ဦးမင်းညိုလို အဘိုးကြီးတွေမျိုးတွေ နောက်ပိုင်းမှာ ကျနော် ကြုံတွေ့ခဲ့ဖူးသေးတယ်။ ကိုယ်တိုင်က စာဖတ်သလောက် သားသမီးမြေး အစဉ်အဆက်မှာ စာအုပ်ကို ဖတ်ဖို့နေနေသာသာ ထိကိုင်ကြည့်ဖို့တောင် စိတ်မပါတဲ့ မျိုးဆက်နဲ့တိုးတဲ့ အဘိုးကြီးတွေ။ “အိမ်က အဘိုးကြီးကတော့ စာအုပ်တွေ ကြည့်ကြည့်နေတာပဲကွာ” လို့ စာအုပ်ဖတ်တယ်လို့တောင် ကြိယာမှန်အောင် မသုံးတတ်တဲ့ သားသမီးတွေကြား သက်ပြင်းသာတွင်တွင်ချနေတတ်တဲ့ အဘိုးကြီးတွေ။ အဲဒီအဘိုးကြီးတွေ ကွယ်လွန်သေဆုံးတဲ့အခါမှာ စာအုပ်ရတနာသိုက်ကြီးဟာ ပိဿာချိန်နဲ့ ရောင်းချပစ်ကြမှာ မြင်ယောင်မိသေးတော့၊၊ စာအုပ်အဟောင်းရောင်းသမားတွေနဲ့ ချိတ်ဆက်မိရင်တောင် တော်သေးရဲ့၊၊ ဒီလောက် စာအုပ်တွေနဲ့ ရင်းနှီး ကျွမ်း၀င်ခဲ့တာတောင် စာဖတ်ဖို့ အသိမ၀င်တဲ့ အဲဒီလိုလူတွေကို တွေ့ရရင် ကျနော့်တော့ ရင်ထုလို့သာ ဟစ်အော်လိုက်ချင်တာပဲ။ ငါတို့များ ကြီးခါမှ စာဖတ်ဖို့ ခဲခဲယဉ်းယဉ်း ၀ယ်ယူ၊ ရှာကြံ၊ ငှားရမ်းဖတ်ကြရတာ၊ ဒင်းတို့ကတော့ဖြင့် စာအုပ်ပုံကြားမွေးပြီး ဥပေက္ခာပြုနိုင်ရက်ပါပေ့လို့ အငေါ့မတူးလိုက်ဘဲ မနေနိုင်ဘူး။
အခုတော့လည်း ကျနော့် စာအုပ်ဆိုင်ကလေး ပိတ်လိုက်ရတာ နှစ်နှစ်နီးနီးရှိသွားပါပြီ။ ရပ်ကွက်ထဲ ငိုက်စိုက်ငိုက်စိုက်နဲ့ လမ်းလျှောက်နေလေ့ရှိတဲ့ အဘိုးကြီးဦးမင်းညိုကိုတော့ ရံဖန်ရံခါ ကျနော် လှမ်းလှမ်း တွေ့ပါတယ်။ ဆိုင်ကိုရုတ်တရက်ကြီးပိတ်လိုက်တာမို့ အဘိုးကြီးခမျာ တရက်ရက်မှာ စာအုပ်၀ယ်ဖို့အသွား ဆိုင်းဘုတ်နဲ့ အမှိုက်ပါ အစအနမကျန်တော့တဲ့ ကျနော့်စာအုပ်ဆိုင်နေရာကလေးကို ကြည့်ရင်း အံ့သြတလှည့် ၀မ်းနည်းတလှည့် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ကျနော်လည်းပဲ ကိုယ့်အခြေအနေနဲ့ကိုယ် မဟန်တော့တဲ့ စီးပွားရေးကြောင့် အဆင်မပြေ ပိတ်လိုက်ရတယ်ဆိုပေမယ့် အဘ ဦးမင်းညို ကိုတော့ အားနာနေမိတယ်။ ဒါကြောင့်မို့လည်း ရံဖန်ရံခါ ခပ်ဝေးဝေးက လှမ်းတွေ့လိုက်ရတယ်ဆိုရင်တောင် တကူးတက သွားနှုတ်ဆက်ဖို့ မကြိုးစားဖြစ်တော့ဘူး။
သို့သော်လည်းပဲ စာအုပ်ဆိုင်ထဲ ဦးမင်းညိုနဲ့ စကားလက်ဆုံ ကျနေခဲ့ရတဲ့ အချိန်တွေကိုတော့ သတိရမိတယ်။ ငါးနှစ်တာကာလအတွင်း ဆိုင်နေရာ လေးနေရာပြောင်းဖွင့်သော်လည်း ဘယ်နေရာပြောင်းသွားသွား လိုက်လံရှာဖွေ အားပေးတတ်တဲ့ အဘဦးမင်းညိုဟာ ကျနော့်ရဲ့ အထူးဖောက်သည်ကြီးပဲ။ ကျနော့်စာအုပ်ဆိုင်ကလေးအကြောင်းကိုပြောရင် ဒီအဘိုးကြီးအကြောင်းကို ထည့်မပြောလို့မရနိုင်ဘူး။ တချိန်က ကျနော်စာအုပ်ရောင်းဖူးတယ်လို့ စဉ်းစားတွေးကြည့်လိုက်ရင် အဘဦးမင်းညိုရဲ့ မျက်နှာက အတွေးထဲ အရင်ဆုံးရောက်လာတယ်။ အဲဒီလို အတွေးထဲ သူ့မျက်နှာကို ပြန်မြင်ယောင်လာပြီးနောက် အတွေးထဲမှာပဲ သူ့အိမ်မှာ ရှိနေတဲ့ စာအုပ်ပုံကြီး အကြောင်းက ခေါင်းထဲရောက်လာတယ်။ တခါတလေတော့လည်း တွေးမိသား၊ ကျနော်တို့ဟာ စာအုပ်တွေ ၀ယ်ဖတ်၊ သိမ်းဆည်း၊ သိမှုတွေ ဖြည့်တင်း၊ ခံစားမှုတွေ ဖြည့်သိပ်၊ တချိန်ကျရင် သေသွားကြရမှာ။
ကျနော်တို့ သေလွန်တဲ့အခါ ကျနော်တို့ သေလွန်သလိုပဲ စာအုပ်တွေဟာ "ဒံဝေဒေ ကျီးဝေဒေ ဗလာစာအုပ်တေဝေဒေ" ဘော်တယ်ကုလား(သမား)ဆီရောက် သေလွန်ကုန်ကြရင် နှမြောစရာ၊၊ နှမြောစရာလို့သာ ဆိုရတယ် ကိုယ်ကတော့ သေပြီးပြီမို့ ဘယ်သိတော့မှာတုန်း။ ဒီတော့ စာအုပ်ကိုချစ်တတ်၊ မြတ်နိုးတတ်၊ စုဆောင်းသိမ်းဆည်းတတ်ရုံနဲ့တော့ မပြီးသေးဘူး။ နောက်မျိုးဆက်ကိုပါ စာအုပ်တွေကို တန်ဖိုးထားတတ်၊ ဖတ်ရှုခံစားတတ်အောင် ပျိုးထောင်ဦးမှဖြစ်မယ်လို့ တွေးမိတာပါပဲ၊၊
#လင်းခါး
#lynnkhar
#essay
ဒီဇင်ဘာ ၂၀၁၈