🌻 Ŝharing Poerty 🌻

@i_miss_you2022


🌻 Ŝharing Poerty 🌻

22 Oct, 02:08


🍀

▪

ကိုယ် တိတ်ဆိတ် သွားတယ်ဆိုတာ
နေနိုင်သွားတာ ကိုယ်အဆင်​ပြေနေတာ
မဟုတ်ဘူးလို့ သိစေချင်တယ်။

ကိုယ်ခေါ်လိုက်တဲ့ ဖုန်းတစ်ကောလ််
ကိုယ်ပို့လိုက်တဲ့ စာတစ်စောင်ဟာ
မင်းအတွက် အနှောက်အယှက် ဖြစ်နေတာကို
ကိုယ်သိလို့ ကိုယ့်အရိုး ကိုယ်ပြန်ချိုးပြီး
မင်းအတွက် တိတ်ဆိတ် ပေးလိုက်တာ။

မင်းရဲ့ မျက်နှာကို ကိုယ်မြင်ခွင့်မရတော့တဲ့နောက်

မင်းရဲ့ စကားသံဟာ ကိုယ့်အတွက်ဆေးတစ်ခွက်၊

မင်းပြန်ပို့လိုက်တဲ့ စာတစ်စောင်ဟာ
ကိုယ့်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဖြစ်စေတဲ့
အကြောင်းအရင်း ဖြစ်ပေမဲ့၊

ကိုယ် ကိုယ်တိုင်က မင်းအတွက် အနှောက်အယှက်
ဖြစ်စေနေတော့..... ၊

မင်းအသံလေးကြားရဖို့ မင်းကို စိတ်မရှုပ်စေချင်တော့ဘူး။

တစ်ခုပါပဲ....၊

ကိုယ် တိတ်ဆိတ်သွားတယ်ဆိုတာ
နေနိုင်သွားတာ အဆင်ပြေနေတာ မဟုတ်ဘူးလို့
မင်းကို သိစေချင်တယ်။

🍁

လင်းညို

.

🌻 Ŝharing Poerty 🌻

17 Oct, 05:18


ငါက မင်းရဲ့အနားမှာ
မနီးတော့ဘူးဆိုတဲ့ အသိဟာ
ရေထဲကငါးကို ကုန်းပေါ်တင်ပြီး
အသက်ရူဝသလားလို့ မေးနေသလိုပါပဲ မနဒီ

ဝေးပြီဆိုတဲ့ မြားတွေသာ
ရင်ကို လာပြီး တည့်တည့်မှန်ခဲ့ပါတယ်
ဘယ်အချိန် ထုတ်တီးတီး
ဝမ်းနည်းခြင်းတွေသာ မြည်နေရတယ်

ကဗျာတွေထဲ လွမ်းဆွေးနေရတာ
အဆင်ပြေလားလို့ ငါ့ကိုယ်ငါ ပြန်မေးတိုင်း
ပိုလို့သာ လွမ်းလို့ကောင်းလာတယ် မနဒီ

မနဒီရေ
အမှန်တိုင်းပြောရင်
မင်း စံပါယ်ပန်းတွေပန်တဲ့ ညဟာ
ငါ့နှလုံးသားထဲထိ လာမွှေးမြလက်ဆက်နေတုန်းပါပဲ

မင်းရွေးချယ်သွားတဲ့ လမ်းချိုးတွေမှာ
ကျန်ခဲ့ရတဲ့ ကြောင်လေးလို
ကြွေသွားတဲ့ ကြယ်လေးဟာ ငါဖြစ်ခဲ့ပါတယ်
ဒီလူမှာ အလွမ်းတွေသာ တည်မြဲနေရတဲ့
ရင်တွင်းစစ်ပွဲတွေပါပဲ

ငါပဲ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်

မနဒီရေ
မင်းရဲ့ အိမ်ပြန်လမ်းတွေမှာ
ဘယ်လိုရနံတွေနဲ့ စိုက်ပျိုးထားတဲ့
ဘာပန်းတွေများ ပွင့်ဝေနေမလဲ

