ကဗျာဂယ်လာရီ ♡ @poetry_gallery Channel on Telegram

ကဗျာဂယ်လာရီ ♡

@poetry_gallery


ကဗျာဆိုတာ ဒါကွ

ကဗျာဂယ်လာရီ ♡ (Burmese)

ဗိုင်းရအုပ်စုသည် နောက်ဆုံးပေါ်တွင် လသော မြန်မာစာ ပြည့်စုံသည်။ အဖွဲ့ဝင်ရေးအတွင်း ၀တ်တာရုဴပွဲနက်သွားခဲ့ဖို့ နအော်မှာ၊ ဗေဒင်သေ့ရှင်ကို ပြောချပါမည်။ အလုပ်မပဒိသည်။ ပိတ်မှာ လောလောလို့ ဆိုတာငှန်းလေး။ ဤလိဂွဖို့ လမ်းတများမှ စာ သည်တည်းဖြတ်သိမ်းဆည့်သည်။ ကဗျာဂယ်လာရီ ♡ ဟာ အနောက်တိုက်ဖတ်ရှုဖို့ ရုပ်သမဝါပမ်းအတိုင်းတင်ချလိုက်သည်။ သင်ချိန်ညှီနည်းနေသည်ပါ။

ကဗျာဂယ်လာရီ ♡

19 May, 01:53


ကော်ဖီ

ဟိုးရှေးရှေးတုန်းက ကော်ဖီသောက်တာဟာ ပြစ်မှုမြောက်တဲ့ ခေတ်တစ်ခေတ် ရှိဖူးတယ်။ အကြောင်းရင်းကတော့ ကော်ဖီဟာ အလွန်မွန်မြတ်စင်ကြယ်တဲ့ သောက်သုံးစရာ တစ်ခုဖြစ်ပြီး လူသားတွေ သောက်ဖို့ မထိုက်တန်ဘူးလို့ သဘောထားကြလို့ပဲ။ နတ်ကွန်းတွေမှာ နတ်တွေကို ပူဇော်ပသစရာ ပစ္စည်းတစ်ခု အနေနဲ့ပဲ ထားတယ်။

တစ်နေ့မှာ နတ်ကွန်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကိုးကွယ်တဲ့ နတ်မင်းဆီ ကော်ဖီဆက်ကပ်လိုက်တဲ့ အခါ ခွက်ကို မတော်တဆ ဆောင့်ချမိသွားပြီး သူ့ မျက်နှာနဲ့ နှုတ်ခမ်းတွေဆီ ကော်ဖီလာ စင်တယ်။ နှုတ်ခမ်းတဝိုက်က ကော်ဖီစက်တွေကို လျှာနဲ့ မတော်တဆ သပ်ချမိတဲ့ အခါ ကော်ဖီရဲ့ ခါးသက်နက်နဲမှုကို သူ အရသာ တွေ့သွားတယ်။ အဲဒီနေ့က စ ပြီး ဘယ်သူ့ကိုမှမပြောဘဲ ကော်ဖီတွေ ကိုယ်တိုင်ဖျော်ပြီး တစ်ယောက်တည်း ခိုးသောက်တယ်။
သူ့ ပုံစံက တက်ကြွပြီး အသက်ရှင်နေထိုင်ရတာ ပျော်ရွင်လာပုံရတဲ့ အခါ လုပ်ဖော်ကိုင်ဖက်တချို့က သူ့ကို မနာလိုဖြစ်လာတယ်။ ဒါနဲ့ လိုက်ချောင်းကြည့်တဲ့ အခါ ကော်ဖီခိုးသောက်နေတာကို မိသွားတယ်။

