Min Thayt - Official

@minthaytopinion


မင်းသေ့ရဲ့ နိုင်ငံရေးဆောင်းပါးများ ဖတ်ရန်။

Min Thayt - Official

22 Oct, 05:50


ဤဆောင်းပါးကို PDF file ဖြင့်သိမ်းဆည်းဖတ်ရှုရန် ဖြစ်ပါသည်။

Min Thayt - Official

22 Oct, 05:48


ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်နည်းအားဖြင့် ပုန်ကန်ခြားနားကြတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စု အသီးသီးဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြတ် အကဲခတ်ကြရပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ပြီးတော့ ခြေကုတ်ယူထားတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေဟာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်ကို ကြည့်ရှုပြီး လှုပ်ရှားကြရပါတယ်။ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်မှာ ခြေကုတ်ယူ‌ပြီး လှုပ်ရှားကြတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေကလည်း ထိုင်းနိုင်ငံခြားရေးမူဝါဒအပေါ် ကြည့်ရှုပြီး လှုပ်ရှားကြရပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အုပ်စုတွေရဲ့ စစ်ရေးအတက်အကျ လှုပ်ရှားမှုတွေဟာ တရုတ် - မြန်မာ ဆက်ဆံရေး အခြေအနေနဲ့ ထိုင်း - မြန်မာဆက်ဆံရေး အခြေအနေတွေရဲ့ ဩဇာလွှမ်းမိုးမှု ရှိပါတယ်။ တချို့သော လူမျိုးစုလက်နက်ကိုင်အုပ်စုတွေဟာ တရုတ် - မြန်မာ နယ်စပ်မှာသော်လည်းကောင်း၊ ထိုင်း - မြန်မာ နယ်စပ်မှာသော်လည်းကောင်း ခြေကုတ်ယူထားတာမျိုး မရှိပေမယ့်၊ ၎င်းလက်နက်ကိုင်အုပ်စုတွေရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ အခွန်အခ ရရှိမှုတွေ၊ စစ်လက်နက်စုဆောင်းရရှိမှုတွေဟာ ၎င်းနယ်စပ်နှစ်ခုရဲ့ အရေးကိစ္စတွေနဲ့ သွယ်ဝိုက်ပတ်သက်နေပြန်ပါတယ်။

❐ ရှမ်းပြည်တွင်းက ရှမ်းလူမျိုးများ အရွေ့အလျား

၆။ ရှမ်းပြည်နယ်ရဲ့ မဲခေါင်မြစ်ရဲ့ ထွက်ပေါက်ရှိတာမို့ ၊ နိုင်ငံတကာနဲ့ ဆက်သွယ်လို့ ရတဲ့ ကုန်သွယ်ရေကြောင်းလမ်း ရှိတယ်လို့ မြင်ကြပါတယ်။ မဲခေါင်မြစ်ဟာ တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတချို့ စုပေါင်း စီရင်ကြတဲ့ မြစ်တစ်စင်းဖြစ်တာမို့ ရှမ်းပြည်နယ်အဖို့ ပိုင်ပိုင်စိုးစိုး၊ လွတ်လွတ်လပ်လပ် ကုန်သွယ်ထွက်ပေါက်ရဖို့အတွက် အခွင့်အရေး မရပါဘူး။ ဒါပေမယ့် မရှိတာထက် စာရင်၊ မဲခေါင်မြစ်ဟာ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးဘောဂဗေဒအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ပြီးခေတ်နောက်ပိုင်း ရှမ်းပြည်တွင်းစစ်ဟာ တဖြည်းဖြည်းနဲ့ အပြန့်ကျယ်လာပါတယ်။ ဗမာနိုင်ငံရေးခေါင်းဆောင်တို့ရဲ့ လူမျိုးကြီးဝါဒ စိတ်နဲ့ တရုတ်ပြည်တွင်းစစ်ကနေ တွန်းထုတ်လိုက်တဲ့ ကူမင်တန် တရုတ်ဖြူ လက်ကျန်တွေရဲ့ ဘေးထွက်ဆိုးကျိုးကို ရှမ်းပြည်နယ်က ပြည်သူလူထုက လူးလှိမ့်ခံစားခဲ့ကြရပါတယ်။ ၎င်းရဲ့ အထွေထွေအကျိုးဆက်ကတော့ ရှမ်းပြည်နယ်မှာ စစ်နဲ့ မတည်ငြိမ်မှုတွေဖြစ်လာပြီး အထွေထွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းအကျိုးဆက်က ရှမ်းပြည်နယ်ထဲမှာ ရှမ်းလူမျိုးတွေကို နယ်ခြားမြေခြားကို တွန်းထုတ်လိုက်တဲ့ ကြီးမားတဲ့ လူဦးရေ အရွှေ့အပြောင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းလူဦးရေ တဖြည်းဖြည်း နည်းပါးလာမှုဒဏ်ကို ရှမ်းပညာတတ် အမျိုးသားရေးဝါဒီတွေက ထောက်ပြကြပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလူမျိုးတွေက မနေပျော်တော့ပါဘူး။ အဲသည့်လို မနေပျော်အောင်လည်း စစ်ပွဲနဲ့ ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေက ဖန်တီးနေခဲ့တာဖြစ်ပါတယ်။

လောလောဆယ်အားဖြင့် ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုဟာ အင်အားယုတ်လျော့နေပါတယ်။ လက်နက်ကိုင်နည်းနဲ့ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုမှာလည်း အင်အားယုတ်လျော့နေသလို၊ အကြမ်းမဖက်တဲ့နည်းနဲ့ လှုပ်ရှားတဲ့ ရှမ်းအမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနဲ့ ရှမ်းအမျိုးသားလူမှုရေးလှုပ်ရှားမှုတွေမှာလည်း အင်အားယုတ်လျော့နေတာတွေ့ရပါတယ်။ အဲသည့်လို ဖြစ်လာရခြင်း အကြောင်းမှာ၊ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလူဦးရေ အကြီးအကျယ် လျော့ပါးလာခြင်းက အဓိက အချက်တွေထဲက တစ်ခု အဖြစ်ပါဝင်နေတာတွေ့ရပါတယ်။

မင်းသေ့
၂၁ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

22 Oct, 05:48


၃။ လူမျိုးတိုင်းမှာ အမျိုးသားရေးစိတ် ရှိကြပါတယ်။ လူမျိုးတိုင်းမှာ မျိုးချစ်တွေ ရှိကြတာ ထုံးစံပါပဲ၊ သဘာဝပါပဲ။ ဒါပေမယ့် ဆိုင်ရာ အမျိုးအလိုက် မျိုးချစ်စိတ် ပြင်းထန် ထက်သန်သူတွေဟာ နိုင်ငံရေးဓလေ့နဲ့ အတိတ်ရဲ့ အမွေဟောင်း အဆက်အခံအရ လက်နက်စရိုက်နဲ့ ယဉ်ပါးနေတာဟာ ရှမ်းပြည်နယ်အတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် မတည်ငြိမ်သော၊ မငြိမ်းချမ်းသော၊ မဖွံ့ဖြိုးသော ရှမ်းပြည်နယ်အဖြစ် သက်ဆိုးရှည်နေစေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဦးချို (ဂျို) ရှိတဲ့ သတ္တဝါဟာ ဦးချို (ဂျို) ကို အားကိုးတတ်သလို၊ လက်နက်ရှိတဲ့ အမျိုးသားရေးအုပ်စုတွေကလည်း လက်နက်ကို အားကိုးအားထားပြုကြတာ သဘာဝပါပဲ။ လက်နက်ကိုင် အားကိုးလေလေ၊ ငြိမ်းချမ်းသောနည်းနဲ့ စေ့စပ်ညှိနှိုင်းဖြေရှင်းတတ်တဲ့ အလေ့အထဟာ ပိုမို ပါးလျလာလေလေဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ မငြိမ်းချမ်းသော၊ မတည်ငြိမ်သော၊ မဖွံ့ဖြိုးသော ရှမ်းပြည်အဖြစ် စွဲမြဲ ရောက်ရှိလာစေပါတယ်။ ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးသော ပြည်နယ်တစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ပုန်ကန်သူတွေတို့ ဆိုင်ရာ လူမျိုးအလိုက် ဆိုင်ရာ‌ဒေသအလိုက် ကိန်းအောင်း တည်ရှိနေတာကို တွေ့ရသလို၊ မြန်မာစစ်တပ်ရဲ့ ဩဇာခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ နယ်ခြားစောင့်အဖွဲ့တွေ အမည်ခံပြီး လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ကြီး-ငယ်ပေါင်းများစွာလည်း ရှမ်းပြည်နယ်အတွင်းမှာ လှုပ်ရှားနေကြပါတယ်။ ကိုယ့်နယ်ကို ကိုယ့်လူနဲ့ ကိုယ့်ဘာသာ လက်နက်ကိုင်ပြီး စောင့်ရှောက်ဆိုတဲ့ သဘောထားကို ကိုင်စွဲပြီး ဒေသခံတွေကို ပြည်သူစစ်အသွင်နဲ့ လက်နက်တပ်ဆင်ပေးထားခြင်းဟာ ရှမ်းပြည်နယ်အတွင်းမှာ အမြောက်အမြားရှိနေပါတယ်။

ရှမ်းပြည်နယ်အတွင်းက အမျိုးသားရေးအုပ်စုတွေဟာ လက်နက်ဓလေ့နဲ့ ယဉ်ပါးကြပြီး၊ လက်နက်နဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်တွေ့ကျကျ တည်ဆောက်ရမယ်ဆိုတဲ့ အယူဝါဒလည်း ရှိနေကြပါတယ်။ အဲသည့်ထဲမှာ ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်အုပ်စုတွေကတော့ အမျိုးသားရေးထက် စီးပွားရေးအကျိုးအမြတ်ကို ဦးတည်တဲ့ ကိုယ်ကျိုးစီးပွားအခြေခံ သစ္စာခံမှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

❐ မတူညီသော ဒေသမျိုးကွဲများ

၄။ ရှမ်းပြည်နယ် မြေပုံကို ထောက်ပြီး ကြည့်လိုက်ရင်၊ မြို့ပြနိုင်ငံလို ဖြစ်နေတဲ့ နယ်နိမိတ် အပိုင်းအခြားတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲသည့် ဒေသတွေမှာ၊ ဆိုင်ရာဆိုင်ရာ မင်းမူ အုပ်ချုပ်နေတဲ့ နယ်စားပယ်စား အမျိုးအစား ခပ်များများကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မြို့ပြနိုင်ငံလို့ခေါ်တဲ့ city state လို ဖြစ်အောင် အားပေးအားမြှောက်ပြုတဲ့ ပထဝီအနေအထားမျိုးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ရယ်လို့ ပိုင်းခြားကြည့်တဲ့နေရာမှာ နယ်မြေအလိုက် အင်အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ ရှမ်းပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို သွားလာတဲ့အခါမှာ၊ နယ်မြေအလိုက် ဆိုင်ရာပိုင်ရာ နတ်တွေကို ပူဇော်ပသကြရသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို လိုက်နာကြရပါတယ်။