ငါ့မှာတော့ ခေါင်ရန်းပန်းလို
မျက်ရည်ပန်းတွေသာ လှိုင်လှိုင်ပွင့်ဝေလျက်ပါပဲ

ငါ့ ရာသီဥတုမှာ
သစ်ရွက်တွေစောကြွေတဲ့ နွေရာသီနဲ့
မရွာခင်က အရင်စိုတဲ့ မိုးရာသီထဲ
မဝင်ခင်က ခိုက်ခိုက်တုန်အောင် ချမ်းတက်တဲ့ ဆောင်းရာသီပါပဲ

မ န ဒီ ရေ

ဒါကိုအချစ်လို့ခေါင်းစဥ်မတပ်တော့ပါဘူး

#ခန့်ထည်

🌻 Ŝharing Poerty 🌻

17 Oct, 05:18


လွင့်ဝေး ဝေးကွာ

တစ်စုံ တစ်ယောက်တည်းကိုသာ
တည်မြဲနေတဲ့ မေတ္တာတရားဟာ
အထိအခိုက်လေးတွေနဲ့ပေါ့

ကိုယ့်အပေါ်ကို မစီးမဲ့ မြစ်ကိုမှ
မျှော်မိပြန်တယ် မနဒီ

မလာတဲ့လမ်း အပြန်မရှိတဲ့ ရထား
မခေါ်ဘဲကြားနေရတဲ့ အသံတွေသာ
ကိုယ့်နားမှာ ပဲ့တင်ထက်ရင်း
စိတ်ကို စိတ်နဲ့သတ်နေရတာ မနဒီ

မင်းအသံလေး ကြားခွင့် မရတဲ့
အခုလိုရက်တွေမှာ
ပင်လယ်ရေထဲ နစ်သတ်ခံရသလို
ငါ့မှာ အသက်ရူကျပ်တယ် မနဒီ

မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း
မင်းရွတ်ပြဖူးတဲ့ ကဗျာ
မင်းတီးနေကျ ဂစ်တာ
ငါ့မှာ ထပ်ခါတလဲလဲ ကြားခွင့်ရချင်နေမိတာ

ဒါဟာ
မထွန်းပဲတင်ခဲ့ရတဲ့ သောင်
မတိုက်ပဲစားတဲ့ ကမ်းပါးတွေပါပဲဲ

မနဒီရေ
အရင်လိုပဲ ဖြူဖြူဝင်းဝင်း
လှပနေတုန်းပဲမို့လား
ဆံပင်တွေရော အရင်လိုပဲ
စည်းဖို့မေ့နေတုန်းပဲလား

ငါကတော့ မတပ်ပဲရေးမိတဲ့
ခေါင်းစဥ်တွေရဲ့ ကဗျာမဆန်သော
ကဗျာတွေကိုသာ ချရေးနေမိပြန်တယ်

အသက်ကထက်ဝက် ကွာဟနေမူကို
နီးချင်ပေမဲ့ ပိုလို့ဝေးသွားတဲ့ အကွာအဝေး
ငါတို့ဟာ
ဘာစကားမှ မပြောဖြစ်ခဲ့ကြပေမဲ့
စကားတွေအများကြီး ကြားခဲ့ရဖူးပါတယ်

တဖျတ်ဖျတ်လတ် နေတက်တဲ့
မင်းမျက်ဝန်းတွေက ငါ့ကို
ကြယ်တွေလိုလာလတ်တယ်
ငါ ငါ့ကိုယ်ငါ မေ့လို့

မနဒီရေ
မပြောဖြစ်တဲ့စကားတွေက
ပိုပြီး တန်ဖိုးရှိတယ်တဲ့
နှလုံးသားက ခိုးငေးခဲ့ရတဲ့
တခါက ရူးသွပ်ခြင်း ရာသီဥတုလေးဟာ
အခုတော့
အချစ်ခေါင် မေတ္တာရေရှားတဲ့
အရပ်ဒေသကို ရောက်ခဲ့ပြီ မနဒီ

နားမထောင်ပဲ ကြားရတဲ့
မင်း ရယ်သံတွေက
သေသောစိတ်ကို ရှင်အောင်စိုက်ပြီး
မသေဖြစ်ခဲ့သော အသက်ကယ်ဆေးလေးပါပဲ

