်တွေရှိနေကြတာလေ။
အဲဒီဓာတ်တော်ကလည်း သူ့ပရိတ်သတ် ကျန်နေသေးတဲ့ပုဂ္ဂိုလ်က အဓိဋ္ဌာန်ထားခဲ့လို့။ သူ့ပရိတ်သတ် မရှိတော့ဘူး ကုန်ပြီဆိုတာနဲ့ လာပြီး သိမ်းသွားတာ။ မထားခဲ့ဘူး။ အဲဒီဓာတ်တော်က အဓိဋ္ဌာန်နဲ့ ထားခဲ့တာ။ ဒို့ ဓာတ်နဲ့ သွားကြရတာ။
အဲ့တော့ နောက်ဟာတွေက သည့်ထက်သည် ပူပြီ။ ဘာသာနဲ့ မစဉ်းစားနိုင်တော့ဘူး။ ❝ ကမ္ဘာမီးလောင် သားကောင်ချနင်း ဘဝ ❞ ရောက်ရတော့မှာ။ အဲဒီအခါကျရင် ခင်ဗျားတို့ သီလရှိတာတောင် ရှောင်နိုင်မှ လွတ်မှာနော်။
ဒို့ ဇင်းကျိုက်တောင်တုန်းက ကရင်ဆရာတော်ကြီး ပြောသလိုပေါ့။ ❝ သစ်ရွက်စားနေနိုင်မှ လွတ်မဟေ့ ❞ ဆိုတာ တောထဲ ပုန်းနေလို့ပြောတာဗျာ။ အဲဒီဘဝတွေ ရောက်ကြရဦးမှာ။ သူ့ ငါသတ်၊ ငါ့ သူသတ်နဲ့ နောက်ဆုံး ကိုယ့်သားတောင် ကိုယ်သတ်စားရမည့်ဘဝရောက်မှာတဲ့ဗျာ။
ကမ္ဘာ့လူသားတွေ ပျက်မှာ။ ကမ္ဘာကြီးက နောက် ဘုရားတစ်ဆူ ကျန်သေးတယ်။ နှစ်ပေါင်းဘယ်လောက်ဆိုလား ကျန်သေးသတဲ့။ ဒီကမ္ဘာသက်တမ်းလေ။ လူသားတွေ ပျက်တော့မှာလေ။ လူရုပ်တော့ ရှိမှာပေါ့။ လူစိတ်နဲ့ လူ့ကျင့် မရှိတော့ဘူး။ ဓာတ်ဉာဉ်ဖြစ်တဲ့ တိရိစ္ဆာန်ကျင့်ရှိတော့မှာ။
တိရိစ္ဆာန်က ဓာတ်ကောင်တွေဆိုတော့ ဓာတ်ကျင့်ပဲ ရှိတာလေ။ လူမှာသာ ကုသိုလ် အကုသိုလ် ဟုတ်ကလား။ ခွဲထားတာ။ ဒို့ဗုဒ္ဓဘာသာက မောက္ခအထိ ဓာတ်သေအောင် လုပ်နိုင်တာ။ တစ်ခြားဘာသာက သူတို့ကိုယ်တိုင် မောက္ခအထိမှ မရောက်ဘဲနဲ့။
ထာဝရဘုရားဆိုတာ ဗြဟ္မာ့ဘုံ ပထမစျာန်ဘုံက ဗြဟ္မာကြီးကို ခေါ်တာ။ အဲဒါကို သူတို့က ထာဝရဘုရား။ သူက သက်တမ်းက ကမ္ဘာကြီးနဲ့အညီ ရှိရတာ။ မဟာကပ်တစ်ကပ် နေရတာလေ။
အဲ့တော့ သူ့ဆီကနေပြီးတော့ ဗြဟ္မာပေါက်စလေးတွေပေါ့ဗျာ။ ချာတိတ်လေးတွေပေါ့။ သက်တမ်းကုန်တော့ လူ့ပြည်ပြန်သွား။ လူ့ပြည်ကနေ စျာန်ပြန်ကျင့် သူ့ဆီပြန်သွား။ အဲဒီအခါ သူက ဆီးပြီးကြွားတာပေါ့။ ငါက မသေဘူး။ မင်းတို့က ငါ ဖမ်ဆင်းလို့ ဖြစ်တာ။ အဲဒီမှာ ဖမ်ဆင်းရှင် ဣဿရနိမ္မာန ဖြစ်ကြတာကိုးဗျ။
သူတို့ ဘုရားကိုက စျာန်လောက်ရတာ။ ဉာဏ်ကနေ ဓာတ်သုဉ်းအောင် ဖြန့်နိုင်တဲ့ ဉာဏ်ဓာတ်မှ မရတာ။ အဲ့တော့ သူ့ဘာသာဝင်တွေလည်း ကံသာ ပေးနိုင်တာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကံကောင်းအောင်တော့ ဘာသာတိုင်း လုပ်နိုင်တယ်။ ဉာဏ်ကောင်းအောင်တော့ မလုပ်နိုင်ဘူး။