ရှမ်းပြည်နယ်နယ်နိမိတ်အတွင်းမှာ မတူညီတဲ့ ဒေသမျိုးကွဲ ပုံစံတွေ အမြောက်အမြား ရှိနေပါတယ်။ တစ်နယ်နဲ့ တစ်နယ် စီရင်ပိုင်ခွင့် ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မတူညီကြပါဘူး။ ပဒေသရာဇ်ရှမ်းစော်ဘွားများပြည်ထောင်စု ခေတ်တုန်းကတော့ - အင်္ဂလိပ် ကိုလိုနီအစိုးရကနေ အုပ်ထိန်းသူအနေနဲ့ ကြီးကြပ်တဲ့ အုပ်ချုပ်ရေးပုံစံ ရှိခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ စော်ဘွား၊ စော်ခံတွေ (စဝ်ဖ) တွေကို သစ္စာခံခိုင်းတယ်။ ထို့နောက် စော်ဘွားတွေကို မိမိတို့ နယ်ပယ်ဒေသမှာ၊ မိမိတို့ ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေတွေနဲ့ အုပ်ချုပ်စီမံစေတယ်။ အစဉ်အလာ အုပ်ချုပ်ရေးဓလေ့ဟောင်းကို မဖျက်ဘဲနဲ့ ရှမ်းနယ်နိမိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရ အာဏာသက်ရောက်‌အောင် ဖန်တီး တည်ဆောက်ခဲ့ပါတယ်။ ပဒေသရာဇ်ရှမ်းစော်ဘွားများပြည်ထောင်စုဆိုတာကို များသောအားဖြင့်တော့ Federated Shan State လို့ လူအများက သိကြပါတယ်။

❐ ရှမ်းပြည်နှင့် ပထဝီတည်နေရာ

၅။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းအပေါ်မှာ ရှမ်းပြည်နယ်ရဲ့ တည်နေရာ အနေအထားကလည်း အင်မတန် လွှမ်းမိုးတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ ဗမာပြည်မနယ်ကြီးရဲ့ ဖိုခနောက်ဆိုင် အလည်ဗဟိုချက်မှာ ရှိနေတဲ့ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး ရာသီဥတုဟာ တရုတ်ရဲ့ နိုင်ငံခြားရေးသဘောထား၊ ထိုင်းရဲ့ နိုင်ငံခြားရေးသဘောထားနဲ့ မြန်မာဗဟိုအစိုးရအဆက်ဆက်ရဲ့ ဒေသတွင်းနိုင်ငံခြားဆက်ဆံရေး အလှည့်အပြောင်းတွေအပေါ်မှာ လူးလွန့်နေရတယ်လို့ ပြောနိုင်ပါတယ်။

Min Thayt - Official

22 Oct, 05:48


ခေတ်သစ်ရှမ်းနိုင်ငံရေး အဖွင့်

___________________________

ဤဆောင်းပါးသည်၊ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကောက်ကြောင်းကို တို့ထိဖွင့်ဆိုထားပြီး၊ ရှမ်းပြည်နယ် နိုင်ငံရေးကို လွှမ်းမိုးနေသည့် အချက် တချို့ကို ပြဆိုထားပါသည်။ ထို့အပြင် ရှမ်းပြည်နယ် နိုင်ငံရေးအခင်းအကျင်းနှင့် ရှမ်းအမျိုးသားရေးလှုပ်ရှားမှု၏ စိန်ခေါ်ချက် တချို့ကို မီးမောင်းထိုးပြရန် ရည်ရွယ်၍ ရေးသားထားပါသည်။

❐ ရှမ်းသမိုင်းသည် စစ်ဘုရင်များ၏ သမိုင်းလော

၁။ ရှမ်းနိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါ၊ ရှမ်းနိုင်ငံရေးသမိုင်းဟာ စစ်ဘုရင်တို့ရဲ့ သမိုင်းဖြစ်တာတွေ့ရတယ်။ ရှမ်းနိုင်ငံရေးသမိုင်းမှာ စစ်လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ အမြောက်အမြားဟာ လုပ်ပိုင်ခွင့် - အာဏာမြေပုံ အလှည့်အပြောင်း အမျိုးမျိုးတွေ ကြားထဲမှာ ကပြခဲ့ကြတဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တာကို တွေ့ရတယ်။ ရှမ်းနိုင်ငံရေးသမိုင်းမှာ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဦးဆောင်တဲ့ စစ်ဘုရင်တွေရဲ့ ဇာတ်ကြောင်းတွေလောက် မထင်ရှားဘူး ဆိုတာ တွေ့ရတယ်။ စစ်ဘုရင်တွေတွေဟာလည်း မူးယစ်ဆေးဝါး (တနည်း) ဘိန်းနဲ့ အပတ်အသက်ရှိသူတွေချည်းပဲဆိုတာ ထင်ရှားတယ်။ တချို့သော စစ်ဘုရင်တွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ထင်ထင်ရှားရှား၊ ကျော်ကျော်ကြားကြားတွေဖြစ်တယ်။ တချို့သော စစ်ဘုရင်တွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးမှာ သွယ်ဝိုက်သော အပတ်အသက်မျိုးသာရှိတယ်။ အထူးသဖြင့် ဘိန်းနဲ့ပတ်သက်ရင် ဘိန်းဟာ ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဘောဂဗေဒ ဖြစ်တယ်လို့တောင် ပြောနိုင်တယ်။

ရှမ်းပြည်ရဲ့ နိုင်ငံရေးဘောဂဗေဒကို လေ့လာတဲ့အခါမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်သွယ် ရောင်းဝယ် ဖောက်ကား ထုတ်လုပ်မှုတွေဟာ ထင်ရှားတဲ့ ဝိသေသအနေနဲ့ တွေ့ရမှာ ဖြစ်တယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါမှာ၊ စစ်ပွဲတွေ - လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘိန်း၊ မူးယစ်ဆေးဝါးကိစ္စတွေဟာ ဒွေးရောယှက်တင်ဖြစ်နေတာကို တွေ့ရတယ်။

❐ ရှမ်းအမျိုးသားရေးအုပ်စုများ၏ ဖြစ်ပုံ

၂။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းလို့ ပြောတဲ့နေရာမှာ၊ ရှမ်းပြည်နယ် နယ်နိမိတ်ထဲက လူမျိုးစုလက်နက်ကိုင်အုပ်စု အများအပြားရဲ့ သမိုင်း ဖြစ်တယ်လို့လည်း ပြောနိုင်တယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းဟာ ရှမ်းလူမျိုးတစ်ခုတည်း သက်သက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သမိုင်းပုံ မဟုတ်ပါဘူး။ ရှမ်းပြည်နယ် နယ်နိမိတ်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစု အုပ်စုတွေရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးအခြေအနေတွေဟာ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းတစ်ခုလုံးနဲ့ အကြုံးဝင်နေပါတယ်။ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းမှာ ရှမ်းအမျိုးသားရေးအုပ်စုတွေက အဓိက အနေနဲ့ ပါဝင်ကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေဟာ လက်နက်နည်းနဲ့ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို ရေးထွင်းကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေကတော့ နိုင်ငံရေးနည်းနဲ့ ခေတ်သစ်ရှမ်းနိုင်ငံရေးသမိုင်းကို ရေးထွင်းကြတယ်။ တချို့သော ရှမ်းအမျိုးသားရေးအုပ်စုတွေကတော့ လူမှုရေးနည်းဖြစ်တဲ့ ဘာသာရေး၊ စာပေနဲ့ ယဉ်ကျေးမှုအရေးအရာတွေကို လှုပ်ရှားပြီးတော့ ခေတ်သစ်ရှမ်းအမျိုးသားသမိုင်းကို ရေးထွင်းကြတာတွေ့ရတယ်။

ရှမ်းတွေရဲ့ အမျိုးသားရေးခေါင်းထောင်ထမှုဟာ - အစွန်းရောက်ဗမာလူမျိုးကြီးဝါဒရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ပြောတာ တွေ့ရပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ ရှမ်းတွေဟာ အစွန်းရောက်ဗမာလူမျိုးကြီးဝါဒရဲ့ ဘေးသင့်မှုကိုတင် ခံစားနေရတာ မဟုတ်ပါဘူး။ ရှမ်းတွေဟာ ကျဉ်းမြောင်းတဲ့ မျက်ကန်းမျိုးချစ်ဝါဒရဲ့ ဒဏ်တွေကိုလည်း ခံရပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ထဲမှာ ရန်လိုစိတ်ပြင်းထန်ပြီး စစ်စရိုက် ကဲတဲ့ ရှမ်းတွေထက် အရေအတွက်နည်းပါးတဲ့ လူမျိုးစု အုပ်စုတွေရဲ့ ဒဏ်ကိုလည်း ရှမ်းအမျိုးသားရေးစိန်ခေါ်မှုအဖြစ် တွေ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ဝ လူမျိုးနဲ့ ကိုးကန့်လူမျိုးတွေမှာလည်း အမျိုးသားရေးစိတ် ထက်သန် ပြင်းရှတာတွေ့ရတယ်။ ဒါ့အပြင် တအာင်း (ပလောင်) နဲ့ ပအိုဝ်းတွေကလည်း အမျိုးသားရေးစိတ် ထက်သန်ပြင်းပြတာတွေ့ရပါတယ်။ ရှမ်းတွေကလည်း ရှမ်းအမျိုးသားရေးစိတ် ပြင်းရှကြပါတယ်။ ရှမ်းတွေထဲမှာ သိမ်သိမ်မွေ့မွေ့နဲ့ အမျိုးသားရေးစိတ်ကို လက်ခံထားသူတွေ ရှိသလို၊ ကြမ်းရှပြီး ရန်လိုစိတ်ပြင်းထန်တဲ့ ရှမ်းအမျိုးသားရေးဝါဒီတွေကိုလည်း တွေ့ရပါတယ်။

ရှမ်းအမျိုးသားရေးလှုပ်ရှားသူတွေကတော့ ရှမ်းပြည်သူလူထုတွေရဲ့ နိုင်ငံရေးနဲ့ ခပ်ခွာခွာနေလိုစိတ်၊ အပျော်အပါးနဲ့ ပွဲလမ်းသဘင်ကို မက်မောတဲ့ အမူအကျင့်တွေကို အားမလို အားမရဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ဆိုင်ရာဆိုင်ရာ လူမျိုးစုအသီးသီးက မိမိတို့ လူမျိုးစုအလိုက် အမျိုးသားရေးစိတ်တွေ ထက်သန် ပြင်းပြကြတာဟာ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး။