မနဒီရေ
အခုဆို ဘယ်သူက ဘယ်သူ့ရင်ခွင်မှာ
ခေါင်းလေးထိုးပြီး ရယ်နေမလဲ
ဘယ်လိုအပြုံးတွေနဲ့ ဝတ်မှုံတွေ ကူးနေမလဲ

မတွေးဘဲ ရောက်ရောက်လာတက်တဲ့
နာကျင်မှုခေါင်းစဥ်တွေကြား
မဖွင့်ဘဲ ဖောက်သောက်ခဲ့တဲ့ အရက်တွေပါပဲ

အဲညတွေဟာ အရက်မူးနေတယ်

မနဒီရေ
မင်းက စက္ကူစွန်လို
ရစ်ဘီးလုံးလေးကို လက်မပြတော့ဘဲ
နှုတ်ဆက်ထွက်ခွာသွားသလို ပြတ်တောက်သွားခဲ့ပေါ့

ငါက
မမြဲတဲ့ကြိုးတွေကိုသာ ရစ်သိမ်းခဲ့ရတာ
ကြွေမလာတဲ့ ကြယ် တွေနဲ့
ကြွေသွားတဲ့ ငါအသည်းတွေက
မေတ္တာပေးရင်း မေ့တာသာပြန်ရခဲ့ရတယ် မနဒီ

လက်ဆွဲလို့ မနူတ်ဆက်ဖူးပေမဲ့
အပြုံးခြင်းတော့ တူခဲ့ဖူးပါတယ်
ငါက မင်းကိုချစ်တယ်ပြောပြီး ပြုံးတယ်
မင်းက မင်းချစ်သောသူကို ချစ်တယ်ပြောပြီး ပြုံးတယ် ဒါပါပဲ

အေးခဲနေသော စိတ်အခံကို
ခမ်းခမ်းနားနား လွမ်းပစ်တဲ့ ညတွေမှာ
စိတ်ထဲမှာ ဂနာမငြိမ် ချောက်ချားလာရင်း
လေမုန်တိုင်းမှာ တရားထိုင်နေသလို
ငါဟာ ငြိမ်သက်လာတယ်

မပြိုတဲ့ တိမ်တွေနဲ့ မရွာတဲ့မို့းတွေအကြောင်း
ရှင်းပြတဲ့အခါ မနီဒီ ကိုသာပြေးပြေး မြင်နေမိတာ
မဝဲဘဲ ကျသွားတဲ့ မျက်ရည်တွေနဲ့
မသုတ်ဘဲ ပေသွားတဲ့ ငါ့လက်ဖမိုးက မျက်ရည်စတွေပါပဲ

ငါက မင်းပျော်ပါစေပြီး
မပျော်ဘူးတဲ့ ရယ်စရာဟာသတွေကို
မင်းကိုပျော်တော် ဆက်သပြီး
မင်းရယ်သံတွေက တခြားသူဆီကိုသာ
သွားမြည်နေတော့တယ်

နဂါးခေါင်းတွေ ဘယ်ဘက်လှည့်လဲ မသိချင်တော့ဘူး
ငါ့မျက်နာမူရာ အရပ်သာ မင်းဖြစ်စေချင်ခဲ့တာ မနဒီ

မဆိုးဘဲရဲတဲ့ နှုတ်ခမ်းကို
အကြိမ်ကြိမ် ဦးခိုက်ရင်း
မပေးတဲ့ အမိန့်တွေကိုသာ နာခံနေရတယ်

ရယ်သံတွေနဲ့စိုက်ပျိုးထားတဲ့
သစ္စာပန်းတွေဟာ ခူးယူမဲ့သူ မရှိတော့
အကျည်းတန်လှတဲ့ အကြောင်း
ပြောပြမိပြန်တယ် မနဒီ

ချစ်ခြင်းမေတ္တာဟာ ငါ့အပေါ်ကို
ဘယ်တော့မှ မပွင့်စေနဲ့လို့ ကျိန်စာမိထားခံရသလို
ငါပျိုးတဲ့ပန်းတွေက တခြားသူဆီသာ ပွင့်ဝေနေတက်တာ
ဝဋ်ကြွေးပဲ