ဒီလိုနဲ့ အဲဒီနိုင်ငံရဲ့ တရားစီရင်ထုံးအတိုင်း ကောင်လေးကို သေဒဏ်ပေးဖို့ ဖြစ်လာတယ်။ သေဒဏ်မပေးခင် တစ်ည အချုပ်ခန်းထဲ ချုပ်ထားတဲ့ အချိန်မှာ မိန်းကလေးတစ်ယောက်က သူ့ကို လာခိုးတွေ့တယ်။ သူမကိုယ် သူမ နိုင်ငံ့အကြီးအကဲရဲ့ သမီးပါ လို့ မိတ်ဆက်တယ်။ " ရှင် သိလား ။ ဒီနိုင်ငံမှာ ကော်ဖီခိုးသောက်နေတာ ရှင်တစ်ယောက်တည်း မဟုတ်ဘူး။ အထက်တန်းလွှာဆိုတဲ့ လူတန်းစားတွေ အားလုံးပဲ ။ သူတို့က လူရှေ့သူရှေ့မှာသာ ကော်ဖီသောက်တဲ့ အလုပ်ကို ရှုတ်ချအပြစ်တင်နေကြတာ။ ကော်ဖီသောက်လို့ သေရမယ်ဆိုရင် သူတို့လည်း အကုန်သေသင့်တယ် " လို့ ပြောပြီး ကောင်လေးကို ထောင်က ခ်ိုး လွှတ်ပေးလိုက်တယ်။

နောက်ထပ် ဒဏ္ဍာရီ မူကွဲတစ်ခုမှာတော့ လာတွေ့ပြီး ဒီစကားတွေ ပြောပြီး လွှတ်ပေးသူက ဘယ်သူမှန်း မထင်ရှားလိုက်တဲ့၊ အာဏာပိုင်တွေထဲက တယောက်ပါတဲ့။ "လူ‌‌တွေမှာ ကော်ဖီကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိ အားကောင်းနေသရွေ့တော့ ဒီဥပဒေက ဒီတစ်သက်ပြင်နိုင်ဦးမယ်တော့ မထင်ဘူး"လို့ အဲဒီလူက ကောင်လေးကို ပြောတယ်။ လူတွေကိုတော့ တရားခံက ထောင်ဖောက်ပြေးသွားပြီလို့ သတင်းလွှင့်လိုက်တယ်။

ဒီလိုနဲ့ ကောင်လေးဟာ တခြားနိုင်ငံကို ထွက်ပြေးသွားပြီး ကော်ဖီဖျော်နည်း တွေကို မျှဝေပေးတယ်။ အဲဒီမှာမှ ကော်ဖီကို လူကြိုက်များလာကြပြီး နှစ်တွေခေတ်တွေ ကြာလာတဲ့အခါ ကျနော်တို့ သောက်တဲ့ ကော်ဖီ ဖြစ်လာသတဲ့။

ပိုရက်စက်ပြီး ပို လက်တွေ့ကျတဲ့ ဒဏ္ဍာရီမူကွဲတစ်ခုမှာတော့ အဲဒီအဖြစ်အပျက်တွေအားလုံးဟာ ထောင်ထဲက ကောင်လေးရဲ့ နောက်ဆုံးသော စိတ်ကူးယဉ်မှုတွေ သက်သက်ပါပဲတဲ့။ ဒါပေမယ့် ဒီဇာတ်လမ်းတွေအားလုံးနဲ့ အတူ ကော်ဖီလည်း ကျွန်တော်တို့ဆီကို ရောက်လာတာကို ထောက်ရင်တော့ အဲဒီ ဒဏ္ဍာရီမူကွဲမှာတောင် အကောင်းမြင်စရာလေးတွေ ရှိနေသေးတယ်လို့ ဆိုရမှာပေါ့လေ ။ ။

- ဏေသစ်

ကဗျာဂယ်လာရီ ♡

18 May, 07:53


ဘဲကြီးကရင့်တယ်

ဘဲကြီးက ရင့်တယ်
ရုပ်လည်းရင့်သလို အထာလည်းရင့်တယ်
နာမည်နောက်မှာ တပ်ထားတဲ့အမြီးရှည်ရှည်တွေနဲ့
နာမည်တပ်ပြီး လည်ပတ်ထားတဲ့ လုပ်ငန်းများများတွေနဲ့
ဘဲကြီးက ရင့်တယ်

ကိုယ်က အရိပ်ကျဲကျဲသစ်ပင်အောက်မှာထိုင်ရင်
သူက အထပ်မြင့်မြင့် တိုက်ပေါ်မှာ အနားယူတယ်

ကိုယ်က ပန်းသည်လေး အကြွေပြန်မအမ်းခိုင်းရင်
သူက စင်တင်တေးသံရှင်မလေးကို ဘောက်ဆူးပေးတယ်