❐ လက်နက်ဓလေ့

Min Thayt - Official

19 Oct, 09:44


၅။ စကားလုံးတွေကို သီတဲ့အခါမှာ၊ ပန်းချီကားတစ်ချပ် ရေးသလို ဖန်တီးလို့ ရတယ်။ စာပန်းချီခြယ်တယ်လို့ သုံးနှုန်းတာတွေ ရှိတယ်။ စာကို ပန်းချီကားတစ်ချပ် ခြယ်မှုန်းသလို ဖန်တီးတဲ့ စာတွေကို တွေ့နိုင်တယ်။ ပန်းချီလို့ ပြောရင် အမြင်အတိုင်းရေးတာလည်း ရှိတယ်။ အထင်အတိုင်းရေးတာလည်း ရှိတယ်။ အထင်နဲ့ အမြင်ကို ပေါင်းစပ်ပြီး ရေးတာလည်း ရှိတယ်။ အမြင်မှာတောင်မှ ပုံကြမ်းလောက်ပဲ ခြစ်မှာလား၊ အနုစိတ် ခြယ်မှုန်းမှာလားဆိုတာ ရွေးချယ်ဆုံးဖြတ်ရတယ်။ အတိအကျရေးမှာလား၊ ခပ်ရေးရေးလောက်ပဲ ပုံပေါ်အောင် ရေးမှာလားဆိုတာ ဆုံးဖြတ်ရတယ်။ စာရေးတဲ့အခါမှာလည်း သဘောကိုပဲ ရေးတာ၊ အဖြစ်အပျက်ကို တိတိကျကျ ရေးတာမျိုးတွေ ရှိတာပဲ။ ကိုယ်က ဘယ်လို ရေးမှာလဲ။ ကိုယ်က ဘယ်လို တင်ပြချင်တာလဲ၊ ကိုယ့်စိတ်ကို ဒီဟာကို ဘယ်လောက်အတိုင်းအတာအထိ ပြချင်တာလဲဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပဲ။ စာရေးဆရာဟာ စာရေးနေတဲ့အချိန်မှာ၊ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ "ရွေးချယ်ခြင်း" "ဆုံးဖြတ်ခြင်း" ဆိုတာကို လုပ်နေရတယ်။ ဘယ်စကားလုံးကို ရွေးမှာလဲ၊ ဘယ်ဝါကျကို ဘယ်နေရာမှာ အဆုံးသတ်မှာလဲ။ ဒါကို ရွေးချယ်ရတယ်၊ ဆုံးဖြတ်ရတယ်။ အဲသည့်လို စိတ်မှာ အလိုအလျောက် ရွေးချယ်နိုင်အောင်လည်း စိတ်က လေ့ကျင့်ထားရတယ်။ တကယ်တော့ စာရေးတယ်ဆိုတာ စိတ်ရယ် လက်ရယ် ဒီနှစ်ခုရဲ့ လေ့ကျင့်မှု၊ ဆက်သွယ်မှုပဲ။ စိတ်က ဆုံးဖြတ်လိုက်တဲ့အရာကို လက်ကနေ လိုက်ပါဖို့ ဆိုတာက စိတ်ရဲ့ အမိန့်ကို လက်က တိတိကျကျ နာခံနိုင်ဖို့ လိုတာကိုး။ သို့မဟုတ်ရင်တော့ စိတ်က တစ်ခုခုကို ရောက်ပြီး၊ လက်က တစ်နေရာရာမှာ ရောက်နေမှာပဲ။ တကယ်တော့ လက်ဟာ အသုံးချခံပါ။ စိတ်ကသာလျှင် အခရာဖြစ်တယ်။ စိတ်စေရာအတိုင်း လက်က လိုက်ပါနိုင်ဖို့အတွက်ကတော့ အရေးအသားမှာ လေ့ကျင့်သားမဝရင် မရနိုင်ဘူး။ ဒါ့ကြောင့် စကားလုံးတွေကို ရင်ခုန်နေရုံ၊ စကားလုံးတွေကို စိတ်ဝင်စားရုံ၊ စကားလုံးတွေကို ချစ်နေရုံနဲ့ မလုံလောက်ဘူး။ စကားလုံးတွေနဲ့စေစားနိုင်အောင် စိတ်ကို လက်က အမိန့်ပေးနိုင်ဖို့ လိုတယ်။ အမိန့်ပေးတဲ့အတိုင်းလည်း လက်က လိုက်နိုင်စွမ်း ရှိရတယ်။

မင်းသေ့
၁၈ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

19 Oct, 09:44


၁။ စကားလုံးတွေမှာက၊ "အသက်" ရှိတယ်။ တချို့ စကားလုံးတွေက သေနေတာ ကြာပြီ။ တချို့ စကားလုံးတွေက အခုမှ မွေးဖွားလာတယ်။ တချို့စကားလုံးတွေက အသက်ကြီးပြီ။ တချို့စကားလုံးတွေက အခုမှ သန္ဓေတည်ခါစပဲ ရှိသေးတယ်။ တချို့စကားလုံးတွေကတော့ အခုမှ ဆယ်ကျော်သက် အပျိုဖြန်း၊ လူပျိုသိုးလေးပဲ ရှိသေးတယ်။ စကားလုံးတွေမှာ အသက်ရှိသလို၊ စကားလုံးတွေမှာလည်း အရွယ်ရှိတာပဲ။ နောက်များမှာလည်း ဘာသာစကားတစ်ခုမှာ စကားလုံးအသစ်တွေ၊ ဝေါဟာရ အသစ်တွေ ပြန်ပြီး ပေါ်လာအုံးမှာပါပဲ။ တချို့သော စကားလုံးတွေကတော့ လူတွေနဲ့ အတော်ကြီး အသားကျနေပါပြီ။

၂။ ကျနော်က ဘာ့ကြောင့် စာရေးဆရာ ဖြစ်လာသလဲလို့ မေးရင်၊ စကားလုံးတွေကို ချစ်လို့၊ စကားလုံးတွေကို ရင်ခုန်လို့လို့ ပြောလို့ ရမယ်။ စကားလုံးတွေကို စိတ်ဝင်စားတယ်။ အထူးသဖြင့် စကားလုံးတွေရဲ့ နောက်ကွယ်က အနက်သဘောတွေကို အမျှင်တန်းပြီး လိုက်ပါတွေးခေါ်နေရတာကို ကြိုက်တယ်။ စကားလုံးတွေကို တွင်ကြည့်ချင်တယ်။ သမားရိုးကျ ရေးထုံး သီထုံးဖြစ်တဲ့ ဝါကျမျိုးတွေကနေ ဖောက်ထွက်ချင်တယ်။ တကယ်တော့ အဲဒါကို အကောင်းဆုံး လုပ်နိုင်ခွင့်က ကျနော် အများဆုံးရေးတဲ့ ဆောင်းပါးတွေမှာ ရှိမနေတတ်ဘူး။ ဆောင်းပါးတွေက အကန့်အသတ် ရှိတယ်။ အကြောင်းအရာ အကန့်အသတ်၊ အတွေးအခေါ် အကန့်အသတ်၊ ခံစားမှုအကန့်အသတ် ရှိတယ်။ ကဗျာတို့ အက်ဆေးတို့ကတော့ creative writing လို့ခေါ်တဲ့ ဖန်တီးမှုအရေးအသားကို ကဲပြီး ရေးလို့ ရတယ်။ တကယ်တော့ ကျနော်က ကျနော့်စိတ်နဲ့ဆိုရင် ဆောင်းပါးတွေ မရေးရဘူး။ ဝတ္တုတွေ၊ အက်ဆေးတွေနဲ့ ကဗျာတွေ ရေးရမှာ။ ဒါပေမယ့် လူက ဘယ်ဘဝက ဝဋ်ကြွေး ရှိသလဲဆိုတာ မသိပါ။ ဆောင်းပါးရေးဆရာ လာဖြစ်နေတယ်။ လာဖြစ်တယ်ဆိုတာထက် ကျနော့် ရွေးချယ်မှုပါ။ နိုင်ငံရေးဆောင်းပါးတွေ အရေးများတဲ့ ဆောင်းပါးရေးဆရာ ဖြစ်နေတယ်။

၃။ စကားလုံးတွေကို စိတ်မဝင်စားရင် စာရေးဆရာ ကောင်းကောင်းဖြစ်မလာဘူး။ စကားလုံးတွေကို ရင်မခုန်ရင်လည်း သာမန်ညောင်ညလောက်ပဲ ဖြစ်သွားမယ် ထင်တယ်။ စကားလုံးတွေကို စိတ်ဝင်စားတာဟာ ဘာသာဗေဒတစ်ခုကို ရှေ့ဆောင် ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ မျိုးစေ့ပဲလို့ ထင်တယ်။ ဘာသာစကားမှာ အသားသေပြီးသား စကားလုံးတွေကိုပဲ ပြန်လည် သုံးစွဲရမယ် ဆိုတဲ့ အယူဝါဒရှိထားသူတွေ ရှိတယ်။ သူတို့က အသစ်ထွင်တာကို သဘောမကျဘူး။ အသစ်ထွင်တာဟာ အဟောင်းကို ဖျက်တာလို့ ထင်တယ်။ အဟောင်းအတိုင်းပဲ သုံးပေါ့ဆိုတဲ့ တရားသေသမားတွေရှိတယ်။ ဘာသာဗေဒဝံသာနုသမားတွေမှာ ဒီလိုသဘောတွေ ခပ်များများတွေ့ရတယ်။ စကားလုံးဆိုတာ သုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျယ်ပြန့်လာတာ။ ဘာသာစကားကလည်း အသုံးဝင်မှု တန်ဖိုး ရှိတယ်။ ဘယ်သူ အသိအမှတ်ပြုပြု - မပြုပြု၊ အသုံးများလာတယ်ဆိုရင် အလိုလို တရားဝင်မှု ရလာတာပဲ။ ဒါကို နိုင်ငံရေးအသုံးမှာ legitimacy ရှိလာတယ်လို့ သုံးတယ်။ စကားလုံးတစ်ခု တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပြီဆိုရင် ဒါဟာ လူထုရဲ့ အသိအမှတ်ပြုမှုကို အလိုလို ရလာတာပဲ။ ဘယ်အဖွဲ့အစည်းက၊ ဘယ်လို ပုဂ္ဂိုလ်ကြီးက လက်မခံလို့ ဘောင်မဝင်ဘူးဆိုတာ မရှိတော့ပါဘူး။ လူ့အဖွဲ့အစည်းက ဒီစကားလုံးတစ်ခုကို ဘယ်လောက်အထိ နားလည်ပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။

၄။ စကားလုံးတွေက အသက်ရှိသလို၊ အရွယ်လည်း ရှိတယ်။ ပြီးတော့ စကားလုံးတွေမှာ အရောင်လည်း ရှိတယ်။ အရောင်တွေကို တွဲဆက်လို့ ရသလို၊ စကားလုံးတွေကိုလည်း တွဲဆက်လို့ ရတယ်။ အနက်တူစကားလုံးတွေကို တွဲရတာတင်မက၊ ဆန့်ကျင်ဘက် စကားလုံးတွေကိုလည်း တွဲလုံးလေးတွေနဲ့ သီလို့ ရတယ်။ ဝါကျတည်ဆောက်ပုံပဲ ပြောပြော၊ နာမ်ပုဒ်တစ်ခု တည်ဆောက်တယ်လို့ပဲ ပြောပြော ဒါတွေကို လုပ်လို့ ရပါတယ်။ ဝါကျဖွဲ့ထုံးမှာလည်း ထွင်လို့ ရတယ်၊ ဖန်တီးလို့ရတယ်။ ကွန့်လို့ ရတယ်။ စကားလုံးတွေမှာ အသံရှိတယ်။ အရောင်ရှိတယ်။ စကားလုံးတွေနဲ့ ခံစားချက်တွေကို ဖြစ်စေတယ်ဆိုတာဟာ အင်မတန်မှ ရင်ခုန်စရာကောင်းတဲ့ ဖန်တီးမှုအလုပ်ကို လုပ်နေတာပဲ။ အသံရှိလို့လည်း ဒီစာဟာ အမိန့်ပေးတဲ့စာ၊ ဒီစာဟာ ခြိမ်းခြောက်တဲ့စာ၊ ဒီစာဟာ တောင်းပန်တဲ့စာ၊ ဒီစာဟာ စာနာကရုဏာထားတဲ့စာ ရယ်လို့ လူတွေက မှတ်ချက်ပြု ကောက်ချက်ချကြတာပေါ့။ စကားလုံးတွေမှ အရောင်ရှိလို့လည်း ဒီစကားလုံးနဲ့ ဒီအကြောင်းအရာဟာ မလိုက်ဖက်ဘူး၊ လိုက်ဖက်တယ်၊ ဆိုတာမျိုးဖြစ်လာတာပေါ့။ စကားလုံးတွေဆိုတာလည်း လူတွေလိုပဲ။ တည့်တာတွေ ရှိတယ်၊ မတည့်တာတွေ ရှိတယ်။ စကားလုံးတွေမှာ ကိုယ်စီကိုယ်စီ အနက်အဓိပ္ပာယ်ဆောင်တဲ့ အဓိပ္ပာယ်တွေလည်း ကိန်းအောင်းနေတယ်။ တချို့ စကားလုံးတွေဆိုရင် သမိုင်း ရှိတယ်။ ဒီစကားလုံးဟာ ဘယ်လို ဘယ်ပုံကနေ ပေါ်ပေါက်လာရတာဖြစ်တယ်၊ ဘယ်လို ဘယ်အခြေအနေကနေ ထွက်ပေါ်လာတာဖြစ်တယ်။ ဘယ်လို အကြောင်းမျိုးကြောင့် ဒီစကားလုံးဟာ မွေးဖွားလာရတယ်ဆိုတာ ရှိတယ်။