ဒါဟာ
ကိုယ့်အိပ်မက်ကို မီးထိုင်းရှို့နေသလို
ကိုယ့်နာကျင်ကို မှုတ်သောက်နေရတဲ့
ဝေဒနါဆေးခါးတွေ ဘယ်မှာများ ဆေးဖက်ဝင်မလဲ မနဒီ

အမြဲအမှားတွေသာရပြီး
တရားမရတဲ့ သူဟာ ငါဖြစ်ပြီး
မစီးတဲ့မြစ်နဲ့ မထွန်းဘဲ တင်တဲ့သောင်တွေဟာ
မင်းဖြစ်နေခဲ့တယ် မနဒီ

မစခင်က
သိမ်းခဲ့ရတဲ့ ဇာတ်လမ်းဟာ
မင်းနဲ့ငါဖြစ်ခဲ့မယ်လို့ဘယ်ထင်ခဲ့ပါ့မလဲ

ပြီးပါပြီ စာတမ်းသာထိုးသွားခဲ့တာ
ငါငိုရမဲ့ လွမ်းခန်းတွေက ကျန်နေတုန်း
ကြည့်သူမရှိ လက်ခုပ်သံမရှိတဲ့
နောက်ပိုင်းဇာတ်လမ်းထဲက ထပ်ဆင့်အကယ်ဒမီအလွမ်းမင်းသားကြီး

သတိရစိတ်ကို ဓားလိုသွေးပြီး
ကိုယ့်အနာကို ပြန်ပြန်မွန်းရင်း
ရဖူးတဲ့ အမှတ်တရတွေဟာ နာကျင်မှုတွေသာဖြစ်ကြောင်း
ငါ့အဘိဓာန်မှာရေးထိုး ထားလိုက်တယ် မနဒီ

မထွက်မဲ့ နေကို မျှော်နေတက်ခဲ့ရင်း
ကိုယ်အပေါ် မလင်းတဲ့ ကြယ်တွေကို
လိုက်ရှာနေမိရင်း မနီးခင်က
ဝေးသွားခဲ့ရတဲ့ အကွာအဝေးတွေပါပဲ မနီဒီ

ငါပိုင်ခွင့် မရှိတဲ့
တခြားသူရဲ့ အချိန်တွေက
အပြုံးတွေနဲ့သာ လည်ပတ်ခဲ့ရင်း
ငါ့အချိန်တွေက အလွမ်းတွေနဲ့သာ ခရီးလွန်နေတယ်

မနဒီရေ
မမြဲခြင်းတရားတွေ ရှိတက်ပေမဲ့
တည်မြဲခြင်းတရားဟာ
ငါနာကျင်မှုရယ် ပြည်တွင်းစစ်ရယ် ဖြစ်တယ်

အရင်ကလိုပဲ
နားမထောင်ဘဲ ကြားနေရတဲ့
အုတ်ခုံပေါ်က ဂစ်တာသံတွေကိုရော
ကြားယောင်နေတုန်းလား

ဒါမှမဟုတ် မကြားရတော့လို့
စိတ်အေးလက်သာ ငြိမ်းချမ်းနေတာမျိုးလား

ငါကတော့
တယောက်စာပဲ တီးခတ်မိတဲ့
သံစဥ်တွေနဲ့ ကိုယ့်တကိုယ်စာကြားရုံလောက်ပဲ
ငြီးဖြစ်နေတော့တယ် မနဒီ

ပြက္ခဒိန်လေးက ပြောသွားခဲ့ဖူးတယ်
ပြန်မလာတော့ဘူးနော်တဲ့
ငါကသာ ​မျှော်နေတက်ခဲ့တာ
မလာတဲ့လမ်းတွေကိုမှ မျှော်ငေးနေတက်ခဲ့ခြင်းဟာ
စိတ်ကိုစိတ်နဲ့သတ်ရင်း ရက်တွေသာဆက်ခဲ့ရတာ