ကိုယ်က မဂ္ဂဇင်းမှာ ကဗျာတွေပါကြောင်းပြောရင်
သူကဘဏ်စာရင်းမှာဂဏန်းဘယ်နှစ်လုံးတိုးလာကြောင်းပြောတယ်

ကိုယ်ကစကားလုံးတွေကို
စေစားနိုင်ကြောင်းပြောရင်
သူကဒုတိယဘုရားသခင်ကို
လိုချင်သလိုထွေခင်းနိုင်ကြောင်းပြောတယ်

အေးစက်ခြောက်သယောင်းနေတဲ့ နေ့တစ်နေ့
ကိုယ်က ကိုယ့်ထုံးစံအတိုင်း လမ်းလျှောက်လာတယ်
သူက သူ့အထာအတိုင်း မော်ဒယ်အမြင့်ဆုံးကားကို စီးလာတယ်
မှန်ချပြီးနှုတ်ဆက်တော့
လေးနှစ်တာ ကိုယ်ပိုင်တဲ့လမင်းက
သူ့ဘေးမှာ အလှဆုံးလင်းလို့

"ငါ့ညီ ရေးတဲ့ကဗျာတွေ အကိုဖတ်ပါတယ်"တဲ့
တောက် . . .
ဘဲကြီးက ရင့်တယ် ။

- အလင်းခ

ကဗျာဂယ်လာရီ ♡

17 May, 10:30


တီဗီချန်နယ်

ဟိုနေရာ ဒီနေရာ
ဗုံးခွဲသံကြားတော့ မေမေကပြောတယ်
နင်တို့က စစ်ကားတွေကြည့်တာကိုး
အခုဖြစ်ပြီတဲ့

ညည အိပ်မပျော်
ခွေးအူသံကြားတိုင်း ထထကြည့်
အခုတော့ ကြောက်နေကြရပြီမဟုတ်လား
နင်တို့က သရဲကားတွေကြည့်တာကိုးတဲ့

စိတ်ချပါမေမေ
ခဏနေ ပျော်စရာတွေလာတော့မှာ
ကျနော်တို့မှာ ကာတွန်းကားတွေလည်းအဆင်သင့်ပါ။ ။

- သားဦး

ကဗျာဂယ်လာရီ ♡

17 May, 10:04


တစ်ယောက်က အခိုးအငွေ့လို
ပျံဝဲသွားတဲ့အခါ

တစ်ယောက်က ပြာစလိုကျန်ရစ်ခဲ့ရတယ်

ရင်ထဲထိတော့
မီးသတ်ကားကဘယ်ရောက်လာပါ့မလဲ ။

- အောင်ခိုင်မြတ်

ကဗျာဂယ်လာရီ ♡

16 May, 12:49


မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလားလို့ တွေးမနေနဲ့တော့
ချစ်သူရေ တို့တတွေ ပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့ အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်း ရှိတတ်လို့
တို့စောင့်ရဦးမယ်။

( မကြာခင်မှာ လင်းရနံ့တွေဝေလာမှာပါပဲ ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့
နေထွက်ခွင့် ပေးရမယ်လေ။

- တာရာမင်းဝေ

ကဗျာဂယ်လာရီ ♡

15 May, 21:33


ကွန်မြူနစ်ကလေးကိုမေ့လိုက်ပါ

ယုံကြည်နေတဲ့ဝါဒတွေထက်
မခင်နန်းဆန်ကြီးကို ပိုမချစ်ခဲ့ဘူး
အချစ်ဆိုတာကလည်း
မော်စီတုန်းကျမ်းတွေလို
ခါးကြားထိုးယူသွားလို့မှ မရဘဲ။
စီးနေတဲ့ရေထဲမှာ
ဆွေးနေတဲ့စိတ်ကို လိုက်ဆယ်
ပြုံးနေတဲ့နှုတ်ခမ်းကို ဖြတ်နမ်းပြီး
ဇာတ်လမ်းတစ်ပုဒ်တောခိုသွားခဲ့ပုံ
အလွမ်းတွေ လက်နက်ကိုင်ပုန်ကန်ပုံ
ခံစားချက်ချင်းသစ္စာဖောက်ပြီး
လူတကာကိုဟန်ဆောင်ပြုံးပြရပုံ
ပြည်သူ့အာဏာဂျာနယ်နဲ့ ဆေးလိပ်လိပ်သောက်ပုံ
ဘုံကမ္ဘာထဲက ပုံပမာ အမွဲလေးတွေ။
ဒီမိုကရေစီခေတ်မှာ
မခင်နန်းဆန်ကိုပြောစရာစကားတစ်ခွန်းပဲရှိတော့တယ်
ဆံပင်ရှည် စာကြမ်းပိုး
ကွန်မြူနစ်ကလေးကို မေ့လိုက်ပါ။