Min Thayt - Official

19 Oct, 06:13


သူငယ်ချင်းတွေက မေးတယ်။
မင်း ဘာကို ယုံသလဲ...တဲ့။
ငါက စေတနာသည် ကံဖြစ်သည်ဆိုတာကို ယုံတယ်။
ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်ဆိုတာကို ယုံတယ်။

လူဟာ နေ့တိုင်း နေ့တိုင်း အချိန်တိုင်း အချိန်တိုင်း ဆုံးဖြတ်ချက်သေးသေးလေးတွေကို ချနေရတယ်၊ အဲသည့် ဆုံးဖြတ်ချက်သေးသေးလေးတွေကပဲ ဘဝကို တဖြည်းဖြည်းနဲ့ ပုံဖော်သွားတယ်လို့ နားလည်လက်ခံထားတယ်။ အဲသည့်လို ဆုံးဖြတ်ချက်သေးသေးလေးတွေကို ချဖို့အတွက် အချိန်တိုင်း အချိန်တိုင်း ရွေးချယ်မှု ပြုနေရတယ်။ ကိုယ့်ရွေးချယ်မှုကပဲ ကိုယ့်ဘဝကို ပြဋ္ဌာန်းစီရင်သွားတယ်လို့ နားလည်လက်ခံထားတယ်။

ပြီးတော့၊ ယုံကြည်မှုစက်ဝန်းကို ချဲ့နိုင်လေလေ၊ ကိုယ့်ပတ်ဝန်းကျင်က ကျယ်လာလေလေလို့ လက်ခံထားတယ်။ ယုံကြည်မှု စက်ဝန်းက ကျုံ့လေလေ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က သေးလေလေ ကျုံ့လေလေလို့ နားလည်လက်ခံထားတယ်။ ဒါ့ကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ၊ သူနဲ့ ကိုယ့်အကြား ဘယ်လောက်အထိ ယုံကြည်မှု ကောင်းကောင်း ရှိထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်း ကျယ်တာ၊ ကျဉ်းတာဆိုတာ ဖြစ်လာတာလို့ နားလည်တယ်။

လူငယ်တွေက မေးတယ်။
ဘာလုပ်သင့်သလဲ၊ ဘယ်လို ခံယူချက်၊ ဘယ်လို ယုံကြည်ချက် ထားသင့်သလဲ...တဲ့။
ဒီမေးခွန်းကို မဖြေပါဘူး။
ငြင်းပါတယ်။

လူတစ်ယောက်က ဘာလုပ်သင့်သလဲဆိုတာကို ကိုယ့်ဘာသာကို ဆုံးဖြတ်ရမှာပါ။ လူတစ်ယောက်က ဘယ်ခံယူချက်ကို ခံယူမယ်၊ ဘယ်ယုံကြည်ချက်ထားမလဲဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်လက်ခံရမှာပါ။ မင်းက ဘာကို ယုံကြည်ရမလဲ၊ မင်းက ဘယ်လို ခံယူသင့်သလဲဆိုတာကို ကျနော်က ဆုံးဖြတ်ပြဋ္ဌာန်းပေးပိုင်ခွင့် မရှိပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ်။ အဲသည့် လွတ်လပ်ခွင့်ကို ကျနော် လေးစားတယ်။ ကျနော်ကိုယ်တိုင်လည်း ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်တန်ဖိုးထားတယ်။ ဒါ့ကြောင့် တခြားသူက သူ့ဘဝအမြင်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ သဘောထားအမြင်ကို တောင်းခံတဲ့အခါ၊ ဒါကို "No" လို့ ပြောလိုက်ပါတယ်။ ဒါဟာ ငါ စီရင် ဆုံးဖြတ်ပေးရမယ့်ကိစ္စ မဟုတ်ဘူး။ မင်းကိစ္စဖြစ်တယ်။ မင်းဘာသာမင်း တာဝန်ယူရမယ်။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်သာ ပြဋ္ဌာန်းသင့်တယ်။ ကိုယ့်ဘဝကို သူများတကာက လာပြဋ္ဌာန်းတာကို ကျနော်ကိုယ်တိုင် လက်မခံသလို၊ ကိုယ်ကလည်း သူများဘဝကို ပြဋ္ဌာန်းပေးတာမျိုးကို မလုပ်ဘူး။

ဒါပေမယ့် ကိုယ့်ဘဝရဲ့ ခံယူချက်နဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားသင့်တာတွေ ရှိတယ်။ ကိုယ့်ဘဝ ယုံကြည်ချက်နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားသင့်တာတွေ ရှိတယ်။ ဒါတွေကိုတော့ နားလည်ထားရင် ပိုကောင်းတယ်လို့ ကျနော် ပြောခဲ့ပါတယ်။

ကျနော်က တစ်ခုခုကို စဉ်းစားတဲ့အခါ၊ အမြဲတမ်းလိုလို ဒါဟာ "သဘာဝကျရဲ့လား" ဆိုတဲ့ မေးခွန်းလေးတွေ မေးပြီး စဉ်းစားလေ့ရှိတယ်။ သဘာဝကို လွန်ဆန်တဲ့ကိစ္စတွေကို သိပ်မယုံကြည်တတ်ဘူး။ စိတ်ထဲမှာ၊ ဒါကတော့ သဘာဝမကျဘူးလို့ ခံစားမိရင်၊ လက်မခံပါဘူး။ သဘာဝကျတယ်၊ ယထာဘူတကျတယ် ဆိုရင် ဒါဟာ သာမန်အားဖြင့် လက်ခံနိုင်ဖွယ် ဖြစ်ပါတယ်။ လွန်လွန်ကျွံကျွံတွေကို သိပ်မကြိုက်ဘူး။ သဘာဝကို ကျော်လွန်ပြီးတော့ လွန်လွန်ကျွံကျွံ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ခံစားလိုက်မိတယ်။ အကန့်အသတ်ကို ကျော်လွန်လာတယ်ဆိုရင် ဒါဟာ တစ်ခုခုတော့ လွဲနေပြီလို့ နားလည်တယ်။ ဘယ်ကိစ္စမဆို အကန့်အသတ်ရှိတယ်လို့ လက်ခံထားတယ်။ အကန့်အသတ်ကို သိခြင်း၊ အတိုင်းအရှည်ကို သိခြင်း၊ အချိန်အခါကို နားလည်ခြင်း၊ အကြောင်းအကျိုးကို နားလည်ခြင်းဆိုတာ ဘဝမှာ သိပ်ကို အရေးကြီးတယ်လို့ ထင်တယ်။

မင်းသေ့
၁၈ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

16 Oct, 12:45


ဥပမာ - ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှာ ကိုးကန့်တပ်ကို ဖိအားပေးနေရင်းနဲ့ ကိုးကန့်တပ်သိမ်းထားတဲ့ လားရှိုးကို စစ်ကောင်စီက “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတဲ့သဘောထားနဲ့ မစားရတဲ့ အမဲ သဲနဲ့ပက်တဲ့ အပြုအမူမျိုးနဲ့ လားရှိုးကို ဗုံးကြဲ ဖျက်ဆီးပစ်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် တအာင်းတပ်ကို တရုတ်က ဖိအားပေးနေချိန် တအာင်းတပ်က လားရှိုးနဲ့ ကပ်လျက် သီပေါကို အတင်းအကျပ် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ခြင်းအခြေအနေမျိုးတွေကို တွေ့ရပါတယ်။ ဒါတွေဟာ Negative Peace ကို တရုတ်ဘက်က တွန်းအားပေးလုပ်ဆောင်နေရင်းနဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြားဝင် ဟန့်တားဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

❐ Positive Peace ရဲ့ သဘော

လောလောဆယ်အခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း Positive Peace ဘက်ကို သွားနိုင်ချေ အင်မတန် နည်းပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ရေခံမြေခံကိုယ်၌က အာမခံချက်ရှိတဲ့ Positive Peace ကို တည်ဆောက်ဖို့အတွက် အားပေးအားမြှောက် မလုပ်ပါဘူး။ သက်ဆိုင်ရာ အင်အားစုတွေအားလုံးကလည်း တိုင်းပြည် အလုံးစုံ ပြိုဆင်းရေးကိုပဲ ဝိုင်းဝန်း ဦးတည် ကျေးဇူးပြုနေကြသလိုဖြစ်နေပါတယ်။ Positive Peace ဆိုတာကတော့ တရားမျှတမှုကို တည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တန်းတူညီမျှမှုတွေနဲ့ သဟဇာတဖြစ်မှုတွေကို တည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ လုံးဝ ကင်းပျောက်သွားပြီး စစ်ပွဲအလွန်ကာလမှာ ဖြစ်ထွန်းတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပုံစံဟာ ကြိုကြားသဘော၊ ကွက်ကြားသဘောဖြစ်တာကြောင့် မြန်မာနိုင်ငံနယ်နိမိတ် ဧရိယာတစ်ခုလုံးမှာ၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေ အာမခံချက်ရှိစွာ အပြိုင်ဖြစ်ထွန်းဖို့ဆိုတာ တော်ရုံနဲ့ မမျှော်လင့်နိုင်ပါဘူး။ လွတ်မြောက်ဒေသတွေ အာမခံချက်ရှိရှိ လွတ်လပ်ရေးဆိုတာဟာ စစ်ရေးနည်းလမ်းသက်သက်နဲ့ မရပါဘူး။ နိုင်ငံရေးနည်းလမ်းပါ လိုက်ပါရမှာဖြစ်ပါတယ်။ ဒါ့အပြင် Positive Peace ဆိုတာဟာ ပဋိပက္ခရဲ့ ရင်းမြစ်ပြဿနာကို အဖြေထုတ်ပြီး ရှင်းလင်းနိုင်ခြင်းဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်စေတဲ့ ပြဿနာရင်းမြစ်ကို ဖြေရှင်းနိုင်ခြင်းအဆင့်ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းရင်းတွေဆိုတာကလည်း ကဏ္ဍနယ်ပယ်တစ်ခုတည်းမှာ ရှိမနေဘဲ၊ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးနယ်တွေအထိပါ မညီမျှမှု၊ မမျှတမှုတွေ ဖြစ်နေခြင်းကို ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။