🌻 Ŝharing Poerty 🌻

16 Oct, 01:01


လွမ်းငဲ့
--------

လူနံ့ မခံနိုင်လို့
ညဘက်မှ တိတ်တခိုးပွင့်ရတဲ့ ညမွှေးပန်းလေး

လရောင်ဖျန်းလို့ နိုးလာတဲ့
အိပ်မှုန်စုံမွှား နေကြာခင်းလို

ဘုရားအိုပေါ်
ကြယ်တွေ အစီအရီနဲ့
ရန်မဖြစ်ကြဘူး နေရာမလုကြဘူး
ကောင်းကင်ဇယ်တောက်ခုံမှာ
ဘောင်ကပ်နေကြချိန်

ငါ့မှာ
ငါမပိုင်တဲ့
သူ့မျက်ဝန်းကြယ်အနုဖူးလေး တစ်စုံကို
ရွပ်ရွပ်ချွံချွံ ငေးမောရ ။

ရှူခင်းကြည့် တောင်ကုန်းငယ်ပေါ်တက်တော့
သူ့နဖူးက စီးကျလာတဲ့
ချွေးရေကြည် စံပယ်ပွင့်တွေ

ပွင့်ဖတ်ခွာသလို တစ်လွှာခြင်း ပြုံးနေတဲ့ သူ့နှုတ်ခမ်းမှာ
ဆင်ခြေဖုံးစစ်သည်လို
တစ်ပြည် ထောင်မယ့် ဇ နဲ့
ငါဟာ သတ္တိရှိဖူးတယ် ။

ဟောဒီမှာ
ငါ့နှလုံးသားကို ယူ
ကျောက်တုံးတစ်ခုနဲ့ မီးခတ်ကြည့်စမ်းပါငဲ့

သူ့လက်မောင်းသားဆီက လွင့်လာတဲ့ ကိုယ်သင်းရနံ့
အလင်းလက်က လွတ်လာတဲ့ ဧကရာဇ်ပန်းရနံ့
မြူလိုလို နှင်းလိုလို အေးစိမ့်လေနုရယ်
စကြာဝဠာကို စုပ်ယူထားသလို
သူ့နှုတ်ခမ်းတွင်းနက်မှ ရယ်သံလေးရယ်
ညစာအဖြစ် အကုန်ရောပြီး ချက်စားဖို့တွေးမိတယ်

ဒါပေမယ့်လည်း.....

ဒါတွေဟာလည်း..... အတိတ်ပါပဲ ။

ဘယ်ကောင်လဲ.....

ထုံထုံအအ ပါရမီနဲ့
နှုတ်နည်းတဲ့ ဆိတ်ငြိမ်ခြင်းမှာ
လက်ဖဝါးလေး လှမ်းဆုပ်ဖို့တောင်
သတ္တိမရှိတဲ့ကောင်

ခရေတစ်ကုံးစာ အကွာဝေးမှာထိုင်ပြီး
အဝေးကြီးကိုပဲ ကြည့်ရဲတဲ့ကောင်

ဇွန်ပန်းတစ်ရုံစာ အကွာမှာနေပြီး
ရေတံခွန်ကပဲ မီးတောက်သလိုလို
တမာရွက်ကြွေက သီချင်းပဲဆိုသလိုလို
တောင်စဉ်ရေမရ စကားတွေပြောနေတဲ့ကောင်

ဒီလိုကောင်က
ဝေးရတာ သေချာမှ
ကဗျာတွေ ရေးတော့ရော
မင်းကဗျာက ဘယ်မှာ ဝတ်ဆံကူးနိုင်ပါ့မလဲ ။

ကလူကျီစယ်တတ်တဲ့ ဆောင်းဦးလေမှာ
ငါ့လက်ဖျံကို မီးဖိုပြီး လှုံဖို့
မင်းနာမည်နဲ့ ညှိပေးခဲ့ဖူးတယ်

စိမ်းသူရယ်.....
ကိုယ်တို့ လောင်ကျွမ်းဖူးတဲ့ စွယ်တော်ရွက်ခြောက်လေး
ဘယ်သောင် ဘယ်ကမ်းမှာ ပြာဖြစ်သွားလဲ