- အောင်မှုးဝေ

ကဗျာဂယ်လာရီ ♡

14 May, 10:56


အနုပညာရူးသွပ်တဲ့လူငယ်ဆိုတာနဲ့စပြီး
ပိုင်ရှင်မဲ့အလောင်းဆိုတာနဲ့ဆုံးရတဲ့လူငယ်ပါ။
ဒီတိုင်းပြည်ထဲ ဒါတွေဟာမဆန်းပါဘူး။

- ချောသွင်

ကဗျာဂယ်လာရီ ♡

13 May, 22:01


လူက လူကို ကြောက်နေရတဲ့ကမ္ဘာမှာ
ဘာများကောင်းလာဦးမှာလဲ

ကိစ္စတော်တော်များများဟာ
ကျောင်းမှာမသင်ခဲ့ရဘူး အချစ်

ဂရုစိုက်ပါ

- စစ်နိုင်

ကဗျာဂယ်လာရီ ♡

13 May, 02:08


လေဆိပ်သွားရာ လမ်းပေါ်က အချုပ်ကားပေါ်မှာ
ကျ‌နော်နဲ့အတူ ယိုးဒယား ပြည့်တန်ဆာတွေ
အပြည့်ပဲယောကျာ်းလေးဆိုလို့ ကျနော် တစ်ယောက်တည်း...။

အချုပ်ကားပေါ်ပါလာတဲ့ အစောင့်ရဲမေက
ကျနော်ကို ပြုံးပြရင်း လှမ်းမေးတယ်...။

နင်ဘာအမူလဲ...တဲ့
"ဆင်းရဲမွဲတေမှု" လို့ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်...။

- ပါပီယွန်

ကဗျာဂယ်လာရီ ♡

12 May, 10:18


ဆိုက်ရောက်လာခြင်းကို...
ငါတို့ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြဖူးရင်
ထွက်ခွာသွားခြင်းကိုလည်း
ငါတို့ ကျေးဇူးတင် ကျန်နေရစ်သင့်တယ် မဟုတ်လား ။

- လင်းမာအို

ကဗျာဂယ်လာရီ ♡

10 May, 23:17


တစ္ဆေ စကား

(၁)

ခေတ်ကိုစားသုံးရတာက ငါးပြေမဟင်းခွက်လို
အရသာတစ်စက်ရဖို့အတွက်
အရိုးနွှင်ရတာက လက်ခက်တယ် ...

အသက်ဆက်ရှင်နေတာလား
ဖုတ်၀င်နေတာလား
ငါ့ကိုယ်ငါလည်း မကွဲပြားတော့ဘူး ..။

ကိုယ်ဖာသာ သတ်သေချင်တာတောင်မှ
သေနတ်ကိုင်ခွင့်မရှိတော့
အဆိပ်ပုလင်းကိုပဲ ဖွင့်ရတယ် ...

အဖုံးတွင်းကံစမ်းမဲကလည်း Thank you ပဲ ..။

(၂)

ဒီနိုင်ငံ မှာ
တချို့လူတွေရဲ့ပညာရေးအမြင်က

ကိုယ့်ကလေးလေးရဲ့ နှလုံးသားထဲ
ကိုယ်ချင်းစာတရား စွဲသွားဖို့ထက်

အင်္ဂလိပ်စကား သွက်သွက်ပြောတတ်ဖို့က
ပိုအရေးကြီးနေလေရဲ့ ...။

(၃)

ဒီနိုင်ငံမှာ
တချို့လူတွေရဲ့ စီးပွားရေးဦးခေါင်းက

တစ်ရက်တောင်းရင် သုံးသောင်းကျော် ရတယ်ဆိုတဲ့
သူတောင်းစားကိုပဲ ကျိတ်ပြီးအားကျချင် သလိုလို ...