Positive Peace ဆိုတာဟာ ရေရှည်ဖြစ်ပါတယ်။ တည်ငြိမ်မှုဟာ ရေရှည် ရတာဖြစ်ပြီး ပေါက္ခရဝဿမိုးလို ကွက်ကြားမျိုး ဖြစ်ထွန်းတဲ့ တည်ငြိမ်ရေး မဟုတ်ပါဘူး။ တစ်ဆက်တစ်စပ်တည်း ငြိမ်းချမ်းခြင်း၊ တစ်ဆက်တစ်စပ်တည်း တည်ငြိမ်ခြင်းဖြစ်ပါတယ်။ အာမခံချက်ရှိတဲ့ တည်ငြိမ်ရေး၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒါ့အပြင် Positive Peace ဆိုတာဟာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ့အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ လူမှုတရားမျှတမှုတွေကို ဆောင်ကြဉ်းတည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ပိုပြီး လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကို ပြည်သလူထုက သုံးဆောင်ခံစားခွင့် ရှိတဲ့ ငြိမ်းချမ်းရေးအခြေအနေဖြစ်တာကြောင့်၊ ပိုကောင်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။

မင်းသေ့
၁၆ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

16 Oct, 12:45


❐ ငြိမ်းချမ်းရေး - အပေါင်း နှင့် အနှုတ်

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကို အိပဲ့အိပဲ့နဲ့ ကြုံလာမယ့် အနေအထားမှာ ရှိပါတယ်။ ဒါကို ကြိုကြားပြည်တွင်းစစ်၊ ကွက်ကြားပြည်တွင်းအဖြစ် အသွင်ပြောင်းနိုင်ချေရှိတယ်လို့ မှန်းဆရပါတယ်။ အဲသည့်ထဲမှာ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် မရှိတော့ဘူးလားလို့ မေးရင် ငြိမ်းချမ်းရေးအတွက် ပုံစံ တစ်မျိုးမျိုးနဲ့တော့ မျှော်လင့်နိုင်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စကို ပြောရင် များသောအားဖြင့် Positive Peace နဲ့ Negative Peace ရယ်လို့ ခွဲပြောလေ့ရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Positive Peace လို့ခေါ်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းမှာ မဟုတ်သေးပါဘူး။ တချို့သော နေရာဒေသတွေမှာတော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အလိုက် ဖြစ်ထွန်းမယ့် Negative Peace ပုံစံမျိုး ဖြစ်ထွန်းနိုင်ဖွယ် ရှိပါတယ်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယတို့ဟာ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်းအားဖြင့် Positive Peace ပုံစံမျိုးကို သွားနိုင်ဖို့ ခက်ခဲနေသေးတယ်ဆိုတာ သိနားလည်ဟန်တူပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လက်နက်ကိုင်အဖွဲ့ကြီးတွေကို Negative Peace ဘက်ကို ဆွဲခေါ်သွားဖို့ အားထုတ်ချက်တွေ တွေ့နေရပါတယ်။ အထူးသဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ချည်းကပ်ပုံသဘောထားဟာ Negative Peace ဘက်ကို ပါလာ‌အောင် ဆွဲခေါ်တာတွေ့ရပါတယ်။

❐ Negative Peace ရဲ့ သဘော

စစ်ဖြစ်နေတဲ့ အခြေအနေထက်စာရင်တော့၊ ပြည်သူလူထုအတွက် Negative Peace ဆိုတာကလည်း အသက်ရှုပေါက်တစ်ခုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဆေးမြှီးတိုသာဖြစ်တယ်၊ ယာယီသဘောသာဖြစ်ပါတယ်။ ရေရှည်အတွက် ဆေးနည်းကောင်း မဟုတ်သလို၊ မြန်မာ့ပြည်တွင်းရေးပြဿနာကို အမြစ်ပြတ်အောင် ရှင်းလင်း ကုသနိုင်မယ့် ဆေးနည်းကောင်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဒနာပြင်းထန်လွန်းတဲ့ လူနာကို အနည်းငယ် အနာသက်သာအောင် ဘိန်းမှိန်းမှိန်းခိုင်းတဲ့သဘောလိုဖြစ်နေပါတယ်။ လူနာဟာ ရောဂါ အရှင်းမပျောက်ပေမယ့် ခံစားရတဲ့ ဝေဒနာကနေ အနည်းငယ် သက်သာရာ သက်သာကြောင်းရတဲ့ ချည်းကပ်နည်းနဲ့ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ချည်းကပ်နေတာတွေ့ရပါတယ်။ ဒါကို ကောင်း၏ ဆိုး၏၊ မှား၏ မှန်၏ သုံးသပ်ဆုံးဖြတ်နေတာ မဟုတ်ပါဘူး။ Negative Peace ဆိုတဲ့သဘောဟာ ဒီလိုဖြစ်တယ်လို့ ပြောနေတာဖြစ်ပါတယ်။

❐ Negative Peace ရဲ့ သဘာဝ

Negative Peace ဆိုတာဟာ လောလောဆယ်အားဖြင့် အကြမ်းဖက်မှုတွေကို တိုက်ရိုက်မလုပ်ဆောင်နိုင်အောင် လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုလို့ခေါ်တဲ့ [Direct Violence] တွေ မရှိအောင် ကြိုးစားတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်မီးဟာ လုံးဝ ငြိမ်းသက်သွားတာမျိုး မဟုတ်ပေမယ့်၊ လောလောဆယ်အားဖြင့် စစ်မီးတွေ ဟုန်းဟုန်းတောက်တာမျိုး မဖြစ်အောင် ထိန်းသိမ်းတဲ့ အခြေအနေကို Negative Peace လို့ ခေါ်ပါတယ်။ Negative Peace ဟာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ဦးစားပေးအနေနဲ့ အရင်ဆုံး လုပ်ဖို့ ရည်ရွယ်တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ လုံခြုံမှုကို ထိန်းသိမ်းတည်ဆောက်သွားမယ့်သဘောကို ညွှန်းဆိုပါတယ်။ Negative Peace ရဲ့ သဘောဟာ ယာယီသဘောဆန်ပါတယ်။ ဒါ့အပြင် အချိန်မရွေး ကျိုးကြေလွယ်တဲ့သဘောဖြစ်ပါတယ်။ ဒါကို fragile ဖြစ်တယ်လို့ ဆိုပါတယ်။ Negative Peace ဖြစ်ထွန်းတဲ့ကာလအတွင်းမှာ တည်ငြိမ်မှုရှိနေသယောင်ထင်ရပေမယ့် တည်ငြိမ်မှုဟာ အချိန်မရွေး ပျက်ယွင်းသွားနိုင်တဲ့အခြေအနေပါ။ အာမခံချက်ရှိတဲ့ တည်ငြိမ်ရေးမဟုတ်သလို၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလည်း မဟုတ်ပါဘူး။

ဒါပေမယ့် မြန်မာစကားမှာ “သစ်မရခင် ဝါးနဲ့ ပေါင်းကွပ်” ဆိုတဲ့ စကားရှိပါတယ်။ ဒီသဘောပါပဲ။ အကောင်းဆုံးနဲ့ အခိုင်ခံဆုံး မဟုတ်ပေမယ့် သာမန် ရွက်ကြမ်းရေကြိုအဆင့်လောက်နဲ့ တင်းတိမ်ခိုင်းတဲ့သဘောပါ။ မြန်မာ့နိုင်ငံရေးဓလေ့အရ၊ စားရင်လည်း ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ဆီထမင်းကိုမှ စားမယ်၊ မစားရရင်လည်း အငတ်သာ ခံလိုက်မယ်ဆိုတဲ့ ရယ်ဒီကယ်စိတ်ဓာတ်နဲ့ကတော့ ဖီလာဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

❐ Negative Peace ဘယ်လို လုပ်သလဲ

Negative Peace ကိုတည်ဆောက်တဲ့အခါမှာ၊ အမုန်းနဲ့ အာဃာတတွေကို လျော့နိုင်သမျှ လျော့ချဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကို သုံးပါတယ်။ ဒါ့အပြင် တည်ငြိမ်မှုအတွက် အမိန့်အာဏာ‌ကို သုံးတာ၊ အင်အားသုံးပြီး ဖိဖိစီးစီး လုပ်ဆောင်တဲ့နည်းလမ်းတွေပါပါတယ်။ လောလောဆယ်အားဖြင့် တရုတ်ရဲ့ သဘောထားတွေဟာ မြန်မာ့ပြည်တွင်းရေးရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်ကို နှစ်ဖက်စလုံးကို ဖိဖိစီးစီးနဲ့ အင်အားကို သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သုံးပြီး လုပ်နေတာဟာ Negative Peace ဖြစ်အောင် အားထုတ်ချက်တွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အချင်းချင်းအကြား ကြားဝင် ဖိအားပေး စေ့စပ်ညှိနှိုင်းတာမျိုးတွေက အကဲဆတ်လို့ ထိန်းမနိုင်သိမ်းမရ အခြေအနေကိုလည်း ကြုံနိုင်ပါတယ်။

Min Thayt - Official

16 Oct, 01:48


မနေ့က ချာတိတ်လေးတစ်စုကို၊ စာသင်ပေးတော့ စကားတစ်ခု ပြောဖြစ်တယ်။ လွတ်လပ်မှုဆိုတာ သုံးရတာ။ သုံးနိုင်သလောက် လွတ်လပ်မှု ရှိတယ်။ လွတ်လပ်မှုဆိုတာ သုံးရတာ။

ဒါက ကျနော် အကြိုက်ဆုံး စာအုပ်ဖြစ်တဲ့ လွတ်လပ်သောစိတ်စာအုပ်ထဲက ရတဲ့ ဒဿနပါ။ ကျနော်ကိုယ်တိုင်လည်း ဒီအယူအဆကို တတ်နိုင်သလောက် လက်တွေ့ကျင့်သုံးတယ်။ လက်တွေ့ကျင့်သုံးသလောက်လည်း အကျိုးရတယ်။ လွတ်လပ်မှု မရှိဘူးလို့ ငြီးတွားနေမယ့်အစား၊ လွတ်လပ်မှုကို ငါ ဘယ်လောက်အထိ သုံးနိုင်သလဲဆိုတာကို အောက်မေ့တယ်။ ဒီနည်းနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို လက်တွေ့အပိုင်ဖြစ်အောင် လုပ်တယ်။ ဒါက တစ်ကိုယ်တော်လွတ်လပ်မှုနဲ့ပတ်သက်ရင်တော့၊ ပြောနိုင်တာပေါ့...လို့ အငေါ်တူးနိုင်တယ်။ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး လွတ်လပ်မှုလည်း လိုသေးတယ်လို့ ပြောနိုင်တယ်။

တစ်ဦးချင်းမှာ လွတ်လပ်သော အတွေးအခေါ်နဲ့ လွတ်လပ်မှုကို ခံယူတဲ့ အမြင်အယူအဆတွေ ရင့်ရင့်ကျက်ကျက် မဖြစ်သေးသရွေ့တော့၊ တစ်ဦးချင်းမှသည် လူ့အသိုင်းအဝိုင်းကြီတစ်ခုလုံးဆီကို ကူးဆက်ဖို့ ခက်နေမှာပဲ။ ဒီတော့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးလွတ်လပ်ဖို့အတွက် တစ်ဦးချင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ အသုံးချနိုင်သလဲဆိုတာနဲ့ စတင်ရလိမ့်မယ်။