အာရှတိုက်က နိုင်ငံငယ်လေးထဲ
မျောချင်ရာ မျောနေတဲ့ ဒိုက်သရောပင်လို ဘဝမှာ

ငါ တမေ့တမော လွမ်းငဲ့နေတာ
သူ့နားသယ်စပ်က
သိပ်လှတဲ့ စံကားပန်းလေး တစ်ပွင့်ပါပဲ

သို့ပေမယ့်

ဖျားနေတဲ့ နှင်းစက်လေးပဲ
ငါ့အနားကျန်ရစ်တယ်

လွမ်းပါရဲ့ ။ ။

   # ဆန်းကျော်စွာဝင်း

🌻 Ŝharing Poerty 🌻

15 Oct, 02:49


အချစ်ရေ
ငါတို့အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ်။

စိုင်းဝင်းမြင့်

🌻 Ŝharing Poerty 🌻

13 Oct, 15:53


မင်းက ကိုယ့်အတွက် ကော်ဖီပူပူ တစ်ခွက်...

သောက်ရင် ပူတယ်။

မြိုရင် ခါးတယ်။

ပူသာပူပါစေ ခါးသာခါးပါစေပေါ့...

တစ်နေ့တာ အချိန်ဇယားထဲမှာတော့

ကော်ဖီပူပူ တစ်ခွက်ရယ်

လူသားကောင်မလေး တစ်ယောက်ရယ်...

လုံလောက်ပါပီပေါ့လေ။

# ကြယ်ထက်လင်းလက်

🌻 Ŝharing Poerty 🌻

12 Oct, 13:31


စိတ်ချမ်းသာစေချင်တယ်
ပျော်ရွှင်စေချင်တယ်
ပြီးတော့ နွေးထွေးစေချင်တယ်
ငါ့ကိုယ်ငါဆို ဖြစ်သလိုပါပဲ ဒါပေမယ့် မင်းကိုတော့ ကောင်းတာလေးတွေပဲ ရစေချင်တယ်။

#1918a

🌻 Ŝharing Poerty 🌻

02 Oct, 09:41


ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က..
တခြားသူတွေကို ဖြည့်ခဲ့ကြတယ် ။

ကိုယ့်ဒုက္ခကိုမကြည့်ပဲ...
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်။

အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို..
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့..
ခေါင်းစဉ်တပ်ကြတယ် ။

ဒီလိုနဲ့ပဲ..

ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ..
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ် ။

-ကမ်း ဝေး အိမ်

🌻 Ŝharing Poerty 🌻

02 Oct, 02:30


တကယ်လို့ ခင်ဗျားလုပ်လိုက်တဲ့ ဟာသဟာ
တခြားသူတွေအတွက် အူတက်စေတာတောင်
သူကဝင်မရယ်ဘူးဆိုရင်
အဲ့ဒီမှာ ခင်ဗျားခေတ် တကယ်ကုန်သွားပြီ။

-ချောနကျယ်-

🌻 Ŝharing Poerty 🌻

02 Oct, 01:39


ကျနော်တို့တွေဟာ
စိတ်ကစားတတ်တဲ့အရွယ်မဟုတ်တော့ဘူး။
ဒါပေမဲ့ ကိုယ်မမေးပဲ သူဘာလုပ်နေပါတယ်
ဆိုပြီး ပြောပြတဲ့သူကိုတော့ စိတ်ထဲမှာ
နင့်နေအောင် သဘောကျတတ်တယ်။
ခဏနော် ဘာလုပ်လိုက်အုံးမယ်ဆိုတာက အစ
အပြင်သွားစရာရှိလို့ ဆိုပြီးပြောတာအဆုံး
ချစ်ခြင်းမေတ္တာက ကပ်ပါသွားတာပါပဲ ။

🌻 Ŝharing Poerty 🌻

02 Oct, 01:36


ဘယ်အရာမှ အပိုင်မဟုတ်ဘူးဆိုတာ လက်ရှိအဖြစ်အပျက်တွေကြည့်လိုက်ရင် တကယ်အခွံပဲရှိတဲ့လောကကြီးပါ။ပညာရှိလို့ လည်းမာန်မတက်နဲ။
ဥစ္စာ ရှိလို့လည်းမာန်မတက်နဲ့။ရိုးဂုဏ် မျိုးဂုဏ်တွေလည်း အလကားပဲ။တကယ်ရှိနေတာ မနက်ဖြန်ဘာဖြစ်မှန်းမသိ ပျောက်ပျက်လွယ်တဲ့လောကကြီးမှာ ဒီနေ့အတွက် မာန်မတက်နဲ့။