တစ်နေ့ကို ဘယ်လောက်ရရ
သူတောင်းစားတွေနဲ့တော့ တိုင်းပြည်ကို တည်ဆောက်လို့ မရပေဘူး ...။

(၄)

အတ္တမျိုးစုံဟာ ဒီနိုင်ငံရဲ့ဟန်းမိတ်
မကောင်းမြင်စိတ်က ဒီနိုင်ငံရဲ့
ဆေးယဉ်ပါး တီဘီ .....။

(၅)

ဒီနိုင်ငံကို စိတ်နာလို့
ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့လည်း ပြီးမသွားဘူး ၊

ငါက အစွဲအလမ်းကြီးမားတယ်။
ဒီနိုင်ငံမှာပဲ
တစ္ဆေပြန်ဖြစ်နေတာကိုပဲ ကြည့်လေ ...။

- မင်းခိုက်စိုးစန်

ကဗျာဂယ်လာရီ ♡

09 May, 12:20


ကောင်းနေပါပြီ မနှင်းဆီ

နေကောင်းလားဆိုတော့
ကောင်းနေပါပြီ မနှင်းဆီ၊
ရင်နာစရာတွေ
ခဏခဏသတိရတဲ့ရောဂါကတော့
အမေရိကန်မှာ သွားကုရင်တောင် မပျောက်တော့ဘူး
ကျွန်တော့် နှလုံးသားက
ရွာမှာပြန်ပြီး
သနပ်ခါးပန်းနံ့ကလေးနဲ့ပဲ
နာတာရှည်ချင်နေမိတယ်။

အဆင်ပြေလား ဆိုတော့
အဆင်ပြေပါတယ် မနှင်းဆီ
ဘတ်စ်ကားပေါ်ကဆင်း
ရဲရှေ့မှာ အိတ်တွေ ဖြဲပြ
(တစ်ခြားဟာ ဖြဲပြရင် စော်ကားတယ်ထင်ပြီး
သေနတ်နဲ့ ပစ်လိုက်မှာစိုး)
ဟုတ်ကဲ့ခင်ဗျ လုပ်ရတာလည်း
အများပြည်သူ ကျက်သရေတိုးလို့ပါပဲ။
ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ
အထူးသဖြင့်
ရုပ်ဆိုးဆိုး နို့အေးချောင်းလို မြေပုံနဲ့ နိုင်ငံလေးမှာ
သိပ်ကိုအဆင်ပြေပါတယ် မနှင်းဆီ။

ပျော်ရဲ့လား ဆိုတော့
အရမ်းပျော်တာပဲ မနှင်းဆီ
နတ်စင်က အရက်ပုလင်း ယူသောက်တာက တစ်ယောက်
နတ်ကိုင်ခံရတာ တခြားတစ်ယောက် ဆိုသလို
ကျွန်တော်တို့ရဲ့ မဟာအဆီအငေါ်တည့်မှုကြီးတွေ ရင်မှာပိုက်လို့
ပျော်လိုက်ရတာ မနှင်းဆီ။

- အောင်မှုးဝေ

ကဗျာဂယ်လာရီ ♡

08 May, 23:24


အမေ့ဆေးဖိုးအတွက်
သမီးဒီမှာ
ရောဂါရမလားပဲ

`မောင်လေးကျောင်းမှန်မှန်တက်နော်'
အမ ဒီမှာ
အသက်ဝအောင်မနည်းရှုနေရတယ်

မိအေးရဲ့အတွေးတွေမှာ
မိအေးဟာ မျက်ရည်ကိုဝိုင်းလို့။

ဖာလာချတဲ့ယောကျာ်းတွေကို
မိအေးမယုံဘူး
မိအေးဘယ်ယောကျာ်းကိုမှမယုံဘူး

စစ်ကြီးမဖြစ်ခင်တည်းက
မိအေး ဖာဖြစ်ခဲ့တယ်
စစ်ကြီးအတွင်းမှာလည်း
မိအေးဟာ ဖာပဲ
စစ်ကြီးပြီးရင်တော့မိအေး ဖာဆက်မဖြစ်ချင်တော့။