နိုင်ငံရေးမှာ ပြောတဲ့စကားတစ်ခု ရှိတယ်။ အထူးသဖြင့် ဖက်ဒရယ်နဲ့ပတ်သက်ရင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကို ခပ်များများပြောတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ဆိုတာကို ပြောတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေအရ ဖက်ဒရယ်က စစ်စစ်မှန်မှန် ဘယ်တော့မလဲဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။ ဒါပေမယ့် လူတစ်ဦးချင်းစီမှာ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရှိအောင် အရင် လုပ်လို့ မရဘူးလား။ အခု လုပ်လို့ ရတာပဲ။

လူဟာ ကိုယ့်ကြမ္မာကို ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ လူဟာ ကိုယ်ဘဝကို ကိုယ့်ဘာသာ ပြဋ္ဌာန်းပိုင်ခွင့် ရှိတယ်။ အဲသည့်လို ကိုယ့်ကြမ္မာကို ကိုယ်ပြဋ္ဌာန်းဖို့ ကြိုးစားတဲ့အခါ၊ ပတ်ဝန်းကျင်ရဲ့ ပယောဂတွေ၊ လူတွေရဲ့ ထင်မြင်ချက်တွေက ဝိုင်းဝန်း သိုင်းဝိုင်းပြီး ကိုယ့်ကို လာချုပ်လိမ့်မယ်။ သူများက ကိုယ့်ကို လာချုပ်တယ်ဆိုတာထက် ကိုယ့်အစွဲက ကိုယ့်စိတ်ကို ပြန်ချုပ်တာက အဆိုးဆုံးတယ်။ ဒါကို သတိထားဖို့ လိုတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတာ ရှိတယ်။ ဘေးဥပဒ်ကို ပြောတာပါ။ အစွဲကြောင့်ပဲ ဘေးဖြစ်တတ်တယ်။ ဒီတော့ ကိုယ့်အစွဲက ကိုယ့်ကို ဘယ်လောက်အထိ ဘေးရောက်အောင် လုပ်နေသလဲဆိုတာ သတိထားကြည့်သင့်တယ်ထင်တယ်။

နိုင်ငံရေးကိစ္စတွေကို ခဏလေး အသာထား။ ကိုယ့်ကိုယ်ကို အရင်ဆုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်အောင် လုပ်လို့ ရပါတယ်။ အဲသည့်ကြားထဲမျာ အကန့်အသတ်တွေ ရှိလိမ့်မယ်။ အခြေအနေက လွတ်လွတ်လပ်လပ် ဖန်တီးလို့ မရအောင်၊ ပေးထားချက်ဘောင်တွေထဲမှာပဲ လုပ်ရတာတွေ ရှိတတ်တယ်။ ဒါပေမယ့် ဒါတွေကို ဘယ်လောက်အထိ ဖောက်ထွက်နိုင်သလဲဆိုတာ လွတ်လပ်မှုအပေါ်မှာ ကိုယ်မြင်တဲ့ အမြင်အပေါ်မှာ မူတည်တယ်လို့ ယူဆတယ်။ တခါတရံ လွတ်လပ်မှုကို သုံးဖို့ ကြိုးစားနေရင်းနဲ့ ခြေချော်လက်ချော်ဖြစ်တတ်တယ်။ ဒါက ဖြစ်တတ်တာ သဘာဝပဲ။ လွတ်လပ်မှုကို သုံးနေရင်းနဲ့ သတိရှိနေရမယ်။ သတိဟာ လွန်တယ် မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ သတိဆိုတာ လွန်တယ်လို့ မရှိပါဘူး။ လွတ်လပ်မှုကို ရသလောက် သုံးနေရင်းနဲ့ လွတ်လပ်မှု ပိုရလာတာကို တွေ့ရမယ်။ လွတ်လပ်မှုကို သုံးနေရင်းနဲ့လည်း သတိနဲ့ ယှဉ်ပြီး သုံးရမယ်။ ဒါဆိုရင် တစ်နေ့ထက် တစ်နေ့ကိုယ့်ရဲ့ လွတ်လပ်ခွင့်ဟာ ကျယ်သထက် ကျယ်လာမယ်။ ကိုယ့်လုပ်ခွင့် ကိုင်ခွင့်ဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ကျယ်လာမယ်။

လွတ်လပ်မှုဆိုတာ သုံးနေရင်းနဲ့မှ ပိုပြီး ရလာတာမျိုးပါ။ ဒီတော့ ငြီးတွားမနေဘဲနဲ့ လွတ်လပ်မှုကို ရသလောက် သုံးနိုင်အောင် လုပ်ဖို့ လိုတယ်။ လွတ်လပ်မှုကို လေးလေးစားစား သုံးနေသရွေ့ လွတ်လပ်မှုကလည်း ကိုယ့်ကို ပြန်လေးစားပြီး လွတ်လပ်ခွင့် ပေးလာမှာပါ။ ဒါလေးတွေ အရေးကြီးတယ်။

Min Thayt - Official

14 Oct, 13:22


သိပ်မကြာခင်က၊ အိမ်နဲ့ ဝေးနေတဲ့ လူငယ်လေးတစ်ယောက်က စာသင်ချိန်ပြီးတော့ အပြန်အလှန် ဆွေးနွေးချိန်မှာ မေးခွန်းတစ်ခု မေးတယ်။ "ကျနော်တို့ မြန်မာနိုင်ငံ ပြည်တွင်းစစ် ဘယ်တော့ အပြီးသပ်မလဲ...တဲ့၊ ပြီးတော့၊ ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ" တဲ့။ သူ့မေးခွန်းက သိပ်ရိုးရှင်းပါတယ်။ ကျနော့်ရဲ့ ပြန်လှန် ဆွေးနွေးချက်မှာ၊ ကျနော်က ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ဝေါဟာရတွေ ရှေ့ကနေ နာမဝိသေသနတွေ ထပ်မံ တိုးပြီး ဖြေလိုက်ပါတယ်။

တို့နိုင်ငံဟာ ကွက်ကြား ပြည်တွင်းစစ်၊ ကြိုကြားပြည်တွင်းစစ်နဲ့ တစ်လျှောက်လုံး ကြုံခဲ့တယ်။ အခုကတော့ အရှိန်က သိပ်မြင့်နေလို့ နေရာဒေသအနှံ့မှာ ပြည်တွင်းစစ်မီး အကြီးအကျယ် တောက်လောင်နေပါတယ်။ မြန်မာပြည် ပြည်တွင်းစစ် ဘယ်တော့ ရပ်မလဲဆိုတော့၊ စစ်ပန်းတဲ့ အချိန်မှာ ပြည်တွင်းစစ် ရပ်မယ်၊ စစ်ညောင်းတဲ့အချိန်မှာ ပြည်တွင်းစစ်ရမယ်။ ဒါပေမယ့် ဒါဟာ အာမခံချက်ရှိတဲ့ ပြည်တွင်းစစ် အဆုံးသတ်မှု မဟုတ်ဘူး၊ စစ်အုပ်စုတွေ / လက်နက်ကိုင်အုပ်စုတွေ သွေးအားပြန်ဖြည့်ဖို့အတွက် အချိန်ယူတဲ့ကာလ၊ အရှိန်ယူတဲ့ကာလကို ဖြတ်သန်းဖို့အတွက် စစ်ခဏ နားလိုက်ခြင်းဖြစ်တယ်။ အဲဒါဟာ ပြည်တွင်းစစ် အဆုံးသတ်တာ မဟုတ်သလို၊ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလည်း မဟုတ်ဘူး။ အခိုက်အတန့်အားဖြင့် တည်ငြိမ်မှုသာ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ စစ်မှန်သော ငြိမ်းချမ်းရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာကို တောင့်တလို့ မရတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါပေမယ့် စစ်ပန်းတဲ့အချိန်၊ စစ်ညောင်းတဲ့အချိန်နဲ့ စစ်တိုက်ဖို့ ပြန်လည် အရှိန်ယူအားဖြည့်နေတဲ့ ကြားကာလတွေမှာ အတန်အသင့် တည်ငြိမ်တာ ဖြစ်ကောင်းဖြစ်မယ်။ တချိန်ကျရင် စစ်တွေ ပြန်ဖြစ်ဖို့အတွက် ဒေသတစ်ခုခုကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း စစ်သွေးစစ်မာန်တွေ ပြန်လည် ထကြွသောင်းကျန်းလာအုံးမှာသာ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အခိုက်အတန့်အားဖြင့် စစ်ငြိမ်တဲ့ကာလတွေကို ဘယ်လောက်အထိ ဆွဲဆန့်ထားမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့၊ အဲသည့်ကာလကို ငြိမ်းချမ်းသော ကာလလို့ ပြောကောင်း ပြောလို့ ရတယ်။ ဒါပေမယ့် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ မြန်မာ့ရေခံမြေခံအရ မျှော်လင့်နိုင်ဖွယ် မမြင်။ အထူးသဖြင့် တို့တတွေရဲ့ တစ်သက်တာမျိုးဆက်မှာ စိတ်လုံလုံခြုံခြုံနဲ့ အာမခံချက်ရှိရှိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ မလွယ်ဘူး။

အနာဂတ်မှာတော့၊ ပြည်တွင်းစစ်ဟာ စစ်ညောင်းသူတို့ စစ်ပန်းသူတို့ ခဏ အနားယူကြပြီး၊ အမျိုးအလိုက် / ဒေသအလိုက် / ယုံကြည်မှုအလိုက် အုပ်စုဓလေ့ဖြစ်ထွန်းသည်ဖြစ်၍၊ တစ်ဖွဲ့က နားသော်လည်းပဲ တစ်ဖွဲ့က စစ်သွေးဆူဝေပြီး ကြိုကြားစစ်တွေ၊ ကွက်ကြားစစ်တွေကို ဖန်တီးပြီး ရှေ့ဆက်ကြရမယ့်ကိန်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်ဖို့အတွက်ကတော့၊ စစ်အုပ်စုတွေနဲ့ လက်နက်ကိုင် အုပ်စုတွေ စစ်ပန်းကြပါစေ... စစ်ညောင်းကြပါစေလို့ ဆုတောင်းရုံမှအပ မရှိနိုင်ဘူးလို့၊ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြေဟာ ကျေနပ်ဖွယ် မဖြစ်ပါဘူး။

ဒီနေရာမှာ မှန်းလို့ လွယ်အောင်၊ စဉ်းစားချက် တစ်ခုတော့ ကောက်နုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာချီ ရှိတယ်ဆိုပေမယ့် တကယ့်အဖွဲ့ကြီးတွေရဲ့ နိုင်ငံရေးညွှန်းကိန်းတွေကို ဖတ်ကြည့်တယ်ဆိုရင် ဘယ်ဒေသတွေမှာတော့ စစ်ငြိမ်ဖို့ အလားအလာများတယ်ဆိုတာကို တွက်ဆလို့ ရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ၊ ဗဟိုအာဏာကို လက်နက်နဲ့ ချုပ်ကိုင်ဖို့ ကြိုးစားတဲ့ မြန်မာစစ်တပ်ဟာ မထင်ရင် မထင်သလို စစ်ကို ပြုတာကြောင့်၊ တခါတရံလည်း တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေဟာ မိမိဒေသ မိမိကိန်းအောင်းနေတယ်ဆိုပေမယ့် ဗဟိုအာဏာစက်ကို ချဲ့ထွင်လိုတဲ့ မြန်မာစစ်တပ်ကြောင့်၊ ပြည်တွင်းစစ်ဟာ ကွက်ကြားဖြစ်လိုက်၊ ကြိုကြားဖြစ်လိုက်နဲ့ ပြည်တွင်းစစ်ဟာ အိပဲ့ အိပဲ့ ဖြစ်နေပါကြောင်း......