#crd

🌻 Ŝharing Poerty 🌻

30 Sep, 13:04


ငါအမြဲ စိုးရိမ်နေတာ တစ်ခုရှိတယ်
ငါချစ်တဲ့သူဆီက မချစ်တော့တာကိုသိရမှာကိုပဲ။

အဆုံးထိ အတူတူသွားချင်ခဲ့တဲ့ ခရီးရှည်ကြီးထဲ
ငါတစ်ယောက်ထဲ ပိတ်ကျန်နေမှာ သိပ်ကြောက်တာပဲ။

🌻 Ŝharing Poerty 🌻

30 Sep, 12:34


တစ်ယောက်တည်း ပြန်ဖြစ်သွားတော့လည်း
ဘာကမှထူးထူးခြားခြား
ပြောင်းလဲသွားတာမျိုးမရှိခဲ့ဘူး ရီယွန်။
ကမ္ဘာကဆက်လည်မြဲဖြစ်ပြီး
ပန်းတွေဟာမွှေးနေဆဲပါပဲ။
ညတွေမှာ နည်းနည်းစီပိုလွမ်းမိတာကလွဲရင်
နေသာထိုင်သာရှိပါရဲ့။
ကိုယ့်ကိုယ်ကိုလိုက်ရှာကြည့်တော့
အရင်က မင်းအနားပဲပြန်တွေ့တယ်။
မင်း အခြားလူတစ်ယောက်လို ဖြစ်သွားသလို
ငါလည်း လူအသစ်တစ်ယောက်လို ရှင်သန်နိုင်ဖို့
အတင်းကြိုးစားရတယ်။
အားလုံးကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်တာမို့
နှုတ်ဆက်စကားပြောခဲ့တဲ့ နေ့ဆီပြန်သွားပြီး
ငါ့အပေါ်ခံစားချက်မရှိတော့တဲ့ လက်တွေကို
ဘယ်ဆွဲထားရက်ပါ့မလဲ။ (ခွင့်လွှတ်ပါကွယ်)
သို့ပေမယ့် မင်းကိုတော့ တကယ်ချစ်ခဲ့ပါတယ် ။

-ရီယာ

🌻 Ŝharing Poerty 🌻

30 Sep, 02:37


ငါလဲ အတတ်နိုင်ဆုံးတော့
ရူးရူးမိုက်မိုက်မချစ်မိအောင် နေပါတယ်
ဦးနှောက်ကထိန်းချုပ်ပေမယ့်
နှလုံးသားက အထိန်းအကွပ်မဲ့ ချစ်မိပြန်တယ်

🌻

🌻 Ŝharing Poerty 🌻

29 Sep, 14:53


ငါသဘောကျမိလိုက်တာနဲ့ တစ်ဖက်လူဟာ ပင်ပန်းရတော့တာပဲ။
မဆိုင်ဘဲ ဝင်စွက်ဖက်ချင်ရတာနဲ့
ပိုပိုသာသာလေး ဂရုစိုက်ချင်ရတာနဲ့
ကြိုက်လား မသိ၊ မကြိုက်လား မသိ
အသေးအမွှားလေးတွေကအစ ပြောပြချင်ရတာနဲ့
ကပ်ဘေးတစ်ခုလို အတင်းတွယ်ငြိ။
အဆိုးဆုံးကတော့ အလိုက်ကမ်းဆိုး မသိချင်ယောင် ဆောင်တာပဲ။
တစ်ဖက်လူက စိတ်မရှိတာ တောင်
ငါက သူ့ပုခုံးတွေကို အတင်းကုပ်တွယ်
“ချစ်ပါတယ်” လို့ မကြာခဏ ပြောနေမိတယ်။

#tarmhyuunge

💭 || 25.9.2024

1,229

subscribers

830

photos

35

videos