မိအေးဟာ ဖာကိုမုန်းတဲ့ဖာသည်မလေး။
မိအေးဟာ အချစ်မပါတဲ့လူ့မှုအဖွဲ့အစည်းကို
လက်ခံထားရသူ

မိအေးမှာအချစ်တွေတော့ရှိတယ်
မိအေးဟာ မျက်ရည်တွေနဲ့ချစ်ရဲ့ ။ ။

- ဆောင်းဦးသွင်

( ဖာသည်မလေး မိအေး )

ကဗျာဂယ်လာရီ ♡

07 May, 10:49


မင်းတို့နှစ်ယောက်
သဘောတူပါတယ် ပြောလိုက်ရပေမယ့်
ငါ သဘောမတူဘူး

အချစ်မှာ ငါက
တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ

အချစ်မှာ ငါက
ခွင့်ပြုချက်မရသေးဘဲ
ဆေးရုံက ဆင်းပြေးတဲ့ လူနာ။

ရန်ကုန်ဟာ ကျဉ်းပါတယ်၊
ဒါပေမဲ့ မဆုံနိုင်တော့ဘူး။

- ဝင်းမြင့်

ကဗျာဂယ်လာရီ ♡

06 May, 11:24


အင်းလျားဟာ ငါတို့အတွက်တော့ စော်ပင့်တဲ့နေရာပဲ။ သမိုင်းတွေ၊ အချစ်တွေ လာမပြောနဲ့။
ဗီဒီယိုတွေထဲမှာ မဖွင့်တဲ့ကျောင်းကြီးကို နောက်ခံထားပြီး နှင်းဆီပန်းတွေ၊ ဘာတွေနဲ့ စောက်ရူးအချစ်ဇာတ်တွေ ရိုက်ထားတာတွေ့တော့ အော်ရယ်ချင်တယ်။
တကယ့်စောက်ပေါရုပ်ရှင်တွေ။
reality တစ်ခုမှ မပါဘူး။
ရုပ်ရှင်ထဲမှာ အပြစ်ကင်းမဲ့ပုံနဲ့ မင်းသမီးတွေ။ တက္ကသိုလ်အထိ အမေက လာကြိုတာတို့၊ ဘာတို့။
တကယ့်ဟာသတွေ။

ဟိုဘက် အင်းလျားဘေးက ပန်းခြံထဲကိုပဲ ကြည့်လိုက်။ လူမြင်ကွင်းမှာပဲ နမ်းနေတာ၊ နှိုက်နေတာ။ အဲဒါ reality ပဲ။

အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာတော့ ခြောက်နေတဲ့သွေးကွက်တွေ၊ သစ်ပုပ်ပင်တွေ၊ ဘွဲ့နှင်းသဘင်ခန်းမတွေရှိရာ သော့ခလောက်ကြီးခတ်ထားတဲ့ ပလေတိုးရဲ့ဂူ။
တစ်ခါတလေလည်း ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ဟိန်းဟောက်သံကို ကြားမိသလိုလို။

ဒါပေမဲ့ ငါတို့ကိုယ်တိုင်လည်း နို့နံ့မစင်ဘူး။ အိမ်ရောက်ရင် ငါတို့ဟာ ယုန်သူငယ်လေးများလို သိမ်သိမ်မွေ့မွေ့။

မုဆိုးတို့အတတ်ကို အပြင်မှာ တိတ်တဆိတ် ဆည်းပူးနေတဲ့ယုန်သူငယ်တွေ။
ငါတို့ခေတ်မှာ တော်လှန်ရေးဆိုတာ မိဘကိုပြန်အော်တာနဲ့ စာမေးပွဲကျအောင် တမင်ဖြေတာကလွဲရင် ဘာများလုပ်စရာရှိလို့လဲ။

ငါကတော့ သူငယ်ချင်းတွေက ငကြောက်လို့ ခေါ်ကြတဲ့အတိုင်း သူရဲဘောကြောင်သူမို့ အဲဒီတော်လှန်ရေးမျိုးကိုတောင် မလုပ်ခဲ့။