Min Thayt - Official

14 Oct, 01:46


ဒီရက်ပိုင်း ခေါင်းထဲ ခဏ ခဏ ဝင်လာတဲ့ စကားစု (၂) ခုရှိတယ်။ [၁] ရှေ့က ပြုခဲ့ဖူးသော ကောင်းမှုအထူး ရှိခြင်း။ [၂] အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်း။ တကယ်တော့ ဒီစကားလုံးတွေက မင်္ဂလသုတ္တန်နဲ့ ဟင်္သာမင်းဇာတ်တော်ထဲက စကားလုံးတွေပါ။

များသောအားဖြင့်တော့ ဗုဒ္ဓဘာသာတွေက ရှေ့က ပြုခဲ့ဖူးသော ကောင်းမှုအထူး ရှိခြင်းဆိုတာကို ဒါနတွေ ကြိုတင် ပြုထားကြ၊ နောက်ဘဝကျရင် ခံစားစံစားရမယ်ဆိုတဲ့ သဘောကို မြင်လေ့ရှိတယ်။ ကျနော်ကတော့ အဲသည့်လို မြင်တာထက် ပိုပါတယ်။ အနာဂတ်ကောင်းဖို့အတွက်ဆိုရင်၊ ရှေ့မှာ ကြိုတင်ပြုစွမ်းထားရမယ့် အကြောင်းကောင်းတွေ ရှိရမယ်။ အကြောင်းကောင်းရှိမှ၊ အကျိုးကောင်းဖြစ်မယ်ဆိုတဲ့ အကြောင်း-အကျိုး ဆက်စပ်မှုကို ယုံတယ်။ အကြောင်းအထောက်အပံ့ကောင်းရှိမှ၊ အကျိုးအထောက်အပံ့ကောင်းပေးနိုင်တယ်ဆိုတာကို လက်ခံတယ်။ အကြောင်းရှိမှ၊ အကျိုးဖြစ်မယ် ဆိုတာကိုလည်း လက်ခံတယ်။ ဒါ့ကြောင့် ရှေ့ကနေ ကောင်းသောအကြောင်းတွေကို ဖန်တီးပြုစွမ်း ကျေးဇူးပြု အားထုတ်ထားခြင်းအားဖြင့် အကျိုးကောင်းဟာ လာမယ် ဆိုတာမျိုးဖြစ်ပါတယ်။

ရှေ့မှာ အကြောင်းကောင်းတွေကို ကြိုတင် ဖန်တီးတည်ဆောက်ခြင်းမှာ၊ စိတ်ထဲ အမှုမဲ့ အမှတ်မဲ့ မဟုတ်ဘဲနဲ့ တမင် ကြောင့်ကြစိုက်ပြီး၊ ပြုစွမ်းထားတာမျိုး ဖြစ်တယ်။ အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်တာထက်၊ ရည်ရွယ်ချက်ထားပြီး စိတ်မှာ ကြောင့်ကြစိုက် လုပ်လိုက်တာဟာ ပိုပြီး လေးနက်တယ်၊ ပိုပြီးတော့ စွဲမြဲတယ်၊ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ ဒါ့ကြောင့် အကြောင်းကောင်းတွေကို ပြုစွမ်းတဲ့အခါမှာ၊ ဖာသိဖာသာ လုပ်တာမျိုး ရှောင်တယ်၊ တမင် ကြောင့်ကြစိုက်ပြီး လေးလေးနက်နက်နဲ့ သတိထားပြီး လုပ်တယ်။ ဒါဟာ ရှေ့က ပြုခဲ့ဖူးတဲ့ ကောင်းမှုအထူးတွေကို ဖန်တီးခြင်းဖြစ်တယ်လို့ နားလည်တယ်။

အကြောင်းကောင်းလို့ ပြောတဲ့နေရာမှာ ပေါင်းသင်းဆက်ဆံရေးလည်း ပါတယ်၊ ပညာလေ့လာသင်ယူရေးလည်းပါတယ်၊ ငွေကြေးလည်းပါတယ်၊ အလှူဒါနလည်းပါတယ်၊ အသိုင်းအဝိုင်းလည်းပါတယ်၊ နိုင်ငံရေးကိစ္စလည်း ပါတယ်၊ အများအရေးအရာတွေလည်း ပါတယ်၊ မိသားစုအရေး၊ နှလုံးသားအရေး၊ နေမှု-ထိုင်မှု- စားမှုသောက်မှု ဆိုတာတွေလည်း ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စာရိတ္တမဏ္ဍိုင်ကိစ္စတွေလည်းပါတယ်။ ဒါတွေအားလုံးမှာ အကြောင်းကောင်းတွေ ကြိုတင် ကြောင့်ကြစိုက် ဖန်တီးထားခြင်းအားဖြင့် အနာဂတ် အကျိုးကောင်းတွေက လာလိမ့်မယ်လို့ ယုံတယ်။

နောက်တစ်ခုကတော့ အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်း...ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဒဿနတွေထဲမှာလည်း၊ မြှုပ်နှံခြင်းအမှုကို ရင်းနှီးဖို့ ဆိုတာတွေ ပြောတယ်။ အကျိုးရလဒ်ကို မမျှော်ကိုးဘဲ၊ မြှုပ်နှံခြင်းဆိုတာဟာ အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်းဖြစ်ပါတယ်။ သမားရိုးကျ ဗုဒ္ဓဘာသာတွေနားလည်ထားတာကတော့ သားသမီးတွေကို ဟင်္သာမင်းဇာတ်တော်အလိုအရ၊ သားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကို အစဉ်လိုက်သော ရွှေအိုးတို့ကို မြှုပ်နှံခြင်းဖြစ်တယ်လို့ မြင်တယ်။ တကယ်တော့ ဒီသဘောတရားဟာ သည့်ထက် ကျယ်ကျယ်ပြန့်ပြန့် တွေးလို့ ရတယ်လို့ ထင်တယ်။

တချိန်မှာ ထုတ်ယူသုံးစွဲနိုင်တဲ့ ရွှေအိုးတွေကို မြှုပ်နှံခြင်းဆိုတာ - ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်နိုင်တယ်၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ပေးကမ်းထိုက်သူကို ပေးကမ်းခြငြ်း၊ ထောက်ပံ့သင့်သူကို ထောက်ပံ့ခြင်းဆိုတာတွေလည်း ပါတယ်လို့ နားလည်တယ်။ ဒါ့ကြောင့် မွေးလာကတည်းက ပါလာတဲ့ လက်နှစ်ဖက်ဟာ ယူဖို့ချည်းသက်သက် မဟုတ်ဘဲနဲ့ ပေးဖို့လည်းဖြစ်သင့်တယ်ဆိုတဲ့ အယူအဆရှိတယ်။ ကြိုတင် ရင်းနှီးမြှုပ်နှံခြင်းဟာ ဘဝမှာ အရေးကြီးတယ်လို့ ထင်တယ်။

လူအတော်များများက ရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ငွေကြေးပဲ သွားမြင်လေ့ရှိတယ်။ တကယ်တော့ အဲသည့်ထက် ပိုတယ်။ မိမိရဲ့ အားထုတ်ချက်တိုင်းမှာ၊ ရွှေိအိုးမြှုပ်နှံသကဲ့သို့ အကျိုးပေးတွေ ကောင်းမွန်အောင် ကြိုတင် မြှုပ်နှံထားသို စိုက်ပျိုးထားရမယ့် မျိုးစေ့ကောင်းတွေ ရှိတယ်။ အဲသည့်မျိုးစေ့ကောင်းတွေကို မြေမှာ လက်တွေ့ ချပြီး၊ မြှုပ်နှံခြင်းအမှုကို ကြောင့်ကြစိုက် လုပ်ဆောင်ခြင်းအားဖြင့် အနာဂတ်အကျိုးပေးတွေ ကောင်းလာအောင် ပြုစွမ်းနိုင်တယ်လို့ နားလည်လက်ခံတယ်။

ရှေ့က ပြုခဲ့ဖူးသော အကြောင်းကောင်း အထူး ရှိပါစေ။
ရွှေအိုးဖြစ်နိုင်မယ့် မျိုးစေ့ကောင်းတွေကို အစဉ်မြှုပ်နှံနိုင်ပါစေ။

Min Thayt - Official

13 Oct, 12:52


၆။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုး အမြောက်အမြား ရှိပါတယ်။ အဲသည့်ထဲက တစ်ခုကတော့ လက်နက်ကိုင်ထားတဲ့ စစ်အုပ်စုတွေက စီးပွားရေးအခွင့်အလမ်းတွေကို တစ်ဖက်သတ် လက်ဝါးကြီးအုပ်ခွင့်ကို ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း၊ လက်နက်ကိုင်မှ အခွင့်အလမ်းပိုရတယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း လောင်စာထည့်ပေးသလိုဖြစ်ပါတယ်။ လက်နက်မကိုင်တဲ့သူဟာ လူရာမဝင်သလို၊ အခွင့်အလမ်းကိုလည်း ရပိုင်ခွင့် မရှိဘူးဆိုတဲ့ အမြင်အယူအဆကို ကြီးထွားစေပါတယ်။ များသောအားဖြင့် အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဟာ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခွင့်တွေကို ပိုပြီး အားပြုတည်ဆောက်ထားတာကြောင့်၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအတွက် သယံဇာတကျိန်စာသင့်မှုကို အားပေးရာ ရောက်ပါတယ်။ သယံဇာတလုပွဲတွေကြောင့် ပဋိပက္ခတွေဟာ ဘယ်သောအခါမှ၊ အပြီးမသတ်နိုင်သလို အဆိုးကျော့သံသရာ လည်တာမျိုး ဖြစ်တာတွေ့ရပါတယ်။

၇။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ် ပိုမို ကျယ်ပြန့်နက်ရှိုင်းလာလေလေ၊ လူထုရဲ့ အခန်းကဏ္ဍက ပိုမို မှေးမှိန်သထက် မှေးမှိန်လာပြီး၊ လက်နက်ကိုင်အုပ်စုတွေနဲ့ နိုင်ငံတော်အာဏာချုပ်ကိုင်ထားတဲ့ အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍက ပိုပြီး ကြီးမားသထက် ကြီးမားလာလေလေပါပဲ။ နိုင်ငံအတွင်းက စီးပွားရေးအခွင့်အလမ်းအားလုံးနဲ့ သယံဇာတအားလုံးကို လက်နက်ကိုင်ထားတဲ့ အုပ်စုတွေကသာ လက်ဝါးကြီးအုပ်ထားနိုင်သလို ဖြစ်လာပါတယ်။ ဒါ့အပြင် စီးပွားရေးအခွင့်အလမ်းတွေကို စီမံခန့်ခွဲသူတွေဟာ လက်နက်ကိုင်အုပ်စုတွေပဲ ဖြစ်လာပါတယ်။ သယံဇာတတူးဖော်ထုတ်လုပ်မှုတွေကို လက်နက်ကိုင်အုပ်စုတွေကသာ လွှမ်းမိုးကြီးစိုးထားပြီး၊ ပြည်သူလူထုရဲ့ ထိန်းကျောင်းမှုနဲ့ လူထုအကျိုးစီးပွား ငဲ့ကွက်မှုတွေ ပျောက်ဆုံးလာပါတယ်။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဖြစ်ထွန်းမှုမှာ စီးပွားရေးအခွင့်အလမ်းဆိုတာ အခရာလို ဖြစ်လာပေမယ့်၊ အချင်းချင်း ယုံကြည်မှုတည်ဆောက်ရေးဟာ လျော့ရွဲလာတတ်ပါတယ်။ အချင်းချင်းအကြား အာဏာဝေစုခွဲပြီး စီးပွားရေးတွေ အပြိုင် လုပ်ကြပေမယ့် ယုံကြည်မှုတည်ဆောက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တဲ့အခါ၊ ပဋိပက္ခတွေဖြစ်ဖို့ တဖန် ပြန်လည် အားဖြည့်ပေးသလိုဖြစ်လာပါတယ်။

