--------------------------------------
ပုံပြင်လေးတစ်ပုဒ်ကို ဦးစွာ နားထောင်ကြည့်စေချင်သည်။
ခေါင်းဖြူနေသော အင်ဂျင်နီယာကြီးတစ်ယောက်သည် အလုပ်မှ အနားယူသွားရပြီဖြစ်သည်။ သူလုပ်ခဲ့သော ကုမ္ပဏီ၏ စက်ရုံတွင် အကြီးစားစက်ပစ္စည်းတစ်ခု ပျက်စီးမှုသည် သူထွက်သွားပြီးနောက် ဖြစ်ပွားခဲ့သည်။ ထိုစက်ကို ပြန်လည်ပြင်ဆင်ရန်လိုသဖြင့် စက်ရုံမန်နေဂျာက အနားယူသွားသော အင်ဂျင်နီယာကြီးအား အလွတ်တန်း အကြံပေးတစ်ဦးအနေဖြင့် စက်ကိုပြန်လာကြည့်ပြီး ပြင်ဆင်ပေးရန် ခေါ်လိုက်သည်။
ခေါင်းဖြူအဘိုးအို အင်ဂျင်နီယာကြီးက စက်ရုံကို ပြန်ရောက်လာသည်။ သူက ပျက်နေသည့် စက်ကိုကြည့်ပြီး တူတစ်ချောင်း တောင်းလိုက်သည်။ သူက တူနှင့်စက်ပစ္စည်း၏ တစ်နေရာကို ထုကြည့်သည်။ ထို့နောက် ထိုအပိုင်းကို ပြင်ဆင်ရန် ပြောလိုက်သည်။ သူပြောသည့်အတိုင်း ထိုအပိုင်းကိုဖြုတ်ပြီး လဲလိုက်ရာ စက်က ပြန်ကောင်းသွားသည်။ မန်နေဂျာကလည်း အင်ဂျင်နီယာအိုကြီးကို လာရောက်စစ်ဆေးပေးရသည့် အတွက် ကျသင့်ငွေကို စာရင်းတင်ရန်ပြောသည်။
ခေါင်းဖြူ အင်ဂျင်နီယာကြီးက ဒေါ်လာ ၅၀၀၀ ဟု စာရင်းတင်လိုက်သည်။
ဟာ ဆရာကြီး ... တူလေးတစ်ချက်ထုရုံနဲ့ ဒေါ်လာ ငါးထောင်တောင်မှလား ... မများလွန်းဘူးလား ဟု ပြောလိုက်သည်။
ခေါင်းဖြူပညာရှင်က ဘာပြန်ပြောသည် ထင်သနည်း။
တူနဲ့ ထုခကတော့ ၅ ဒေါ်လာတည်းပါကွာ။ ဒါပေမဲ့ စက်ရဲ့ ဘယ်အစိတ်အပိုင်းက ပျက်နေတယ်ဆိုတာ သိတဲ့ ပညာက ၄၉၉၅ ဒေါ်လာ ဟု ပြောလိုက်လေသည်။
ပညာရှင်ဆိုသည်မှာ ဘယ်နေရာ ဘယ်အစိတ်အပိုင်းကပျက်နေပြီး၊ ဘယ်လိုပြင်ဆင်လိုက်လျှင် ရမည် ဆိုခြင်းကို မိမိပညာဖြင့် ချက်ချင်းသိမြင်သူဖြစ်သည်။ သူက စက်ရုံတစ်ရုံလုံးကို တူတစ်ချောင်းနှင့် လိုက်ထုနေသူမဟုတ်။ ဖြစ်နိုင်သည့် (ပျက်စီးနိုင်သည့်) နေရာတစ်နေရာကိုသာ တူနှင့်ထုပြီး ဤနေရာကို ပြင်လိုက်ဟု တိုက်ရိုက် ညွှန်ကြားနိုင်သောပညာသူ့ထံမှာ ရှိနေသည်။
ပညာရှင်ဆိုသည်မှာ လုပ်အားရှင်တွေလို နာရီပေါင်းများစွာ အပင်ပန်းခံနေမည့် သူတွေမဟုတ်။ လုပ်အားရှင် တွေက တစ်နေကုန် စက်ပစ္စည်း အစိတ်အပိုင်းတွေကို အပင်ပန်းခံပြီး ဖြုတ်တတ်စစ်ဆေးနေချိန်တွင် သူက စက်သံကို နားထောင်လိုက်သည်နှင့် မည်သည့်နေရာက ပျက်နေသည်ဆိုခြင်းကို တန်းသိနိုင်သော လုပ်ငန်း အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတ သူ့မှာ အပြည့်အဝရှိနေသူဖြစ်သည်။
လုပ်အားရှင်က မနေမနား ပင်ပန်းစွာ နာရီပေါင်းများစွာနှင့် လုပ်ရမည့် အလုပ်ကို ပညာရှင်က ခဏချင်းဖြေရှင်း နိုင်စွမ်းသည် သူတို့နှစ်ဦး၏ ကွာခြားချက်ဖြစ်ပါသည်။
အေဘရာဟင် လင်ကွန်းပြောဖူးသည့် စကားလေးတစ်ခွန်းကို ကိုးကားချင်ပါသည်။
သစ်ပင်တစ်ပင်ကိုခုတ်ဖို့ ကျွန်တော့်ကို ခင်ဗျားက၆ နာရီ အချိန်ပေးမယ်ဆိုရင် ကျွန်တော်က ပထမ ၄ နာရီမှာ ပုဆိန်ကို ထိုင်သွေးနေမှာပဲ ဆိုသည့် စကားလေးကို ဆင်ခြင်ကြည့်စေချင်ပါသည်။
လုပ်အားရှင်က ကိုယ့်ပုဆိန်ကိုသွေးရန် မေ့နေပြီး ၆ နာရီလုံးလုံး ပင်ပန်းခြင်းကြီးစွာဖြင့် သစ်ပင်ကို ခုတ်လှဲရန် ကြိုးပမ်း နေချိန်တွင် ပညာရှင်က လေးနာရီ အေးအေးဆေးဆေးထိုင်ကာ သူ့ပုဆိန်ကို ထက်အောင်သွေးပြီး တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း သစ်ပင်ကို လဲသွားအောင် သက်သောင့်သက်သာဖြင့် ခုတ်လှဲ လိုက်နိုင်သည် ဆိုသည့် သဘောဖြစ်ပါသည်။
ပညာရှင်ဆိုသည်မှာ ကိုယ့်ပညာကို ကိုယ်သိပြီး ကိုယ့်ပညာဖြင့် ရင်းနှီးလိုက်ရသော တန်ဖိုးပမာဏကိုလည်း ထိုက်တန်စွာ ပြန်ရအောင် ယူနိုင်သူများဖြစ်သည်။
#crd_to_owner_with_respect