- အောင်ခင်မြင့်

ကဗျာဂယ်လာရီ ♡

06 May, 10:27


တကယ့်ဘဝမှာ
ငါမျှော်လင့်ထားတဲ့ “--နှစ်ကြာသော်”ဆိုတဲ့
စာတန်းလည်း ဖြစ်မလာပါဘူး
ငါတို့လည်း ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူး

ငါတို့နှစ်ယောက်ကြား အကွာအဝေးယူနစ်ဟာ
တစ်ခုသော မေလ ကနေ
နောင်သံသရာထိ ဖြစ်ခဲ့ပါတယ်။ ။

- ဆပ်ရိပ်

ကဗျာဂယ်လာရီ ♡

05 May, 01:26


မင်းဘက်က အသံတိတ်နေရင်
ကိုယ် အလွမ်းနဲ့ဖြေပါ့မယ်

ကိုယ့်ဘက်က အသံတိတ်နေရင်
မင်းကို ငဲ့ညှာတာလို့ မှတ်ယူပေးပါ...။

- ခင်အောင်အေး

ကဗျာဂယ်လာရီ ♡

01 May, 17:36


ယောင်ခြောက်ဆယ်

သမုဒယနွံထဲ ရုန်းမထွက်နိုင်ခဲ့ပေမဲ့
မမရွှေရဲ့ မဂ်ဖိုလ်ရင်ခွင်ဆီ
ကုတ်ဖက် တတ်ခဲ့တဲ့ကောင်ပေါ့။

"မာက်စ်ဝါဒ" ခါးကြားထိုးထားတဲ့ကောင်က
ဗုဒ္ဓ လမ်းစဥ်လိုက်တယ်ဆိုတော့
မမရွှေက ရယ်တယ်လေ။

တကယ်တော့
တရားမရှိတဲ့ တိုင်းပြည်မှာ
ကျုပ်က ဘုရားဖြစ်ချင်တဲ့ကောင်ပါ။

- မင်းခက်နွယ်

ကဗျာဂယ်လာရီ ♡

01 May, 12:33


ဆယ်လမွန်ငါးကိုငါစားလိုက်ပြီ

ဒီကောင်ကြီးဟာဇာတိပြန်ချင်ခဲ့တာတဲ့။
ဘယ်လိုကံကြမ္မာပါလိမ့်၊
ခုတော့ငါ့ပန်းကန်ထဲမှာ
ရုပ်ပျက်ဆင်းပျက်နဲ့
အတုံးလိုက်လဲလျောင်းလို့။

ငါလည်းပြန်ချင်တာပေါ့ကွာ။
အိမ်လွမ်းနာနဲ့မင်းကိုမြည်းရမှာ
တရားသလား။

ဘဝတူချင်းပါဆိုတဲ့
ရူးကြောင်ကြောင်အတွေးက
ငါ့ကိုလက်တွန့်သွားစေတယ်။
ဇာတိဟာမရဏပဲ။

မင်းကမကူးခတ်ရတော့ပေမဲ့
ငါကရုန်းကန်နေရသေးတယ်။
မင်းကငြိမ်းချမ်းသွားပြီ။

ငါကတော့မသေမရှင်နဲ့
အကင်ခံနေရတုန်းပါပဲ။
ငါလည်းမူးမှဖြစ်တော့မယ်၊
မနာလိုစရာဆယ်လမွန်ငါးရေ
မင်းကိုငါစားပစ်လိုက်ပြီ။

- နရီမင်း

ကဗျာဂယ်လာရီ ♡

30 Apr, 10:41


စစ်ကြီးအတွင်းမှာ

ဝမ်းနည်းရမှာက
တယောက်က တယောက်ကို
မစောင့်ရှောက်နိုင်တော့မှာ မျိုးပဲ။

မရယ်ရတဲ့ အရသာကို
မင်းက ရယ်ရသလိုမျိုး ပြောပြီး
ငါက ရယ်နေရသလိုလုပ်ပြီး
နားထောင်နေရတာမျိုးပေါ့။

ပြီးတော့
တယောက်ကို တယောက်
ပြန်ကောက်ဖို့ မရနိုင်တော့တာမျိုး
ခရီးမှာ။

- မြတ်ဝေ

3,032

subscribers

10

photos

4

videos