၈။ လက်နက်ကိုင်အုပ်စုတွေဟာ သူတို့ ရရှိထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို လက်မလွှတ်ရဖို့အတွက်ဆိုရင်၊ လက်နက်အင်အားတောင့်တင်းမှ ဖြစ်မယ်လို့ ယူဆလာကြပါတယ်။ ဒီအမြင် အယူအဆကြောင့်ပဲ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေက ရတဲ့အကျိုးအမြတ်တွေဟာ ဒေသတွင်းပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးသုံးစွဲတာမျိုး မလုပ်နိုင်ဘဲ၊ စစ်အသုံးစရိတ်အတွက် ဘဏ္ဍာငွေတွေဖြစ်သွားပါတော့တယ်။ အကယ်၍ အပစ်အခတ်ရပ်စဲရေး ပျက်ယွင်းခဲ့သည် ရှိသော်၊ မိမိတို့ ဘက်ကနေ အသာစီးရအောင် လက်နက်အင်အားနဲ့ တည်ဆောက်ထားရမယ်ဆိုတဲ့ အယူအဆက ကျယ်ပြန့်လာပြီး၊ စစ်အုပ်စုတွေရဲ့ ငွေကြေးအမြတ်အစွန်းတွေဟာ စစ်အသုံးစရိတ်ဖြည့်တင်းရေးအတွက်သာ ဖြစ်သွားပါတော့တယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေဖြစ်သလို၊ အနာဂတ်မှာလည်း ဖြစ်ဖို့ တာဆူနေတဲ့ကိစ္စတွေဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား....။

မင်းသေ့
၁၃ အောက်တိုဘာ ၂၀၂၄

Min Thayt - Official

13 Oct, 12:52


❐ လက်သည်မပေါ်တဲ့ လူသတ်မှုများ
[သို့မဟုတ်] အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်

အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဆိုတာ ဘာလဲ။ ဒါကို သေချာ ဂ-ဃ-န-ဏ နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အကြောင်းကတော့၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့လည်း သက်ဆိုင်နေသလို၊ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပစ္စုပ္ပန်မှာလည်း အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ကို အသက်သွင်းဖို့ ၊ ကြိုးစားအားထုတ်နေတဲ့ အမှုကိစ္စတွေကို ခပ်စိပ်စိပ် တွေ့လာရလို့ပါ။

၁။ မြန်မာတို့ရဲ့ ယခင်နဲ့ ယခုကို နားလည်သဘောပေါက်တယ်ဆိုရင်၊ မြန်မာတို့ရဲ့ အနာဂတ်ကို မှန်းဆနိုင်မယ်လို့ ယူဆပါတယ်။ အနာဂတ် အကြောင်းအခြင်းအရာအားလုံးသည်၊ အတိတ်နဲ့ ထပ်တူ ဖြစ်ရိုးထုံးစံ မရှိပေမယ့်၊ အတိတ်ရဲ့ ကျေးဇူးပြုမှုနဲ့ ဖြစ်ပေါ်လာရတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ၊ ယခင်က ဘာဖြစ်ခဲ့သလဲ၊ ယခု ဘာဖြစ်နေသလဲဆိုတာနဲ့ မနက်ဖြန် ဘာဖြစ်မလဲဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အဲသည့်အတွက်၊ ကာလသုံးပါးကို ဆက်စပ်ကြည့်မြင်နိုင်စွမ်း မြင့်မားရပါလိမ့်မယ်။

၂။ မြန်မာ့နိုင်ငံရေးဘောဂဗေဒကို နားလည်သဘောပေါက်ဖို့ အထူးလိုပါတယ်။ ဘာလို့လဲဆိုတော့၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဆင်းရဲ - ချမ်းသာကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားသထက် ကြီးမားလာတာတွေ့ရပါတယ်။ အနာဂတ်ကာလတွေမှာလည်း လက်နက်ရှိသူတွေဟာ လုပ်ပိုင်ခွင့် ပိုရပြီး၊ ယခင်ကထက် ပိုမိုကြွယ်ဝလာနိုင်ဖို့ အခွင့်အလမ်း အမြောက်အမြားကို မြင်နေရပါတယ်။ ဒါ့အပြင် လက်နက်ရှိရင် အာဏာရှိတယ်ဆိုတဲ့ အယူအဆဟာလည်း လူ့အဖွဲ့အစည်းထဲမှာ တဖြည်းဖြည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ငွေရှိသူတွေဟာ လက်နက်ရှိသူ၊ အာဏာရှိသူတွေနဲ့ ပေါင်းပြီး ယခင်ကထက် ပိုမိုကြွယ်ဝ ချမ်းသာဖို့ အခွင့်အလမ်းတွေ ပိုရလာကြပါလိမ့်မယ်။ သာမန် ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်နေတဲ့ သမာအာဇီဝနဲ့ အသက်မွေးနေသူတွေကတော့ စနစ်ဆိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ထပ်မံ ခံစားရဖွယ်ရှိပါလိမ့်မယ်။ တစ်ရာဖိုးလုပ်မှ တစ်ဆယ်ဖိုးလောက် အနိုင်နိုင်ဖြစ်ရမယ့် ဘဝမျိုးမှာ ရောက်နေကြရပါလိမ့်မယ်။ ဆင်းရဲသူတွေဟာ ဆင်းရဲသထက် ဆင်းရဲလာပြီး အာဏာ၊ လက်နက်နဲ့ ငွေရှိသူတွေ ပိုမို ချမ်းသာလာကြမှာပါ။

၃။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဘောဂ‌ဗေဒ ပုံစံတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွားဘဝကို ပုံဖော်ပြဋ္ဌာန်းနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ မြေပေါ် မြေအောက် သယံဇာတ ဂုတ်သွေးစုတ်မှုတွေ ပိုများလာပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ ဘယ်သူမှ ownership မယူဘဲ ပေလျာလကန် ပြုထားတဲ့ အခြေအနေမျိုးကို ပိုပြီး ရောက်လာနိုင်ပါတယ်။ သဘာဝကပ်ဘေးတွေနဲ့ ထပ်မံ ရင်ဆိုင်ရဖွယ်ရှိပြီး၊ ဒုက္ခတွင်းက ပြည်သူလူထုအများအပြားဟာ လက်သည်မပေါ်ဘဲ သေကြေပျက်စီးကြရမယ့် အခြေအနေဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ၊ လောဘ အဆောက်အအုံဟာ ကြီးထွားသထက် ကြီးထွားလာပြီး ဒေါသအဆောက်အအုံဟာလည်း ကြီးမားသထက် ကြီးမားလာတာတွေ့ရပါတယ်။ သတင်းအင်ဖော်မေးရှင်းတွေကို လူတိုင်းလိုလိုက စားသုံးနိုင်တယ်ဆိုပေမယ့် မောဟအဆောက်အအုံကလည်း ကြီးသထက် ကြီးမား ကျယ်ပြန့်လာတာတွေ့ရပါတယ်။ လူတွေဟာ အကျပ်အတည်းတွေ ကြားထဲမှာ ဖိစီးမှုအသီးသီးနဲ့ ရာဂစရိုက်လည်း ထူပြောသောင်းကျန်းလာတာတွေ့လာရပါတယ်။ ဒါတွေဟာ မြန်မာ့လူမှုနိုင်ငံရေးနဲ့ မြန်မာ့လူမှုစီးပွားဘဝတွေမှာ နေ့စဉ် တွေ့လာရတဲ့ အဖြစ်တွေပါ။ ဒီလို လူမှုနိုင်ငံရေးနဲ့ လူမှုစီးပွားအခြေအနေတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကျေးဇူးပြုနေတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဘောဂဗေဒပုံစံဖြစ်ပါတယ်။

၄။ မြန်မာ့လူ့အဖွဲ့အစည်းကို ပုံဖော်နေတဲ့ နိုင်ငံရေးဘောဂဗေဒပုံစံတွေထဲမှာ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်လို့ ခေါ်တဲ့ အသွင်သဏ္ဍာန်ဟာ အရေးကြီးတဲ့ အချက်အနေနဲ့ တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း နဝတအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါ၊ စီးပွားရေးမက်လုံးပေးပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ပြေငြိမ်းဖို့ မြူဆွယ်တာတွေ့ခဲ့ရပါတယ်။ များသောအားဖြင့် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်လို့ နားလည်ထားကြပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမယ်ဆိုရင် မိမိတို့ နယ်ပယ်မှာ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့ သယံဇာတထုတ်ယူပိုင်ခွင့်တွေကို ပေးပြီးတော့ စစ်ပြေငြိမ်းအောင် လုပ်တာပါ။

၅။ တကယ်တော့ စစ်ဖြစ်နေတဲ့ အခြေအနေထက်စာရင် အပစ်အခတ်ရပ်စဲရေးလုပ်တာဟာ ကောင်းတယ်လို့ ထင်ရပေမယ့်၊ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆေးနည်းကောင်းတော့ မဟုတ်ပါဘူး။ ပဋိပက္ခအရှိန်မြင့်သထက် မြင့်နေတဲ့အချိန်မှာ၊ စီးပွားရေးမက်လုံးပေးပြီးတော့ တည်ငြိမ်ရေးကို ကြိုးစားတဲ့ နိုင်ငံရေးဆေးမြှီးတိုဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်ဆိုတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနဲ့ စီးပွားရေးအခွင့်အလမ်းတေွ တွဲဖက်ပေးတဲ့ မိုဒယ်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်တဲ့အဖွဲ့ဟာ စီးပွားရေးလုပ်ခွင့်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

Min Thayt - Official

13 Oct, 03:27


အနာဂတ် မြန်မာနိုင်ငံမှာလည်း၊ မြန်မာ့နိုင်ငံရေးဘောဂဗေဒဟာ ဆက်လက်ပြီးတော့ အဆိုပါ အရင်းရှင်စနစ် (၃) ခုကနေ ဆက်လက် မောင်းနှင်းခြင်းကို ခံရအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့ငယ်ပေါင်း၊ ရာနဲ့ချီ ထက်မံ မွေးဖွားလာတာဖြစ်ခြင်းကြောင့်၊ လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ရှည်ကြာလေလေ ဒီအဆိုးကျော့သံသရာက မထွက်နိုင်လေလေ ဖြစ်ပါလိမ့်မယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ၊
ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ကြတဲ့သူတွေရဲ့ စားဝတ်နေမှု အဆင့်အတန်းဟာ တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာမှာ ဖြစ်ပြီး၊ အာဏာ၊လက်နက်နဲ့ ငွေကြေး ရှိတဲ့သူတွေဟာ ပိုမို ကြွယ်ဝသထက် ကြွယ်ဝလာပြီး လူတန်းစားကွာဟမှုကလည်း တရိပ်ရိပ် ကြီးထွားလာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား.....

မင်းသေ့
၁၃ အောက်တိုဘာ ၂၀၂၄